အခန်း (၉၇၉-၉၈၀)
Vol. 98 Ch. 979-980
အခန်း (၉၇၉) စစ်မှန်သော နတ်ဆိုး
ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး ဟွမ်ချန်ကို စိုက်ကြည့်နေပါတယ်။
နတ်သမီးယွီ ကို သူက ကျောက်ဟွာဂြိုလ်ကို ပို့လိုက်တာလား
"မင်း ငါ့ကို တင်နေတဲ့ အကြွေးက ဆပ်ပြီးသွားပြီ ပိုတဲ့ကိစ္စတွေကိုတော့ လျှောက်မမေးနဲ့တော့ သူမဟာ အခု ငါ့ရဲ့ တပည့်ဖြစ်နေပြီဆိုတာကိုပဲ မှတ်ထားလိုက်ပါ"
"မကြာခင်မှာပဲ သူမဟာ လူ့လောကမှာ စစ်မှန်သော နတ်ဆိုး အဖြစ် အောင်မြင်သွားလိမ့်မယ်"
ဝမ်ချုံစုန်းက အေးအေးဆေးဆေး ပြုံးပြီး ပြောလိုက်ပါတယ်။
"မင်း... ဒီကိစ္စကို စွဲလမ်းနေတုန်းပဲလား..."
ဟွမ်ချန်ရဲ့ အမူအရာက ရှုပ်ထွေးသွားတယ်
"လူ့လောက ကိုးနယ်မြေ ဆိုတာ အထက်ဘုံလောက နဲ့ လုံးဝခြားနားတယ် အထက်ဘုံလောကထဲကို မဝင်သရွေ့တော့ စစ်မှန်သော နတ်ဘုရားဖြစ်လာစရာ အကြောင်းမရှိဘူး"
"တကယ်လို့ စစ်မှန်သော နတ်ဘုရား ဖြစ်မလာနိုင်ရင်လည်း'စစ်မှန်သော နတ်ဆိုး အဖြစ် ပြောင်းလဲလိုက်မယ်"
ဝမ်ချုံစုန်းက ရယ်မောရင်း
"လောကမှာ လမ်းဆိုတာ လွတ်လပ်သော မသေမျိုး လမ်းတစ်ခုတည်း ရှိတာမှ မဟုတ်တာ အထက်ဘုံလောကရဲ့ တံခါးကြီး ပိတ်ထားရင် ငါတို့ဘာသာ ငါတို့ တံခါးအသစ်တစ်ခု ထပ်မဖွင့်နိုင်စရာ အကြောင်းရှိလို့လား "
"မင်းရဲ့ အတွေးက အရမ်းအန္တရာယ်များသလို လုပ်ရပ်ကလည်း အရမ်းစိုးရိမ်စရာကောင်းတယ် သူမက နာမည်အရသာ မင်းရဲ့ တပည့်ဖြစ်ပေမဲ့... တကယ်တမ်းတော့ မင်းရဲ့ ခန့်မှန်းချက်တွေကို သက်သေပြဖို့အတွက် သူမကို အရင်ဆုံး လမ်းခင်းခိုင်းနေတာပဲ"
ဟွမ်ချန်က အေးစက်စက် ပြောလိုက်ပါတယ်။
ပြောပြီးတာနဲ့ သူက လက်ခါပြလိုက်တယ်
"ထားလိုက်တော့... မင်းရဲ့ နောက်ခံနဲ့ဆိုရင် ဘာတွေပဲ လျှောက်လုပ်လုပ် အသက်အန္တရာယ်အထိတော့ ဖြစ်မှာမဟုတ်ဘူး ဒါပေမဲ့ ငါကတော့ မတူဘူး၊ ငါက အစစအရာရာ ဂရုစိုက်ပြီး ရုန်းကန်ခဲ့ရလို့သာ အခုလို အဆင့်အတန်းမျိုး ရလာတာ မင်းနဲ့အတူ လောင်းကြေးမထပ်နိုင်ဘူး ငါ သွားတော့မယ်... အဲဒီ ဒုတိယအဆင့် ဆေးလုံး ကိစ္စကိုလည်း အာရုံစိုက်ပေးပါဦး"
စကားဆုံးတာနဲ့ ဟွမ်ချန်ရဲ့ ခန္ဓာကိုယ်ဟာ ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး အရိုးနဲ့ အသားတွေက စုစည်းသွားကာ နောက်ဆုံးမှာတော့ လက်ဝါးခန့်သာရှိတဲ့ ခြောက်ကပ်ကပ် အဝါရောင် ဖားပြုတ်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပါတယ်။
ဝမ်ချုံစုန်းက ခြေထောက်နဲ့ နင်းချလိုက်တဲ့အခါ ဖားပြုတ်ခြောက်ကြီးဟာ ဘုန်း ဆိုတဲ့ အသံနဲ့အတူ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပါတော့တယ်။
ပြီးနောက် သူက ကျင့်ကြံဆောင်ထဲကို ပြန်ဝင်သွားပါတယ်။
