← Chapters

အခန်း (၃၃၅)

Vol. 31 Ch. 335

အခန်း (၃၃၅)

Vol. 31 Ch. 335

တစ်ဖက်တွင်မူ မဟာလော့နန်းတော်အတွင်း၌ မဟာလော့ဧကရာဇ်မှာ ချမ်းသာကြွယ်ဝတော့မည့် အကြောင်းကို စိတ်ကူးများ ယဥ်နေလေသည်။

“ဒီတစ်ခေါက် စစ်ချီတာကနေ ရိက္ခာတန်ချိန် xx အထိ ရခဲ့တယ်။ ငါတို့နိုင်ငံရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံတင် မကဘူး၊ ပိုတောင် ပိုလျှံနေဦးမယ်။ ဟားဟား... ဒီလောက် ရိက္ခာပမာဏနဲ့ ဆိုရင်တော့ နောက်နှစ်အတွက် ဘာမှပူစရာမလိုတော့ဘူး”

“ဒါတင်မကဘူး... ဒီစစ်ပွဲက တကယ့်ကို ချောမွေ့လွန်းတယ်။ စစ်သည် တစ်သန်းချီတက်သွားတာ ကိုးသိန်းငါးသောင်း ပြန်လာနိုင်ခဲ့တယ်၊ အသေအပျောက်က ငါးသောင်းတောင် မပြည့်ဘူး။ ဗိုလ်ချုပ် လီနဲ့ တခြားသူတွေကတော့ တကယ့်ကို အကျိုးပြုခဲ့တာပဲ၊ သူတို့ပြန်လာရင် ငါ ဆုလာဘ်တွေ အကြီးအကျယ် ဆုချရမယ်”

“ဒါတွေအားလုံးက တာအိုဂိုဏ်းနဲ့ နတ်မိမယ် ယွီဖေးတို့ရဲ့ အကူအညီကြောင့်ဆိုတာလည်း မေ့ထားလို့မရဘူး။ ရှေးခေတ်ကတည်းက သူတို့ရဲ့ အကူအညီရတဲ့ ဧကရာဇ်တိုင်း အင်ပါယာအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ မဆန်းတော့ဘူးပဲ”

“မကြာခင်မှာ ငါလည်း အင်ပါယာတစ်ခုကို တည်ထောင်ပြီး သမိုင်းတွင်မယ့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတော့မယ်ဆိုတာ အသေအချာပဲ”

“ဟားဟားဟားဟား...”

ထိုစဉ် စစ်သည်တစ်ဦးမှာ အလောတကြီး ပြေးဝင်လာပြီး - “အရှင်မင်းကြီး... မိုင်ရှစ်ရာ ခရီးကနေ အရေးပေါ်သတင်း ရောက်ရှိလာပါတယ်”

မဟာလော့ဧကရာဇ်၏ ရယ်သံမှာ ရုတ်ခြည်း ရပ်တန့်သွားပြီး ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ခံစားလိုက်ရသည် - “ဘာဖြစ်လို့လဲ”

“လျှောက်တင်ပါတယ် အရှင်မင်းကြီး... ဗိုလ်ချုပ် လီစီဖန်း ဦးဆောင်တဲ့ မြောက်ပိုင်း စစ်တပ်ကြီးဟာ မြို့တော်ကို အပြန်လမ်းမှာ ငလျင်လှုပ်မှုကြောင့် လော့ဖုန်းလမ်းမကြီး တစ်ခုလုံး ပြိုကျသွားပါတယ်။ စစ်တပ်ကြီးတစ်ခုလုံး အဲဒီအထဲမှာ ပိတ်မိသွားပြီး အသေအပျောက် အလွန်များပြားလှပါတယ်”

“လက်ရှိမှာတော့ အသက်ရှင်ကျန်ရစ်သူ တစ်သောင်းတောင် မပြည့်တော့ပါဘူး အရှင်မင်းကြီး”

မဟာလော့ဧကရာဇ်မှာ နားကြားမှားသလားဟုပင် ထင်မှတ်သွားပြီး ငေးကြောင်ကာ မေးလိုက်သည် - “မောင်မင်း... ဘာပြောလိုက်တာလဲ၊ နောက်တစ်ခေါက် ပြန်ပြောစမ်း”

