← Chapters

အခန်း (၉၆၇-၉၆၈)

Vol. 97 Ch. 967-968

အခန်း (၉၆၇-၉၆၈)

Vol. 97 Ch. 967-968

​အခန်း (၉၆၇) သူ့နာမည်ကလည်း ဖန့်ချန်တဲ့

​ချီကျန့်ရဲ့ တိုက်တွန်းမှုကြောင့် ကျယ်ဝန်းတဲ့ ခန်းမထဲမှာ ဆယ်ဝိုင်းမကတဲ့ စားပွဲတွေ ချက်ချင်း ခင်းကျင်းလိုက်ပြီး လက်ရာမြောက်တဲ့ ဟင်းပွဲတွေ တစ်ပွဲပြီးတစ်ပွဲ တည်ခင်းလာပါတယ်။

​လီတောက်ယဲ့ကတော့ ယဉ်ကျေးမှုတွေကို ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း တူကို ကိုင်ပြီး စားလိုက်ပါတယ်။

ဒါပေမဲ့ စားပြီးတာနဲ့ သူဟာ အတော်ကြာအောင် မျက်မှောင်ကြုတ်နေမိပါတယ်။

​ချီရန်က ရယ်ပြီး

"ဘာလို့ မစားတော့တာလဲ"

​လီတောက်ယဲ့က တူကို ပစ်ချလိုက်တယ်

"ဝါးရတာ ဖယောင်းတိုင် ဝါးနေရသလိုပဲ ခင်ဗျားတို့က တစ်ဖက်မှာတော့ ကျုပ်တို့ကို သိက္ခာရှိရှိ နှုတ်ဆက်မယ် ပြောပြီး၊ တစ်ဖက်မှာတော့ ဒီလောက်အထိ ကပ်စေးနှဲပြနေတာ သိပ်တော့ မကောင်းဘူး ထင်တယ်နော် "

​လူတိုင်းက သိချင်စိတ်နဲ့ မြည်းစမ်းကြည့်ကြရာမှာတော့ ချက်ချင်းပဲ တူတွေကို ပစ်ချလိုက်ကြပါတယ်။

ပါးစပ်ထဲ ဖယောင်းတိုင်ခဲ ထည့်ဝါးနေရတာနဲ့ ဘာထူးမှာလဲ

​ဒါပေမဲ့ ဒီဟင်းပွဲတွေက ကြည့်လိုက်ရင်တော့ အရောင်အဆင်း၊ အနံ့၊ အရသာ အကုန်စုံလင်နေပုံ ပေါက်နေတာပါ။

ပါးစပ်ထဲရောက်မှ ဘာလို့ ဒီလို အရသာ ဖြစ်သွားရတာလဲ

​အချို့က စားပွဲပေါ်က အရက်နဲ့ လက်ဖက်ရည်ကို မြည်းကြည့်တဲ့အခါမှာတော့ ကျေနပ်တဲ့ အရိပ်အယောင် ပြကြပါတယ်။

အရက်နဲ့ လက်ဖက်ရည်ကတော့ မဆိုးပါဘူး။

​"ဖယောင်းတိုင် ဝါးနေရသလို ဟုတ်လား"

​ချီရန်က ရယ်ပြီး ခေါင်းညိတ်ပြတယ်

"မင်းပြောတာ မှန်ပါတယ် ငရဲပြည်က စားစရာတွေက ဒီလိုပဲ၊ ဒါပေမဲ့ မစားလို့လည်း မရဘူး မစားရင် မှတ်ဉာဏ်တွေ ပျောက်ဆုံးပြီး အရူးဖြစ်သွားလိမ့်မယ်"

​"ငါ သေခဲ့တာ ဒီလောက်နှစ်တွေ ကြာခဲ့ပြီ၊ ဒီလို အရာတွေကိုပဲ စားလာခဲ့ရတာ မင်းတို့က တစ်လုပ်လောက် စားပြီးတာနဲ့ မခံနိုင်တော့ဘူးလား"

​"မှတ်ထားဦး မင်းတို့ရှေ့က ဒီဟင်းပွဲတွေဟာ သာမန်လေလွင့်ဝိညာဉ်တွေဆိုရင် စားချင်လွန်းလို့ တောင့်တနေရပေမဲ့ ပိုက်ဆံမရှိလို့ မစားနိုင်ကြတဲ့ အရာတွေကွ "

​ချီကျန့်က ပြုံးပြီး ဖန့်ချန်ကို ကြည့်လိုက်တယ်

"ငါ့သားက ဒီနှစ်တွေမှာ အတော်လေး ဒုက္ခခံခဲ့ရတော့ စကားပြောတာ နည်းနည်း ပြတ်သားသွားတယ် ဒါပေမဲ့ ဒါဟာ သူ့ရဲ့ စိတ်ရင်းအမှန်ပဲ ဖန့်ဓားဦးဆောင် စိတ်ထဲမထားပါနဲ့ "

​"ကျုပ်က ဘာလို့ စိတ်ထဲထားရမှာလဲ နှစ်ပေါင်းများစွာ ဝိညာဉ်စာကို စားလာရတာ ကျုပ်မှ မဟုတ်တာ "

​ဖန့်ချန်က လက်ခါပြလိုက်ပါတယ်။

​ချီကျန့်ရဲ့ မျက်နှာပေါ်က အပြုံးတွေ ချက်ချင်း တောင့်တင်းသွားပါတယ်။

​ချီရန်ကလည်း ဖန့်ချန်ကို လှည့်ကြည့်လိုက်မိပါတယ်။

ဒီလို အခြေအနေမျိုးမှာတောင် တစ်ဖက်လူက လှောင်ပြောင်ဖို့ စိတ်ကူးရှိနေသေးတာကို သူ မမျှော်လင့်ထားပါဘူး။

​"ဖန့်ဓားဦးဆောင်...မင်းရဲ့ တပည့်တွေက ယင်စစ်သည်ဌာနနဲ့ မြို့တော်ဝန်အိမ်တော်ကို သွားတိုင်ကြတယ် မဟုတ်လား ဘာလို့ အခုထိ ပြန်မလာကြသေးတာလဲ"

