← Chapters

အခန်း (၃၃၈)

Vol. 31 Ch. 338

အခန်း (၃၃၈)

Vol. 31 Ch. 338

စက္ကူများ ထုတ်လုပ်ပြီးစီးသောအခါ သင်ရိုးညွှန်းတမ်း စာအုပ်များကို ရိုက်နှိပ်ဖြန့်ချိရန် အချိန်တန်ပြီ ဖြစ်သည်။

ရိုးရာစာပေများဖြစ်သည့် ကျမ်းစာကြီးများအပြင် ရှေးဟောင်းစာပေ၊ ကဗျာလင်္ကာ၊ သင်္ချာနှင့် အခြားသော ဘာသာရပ်များကိုပါ ထည့်သွင်းပြုစုထားပြီး ဘက်စုံတော်သည့် ပညာတတ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ထားသည်။ သင်ရိုးညွှန်းတမ်း စာအုပ်ဈေးနှုန်းမှာလည်း ပြင်ပပေါက်ဈေး၏ ထက်ဝက်သာ ရှိလေသည်။

အမှန်စင်စစ် ဤဈေးနှုန်းကို ထပ်မံလျှော့ချနိုင်သော်လည်း ထိုသို့ပြုလုပ်ပါက အမြတ်ကျန်မည်မဟုတ်ပေ။ လင်းပိုင်ဖန်အနေဖြင့် ဤစာအုပ်နှင့် စက္ကူရောင်းရငွေများဖြင့် ဆရာများကို ထောက်ပံ့ပေးရန် လိုအပ်နေသေးသည်။

ဤသတင်းကို ကြားသိရသောအခါ လူအများမှာ မငြိမ်မသက် ဖြစ်ကုန်ကြသည်။

“ဒီစာအုပ်ဈေးက ပြင်ပဈေးရဲ့ ထက်ဝက်ပဲ ရှိတယ်ဆိုတာ ယုံနိုင်စရာပါပဲလား”

“စက္ကူဈေးတွေလည်း အတော်လေး ထိုးကျသွားပြီဟ”

“မဟာရှနိုင်ငံက ဆရာအုပ်စုကြီးကိုလည်း ထောက်ပံ့ရသေးတယ်၊ စာအုပ်တွေကိုလည်း အရှုံးခံ ရောင်းနေတာပဲ။ ဒါက သူတို့ဘာသာ သေကျင်းတူးနေတာ မဟုတ်ဘူးလား”

“မဟာရှနိုင်ငံရဲ့ ဘဏ္ဍာတိုက်က ဘယ်လောက်ပဲ ကြွယ်ဝပါစေဦး၊ ဒီလောက်အရှုံးခံနေရင် ကြာရှည်ခံပါ့မလား။ တိုင်းပြည်ပဲ ဒေဝါလီခံရလိမ့်မယ်”

“အဲဒီ မိုက်မဲတဲ့ဧကရာဇ်က သူ့ရဲ့ ထုံးစံအတိုင်း ပေါက်ကတတ်ကရတွေ လျှောက်လုပ်ပြန်ပြီလား မသိဘူး”

သို့သော်လည်း ထိုအချိန်မှာပင် အတွင်းသတင်းအချို့ ပျံ့နှံ့လာခဲ့သည်။

“စိတ်မပူကြစမ်းပါနဲ့၊ မဟာရှနိုင်ငံက အရှုံးမပေါ်ပါဘူး။ အရှင်မင်းကြီးက စက္ကူထုတ်လုပ်တဲ့ နည်းစနစ်ကို မြှင့်တင်လိုက်လို့ ကုန်ကျစရိတ်က အရင်ကထက် သုံးပုံတစ်ပုံတောင် မရှိတော့ဘူးလို့ ကြားတယ်”

“အရင်ကထက် သုံးပုံတစ်ပုံတောင် မရှိတော့ဘူး ဟုတ်လား... ကြောက်စရာကောင်းလိုက်တာ”

