← Chapters

ကျွန်တော် ပိုင်ဟောက် မဟုတ်ပါဘူး

Vol. 8 Ch. 755

ကျွန်တော် ပိုင်ဟောက် မဟုတ်ပါဘူး

Vol. 8 Ch. 755

ချန်ဟောင်စုန့်၏မျက်ဝန်းအိမ်များ ကျဥ်းမြောင်းသွားတော့သည်။ သခင်မလေးဟုန်ချိန်၏ စကားသာအမှန်ဖြစ်ပြီး သရဲကြီးဘုရင်သာ ထိုကိစ္စကို မဟာကောင်းကင်သခင်ထံသို့ တင်ပြပြီးပြီဆိုပါက ထိုကိစ္စထဲတွင် မဟာကောင်းကင်သခင် မပါဝင်လာသေးသရွေ့ လူအားလုံးနီးပါး ပိုင်ဟောက်ကို ထိပင်ထိရဲကြမည်မဟုတ်ချေ။

သို့သော် လူအားလုံးနီးပါး သူ့အားထိရဲလိမ့်မည်မဟုတ်ဟု ပြောရသည့်အကြောင်းအရင်းမှာ ဗဟိုဧကရာဇ်မြို့တွင် မဟာကောင်းကင်သခင်ကို ဖီဆန်နိုင်သည့် အခြား လူတစ်ယောက်ရှိနေသောကြောင့် ဖြစ်သည်။

ထိုလူမှာကား လက်ရှိဗဟိုဧကရာဇ်ဖြစ်သည်။

သို့သော် ဗဟိုဧကရာဇ်မှာ ထိုကဲ့သို့သော ကိစ္စများထဲတွင် လွယ်လွယ်ကူကူနှင့် ဝင်ပါမည်တော့မဟုတ်ပေ။

ပိုင်ရှောင်ချန်းမှာ သခင်မလေးဟုန်ချိန်နှင့် ချန်ဟောင်စုန့်တို့ကို အပြန်အလှန်ကြည့်ကာ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့် ရုတ်တရက်ပြောင်းလဲမှုကြီးမှ သတိပြန်လည်လာတော့သည်။ ယခုမှသာ သူသည် စိုးရိမ်စပြုလာပြီး စိတ်ထဲတွင် သက်ပြင်းများချနေတော့သည်။

" ဘာလို့များ ဒီလောက် ကံဆိုးနေရတာလဲကွာ။ ငါ့ရဲ့ သနားစရာအသက်လေး အန္တရာယ်နဲ့ ကြုံရတော့မှာလား "

ဤကိစ္စမှာ မဟာကောင်းကင်သခင်၏နားစည်သို့တိုင် ရောက်ရှိသွားသည့်အချက်က သူ့ကို စိတ်မသက်မသာဖြစ်အောင်လုပ်နေသဖြင့် သူ၏နှလုံးခုန်နှုန်း မြန်လာတော့သည်။

ထို မဟာကောင်းကင်သခင်ဆိုသူကို ပိုင်ရှောင်ချန်းက မမြင်ဖူးသော်လည်း မည်သူမည်ဝါဖြစ်ကြောင်းတော့ သိသည်။

ထိုလူသည် အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ပိုင်ရှောင်ချန်း ရှိခဲ့စဥ်တုံးက အရိပ်ပုံရိပ်တစ်ခုအနေနှင့် ဆုံတွေ့ခဲ့ရသည့် ချင်းမေ့ယွမ်၏ဆရာဖြစ်သည်။ ထိုစဥ်က ကောင်းကင်တံတားမြစ်ဒေသတွင် ရှိနေခဲ့၍ ထိုလူကြီး၏ ကျင့်ကြံခြင်းအဆင့်ကို သူ မဖော်ထုတ်နိုင်ခဲ့ပေ။ သို့သော် ယခုတွင်မူ သေချာစဥ်းစားကြည့်လိုက်သောအခါ ထိုစဥ်က ထိုသို့ဆက်သွယ်ရန် သူသုံးခဲ့သည့်နည်းလမ်းမှာ ရိုးရိုးတန်းတန်း မဟုတ်သည်တော့ အမှန်ပင်။