​ချီကျန့်က ရုတ်တရက် မေးလိုက်တယ်

"မင်း သွားကြည့်ချင်လား တစ်ခုခု ဖြစ်သွားမှာ စိုးလို့လေ"

​"မလိုပါဘူး သူတို့က ကလေးတွေမှ မဟုတ်တာ အမှုသွားတိုင်ရုံနဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူး"

​ဖန့်ချန်က ခေါင်းခါပြပါတယ်။

​ဝမ်ရွှမ်ချင်းက ဖန့်ချန်ကို မဲ့ပြုံးနဲ့ ကြည့်နေတယ်

"ငါ မင်းကို ခုနကတည်းက စောင့်ကြည့်နေတာ မင်း တကယ်ပဲ လုံးဝ မကြောက်ဘူးပဲ ဘာကြောင့်လဲဆိုတာ ငါ့ကို ပြောပြနိုင်မလား မင်းက သေမှာကို မကြောက်ဘူး ဆိုရင်တောင် သေတာထက် ပိုကြောက်စရာကောင်းတဲ့ အရာတွေကိုရော မကြောက်ဘူးလား"

​လီတောက်ယဲ့က စိတ်လှုပ်ရှားသွားပြီး ဖန့်ကျစ်ရွှယ်နဲ့ အကြည့်ချင်း ဖလှယ်လိုက်ပါတယ်။

ဖန့်ချန်ကို သူတို့ သိသလောက်ဆိုရင်၊ ဝမ်ရွှမ်ချင်း သတိပေးလိုက်တာကို ကြည့်ခြင်းအားဖြင့်...

​ဖန့်ချန်ရဲ့ ဖဲချပ်က အမှုသွားတိုင်တာ တစ်ခုတည်း မဟုတ်ဘဲ အခြားတစ်ခုခု ရှိနေဦးမယ်လို့ သူတို့ ခံစားမိနေပါတယ်။

​"ငရဲပြည်မှာလည်း ဥပဒေရှိဦးမယ်လို့ ကျုပ် ယုံကြည်နေတုန်းပဲ မင်းတို့ကို စိတ်ထင်သလို လုပ်ခွင့်ပေးထားမှာ မဟုတ်ပါဘူး"

​ဖန့်ချန်က ပြောလိုက်ပါတယ်။

​"ဒါပဲလား"

​ဝမ်ရွှမ်ချင်းက ရယ်မောလိုက်တယ်

"မင်းက သိပ်ကို နုနယ်လွန်းတာပဲ ယင်စစ်သည်ဌာနနဲ့ မြို့တော်ဝန်အိမ်တော်ကသာ တစ်ခုခု လုပ်မယ်ဆိုရင် ဒီကို ရောက်နေတာ ကြာပြီ"

"ငါက ကြွားပြောနေတာ မဟုတ်ဘူး ဒီကိစ္စမှာ ငါ ဝမ်ရွှမ်ချင်း ပါဝင်နေသမျှ ယင်စစ်သည်ဌာနက ဌာနချုပ်နတ်ဘုရား ဖြစ်ဖြစ် မြို့တော်ဝန်အိမ်တော်က မြို့တော်ဝန်ဖြစ်ဖြစ် ဝင်ပါမှာ မဟုတ်ဘူး သူတို့က ငါ့ကို မကြောက်ရင်တောင် ရှန့်ကျန်းမှာရှိတဲ့ ငါ့ရဲ့ နောက်ခံကိုတော့ ကြောက်ရလိမ့်မယ်"

​"မင်းမှာ ရှန့်ကျန်းမှာ နောက်ခံ ရှိတာလား "

​ဖန့်ချန်ရဲ့ မျက်နှာပေးက အနည်းငယ် ပြောင်းလဲသွားပါတယ်။

​ချီကျန့်နဲ့ ဝမ်ရွှမ်ချင်းတို့ဟာ ဖန့်ချန်ရဲ့ မျက်နှာပျက်သွားတာကို မြင်လိုက်ရတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြပါတယ်။

သူတို့ရဲ့ ကြွားဝါချင်စိတ်က ပိုပြီး ပြင်းထန်လာပါတယ်။

​"ကျုပ် သိသလောက်ဆိုရင်တော့... ရှန့်ကျန်း ယင်စစ်သည်ဌာနရဲ့ ဌာနအရှင် ယိုဖန် နဲ့ ညလှည့်ကင်းအရှင် ကျင်ရွှေ တို့ဟာ အစွမ်းထက်ပြီး ငရဲပြည်အနှံ့က ယင်စစ်သည်ဌာနတွေကို အုပ်ချုပ်နေတာပဲ မင်းပြောတဲ့ နောက်ခံဆိုတာ အဲဒီနှစ်ယောက်ထဲက တစ်ယောက်လား"

​ဖန့်ချန်က မေးလိုက်ပါတယ်။

​"မင်း ဒါတွေတောင် သိတာလား မဆိုးဘူးပဲ"

​ချီရန်က မနေနိုင်ဘဲ လှောင်ရယ်လိုက်ပါတယ်။

​ဝမ်ရွှမ်ချင်းရဲ့ မျက်နှာပေါ်မှာလည်း ဂုဏ်ယူတဲ့ အပြုံးတစ်ခု ပေါ်လာတယ်

"မင်း သိတာ မနည်းဘူးပဲ တကယ်ပဲ ပထမဆုံးအကြိမ် လာတာ မဟုတ်ဘူးပေါ့ ရှန့်ကျန်းကိုရော ရောက်ဖူးလား"

​"တစ်ခေါက်တော့ ရောက်ဖူးပါတယ်"

​ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြပါတယ်။

​ဝမ်ရွှမ်ချင်းဟာ ဖန့်ချန် တကယ်ပဲ ရှန့်ကျန်းကို ရောက်ဖူးမယ်လို့ မထင်ထားပါဘူး။

ဒါပေမဲ့ သူ့အတွက်တော့ ရှန့်ကျန်းကို တစ်ခေါက် ရောက်ဖူးရုံနဲ့တင် တောသရဲကနေ နတ်သရဲ ဖြစ်သွားမှာ မဟုတ်ပါဘူး။