ဖန့်ချန်က ကျင့်ကြံဆောင်ထဲအထိ လိုက်သွားပေမဲ့ ဝမ်ချုံစုန်းက ငြိမ်သက်စွာ ကျင့်ကြံနေတာကိုပဲ တွေ့ရပါတယ်။
ဆယ့်ငါးမိနစ်လောက် ကြည့်ပြီးတဲ့နောက်မှာတော့ သူ ပြန်လှည့်ထွက်လာခဲ့ပါတယ်။
"ဖန့်ဓားဦးဆောင်သူ... စီနီယာအစ်ကို ပိုင်က ပြောထားတယ်၊ တကယ်လို့ ကျုပ်တို့ စိတ်ထဲမှာ မကျေနပ်ရင် ခင်ဗျားဆီမှာ ဓားချင်းယှဉ်ပြိုင်ဖို့ လာခဲ့လို့ ရတယ်တဲ့"
ဂူအပြင်ဘက်မှာတော့ ခုနက ဝိညာဉ်ခွဲဖြာခြင်းအဆင့် ဓားကျင့်ကြံသူရဲ့ အသံ ထွက်ပေါ်လာပါတယ်။
ဖန့်ချန်က ရှေးဦး နတ်ဘုရားမျက်လုံး ကို ဖွင့်ကြည့်လိုက်တဲ့အခါ၊ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ဓားကျင့်ကြံသူ အများအပြားကို ဂူအပြင်ဘက်မှာ တွေ့လိုက်ရပါတယ်။
ဖန့်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး လက်ညှိုးနဲ့ အသာအယာ တို့လိုက်ပါတယ်။
အဲဒီ ဝိညာဉ်ခွဲဖြာခြင်းအဆင့် ဓားကျင့်ကြံသူဟာ လေပြည်အေးတစ်ခု တိုက်ခတ်လာသလို ခံစားလိုက်ရပြီး၊ ခဏအကြာမှာတော့ သူ့ရဲ့ မျက်ခုံးနှစ်ခုကြား ဆီကနေ နွေးထွေးတဲ့ အရည်တစ်ခု စီးကျလာတာကို ခံစားလိုက်ရပါတယ်။
သူ လက်နဲ့ စမ်းကြည့်လိုက်တဲ့အခါ သွေးတွေ ဖြစ်နေပါတယ်။
လူတိုင်း မှင်တက်သွားကြပါတယ်။
သူတို့တွေ ဘာလှုပ်ရှားမှုကိုမှ မမြင်လိုက်ရဘဲနဲ့ စီနီယာအစ်ကိုရဲ့ နဖူးပေါ်မှာ ဓားရာတစ်ခုဟာ အလိုလို ပေါ်လာခဲ့တာပါ။
"ဖန့်ဓားဦးဆောင်သူ ဆိုတာ တကယ်ပဲ မဆိုးဘူးပဲ"
ဝိညာဉ်ခွဲဖြာခြင်းအဆင့် ဓားကျင့်ကြံသူက နဖူးက သွေးတွေကို သုတ်လိုက်ပြီး ပြန်လှည့်ထွက်သွားပါတယ်။
ကျန်တဲ့လူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး သူတို့ရဲ့ အမူအရာတွေက ထူးဆန်းနေပါတယ်။
ဖန့်ချန်က စိတ်ဝိညာဉ်ထွက်ခွာခြင်း အဆင့်သာ ရှိသေးပေမဲ့၊ ဝိညာဉ်ခွဲဖြာခြင်းအဆင့် ဓားကျင့်ကြံသူကို ဘာလက္ခဏာမှ မပြဘဲ အလွယ်တကူ ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုရင်၊ သူ နားလည်ထားတဲ့ ဓားဆန္ဒဟာ သူတို့ ထင်ထားတာထက် အများကြီး ပိုပြီး မြင့်မားနေမှာ သေချာပါတယ်။
ယင်လောက
ကျယ်ပြောလှတဲ့ မရဏလမ်း ပေါ်မှာ ဝိညာဉ်တွေအားလုံးက ဝမ်ချွမ်းမြစ်ဆီကို သွားနေကြပေမဲ့၊ လူရိပ်တစ်ခုကတော့ လမ်းကြောင်းကို ဆန့်ကျင်ပြီး လျှောက်လှမ်းနေပါတယ်။
မရဏလမ်းကနေ ထွက်လာတဲ့အခါ ဖန့်ချန်ဟာ ကောင်းကင်ထိအောင် မြင့်မားတဲ့ ရှေးဟောင်းသစ်ပင်ကြီးတွေနဲ့ ပြည့်နေတဲ့ တောအုပ်တစ်ခုထဲကို ရောက်သွားပါတယ်။
ဒီနေရာမှာ သစ်သားဓာတ် စွမ်းအင်တွေ အလွန်သိပ်သည်းနေပါတယ်။
"အားလုံးပဲ... ပြီးခဲ့တဲ့ ရက်ပိုင်းက စုန်းမိသားစုက စုန်းယိ ရဲ့ ကိစ္စကို ကြားပြီးကြပြီလား "
"ကြားလိုက်မိသား၊ တစ်နေရာရာက ကျေးလက်တောရွာမှာ သူ့ရဲ့ ဝိညာဉ်ခွဲတစ်ခု အဖျက်ဆီးခံလိုက်ရတယ်ဆိုပဲ"