သူသည် ကြောက်ရွံ့စိတ်များကြောင့် ရင်ခုန်နှုန်းမြန်နေပြီး အခြေအနေများဆိုးရွားလာပါက ဗဟိုဧကရာဇ်မြို့မှ ထွက်ပြေးနိုင်မည့် နည်းလမ်းများကို အလောသုံးဆယ် တွေးတောစဥ်းစားနေတော့သည်။

" ဘာလုပ်ရပါ့၊ ငါဘာလုပ်ပါ့မလဲကွာ "

ထိုအချိန်တွင် ချန်ဟောင်စုန့်မှာ သတင်းပို့ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်ပြီး မဟာကောင်းကင်သခင်ထံသို့ သတင်းတစ်ခု ပို့လိုက်လေသည်။ အခြားသော ကောင်းကင်နယ်စားများမှာလည်း ကျောက်စိမ်းပေလွှာများကို ထုတ်ယူလိုက်ကြသည်။

ထိုတစ်နေရာလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ပိုင်ရှောင်ချန်းအပေါ်သို့ ကြီးအားသောဖိအားများ သက်ရောက်နေတော့သည်။ သူ၏အတွေးထဲတွင် သူသည် ကမ္ဘာပေါ်ရှိ ကံအဆိုးဆုံးလူသားဖြစ်နေတော့သည်။ သူ ဗဟိုဧကရာဇ်မြို့သို့ ရောက်လာခဲ့သည့်အချိန်မှစ၍ သူသည် အမြီးကုပ်၍နေခဲ့ပါသော်လည်း ပြဿနာများနှင့် အမြဲကြုံနေရသည်သာ ဖြစ်သည်။

အောက်ဘက်တွင် ထိုသို့ ရှေ့မတိုးသာ၊ နောက်မဆုတ်သာသည့် အခြေအနေကြီးဖြစ်နေစဥ် မြို့တော်အထက်ရှိ မြေရိုင်းဒေသထဲတွင် အကြီးမားဆုံးသော အချုပ်အခြာအာဏာကို ကိုယ်စားပြုသည့် နေရာဖြစ်သော တော်ဝင်နန်းတော်ထဲရှိ ခန်းမကြီးတစ်ခုထဲတွင် အဘိုးကြီးတစ်ယောက်မှာ တင်ပျဥ်ခွေထိုင်ကာ တွေးတောနေသည်။

သူသည် ရှေးဟောင်းဆန်သော ပုံပန်းသွင်ပြင်ရှိသော်လည်း သူ့ထံမှ ပေါ်ထွက်နေသည့် ထူးဆန်းသော အငွေ့အသက်ကြီးတစ်ခုကြောင့် အသက်ကြီးသည်ဟု မထင်ရပေ။ သူ၏ အိုမင်းနေသော အသွင်အပြင်များမှာ အတုအယောင်များဟုပင် ထင်ရသည်။ သူ၏ချီနှင့်သွေးများမှ စွမ်းအားများပေါက်ကွဲထွက်လာပါက ဗဟိုဧကရာဇ်တစ်မြို့လုံးကိုပင် လွှမ်းခြုံသွားနိုင်လိမ့်မည်။

သူသည် ရိုးရှင်းသော အဖြူရောင်ဝတ်ရုံကိုသာ ဆင်မြန်းထားသည်။ ထိုဝတ်ရုံမှာ တန်ဖိုးကြီးသည့်ပုံ မရှိသော်လည်း မြေရိုင်းဒေသထဲရှိ ၎င်းကိုမြင်လိုက်ရသူတိုင်းမှာ ချက်ချင်းပင် စိုးရိမ်သွားကြမည်သာဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုဝတ်ရုံမှာ သူ၏အင်မတန်မြင့်မားလှသော ရာထူးကိုဖော်ပြနေသောကြောင့်ဖြစ်သည်။ ထိုရာထူးကြောင့် သူသည် ရိုးရှင်းသောအဝတ်အစားကိုသာ ဆင်မြန်းထားသော်လည်း ကြယ်တာရာများစွာနှင့် စီခြယ်ထားသကဲ့သို့ ဖြစ်နေရသည်။

