အခန်း (၉၆၃-၉၆၄)
Vol. 97 Ch. 963-964
အခန်း (၉၆၃) မပြန်လမ်းမြို့တော်
ချီကျန့်ဟာ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ့ဆီက ထွက်ပေါ်နေတဲ့ အငွေ့အသက်တွေကြောင့် အနီးနားက ဝိညာဉ်တွေဟာ ကြောက်လန့်တကြားနဲ့ မကပ်ရဲကြပါဘူး။
သူနဲ့အတူပါလာတဲ့ ကျင့်ကြံသူ စုစုပေါင်း (၁၀) ယောက်ရှိပြီး ပေါင်းစပ်ခြင်းအဆင့် နှစ်ယောက်အပြင် ကျန်တဲ့သူတွေကတော့ ဝိညာဥ်ခွဲဖြာခြင်းအဆင့် တွေချည်းပါပဲ။
နယ်စားမင်း တစ်ယောက်အနေနဲ့ ဒီလို အခြွေအရံမျိုး ရှိတာဟာ ပုံမှန်ပါပဲ။
"ဟင်..."
ချင်ဖုန်း မောင်နှမနှစ်ယောက်ဟာ အရင်က ဝေထိုင် မှာ ချီကျန့်ကို မြင်ဖူးတာကြောင့် အခု ချီကျန့်တို့အဖွဲ့ကို မြင်လိုက်ရတဲ့အခါ ချက်ချင်း မှတ်မိသွားကြပါတယ်။
ဝိညာဥ်လောကသွားခြင်းမှာ ချန်းတောက်နယ်စားမင်းနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားတာကြောင့် သူတို့မျက်လုံးထဲမှာ အံ့သြရိပ်တွေ ဖြတ်ပြေးသွားပါတယ်။
"အစ်ကို... အစ်ကို အရင်က ပြောဖူးတယ်လေ ငရဲပြည်မှာ နိုင်ဟယ်တံတား ရှိတယ် အဲဒီကို ဖြတ်ရင် မုန့်ဖော်စွပ်ပြုတ် သောက်ရတယ် သောက်ပြီးရင် အရင်ဘဝက မှတ်ဉာဏ်တွေ အကုန်မေ့သွားတယ်ဆို"
ဖန့်ကျစ်ရွှယ်က ဘာမှမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေတဲ့ ဝမ်ချွမ်းမြစ်ကို ကြည့်ရင်း စပ်စုမေးမြန်းလိုက်ပါတယ်။
"ကျုပ်တို့ အခုလည်း နိုင်ဟယ်တံတားကို ဖြတ်ရမှာလား ဝိညာဥ်လောကသွားတဲ့သူတွေက မုန့်ဖော်စွပ်ပြုတ် သောက်စရာမလိုဘူးမလား"
"နိုင်ဟယ် တံတား..."
ဖန့်ချန်က ပြုံးပြီး ခေါင်းခါပြတယ်
"မင်း အခုလောလောဆယ်တော့ နိုင်ဟယ်တံတားနဲ့ ဆုံဦးမှာ မဟုတ်ပါဘူး"
သူ့မှာ ငရဲမင်းစစ်ဝတ်တန်ဆာ ရှိနေပြီဆိုတော့ နိုင်ဟယ် တံတားကို ဆင့်ခေါ်နိုင်တဲ့ အာဏာရှိပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာက နိုက်ဟော်တံတားဟာ ဒီငရဲငယ်လေး ရဲ့ သီးသန့်ပိုင်ဆိုင်မှု မဟုတ်ပါဘူး။
အခုလက်ရှိ ယင်လောကအငယ်ထဲက ဌာနတွေလို အရင်က ယင်လောကအကြီး ကို အတုယူထားတာမျိုး မဟုတ်ပါဘူး။
နိုင်ဟယ်တံတားဟာ တကယ့် သံသရာဌာန ထဲက အရေးအကြီးဆုံး ဂိတ်တစ်ခုပါ။
သံသရာမှန် ပျောက်ဆုံးသွားတဲ့အတွက် သံသရာဌာနကို ပြန်လည် မတည်ဆောက်နိုင်တော့သလို၊ နိုင်ဟယ် တံတားဟာလည်း အရင်ကလို အသုံးမဝင်တော့ပါဘူး။
"အရင်ဆုံးက မရဏလမ်း ပြီးတော့ အခုရှေ့က မြစ်ကြီး... ဒါက ဒဏ္ဍာရီထဲက ဝမ်ချွမ်းမြစ် ပဲ ဖြစ်ရမယ်"
လီတောက်ယဲ့က ရှေ့က မြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေတုန်းမှာပဲ မြူထူတွေကြားထဲကနေ လှေငယ်လေးတွေ အများကြီး ထွက်လာတာကို မြင်လိုက်ရတော့ သူ တုန်လှုပ်သွားပြီး
"ဘိုးဘေး ကျုပ်တို့ကို လာကြိုတဲ့ ဝိညာဉ်ခေါ်သူ တွေလား"
ဖန့်ချန်က ပြုံးပြီး သူတို့ကို အောက်ဆင်းသူ ဆိုတာ ဘာလဲဆိုတာကို ရှင်းပြလိုက်တဲ့အခါမှ အားလုံး သဘောပေါက်သွားကြပါတယ်။
တကယ်ပဲ လှေပိုင်ရှင်တွေက နာမည်တွေကို အော်ခေါ်နေကြပြီး ကမ်းပေါ်က ဝိညာဉ်တွေကလည်း ပြန်ထူးကာ လှေပေါ်တက်ပြီး ထွက်သွားကြတာကို သူတို့ မြင်လိုက်ရပါတယ်။