​"ကြည့်ရတာ မင်းမှာလည်း အရာရှိပိုင်းနဲ့ ပတ်သက်မှု ရှိပုံရတယ် ဒါကြောင့်လည်း မင်းရဲ့ ကျင့်ကြံခြင်းနဲ့ ရှန့်ကျန်းလို နေရာမျိုးကို ရောက်နိုင်တာပေါ့ မင်းနောက်ကွယ်က ပတ်သက်မှုက ဘယ်သူလဲ"

​ဝမ်ရွှမ်ချင်းက ရယ်မောပြီး မေးလိုက်ပါတယ်။

​"နှင်းရွက်မြို့ ရဲ့ နေ့လှည့်ကင်းစစ်သူကြီး လီပါ့တောင်း ပါ"

​ဖန့်ချန်က ပြုံးပြီး

"ခင်ဗျား ကြားဖူးလား"

​နေ့လှည့်ကင်းစစ်သူကြီး တစ်ယောက်ပဲလား

​ဝမ်ရွှမ်ချင်းနဲ့ ချီကျန့်တို့ဟာ စိတ်အေးသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပါတယ်။

​ရုတ်တရက်၊ လူတစ်ယောက် ခန်းမထဲကို အစီရင်ခံဖို့ ဝင်လာတုန်းမှာပဲ၊ လူအုပ်ကြီးတစ်စုဟာ တန်းစီပြီး ဝင်လာပါတော့တယ်။

​ဝမ်ရွှမ်ချင်းတို့ နှစ်ယောက်ဟာ လာတဲ့သူတွေကို မြင်တော့ မှင်တက်သွားပါတယ်။

ဝမ်ရွှမ်ချင်းက ထရပ်ပြီး လက်အုပ်ချီကာ ပြုံးလိုက်တယ်

​"မြို့တော်ဝန် ဝေ့ ဒီနေ့ စိတ်ဝင်စားဖို့ ကောင်းနေတာပဲ"

​လာတဲ့သူကတော့ မပြန်လမ်းမြို့တော်ဝန် ဝေ့ယွမ် ပါပဲ။

​လီတောက်ယဲ့တို့ဟာ ဝေ့ယွမ်ရဲ့ နောက်မှာ အစိမ်းလေး ပါလာတာကို မြင်တော့ စိတ်သက်သာရာ ရသွားကြပါတယ်။

​သိသာပါတယ်၊ အမှုသွားတိုင်တာ အလုပ်ဖြစ်သွားပါပြီ။

​ဝမ်ရွှမ်ချင်းဟာ အပေါ်ယံမှာ ပြုံးနေပေမဲ့၊ မျက်ဝန်းထဲမှာတော့ သံသယတွေ လျှံတက်နေပါတယ်။

​ဒီဝေ့ယွမ်က ဒီကိစ္စမှာ သူ ပါဝင်နေမှန်း သိသိကြီးနဲ့ ဘာလို့ လူတွေ ခေါ်လာရတာလဲ

​ချီကျန့်ကလည်း ဝမ်ရွှမ်ချင်းကို မကြာခဏ လှမ်းကြည့်ပြီး အခြေအနေကို အကဲခတ်နေပါတယ်။

​"ဝမ်အရာရှိ... ထမင်းစားတော့မလို့လား"

​ဝေ့ယွမ်က ပြုံးပြီး နှုတ်ဆက်လိုက်ပေမဲ့၊ သူ့ရဲ့ အကြည့်တွေကတော့ အစိမ်းလေးပြောတဲ့ ဆရာဆိုတာကို ရှာဖွေဖို့ လူအုပ်ထဲမှာ ဝေ့ဝဲနေပါတယ်။

​"ဟုတ်ပါတယ် မြို့တော်ဝန် ဝေ့လည်း ရောက်လာမှတော့၊ အတူတူ ထိုင်စားပါဦး "

​ဝမ်ရွှမ်ချင်းက သူ့လက်အောက်ငယ်သားတွေကို ဝေ့ယွမ်အတွက် နေရာပြင်ခိုင်းလိုက်ပါတယ်။

​ဒါပေမဲ့ ဝေ့ယွမ်က လက်ခါပြလိုက်တယ်

"ဒါတွေ မပင်ပန်းပါနဲ့တော့ ဒီနေ့ တစ်ယောက်က မြို့တော်ဝန်အိမ်တော်ကို လာတိုင်တယ် ဝမ်အရာရှိနဲ့ မိတ်ဆွေချီတို့ ပူးပေါင်းပြီး သူမရဲ့ ဆရာကို လုပ်ကြံဖို့ ကြံစည်နေတယ်ဆိုပဲ တကယ်ပဲလား"

​"တကယ်လို့ အဲဒါ အမှန်ဆိုရင်တော့ ကျုပ် ခင်ဗျားတို့ နှစ်ယောက်ကို အကြံပေးချင်ပါတယ် ငရဲပြည်မှာ ငရဲပြည်ရဲ့ စည်းကမ်းရှိတယ် စိတ်ထင်သလို လုပ်လို့မရဘူးနော် ဒါတွေသာ ရှန့်ကျန်းအထိ ပေါက်ကြားသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်"

​သူက ရှန့်ကျန်း ဆိုတဲ့ စကားလုံးကို လေသံမြှင့်ပြီး ပြောလိုက်ပါတယ်။

​ဝမ်ရွှမ်ချင်းက ဒါကို သတိမထားမိဘဲ မျက်နှာ အနည်းငယ် ညိုသွားကာ

"မြို့တော်ဝန် ဝေ့... ဒါက ဘာသဘောလဲ"

​"ဘာသဘောမှ မဟုတ်ပါဘူး၊ သတိပေးရုံတင်ပါ"

​ဝေ့ယွမ်က မျက်လုံးကို အသာလေး မှေးလိုက်ပါတယ်။

​ဝမ်ရွှမ်ချင်း စကားပြောဖို့ ပြင်တုန်းမှာပဲ၊ နောက်ထပ် လူအုပ်ကြီးတစ်စု ဝင်လာပြန်ပါတယ်။m