"စုန်းမိသားစုကတော့ တော်တော်လေး ဒေါသထွက်နေကြတယ် စုန်းယိအတွက် ကလဲ့စားပြန်ချေပေးမယ်လို့ အော်ဟစ်နေကြတာ"
"ဒါတွေက ငါတို့နဲ့ ဘာဆိုင်လို့လဲ ငါတို့ရဲ့ အဆင့်အတန်းကို မမေ့နဲ့ဦး ဒီကိစ္စကို လျှောက်ပြောနေလို့ စုန်းမိသားစု သိသွားရင် ငါတို့ အပြစ်ပေးခံရလိမ့်မယ်"
"ဘာကြောက်နေတာလဲ၊ ဒီ ထျန်းမုတောအုပ် က ငါတို့ လုံမိသားစု ရဲ့ နယ်မြေပဲလေ အပြင်လူ ဘယ်သူက ဝင်ရဲမှာလဲ ငါ ကြားတာတော့ အဲဒီ စုန်းယိ သေတာက တော်တော်လေး အရှက်ရစရာကောင်းသတဲ့ တစ်ယောက်ယောက်က သူ့ကို မြေကြီးပေါ် ဖိထားပြီး ဖင်ရိုက်သတ်လိုက်တာဆိုပဲ"
"တကယ်ကြီးလား "
"ဟဲဟဲ... သတင်းက မဟာယန်ဂိုဏ်း ထဲမှာတောင် ပျံ့နေပြီ အဲဒီတုန်းက သူတို့ဆီက ဝိညာဉ်ခွဲဖြာခြင်းအဆင့်တွေ အများကြီး ပါသွားတာ အကုန်လုံး ဝိညာဉ်ခွဲ အဖျက်ဆီးခံလိုက်ရတယ် အစောဆုံး သေတဲ့ နှစ်ယောက်ကတော့ ကံကောင်းတယ် အရှက်မကွဲလိုက်ရဘူး နောက်ကလူတွေကတော့... စုန်းယိလိုပဲ ခံလိုက်ရတာ"
"ဒါကတော့ တကယ့်ကို စိတ်ဝင်စားစရာပဲ သူတို့လို မြင့်မြတ်တဲ့ မျိုးနွယ်စု သားသမီးတွေ ဒီလို ကံဆိုးမိုးမှောင်ကျတာမျိုး ကြုံရလိမ့်မယ်လို့ မထင်ထားဘူး ဟားဟား"
"အားလုံးပဲ... ဒီမှာ လူတစ်ယောက် ရှိနေတယ်"
လူတိုင်းရဲ့ ရယ်သံတွေ ရုတ်တရက် ရပ်တန့်သွားပြီး ဖန့်ချန်ကို သံသယစိတ်နဲ့ လှမ်းကြည့်လိုက်ကြပါတယ်။
ဒီလူစုက ၈ ယောက်၊ ၉ ယောက်လောက် ရှိပြီး အားလုံးက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူတွေပါ။
သူတို့ဆီကနေ ထက်ရှတဲ့ ဓားအရှိန်အဝါတွေ ထွက်နေတာကြောင့် ဓားကျင့်ကြံသူတွေဆိုတာ သေချာပါတယ်။
"မင်းက ဘယ်သူလဲ"
ခေါင်းဆောင်ဖြစ်တဲ့ ဓားကျင့်ကြံသူက ဖန့်ချန်ရဲ့ အဆင့်အတန်းကို မခန့်မှန်းနိုင်တာကြောင့် တည်ကြည်တဲ့ အမူအရာနဲ့ မေးလိုက်ပါတယ်။
"ကျုပ်က မတော်တဆ ဒီကို ရောက်လာတာပါ ခင်ဗျားတို့ကို လမ်းမေးချင်လို့ပါ အနီးဆုံး နားနားနေနေ နေလို့ရမယ့် နေရာက ဘယ်မှာလဲဆိုတာ သိချင်လို့ပါ"
ဖန့်ချန်က လက်အုပ်ချီပြီး ပြုံးကာ မေးလိုက်ပါတယ်။
"အနီးဆုံး နားနားနေနေ နေလို့ရမယ့် နေရာ"
ခေါင်းဆောင် ဓားကျင့်ကြံသူက ဖန့်ချန်ဟာ လုံမိသားစုရဲ့ ဧည့်သည်မဟုတ်မှန်း သိသွားတဲ့အခါ သူ့မျက်နှာက ချက်ချင်း ညိုမှောင်သွားပါတယ်
"ထျန်းမုတောအုပ် ဆိုတာ မင်းတို့လိုလူတွေ လာရမယ့် နေရာမဟုတ်ဘူး ဒီနေ့ လုံမိသားစုက အရေးကြီးပုဂ္ဂိုလ်တွေ ဒီနေရာမှာ အပန်းဖြေဖို့ လာနေကြတယ် မြန်မြန် ထွက်သွားစမ်း "
"ခေါင်းဆောင်... သူ ခုနက ကျုပ်တို့ စကားပြောတာကို ချောင်းနားထောင်နေပုံပဲ"
"တကယ်လို့ သူက အပြင်ရောက်ရင် ကောလာဟလတွေ လျှောက်ဖြန့်နေရင်..."
