အခန်း (၃၄၀)
Vol. 31 Ch. 340
လူသစ်စုဆောင်းရန် အကြိမ်ကြိမ် ကြိုးပမ်းသော်လည်း စာရင်းပေးသွင်းသူမှာ ခပ်ရှားရှားပင် ဖြစ်နေခဲ့သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ။ ငါ့ကို ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ရင် မောင်မင်းကို ရာထူးကနေ ဖယ်ရှားပြီး ထောင်ထဲ ထည့်ပစ်မယ်” မဟာလော့ ဧကရာဇ်သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို ဒေါသတကြီး ရာဇသံပေးလိုက်သည်။
ဤဒုတိယဝန်ကြီးသည် ကြီးမြတ်တဲ့ မိသားစုကြီးများကို ကျော်ဖြတ်ကာ ဧကရာဇ်ကိုယ်တိုင် မြှောက်စားထားသူ ဖြစ်ပြီး ယခုကိစ္စကို တာဝန်ယူရန် ခန့်အပ်ထားသူလည်း ဖြစ်သည်။ သို့သော် ယခုအချိန်ထိ ရလဒ်မှာ မယ်မယ်ရရ မရှိလှသဖြင့် ဧကရာဇ်က အတော်လေး စိတ်ပျက်နေခြင်း ဖြစ်သည်။
“အရှင်မင်းကြီး... အပြစ်ပေးတာ ခံယူဖို့ အဆင်သင့်ပါပဲ”
ဒုဝန်ကြီးမှာ ချက်ချင်း ဒူးထောက်ကာ အသည်းအသန် အသနားခံတော့သည်။ “ကျွန်တော်မျိုး တာဝန်မကျေတာလည်း မဟုတ်ပါဘူး၊ အရည်အချင်း မရှိတာလည်း မဟုတ်ပါဘူး။ တကယ်တော့ စုဆောင်းစရာ လူကို မရှိတော့တာပါ အရှင်မင်းကြီး”
မဟာလော့ ဧကရာဇ်က ပို၍ ဒေါသထွက်သွားပြီး - “လူမရှိရအောင် ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါကိုယ်တော် သိသလောက် ငါတို့ မဟာလော့နိုင်ငံမှာ အဆင့်မြင့် စာပေပညာရှင် (၃၆၂) ဦး၊ ပညာသင်အဆင့်ရှိသူ (၃,၄၀၀) ကျော်နဲ့ စာပေပညာသင်ယူနေသူတွေ အမြောက်အမြား ရှိနေတာပဲ မဟုတ်လား။ အခုတော့ မောင်မင်းက စုဆောင်းစရာ လူမရှိဘူးလို့ ပြောနေတာလား”
“အရှင်မင်းကြီး... မဟာလော့မှာ ပညာတတ်တွေ တကယ်ပဲ မရှိတော့တာပါ”
ဒုတိယဝန်ကြီးက ဆက်လက်တင်ပြလိုက်သည် - “အဲဒီ ပညာတတ်တွေအားလုံးက မဟာရှနိုင်ငံရဲ့ စာမေးပွဲကို သွားဖြေကြပြီး ပြန်မလာကြတော့လို့ပါ အရှင်မင်းကြီး ။ ကျွန်တော်မျိုးတို့ လူစုချင်ပေမဲ့ စုစရာ လူကို မကျန်တော့တာပါ”
မဟာလော့ ဧကရာဇ်မှာ အံ့အားသင့်သွားပြီး - “တကယ်ပဲ အဲဒီလို ဖြစ်နေတာလား”