အဲဒီအချိန်မှာပဲ လှေအကြီးစား တစ်စင်း ရောက်လာပြီး ချီကျန့်တို့ ရှေ့မှာ ရပ်လိုက်ပါတယ်။
လှေပေါ်က လူက ချီကျန့်နဲ့ ပြုံးပြုံးရွှင်ရွှင် စကားပြောနေပါတယ်။
ချီကျန့်က လှေပေါ်တက်ဖို့ လုပ်နေတုန်းမှာပဲ ဘေးကလူက တိုးတိုးလေး တစ်ခုခု ပြောလိုက်တာကြောင့် သူ လှည့်ကြည့်လိုက်တဲ့အခါ ဖန့်ချန်တို့အဖွဲ့ကို တွေ့သွားပါတယ်။
ခြေတစ်ဖက်က လှေပေါ် ရောက်နေပြီဖြစ်ပေမဲ့ သူက ပြန်ဆုတ်လိုက်ပြီး ချက်ချင်းပဲ ဖော်ရွေတဲ့ အပြုံးကြီးနဲ့ ဖန့်ချန်တို့ဆီ လျှောက်လာကာ လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်
"ဖန့်ဓားဦးဆောင် ဒီနေရာမှာ မင်းနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားဘူး ငါတို့ကြားမှာ ရေစက်က အတော်ကြီးတာပဲ"
"နယ်စားမင်း ချီ ပါလား"
ဖန့်ချန်က အံ့သြသွားတဲ့ဟန်နဲ့ လက်အုပ်ချီ ဂါရဝပြုလိုက်တယ်
"နယ်စားမင်းကလည်း ယင်လောကသွားဖို့ လာတာလား"
နယ်စားမင်း
လီတောက်ယဲ့တို့လည်း မျက်နှာပျက်သွားပြီး အနည်းငယ် လေးနက်သွားကြပါတယ်။
ချန်းတောက်နယ်မြေရဲ့ နယ်စားမင်းက မျိုးရိုးက ချီ ဖြစ်နေတော့ အခုရှေ့က လူဟာ နယ်စားမင်း ချီကျန့်ဆိုတာ သေချာသွားပါပြီ။
ပထမဆုံးအကြိမ် ယင်လောကသွားတဲ့ ခရီးမှာ ဒီလို အကြီးအကဲမျိုးနဲ့ ဆုံရလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး။
ချီကျန့်ရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး ဟားဟားတိုက် ရယ်လိုက်တယ်
"ဟုတ်ပါတယ်၊ နဝမမင်းသား က အရင်တုန်းက ရှေးဟောင်းတာအိုပညာတွေကို လေ့လာရင်း ဝိညာဥ်လောကသွားနည်းကို ရှာတွေ့ခဲ့တာလေ ဒါပေမဲ့ ကြားခံပစ္စည်း အနည်းငယ် လိုနေတာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ မကြာခင်က တစ်ယောက်ယောက်က ဝိညာဉ်ခေါ်မီးအိမ် လာရောင်းနေတာနဲ့ ငါလည်း နည်းနည်းဝယ်ပြီး စမ်းပြီး သွားကြည့်နေတာပါ"
သူ့ရဲ့ စကားတွေက အပေါက်အလမ်းတည့်လှပါတယ်။
သူ့ရဲ့ ဝိညာဥ်လောကသွားနည်းဟာ တောရိုင်း ကနေ ဆင်းသက်လာတာ မဟုတ်ဘဲ နဝမမင်းသား ကျီးလျန် ဆီက ရတာလို့ ဖန့်ချန်ကို သွယ်ဝိုက်ပြီး ပြောလိုက်တာပါ။
"ဪ... ဒါကြောင့်ကိုး နဝမမင်းသားက တာအိုဂိုဏ်းတွေအပေါ် တကယ်ကို စိတ်ဝင်တစားရှိတာပဲ နောက်မှ အခွင့်ရရင် သူနဲ့ သေချာ ဆွေးနွေးကြည့်ချင်ပါသေးတယ်"
ဖန့်ချန်က ပြောလိုက်ပါတယ်။
ချီကျန့်က စပ်စုလိုက်တယ်
"ဖန့်ဓားဦးဆောင်က ဒီတစ်ခေါက် ပထမဆုံးအကြိမ် လာတာလား ဘာလို့ လာကြိုတဲ့သူ မရှိတာလဲ"
"ကျုပ်လည်း ဝိညာဉ်ခေါ်မီးအိမ်တွေ စုဖို့ အချိန်နည်းနည်း ပေးလိုက်ရတယ်လေ တပည့်တွေကို ဗဟုသုတရအောင် ခေါ်လာတာပါ ဒီနေ့ ဝမ်ချွမ်းမြစ်ကို မဖြတ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး ဒီကနေပဲ ကြည့်လိုက်မယ်လေ"
ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။
အဲဒီတော့မှ ချီကျန့်က ရယ်မောရင်း