“ဒါတင်မကသေးဘူး... အရှင်မင်းကြီးက စက္ကူစက်ရုံတွေ ဖွင့်ပြီး လူပေါင်းသောင်းနဲ့ချီပြီး ထုတ်လုပ်ခိုင်းနေတာ။ စီးပွားရေးသမားတွေ သိတဲ့အတိုင်းပဲလေ၊ အကြီးအကျယ် ထုတ်လုပ်နိုင်လေလေ ကုန်ကျစရိတ်က ပိုသက်သာလေလေပဲ မဟုတ်လား”

“တောက်... ကုန်ကျစရိတ်က ဒီထက်ပိုပြီး လျှော့ချနိုင်သေးတာလား”

“ဒါကြောင့် စက္ကူဈေးကို ထက်ဝက်လျှော့ရောင်းရင်တောင် အမြတ်က အများကြီး ကျန်သေးတာပေါ့။ အမြတ်နည်းနည်းနဲ့ အများကြီးရောင်းရတဲ့ ‘အနည်းရောင်း အများမြတ်’ နည်းလမ်းကို သူတို့ သုံးနေကြတာ”

လူတိုင်းမှာ ဆွံ့အသွားကြရသည်။ စုံစမ်းကြည့်ပြီးတဲ့ နောက်တွင် စက္ကူထုတ်လုပ်စရိတ်မှာ မယုံနိုင်လောက်အောင် နည်းပါးသွားသဖြင့် ထက်ဝက်ဈေးဖြင့် ရောင်းလျှင်ပင် အမြတ်အစွန်း များစွာရနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။

ထို့ကြောင့် မူလက လှောင်ပြောင်သရော်သံများသည် မနာလိုမှုနှင့် အားကျမှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ဘုရားရေ... အဲဒီ မိုက်မဲတဲ့ဧကရာဇ်က လုပ်သမျှအလုပ်တိုင်းမှာ ဘယ်လိုလုပ်ပြီး အမြတ်ထွက်အောင် လုပ်နိုင်ရတာလဲ”

“အရှုံးပေါ်မယ့် အခြေအနေကနေ အမြတ်ရအောင် လှည့်စားလိုက်ပြန်ပြီ”

“ဒီသင်ရိုးညွှန်းတမ်း စာအုပ်တွေကရတဲ့ အမြတ်က ဘယ်လောက်တောင် များမလဲ။ ကျောင်းလခတွေ ကင်းလွတ်ခွင့်ပေးလိုက်တော့ ကလေးတွေအများကြီး ကျောင်းတက်နိုင်မယ်။ အဲဒီကလေးတွေက စာအုပ် ဝယ်ရတော့မယ်ဆိုရင် ဈေးလည်းသက်သာပြီး အရည်အသွေးလည်းကောင်းတဲ့ နန်းတွင်းထုတ် စာအုပ်တွေကိုပဲ ဝယ်ကြမှာပေါ့။ ဒါဆိုရင် မဟာရှနိုင်ငံက ကြွယ်ဝသွားပြီပေါ့”

“စက္ကူကလည်း ဝင်ငွေအကောင်းဆုံး အရင်းအမြစ်ပဲ။ လောကမှာ ပညာတတ်တွေ ဘယ်လောက်တောင် များလဲ။ ဘယ်သူက ဈေးသက်သာပြီး ကောင်းတဲ့စက္ကူကို မလိုချင်ဘဲ နေမလဲ။ ဒါကြောင့် မဟာရှနိုင်ငံရဲ့ စက္ကူက ရောင်းမလောက် ဖြစ်တော့မှာပဲ”

“ဒါဆိုရင်တော့... မဟာရှနိုင်ငံက ရွှေတွင်းကြီးကို တွေ့သွားပြီပေါ့”

“အရင်က ဘိလပ်မြေတုန်းကလည်း ဒီလိုပဲ မဟုတ်လား”

ငွေရမည့် အခွင့်အရေးကို မြင်သည်နှင့် ယောင်ယောင် သည် လင်းပိုင်ဖန်ထံသို့ အပြေးရောက်လာတော့သည်။

“မဟာရှနိုင်ငံက ထွက်တဲ့စက္ကူတွေက တအားဈေးသက်သာတယ်လို့ ကြားတယ်နော်”

လင်းပိုင်ဖန်က ခေါင်းညိတ်ပြလိုက်ပြီး - “ဟုတ်တယ်၊ ကုန်ကျစရိတ်က မူလဈေးရဲ့ လေးပုံတစ်ပုံလောက်ပဲ ရှိတယ်”

“ကုန်ကျစရိတ်က အဲလောက်တောင် နည်းတာလား။ ဒါဆို အမြတ်ကတော့...”