“လျှောက်တင်ပါတယ် အရှင်မင်းကြီး...” စစ်သည်က ထပ်မံသတင်းပို့လေသည်။

မဟာလော့ဧကရာဇ်မှာ ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး မိုးကြိုးပစ်သလို ဒေါသတကြီး အော်ဟစ်လိုက်တော့သည် - “မဟုတ်တာတွေ။ ငါ့ရဲ့ စစ်တပ်ကြီးက ဘယ်လိုလုပ် ပျက်စီးသွားမှာလဲ။ ဒါ မင်း ငါ့ကို လှည့်စားနေတာပဲ ဖြစ်ရမယ်၊ ငါကိုယ်တော်ကို လိမ်ညာနေတာမလား။ ဧကရာဇ်ကို လိမ်ညာတာက ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာ မောင်မင်းသိလား။ ကဲ... အခု ချက်ချင်း အမှန်အတိုင်း ပြန်လျှောက်စမ်း၊ ဘာမှ ဖုံးကွယ်မထားနဲ့”

စစ်သည်မှာ ချက်ချင်းပင် ဒူးထောက်ကာ ဦးတိုက်ရင်း တုန်ရင်နေသော လက်များဖြင့် စစ်အစီရင်ခံစာကို ကမ်းပေးလိုက်သည် - “အရှင်မင်းကြီး... ကျွန်တော်မျိုး ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ။ ဒါက တကယ် အစစ်အမှန်ပါ၊ အကယ်၍ တစ်လုံးတစ်ပါဒမျှ လိမ်ညာခဲ့ရင် စစ်ဥပဒေအတိုင်း အပြစ်ပေးတာကို ခံယူပါ့မယ် အရှင်မင်းကြီး”

မဟာလော့ဧကရာဇ်မှာ ရင်ဘတ်ကို တူနဲ့ အထုခံလိုက်ရသလို ခံစားလိုက်ရပြီး ဆွံ့အသွားတော့သည်။

“...”

‘...ဘာလို့လဲ’

‘အရာအားလုံးက အဆင်ပြေနေပါလျက်နဲ့ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ’

‘ကောင်းကင်က ဘာလို့ ငါ့ကို ဒီလို ရက်ရက်စက်စက် ဆက်ဆံရတာလဲ’

‘လူတွေအားလုံး သေကုန်ပြီ၊ ဒါဆို ရိက္ခာတွေကော...’

“ဟုတ်သားပဲ... ရိက္ခာတွေ”

မဟာလော့ဧကရာဇ်က နဖူးကို လက်ဝါးနဲ့ ရိုက်လိုက်ပြီး မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးလိုက်သည် - “ရိက္ခာတွေကော ရှိသေးလား”

“လျှောက်တင်ပါတယ် အရှင်မင်းကြီး... ရိက္ခာတွေ အားလုံးကတော့ နက်ရှိုင်းတဲ့ မြေကျင်းကြီးထဲမှာ မြုပ်နှံခံလိုက်ရပါပြီ၊ ပြန်တူးထုတ်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး”

မဟာလော့ဧကရာဇ်မှာ ထိုဒဏ်ကို မခံစားနိုင်တော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ကာ အသံကုန် အော်ဟစ်ငိုကြွေးတော့သည် - “ငါ ဘာတွေများ အပြစ်လုပ်ခဲ့လို့ ကောင်းကင်က ငါ့ကို ဒီလို လုပ်ရတာလဲကွာ”

မဟာဖုန်းနန်းတော်အတွင်း၌။

မဟာဖုန်းဧကရာဇ်သည်လည်း ဤသတင်းကို မြန်မြန်ဆန်ဆန်ပင် သိရှိသွားပြီး မှင်တက်သွားတော့သည် - “မဟာလော့ရဲ့ စစ်သည် တစ်သန်းလုံး ဒီအတိုင်း ပျောက်ကွယ်သွားတာလား။ ရုတ်တရက်ကြီး သဘာဝဘေးနဲ့ သေကုန်ကြတယ် ဟုတ်လား”

“မှန်လှပါ အရှင်မင်းကြီး”

သတင်းပို့သောအရာရှိက စိတ်လှုပ်ရှားစွာဖြင့် - “ကျွန်တော်မျိုးလည်း အစက မယုံနိုင်လို့ ကိုယ်တိုင် သွားကြည့်ခဲ့တာပါ၊ တကယ်ပဲ အဲဒီအတိုင်း ဖြစ်နေပါတယ်။ ဒါက တကယ့်ကို ကောင်းကင်ရဲ့ အလိုတော်ပါပဲ အရှင်မင်းကြီး”

မဟာဖုန်းဧကရာဇ်မှာ ဝမ်းသာအားရဖြင့် ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး တစ်ဟားဟား အော်ရယ်တော့သည် - “ကောင်းတယ်... တကယ့်ကို ကောင်းတယ်။ ဒါက ကောင်းကင်ရဲ့ အလိုတော်ပဲ။ မဟာဖုန်းကို ကျူးကျော်တဲ့ သူတွေရဲ့ ကံကြမ္မာပဲ။ ငါက မင်းတို့ကို မနိုင်ရင်တောင် ကောင်းကင်ကတော့ မင်းတို့ကို အပြစ်ပေးလိုက်ပြီ။ ဟားဟား...”