"ဒီထိ ရောက်လာမှတော့ ဝမ်ချွမ်းမြစ်ကို မဖြတ်ရင် ဝိညာဉ်ခေါ်မီးအိမ်တွေ နှမြောစရာကြီး ဖန့်ဓားဦးဆောင် စိတ်မပူပါနဲ့ ငါက မပြန်လမ်းမြို့တော် က မိတ်ဆွေအချို့နဲ့ ရင်းနှီးပါတယ် အခုလည်း သူတို့က ငါ့ကို လာကြိုတာပါ ငါ သူတို့ကို ပြောပေးမယ် ယင်သက်တမ်းဒင်္ဂါး နည်းနည်းပေးလိုက်ရင် အားလုံးကို တစ်ခါတည်း လမ်းကြုံ ခေါ်သွားလို့ ရပါတယ်"
အားလုံး စိတ်လှုပ်ရှားသွားကြပါတယ်။
ကြည့်ရတာ ဒီချန်းတောက်နယ်စားမင်းက အတော်လေး စိတ်ကောင်းရှိတဲ့ လူတစ်ယောက်ပဲလို့ ထင်မိကြပါတယ်။
ဖန့်ချန်ကလည်း ဝမ်းသာအားရနဲ့
"အဲဒါဆိုရင်တော့ သိပ်ကောင်းတာပဲ၊ နယ်စားမင်းကို အားနာလိုက်တာ"
"အားနာစရာ မလိုပါဘူး၊ ဖန့်ဓားဦးဆောင်နဲ့ လူတိုင်း ငါ့နောက်ကို လိုက်ခဲ့ကြပါ"
ချီကျန့်က လူတိုင်းကို လှေဆီ ခေါ်သွားပါတယ်။
သူ ကျောခိုင်းလိုက်တဲ့ ခဏမှာတော့ သူ့မျက်လုံးထဲမှာ အေးစက်တဲ့ လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားပါတယ်။
"မိတ်ဆွေချီ... ဒီလူတွေက မင်းရဲ့ မျိုးဆက်တွေလား"
ချီကျန့်ကို လာကြိုတဲ့ ဝိညာဉ်က ဖန့်ချန်တို့ကို မြင်တော့ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
"မပြန်လမ်းမြို့တော်...ညလှည့်ကင်းစစ်သူကြီး "
ဖန့်ချန်က တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ခန္ဓာကိုယ်ထဲက ညလှည့်ကင်းစစ်သူကြီး ရဲ့ စစ်ဝတ်တန်ဆာကို မြင်လိုက်ရပါတယ်။
"မိတ်ဆွေဝမ်... ဒါက လူ့ပြည်က ဓားဂိုဏ်းက ဖန့်ဓားဦးဆောင်ပဲ သူ့ရဲ့ ဓားပညာက အတော်လေး ထူးချွန်တယ်"
ချီကျန့်က မိတ်ဆက်ပေးလိုက်ပါတယ်။
ဓားကျင့်ကြံသူလား
ဝမ်ရွှမ်ချင်း က အသာအယာ ခေါင်းညိတ်ပြပါတယ်။
သူ့မျက်လုံးထဲမှာတော့ အထင်သေးတဲ့ အရိပ်အယောင်လေး ရှိနေပေမဲ့ သူက လက်တစ်ချက် ဝှေ့လိုက်တဲ့အခါ ဝမ်ချွမ်းမြစ်ပေါ်မှာ လှေငယ်တွေ အများကြီး ပိုထွက်လာပါတယ်။
ဖန့်ကျစ်ရွှယ်တို့ကတော့ အတော်လေး စပ်စုနေကြပြီး တိုးတိုးလေး မေးမြန်းကြပါတယ်။
ဒီလှေတွေဟာ ယင်သက်တမ်းတွေနဲ့ ဖန်တီးထားတာလို့ သိလိုက်ရတော့ သူတို့ အတော်လေး အံ့သြသွားကြပါတယ်။
သူတို့ မလာခင်ကတည်းက ငရဲပြည်က ယင်သက်တမ်းဟာ လူ့ပြည်က ဝိညာဉ်ကျောက်တုံးတွေလိုပဲ တန်ဖိုးအရှိဆုံးအရာလို့ ကြားဖူးထားကြတာပါ။
အခု ရောက်လာတဲ့သူက ဒီလောက် ရက်ရက်ရောရော လုပ်ပေးတာကို မြင်တော့ ချီကျန့်ရဲ့ ငရဲပြည်က မျက်နှာပွင့်မှုကို အတော်လေး အထင်ကြီးသွားကြပါတယ်။
"မင်းတို့ဘာသာ လှေလှော်ကြ၊ ငါတို့နောက်ကို သေချာ လိုက်ခဲ့ရုံပဲ"
ဝမ်ရွှမ်ချင်းက ပြောလိုက်ပါတယ်။
ဝမ်ချွမ်းမြစ်ပေါ်မှာ လှေက ဝေးသွားလေ၊ ကမ်းပေါ်က ဝိညာဉ်တွေက မှေးမှိန်သွားလေပါပဲ။
တစ်ယောက်က ရုတ်တရက် မေးလိုက်တယ်
"အကယ်၍ ဒီဝိညာဉ်တွေကို လာကြိုမယ့်သူ မရှိရင် သူတို့ ဘာဖြစ်သွားမလဲ"
မနီးမဝေးက ချီကျန့်က ကြားတော့ ပြုံးပြီး
"ညီငယ်လေး... လှေမရှိရင် ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ် တစ်ခုက မရဏလမ်းအတိုင်း ပြန်လှည့်သွားဖို့ နောက်တစ်ခုက ဝမ်ချွမ်းမြစ်ထဲ ဆင်းဖို့ပဲ"
