← Chapters

ကျုပ်က စစ်ဆေးရေးအရာရှိလား

Vol. 8 Ch. 756

ကျုပ်က စစ်ဆေးရေးအရာရှိလား

Vol. 8 Ch. 756

ပိုင်ရှောင်ချန်း၏ အသံမှာတုန်ရီနေသည်။ ထိုစကားသံများထွက်လာပြီးနောက် သူသည် အမြီးတက်နင်းခံလိုက်ရသည့် ယုန်တစ်ကောင်အလား အဝေးသို့ ရုတ်တရက် ပြေးထွက်သွားတော့သည်။

သူ၏ အမြန်နှုန်းကြောင့် လူအားလုံးမှာ ဆွံ့အသွားရတော့သည်။ ဤအနက်ရောင်ဝတ်ရုံဆင်မြန်းထားသည့် တည်ကြည်လေးနက်သောလူကြီး၏ရှေ့တွင် ပိုင်ရှောင်ချန်းမှာ ထွက်ပြေးသွားလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

အနက်ရောင်ဝတ်ရုံနှင့် လူကြီးပင်လျှင် ဆွံ့အနေဟန်တူသည်။ သူသည် ပိုင်ရှောင်ချန်းကို ခြောက်လှန့်လိုသည့်စိတ်ဆန္ဒ အလျင်းမရှိပေ။ သူ၏နဂိုစကားပြောပုံကိုက တင်းမာကာ ကြောက်မက်ဖွယ်ကောင်းပြီး သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်သာဖြစ်သည်။ သူ၏စကားသံထဲမှ သတ်ဖြတ်လိုသည့်စိတ်ကြောင့် ပိုင်ရှောင်ချန်းမှာ ထိုပုံစံနှင့် ထွက်ပြေးသွားရသည်ဟုပင် သူကမထင်ထားမိပေ...

ပိုင်ရှောင်ချန်း အလောတကြီးထွက်ပြေးသွားသည်နှင့်တပြိုက်နက် ချန်ဟောင်စုန့်၏မျက်ဝန်းများမှာ အရောင်လက်သွားပြီး ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ လိုက်ဖမ်းရန် ပြင်လိုက်သည်။ သခင်မလေးဟုန်ချိန်၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရှေ့သို့ပြေးထွက်ကာ ချန်ဟောင်စုန့်၏ လမ်းကိုပိတ်လိုက်တော့သည်။

ကောင်းကင်မြို့စား ကိုးယောက်မှာလည်း လေပေါ်သို့ပျံတက်ကာ ကျယ်လောင်စွာ အော်ဟစ်နေကြတော့သည်။

" မင်းမလို့ ထွက်ပြေးရဲတယ် ပိုင်ဟောက် "

" မဟာကောင်းကင်သခင်သာ မင်းကိုသေစေချင်တယ်ဆိုရင် ဒီကောင်းကင်နဲ့ ကမ္ဘာမြေကြီးပေါ်မှာ မင်းအတွက်နေရာမရှိဘူးကွ "

သက်စောင့်အားများ စုပ်ယူခံထားရသည့် လက်ရွေးစင်များပင်လျှင် အလွန်စိတ်လှုပ်ရှားနေကြပြီး အားပါးတရ ရယ်မောနေကြတော့သည်။ ကျိုးဟုန်မှာလည်း ကောင်းကင်ကြီးတွင် မျက်လုံးများရှိသေးကြောင်း တွေးနေပြီး ထွက်ပြေးနေသည့်ပိုင်ရှောင်ချန်းအား ကျေနပ်မှုအပြည့်ဖြင့် ကြည့်နေတော့သည်။

" မင်းအသတ်ခံရတော့မှာ မြေကြီးလက်ခတ်မလွဲပဲ ပိုင်ဟောက်ရေ "

ထိုမြင်ကွင်းမှာ တဖြည်းဖြည်းရှုပ်ထွေးလာစဥ် အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ရုတ်တရက် လှစ်ခနဲလှုပ်ရှားလိုက်ပြီး လေကိုခွင်း၍ ချန်ဟောင်စုန့်ကိုကျော်ဖြတ်ကာ ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့်တွင် ပေါ်ထွက်လာတော့သည်။

" မင်းဘာလုပ်နေတာတုံး ပိုင်ဟောက် "

သူက ဒေါသထွက်နေသည့်လေသံဖြင့် မေးလိုက်သည်။

ပိုင်ရှောင်ချန်းမှာမူ ငိုမဲ့မဲ့ဖြစ်နေပြီဖြစ်သည်။ ယခုတွင် ထိုအနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူကသိသွားပြီဖြစ်သည်။

" သောက်ကျိုးနည်းကွာ။ ဘာလို့များ နတ်အဆင့်ကျင့်ကြံသူတွေ ဒီလောက်အများကြီး ချက်ချင်းရောက်လာရတာလဲ "

သူသည် အသက်အန္တရာယ်နှင့်ကြုံတွေ့နေရသည်ဟု ထင်မှတ်နေသဖြင့် သူ့မျက်ဝန်းများမှာ နီမြန်းနေပြီး အော်ဟစ်ကာ သူ၏အပြင်ခန္ဓာကိုယ်မှ အမြန်နှုန်းကိုအသုံးချ၍ အခြား အရပ်မျက်နှာတစ်ခုဆီသို့ ထွက်ပြေးသွားပြန်သည်။

ထိုအခါမှသာ ထိုအနတ်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ပိုင်ရှောင်ချန်းကို အသိစိတ်ပျောက်လုမတတ်ဖြစ်အောင် သူ ခြောက်လှန့်မိပြီဖြစ်ကြောင်း သိလိုက်တော့သည်။ ထို့ကြောင့် သူသည် ရယ်ရမလို ငိုရမလိုနှင့် ရောက်သည့်နေရာတွင် ရပ်ကာ အက်ကွဲသောလေသံနှင့် ကြေငြာလိုက်တော့သည်။

" မဟာကောင်းကင်သခင်ရဲ့ အမိန့်ကို ကြားနာစေ၊ ပိုင်ဟောက်ကို ဗဟိုဧကရာဇ်မြို့တော်ရဲ့ စစ်ဆေးရေးအရာရှိအဖြစ်ခန့်အပ်ပြီး တပ်သားတစ်ထောင်တိတိ ဦးဆောင်ခွင့်ပေးအပ်တော်မူသည် "

ယခုအကြိမ်မှာ သူ၏တစ်ဘဝလုံးတွင် အမြန်ဆုံးနှင့် အထိရောက်ဆုံးသောနည်းလမ်းဖြင့် ဓမ္မအမိန့်တော်တစ်ခုကို ကြေငြာလိုက်ခြင်းပင်ဖြစ်သည်။ သူသည် ပုံမှန်ဆိုလျှင် အချိန်ဆွဲကာ ကြောက်မက်ဖွယ်ပုံစံဖြင့် သူ၏စကားကိုကြားရသူတိုင်းအပေါ်ဖိအားများသက်ရောက်စေပြီးမှ ကြေငြာလေ့ရှိသူဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ခါးသက်သက်အပြုံးဖြင့် အတတ်နိုင်ဆုံး အလျှင်အမြန်သာ ကြေငြာလိုက်ရသည်ဖြစ်သည်။

ထိုအခါ အရာအားလုံး ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။ ပိုင်ရှောင်ချန်းကိုလိုက်ဖမ်းနေသည့် ကောင်းကင်မြို့စားများမှာ မျက်လုံးပြူးကာ နားကြားမှားနေသလားဟု မသေချာသည့် အမူအရာဖြင့် အနက်ရောင်ဝတ်ရုံနှင့်လူကြီးကို လှည့်ကြည့်လိုက်ကြသည်။

" စစ်ဆေးရေးအရာရှိ၊ ဟုတ်လား "

ချန်ဟောင်စုန့်မှာ သခင်မလေးဟုန်ချိန်၏ လမ်းပိတ်ခြင်းကို ခံထားရသော်လည်း ပိုင်ရှောင်ချန်းကို ဆက်၍လိုက်ဖမ်းရန် ပြင်နေချိန်တွင် ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ရပ်တန့်သွားပြီး လုံးဝမယုံကြည်နိုင်သည့် အမူအရာဖြင့် ထိုအနက်ရောင်ဝတ်ရုံနှင့်လူကြီးကို လှည့်ကြည့်လိုက်တော့သည်။ အခြား ကောင်းကင်နယ်စားကြီးမှာလည်း ထိုနည်းတူ ဆွံ့အသွားရသည်။

သခင်မလေးဟုန်ချိန်မှာလည်း အဓိပ္ပါယ်လုံးဝမရှိသည်ဟု ခံစားနေရပြီး မျက်လုံးများပြူးနေတော့သည်။ သူမမှာ မဟာကောင်းကင်သခင်သည် သရဲကြီးဘုရင်အား မျက်နှာမပျက်စေလိုသည့် စိတ်ဖြင့် ပိုင်ဟောက်ကို သရဲကြီးမြို့တော်သို့ ပြန်ပို့မည်ဟု ခန့်မှန်းထားခဲ့သည်။

သူ့အား စစ်ဆေးရေးအရာရှိအဖြစ် ရာထူးတိုးပေးလိမ့်မည်ဟု သူမ လုံးဝမတွေးထားမိပေ။

ဤမြို့၏ စစ်ဆေးရေးအရာရှိဆိုသော ရာထူးမှာ ပေါ့သေးသေးမဟုတ်ပေ။ သူသည် ဤမြို့ရှိ အရေးကြီးသောလူအားလုံးကို စစ်ဆေးနိုင်ခွင့်ရှိပြီး အင်မတန် တန်ခိုးအာဏာကြီးမားသွားမည်ဖြစ်သည်။ မဟာကောင်းကင်သခင် အချုပ်အခြာအာဏာ အပြည့်အဝ မရရှိခင်က လူတစ်ယောက်ကို ခန့်အပ်ခဲ့ဖူးပြီး ထိုလူက စစ်ဆေးရေးအရာရှိရာထူးတွင် နှစ်တစ်ရာတိတိ အမှုထမ်းသွားခဲ့သည်။ ထိုစစ်ဆေးရေးအရာရှိမှာ အကြောက်တရားဖြင့် လွှမ်းမိုးအုပ်ချုပ်ခဲ့ပြီး မဟာကောင်းကင်သခင်၏ နိုင်ငံရေးအတိုက်အခံများကို မရေမတွက်နိုင်လောက်အောင် သတ်ဖြတ်ခဲ့သည်။ သူသည် မှူးမျိုးမတ်နွယ်တိုင်း၏ နှလုံးသားများထဲသို့ အကြောက်တရားများကို ရိုက်သွင်းပေးခဲ့ပြီး ထိုအကြောက်တရားမှာ ယနေ့ထိအောင် ကျန်ရစ်နေဆဲ။

မဟာကောင်းကင်သခင်က အာဏာအပြည့်အဝ ရရှိပြီးနောက် ထိုစစ်ဆေးရေးအရာရှိကို ခုံရုံးမှ ဖယ်ရှားလိုက်ပြီး သူ၏ကိုယ်ပိုင် အဆင့်မြင့်အကြံပေးတစ်ယောက်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်ဖြစ်သည်။ ထိုလူမှာ... ဤအနက်ရောင်ဝတ်ရုံနှင့် လူကြီးပင်ဖြစ်သည်။

ထိုလူကြီး ထွက်သွားကတည်းက စစ်ဆေးရေးအရာရှိဆိုသည့်ရာထူးမှာ လစ်ဟင်းနေခဲ့သည်ဖြစ်သော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်းအား ထိုရာထူးအပ်နှင်းလိုက်ပြီဖြစ်သည်။

မျိုးနွယ်စုအမျိုးမျိုးမှ ရောက်လာကြသည့် စွမ်းအားကြီးကျင့်ကြံသူများနှင့် မြေပြင်ပေါ်တွင် ဖရိုဖရဲဖြစ်နေကြသည့် လက်ရွေးစင်များအားလုံးမှာ လုံးဝဆွံ့အနေကြပြီး သူတို့၏ အမူအရာများမှာ တစ်ခဏမျှ အသက်မဲ့သွားတော့သည်။ ထို့နောက် သူတို့မှာ အလန့်တကြား အော်ဟစ်ကုန်ကြတော့သည်။

" ဒါ၊ ဒါ... ဘယ်လိုတောင်ဖြစ်နိုင်ရတာလဲ "

" တပ်သားအယောက်တစ်ထောင်ကို ဦးဆောင်ခွင့်ရတဲ့... စစ်ဆေးရေးအရာရှိဆိုပါလား... "

ပိုင်ရှောင်ချန်းမှာ အမြန်ဆုံးနည်းဖြင့် ထွက်ပြေးနေဆဲဖြစ်သော်လည်း ထိုစကားသံများကိုကြားလိုက်ရသောအခါ သူသည်တဖြည်းဖြည်း အရှိန်လျော့ကာ ရပ်တန့်သွားပြီး အဆုံးတွင် မျက်လုံးများပြူးသွားတော့သည်။

" ဟင် "

သူသည် ဤအခြေအနေထဲမှ ဘေးမသီရန်မခ လွတ်မြောက်သွားရုံတင်မက ရာထူးပါတိုးသွားလိမ့်မည်ဟုသူက လုံးဝမတွေးထားမိပေ။

" အမ်... "

ယခုတွင် သူသည် နောက်သို့ပြန်မလှည့်ရသေးပဲ လက်ရှိဖြစ်ရပ်ကြီးကိုလည်း အပြည့်အဝ မယုံကြည်သေးပေ။ သို့သော် မည်သူကမှ သူ့ကိုဆက်၍လိုက်မဖမ်းတော့သည့်အတွက် သူသည် နောက်လှည့်ကာ ထိုအနက်ရောင်ဝတ်ရုံနှင့် လူကြီးကို ကြည့်လိုက်တော့သည်။

ထိုလူကြီးက သူ့ကိုစိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူသည်တစ်ခဏမျှ

တွေဝေသွားပြီး သူ့ကိုယ်သူလက်ညှိုးထိုးကာ မေးလိုက်တော့သည်။

" ကျွန်နော်က စစ်ဆေးရေးအရာရှိ ဟုတ်လား "

ထိုအနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ပိုင်ရှောင်ချန်းကြည့်ကာ မဟာကောင်းကင်သခင်၏ ဓမ္မအမိန့်တော် မှန်၊ မမှန်တွေးရင်း ခေါင်းခဲလာတော့သည်။ ဤကောင်လေးမှာ မှူးမျိုးမတ်နွယ်များ၏ နှလုံးသားများထဲသို့ အကြောက်တရားများရိုက်သွင်းရမည့် စစ်ဆေးရေးအရာရှိတစ်ယောက် အဘယ့်ကြောင့် ဖြစ်နိုင်ပါမည်နည်းဟု တွေးနေတော့သည်။

သို့သော်လည်း သူသည် မဟာကောင်းကင်သခင်ကို မဆန့်ကျင်ရဲသဖြင့် သက်ပြင်းသာချ၍ ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ရိုသေလေးစားမှုလုံးဝမပါသည့် လေသံဖြင့် ခတ်ပြတ်ပြတ်ပြောလိုက်လေသည်။

" မင်းက ပိုင်ဟောက်ဆိုရင် ဟုတ်တယ်။ ဒါပေမဲ့ မင်းဘာလို့ထွက်ပြေးနေရသလဲဆိုတာ ငါသိချင်တယ်။ ဘာလဲ အပြစ်တစ်ခုခုရှိသလို ခံစားနေရလို့လား "

ပိုင်ရှောင်ချန်းမှာမူ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်တော့သည်။ ယခုတွင်မူ သူသည် အခြေအနေများကို ရိပ်စားမိသွားပြီဖြစ်သော်လည်း အိပ်မက်တစ်ခုကဲ့သို့ ထင်နေဆဲ။ သူသည် လျင်မြန်စွာ အာရုံပြန်၍စုစည်းလိုက်တော့သည်။ ထို့နောက် အသက်ပြင်းပြင်းရှူကာ အင်္ကျီလက်ကိုခါယမ်း၍ မေးငေါ့ကာ ဝင့်ကြွားစွာ ဆိုလိုက်တော့သည်။

" ဟားဟားဟား၊ ကျုပ်.. အဟမ်း... ကျုပ်က မဟာကောင်းကင်သခင်အတွက် ဘယ်လောက်အရေးပါလဲဆိုတာ ကျုပ်သိပ်သိတာပေါ့။ စောစောက ကျုပ်ရဲ့လုပ်ရပ်က မဟာကောင်းကင်သခင်ရဲ့ ဓမ္မအမိန့်ကိုဖီဆန်ရဲပြီး ကျုပ်ကိုသတ်ဖို့ကြိုးစားမဲ့လူများ ဒီနေရာမှာများ ရှိနေမလားလို့ စမ်းသပ်ချင်လို့ လုပ်လိုက်တာ "

ယခုတွင်မူ မကြာသေးမီက အကြောက်တရားများ၏ အနည်းငယ်လေးမျှပင် ပိုင်ရှောင်ချန်းထံတွင် မတွေ့ရတော့ပေ။ သူသည် တရားမျှတမှုကို မြတ်နိုးသည့်ဟန်ပန်အပြည့်ရှိေနပြီး မားမားမတ်မတ်ရပ်ကာ ခက်ထန်ကြမ်းကြုတ်ဟန်များပင် ထင်ဟပ်နေတော့သည်။

" ဟမ့် စောစောက ဘယ်သူတွေ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ကျုပ်သေချာမှတ်မှိတယ်နော် "

ထိုသို့ဆိုကာ သူသည် လူအုပ်ကြီးကို ဖြည်းညင်းစွာဝေ့ကြည့်လိုက်တော့သည်။

ထို့နောက် သူသည် ကျိုးဟုန်နှင့် မြေပြင်ပေါ်ရှိအခြားလက်ရွေးစင်များကို လှမ်းကြည့်လိုက်တော့သည်။ ထို့နောက် တရားမျှတကာ ခက်ထန်သည့်အမူအရာဖြင့် ဟောက်လိုက်ပြန်သည်။

" မင်းတို့ကောင်တွေ စောစောက ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲ ဆိုတာကိုရော ငါမသိလိုက်ဘူး မှတ်မနေနဲ့ "

ထို့နောက် သူသည် သခင်မလေးဟုန်ချိန်ကိုကြည့်ကာ အရေးပါသောလူတစ်ယောက်ပုံစံဖမ်းလိုက်လေသည်။ သူသည်ထိုသို့ဟန်ဆောင်ရာတွင် အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။

“ ကျစ်မိုရေ။ မင်းကိုတော့ ဒီနေ့အတွက် ငါကျေးဇူးတင်ပါရစေ။ မင်းကို ငါ အထင်လွဲခဲ့မိတယ်။ မင်းက တကယ့်ကိုချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ "

သူသည် သခင်မလေးဟုန်ချိန်၏ လုပ်ရပ်ကို အမှန်တကယ် ကျေးဇူးတင်နေသည်။

ပိုင်ရှောင်ချန်းမှာ သူမအား ' ချစ်စရာကောင်းတဲ့ အမျိုးသမီး ' ဟုခေါ်လိုက်သောအခါ သခင်မလေးဟုန်ချိန်မှာ မျက်နှာပျက်သွားပြီး အံကြိတ်ကာ အေးစက်စက် နှာမှုတ်လိုက်တော့သည်။

ဤသို့ ရုတ်တရက်အပြောင်းအလဲများကြောင့် ချန်ဟောင်စုန့်မှာ အလွန်တရာ နေမထိထိုင်မသာ ဖြစ်သွားရတော့သည်။ ကောင်းကင်မြို့စား ကိုးယောက်မှာလည်း အလွန် စိုးထိတ်နေတော့သည်။ ကျိုးဟုန်နှင့် အခြားလက်ရွေးစင်များမှာမူ ပိုင်ရှောင်ချန်း၏ အရှက်မဲ့မှုများကို စိတ်ထဲတွင်ကျိန်ဆဲနေကြသည်။ သူသည် မကြာသေးမီကပင် သွေးပျက်နေသည့် ယုန်သူငယ်တစ်ကောင်အလား ပတ်ပြေးနေခဲ့သည်ဖြစ်ပြီး ယခု စစ်ဆေးရေးအရာရှိ ဖြစ်သွားသော အခါမှသာ တရားမျှတမှုကို ချစ်မြတ်နိုးသော လူတစ်ယောက်ပုံစံ ဖမ်းနေသည်။

ယခုအခါ အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ ပိုင်ရှောင်ချန်းကို အနည်းငယ်ပို၍ နားလည်သွားတော့သည်။ သူသည် အတန်ငယ်စိတ်ရှုပ်နေသေးပါသော်လည်း ပိုင်ရှောင်ချန်း၏ သြဝါဒကို လျစ်လျူရှုလိုက်ပြီး တည်ကြည်စွာ အမိန့်ပေးလိုက်လေသည်။

" ကောင်းပြီ။ မဟာကောင်းကင်သခင်ကိုသွားတွေ့ဖို့ ငါနဲ့လိုက်ခဲ့ "

ထို့နောက် သူသည် မြို့နယ်အမှတ်ရှစ်ဆယ့်ကိုးတွင် အချိန်အနည်းငယ်မျှပင် ထပ်၍မနေချင်တော့သည့်အလား နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ ယနေ့၏ အလွဲလွဲအချော်များမှာ အလွန်ရယ်စရာကောင်းနေပြီဖြစ်သည်။

ယခုတွင် အခြေအနေမှာ ကပြောင်းကပြန်ဖြစ်သွားပြီဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်အေးသွားတော့သည်။ သူ၏နောက်သို့ လိုက်ဖမ်းနေသော နတ်အဆင့်ကျင့်ကြံသူများကြောင့် ပျာယာခတ်နေစရာ အကြောင်းမရှိတော့ပေ။

" ငါ စစ်ဆေးရေးအရာရှိ တစ်ယောက်ဖြစ်သွားတာ မယုံနိုင်သေးဘူး "

သူကတွေးနေသည်။ သူ၏ သွေးကြောကြီးများမှာ ထောင်နေပါသော်လည်း စိတ်ထဲတွင်မူ သူသည် ခုန်ပေါက်လုမတတ်ဖြစ်နေရသည်။ သူ၏ဝမ်းဗိုက်ပင် တဂွီဂွီဖြစ်နေသည်။ သို့သော် သူသည်နောက်သို့လှည့်၍ အနက်ရောင်ဝတ်ရုံနှင့်လူကြီးနောက်သို့ ဟိတ်ဟန်ထုတ်ကာလိုက်သွားပြီး တော်ဝင်နန်းတော်ဆီသို့ ပျံသန်းသွားတော့သည်။

မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည့်လူများအနက် မိန်းမောတွေဝေနေကြသူများလဲရှိသလို စိတ်ဓာတ်ကျနေသည့်သူများလည်း ရှိနေသည်။ ထို့နောက် အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူတို့၏ လက်ရွေးစင်များကို မျိုးနွယ်စုများထံသို့ ပြန်ခေါ်သွားတော့သည်။ အဆုံးတွင် မြို့နယ်အမှတ်ရှစ်ဆယ့်ကိုးမှာ ပြန်လည်တိတ်ဆိတ်သွားတော့သည်။

ကျိုးဟုန်မှာ အခြားလူများ၏ အကူအညီရယူကာ ထွက်ခွာသွားပြီး သူသည်အားနည်းနေပါသော်လည်း သောကကင်းဝေးကိုးသွယ်မြို့သို့ ချက်ချင်းပြန်သွားတော့သည်။ သူသည် ဗဟိုဧကရာဇ်မြို့တော်တွင် ဆက်နေရန် ဆန္ဒမရှိတော့ပေ။ ထို့အပြင် သူသည် ပိုင်ဟောက်ကိုမသတ်နိုင်ခဲ့ရုံသာမက ပိုင်ဟောက်မှာ စစ်ဆေးရေးအရာရှိအဖြစ် ရာထူးတိုးသွားသည့်အချက်ကြောင့် ကြောက်လန့်နေရတော့သည်။

All Chapters