ဓားကျင့်ကြံသူ အချို့က မသိမသာ လမ်းလျှောက်လာပြီး ဖန့်ချန်ကို ဝိုင်းလိုက်ကြပါတယ်။
"ကျုပ်က ခင်ဗျားတို့နဲ့ ဘာရန်ငြိုးမှ မရှိပါဘူးခင်ဗျားတို့ကို နာမည်ဖျက်မယ့် ကောလာဟလတွေလည်း လျှောက်မဖြန့်ပါဘူး ကျုပ် သွားတော့မယ်"
ဖန့်ချန်က ပြုံးပြီး လက်အုပ်ချီကာ ပြန်လှည့်ထွက်သွားပါတယ်။
အဲဒီ ဓားကျင့်ကြံသူတွေက သူ့ကို အလွယ်တကူ မလွှတ်ပေးချင်ကြပေမဲ့ ခေါင်းဆောင်ဖြစ်သူက ဘာအမိန့်မှ မပေးတာကြောင့် နောက်ဆုံးမှာ ဘာမှမလုပ်လိုက်ကြပါဘူး။
"ခေါင်းဆောင်... သူ့ကို တကယ်ကြီး လွှတ်ပေးလိုက်တာလား တကယ်လို့ သူက စုန်းမိသားစုနဲ့ ပတ်သက်နေပြီး ကျုပ်တို့က နောက်ကွယ်မှာ စုန်းယိကို လှောင်ပြောင်နေပါတယ်လို့ သွားပြောရင် ကျုပ်တို့ ဒုက္ခရောက်ကုန်မှာပေါ့ "
"စုန်းမိသားစုက ထိပ်တန်း မိသားစုကြီး လေးခုထဲက တစ်ခုပဲ လမ်းသွားလမ်းလာ တစ်ယောက်က သူတို့နဲ့ ဘယ်လိုလုပ် ပတ်သက်နေမှာလဲ"
"ဒီလူက တည်တည်ငြိမ်ငြိမ် ရှိတယ် ကျုပ်တို့က တိုက်ခိုက်တော့မယ့် အရိပ်အယောင်ပြတာတောင် သူ့မျက်နှာမှာ ကြောက်ရွံ့တဲ့ အရိပ်အယောင် တစ်စက်မှ မရှိဘူး ကြည့်ရတာ သူက တစ်ခုခုကို အားကိုးနေပုံပဲ ဒီနေ့ ကျုပ်တို့ ပြဿနာ မရှာတာ ပိုကောင်းပါတယ်"
ခေါင်းဆောင် ဓားကျင့်ကြံသူက လက်ခါပြလိုက်ပါတယ်။
ပြီးနောက် သူတို့လူစုဟာ ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းကို ထပ်မံ စစ်ဆေးကြည့်ပြီး အန္တရာယ် မရှိတာ သေချာမှ ကျယ်ဝန်းတဲ့ ချိုင့်ဝှမ်းတစ်ခုဆီကို ပြန်သွားကြပါတယ်။
ချိုင့်ဝှမ်း ပတ်ပတ်လည်မှာတော့ ရေတွက်လို့မရနိုင်တဲ့ ဓားကျင့်ကြံသူတွေ ရှိနေပြီး အားလုံးက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်တွေချည်းပါပဲ။
ဖန့်ချန်ရဲ့ ဝိညာဉ်ဟာ ကောင်းကင်ယံမှာ ရပ်တန့်နေပြီး ချိုင့်ဝှမ်းအတွင်းက မြင်ကွင်းကို တိတ်တဆိတ် ကြည့်နေပါတယ်။
အပြင်ဘက်မှာ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဓားကျင့်ကြံသူ ရာနဲ့ချီ ရှိနေတာက အပြင်ပန်းပဲ ရှိပါသေးတယ်။
ချိုင့်ဝှမ်း အလယ်မှာတော့ အဆင့်အတန်း မြင့်မားပုံရတဲ့ လူငယ် အမျိုးသား၊ အမျိုးသမီး အချို့ ရပ်နေကြပါတယ်။
သူတို့ရဲ့ ဘေးနားမှာတော့ အထက်အဆင့် သုံးဆင့် ကို ရောက်နေတဲ့ ဓားကျင့်ကြံသူတွေ ရှိနေပါတယ်။
အားလုံးက တာအိုပေါင်းစပ်ခြင်းအဆင့် တွေဖြစ်ပြီး သူတို့ဆီကနေ ဓားအရှိန်အဝါတွေ ထွက်နေပါတယ်။
"လုံရွှမ်း အခုတစ်ခေါက် နင်တို့ မိသားစုနဲ့ စုန်းမိသားစုရဲ့ လောင်းကြေးပွဲမှာ နင့်အဖေက နင့်အဘိုးကို သေမိန့် ပေးထားတယ်လို့ ကြားတယ်တကယ်လို့ ရှုံးသွားရင် နင့်အမေ ပိုင်ဆိုင်တဲ့ မြို့ ၉ မြို့လုံးကို ဒုတိယအိမ်တော် ကို လွှဲပေးရမယ်ဆို"
လူငယ်တစ်ယောက်က ဒီကိစ္စကို ပြောလိုက်တဲ့အခါ လူငယ်လူရွယ်တွေရဲ့ အကြည့်ဟာ အမျိုးသမီး တစ်ယောက်ဆီကို စုပြုံရောက်သွားပါတယ်။
ဖန့်ချန်ရဲ့ အမူအရာက ထူးဆန်းသွားပါတယ်။
ဒီအမျိုးသမီးဟာ လီချန်းစန်း နဲ့ အတော်လေး ရုပ်ချင်းဆင်နေပါတယ်။
သူ ချောင်ဖုန်းဒေသကို ရောက်ရောက်ချင်းမှာတင် လီချန်းစန်းရဲ့ သမီးနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာလား
"ဟုတ်တယ်"
လုံရွှမ်းက အသာအယာ ခေါင်းညိတ်ပြတယ်