"ပထမတစ်ခုကတော့ ငရဲပြည်ကနေ ထွက်သွားပြီးရင် မရဏလမ်းရဲ့ အပေါက်ကို ပြန်ရှာဖို့ ခက်သွားပြီ၊ အဲဒီအခါ လူ့ပြည်မှာ လေလွင့်နေတဲ့ သရဲတစ္ဆေတွေ ဖြစ်သွားပြီး ယင်သက်တမ်းကုန်ရင် သေသွားကြမှာပဲ"
"ဒုတိယတစ်ခုကတော့... နေ့တိုင်း ပူလောင်တဲ့ ဒုက္ခတွေကို ခံစားနေရပေမဲ့ မျှော်လင့်ချက် တစ်ခုတော့ ရှိသေးတယ် အဲဒါက မိမိကို တမ်းတတဲ့သူက ယင်သက်တမ်းနဲ့ လာကြိုမှာကို စောင့်နေလို့ ရတယ်လေ"
လီတောက်ယဲ့က စပ်စုပြန်တယ်
"ကျုပ် လူ့ပြည်ကိုလည်း မပြန်ဘူး မြစ်ထဲလည်း မဆင်းဘူး ကမ်းဘေးမှာပဲ စောင့်နေရင်ရော"
"အဲဒါဆိုရင်လည်း ယင်သက်တမ်း ကုန်သွားရင် သေသွားမှာပဲ အဲဒီအခါကျရင် ပြန်လည်မွေးဖွားခွင့် တောင် မရှိတော့ဘူး"
ချီကျန့်က ရယ်ပြီး ပြောပါတယ်။
သူပြောရင်းနဲ့ ဝမ်ချွမ်းမြစ်ရဲ့ မျက်နှာပြင်ကို ကြည့်ကာ စိတ်ထဲမှာ အကြံတစ်ခု ပေါ်လာပေမဲ့ အဲဒီအကြံကို ချက်ချင်း ပြန်နှိမ်လိုက်ပြီး ဖန့်ချန်ကို တစ်ချက် ပြုံးကြည့်ကာ ဘာမှ ထပ်မပြောတော့ပါဘူး။
ဝမ်ရွှမ်ချင်းက သူ့ရဲ့ အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တော့ ယင်ချီ တွေက လှေကို ဖုံးလွှမ်းသွားပါတယ်။
ပြီးတော့မှ သူက ချီကျန့်ကို လှမ်းပြောတယ်
"ကြည့်ရတာ မင်းတို့ ဒီအရိုင်းအစိုင်းနယ်မြေက ဝိညာဥ်လောကသွားနည်းကို ပြန်ရနေပြီပဲ အခု ကျင့်ကြံသူတွေ ပိုပြီး လာနေကြပြီဆိုတော့ ဒါဟာ မင်းအတွက် အခွင့်အရေးကောင်း တစ်ခုပဲ"
"မင်းက လူ့ပြည်မှာလည်း အဆင့်အတန်း မြင့်တာပဲ၊ ဒီလို ဝိညာဥ်လောကသွားတဲ့သူတွေကို မင်းရဲ့ လက်အောက်ခံအဖြစ် သိမ်းသွင်းလိုက်လေနောက်ပိုင်း သူတို့ ရသမျှ ယင်သက်တမ်းဒင်္ဂါးတွေကို မင်းကို အခွန်အဖြစ် ပေးခိုင်းရမယ်"
"အဲဒီ ယင်သက်တမ်းဒင်္ဂါးတွေရှိရင် မပြန်လမ်းမြို့တော် က လစ်လပ်နေတဲ့ နေ့လှည့်ကင်းစစ်သူကြီး ရာထူးကို မင်း ဝင်ပြိုင်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်"
ချီကျန့်က နေ့လှည့်ကင်းစစ်သူကြီး ရာထူးကို ဝင်ပြိုင်ချင်နေတာလား
ဝမ်ရွှမ်ချင်း ဖန်တီးထားတဲ့ ယင်ချီအတားအဆီးဟာ ဖန့်ချန်ကိုတော့ မတားနိုင်ပါဘူး။
သူ ဒါကို ကြားလိုက်ရတဲ့အခါ ဟက်ဟက်ပတ်ပတ်ကို ရယ်ချင်သွားပါတယ်။
ချီကျန့်နဲ့ ဒီညလှည့်ကင်းစစ်သူကြီးရဲ့ ဆက်ဆံရေးက အပေါ်ယံ မိတ်ဆွေလောက် မဟုတ်တော့ပါဘူး။
ချီကျန့်က သွေးဝိညာဉ်ဂိုဏ်း ရဲ့ ဝိညာဥ်အရှင်ဆိုရင် ဒီတစ်ယောက်ကကော ဘာလဲ
ဒီတစ်ခေါက်မှာ ငရဲပြည် အရာရှိလောကထဲမှာ ပုန်းအောင်းနေတဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ နယ်ရုပ်တွေကို ရှင်းထုတ်ပစ်ဖို့ အခွင့်အရေး ရပြီလို့ ဖန့်ချန် ခံစားလိုက်ရပါတယ်။
အခန်း (၉၆၄) ရုပ်ဆိုးသော မျက်နှာပေါ်လာခြင်း
လူတိုင်းဟာ ဝမ်ရွှမ်ချင်း ရှိရာ မပြန်လမ်းမြို့တော်ဆီကို အမြန်ရောက်လာကြပါတယ်။
ဖန့်ကျစ်ရွှယ်နဲ့ လီတောက်ယဲ့တို့ဟာ ဒီမြို့ကြီးရဲ့ ခမ်းနားထည်ဝါမှုကို မြင်ပြီး မှင်တက်သွားကြပါတယ်။
ဘယ်ညာအဆုံးမရှိ ရှည်လျားလှတဲ့ မြို့ရိုးကြီးတွေနဲ့ အနိမ့်အမြင့်ကို ခန့်မှန်းလို့မရတဲ့ ထုထည်ကြီးဟာ ဒီကျယ်ပြောလှတဲ့ ဟောင်ဖန် နယ်မြေကြီးထဲမှာ ဝပ်စံနေတဲ့ ရှေးဟောင်းသားရဲကြီးတစ်ကောင်လိုပါပဲ။
"ဖန့်ဓားဦးဆောင်... မင်းသိလား ကျုပ်တို့ ကျုံးကျိုးမှာ အနည်းဆုံး နယ်မြေ (၁၃) ခုက လူတွေ သေရင် ဒီမပြန်လမ်းမြို့တော်ကို လာကြရတာ။"
ချီကျန့်က သက်ပြင်းချရင်း ပြောတယ်
"ကျုပ် ပထမဆုံးအကြိမ် ယင်လောကသွားတုန်းကလည်း ဒါကိုမြင်ပြီး အတော်လေး အံ့သြခဲ့ရတာ စဉ်းစားကြည့်လေ၊ နယ်မြေ (၁၃) ခုမှာ သက်ရှိတွေ ဘယ်လောက်တောင် များမလဲ"
"မရဏလမ်းကို ရှာတွေ့နိုင်တဲ့သူက နည်းပါးလှပါတယ်ဆိုရင်တောင် ဒီမပြန်လမ်းမြို့တော်မှာ နှစ်ပေါင်းများစွာအတွင်း စုမိနေတဲ့ ဝိညာဉ်တွေက မရေမတွက်နိုင်အောင်ပဲ။"
"ဝိညာဉ်တွေမှာသာ ယင်သက်တမ်း လုံလုံလောက်လောက် ရှိရင် သာမန်လူတွေထက်တောင် ပိုပြီး အသက်ရှည်ရှည် နေနိုင်ကြတယ် အချို့ဆိုရင် ခင်ဗျားတို့လို ကျင့်ကြံသူတွေရဲ့ သက်တမ်းထက်တောင် အများကြီး ပိုရှည်သေးတယ် နှစ်တွေ ကြာလာလေ၊ မပြန်လမ်းမြို့တော်ထဲက ဝိညာဉ်တွေကလည်း တစ်နေ့တခြား တိုးပွားလာလေပဲ"
ဝမ်ရွှမ်ချင်းက အေးအေးဆေးဆေး ပြောတယ်
"ဒါပေမဲ့လေ... ဒီမှာ နေထိုင်စားသောက်ဖို့အတွက်လည်း ယင်သက်တမ်းတွေ ကုန်ဆုံးရတာပဲ အကယ်၍ သင့်တော်တဲ့ ယင်သက်တမ်းဒင်္ဂါးကို မရှာနိုင်ဘူးဆိုရင်တော့ ဒီမှာ ရေရှည်ရှင်သန်ဖို့က မလွယ်ကူတဲ့ ကိစ္စပဲ။"
"သေပြီးသားလူတွေကလည်း စားရဦးမှာလား"
လီတောက်ယဲ့က မျက်နှာပျက်ပျက်နဲ့ မေးတယ်
"ဘာတွေ စားတာလဲ အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေလား"
ဝမ်ရွှမ်ချင်းက သူ့ကို တစ်ချက်စောင်းကြည့်လိုက်ပေမဲ့ ဘာမှ ပြန်မပြောပါဘူး။
လီတောက်ယဲ့ရဲ့ အဆင့်က သူ့ကို မေးခွန်းမေးဖို့ မတန်ဘူးလို့ ယူဆပုံရပါတယ်။
အဲဒါကို မြင်တော့ ချီကျန့်က ရယ်ပြီး
"ညီငယ်လေး... မင်းပြောတာ တစ်ဝက်မှန်ပါတယ် ဒါပေမဲ့ ငရဲပြည်မှာ စားစရာတွေက အဲဒီထက်မက အများကြီး ရှိသေးတယ် လူက မစားရင် ဗိုက်ဆာသလိုပဲ"
"ဝိညာဉ်တွေက မစားရရင် ထုံထိုင်းသွားတတ်ပြီး လူ့ပြည်က ကိစ္စတွေကို တဖြည်းဖြည်း မေ့သွားတတ်တယ် နောက်ဆုံး ကိုယ်က ဘယ်သူလဲဆိုတာတောင် မမှတ်မိတော့ဘဲ ဝိညာဉ်လွင့်သလို ဖြစ်သွားတာပေါ့"
"လူ့ပြည်မှာ သရဲ တွေက လူတွေကို ဒုက္ခပေးတယ်ဆိုတဲ့ ကောလာဟလတွေ ရှိတယ်မလား... အကယ်၍ လေလွင့်နေတဲ့ သရဲတစ္ဆေတွေက စားစရာ မရဘူးဆိုရင် သူတို့က သရဲတွေ ဖြစ်သွားပြီး လူသားဆန်မှုတွေ ပျောက်ကွယ်သွားတတ်တာပဲ"
အားလုံး သဘောပေါက်သွားကြပါတယ်။
လီတောက်ယဲ့က ပြုံးပြီး လက်အုပ်ချီလိုက်တယ်
"နယ်စားမင်း ချီ က ငရဲပြည်အကြောင်းကို တကယ် နှံ့နှံ့စပ်စပ် သိတာပဲ ကျုပ် လေးစားမိပါတယ်"
"မင်းလည်း အခါများများ လာရင် သိလာမှာပါ ခဏနေရင် ငါ့မိတ်ဆွေအချို့နဲ့ မိတ်ဆက်ပေးမယ်၊ နောက်တစ်ခါ မင်းတို့ ယင်လောကသွားရင် သူတို့က အလိုလို သိပြီး လာကြိုပေးကြလိမ့်မယ်"
ချီကျန့်က ပြုံးပြီး ပြောပါတယ်။
စကားပြောရင်းနဲ့ လူစုဟာ ကြီးကျယ်ခမ်းနားတဲ့ အိမ်တော်ကြီးတစ်ခုရှေ့ ရောက်လာကြပါတယ်။
အိမ်တော်တံခါးဝမှာ စက္ကူရုပ် အစေခံနှစ်ယောက် ရပ်နေပြီး ချီကျန့်ကို မြင်တာနဲ့ ရှေ့ထွက်လာပြီး ဂါရဝပြုကြတယ်
"သခင်ကြီး"
"အိမ်ထိန်းကို သွားပြောလိုက် ငါ ဒီနေ့ ဧည့်သည်တွေ ကျွေးမွေးစရာ ရှိတယ်လို့စားကောင်းသောက်ဖွယ်တွေ အများကြီး ပြင်ခိုင်းလိုက်"
ချီကျန့်က အမိန့်ပေးလိုက်ပြီး ဝမ်ရွှမ်ချင်းကို တစ်ချက်ကြည့်ကာ
"မိတ်ဆွေဝမ်... ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေ အားရင်လည်း ခေါ်ခဲ့ပါဦး ဒီမှာ ထိုင်ကြတာပေါ့"
ဝမ်ရွှမ်ချင်းက ခေါင်းညိတ်ပြပြီး ဘေးကလူကို တစ်ချက် ကြည့်လိုက်ပါတယ်။
ဟိုဘက်က လူကလည်း ချက်ချင်း သဘောပေါက်ပြီး လှည့်ထွက်သွားပါတော့တယ်။
လီတောက်ယဲ့တို့ဟာ ချီကျန့်က ငရဲပြည်မှာ ဒီလောက်အထိ ခမ်းနားတဲ့ အိမ်တော်ကြီးကို ပိုင်ဆိုင်ထားတာကို တွေ့ပြီး အံ့သြမဆုံး ဖြစ်နေကြပါတယ်။
အံ့သြရုံတင်မကဘဲ အားလည်း ကျမိကြပါတယ်။
အိမ်တော်ထဲမှာတော့ စက္ကူရုပ်အစေခံတွေအပြင် ဝိညာဉ်အစေခံအချို့လည်း ရှိနေပါတယ်။
သူတို့ဟာ ရိုရိုသေသေနဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့ ပြင်ဆင်နေကြပြီး အမှားအယွင်း မရှိအောင် ဂရုစိုက်နေကြပါတယ်။
"အဖေ... အိမ်ကို ဧည့်သည်တွေ ရောက်နေတယ်ဆို"
လူငယ်တစ်ယောက်က ဝိညာဉ်အစေခံအချို့ကို ခေါ်ပြီး ခန်းမထဲ ဝင်လာပါတယ်။
သူက လီတောက်ယဲ့နဲ့ ဖန့်ကျစ်ရွှယ်တို့ကို မြင်တော့ စိတ်ထဲကနေ အံ့သြသွားတယ်၊ ယင်လောကသွားသူတွေက တကယ်ကို များလာတာပဲ၊ တစ်ခါတည်းနဲ့ (၁၀၀) ကျော်တောင် ပါလာတာကိုး။
"ရန်အာ လာတာ အတော်ပဲ ဖန့်ဓားဦးဆောင်ကိုလည်း မင်း မစိမ်းဘူးမလား"
ချီကျန့်က ပြုံးပြီး ချီရန် ကို ဖန့်ချန်ရှေ့ ခေါ်လာပါတယ်။
ဖန့်ဓားဦးဆောင်
ချီရန်ရဲ့ မျက်နှာပျက်သွားပြီး ဖန့်ချန်ကို စက္ကန့်အနည်းငယ် သေချာ စိုက်ကြည့်နေပါတယ်။
သူ့ဆီက ယင်ချီတွေဟာ ဒေါသထွက်နေသလိုမျိုး တလိပ်လိပ် တက်လာပါတော့တယ်။
"ခင်ဗျားကိုး... ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"
ချီရန်က ခနဲ့တဲ့တဲ့ ရယ်လိုက်ပါတယ်။
"ဪ... ကိုယ်တော်ချော ချီရန် ပါလား"
ဖန့်ချန်က ပြုံးပြီး ပြောတယ်
"နောက်ဆုံးတွေ့ခဲ့တာ အတော်လေး ကြာသွားပြီပဲ"
"ရန်အာ အရင်တုန်းက ဖန့်ဓားဦးဆောင်က မင်းကို သတ်ခဲ့တာ မှန်ပေမဲ့ ကိစ္စတွေက ကြာခဲ့ပြီပဲ မင်းလည်း ဒါတွေကို လွှတ်ချသင့်ပါပြီ"
ချီကျန့်က သက်ပြင်းချရင်း ပြောပါတယ်။
လူတိုင်း မှင်တက်သွားကြပြီး ကိစ္စက တစ်ခုခု မှားနေပြီဆိုတာကို ခံစားလိုက်ရပါတယ်။
"အစ်ကို... ဒီလူကို အစ်ကို သတ်ခဲ့တာလား"
ဖန့်ကျစ်ရွှယ်က မျက်နှာပျက်ပျက်နဲ့ ဖန့်ချန်ရဲ့ အင်္ကျီလက်ကို ဆွဲပြီး မေးပါတယ်။
အကယ်၍ ဒီလူကို သူမအစ်ကိုက သတ်ခဲ့တာဆိုရင်၊ သူမအစ်ကိုက ဘာလို့ တစ်လမ်းလုံး ချီကျန့်နဲ့ ပြုံးပြုံးရွှင်ရွှင် စကားပြောလာတာလဲ ပြီးတော့ ချီကျန့်ကလည်း ဖန့်ချန်အပေါ် သားသတ်တဲ့ ရန်ငြိုး ရှိနေတဲ့ ပုံစံမျိုး လုံးဝ မပြခဲ့ဘူးလေ...
"ဖန့်ဓားဦးဆောင်... ငါ့အဖေက ဒီအခေါက်တွေမှာ ခင်ဗျားအကြောင်းတွေ ပြောပြလို့သာ ခင်ဗျားက ကျုံးကျိုးမှာ နာမည်ကြီးနေတာကို သိတာ"
"ရှူးရှန်းဓားဂိုဏ်း အတွက် ဓားစိန်ခေါ်ပွဲလမ်းစဉ်ကို သွားခဲ့တယ်ဆို ပေတု နဲ့ တိထျန်း က ဓားဂိုဏ်းတွေ အကုန်လုံး ခင်ဗျားလက်ထဲမှာ ရှုံးကုန်ကြတာလား ဟဲဟဲ... တကယ်ကို တော်တာပဲ"
ချီရန်က မဲ့ပြုံး ပြုံးရင်း ပြောတယ်
"ငါ ငါ့အဖေ မျက်နှာကို ထောက်ပြီး ခင်ဗျားနဲ့ ငါ့ကြားက ရန်ငြိုးကို လွှတ်ချပေးလို့ ရတယ် ဒါပေမဲ့ ငါ ရသင့်ရထိုက်တာတွေကိုတော့ ပြန်ပေးဖို့ မျှော်လင့်တယ်"
"အဲဒီတုန်းက နတ်ဘုရားဂူသင်္ချိုင်း ပွင့်တုန်းက အထဲက ကံအကျိုးပေးတွေက ငါ ရရမှာ ဒါပေမဲ့ ခင်ဗျားက အတင်းလုယူသွားတဲ့အပြင် ငါ့ကို မရဏလမ်းကိုပါ ပို့လိုက်သေးတယ် အခု ငါက အဲဒါတွေကို ပြန်တောင်းတာပဲ၊ မလွန်ဘူးမလား "
"မင်း ပြောတာ မှားနေပြီ ကံအကျိုးပေး ဆိုတာ ကိုယ့်ရဲ့ စွမ်းအားနဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တာပါ "
ဖန့်ချန်က ပြုံးပြီး ခေါင်းခါလိုက်ကာ ချီကျန့်ကို ကြည့်လိုက်တယ်
"နယ်စားမင်း ချီ ရော... ကျုပ်ပြောတာ ယုတ္တိရှိတယ်လို့ မထင်ဘူးလား "
"မင်း လူ့ပြည်မှာ ရှိနေတုန်းကဆိုရင်တော့ ဒါက ယုတ္တိရှိပါတယ် "
ချီကျန့်က ရယ်မောရင်း
"ဝမ်ကျိလုံ က မင်းကို အုပ်မိုးပေးထားတယ် ပြီးတော့ တောရိုင်း က ပုဂ္ဂိုလ်ကလည်း မင်းကို စောင့်ကြည့်နေတယ် ကျုပ်လို တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူက မင်းကို ယုတ္တိလာပြဖို့ ဆိုတာ နတ်ဘုရားဘုံ တက်ရသလို ခက်ခဲပါလိမ့်မယ်"
"ဒါပေမဲ့ ဖန့်ဓားဦးဆောင် မမေ့ပါနဲ့ဦး ဒီနေရာက ငရဲပြည်ရဲ့ မပြန်လမ်းမြို့တော် တကယ်လို့ ယင်သက်တမ်းဒင်္ဂါး မရှိရင် ကျုပ်က ခင်ဗျားကို လွှတ်ပေးလိုက်ရင်တောင် ဖန့်ဓားဦးဆောင် မပြန်လမ်းမြို့တော်ကနေ ထွက်သွားနိုင်ပါ့မလား"
လူတိုင်းရဲ့ မျက်နှာတွေ လေးနက်သွားပါပြီ။
သူတို့ ထောင်ချောက်ထဲ ကျနေပြီဆိုတာ သိလိုက်ရပါပြီ။
ချီကျန့်က သက်ပြင်းချဟန်နဲ့
"ဝမ်ချွမ်းမြစ်ကို မဖြတ်ခင်တုန်းကတော့ မင်းတို့မှာ မရဏလမ်းအတိုင်း ပြန်လှည့်ဖို့ အခွင့်အရေး ရှိပါသေးတယ် ဒါပေမဲ့ ဖန့်ဓားဦးဆောင်က ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်လွန်းသွားတယ် ငါ့သားကို သတ်ခဲ့ပြီး ဘာမှ ပေးဆပ်စရာ မလိုဘူးလို့ တကယ်ပဲ ထင်နေတာလား"
"လူ့ပြည်မှာဆိုရင်တော့ ငါ မင်းကို နည်းနည်း တွန့်ဆုတ်မိဦးမယ် ဒါပေမဲ့ ဒီငရဲပြည်မှာတော့ မင်းတို့ကို တိတ်တဆိတ် ရှင်းပစ်ဖို့ဆိုတာ မခက်ခဲပါဘူး အခု အိမ်တော်အပြင်ဘက်မှာ ညကင်းလှည့်စစ်သူကြီးက စစ်သည်တွေနဲ့ ဝိုင်းထားပြီးပြီယင်ကောင်တစ်ကောင်တောင်..."
သူက ဖန့်ချန်ကို ပြုံးပြီး လက်ညှိုးထိုးပြတယ်
"ဒီနေရာကနေ ပျံထွက်သွားလို့ မရဘူး မင်း ဆိုရင်တော့ ပိုတောင် မလွယ်သေးပေါ့"
ချီရန်ကတော့ ဝင့်ကြွားတဲ့ မျက်နှာပေးနဲ့ ရှိနေပါတယ်။
"ယင်လောကသွားသူတွေဟာ မြို့ထဲမှာ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်ခွင့် မရှိဘူး ငရဲပြည် အရာရှိတွေကလည်း ယင်လောကသွားသူတွေကြားက ကိစ္စမှာ ဝင်မပါရဘူးဆိုတဲ့ စည်းကမ်း ရှိတယ်မလား "
ဖန့်ချန်က ပြောတယ်
"နယ်စားမင်း ချီ က စည်းကမ်းနှစ်ခုလုံးကို ဖောက်ဖျက်ဖို့ လုပ်နေတာပဲ ဒါကိုသာ လူတွေ သိသွားရင် မကောင်းဘူး ထင်တယ်နော်"
"ဖန့်ဓားဦးဆောင် သိလား... ကောင်းကင်က ဝေးပြီး ဧကရာဇ်ကလည်း အဝေးကြီးမှာ ဆိုတာကို စည်းကမ်းဆိုတာ အသေပါ လူကတော့ အရှင်ပဲလေ"
ချီကျန့်က လှည့်ပြီး ဂိုဏ်းချုပ်နေရာမှာ ထိုင်လိုက်ကာ အစေခံပေးတဲ့ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်တယ်
"ဖန့်ဓားဦးဆောင်မှာ အခု ရွေးချယ်စရာ တစ်ခုပဲ ရှိတယ် မင်းရဲ့ အမွေအနှစ်တွေကို ရိုရိုသေသေ အပ်လိုက်ပါ ဒါဆိုရင် ညှဉ်းပန်းနှိပ်စက်တာ ခံစရာမလိုဘဲ အေးအေးဆေးဆေး ထွက်သွားခွင့် ပေးမယ်"
"ထွက်သွားရမယ် လူ့ပြည်ကိုလား"
ချီကျန့်က ရယ်ပြီး ခေါင်းခါပြတယ်
"လူ့ပြည်ကိုတော့ ပြန်လွှတ်မှာ မဟုတ်ဘူး မင်း လူ့ပြည် ပြန်ရောက်လို့ ဓားဂိုဏ်း ဒါမှမဟုတ် တောရိုင်း ကို သွားတိုင်ရင် ကျုပ်လို တာအိုပေါင်းစပ်ခြင်းအဆင့်က ဘယ်လို ခံနိုင်ပါ့မလဲ ခင်ဗျားကို အေးအေးဆေးဆေးပဲ ဝိညာဉ်ချုပ်ငြိမ်း စေမှာပါ"
လူတိုင်း မျက်နှာတွေ လေးနက်ကုန်ပြီး ပတ်ဝန်းကျင်ကို သတိနဲ့ ကြည့်နေကြပါတယ်။
ချန်းတောက်နယ်စားမင်းက ငရဲပြည်မှာ သူတို့ရဲ့ ဘိုးဘေးကို တကယ်ပဲ အစွယ်ထုတ်ပြလိုက်ပါပြီ။
သူတို့ ဘိုးဘေးကို ဝိညာဉ်အကြွင်းအကျန်တောင် မကျန်အောင် ဖျက်ဆီးပစ်ချင်နေတာပါ။
ဒါဟာ ခုနက ပြခဲ့တဲ့ စိတ်ကောင်းရှိတဲ့ ပုံစံနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။
"တကယ်ကို မြေခွေးအိုကြီးပဲ"
လီတောက်ယဲ့က မသိစိတ်ကနေ နဖူးက ချွေးတွေကို သုတ်လိုက်ပါတယ်။
ချွေးတော့ မထွက်ဘဲ တလိပ်လိပ် တက်နေတဲ့ ယင်ချီတွေကိုပဲ ထိမိသွားပါတယ်။ ပြီးတော့မှ တိုးတိုးလေး ပြောတယ်
"သခင်လေး... သူ့ကို သတ်ပစ်ဖို့ တစ်ခုခု ထုတ်သုံးလိုက်တော့လေ "