ယောင်ယောင်သည် စီးပွားရေးအခွင့်အလမ်းကို မြင်သဖြင့် မျက်လုံးများ တောက်ပလာကာ - “ငတုံးဧကရာဇ်လေး... ငါတို့ ပူးပေါင်းကြရအောင်လေ။ ရှင်က စက္ကူနဲ့ စာအုပ်တွေ ထုတ်ပေး၊ ငါတို့ မိစ္ဆာဂိုဏ်းက တစ်ကမ္ဘာလုံးကို လှည့်ရောင်းပေးမယ်။ ငါတို့ အတူတူ ကြီးပွားကြတာပေါ့”

ပြောပြောဆိုဆိုဖြင့် လင်းပိုင်ဖန်၏ လက်မောင်းကို ဆွဲခါကာ သနားစဖွယ် ကြည့်လိုက်ပြီး - “ ရှင်ပဲ ပြောဖူးတယ်လေ... ချမ်းသာမယ့် အခွင့်အရေးရှိရင် ကျွန်မကို မေ့မထားဘူးဆိုတာ”

လင်းပိုင်ဖန်က ပြုံးလိုက်ပြီး - “စက္ကူနဲ့ စာအုပ်လုပ်ငန်းကို ကြီးမြတ်တဲ့ မိသားစုတွေကပဲ လက်ဝါးကြီး အုပ်ထားတာလေ။ သူတို့ရဲ့ ပစ်မှတ်ထားတာကို မကြောက်ဘူးလား”

ယောင်ယောင်က သူမ၏ သွားလေးများကို ပြကာ - “သူတို့က လုပ်ရဲလို့လား။ လာရှုပ်ကြည့်လေ၊ ငါတို့ မိစ္ဆာဂိုဏ်းက အားနာနေမှာ မဟုတ်ဘူး”

ဒါက အခွင့်အရေးကောင်းတစ်ခု ဖြစ်သဖြင့် လင်းပိုင်ဖန်ကလည်း မငြင်းပယ်ခဲ့ပေ။

“သဘောတူတယ်... ဒါပေမဲ့ ငါတို့ တိုင်းပြည်အတွင်းက လိုအပ်ချက်ကို အရင်ဖြည့်ဆည်းပြီးမှ မင်းတို့နဲ့ ပူးပေါင်းနိုင်မယ်”

“ပြဿနာမရှိဘူး... သဘောတူတယ်”

ယောင်ယောင်သည် မိစ္ဆာဂိုဏ်း၏ ကိစ္စရပ်များကို စီစဉ်ရန် စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားတော့သည်။

တစ်ဖက်တွင်လည်း သင်ရိုးညွှန်းတမ်း စာအုပ်များကို အမြောက်အမြား ရိုက်နှိပ်ကာ နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများသို့ ပို့ဆောင်နေပြီ ဖြစ်သည်။

လင်းပိုင်ဖန်သည် ကျောင်းလခများကို ကင်းလွတ်ခွင့်ပေးပြီး စာအုပ်နှင့် စက္ကူဈေးနှုန်းများကို လျှော့ချပေးခဲ့သဖြင့် ပညာသင်စရိတ်မှာ အလွန် သက်သာသွားခဲ့သည်။ ရှေးခေတ်ကာလတွင် မိသားစု အများစုသည် မိမိတို့မျိုးရိုး ဂုဏ်တက်စေရန် ပညာတတ်တစ်ယောက် ပေါ်ထွက်လာဖို့ မျှော်လင့်ကြသူများ ဖြစ်ကြသည်။