"တကယ် ဖြစ်နေတဲ့ ကိစ္စပါ"
"ဟူး... နင့်အမေကတော့ တကယ်ပဲ ဝေခွဲရခက်နေတာပဲ"
"ဒါက မြို့ ၉ မြို့တောင်လေ တစ်နှစ်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နဲ့ အထွတ်ထိပ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ရမှာလဲ ကံကောင်းတဲ့ နှစ်တွေဆိုရင် ၁၀ နှစ်လောက်အတွင်းမှာ မသေမျိုးကျောက်တုံး တစ်တုံးတောင် ရနိုင်တာ "
လူတိုင်းက သက်ပြင်းချပြီး ခေါင်းခါနေကြပါတယ်။
လုံရွှမ်းက ပြုံးလိုက်ပြီး
"ငါ့ အမေက အဖေကို ယုံကြည်တယ် ဒီတစ်ခေါက် လုံမိသားစုက စုန်းမိသားစုကို ရှုံးမှာ မဟုတ်ဘူး"
အခန်း (၉၈၀) သတင်းစုံစမ်းခြင်း
ဖန့်ချန်ဟာ ဒီလူငယ်တစ်စုရဲ့ ဘေးနားမှာ အချိန်အတော်ကြာအောင် နားထောင်နေခဲ့ပြီး သူတို့ရဲ့ အဆင့်အတန်းကိုလည်း အကြမ်းဖျင်း နားလည်သွားခဲ့ပါတယ်။
လုံရွှမ်းဟာ တကယ်ပဲ လီချန်းစန်းရဲ့ သမီးဖြစ်ပြီး၊ ကျန်တဲ့ လူငယ်တွေကတော့ လုံမိသားစုဝင်တွေ မဟုတ်ကြပါဘူး။
တချို့က ထင်ရှားတဲ့ မျိုးနွယ်စုကြီးတွေက ဖြစ်ပြီး တချို့ကတော့ နာမည်ကြီး ဂိုဏ်းကြီးတွေက ဖြစ်ကြပေမဲ့ လုံမိသားစုနဲ့ ယှဉ်ရင်တော့ အများကြီး အားနည်းကြပါတယ်။
သူတို့တွေ လုံရွှမ်းနဲ့အတူ ဒီနေရာမှာ အပန်းဖြေနိုင်ကြတာဟာ လုံရွှမ်းရဲ့ လုံမိသားစုအတွင်းက အဆင့်အတန်းနဲ့ ပတ်သက်နေနိုင်ပါတယ်။
သူတို့ရဲ့ စကားတွေအရ လီချန်းစန်းရဲ့ မိသားစုဟာ လုံမိသားစုအတွင်းမှာ သိပ်ပြီး မျက်နှာပန်းမလှဘူးဆိုတာ သိသာပါတယ်။
ဒါပေမဲ့... လီချန်းစန်းရဲ့ ဇနီးကတော့ သူ့ကို တော်တော်လေး ယုံကြည်ပုံရပြီး လုံမိသားစုနဲ့ စုန်းမိသားစုကြားက လောင်းကြေးပွဲကို အခြေခံပြီး၊ မိသားစုအတွင်းမှာ သူမကို ဆန့်ကျင်နေတဲ့ ဒုတိယအိမ်တော် နဲ့ ထပ်ဆင့်လောင်းကြေး ထပ်ထားတာ ဖြစ်ပါတယ်။
ရင်းနှီးပေးရတဲ့ တန်ဖိုးကတော့ မြို့ (၉) မြို့ ဖြစ်ပါတယ်။
သူတို့ပြောတဲ့ မြို့တွေဆိုတာ ဝိညာဉ်ကျောက်တုံး အခွန်အခတွေ ကောက်ခံလို့ရတဲ့ နေရာတွေပါ။
ကံကောင်းတဲ့ နှစ်တွေဆိုရင် ၁၀ နှစ်၊ ၈ နှစ်လောက်အတွင်းမှာ မသေမျိုးကျောက်တုံး တစ်တုံးတောင် ရနိုင်ပါတယ်။
ဒီအချက်တစ်ခုတည်းနဲ့တင် ဒီမြို့ (၉) မြို့ရဲ့ တန်ဖိုးဟာ သာမန်လူတွေ ထင်ထားတာထက် အများကြီး ပိုများနေတာကို မြင်နိုင်ပါတယ်။
အဘိုးရွှင်ဆိုတာ တောရိုင်းဂိုဏ်းချုပ် ကျုံးကျိုးနိုင်ငံရဲ့ အရင်မျိုးဆက် ဧကရာဇ်နဲ့ တောရိုင်းကျောင်းတော်ရဲ့ ကျောင်းအုပ် ဖြစ်ပါတယ်။
သူတောင်မှ မသေမျိုးကျောက်တုံးကို မြင်တဲ့အခါ မျက်လုံးတွေ အရောင်တောက်သွားခဲ့တာပါ။
ဒါပေမဲ့ လုံမိသားစုက လွတ်လပ်သော မသေမျိုး တွေကတော့ နေ့စဉ် ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့အတွက်တောင် မသေမျိုးကျောက်တုံးတွေကို သုံးနိုင်ကြတာ ဖြစ်နိုင်ပါတယ်။
ဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ကျုံးကျိုး၊ တိထျန်း နဲ့ ပေတု ဒီသုံးနေရာပေါင်းလိုက်တာတောင် ချောင်ဖုန်းဒေသနဲ့ ကွာခြားချက်က မိုင်ပေါင်း တစ်သိန်းကျော်လောက် ရှိနေတာ အမှန်ပါပဲ။
ဒီနေရာက အလယ်အလတ်စား ဂိုဏ်းတစ်ခု၊ ဒါမှမဟုတ် လုံရွှမ်းဘေးက လူငယ်တွေရဲ့ နောက်ကွယ်က မိသားစုကြီးတွေလောက်တောင် အဲဒီသုံးနေရာပေါင်းက မယှဉ်နိုင်တာ ဖြစ်နိုင်ပါတယ်။