ဒီတစ်ခါ ဦးဆောင်လာသူကတော့ ယင်စစ်သည်ဌာနရဲ့ ဌာနချုပ်နတ်ဘုရား လီတိုက်ဟဲ ပါပဲ။

​ဝမ်ရွှမ်ချင်းရဲ့ မျက်နှာက တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး နောက်ဆုံးမှာတော့ အေးစက်စက်နဲ့

"လီအရာရှိလည်း ရောက်လာတာလား တိုက်ဆိုင်လိုက်တာ၊ မြို့တော်ဝန် ဝေ့လည်း ဒီမှာ ရှိနေတယ်"

​"မြို့တော်ဝန် ဝေ့လည်း ရောက်နေတာလား မနှုတ်ဆက်မိတာ ခွင့်လွှတ်ပါဗျာ "

​လီတိုက်ဟဲက လက်အုပ်ချီ နှုတ်ဆက်ပြီး ဝမ်ရွှမ်ချင်းကို ကြည့်လိုက်တယ်

"ဝမ်အရာရှိ... ဒီနေ့ တစ်ယောက်က ကျုပ်ရဲ့ ယင်စစ်သည်ဌာနကို လာတိုင်တယ် အဲဒါက..."

​ဝမ်ရွှမ်ချင်းက သူ့ရဲ့ သိက္ခာကို အပုတ်ခံရသလို ခံစားလိုက်ရပြီး လီတိုက်ဟဲရဲ့ စကားကို လက်ကာပြပြီး ဖြတ်ပြောလိုက်တယ်

​"ကျုပ် ဝမ်ရွှမ်ချင်းရဲ့ ကိစ္စမှာ ခင်ဗျားတို့ နှစ်ယောက် ဝင်မပါတာ အကောင်းဆုံးပဲ မဟုတ်ရင် လူပုံအလယ်မှာ မျက်နှာပျက်စရာတွေ ဖြစ်ကုန်လိမ့်မယ်"

​လီတိုက်ဟဲရဲ့ မျက်နှာမှာ ခါးသက်သက် အပြုံးတစ်ခု ပေါ်လာတယ်

"ဝမ်အရာရှိ... ခင်ဗျား တစ်ခုခု မှားနေပြီထင်တယ်ကျုပ် ပြောတာကို အရင်..."

​"မပြောနဲ့တော့ ကျုပ် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရှန့်ကျန်းကို တစ်ခေါက် သွားခဲ့သေးတယ် ညလှည့်ကင်းအရှင် ကျင်ရွှေ က ကျုပ်ရဲ့ လက်ဆောင်ပစ္စည်းတွေအပေါ် အတော်လေး ကျေနပ်နေတာ"

"ဒါတင်မကဘူး ဌာနအရှင် ယိုဖန် ကလည်း ကျုပ်ကို ကိုယ်တိုင် တွေ့ခဲ့သေးတယ် ကျုပ်သာ အချိန်မလုရရင် အသစ်ခန့်လိုက်တဲ့ နေ့လှည့်ကင်းအရှင် ဖန့်ချန် ကိုတောင် ကျုပ် တွေ့ဖြစ်မှာ သေချာတယ် "

​ဝမ်ရွှမ်ချင်းက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ဒီစကားတစ်ခွန်းနဲ့တင် သူဟာ သူ့ရဲ့ နောက်ခံကို အပြတ်အသတ် ထုတ်ပြလိုက်တာပါ။

သူ့အထင်မှာတော့ ဒီလူနှစ်ယောက်ကသာ ဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင် မျက်နှာချင်းဆိုင် တိုက်ပွဲဖြစ်မှာဖြစ်ပြီး ဘယ်သူမှ ကောင်းကျိုး ခံစားရမှာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။

​ချီကျန့်က ရုတ်တရက် မှင်တက်သွားပြီး ဝမ်ရွှမ်ချင်းရဲ့ အင်္ကျီလက်ကို အသာလေး ဆွဲလိုက်တယ်

"ခင်ဗျား ခုနက ပြောတာ... နေ့လှည့်ကင်းအရှင် ဖန့်ချန် လို့ ပြောလိုက်တာလား "

​"ဟုတ်ပါတယ် မိတ်ဆွေချီသာ မပြန်လမ်းမြို့တော်ရဲ့ ညလှည့်ကင်းစစ်သူကြီး ရာထူးကို လိုချင်တယ်ဆိုရင်၊ နောင်ကျရင် ဒီဖန့်အရာရှိနဲ့ တွေ့ဖို့က ရှောင်လွှဲလို့ မရပါဘူး အေးဆေးပေါ့ "

​ဝမ်ရွှမ်ချင်းက အေးအေးဆေးဆေး ပြန်ပြောပါတယ်။

​ချီကျန့်ဟာ ချက်ချင်း ငြိမ်သက်သွားပြီး အက်ကွဲကွဲ အသံနဲ့

"ဒီ ဖန့်ဓားဦးဆောင်ရဲ့ နာမည်ကလည်း... ဖန့်ချန် တဲ့"

​"ခင်ဗျား ဘာပြောလိုက်တာလဲ"

​ဝမ်ရွှမ်ချင်းရဲ့ မျက်နှာဟာ ချက်ချင်းပဲ အကြီးအကျယ် ပျက်သွားပါတော့တယ်။

​ဖန့်ချန်က ပြုံးပြီး ထရပ်လိုက်ကာ ဝမ်ရွှမ်ချင်းကို လက်အုပ်ချီ ဂါရဝပြုလိုက်တယ်

​"ကျုပ်လည်း ခုနက ကိုယ့်ကိုယ်ကိုယ် သေချာ မိတ်မဆက်ရသေးဘူး ယင်စစ်သည်ဌာနရဲ့ နေ့လှည့်ကင်းအရှင် ဖန့်ချန် ပါ ဝမ်အရာရှိကို တွေ့ရတာ ဝမ်းသာပါတယ် "

​ဝေ့ယွမ်နဲ့ လီတိုက်ဟဲတို့ရဲ့ အကြည့်တွေက ဖန့်ချန်ဆီကို တပြိုင်နက် ကျရောက်သွားပြီး သူတို့ ရင်ထဲမှာတော့ ဒါကြောင့်ကိုး ဆိုပြီး သဘောပေါက်သွားကြပါတယ်။

​ဝမ်ရွှမ်ချင်းရဲ့ မျက်နှာကတော့ ချက်ချင်းပဲ အလွန်အမင်း ဖြူလျော့သွားပြီး နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေပါတော့တယ်။

သူခေါ်လာတဲ့ လက်အောက်ငယ်သားတွေဟာလည်း အချင်းချင်း ကြည့်နေကြပြီး မျက်လုံးထဲမှာတော့ ထိတ်လန့်တုန်လှုပ်မှုတွေပဲ ကျန်ပါတော့တယ်။

​ဒီကာလအတွင်းမှာ သူတို့လည်း အဲဒီ နေ့လှည့်ကင်းအရှင် ရဲ့ သတင်းတွေကို ကြားထားပြီးသားပါ။

ရာထူးလက်ခံပြီး မကြာခင်မှာတင် နေ့လှည့်ကင်းနတ်ဘုရားပေါင်း ဒါဇင်ချီပြီး ရာထူးက ဖြုတ်ပစ်ခဲ့သလို၊ နေ့လှည့်ကင်းနတ်ဘုရား ဖူကျင့် ကိုလည်း ကိုယ်တိုင် သတ်ပစ်ခဲ့တာပါ။

အမြဲတမ်း အစွမ်းထက်လှပါတယ်ဆိုတဲ့ တရားသူကြီးဌာန တောင်မှ သူ့လက်ထဲမှာ အရှုံးပေးခဲ့ရတာလေ...

​အခု သူတို့ရဲ့ အရှင်က သူတို့ကို ခေါ်လာပြီး လုပ်ကြံခိုင်းတဲ့သူက... ဒီ နေ့လှည့်ကင်းအရှင်ကြီး ဖြစ်နေတာလား

​ဒါဟာ... ကိုယ့်သေတွင်း ကိုယ်တူးတာထက် မပိုပါဘူး။

​အခန်း (၉၆၈) စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် အလယ်အလတ်

​ချီကျန့်ဟာ ယင်လောကကို အကြိမ်ကြိမ် ဆင်းဖူးတာကြောင့် ငရဲပြည်ရဲ့ ရာထူးအဆင့်အတန်းတွေကို ကောင်းကောင်း နားလည်ပါတယ်။

နေ့ကင်းလှည့်အရှင် ဆိုတာ ငရဲပြည်မှာ အမြင့်ဆုံးနဲ့ အထင်ရှားဆုံး ရာထူးတွေထဲက တစ်ခုပါပဲ။

​နေ့ကင်းလှည့်နတ်ဘုရား တွေပဲဖြစ်ဖြစ်၊ သူတို့အောက်က နေ့လှည့်ကင်းစစ်သူကြီးတွေ နေ့ကင်းလှည့်ဗိုလ် တွေပဲဖြစ်ဖြစ် အားလုံးဟာ နေ့ကင်းလှည့်အရှင်ရဲ့ အမိန့်ကို နာခံကြရပါတယ်။

​ဒါဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အာဏာစက်လဲဆိုတာ မှန်းဆကြည့်ဖို့တောင် ခက်လှပါတယ်။

​လူ့ပြည်က မျိုးဆက်သစ် လူငယ်လေးတစ်ယောက်ဟာ ငရဲပြည်မှာ ဒီလောက်အထိ မြင့်မားတဲ့ ရာထူးကို ရယူထားနိုင်လိမ့်မယ်လို့ ပိုလို့တောင် မထင်ထားမိပါဘူး။

​သူက ချီရန်ကို မျက်ရိပ်ပြလိုက်ပေမဲ့ ကံဆိုးစွာပဲ ချီရန်ဟာ အခုအချိန်မှာ ကြောင်တောင်တောင် ဖြစ်နေတာကြောင့် ဖခင်ဖြစ်သူရဲ့ အချက်ပြမှုကို မမြင်ဘဲ ကြောင်အမ်းအမ်းနဲ့ပဲ ရပ်နေမိပါတယ်။

​"နေ့ကင်းလှည့်အရှင်... ဖန့်ချန်..."

​ဝမ်ရွှမ်ချင်းရဲ့ အသံဟာ အက်ကွဲနေပြီး မျက်ဝန်းတွေကလည်း တုန်လှုပ်နေပါတယ်။

အတော်ကြာမှ သူက အတင်းအကျပ် ပြုံးလိုက်ပြီး

​"ခင်ဗျား နောက်မနေပါနဲ့ ခင်ဗျားက ဘယ်လိုလုပ် နေ့ကင်းလှည့်အရှင် ဖြစ်မှာလဲ နေ့ကင်းလှည့်အရှင်လို ပုဂ္ဂိုလ်မျိုးက မပြန်လမ်းမြို့တော်လို ဝေးလံတဲ့နေရာကို ဘာလို့ လာမှာလဲ သူက အစည်ကားဆုံးဖြစ်တဲ့ ရှန့်ကျန်းမှာပဲ နေရမှာလေ..."

​"ကြည့်ရတာ နေ့ကင်းလှည့်အရှင် ဆိုတဲ့ ရာထူးက တကယ်ကို မြင့်ပုံပဲ "

​လီတောက်ယဲ့တို့ တစ်ဖွဲ့လုံးဟာ တဖြည်းဖြည်းနဲ့ စိတ်လှုပ်ရှားလာကြပါတယ်။

​ဒါကြောင့်လည်း သူတို့ သိထားတဲ့ ဖန့်ချန်ဟာ အပိုင်တွက်မထားဘဲနဲ့တော့ ဒီလို သူစိမ်းပြင်ပြင် နေရာမျိုးကို သူတို့ကို ခေါ်လာမှာ မဟုတ်ဘူးလို့ တွေးမိတာပါ။

​"ဝမ်ရွှမ်ချင်း... မင်း တကယ်ပဲ သတ္တိကောင်းတာပဲ ဘယ်သူက မင်းကို သတ္တိတွေ ပေးလိုက်လို့ အရှင်ဖန့် ရဲ့ အဆင့်အတန်းကို သံသယ ဝင်နေတာလဲ ကျင်ရွှေ လား တကယ်လို့ သူမသာ မင်း မပြန်လမ်းမြို့တော်မှာ စိတ်ထင်သလို လုပ်နေတာကို သိသွားရင်၊ သူမကိုယ်တိုင် မင်းကို သုတ်သင်ပစ်လိမ့်မယ်"

​ချီထျန်းရန်ဟာ လူအုပ်ကြီးကို ဦးဆောင်ပြီး ခန်းမထဲ ဝင်လာပါပြီ။

သူ့ရဲ့ ဝဝဖိုင်ဖိုင် မျက်နှာပေါ်မှာ အေးစက်စက် အပြုံးတစ်ခု ပေါ်နေပါတယ်။

​"ဌာနအရှင် ချီ "

​ဝေ့ယွမ်ဟာ အသက်ကို ပြင်းပြင်းရှူလိုက်မိပါတယ်။

ချီထျန်းရန်ရဲ့ နောက်က လူရွှမ်ကို မြင်လိုက်ရချိန်မှာတော့ သူ အရာအားလုံးကို သဘောပေါက်သွားပါပြီ။

​လီတိုက်ဟဲနဲ့ ဝေ့ယွမ်တို့ဟာ ချက်ချင်း လက်အုပ်ချီ ဂါရဝပြုကြတယ်

"လက်အောက်ငယ်သားတွေ အရှင်ချီကို ဂါရဝပြုပါတယ်"

​ဝေ့ယွမ်ရဲ့ စိတ်ထဲမှာ ထိတ်လန့်သလို ကျေးဇူးလည်း တင်မိပါတယ်။

တကယ်လို့ ချီထျန်းရန်က ခိုင်းစေလို့သာ မဟုတ်ရင်၊ လူရွှမ်ဟာ သူ့ဆီကို သီးသန့်လာပြီး သတိပေးမှာ မဟုတ်ပါဘူး။

ဒါဆိုရင် သူလည်း ဒီဘေးဒုက္ခကနေ လွတ်မြောက်မှာ မဟုတ်ပါဘူး။

​"အရှင်ချီ..."

​ဝမ်ရွှမ်ချင်းဟာ ချီထျန်းရန်ကို မယုံနိုင်သလို ကြည့်နေပါတယ်။

အတော်ကြာမှ သတိဝင်လာပြီး အပြေးအလွှား ဂါရဝပြုလိုက်ပါတယ်။

​သူ့မျက်လုံးထဲမှာ ထိတ်လန့်မှုတွေနဲ့ ပြည့်နေပြီး နှလုံးခုန်သံတွေကလည်း မြန်နေပါတယ်။

ဒီလောက် ကိစ္စအသေးအမွှားလေးက ဘာကြောင့် ဌာနအရှင် တစ်ယောက်ကို ကိုယ်တိုင် ကိုယ်ကျ ရောက်လာစေတာလဲဆိုတာ သူ မဝေခွဲနိုင်တော့ပါဘူး။

​အရင်တုန်းက ယင်ချောင်ဌာန အာဏာမလျော့ခင်ကဆိုရင်၊ ချီထျန်းရန်ရဲ့ အာဏာစက်ဟာ အခုလက်ရှိ ရှန်ထူချန်း ထက် မနိမ့်ပါဘူး။

​"ဒူးထောက်ပြီး ပြောပါ"

​ချီထျန်းရန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ဝမ်ရွှမ်ချင်း မငြင်းရဲပါဘူး၊ ချက်ချင်းပဲ ဒူးထောက်လိုက်ပါတယ်။

အထက်လူကြီးက ဒူးထောက်နေမှတော့ သူ့လက်အောက်ငယ်သားတွေလည်း ဘယ်မှာ ရပ်ဝံ့ပါ့မလဲ၊ အကုန်လုံး ဒူးထောက်လိုက်ကြပါတော့တယ်။

​ချီကျန့်ကတော့ အနည်းငယ် တွန့်ဆုတ်နေပါတယ်။

သူက ဘယ်လိုပဲဖြစ်ဖြစ် ယင်လောကသွားသူ တစ်ယောက် ဖြစ်နေတာကြောင့် ဒီဝိညာဉ်တွေနဲ့ အဆင့်အတန်း မတူဘူးလို့ ယူဆထားတာပါ။

ဒါပေမဲ့ သူ တွန့်ဆုတ်နေတုန်းမှာပဲ၊ ချီရန်ကတော့ ဖန့်ချန်ရှေ့ကို ဒူးထောက်လျက်သား ပြေးဝင်သွားပါပြီ

​"အရှင်ဖန့် ကျုပ်ကို မျက်စိမရှိတဲ့ လူအဖြစ် သဘောထားပြီး ခွင့်လွှတ်ပေးပါ ကျုပ် သေပြီးတဲ့ ဒီနှစ်တွေမှာ ကျုပ်ကိုယ်ကျုပ် အမြဲ ပြန်သုံးသပ်နေခဲ့တာပါ ခုနက မလေးမစား ပြောမိတာက ရင်ထဲမှာ မကျေနပ်ချက်လေးတွေ ရှိနေသေးလို့ပါ "

​မိမိသားဖြစ်သူရဲ့ အသက်ရှင်ချင်စိတ်က ဒီလောက် ပြင်းထန်နေတာကို မြင်တော့ ချီကျန့်ဟာ သက်ပြင်းအသာချပြီး ဖန့်ချန်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။

​"အရှင်ဖန့် ခွင့်လွှတ်ပေးပါ"

​"ခင်ဗျားက သွေးဝိညာဉ်ဂိုဏ်း မှာ ဝိညာဥ်အရှင် ရာထူးကို တာဝန်ယူထားတာ မဟုတ်လား"

​ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​ချီကျန့်ရဲ့ ခန္ဓာကိုယ်ဟာ တုန်ခါသွားပြီး မျက်ဝန်းထဲမှာ ထိတ်လန့်မှုတွေ ပေါ်လာပါတယ်။

​"သွေးဝိညာဉ်ဂိုဏ်း "

​ချီထျန်းရန်က စိတ်ဝင်တစားနဲ့ ဖန့်ချန်ကို ကြည့်လိုက်တယ်

"ဖန့်အရာရှိ... ခင်ဗျားပြောတဲ့ သွေးဝိညာဉ်ဂိုဏ်းဆိုတာက..."

​"ဝိညာဉ်နတ်ဘုရားဂိုဏ်း ပေါ့"

​ဖန့်ချန်က ပြန်ဖြေပါတယ်။

​ချီထျန်းရန်က သဘောပေါက်သွားပြီး မျက်နှာပေးက တစ်မျိုး ဖြစ်သွားတယ်

"ဒီဝိညာဉ်နတ်ဘုရားဂိုဏ်းက လူ့ပြည်မှာ အာဏာကြီးတာကို ကျုပ်လည်း ကြားဖူးပါတယ် ယင်လောကသွားသူ အတော်များများက ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင်တွေပဲ ဌာနအသီးသီးက အရာရှိတွေတောင် သူတို့နဲ့ အတော်လေး ခင်မင်ကြတယ်..."

​"ကျုပ်က အဲဒီဂိုဏ်းနဲ့ ရန်ငြိုးရှိနေတာ ဒါကို အရှင်ချီဘယ်လို ထင်သလဲ "

​ဖန့်ချန်က မေးလိုက်ပါတယ်။

​လူရွှမ်နဲ့ ကျန်းကောင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နောက်ဆုံးမှာ ချီထျန်းရန်ကို ဝိုင်းကြည့်လိုက်ကြပါတယ်။

​ချီထျန်းရန်က ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ပြတယ်

"ဝိညာဉ်နတ်ဘုရားဂိုဏ်းက အရှင်ဖန့် ကို စော်ကားထားမှတော့၊ ကျုပ်ကလည်း အရှင်ဖန့် နဲ့အတူ တစ်ဖက်သတ် တိုက်ပွဲဝင်မှာပါ ဖန့်အရာရှိ ဘယ်လိုလုပ်ဖို့ စိတ်ကူးထားသလဲ "

​"အရှင်ချီ ဒီလိုတွေးပေးတာ ဝမ်းသာပါတယ် ခင်ဗျားက ငရဲပြည်မှာ ကျင့်ကြံလာတာ နှစ်အတော်ကြာပြီ၊ ဝါရင့်လည်း ဖြစ်တော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းအကြောင်းကို ကောင်းကောင်း သိမှာပါ သူတို့ကို ငရဲပြည်ကနေ အမြစ်ပြတ် သုတ်သင်နိုင်ရင်၊ ယင်ချောင်ဌာနရဲ့ ဂုဏ်သိက္ခာကလည်း အရင်ကထက် ပိုပြီး မြန်မြန် ပြန်တက်လာမှာပါ "

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။

​ချီထျန်းရန်ဟာ ဖန့်ချန်ရဲ့ စကားထဲက ဆိုလိုရင်းကို သဘောပေါက်သွားပြီး မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားကာ ချက်ချင်း ခေါင်းညိတ်လိုက်တယ်

​"ဖန့်အရာရှိ စိတ်ချပါ ကျုပ် ဘာလုပ်ရမလဲဆိုတာ သိသွားပါပြီ "

​သူတို့နှစ်ယောက် ငရဲပြည်မှာရှိတဲ့ သွေးဝိညာဉ်ဂိုဏ်းကို သုတ်သင်ဖို့ ပြောနေတာကို ကြားတော့ ချီကျန့်ရဲ့ မျက်နှာက တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပါတယ်။

​ဝေ့ယွမ်နဲ့ လီတိုက်ဟဲတို့ဟာလည်း အချင်းချင်း ကြည့်နေကြပါတယ်။

ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီ နေ့ကင်းလှည့်အရှင်အသစ်ကို ဘယ်လိုများ စော်ကားလိုက်လို့လဲ

​ကြည့်ရတာ... နောက်ပိုင်း ငရဲပြည်ရဲ့ အခြေအနေက အကြီးအကျယ် ပြောင်းလဲတော့မှာပါ။

​ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ငရဲပြည်က အာဏာစက်ဟာ ဘယ်လောက်အထိ ကြီးမားသလဲဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။

ဌာနအသီးသီးက အရာရှိတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတာလေ။

​တကယ်လို့သာ သုတ်သင်ရေး စတင်လိုက်ရင်၊ အရာရှိပိုင်း အပြောင်းအလဲတွေက မှင်တက်စရာ ဖြစ်လာပါလိမ့်မယ်။

​"ချီမြို့ဝန်... ခင်ဗျားနဲ့ ကျုပ်ကလည်း ရေစက်ရှိတယ်လို့ ပြောလို့ရတာပဲ ခင်ဗျား သိထားတဲ့ ငရဲပြည်က ဝိညာဉ်နတ်ဘုရားဂိုဏ်းအကြောင်းလေး ပြောပြပေးလို့ ရမလား "

​ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။

​ချီကျန့်က စိတ်ပျက်လက်ပျက်နဲ့ လက်အုပ်ချီလိုက်တယ်

"အရှင်ဖန့် အထင်မလွဲပါနဲ့ ကျုပ်နဲ့ သွေးဝိညာဉ်ဂိုဏ်းက တကယ်ကို ပတ်သက်မှု မရှိပါဘူး..."

​"ချီရန်ကို ဝမ်ချွမ်းမြစ် ထဲကို ပစ်ချလိုက်ပါ ချီမြို့ဝန် ဘယ်နေ့ ပြောချင်စိတ် ပေါ်လာမလဲ၊ အဲဒီနေ့မှ သူ့ကို ပြန်ဆယ်ပေးလိုက်မယ် "

​ဖန့်ချန်က ပြောလိုက်ပါတယ်။

​လူရွှမ်က ဒါကို ကြားတာနဲ့ ချက်ချင်း လက်ကို ဆန့်ထုတ်ပြီး ဖမ်းလိုက်ရာမှာ ချီရန်ဟာ ကြွက်ကလေးတစ်ကောင်လို သူ့လက်ထဲ ပါသွားပါတယ်။

သူ့ရဲ့ လည်ပင်းကို အညှစ်ခံထားရပြီး ဘာမှ ပြန်မခုခံနိုင်ပါဘူး။

​"အဖေ... ကယ်ပါဦး အရှင်ဖန့်ကို ဆန့်ကျင်မနေပါနဲ့တော့ သွေးဝိညာဉ်ဂိုဏ်းက ပေးတဲ့ အကျိုးအမြတ်က ဘယ်လောက်ရှိလို့လဲ အခုထိ ခင်ဗျားက တာအိုပေါင်းစပ်ခြင်းအဆင့်ပဲ ရှိသေးတာ မသေမျိုး တောင် မဖြစ်သေးဘူး "

​ချီရန်က ထိတ်လန့်တကြား အော်ဟစ်နေတယ်

"ကျုပ်က ဒီနှစ်တွေမှာ ဒုက္ခခံခဲ့ရတာ ဝပြီ ဝမ်ချွမ်းမြစ်ထဲ သွားပြီး ဒုက္ခမခံနိုင်တော့ဘူးဗျ "

​ချီကျန့်ရဲ့ မျက်နှာပေးဟာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပါတယ်။

လူရွှမ်က ချီရန်ကို တံခါးဝအထိ ခေါ်သွားချိန်မှာတော့ သူဟာ ရုတ်တရက် အိုမင်းသွားသလို ဖြစ်သွားပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်

​"ကျုပ် ပြောပါ့မယ် ငါ့သားကို လွှတ်လိုက်ပါ သူက ဒီကိစ္စနဲ့ မပတ်သက်ပါဘူး "

​"ယွန်းရွှီ... ဒီကိစ္စကို မင်း တာဝန်ယူလိုက်ပါ "

​ဖန့်ချန်က ပြောလိုက်ပါတယ်။

​တုယွန်းရွှီက အသာအယာ ခေါင်းညိတ်ပြပြီး ချီကျန့်ကို ခေါ်ကာ နောက်ဖေးဆောင်ကို ဝင်သွားပါတော့တယ်။

​ချီထျန်းရန်ဟာ ဖန့်ချန်နဲ့ နာရီဝက်ခန့် စကားပြောဆိုပြီးနောက် လူရွှမ်တို့နဲ့အတူ နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။

​နောက်ထပ် နှစ်ရက်အတွင်းမှာတော့ ဖန့်ချန်ဟာ လီတောက်ယဲ့တို့ တစ်ဖွဲ့လုံးကို မပြန်လမ်းမြို့တော်ထဲမှာ လိုက်လံ လည်ပတ်ပြသပြီး၊ ယင်လောကသွားသူတွေဟာ ငရဲပြည်မှာ ယင်သက်တမ်းဒင်္ဂါးတွေကို ဘယ်လို ရှာဖွေရမလဲဆိုတာကို နားလည်အောင် ရှင်းပြပေးခဲ့ပါတယ်။

​လူအတော်များများဟာ ဒီနှစ်ရက်အတွင်းမှာပဲ သူတို့ရဲ့ ပထမဆုံးအကြိမ် ယင်လောကသွားခြင်း တာဝန် တွေကို ရရှိခဲ့ကြပါတယ်။

ရတဲ့ ယင်သက်တမ်းဒင်္ဂါးက မများပေမဲ့ လီတောက်ယဲ့တို့ တစ်ဖွဲ့လုံးကတော့ အတော်လေး စိတ်လှုပ်ရှားနေကြပါတယ်။

​တုယွန်းရွှီ ဘက်ကလည်း ချီကျန့်ဆီကနေ သတင်းအချက်အလက်တွေ အတော်များများ ရထားပြီးပြီဖြစ်လို့ စတင် ကိုင်တွယ်နေပါပြီ။

ဖန့်ချန် ကိုယ်တိုင် ဝင်ပါဖို့ မလိုတော့ပါဘူး။

​နောက်ထပ် အချိန်အနည်းငယ် ကြာရင်တော့ ဆရာကျိ တို့ဆီကနေလည်း အသုံးဝင်တဲ့ သတင်းတွေ အများကြီး ရနိုင်ပါသေးတယ်။

တခြားနေရာတွေကို မဆိုထားနဲ့ဦး၊ အနည်းဆုံးတော့ ကျုံးကျိုး ဘက်က သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူ အတော်များများကိုတော့ ရှင်းလင်းပစ်နိုင်မှာပါ။

​လူ့ပြည်ကို ပြန်ရောက်တဲ့အခါ ဖန့်ချန်ဟာ တာအိုသုံးထောင်နယ်မြေ ကို ဖွင့်လှစ်ပြီး အရင်က ရခဲ့တဲ့ လင်ယင် ရတနာကို ဓားကလေးဆီ ပေးအပ်လိုက်ပါတယ်။

​မိမိကိုယ်တိုင်ကတော့ မူလဝိညာဉ်ကို ခန္ဓာပြင်ပ ထွက်ခွာစေပြီး နည်းစနစ်တွေကို နေ့စဉ် လေ့ကျင့်နေပါတယ်။

မူလဝိညာဉ်ရဲ့ အားအင်တွေ ကုန်ဆုံးသွားတိုင်းမှာ သူ့ရဲ့ အစွမ်းက အနည်းငယ်စီ တိုးတက်လာပါတယ်။

​ငြီးငွေ့စရာကောင်းတဲ့ တရားထိုင် ကျင့်ကြံခြင်းထက်စာရင် ဖန့်ချန်က ဒီလိုမျိုး ကျင့်ကြံရတာကို ပိုနှစ်သက်ပါတယ်။

​တာအိုသုံးထောင်နယ်မြေ ထဲကို ခုနစ်ကြိမ်ခန့် အဝင်အထွက် လုပ်ပြီးတဲ့အခါမှာတော့ ဖန့်ချန်ရဲ့ မူလဝိညာဉ် အားအင်ဟာ သိသိသာသာ တိုးတက်လာပြီး၊ စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် အစောပိုင်း ကနေ အလယ်အလတ် ကို အလိုအလျောက် တိုးတက်သွားပါတော့တယ်။

​ဓားကလေး ဘက်ကတော့ နှစ်ပေါင်း ခုနစ်ဆယ် ကြာတဲ့အထိတောင် ထို လင်ယင် ရတနာကို အကုန်အစင် မဝါးမျိုနိုင်သေးပါဘူး။

All Chapters