ယခုကဲ့သို့ အခွင့်အရေး ရလာသောအခါ မိဘများမှာ မိမိတို့ သားသမီးများကို ကျောင်းသို့ စေလွှတ်ကြတော့သည်။ ရလဒ်အနေဖြင့် ကျောင်းတက်သူ ဦးရေမှာ (၁၀) ဆကျော် တိုးတက်လာပြီး ကျောင်းတိုင်းမှာ လူများဖြင့် ပြည့်နှက်နေတော့သည်။

ဤသတင်းကို ကြားသောအခါ အခြားနိုင်ငံများမှ လူများသည်လည်း မိမိတို့ သားသမီးများ၏ အနာဂတ်အတွက် မဟာရှနိုင်ငံသို့ ပြောင်းရွှေ့အခြေချရန် ဆုံးဖြတ်ကြတော့သည်။

အခြားနိုင်ငံမှ ပညာရှင်များစွာမှာလည်း ခရီးစဉ်များကို စတင်ခဲ့ကြသည်။ အချို့ကမူ “ဒါဟာ ပညာရှိတွေအတွက် ရွှေခေတ်ပဲ” ဟု ဟစ်ကြွေးကြလေ၏။

သို့သော်လည်း ဤသတင်းမှာ ကြီးမြတ်တဲ့ မိသားစုများအတွက်မူ သတင်းကောင်း မဟုတ်ပေ။ အချင်းချင်း ရင်းနှီးကြသော မိသားစုအချို့သည် ဤကိစ္စကို ဆွေးနွေးရန် စုရုံးခဲ့ကြသည်။

“အခု မဟာရှနိုင်ငံက ပညာရေးကို အားသွန်ခွန်စိုက် မြှင့်တင်နေတယ်။ မြို့တိုင်းမှာ ကျောင်းတွေဆောက်တယ်၊ ကျောင်းလခတွေ ဖျက်သိမ်းတယ်၊ စာအုပ်နဲ့ စက္ကူဈေးတွေကိုလည်း လျှော့ချပစ်လိုက်တယ်။ ပညာသင်စရိတ်က တအားသက်သာသွားတော့ လူတွေအများကြီး ကျောင်းတက်နိုင်ကုန်ပြီ”

“ဒါတင်မကဘူး... အရပ်ရပ်က ပညာရှိတွေကို ဆရာအဖြစ် ခန့်ထားပြီး ဂုဏ်ထူးဆောင်ဆရာ စနစ်ကို ဖော်ဆောင်နေတယ်။ ဒါက ပညာရှိတွေအတွက် နောက်ထပ် အသက်မွေးဝမ်းကျောင်း လမ်းစသစ် ဖြစ်သွားပြီ”

“ဒါသာ အောင်မြင်သွားရင် မဟာရှနိုင်ငံက အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်။ ပညာတတ်တွေလည်း ရှားပါးတော့မှာ မဟုတ်ဘူး”

“ဒါပေမဲ့ ငါတို့ ကြီးမြတ်တဲ့ မိသားစုတွေအတွက်တော့ ဒါက ပြင်းထန်တဲ့ ထိုးနှက်ချက်ပဲ။ ငါတို့ရဲ့ အဆင့်အတန်းကို တိုက်ရိုက် ထိပါးလာသလို ဝင်ငွေတွေကိုလည်း ထိခိုက်စေတယ်။ ငါတို့ ဘာလုပ်သင့်သလဲ”

ကြီးမြတ်တဲ့ မိသားစုခေါင်းဆောင်တစ်ဦးက သက်ပြင်းချလိုက်ပြီး - “ဘာလုပ်နိုင်မှာလဲ... မင်းတို့က မဟာရှနိုင်ငံကို ဖျက်ဆီးပစ်နိုင်လို့လား”

လူတိုင်း သက်ပြင်းအရှည်ကြီး ချလိုက်ကြသည်။ လွန်ခဲ့သော နှစ်များအတွင်းက မဟာရှနိုင်ငံကို ပစ်မှတ်ထားရန် ကြိုးစားခဲ့ကြဖူးသော်လည်း စေလွှတ်လိုက်သမျှ လူများမှာ မည်သူမျှ ပြန်မလာခဲ့ကြပေ။ အရှုံးက များလွန်းသဖြင့် လက်စားချေရန် စိတ်ကူးကို စွန့်လွှတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် မဟာရှနိုင်ငံကမူ ရပ်တန့်မနေဘဲ ဆက်လက် တိုက်စစ်ဆင်နေခဲ့သည်။ ပညာသင်စရိတ် သက်သာသွားသဖြင့် အခြေခံလူတန်းစားများထဲမှ ပညာတတ်များ အမြောက်အမြား ထွက်ပေါ်လာတော့မည် ဖြစ်သည်။ လူဦးရေများလာလေလေ ထိန်းချုပ်ရ ခက်ခဲလေလေပင် ဖြစ်သည်။

မဟာရှနိုင်ငံ၏ ဆရာအဆင့်အတန်း သတ်မှတ်ချက် စနစ်ကြောင့် ပညာရှင်များမှာ ကြီးမြတ်တဲ့ မိသားစုများ၏ စကားကို နားထောင်တော့မည် မဟုတ်ပေ။ ထို့ပြင် စက္ကူနှင့် စာအုပ်ဈေးကို လျှော့ချလိုက်ခြင်းက မိသားစုများ၏ စီးပွားရေး လက်ဝါးကြီးအုပ်မှုကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။

မဟာရှနိုင်ငံ၏ လှုပ်ရှားမှုတိုင်းသည် သူတို့၏ အားနည်းချက်များကို တည့်တည့် ပစ်မှတ်ထားနေသည်ဟု ဆိုရပေမည်။

“ဟူး... မဟာရှနိုင်ငံရဲ့ ပညာရေးစနစ်ကို မြင်တော့ ငါတို့နိုင်ငံက ဧကရာဇ်တောင်မှ အတော်လေး စိတ်လှုပ်ရှားနေပုံရတယ်။ သူက ငါတို့ရဲ့ ကြီးမြတ်တဲ့ မိသားစုတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ချင်နေတာ၊ အခုဆို တိတ်တဆိတ် စတင်လှုပ်ရှားနေပြီ...”

မိသားစုခေါင်းဆောင်အချို့က ဒေါသတကြီးဖြင့် - “သူက ရဲတင်းလှချည်လား။ ငါတို့က မဟာရှနိုင်ငံကို မယှဉ်နိုင်ပေမဲ့ သူ့ကိုတော့ ကိုင်တွယ်နိုင်တာပေါ့”

“အခုလောလောဆယ်တော့ ဖိနှိပ်ထားနိုင်ဦးမှာပေါ့၊ ဒါပေမဲ့ နောင်ကျရင်တော့ ခက်ခဲလိမ့်မယ်”

ထိုသူက သက်ပြင်းချရင်း - “မဟာရှနိုင်ငံရဲ့ ပညာရေးစနစ်က အောင်မြင်ပြီး ထိရောက်တယ်ဆိုတာ သက်သေပြနိုင်သွားတာနဲ့ တခြားနိုင်ငံတွေကလည်း ဒါကို အတုယူကြမှာပဲ။ အဲဒီအချိန်ကျရင် ငါတို့ ကြီးမြတ်တဲ့ မိသားစုတွေရဲ့ ရွှေခေတ်က ကုန်ဆုံးသွားလိမ့်မယ်”

“ဒါကြောင့် သူတို့ကို အောင်မြင်ခွင့် လုံးဝမပေးနိုင်ဘူး” ဟု တစ်ဦးက အံကြိတ်ကာ ပြောလိုက်သည်။

“မင်းမှာ အဖြေရှိလို့လား”

ထိုသူက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်ရင်း - “မရှိဘူး”

လူတိုင်း နောက်တစ်ကြိမ် သက်ပြင်း ထပ်ချလိုက်ကြပြန်သည်။

All Chapters