အခန်း (၃၄၁)
Vol. 31 Ch. 341
“မဟာလော့နိုင်ငံကလည်း ငါတို့ရဲ့ ပညာရေးစနစ်ကို အတုယူပြီး ကျင့်သုံးနေတယ်လို့ ကြားတယ်၊ အခြေအနေ ဘယ်လိုရှိလဲ” လင်းပိုင်ဖန်က မေးလိုက်သည်။
“အဆင်မပြေပါဘူး၊ အခုထိတော့ ကျရှုံးနေတယ်လို့ပဲ ပြောရမှာပဲ”
စုန့်ယွီဖေးက ခေါင်းခါယမ်းရင်း ခါးသီးစွာ ပြုံးလိုက်ပြီး - “ဒီမူဝါဒက မဟာရှနိုင်ငံမှာကျတော့ ချောချောမွေ့မွေ့ အောင်မြင်ပြီး မဟာလော့မှာကျမှ ဘာလို့ အလုပ်မဖြစ်ရတာလဲဆိုတာ ကျွန်မ တကယ်ပဲ နားမလည်နိုင်တော့ဘူး”
လင်းပိုင်ဖန်က အကျယ်ကြီး ရယ်မောလိုက်ကာ - “ငါ ထင်သားပဲ။ ငါ့ကို အတုခိုးတဲ့သူတွေဟာ ကျရှုံးရမှာပဲ၊ ငါ့ရဲ့ နည်းလမ်းတွေကို အပေါ်ယံလောက်ပဲ လိုက်လုပ်တဲ့ သူတွေလည်း ပျက်စီးရမှာပဲ”
“တကယ်တော့ ကျွန်မ ဒီကိုလာတာ ရင်ထဲက သံသယအချို့ကို ရှင်းထုတ်ချင်လို့ပါ”
စုန့်ယွီဖေးက လင်းပိုင်ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး - “အရှင်မင်းကြီး ပြောပြဖို့ ခက်ခဲမယ်ဆိုရင်လည်း ဘာမှ မပြောပါနဲ့၊ ကျွန်မ နားလည်ပေးနိုင်ပါတယ်”
“မင်းကို ပြောပြလို့ မရတာ ဘာမှမရှိပါဘူး။ မင်း မမေးရင်တောင် မကြာခင် မင်းကိုယ်တိုင် နားလည်သွားမှာပါ”
လင်းပိုင်ဖန်က ပြုံးလျက် - “နိုင်ငံတစ်နိုင်ငံ ရပ်တည်နိုင်ဖို့ဆိုရင် အဖက်ဖက်က အကျိုးစီးပွားတွေကို ထိန်းညှိပေးရမယ်လို့ ငါ မင်းကို အရင်က ပြောဖူးတယ်မလား။ မူဝါဒတစ်ခုကို အကောင်အထည်ဖော်တဲ့ နေရာမှာလည်း အဲဒီလိုပဲ၊ သက်ဆိုင်သူ အားလုံးအတွက် အကျိုးရှိစေမှသာ အောင်မြင်မှာ။ မဟုတ်ရင်တော့ ကျရှုံးမှာပဲ”
စုန့်ယွီဖေးက ခေါင်းငြိမ့်ကာ - “အရှင်မင်းကြီး အရင်က အဲဒီလို မိန့်ကြားဖူးပါတယ်”
“ငါ လုပ်ခဲ့တာကလည်း အဲဒီအတိုင်းပဲ။ သာမန်ပြည်သူတွေအတွက် ကျောင်းလခတွေ ကင်းလွတ်ခွင့်ပေးတယ်၊ ပြဋ္ဌာန်းစာအုပ်ဈေးတွေကို လျှော့ချပေးတယ်၊ အဲဒီတော့ ပြည်သူတွေက သူတို့ရဲ့ ကလေးတွေကို ပညာသင်ပေးဖို့ စိတ်အားထက်သန်လာကြတာပေါ့”
“ပညာတတ်တွေအတွက်ကျတော့လည်း သူတို့နဲ့ ထိုက်တန်တဲ့ ချီးမြှင့်မှုတွေအပြင် အရင်က မရဖူးတဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းတွေကို ပေးလိုက်တယ်။ အဲဒီအခါ သူတို့က တိုင်းပြည်အတွက် လူတော်လူကောင်းတွေ မွေးထုတ်ပေးဖို့ စိတ်ပါလက်ပါ အမှုထမ်းကြတာပေါ့”
“ဒီစနစ်ကို ကျင့်သုံးခြင်းအားဖြင့် ငါက လူတော်လူကောင်း အမြောက်အမြားကို စုစည်းနိုင်ခဲ့တယ်”
လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး - “မြင်တဲ့အတိုင်းပဲ၊ လူတိုင်းအတွက် အကျိုးရှိတဲ့ အခြေအနေမျိုးမို့လို့ ဒီမူဝါဒက ချောချောမွေ့မွေ့ လည်ပတ်နေတာပဲ။ ဒါပေမဲ့ မူဝါဒတစ်ခုကို ဖော်ဆောင်ဖို့ဆိုတာ ကုန်ကျစရိတ်တော့ ရှိတယ်။ အမြတ်က အရှုံးထက် များမှသာ ဒီစနစ်က ရေရှည်တည်တံ့မှာ”
စုန့်ယွီဖေးက သဘောတူသည့် အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။ “ဒါကိုတော့ ကျွန်မ နားလည်ပါတယ်။ အရှင်မင်းကြီးက စက္ကူထုတ်လုပ်တဲ့ နည်းပညာကို မြှင့်တင်ပြီး ပညာရေးစရိတ်ကို လျှော့ချခဲ့တယ်၊ ပြီးတော့ တစ်ဖက်က ရလာတဲ့ ငွေတွေနဲ့ ပညာရေးစနစ် တစ်ခုလုံးကို ပြန်ပြီး ထောက်ပံ့ပေးခဲ့တာပဲလေ”
“မှန်တယ်၊ ကွက်တိပဲ”
လင်းပိုင်ဖန်က လက်ဖျောက်တစ်ချက် တီးလိုက်ပြီး - “ငါက ပညာရေးစရိတ် လျှော့ချဖို့အတွက် ဘာကိုမှ နှမြောမနေဘဲ ရင်းနှီးခဲ့လို့သာ ဒီမူဝါဒက အောင်မြင်ခဲ့တာ”
“ဒါပေမဲ့ မဟာလော့မှာကျတော့ ဒီလိုလုပ်ဖို့ ခက်လိမ့်မယ်။ အဲဒီက အခြေအနေက ပိုပြီး ရှုပ်ထွေးတယ်။ ငါ့ရဲ့ မဟာရှနိုင်ငံနဲ့ ယှဉ်ရင် သူတို့ဆီမှာက ကြီးမြတ်တဲ့ မိသားစုတွေရှိသလို မင်းတို့ တာအိုဂိုဏ်းလည်း ရှိနေတာကိုး”
“ပထမအချက်က ဒီမူဝါဒဟာ မျိုးရိုးကြီး မိသားစုတွေရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေတဲ့အတွက် သူတို့က အပြင်းအထန် ကန့်ကွက်ကြမှာပဲ။ အခု မဟာလော့မှာ ဒီလောက်အထိ အကောင်အထည်ဖော်နိုင်တာဟာ မင်းတို့ တာအိုဂိုဏ်းက နောက်ကွယ်ကနေ ကူညီပေးနေလို့ပဲ၊ ဟုတ်တယ်မလား”
စုန့်ယွီဖေးက ဝန်ခံသည့်အနေဖြင့် - “မှန်ပါတယ်၊ ကျွန်မတို့ တာအိုဂိုဏ်းက ဝင်ပါခဲ့ပါတယ်”
“မင်းတို့က ကြီးမြတ်တဲ့ မိသားစုတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ရင်တောင် ပညာရေးစရိတ်ဆိုတဲ့ ပြဿနာက ရှောင်လွှဲလို့မရဘူး။ မူဝါဒတစ်ခု အောင်မြင်ဖို့ဆိုရင် သာမန်ပြည်သူတွေ လက်လှမ်းမီတဲ့ ကုန်ကျစရိတ်အထိ လျှော့ချနိုင်ရမယ်”
“ဒါက ဘိလပ်မြေနဲ့ အိမ်ဆောက်သလိုမျိုးပေါ့၊ အိမ်ဈေးက လူတွေ ဝယ်နိုင်လောက်တဲ့အထိ ချိုမှသာ လူတွေက ပိုက်ဆံပေးဝယ်ကြမှာ”
“ငါ သိရသလောက်တော့ မဟာလော့မှာလည်း ဆရာအဆင့်အတန်း သတ်မှတ်ချက်နဲ့ အခမဲ့ပညာရေးကို လုပ်နေတယ်မလား၊ ဒါပေမဲ့ ပညာသင်စရိတ်ကတော့ သိသိသာသာ လျော့ကျမသွားဘူး။ အဲဒီတော့ ဘာလို့ ပညာသင်တော့မှာလဲ”