"လုံရွှမ်း... နင့်အဖေ လာခဲ့တဲ့ အဲဒီနေရာက... အရမ်းကို ဆင်းရဲမွဲတေတဲ့ နေရာလို့ ငါကြားဖူးတယ် မသေမျိုးကျောက်တုံး နေနေသာသာ အထွတ်ထိပ်ဝိညာဉ်ကျောက်တုံး တစ်ဝက်တစ်ပျက်တောင် ရှာတွေ့ဖို့ ခဲယဉ်းတယ်ဆို"
"အဲဒီလိုနေရာက ထွက်လာတဲ့ ဓားကျင့်ကြံသူက... တကယ်ပဲ ဓားသင်္ချိုင်းလှေကား ပေါ်မှာ ရလဒ်ကောင်းတွေ ရနိုင်ပါ့မလား "
ချန်ကျော့ကျူ က အနည်းငယ် စိုးရိမ်တကြီး မေးလိုက်ပါတယ်။
ချန်မိသားစုနဲ့ လုံရွှမ်းတို့ရဲ့ ပထမအိမ်တော် ဟာ ဆက်ဆံရေး အရမ်းကောင်းပါတယ်။
ပထမအိမ်တော် ကြီးပွားရင် ချန်မိသားစုလည်း ကြီးပွားတာပါ။
ဒါပေမဲ့ မကြာသေးမီ နှစ်တွေအတွင်းမှာ ပထမအိမ်တော်ဟာ အားနည်းလာပြီး ဒုတိယအိမ်တော်နဲ့ တတိယအိမ်တော်ကို မယှဉ်နိုင်တော့ပါဘူး။
အဖျားခက်လို့ သတ်မှတ်ခံရတဲ့ စတုတ္ထအိမ်တော်ကတောင် ပထမအိမ်တော်ထက် အခြေခံ အုတ်မြစ် ပိုခိုင်မာလာပါတယ်။
တကယ်လို့ ဒီတစ်ခေါက် ပထမအိမ်တော်က မြို့ (၉) မြို့ကို ထပ်ရှုံးသွားမယ်ဆိုရင်တော့ တကယ့်ကို အခြေအနေ ဆိုးသွားပါလိမ့်မယ်။
လူတိုင်းက သူမကို လှမ်းကြည့်နေကြတာကြောင့် လုံရွှမ်းက ခဏလောက် စဉ်းစားပြီး မသေချာတဲ့ လေသံနဲ့ ပြောလိုက်တယ်
"အဖေ ပြောတာကတော့... သူ လာခဲ့တဲ့ နေရာက ဓားကျင့်ကြံသူတွေဟာ စိတ်ဝိညာဉ်ကို ပြုပြင်ထိန်းသိမ်းပြီး ပြိုင်ဘက်ကင်းတဲ့ စိတ်နှလုံး ကို ပျိုးထောင်ထားကြတယ်တဲ့ ဓားပညာ အခြေခံက ချောင်ဖုန်းလောက် မကောင်းနိုင်ပေမဲ့ ဓားသင်္ချိုင်းလှေကား ကို ရောက်တဲ့အခါ ဒီနေရာက ဓားကျင့်ကြံသူတွေထက် အများကြီး ပိုသာတဲ့ စွမ်းအားတွေကို ပြသနိုင်လိမ့်မယ်လို့ ဆိုတယ်"
အနီးအနားက လူငယ်တွေကတော့ သံသယဖြစ်နေကြပါတယ်။
နေရာသေးသေးလေးက ဓားကျင့်ကြံသူက ပြိုင်ဘက်ကင်းတဲ့ စိတ်နှလုံးကို ပျိုးထောင်ထားနိုင်တယ် ဟုတ်လား အဲဒီနေရာက ဓားကျင့်ကြံသူတွေက ချောင်ဖုန်းထက် ပိုကောင်းတဲ့ အခွင့်အရေးတွေ ရနေလို့လား
လုံရွှမ်းရဲ့ စကားကို ကြားတဲ့အခါ မလှမ်းမကမ်းက အသက် ၄၀ ကျော်အရွယ် ဓားကျင့်ကြံသူ တစ်ယောက်ကတော့ မဲ့ပြုံး ပြုံးလိုက်မိပါတယ်။
လုံမိသားစုမှာ ငယ်စဉ်ကတည်းက ကျင့်ကြံလာတဲ့ ဓားကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဒီလူဟာ အခြေခံမရှိတဲ့ ဓားကျင့်ကြံသူ အများကြီးကို တွေ့ဖူးပြီးသားပါ။
သူတို့နဲ့ ယှဉ်ရင်တောင် မယှဉ်နိုင်ကြပါဘူး။
အဲဒီ အခြေခံမရှိသူတွေတောင်မှ နေရာသေးသေးလေးက လာတဲ့ ဓားကျင့်ကြံသူတွေထက် ပိုသန်မာပါသေးတယ်။
သူတို့က ငယ်စဉ်ကတည်းက တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာရတာကြောင့် ရန်သူကို ရင်ဆိုင်တဲ့ အတွေ့အကြုံက အရမ်းမြင့်ပါတယ်။
သူသိသလောက်ဆိုရင် အဲဒီ လီသမက် တောင်မှ ချောင်ဖုန်းဒေသမှာ လှည့်လည်သွားလာတုန်းက ရှုံးနိမ့်မှုတွေ အများကြီး ကြုံခဲ့ရတာပါ။
လုံမိသားစုရဲ့ သမက်ဖြစ်မလာခဲ့ရင် လွတ်လပ်သော မသေမျိုး အဆင့်ကို တက်လှမ်းဖို့တောင် အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။
ဆယ့်ငါးမိနစ်ခန့်အကြာမှာတော့ ဖန့်ချန်ရဲ့ စိတ်ဝိညာဉ်ဟာ ကိုယ်ထဲပြန်ဝင်သွားပြီး တိတ်တဆိတ် ထွက်ခွာလာခဲ့ပါတယ်။
သူက ဓားကို အသုံးမပြုဘဲ လမ်းလျှောက်သွားခဲ့ပါတယ်။