“မှန်လှပါ အရှင်မင်းကြီး။ မဟာရှနိုင်ငံရဲ့ စာမေးပွဲအပြီးမှာ အခမဲ့ ပညာရေးနဲ့ ဆရာအဆင့်အတန်း သတ်မှတ်ချက်တွေကို ကြေညာလိုက်တော့ ပညာရှင် အတော်များများက အဲဒီမှာတင် အခြေချ နေထိုင်ကုန်ကြတာပါ။ ကျွန်တော်မျိုးတို့ တိုင်းပြည်က ပညာရှင်တွေလည်း အဲဒီနည်းအတိုင်းပါပဲ”
“ဒါကြောင့် အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ လူမစုချင်တာ မဟုတ်ပါဘူး၊ တကယ်ကို စုစရာ လူရှာမရတော့တာပါ”
မိမိတိုင်းပြည်မှ ပညာရှင်များ မဟာရှနိုင်ငံ၏ စာမေးပွဲသို့ သွားဖြေကြသည်ကို ဧကရာဇ် သိထားပြီးသား ဖြစ်သည်။ သို့သော် သူက ထိုအချက်ကို သိပ်ဂရုမစိုက်ခဲ့ပေ။ အမှန်တော့ ယခင်ကလည်း ဤသို့ နှစ်ကြိမ်တိုင်တိုင် ဖြစ်ဖူးခဲ့သည်။ မဟာရှနိုင်ငံက တစ်ကမ္ဘာလုံးမှ စာပေပညာရှင်များကို ဖိတ်ခေါ်သော်လည်း အယောက် (၃၀၀) ခန့်သာ ရွေးချယ်လေ့ရှိသည်။ ထိုမျှ လူအများကြီးထဲတွင် မဟာလော့မှ စာပေပညာရှင် ဘယ်နှစ်ယောက်ကများ အောင်မြင်နိုင်ပါမည်နည်း။ အကယ်၍ အရည်အချင်းရှိသူ အားလုံး သွားဖြေလျှင်ပင် အောင်မည့်သူက လက်ချိုးရေတွက်ရုံသာ ရှိမည်ဖြစ်ပြီး ကျန်သူများမှာ အိမ်သို့ ကုပ်ကုပ်လေး ပြန်လာကြမည်ဟု သူက တွေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် မဟာရှနိုင်ငံက ယခုကဲ့သို့ အကွက်ကြီးတစ်ခုကို ရွှေ့ကာ ပညာရှင်အများစုကို သိမ်းကျုံးယူသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဧကရာဇ်သည် မယုံကြည်နိုင်သေးဘဲ မေးလိုက်သည် - “အဲဒီ ပညာရှင်တွေထဲက တစ်ယောက်မှ ပြန်မလာကြဘူးလား”
“နောက်ဆုံးတော့ အယောက်တစ်ရာလောက်ပဲ ပြန်လာပါတယ်...”
မဟာလော့ ဧကရာဇ်၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။
“ဒါပေမဲ့ သူတို့က မိသားစုတွေကို ခေါ်ပြီး မဟာရှနိုင်ငံဘက်ကိုပဲ ပြန်ပြီး ခိုးထွက်သွားကြပြန်ပါတယ်အရှင်မင်းကြီး ”
မဟာလော့ ဧကရာဇ် : “တောက်... ခွေးမသားတွေ...”
“အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း ဘာမှ မတတ်နိုင်တော့လို့ပါ၊ အပြစ်ပေးတာကို ခံယူပါ့မယ်” ဒုဝန်ကြီးက ခေါင်းနှင့် ကြမ်းပြင်တိုက်ကာ ဦးချလေတော့သည်။
“မဟာရှနိုင်ငံ... လာပြန်ပြီ ဒီ မဟာရှနိုင်ငံပဲလား။ အမြဲတမ်း အဲဒီနိုင်ငံပဲ”
မဟာလော့ ဧကရာဇ်မှာ ဒေါသတကြီးဖြင့် အံကြိတ်လိုက်ပြီး - “ငါ့ရဲ့ သာမန်ပြည်သူတွေကို လှည့်ဖျားရုံတင်မကဘူး၊ အခုတော့ ပညာရှိတွေကိုပါ မြှူဆွယ်ခေါ်သွားပြီပေါ့။ တခြားသူတွေကို သွားပြီး ဒုက္ခပေးပါလား။ အဲဒီ ကြီးမြတ်တဲ့ မိသားစုကြီးတွေတောင် ငါ့ကို ဒီလောက်ထိ ဒုက္ခမပေးခဲ့ဖူးဘူး”
ဒုဝန်ကြီးမှာ တုန်ရင်နေပြီး ဘာမှ ပြန်မပြောရဲတော့ပေ။
“ကဲ ထားတော့... အခြေအနေကို ငါကိုယ်တော်လည်း သိပြီ၊ ဒါ မောင်မင်းအပြစ် မဟုတ်ဘူး။ ဒါပေမဲ့ လူတော့ ဆက်စုရမယ်၊ တစ်ကမ္ဘာလုံးက လူတွေကို လိုက်စု။ မဟာရှနိုင်ငံထက် ပိုကောင်းတဲ့ အခွင့်အရေးတွေပေး။ ငါတို့ဆီကို ပညာရှင် တစ်ယောက်မှ မလာဘူးဆိုတာတော့ မဖြစ်နိုင်ဘူး”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
ဆရာစုဆောင်းသည့်ကိစ္စ ဆက်လုပ်နေစဉ်မှာပင် ကျောင်းသားသစ် ခေါ်ယူသည့် အစီအစဉ်ကိုလည်း စတင်လိုက်သည်။ မဟာလော့ ဧကရာဇ်သည် မဟာရှနိုင်ငံ၏ နည်းလမ်းကို အတုယူကာ ကျောင်းလခများ ကင်းလွတ်ခွင့်ပေးပြီး ကလေးငယ်များ ပညာသင်ကြားနိုင်ရန် စီစဉ်ပေးခဲ့သည်။ သို့သော် နောက်ဆုံးတွင် လာရောက်လျှောက်ထားသူမှာ အလွန် နည်းပါးနေဆဲပင် ဖြစ်သည်။
ဧကရာဇ်မှာ နောက်တစ်ကြိမ် ဒေါသထွက်ရပြန်တော့သည် - “ဒါကကော ဘာဖြစ်ပြန်တာလဲ။ ငါကိုယ်တော်က ကျောင်းလခတွေတောင် အလကား ပေးထားတာပဲ။ ပညာသင်ဖို့ ဒီလောက်ကောင်းတဲ့ အခြေအနေ ပေးထားတာကို ဘာလို့ လျှောက်တဲ့သူ နည်းနေရတာလဲ”
“အရှင်မင်းကြီး... လူစုလို့ မရတာပါ။ ဘာလို့လဲဆိုတော့ ပညာသင်နိုင်တဲ့ ကလေး အတော်များများက မဟာရှနိုင်ငံကို ရောက်ကုန်ကြပါပြီ”
မဟာလော့ ဧကရာဇ် : “ငါ့****”
ချီးလို... မဟာရှနိုင်ငံ….
‘ငါ့ပြည်သူတွေ၊ ပညာရှိတွေကို ခိုးသွားရုံတင်မကဘူး၊ ကလေးတွေကိုတောင် မချန်ဘူး။ မင်းတို့က ဒီလောက်တောင် ရက်စက်ရသလား’
မဟာလော့ ဧကရာဇ်မှာ - “လူတွေအကုန်လုံး ထွက်သွားတာတော့ မဟုတ်နိုင်ပါဘူး။ ကြည့်စမ်း... မဟာလော့မှာ လူတွေ အများကြီး ကျန်သေးတယ်၊ ကလေးတွေလည်း အများကြီးပဲ”
“အရှင်မင်းကြီး... အဲဒီလူတွေ ပြောကြတာကတော့ ပညာသင်စရိတ်က အရမ်းကြီးလွန်းလို့ မတတ်နိုင်ကြဘူးတဲ့၊ ဒါကြောင့် ပညာမသင်ချင်ကြတာပါ”
ဧကရာဇ်က ပို၍ပင် ဒေါသထွက်လာကာ - “ငါက ကျောင်းလခတွေကို ကင်းလွတ်ခွင့် ပေးထားပြီပဲ မဟုတ်လား”
“ကျောင်းလခကတော့ အခမဲ့ပါပဲ၊ ဒါပေမဲ့ ပြဋ္ဌာန်းစာအုပ်ဈေးတွေက အရမ်းကြီးနေတော့ သူတို့ မဝယ်နိုင်ကြဘူး ဖြစ်နေတယ်။ သူတို့ပြောတာကတော့ စာအုပ်ဈေးနှုန်းကို မဟာရှနိုင်ငံမှာလို ထက်ဝက် လျှော့ပေးမယ်ဆိုရင်တော့ ကျောင်းတက်ကြမယ်လို့ ပြောပါတယ် အရှင်မင်းကြီး”
မဟာလော့ ဧကရာဇ်မှာ ဆွံ့အသွားရတော့သည်။ မိမိတို့၏ စာအုပ်ဈေးနှုန်းက မဟာရှနိုင်ငံထက် ကြီးနေသည်ကို သူ သိသည်။ သို့သော် ထိုပိုနေသော ငွေများမှာ ဆရာများကို ထောက်ပံ့ရန်ဖြစ်သဖြင့် ဈေးလျှော့ရန်မှာ မလွယ်ကူပေ။ စက္ကူဈေး ကျသွားသဖြင့် ပညာသင်စရိတ်က အတော်လေး လျော့ကျသွားပြီဟု သူ ထင်ထားသော်လည်း လက်တွေ့တွင်မူ ကျောင်းတက်ချင်သူက အလွန်ရှားနေဆဲပင် ဖြစ်ချေ၏။
“စာအုပ်ဈေးကိုတော့ လျှော့လို့ မရဘူး။ သွားပြောလိုက်... ပညာတော်ရင် ပညာသင်ဆုနဲ့ တခြား ထောက်ပံ့ကြေးတွေ ပေးမယ်လို့” ဧကရာဇ်က မက်လုံးကြီးကြီး ပေးလိုက်သည်။
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
ပညာသင်ဆု အစီအစဉ်ကို ချက်ချင်း ကြေညာလိုက်သော်လည်း သားသမီးတွေကို ကျောင်းထားနိုင်သူများမှာ တွက်ချက်တတ်သူများသာ ဖြစ်ကြသည်။ သူတို့ တွက်ကြည့်လိုက်သောအခါ - မဟာရှနိုင်ငံသို့ သွားထားလျှင် ကျောင်းလခလည်း မပေးရသလို၊ စာအုပ်နှင့် စက္ကူဈေးကလည်း ထက်ဝက်သက်သာမည် ဖြစ်ရာ စရိတ်စက အများကြီး သက်သာသွားမည် ဖြစ်သည်။
မဟာလော့နိုင်ငံတွင် ကျန်ခဲ့ပါက ကျောင်းလခ မပေးရသော်လည်း စာအုပ်နှင့် စက္ကူစရိတ်မှာ ကြီးလေးနေဆဲပင် ဖြစ်သည်။ ဧကရာဇ်က ပညာသင်ဆု ပေးမည်ဆိုသော်လည်း စာသင်ခန်းတစ်ခုတွင် ပညာတော်သူက ဘယ်နှစ်ယောက် ရှိပါမည်နည်း။ အကယ်၍ မိမိကလေးကသာ ပညာရည် မထူးချွန်လျှင် ရင်းနှီးရကျိုး မနပ်တော့မည် မဟုတ်ပါလော။ ထို့ကြောင့် တွက်ချက်ကြည့်ပြီးနောက် မဟာရှနိုင်ငံသို့ သွားခြင်းကသာ ပို၍ အန္တရာယ်ကင်းသည်ဟု သူတို့ ဆုံးဖြတ်လိုက်ကြသည်။
ထို့အပြင် မဟာရှနိုင်ငံတွင် ပညာသင်စရိတ် သက်သာရုံသာမက အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများသဖြင့် မိသားစု စားဝတ်နေရေးအတွက်ပါ ပိုအဆင်ပြေလေသည်။ ထို့ကြောင့် မိသားစုများစွာသည် သားသမီးများ၏ အနာဂတ်အတွက် မဟာရှနိုင်ငံသို့ ပြောင်းရွှေ့သွားကြတော့သည်။ ရလဒ်အနေဖြင့် ကျောင်းလာအပ်သူမှာ နည်းသွားသည့်အပြင် အချို့မှာ ရှိပြီးသားစာရင်းကိုပင် လာရောက်ပယ်ဖျက်ကြသည်။
ဤအကြောင်းကို သိလိုက်ရသောအခါ မဟာလော့ ဧကရာဇ်မှာ ပေါက်ကွဲလေတော့သည်။
“မဟာရှနိုင်ငံ၊ အမြဲတမ်း အဲဒီနိုင်ငံပဲ၊ အမိန့်ထုတ်လိုက်စမ်း... ဘယ်သူမှ မဟာလော့ကနေ ထွက်ခွင့်မရှိဘူး၊ အထူးသဖြင့် ပညာရှိတွေနဲ့ ကလေးတွေ”
သို့သော် ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် မိသားစုများကမူ ထိုသတင်းကို ကြားသောအခါ အေးအေးဆေးဆေးပင်။
"ထွက်ခွင့်မပေးရင်လည်း ပညာမသင်တော့ဘူးပေါ့... မင်းတို့ ဘာလုပ်နိုင်မှာလဲ"
ဤသို့ဖြင့် မဟာလော့နိုင်ငံတွင် ဆရာလည်းရှာမရ၊ ကျောင်းသားလည်းမရှိဘဲ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ လမ်းခုလတ်တွင် ရပ်တန့်သွားခဲ့ရသည်။
တစ်ဖက်တွင်မူ မဟာရှနိုင်ငံ၌ ဆရာများနှင့် ကျောင်းသားများမှာ အလွန်အမင်း စည်ကားနေပြီး ကျောင်းတိုင်းတွင် လူပြည့်နေလေသည်။ တစ်နိုင်ငံလုံး ပညာရေး အငွေ့အသက်များဖြင့် သက်ဝင် လှုပ်ရှားနေတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း လင်းပိုင်ဖန် က ကျေနပ်စွာ ပြုံးလိုက်သည် - “နောက် (၁၀) နှစ်လောက် နေရင် ငါ့နိုင်ငံမှာ အသုံးချလို့တောင် မကုန်တဲ့ လူတော်တွေ အများကြီး ထွက်လာတော့မှာပဲ”
ထိုစဉ် ရင်းနှီးနေသော ပုံရိပ်တစ်ခု ရောက်ရှိလာသည်။
လင်းပိုင်ဖန်က ပြုံးလျက် - “နတ်မိမယ် ယွီဖေး... မတွေ့ရတာ ကြာပြီနော်”
“အရှင်မင်းကြီး... မတွေ့ရတာ ကြာပါပြီ” စုန့်ယွီဖေးသည် ထိုရင်းနှီးသော မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။
ယခင်ကဆိုလျှင် သူတို့နှစ်ဦးမှာ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့သော ရဲဘော်ရဲဘက်များဟု ဆိုနိုင်သော်လည်း ယခုအခါတွင်မူ ပြိုင်ဘက်များကဲ့သို့ ဖြစ်နေလေခဲ့ပြီ။ သူမ အမှန်တကယ် မလာသင့်သော်လည်း စိတ်ကို မထိန်းနိုင်ခဲ့ပေ။ သူမ ရင်ထဲက အဖြေတစ်ခုအတွက် သို့မဟုတ် တစ်စုံတစ်ခုအတွက် ရောက်လာခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်...။