“ပြည်သူတွေက သူတို့ခြေထောက်နဲ့ သူတို့ ရွေးချယ်ကြလိမ့်မယ်။ သူတို့မှာ ရွေးချယ်ခွင့်ရှိနေရင် မဟာလော့မှာ ဆက်နေမယ့်အစား မဟာရှနိုင်ငံကို ဘာလို့ လာမနေကြတော့မှာလဲ”
စုန့်ယွီဖေးက ခါးသီးစွာ ပြုံးလိုက်သည်။ “တကယ်ကို သင်ခန်းစာ ရပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက သိပ်ကို ပါးနပ်လွန်းလှတယ်။ မီးတောင်ဝက ရေပူစမ်းတွေကို သုံးပြီး ကုန်ကျစရိတ်လျှော့ချတဲ့ နည်းလမ်းမျိုးကိုတော့ တခြားသူတွေ ဘယ်လိုမှ အတုမယူနိုင်ဘူး”
“အဲဒါပေါ့…”
လင်းပိုင်ဖန်က ပြုံးလျက် - “ငါ့ရဲ့ ဆောင်ပုဒ်က ‘ကိုယ့်လမ်းကိုယ်လျှောက်၊ ပြီးတော့ အဲ့လမ်းကို တခြားသူတွေ လိုက်လျှောက်လို့မရအောင်လည်း လုပ်ပစ်’ ဆိုတာပဲ”
စုန့်ယွီဖေးမှာ ဆွံ့အသွားရတော့သည်။
လင်းပိုင်ဖန်ရဲ့ အရင်က လုပ်ရပ်တွေကို ပြန်စဉ်းစားကြည့်ရင် တကယ်လည်း ထိုအတိုင်းပင် ဖြစ်လေ၏။
ဥပမာအားဖြင့် - ဘိလပ်မြေအိမ်တွေ ဆောက်တဲ့အခါ ဈေးနှုန်းကို အနိမ့်ဆုံးအထိ ထိုးချလိုက်ပြီး တခြားသူတွေ လိုက်မလုပ်နိုင်အောင် လုပ်ခဲ့သည်။
အလုပ်သမားတွေ စုဆောင်းတဲ့အခါမှာလည်း အမြင့်ဆုံး လုပ်ခလစာကို ပေးပြီး တခြားသူတွေ အတုမခိုးနိုင်အောင် လုပ်ခဲ့သည်။
ပြီးတော့ သူ၏ အုပ်ချုပ်ရေး အာဏာစက် ခိုင်မာဖို့အတွက် နယ်မြေအတွင်းရှိ ဂိုဏ်းဂဏတွေနဲ့ ကြီးမြတ်တဲ့ မိသားစုတွေကို အမုန်းခံပြီး မောင်းထုတ်ပစ်ခဲ့သည်။
သူ့ရဲ့ ခြေလှမ်းတိုင်းက ပြတ်သားလွန်းပြီး တခြားသူတွေ လိုက်မမီနိုင်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤနည်းလမ်းများကြောင့်ပင် မဟာရှနိုင်ငံသည် (၂) နှစ်အတွင်းမှာ မကြုံစဖူး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထိုအချက်နှင့် နှိုင်းယှဉ်လျှင်... မဟာလော့ ဧကရာဇ်မှာ မှေးမှိန်သွားရတော့သည်။
အတုယူဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးနေဆဲပင်။
ထိုစဉ် ယဥ်ကျေးမှုဝန်ကြီး လီလင်းဖူ ရောက်ရှိလာသည်။
သူက စုန့်ယွီဖေးကို တစ်ချက်ကြည့်လိုက်ပြီး လင်းပိုင်ဖန်ကို အရိုအသေပေးကာ - “အရှင်မင်းကြီး... အချိန်နီးပြီ ဖြစ်ပါတယ်” ဟု လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်က ခေါင်းလှည့်ကာ ပြုံးလိုက်ပြီး - “နတ်မိမယ် ယွီဖေး... ဒီနေ့က မဟာရှရဲ့ အကယ်ဒမီကျောင်းတော်ကြီး ဖွင့်ပွဲနေ့ပဲ။ ငါကိုယ်တော်တိုင် ပထမဆုံး သင်ခန်းစာကို ပို့ချပေးမှာမို့လို့ လိုက်ခဲ့ဦးမလား”
“အရှင်မင်းကြီးက ဖိတ်ခေါ်မှတော့ ကျွန်မ မငြင်းရဲပါဘူး” စုန့်ယွီဖေးက ဝမ်းသာအားရပင် လိုက်ပါခဲ့သည်။
မကြာခင်မှာပင် လင်းပိုင်ဖန်သည် နန်းတော်အနီးရှိ ကျောင်းတော်သို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ကျောင်းသားများနှင့် ဆရာများမှာ ရောက်ရှိ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
လင်းပိုင်ဖန်ကို မြင်သောအခါ အားလုံးက ညီညီညာညာ အော်ဟစ် နှုတ်ဆက်ကြသည်။
“ကျွန်တော်မျိုးတို့ ကျောင်းတော်သားများက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
“ဆရာတွေနဲ့ ကျောင်းသားတွေအားလုံးပဲ... အခမ်းအနားတွေ မလိုပါဘူး၊ ထကြပါ”
လင်းပိုင်ဖန်က စင်မြင့်ပေါ်သို့ တက်လိုက်ပြီး စိတ်အားထက်သန်နေသော ကျောင်းသား၊ ဆရာများကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် - “မဟာရှနိုင်ငံရဲ့ ကျောင်းသင်တန်းတွေက စတင်နေပြီ။ ဒီနေ့ သင်တန်းကာလရဲ့ ပထမဆုံး သင်ခန်းစာကို ငါကိုယ်တော်တိုင်ပဲ သင်ကြားပေးမယ်။ မစခင်မှာ မောင်မင်းတို့ကို မေးခွန်းတစ်ခု မေးချင်တယ် - မောင်မင်းတို့ ဘာလို့ စာသင်ကြတာလဲ”
ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဘယ်လိုဖြေရမှန်း မသိဘဲ ဖြစ်နေကြသည်။
လင်းပိုင်ဖန်က ရှေ့ဆုံးတန်းမှ (၈) နှစ်အရွယ် ကလေးငယ်တစ်ဦးကို လက်ညှိုးထိုးကာ ခေါ်လိုက်သည် - “မင်း... အရင်ပြောကြည့်ပါဦး”
“ကျွန်တော်လား...” ကလေးငယ်မှာ တုန်တုန်ရင်ရင်ဖြင့် ထရပ်လိုက်ပြီး ဘေးဘီကို ကြည့်ကာ ကြောက်လန့်နေသည်။
“ပြောသာပြောပါ၊ ဘာမှ အပြစ်မယူဘူး”
ဘာကြောင့်မှန်း မသိသော်လည်း လင်းပိုင်ဖန်၏ အသံကို ကြားရပြီးနောက် ကလေးငယ်၏ စိတ်မှာ အံ့ဩဖွယ် တည်ငြိမ်သွားသည်။
သူက ခေါင်းလေးကို မော့ကာ ကျယ်လောင်စွာ ပြောလိုက်သည် - “အရာရှိ ဖြစ်ချင်လို့ပါ”
“ဘာလို့လဲ” လင်းပိုင်ဖန်က ပြုံးပြီး မေးလိုက်သည်။
ကလေးငယ်က ဆက်ပြောသည် - “ကျွန်တော့် မိဘတွေက ပြောတယ်... အရာရှိဖြစ်မှ အနာဂတ် ကောင်းမှာတဲ့”
“မင်းကော...” လင်းပိုင်ဖန်က နောက်တစ်ယောက်ကို ခေါ်လိုက်သည်။
“ကျွန်တော်ကတော့ ကောင်းကောင်းမွန်မွန် နေချင်လို့ပါ၊ မိဘတွေကို ဝဝလင်လင် ကျွေးချင်လို့ပါ”
“ဟိုတစ်ယောက်... ” လင်းပိုင်ဖန်က နောက်တစ်ယောက်ကို ထပ်မေးလိုက်သည်။
“ကျွန်တော်က ချမ်းသာချင်လို့ပါ။ အဲဒါက မမှန်ဘူးဆိုတာ သိပေမဲ့... ကျွန်တော် တကယ်ပဲ ချမ်းသာချင်လို့ပါ...”
ကလေးတွေက သူတို့ရင်ထဲရှိရာကို ပွင့်ပွင့်လင်းလင်းပင် အမျိုးမျိုး ဖြေကြသည်။
အကြောင်းပြချက်တွေက ယုတ္တိရှိရှိ၊ မရှိရှိ လင်းပိုင်ဖန်က ဂရုမစိုက်ဘဲ ပြုံးလျက် ပြောလိုက်သည် - “တကယ်တော့ မင်းတို့အားလုံး မှန်ကြပါတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ အိပ်မက်တွေအားလုံးက ပန်းတိုင်တစ်ခုတည်းကို ဦးတည်နေတာကို သတိထားမိကြလား”
“ဘယ်ပန်းတိုင်လဲ…” အားလုံးက ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
“မဟာရှနိုင်ငံပဲ”
လင်းပိုင်ဖန်က ကျယ်လောင်စွာ အော်ပြောလိုက်သည် - “မဟာရှနိုင်ငံ အင်အားကြီးလာမှသာ မင်းတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို ကာကွယ်ပေးနိုင်မှာ။ မဟာရှနိုင်ငံ အင်အားကြီးလာမှသာ မင်းတို့ မိဘတွေ ဝဝလင်လင် စားရမှာ၊ ဆင်းရဲတွင်းက လွတ်မှာ၊ ပြီးတော့ မင်းတို့ မိသားစုတွေ ကောင်းကောင်းမွန်မွန် နေနိုင်မှာ။ မဟာရှနိုင်ငံ အင်အားကြီးလာမှသာ မင်းတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာ။ မဟုတ်ရင်တော့ မင်းတို့ရဲ့ အိပ်မက်တွေဟာ မြင်ရပေမဲ့ လက်လှမ်းမမီတဲ့ လေထဲက တိုက်အိမ်တွေပဲ ဖြစ်နေလိမ့်မယ်”
သူ၏ အသံမှာ ပြတ်သားကာ ကျယ်လောင်နေသည်။
အားလုံး သေချာ စဉ်းစားကြည့်လိုက်သောအခါ တကယ်လည်း ထိုအတိုင်းပင် မဟုတ်ပါလား။
မဟာရှနိုင်ငံကသာ သူတို့ ခက်ခက်ခဲခဲ ရရှိထားသော ပျော်ရွှင်မှုတွေကို ထိန်းသိမ်းပေးထားသည် မဟုတ်ပါလား။
မဟာရှနိုင်ငံသာ မရှိလျှင် သူတို့တွေဟာ ရွှံ့နွံထဲမှာပဲ ဆက်လက်ပြီး ရုန်းကန်နေရပေလိမ့်မည်။
ကျောင်းတော်ထဲသို့ ဝင်ပြီး စာသင်ခွင့်လည်း ရမှာ မဟုတ်ပေ။
အိပ်မက်ဟူသမျှသည်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
လင်းပိုင်ဖန်က အသံကို မြှင့်ပြီး ထပ်မေးလိုက်သည် - “ကဲ... အခု ငါကိုယ်တော် ထပ်မေးမယ်၊ မင်းတို့ ဘာလို့ စာသင်ကြတာလဲ”
ကျောင်းသားများအားလုံးက ညီညီညာညာ အော်ဟစ်လိုက်ကြသည် - “ကျွန်တော်တို့ဟာ မဟာရှနိုင်ငံ အင်အားကြီးမားဖို့အတွက် စာသင်ကြတာပါ”
စိတ်ဓာတ် တက်ကြွနေသော ကျောင်းသားများနှင့် သက်ဝင်လှုပ်ရှားနေသော မဟာရှနိုင်ငံကို ကြည့်ရင်း စုန့်ယွီဖေးသည် တတိယအကြိမ်မြောက် သံသယ ဖြစ်လာမိတော့သည်။
‘တာအိုဂိုဏ်းရဲ့ ရွေးချယ်မှုက... မှန်ကန်ရဲ့လား...’