ဒီနေရာမှာ ဓားကျင့်ကြံသူတွေအပေါ် အထင်အမြင်သေးမှုတွေ ရှိနေတာကြောင့် သတင်းစုံစမ်းဖို့အတွက် တာအိုကျင့်ကြံသူ အသွင်နဲ့က ပိုပြီး သင့်တော်ပါလိမ့်မယ်။
နာရီအနည်းငယ် ကြာတဲ့အခါ ဖန့်ချန်ဟာ ခမ်းနားတဲ့ မြို့ကြီးတစ်မြို့ကို ရောက်ရှိသွားပါတယ်။
မြို့ထဲမှာ သတင်းအများဆုံး ရနိုင်တဲ့နေရာဟာ လက်ဖက်ရည်ဆိုင်ပါပဲ။
သူက လူစည်ကားတဲ့ လမ်းမပေါ်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်လိုက်ပြီး နာရီဝက်အတွင်းမှာတင် ဒီမြို့ရဲ့ သတင်းတွေကို သိရှိသွားပါတယ်။
ဒီမြို့ဟာလည်း လုံမိသားစု ပိုင်ဆိုင်တာ ဖြစ်ပေမဲ့ ပထမအိမ်တော် ပိုင်တာ မဟုတ်ဘဲ ဒုတိယအိမ်တော်ရဲ့ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။
လုံမိသားစု အခြေစိုက်တဲ့ နေရာကတော့ ဒီကနေ အလှမ်းဝေးပါသေးတယ်။
လက်ဖက်ရည်ဆိုင်က ဧည့်သည်တွေ အပြောအများဆုံး အကြောင်းအရာကတော့ လုံမိသားစုနဲ့ စုန်းမိသားစုရဲ့ လောင်းကြေးပွဲ ကိစ္စပါပဲ။
တစ်ခါတရံမှာ စုန်းယိ ရဲ့ ကိစ္စကို ပြောကြသူတွေ ရှိပေမဲ့ စုန်းမိသားစုကို ကြောက်ကြတာကြောင့် သိပ်ပြီး အကျယ်တဝင့် မပြောရဲကြပါဘူး။
ဒီလူတွေရဲ့ ပါးစပ်ကနေတစ်ဆင့် ဖန့်ချန် သိလိုက်ရတာက လုံမိသားစုနဲ့ စုန်းမိသားစုရဲ့ လောင်းကြေးပွဲဟာ သူ ထင်ထားတာထက် အများကြီး ပိုကြီးမားနေတာပါ။
ကျုံးကျိုး၊ တိထျန်း၊ ပေတု ဆိုတာတွေက အဲဒီလောင်းကြေးရဲ့ ၁၀ ပုံ ၁ ပုံလောက်ပဲ ရှိတာ ဖြစ်နိုင်ပါတယ်။
'ဒါကြောင့်လည်း လီချန်းစန်းက ဒီကိစ္စကို ဒီလောက် အာရုံစိုက်နေတာကိုး ဒီတစ်ခေါက် ဓားသင်္ချိုင်းလှေကား ယှဉ်ပြိုင်ပွဲက ချောင်ဖုန်းဒေသရဲ့ အင်အားကြီး မိသားစုတွေဖြစ်တဲ့ လုံမိသားစုအတွက် တကယ်ပဲ ရှုံးသွားခဲ့ရင် အထိနာသွားနိုင်တယ်'
ဖန့်ချန် စိတ်ထဲမှာ တွေးနေမိပါတယ်။
"ဧည့်သည်တော်... လက်ဖက်ရည် ထပ်ဖြည့်ပေးရမလားခင်ဗျာ "
အလုပ်သမားလေးက လာမေးပါတယ်။
ဖန့်ချန်က သူ့ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်လုံး ပေးလိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်ပါတယ်။
အလုပ်သမားလေးဟာ ဖန့်ချန်ရဲ့ ရက်ရောမှုကို မြင်တဲ့အခါ ချက်ချင်းပဲ ပိုပြီး ဖော်ရွေသွားပါတော့တယ်။
သူ လက်ဖက်ရည်ဖြည့်ပြီး ထွက်သွားဖို့ ပြင်တဲ့အချိန်မှာ ဖန့်ချန်က မေးလိုက်တယ်
"ကျုပ် ပြီးခဲ့တဲ့ ရက်ပိုင်းက နတ်ဆိုးမတစ်ယောက် နေရာအနှံ့မှာ လူသတ်နေတယ်လို့ ကြားလိုက်တယ် မင်းရော အဲဒီအကြောင်း ကြားဖူးလား "
အလုပ်သမားလေးက ခဏလောက် ကြောင်သွားပြီး စဉ်းစားဟန် ပြုလိုက်ပါတယ်။
ခဏအကြာမှာတော့ သူက တောင်းပန်တဲ့ အမူအရာနဲ့ ခေါင်းခါပြလိုက်တယ်
"ကျွန်တော်က တစ်နေ့ကုန် လက်ဖက်ရည်ဆိုင်ထဲမှာပဲ ရှိနေတာဆိုတော့ အဲဒီကိစ္စကိုတော့ မကြားမိပါဘူးခင်ဗျာ"
ဖန့်ချန်က ခေါင်းညိတ်ပြပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
အလုပ်သမားလေးက ဦးညွှတ်ပြီး ထွက်သွားပါတယ်။
ဖန့်ချန်က အရင်တုန်းက နတ်သမီးယွီ ပေးထားခဲ့တဲ့ အသံပို့အဆောင် ကို ထုတ်ကြည့်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူ သတင်းတွေ အမြဲပို့ခဲ့ပေမဲ့ ဘာအကြောင်းပြန်ချက်မှ မရဘဲ ပျောက်ဆုံးနေခဲ့တာပါ။