သူသည်ကား မဟာကောင်းကင်သခင် ဖြစ်သည်။

ယခုတွင် သူသည် မြို့နယ်အမှတ်ရှစ်ဆယ့်ကိုးထဲတွင် ဖြစ်ပျက်နေသည့်အကြောင်းအရာများနှင့် သက်ဆိုင်သော သတင်းများပါသည့် သတင်းပို့ကျောက်စိမ်းပေလွှာတစ်ခုကိုကြည့်နေသည်။ လူအတော်များများမှာ ထိုအကြောင်းနှင့်ပတ်သတ်၍ သူ့အားသတင်းပို့ထားကြသည်ဖြစ်ပြီး ဤကိစ္စမှာ ရေးကြီးခွင်ကျယ်ကိစ္စတစ်ခု မဟုတ်ပါသော်လည်း မဟာကောင်းကင်သခင်မှာ အနည်းငယ် အချိန်ပေး၍ စဥ်းစားတွေးခေါ်နေရပြီဖြစ်သည်။

" စိတ်ဝင်စားစရာ ကောင်းလှပါလား " သူက အေးစက်စက် ပြုံး၍ ရေရွတ်လိုက်သည်။

" ဒီပိုင်ဟောက်ဆိုတဲ့ကောင်က ဘယ်နေရာရောက်ရောက် ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်နိုင်စွမ်းရှိတာပဲ။ သရဲကြီးဘုရင်က သူ့ကို သားမက်တော်ချင်နေတာ။ ဝိညာဥ်ခရီးဘုရင်က အဲဒီကောင်ကို သူ့သမီးမေ့သွားနိုင်အောင်လို့ ကွပ်မျက်စေချင်နေတာ။ သောကကင်းဝေးကိုးသွယ်ဘုရင်ရဲ့သားက သူ့ကိုလုပ်ကြံဖို့ကြိုးစားနေတာ။ ကြည့်ရတာ ဒီပိုင်ဟောက်နဲ့ပတ်သတ်တဲ့ အရှုပ်ထုပ်ထဲကို ကောင်းကင်ဘုရင်လေးပါးစလုံး ရောက်နေတဲ့ပုံပဲ "

" ပြီးတော့ မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးက ဖြစ်ရပ်ကြီးကြောင့် ကောင်းကင်နယ်စားနဲ့ ကောင်းကင်မြို့စား အကုန်လုံးနီးပါးပါ အရှုပ်ထုပ်ထဲပါလာသေးတာ။ မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးကို လူကိုယ်တိုင်ရောက်မနေတဲ့ လူတွေတောင် သူတို့ရဲ့ သားသမီးတွေက ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်နေတာပဲ "

" ဒီ ပိုင်ဟောက်ဆိုတဲ့ကောင် တစ်ယောက်ထဲနဲ့ ဒီလိုတွေလုပ်နိုင်တာ ငါ့ဖြင့်မယုံနိုင်လောက်အောင်ပဲ။ အတော်စိတ်ဝင်စားဖို့ကောင်းတယ်ဟေ့။ ပိုင်ဟောက်အပြင် အခြား ပြဿနာကောင်တွေလည်း ပါတော့ပါသေးတာပေါ့။ ဥပမာ... တော်ဝင်မင်းသား နှစ်ယောက်တို့... "

" တစ်ယောက်ယောက်ကများ သူတို့ကို အဲဒီပြဿနာထဲ မပါပါအောင်ထည့်လိုက်တာများလား။ ကျိုးဟုန်နဲ့ ပိုင်ဟောက်ကို ရန်တိုက်ပေးပြီး လူပေါင်းများစွာ သေဆုံးအောင်လို့ သူတို့တွေကို တစ်ယောက်ယောက်က သွေးထိုးလိုက်တာများလား။ မင်းသားနှစ်ပါးထဲနဲ့တော့ ဒီလိုအကြံထွက်လာစရာ အကြောင်းမရှိဘူး။ ဒီလို အကြံကောင်းတစ်ခုကို တွေးတတ်မဲ့ တစ်ယောက်ထဲသောလူက ဗဟိုဧကရာဇ်ပဲ ရှိတယ်။ "

အဆုံးတွင် သူသည် ခေါင်းမော့လိုက်ပြီး အေးစက်သောအလင်းရောင်များ တောက်ပနေသည့်မျက်ဝန်းများဖြင့် တော်ဝင်နန်းတော်ထဲသို့ စူးစူးစိုက်စိုက်ကြည့်လိုက်လေသည်။

" မင်းက ရုပ်သေးရုပ်တစ်ရုပ် မဖြစ်ချင်လို့ ဒီအခြေအနေကို အသုံးချပြီး အမှောင်ရိပ်ထဲကနေ လှုပ်ရှားနေတာလား "

" ဒါပေမဲ့ မင်းလုံးဝ သတိမထားမိတဲ့ အချက်တစ်ချက် ရှိတယ်ကွ။ မင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အသုံးချမယ်လို့ကြံထားတဲ့ ဒီပိုင်ဟောက်ဆိုတဲ့ကောင်မှာ မင်းတွေးတောင်မတွေးထားမိမဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသေးတယ်။ အဖြစ်နိုင်ဆုံး လျှို့ဝှက်ချက်တစ်ခုကတော့ သူက ပိုင်ရှောင်ချန်းဆိုတာပဲ။ သူ ဗဟိုဧကရာဇ်မြို့တော်အပြင်ဘက်မှာ ရောက်နေတုံး၊ ငါသူ့ကိုစစုံစမ်းဖို့ ပြင်နေတုံးက သူက ငရဲဧကရာဇ် လက်သီးချက်ကို ထုတ်သုံးခဲ့တာကွ " မဟာကောင်းကင်သခင်၏နှလုံးသားထဲတွင် မအီမလည်ခံစားချက်ကြီးတစ်ခု ပေါ်ထွက်လာသဖြင့် မျက်လုံးများမှေးသွားတော့သည်။

" ငရဲဧကရာဇ်၊ ခင်ဗျားက ကျုပ်ကို သူ့ကိုယုံပါလို့ ပြောဖို့ကြိုးစားနေတာလား "

ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ပိုင်ဟောက်၏ သရုပ်မှန်နှင့် သူနှင့်ငရဲဧကရာဇ်တို့အကြားရှိ ဆက်နွယ်မှုတို့နှင့် ပတ်သက်သည့် အတွေးစများကို ခေါင်းထဲမှထုတ်လိုက်တော့သည်။ ထို့နောက် သူသည် မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးတွင် ဖြစ်ပျက်နေသည်များကို ပြန်၍ အာရုံစိုက်လိုက်တော့သည်။

" ငါ့အမြင်မှာတော့ ဗဟိုဧကရာဇ်မြို့က တိတ်ဆိတ်နေတာ အတော်ကြာနေပြီ။ ဗဟိုဧကရာဇ်ကလည်း အကြံအစည်တွေ စုဆောင်းနေတာဆိုတော့... မေးရမဲ့မေးခွန်းက တော်ဝင်ခုံရုံးနဲ့ချိတ်ဆက်နေတဲ့ မင်းမျိုးမင်းနွယ်တွေနဲ့ မှူးမျိုးမတ်နွယ်တွေအားလုံးထဲမှာ ဘယ်သူတွေက ဗဟိုဧကရာဇ်အပေါ် သစ္စာရှိလဲဆိုတာပဲ။ "

မဟာကောင်းကင်သခင်၏ မျက်ဝန်းများထဲတွင် တင်းမာသော အရိပ်အယောင်များပေါ်ပေါက်လာပြီး ကျောက်စိမ်းပေလွှာကို ပြန်၍ငုံ့ကြည့်လိုက်တော့သည်။

" ဒီပိုင်ဟောက်ဆိုတဲ့ကောင်က ဗဟိုဧကရာဇ်မြို့မှာရှိတဲ့ မင်းမျိုးမင်းနွယ်တွေနဲ့ မှူးမျိုးမတ်နွယ်တွေအားလုံးနီးပါးကို စော်ကားပြီးသွားပြီးပဲ။ ဝိညာဥ်ရေနွေးအိုးထဲမှာတုံးက ဖြစ်ရပ်တွေကြောင့်နဲ့တင် သူက လူမုန်းများနေပါတယ်ဆို။ အဲဒါဆိုရင်... ငါ့အတွက်ဆို ဒီကောင် အသက်ရှင်နေတာက သေနေတာထက် ပိုအသုံးဝင်လောက်တယ် "

ထိုသို့တွေးတော မဟာကောင်းကင်သခင်က ပြုံးလိုက်တော့သည်။ ဤပိုင်ဟောက်ဆိုသောလူ ရန်စခဲ့သည့်လူများ ပိုများလေလေ ဤမြို့တော်ထဲတွင် သူသည် မည်သူနှင့်မျှ အနှောင်အဖွဲ့ မရှိကြောင်း ပို၍မှတ်ယူနိုင်လေလေ မဟုတ်ပါလော။

" သူဘာသာသူ ပိုင်ဟောက်ဖြစ်ဖြစ်၊ ပိုင်ရှောင်ချန်းဖြစ်ဖြစ် အရေးမကြီးဘူး "

မဟာကောင်းကင်သခင်အတွက်မူ မည်သူနှင့်မှ ပူးပေါင်းထားခြင်းမရှိသည့် အရာရှိတစ်ယောက်ကို သူ့ဖက်သို့သိမ်းသွင်းနိုင်လျှင် အလွန်တန်ကြေးရှိမည်ဟု မှတ်ယူထားလေသည်။

ထို့အပြင် ငရဲဧကရာဇ်ပေးခဲ့သည့် အရိပ်အမြွှက်များကြောင့် မဟာကောင်းကင်သခင်မှာ ပိုင်ရှောင်ချန်းကို ယခင်ကထက်ပင် ပို၍ စိတ်ဝင်စားနေတော့သည်။ ထို့အပြင် သူ့အား သရဲကြီးဘုရင်ကပါ ကျောထောက်နောက်ခံပေးနေသည်ဆိုသော တိုက်ဆိုင်မှုကြီးကြောင့် ပို၍ပင် စွဲမက်ဖွယ်ကောင်းနေတော့သည်။

" သူသာ ကျိုးကျစ်မိုရဲ့ တာအိုလက်တွဲဖော် တကယ်ဖြစ်သွားရင်တော့ ငါ နည်းနည်း သံသယရှိတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် လက်တွဲဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူး "

ယခုတွင် ဗဟိုဧကရာဇ်မှာ တစ်စုံတစ်ခုကို ကြံစည်နေသည့်ပုံစံ ပေါက်နေ၍ မဟာကောင်းကင်သခင်မှာ ပိုင်ရှောင်ချန်းသည် သူကိုင်တွယ်အသုံးချနိုင်သည့် အကောင်းဆုံးလက်နက်တစ်ခုဖြစ်ကြောင်း သိလေသည်။ ထို့အပြင် သူသည် မြို့တော်ထဲရှိ အရေးကြီးသော လူအားလုံးကို စော်ကားထားခဲ့သည် မဟုတ်ပါလော။ သူ့အားအခွင့်အရေးပေးကာ သူ၏နောက်တွင် မဟာကောင်းကင်သခင်တစ်ယောက်လုံး ရှိနေကြောင်း သူ ခံစားရအောင် လုပ်နိုင်ပါက သူတို့နှစ်ယောက်အကြားရှိ ဆက်ဆံရေးမှာ အချိန်နှင့်အမျှ တိုးတက်သွားမည်သာဖြစ်သည်။

ထို့အပြင် သရဲကြီးမြို့တော်တွင် ပိုင်ဟောက်ဆောင်ရွက်ခဲ့သည့် ငွေညစ်မှုများအကြောင်းကို သူကကြားဖူးထားသဖြင့် ပိုင်ရှောင်ချန်းမှာ မည်သို့သောလူစားမျိုးဖြစ်ကြောင်း သူကသိသည်။ ထိုအချက်မှာ မှူးမတ်နွယ်ဝင်များနှင့် ဗဟိုဧကရာဇ်အကြား ရှိနေသော ဆက်ဆံရေးများကို ရှာဖွေဖော်ထုတ် ဖြတ်တောက်ရာတွင် မဟာကောင်းကင်သခင်ကို အကူအညီပေးနိုင်မည်လည်းဖြစ်သည်။

ထိုသို့အဆင့်ဆင့်တွေးတောလိုက်ပြီး မဟာကောင်းကင်သခင်မှာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

" မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးကို ဓမ္မအမိန့်တော်တစ်ခုယူပြီး ချက်ချင်းသွားကြစမ်း။ ပိုင်ရှောင်ချန်းကို စစ်ဆေးရေးအရာရှိအဖြစ်တင်မြှောက်ပြီး သူဦးဆောင်နိုင်ဖို့ တပ်သားအယောက်တစ်ထောင်ပေးမယ်လို့ ကြေငြာလိုက်။ ပြီးတော့ သူ့ကိုငါ့ဆီ ချက်ချင်းခေါ်ခဲ့ "

မဟာကောင်းကင်သခင်၏ စကားသံများ ထွက်လာသောအခါ သူ၏အရှေ့ရှိလေထုကြီးမှာ တွန့်လိမ်သွားပြီး အရိပ်တစ်ခုပေါ်ပေါက်လာတော့သည်။ ထိုလူမှာ စစ်ဆေးရေးအရာရှိဆိုသော ရာထူးကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားသော်လည်း တရိုတသေဦးညွှတ်ကာ အမိန့်နာခံကြောင်း လျှောက်တင်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

မြို့နယ်အမှတ် ရှစ်ဆယ့်ကိုးတွင် ပိုင်ရှောင်ချန်းမှာ မည်သည့်အရာများဆက်ဖြစ်မည်နည်းဟုတွေးကာ မျက်မှောင်ကြုတ်နေသည်။ သူသည် မကောင်းသောခံစားချက်ကြီးတစ်ခုကို ကြိုရနေပါသော်လည်း ယခုချက်ချင်းထွက်ပြေးနိုင်ရန် လမ်းမရှိသဖြင့် စိုးစိုးထိတ်ထိတ်နှင့် စောင့်ဆိုင်းနေရသည်။

" တခြားရွေးချယ်စရာမရှိတော့ဘူးဆိုရင်တော့ တိတ်တိတ်လေး လစ်ထွက်ဖို့ အခွင့်အရေးရှာရမှာပဲ။ ငါ့ဆီမှာ ကောင်းကင်ကြမ္မာဆေးလုံးနည်းနည်းတော့ကျန်သေးတယ်။ ပြီးတော့ တကယ်လိုအပ်လာပြီဆိုရင် ငါ့မျက်နှာဖုံးကိုသုံးပြီး ရုပ်ရည်အသွင်အပြင်ကို ပြောင်းလို့ရသေးတာပဲ "

အချိန်များကုန်ဆုံးလာသည့်နှင့်အမျှ သူ၏စိုးရိမ်ထိတ်လန့်မှုမှာ ပို၍ ကြီးမားလာပြီး ဖိအားများကို ပို၍ခံစားလာရတော့သည်။ သူသည်အလွန်အမင်း စိုးရိမ်ထိတ်လန့်လွန်းနေသည့်အတွက် သူ၏နှလုံးသားထဲတွင် မြက်ပင်များပေါက်နေသည့်အလား ယားကျိယားကျိ ဖြစ်နေပြီး ပါးစပ်နှင့် လည်ချောင်းများမှာ ခြောက်ကပ်နေတော့သည်။

" သရဲကြီးဘုရင်ကို အားကိုးလို့မဖြစ်ဘူး။ သူသာငါ့ကိုကယ်တင်ချင်တယ်ဆိုရင် တည်နေရာရွှေ့ပြောင်းခြင်းအပေါက်ကိုသုံးပြီး အခုလောက်ဆို ဒီကိုရောက်လာမှာပေါ့ "

ယခုတွင်မူ သူသည် မည်သည်ကိုမှ ရဲရဲတင်းတင်း မလုပ်ရဲတော့ပေ။ သခင်မလေးဟုန်ချိန်နှင့် ချန်ဟောင်စုန့်ကို မျက်စောင်းထိုးကြည့်ကာ သူက တဖြည်းဖြည်း နောက်သို့ဆုတ်သွားတော့သည်။

သို့သော် သူလှုပ်ရှားလိုက်သည့်အချိန်မှာပင် ချန်ဟောင်စုန့်နှင့် အခြားကောင်းကင်နယ်စားများ၏ မျက်နှာများမှာ အမူအရာ ပြောင်းလဲသွားကြတော့သည်။ သခင်မလေးဟုန်ချိန်၏မျက်လုံးများမှာ စူးရှတောက်ပလာပြီး နတ်အဆင့်ကျင့်ကြံသူသုံးယောက်စလုံးမှာ ရုတ်တရက်ဆိုသလို အရပ်မျက်နှာတစ်ခုထဲသို့ ကြည့်လိုက်ကြသည်။

ထိုအရာများကို ပိုင်ရှောင်ချန်းကသတိထားမိလိုက်၍ သူတို့ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်သောအခါ လေထုကြီးမှာ တွန့်လိမ်နေပြီး အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်မှာ အပြင်သို့ထွက်လာသည်ကို မြင်လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ချန်ဟောင်စုန့်မှာ မျက်လုံးပြူးသွားပြီး အခြားကောင်းကင်နယ်စားနှင့် သခင်မလေးဟုန်ချိန်တို့မှာလည်း ထိုနည်းတူပင်။

ကောင်းကင်မြို့စား ကိုးယောက်မှာမူ ကြောက်လန့်လွန်းလှသဖြင့် နှလုံးသားများတုန်ရီနေတော့သည်။

ပိုင်ရှောင်ချန်းမှာလည်း စိုးထိတ်လွန်းလှသဖြင့် ရင်ဘတ်ထဲမှ နှလုံးသား ပေါက်ထွက်လုမတတ် ရူးသွပ်နေရတော့သည်။ သူ၏နှလုံးသား ဆက်မခုန်တော့ပဲ ရပ်တန့်သွားမည်ကိုလည်း သူကတွေးပူနေရသေးသည်။

ထိုအချိန်တွင် မျက်နှာအသွင်အပြင်ပင် ခွဲခြား၍မရနိုင်သည့် ထိုအနက်ရောင် လူရိပ်ကြီးက တောက်ပနေသောမျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကိုကြည့်လိုက်လေသည်။

" မင်းက ပိုင်ဟောက်ပေါ့ "

ပိုင်ရှောင်ချန်း၏အမြင်တွင် ထိုလူကြီး၏စကားသံထဲမှ အေးစက်မှုများထဲတွင် သတ်ဖြတ်လိုစိတ်များပါ ရောယှက်နေသည်ဖြစ် ယုန်သူငယ်လေးတစ်ကောင်အလား ခံစားနေရတော့သည်။

" ကျွန်တော် ပိုင်ဟောက်မဟုတ်ပါဘူး "

All Chapters