“ငါ့မှာ ဘာမှမကျန်တော့သလို မင်းတို့ဆီမှာလည်း ဘာမှရှိမှာမဟုတ်ဘူး။ ဒါ ဝဋ်လည်တာပဲ၊ ဟားဟားဟား...”

“မင်းတို့ ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ်ကို စဉ်းစားလို့မရဘူး။ စစ်တိုက်တာ ဘာအတွက်လဲ၊ အခုတော့ သဘာဝဘေးက အကုန်ယူသွားပြီ။ ရယ်လိုက်ရတာ ငါတော့ အူတက်တော့မှာပဲ အဟားဟား...”

မဟာဖုန်းဧကရာဇ်မှာ ရယ်လွန်း၍ မျက်ရည်ပင် ကျလာလေသည်။

“နေဦး... မဟုတ်သေးဘူး။ မဟာလော့ဧကရာဇ်က အခုဆို ရင်ကွဲနာကျနေလောက်ပြီ၊ ငါ ရယ်နေလို့ မဖြစ်ဘူး။ ငါက ကရုဏာတရား ထားရမယ်။ ငါတို့ မဟာလော့ဧကရာဇ်ကို နှစ်သိမ့်ပေးဖို့ လက်ဆောင်တစ်ခုလောက် ပေးပို့သင့်တယ်”

မဟာဖုန်းဧကရာဇ်က လက်ဟန်ပြရင်း - “သွား... မဟာလော့ဧကရာဇ်ဆီ ပို့ဖို့ လက်ဆောင်တစ်ခု ပြင်ဆင်စမ်း”

“အရှင်မင်းကြီး... ဘာလက်ဆောင် ပို့ရမလဲ” ဟု အရာရှိက မေးလိုက်သည်။

“ဝါးတောင်း တစ်လုံး ပို့လိုက်။ ပြီးတော့ သူ့ကို ပြောလိုက်ဦး... ‘မင်း ကြိုးစားခဲ့သမျှတွေက ဝါးတောင်းနဲ့ ရေခပ်သလိုပဲ အလဟဿ ဖြစ်သွားပြီ’ လို့။ ဟားဟားဟား...” မဟာဖုန်းဧကရာဇ်က ထပ်မံ ရယ်မောပြန်သည်။

“မှန်လှပါ အရှင်မင်းကြီး” အရာရှိက ထွက်ခွာသွားလေသည်။

အပြင်လောကကလည်း ဤသတင်းကို အမြန်သိရှိသွားပြီး လူတိုင်း ထိတ်လန့်သွားကြသည်။

“ဘုရားရေ... ပြန်လာတဲ့ မဟာလော့စစ်တပ်က မြေနဂါးလှုပ်တာနဲ့ တိုးပြီး မြေမြုပ်ခံလိုက်ရတယ်တဲ့လား။ ဒီလောက် ဖြစ်နိုင်ခြေနည်းတဲ့ ကိစ္စမျိုးက သူတို့ကျမှ ဖြစ်ရတယ်လို့၊ တကယ့်ကို ကံဆိုးတာပဲ”

“မဟာလော့က တကယ်ကို ကံဆိုးတာဗျ။ ရိက္ခာထွက်နှုန်း လျော့သွားတာတင် မဟုတ်ဘူး၊ အခုတော့ စစ်တပ်ကြီးတစ်ခုလုံးလည်း မရှိတော့ဘူး။ ကံဆိုးမိုးမှောင်ကျနေတာပဲ”

“မဟာလော့ဧကရာဇ်ကိုတောင် သနားမိတယ်...”

“မင်း ပြောကြည့်စမ်း... မဟာဖုန်းရဲ့ ရိက္ခာတွေကလည်း အလုခံလိုက်ရတယ်၊ မဟာလော့ဘက်ကလည်း စစ်သည်တွေ သေကုန်ပြီး ရိက္ခာတစ်စေ့မှ ပြန်မပါသွားဘူး။ အဲဒီတော့ ဒီစစ်ပွဲမှာ ဘယ်သူနိုင်တာလဲ”

“ဘယ်သူမှ မနိုင်ဘူး။ ဒီစစ်ပွဲက အလကားပဲ”

“နှစ်ဖက်စလုံး အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာပဲ”

ဤဖြစ်ရပ်မှာ ဟိုးလေးတကျော် ဖြစ်သွားပြီး ကမ္ဘာပေါ်ကလူတိုင်းက ဤနိုင်ငံနှစ်ခုကို ကြည့်ကာ ရယ်မောနေကြတော့သည်။

တစ်လလုံးလုံး စစ်တိုက်ခဲ့ကြတာတောင် ဘာမှဖြစ်မလာခဲ့ပေ။ အထူးသဖြင့် မဟာလော့ကို ပိုပြီး လှောင်ပြောင်နေကြသည်။ သူတို့က စစ်တပ်လွှတ်ခဲ့သူတွေ ဖြစ်သလို ဆုံးရှုံးမှုအကြီးဆုံး ဖြစ်ခဲ့သူတွေလည်း ဖြစ်သည်။ တကယ့်ကို ကပ်ဘေးဆိုက်တဲ့ အရှုံးမျိုးပင် ဖြစ်လေတော့၏။

မဟာလော့ဧကရာဇ်အနေနှင့် ဤဒဏ်ကို တောင့်ခံနိုင်ပါ့မလားဆိုသည်မှာ မေးစရာပင်။

ထိုအချိန်တွင် စုန့်ယွီဖေးသည် မြေကျင်းကြီး၏ အနားသို့ ရောက်ရှိနေပြီး အောက်ခြေပင် မမြင်ရဘဲ၊ မြေမြုပ်ခံလိုက်ရသော အလောင်းများကို ကြည့်ကာ စိတ်မကောင်း ဖြစ်နေမိသည်။ သူမ၏ စိတ်ထဲတွင် သံသယများ ထပ်မံ ပေါ်ပေါက်လာပြန်သည်။

‘တာအိုဂိုဏ်းရဲ့ ရွေးချယ်မှုက မှန်ကော မှန်ရဲ့လား...’

လင်းပိုင်ဖန်ကတော့ ဤကိစ္စကို အစောကြီးကတည်းက သိရှိနေလေသည်။

ယခင်က မဟာရှစစ်တပ်က မဟာဖုန်းကို တိုက်ခိုက် သိမ်းပိုက်စဉ်ကတည်းက သူသည် မဟာဖုန်း နယ်မြေအတွင်း၌ မမျှော်လင့်ထားသော ကိစ္စများအတွက် ထောင်ချောက်များစွာကို တိတ်တဆိတ် ဆင်ထားခဲ့သည်။ ထိုထောင်ချောက်တွေ တကယ် အသုံးဝင်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

၎င်းတို့အနက် တစ်ခုကို အသက်သွင်းလိုက်ရုံဖြင့် မဟာလော့စစ်သည်များအတွက် အပြန်လမ်းမရှိသော ခရီးတစ်ခု ဖြစ်သွားစေခဲ့ပြီး မဟာလော့နှင့် မဟာဖုန်း နှစ်နိုင်ငံလုံးကို အထိနာစေခဲ့သည်။

“ဒီစစ်ပွဲအပြီးမှာ မဟာလော့ရဲ့ နိုင်ငံတော်အင်အားက အတော်လေး ချည့်နဲ့သွားမှာပဲ။ တာအိုဂိုဏ်းရဲ့ အကူအညီ ရှိရင်တောင် မဟာလော့ဧကရာဇ် ပြန်နိုးထလာဖို့ မလွယ်တော့ဘူး။ ဟူး... ငါက မင်းကို ပစ်မှတ်ထားချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းရဲ့နောက်ကွယ်မှာ တာအိုဂိုဏ်း ရှိနေတော့ ငါလည်း သတိထားရတာပေါ့”

လင်းပိုင်ဖန်သည် စဉ်းစားရင်း သနားသလိုလို ဖြစ်လာသည် - “မဟာလော့ဧကရာဇ်တော့ အခုလောက်ဆို ရင်ကွဲနေလောက်ပြီ။ သူ့ကို နှစ်သိမ့်ပေးဖို့ တစ်ခုခု ပို့ပေးရမလား”

သူသည် 'အင်ပါယာ မြေပုံ'ထဲတွင် လေဆင်နှာမောင်းတစ်ခု ဖန်တီးလိုက်ပြီး မဟာလော့နယ်မြေထဲသို့ ပစ်ထည့်လိုက်လေသည်။

မဟာလော့ဧကရာဇ် - “F**k”

လေဆင်နှာမောင်းကို ပစ်ထည့်ပြီးနောက် လင်းပိုင်ဖန်မှာ စိတ်လက်ပေါ့ပါးသွားပြီး အတွေးတွေ ရှင်းလင်းသွားတော့သည်။

“အဲဒီ မိန်းကလေး နှစ်ယောက်က ငါ့ကို အကြွေးတစ်ခု တင်ထားသေးတယ်၊ အခုတော့ အဲဒီအကြွေးကို ပြန်တောင်းရမယ့် အချိန်ပဲ။ ဟီဟီ...”

All Chapters