သူ ယင်လောကကနေ ဒီနေရာကို ရောက်ရောက်ချင်းမှာလည်း သတင်းအချို့ ပို့ခဲ့ပေမဲ့ ဘာမှ ထူးမလာပါဘူး။
'ချောင်ဖုန်းဒေသရဲ့ နယ်မြေက ကျုံးကျိုးထက် အများကြီး ပိုကျယ်တာပဲ အသံပို့အဆောင်က အတိုင်းအတာ တစ်ခုအထိ ရောက်နိုင်ပေမဲ့ သူမ ရှိနေတဲ့ နေရာအတိအကျကို မသိဘဲနဲ့ ဆက်သွယ်ဖို့ကတော့ တော်တော်လေး ခဲယဉ်းလိမ့်မယ်'
နောက်ထပ် ၇ ရက်၊ ၈ ရက်လောက်အထိ ဖန့်ချန်ဟာ နေ့တိုင်း လက်ဖက်ရည်ဆိုင်ကို လာခဲ့ပြီး အမြဲလာနေကျ ဧည့်သည်တွေနဲ့လည်း ရင်းနှီးသွားပါတယ်။
ဒါပေမဲ့ ရက်ပေါင်းများစွာ စုံစမ်းကြည့်တာတောင် နတ်သမီးယွီရဲ့ သဲလွန်စကို မရရှိခဲ့ပါဘူး။
နတ်သမီးယွီဟာ ချောင်ဖုန်းဒေသမှာ ရှိနေရင်တောင် ဒီနေရာနဲ့ အလှမ်းဝေးနေတာ သေချာပါတယ်။
ဒါ့အပြင် နတ်သမီးယွီရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်တာကလည်း အကြောင်းရင်း တစ်ခုပါ။
တကယ်လို့ သူမသာ လွတ်လပ်သော မသေမျိုး အဆင့်လောက် ရှိရင်တော့ သတင်းတွေက ဒီကို ရောက်နေလောက်ပါပြီ။
'ဟွမ်ချန် နဲ့ ဝမ်ချုံစုန်း တို့ကတော့ နတ်သမီးယွီရဲ့ တည်နေရာကို သိမှာပဲ'
ဖန့်ချန်ကတော့ ရန်သူကို သတိမပေးချင်သေးပါဘူး။
ဒါပေမဲ့ နတ်သမီးယွီရဲ့ လက်ရှိ အခြေအနေကို သူ စိုးရိမ်နေမိပါတယ်။
ဝမ်ချုံစုန်းက သူမကို စမ်းသပ်ချက်တစ်ခုအနေနဲ့ သုံးနေတာ သိသာပါတယ်။
ဆရာကြီးကျိ က ဒီလူ (ဝမ်ချုံစုန်း) မှာ အဆင့် ၃၆ ဆင့်ရှိတဲ့ ကိုယ်ပွားတည်ဆောက်ပုံ ရှိတယ်လို့ ပြောခဲ့ဖူးသလို၊ ဟွမ်ချန်ကတောင် သူ့ကို ခပ်လန့်လန့် ဆက်ဆံတာကို ကြည့်ရင် ဝမ်ချုံစုန်းဟာ မရိုးရှင်းပါဘူး။
သူ့ကို တိုက်ရိုက်သွားရှာဖို့က မလွယ်ပါဘူး။
'အဘိုးရွှင်က ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေတော့ ဟွမ်ချန်ရဲ့ နောက်ခံကို သိနိုင်တယ်'
တောရိုင်းကျောင်းတော် — တောရိုင်းကျမ်းစာဆောင်
"မင်း ဘာလို့ ပြန်ရောက်လာတာလဲ"
အဘိုးရွှင်က ထူးထူးဆန်းဆန်း မေးပါတယ်။
ဖန့်ချန်က စဉ်းစားပြီး တိုးတိုးလေး မေးလိုက်တယ်
"အဘိုးကြီးဆီကနေ လူတစ်ယောက်အကြောင်း စုံစမ်းချင်လို့ပါ"
"ဘယ်သူလဲ ပြောကြည့်ပါဦး အဘိုးကြီး သိမလားလို့"
အဘိုးရွှင်က ခေါင်းညိတ်ပြပါတယ်။
"ဒီလူ့နာမည်က ဟွမ်ချန် ပါ အဘိုးရွှင် ကြားဖူးပါသလား"
ဖန့်ချန်က မေးပါတယ်။
"ဟွမ်ချန် မင်းက သူ့အကြောင်း ဘာလို့ စုံစမ်းတာလဲ သူက ဆင်စိမ်းဂိုဏ်း က ဆင်စိမ်းနတ်မင်း ရဲ့ ညီငယ်ပဲ ဒါ့အပြင် နတ်ဘုရားလမ်းစဉ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ရဲ့ တတိယမြောက် တပည့်လည်း ဖြစ်တယ်"
အဘိုးရွှင်က ပြောပြပါတယ်။
ဆင်စိမ်းဂိုဏ်း
ဖန့်ချန် ချက်ချင်း သဘောပေါက်သွားပါတယ်။
သူ ဒါကို အစောကြီးကတည်းက တွေးမိသင့်တာပါ။
ဟွမ်ချန်ကို ကြည့်လိုက်တာနဲ့ သားရဲမျိုးနွယ် ကျင့်ကြံသူမှန်း သိသာပါတယ်။
ကျုံးကျိုးက သားရဲမျိုးနွယ် မသေမျိုးဘုရင်တွေဟာ အခြေခံအားဖြင့် ဆင်စိမ်းဂိုဏ်းကပဲ ဖြစ်ကြတာပါ။
"တပည့် သွားလိုက်ပါဦးမယ်"
ဖန့်ချန်က လက်အုပ်ချီပြီး ပြန်လှည့်ထွက်သွားပါတယ်။
အဘိုးရွှင်က ဖန့်ချန်ရဲ့ ကျောပြင်ကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်
"ဒီ ဟွမ်ချန် ကလည်း သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတာလား "