← Chapters

အခန်း (၉၈၁-၉၈၂)

Vol. 99 Ch. 981-982

အခန်း (၉၈၁-၉၈၂)

Vol. 99 Ch. 981-982

​အခန်း (၉၈၁) ငါ့ဆရာ ဟွမ်ချန်မသေမျိုးဘုရင်

​"မင်းက ဆင်စိမ်းဂိုဏ်း ကို သူငယ်ချင်းဆီ အလည်သွားမလို့လား ဒါဆိုရင်လည်း မြန်မြန်သွား မြန်မြန်ပြန်လာခဲ့၊ မင်းပြန်လာပြီးရင် ငါတို့ ခွန်လွန်ဓားဂိုဏ်းကို ထွက်ခွာကြဖို့ အချိန်တော်ပြီ"

​ဝမ်ကျိလုံက စဉ်းစားပြီး ပြောလိုက်ပါတယ်။

​ပိုင်ချင်းမင်က အနည်းငယ် ထူးဆန်းနေတဲ့ အမူအရာနဲ့

"မင်းက ဆင်စိမ်းဂိုဏ်းက ကျင့်ကြံသူနဲ့လည်း အဆက်အသွယ် ရှိတာလား ဘယ်သူလဲ"

​"ရွှီဖုန်း ပါ"

​ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

​"အဲဒီလူက ကျီးလျန်နဲ့ အရမ်းနီးစပ်တာ မဟုတ်ဘူးလား ငါမြင်ရသလောက်တော့ မင်းတို့နှစ်ယောက်က သိပ်တည့်ကြတာ မဟုတ်ဘူးထင်တယ်"

​ပိုင်ချင်းမင်က ပိုပြီး ထူးဆန်းသွားပါတယ်။

​"ပြီးခဲ့တဲ့ရက်ပိုင်း လီရှောင်မှာတုန်းက သူနဲ့ စကားစမြည် ပြောဖြစ်ကြတာ တော်တော်လေး အဆင်ပြေသွားလို့ပါ အခု ချောင်ဖုန်းဒေသကို သွားရမှာဆိုတော့ လမ်းခရီးက အမြဲတမ်း ချောမွေ့နေမှာ မဟုတ်ဘူးလေ၊ ဒါကြောင့် သူ့ဆီ သွားတွေ့လိုက်ဦးမယ်"

​ဖန့်ချန်က ရယ်မောရင်း ပြောပါတယ်။

​သူ ထွက်သွားပြီးတဲ့နောက်မှာတော့ ပိုင်ချင်းမင်က မနေနိုင်ဘဲ တိုးတိုးလေး ရေရွတ်နေမိတယ်

"ရွှီဖုန်းနဲ့ စကားပြောလို့ ကောင်းတယ် ဟုတ်လား ဖန့်ညီလေးရဲ့ သူငယ်ချင်း ရွေးချယ်တဲ့ စံနှုန်းကတော့ တကယ်ကို နားလည်ရခက်တာပဲ"

​"ဒီတစ်ခေါက် ချောင်ဖုန်းကို သွားရင် ဖန့်ချန်ကို သေချာစောင့်ကြည့်ဦး သူ့ကို ချောင်ဖုန်းမှာ ဘာမှ အဖြစ်မခံနဲ့"

​ဝမ်ကျိလုံက မှာကြားပါတယ်။

​ပိုင်ချင်းမင်က အသာအယာ ခေါင်းညိတ်ပြတယ်

"တပည့် နားလည်ပါတယ် ဒီခရီးစဉ်မှာ ကျွန်တော်နဲ့ ဖန့်ညီလေးတို့ အစစအရာရာ သတိထားသွားမှာပါ ပြဿနာတွေ အပိုမရှာစေရပါဘူး"

​"ငါက မင်းကို စိတ်မပူပါဘူး သူ့ကိုပဲ နည်းနည်း စိုးရိမ်နေတာ သူ့ရဲ့ စရိုက်အရဆိုရင် ဘယ်သူမှ လာမရှုပ်ရင် သူက ပြဿနာရှာမှာ မဟုတ်ပါဘူး ဒါပေမဲ့ ချောင်ဖုန်းဒေသက ဓားကျင့်ကြံသူတွေအပေါ် ဆက်ဆံပုံက အရမ်းဆိုးဝါးတာလေ၊ တစ်ယောက်ယောက်က တမင်လာနှောင့်ယှက်မှာကိုပဲ ကြောက်တာ"

​ဝမ်ကျိလုံက သက်ပြင်းအသာချလိုက်တယ်

"ငါ့မှာ တပည့် ၃ ယောက်ပဲ ရှိတာ၊ ပထမ ၂ ယောက်က ပါရမီ ထူးချွန်ကြပေမဲ့ လမ်းခုလတ်မှာတင် ဆုံးရှုံးခဲ့ရတယ် အခုလည်း တတိယမြောက် တပည့်ကို ထပ်လက်ခံဖို့ အားအင် မရှိတော့ဘူး ဖန့်ချန်က ငါ့ရဲ့ နောက်ဆုံးပိတ် တပည့် ပဲ နောင်တစ်ချိန်မှာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ ဂုဏ်ဆောင်ဖြစ်လာဖို့က... သူ့အပေါ်မှာပဲ မူတည်နေတော့တယ်"

​"ဒါကတော့ ဂိုဏ်းချုပ် ရှိနေသေးတာပဲလေ"

​ပိုင်ချင်းမင်က ပြုံးပြီး ပြောလိုက်ပါတယ်။

ဝမ်ကျိလုံက ဓားနတ်ဘုရားအို ကွယ်လွန်သွားတာကြောင့် နည်းနည်း စိတ်ဓာတ်ကျနေတာလို့ သူ ထင်နေတာပါ။

​"အဲဒီ ကောင်စုတ်လေးလား တစ်နေကုန် လူတွေကို ကျောပေးပြီး ရပ်နေတတ်တဲ့ကောင် လူသားအားလုံးကို ကျောခိုင်းပြီး ထာဝရ ကောင်းကင်ဧကရာဇ် ဖြစ်မယ်ဆိုတဲ့ကောင်က ဓားဂိုဏ်းရဲ့ ဂုဏ်ကို ဆောင်နိုင်မယ်လို့ မင်း ထင်နေတာလား "

​ဝမ်ကျိလုံက လက်ခါပြလိုက်တယ်

"အဓိပ္ပာယ် မရှိတာတွေ"

​"အဖေ... ကျွန်တော့်ကို အဲဒီလို ပြောလိုက်တာကတော့ ကျွန်တော့်စိတ်ထဲမှာ သိပ်မကျေနပ်ဘူးနော်"

​ခန်းမအပြင်ဘက်မှာ လူရိပ်တစ်ခုရဲ့ ကျောပြင် ပေါ်လာပါတယ်။

​ပိုင်ချင်းမင် ဒါကို မြင်တဲ့အခါ ချက်ချင်းပဲ အလိုက်တသိနဲ့ နှုတ်ဆက်ပြီး ထွက်ခွာသွားပါတော့တယ်။

သူ သိပ်မဝေးတဲ့ နေရာကို ရောက်တဲ့အခါ အနောက်ဘက်ကနေ ဓားချီတွေ လွင့်ပျံလာတာကို ခံစားလိုက်ရပြီး၊ ဝမ်ချုံစုန်းရဲ့ နာကျင်စွာ အော်ဟစ်သံကိုလည်း ကြားလိုက်ရသလိုလို ရှိတာကြောင့် မနေနိုင်ဘဲ ခေါင်းခါရင်း ရယ်မောမိပါတယ်။

​"ဖန့်ချန်က ငါ့ဆီကို အလည်လာမလို့ ဟုတ်လား "

​ရွှီဖုန်းက သတင်းကြားတဲ့အခါ ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။

​သူနဲ့ ဖန့်ချန်ကြားမှာ ဆက်ဆံရေးက အဲဒီလောက်ကြီး မနက်ရှိုင်းပါဘူး၊ လီရှောင်ကိစ္စမှာမှ အရင်က အဆင်မပြေတာတွေကို ဖြေရှင်းနိုင်ခဲ့ကြတာပါ။

​ဒါပေမဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့ နေရာကနေ သူ့ဆီကို တကူးတက အလည်လာရလောက်တဲ့အထိတော့ မဟုတ်ဘူး မဟုတ်လား

​"အစ်ကို... အခု အစ်ကိုပြောတာ ဖန့်ချန်လား ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ ဖန့်ဓားဦးဆောင်သူလား "

​ရွှီဖုန်းရဲ့ ဘေးမှာ အမျိုးသမီး ကျင့်ကြံသူ တစ်ယောက် ရပ်နေပါတယ်။

သူမရဲ့ မျက်လုံးတွေက တောက်ပနေပြီး ရွှီဖုန်းကို အနည်းငယ် ရင်ခုန်စွာနဲ့ လှမ်းကြည့်နေပါတယ်။

​"ဟုတ်တယ်လေ"

​ရွှီဖုန်းက ကြောင်တောင်တောင်နဲ့ ခေါင်းညိတ်ပြပါတယ်။

​ရွှီယင်း က အံ့ဩဝမ်းသာသွားတယ်

"အစ်ကိုက ဖန့်ဓားဦးဆောင်သူနဲ့တောင် အဆက်အသွယ် ရှိတာလား ကျွန်မတို့ ကျင်ဖုန်းတောင်ထွတ် က ညီအစ်မတွေ အခုတလော ဖန့်ဓားဦးဆောင်သူအကြောင်းပဲ အမြဲပြောနေကြတာ"

"သူက နိမ့်ကျတဲ့ နေရာကနေ ဆင်းသက်လာပေမဲ့ ထူးခြားတဲ့ ပါရမီ ရှိတယ်ဆိုတာ ကြားဖူးတယ် အချိန်တိုအတွင်းမှာတင် သူ့ရဲ့ မျိုးဆက်တူတွေကြားမှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ရုံတင်မကဘူး သူ့ထက် မျိုးဆက်တစ်ဆက်ကြီးတဲ့ ကျင့်ကြံသူတွေတောင် သူ့ကို မယှဉ်နိုင်ကြဘူးတဲ့"

​"မျိုးဆက်တစ်ဆက်တင် ဘယ်ကမလဲ အသက်အတော်များများ ကြီးတဲ့ ကျင့်ကြံသူတွေတောင် သူ့ကို မယှဉ်နိုင်ကြတာပါ"

​ရွှီဖုန်းက ထူးဆန်းတဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်။

​လီရှောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို သူတို့အားလုံးက အပြင်ကို လျှောက်မပြောဖို့ ဆုံးဖြတ်ထားကြတာပါ။

ဒါကြောင့် သူ့ရဲ့ ဖခင်ဖြစ်တဲ့ ကျင်ဖုန်းမသေမျိုးဘုရင် တောင်မှ အခြေအနေအသေးစိတ်ကို မသိပါဘူး။

​အခု သူ့အမြင်အရဆိုရင် ဖန့်ချန်သာ အလိုရှိမယ်ဆိုရင် သူ့အဖေတောင်မှ ခေါင်းငုံ့ အရှုံးပေးရမှာပါ။

​"ဂျူနီယာညီလေး... ခုနက မင်းတို့ ဖန့်ချန်အကြောင်း ပြောနေတာ ငါ ကြားလိုက်သလိုပဲ "

​လူရိပ်တစ်ခု အသာအယာ လမ်းလျှောက်လာပါတယ်။

​"စီနီယာအစ်ကိုကြီး... ဖန့်ဓားဦးဆောင်သူက ကျုပ်တို့ ဆင်စိမ်းဂိုဏ်း ကို လာပြီး ကျွန်မအစ်ကိုနဲ့ စကားစမြည် ပြောဖို့ လာနေတာပါ"

​"ဒီလို ကိစ္စမျိုးတောင် ရှိတာလား ဒါဆိုရင်တော့ သေချာ ပြင်ဆင်ထားမှ ဖြစ်မယ် ဘာပဲဖြစ်ဖြစ် သူက ဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူပဲလေ ကျုပ်တို့ကတော့ လူတကာ ရှေ့မှာ အရှက်မကွဲစေရဘူး"

​မကြာခင်မှာပဲ ရွှီယင်းရဲ့ ဝါဒဖြန့်မှုကြောင့် ကျင်ဖုန်းတောင်ထွတ် တင်မကဘဲ ဆင်စိမ်းဂိုဏ်းရဲ့ တောင်ထွတ်အသီးသီးက တပည့်တွေပါ ဒီသတင်းကို ကြားသွားကြပါတယ်။

အားလုံးက အဲဒီ ဖန့်ဓားဦးဆောင်သူကို တွေ့ဖို့အတွက် ဆူညံနေကြပါတော့တယ်။

​ဟွမ်ချန်တောင်ထွတ်

​ဆင်စိမ်းဂိုဏ်းမှာဆိုရင် ဟွမ်ချန်တောင်ထွတ်က တပည့်အနည်းဆုံးပါပဲ။

ဒီတောင်ထွတ်မှာ ကျင့်ကြံတဲ့သူတွေကတော့ အခြေခံအားဖြင့် တွားသွားသတ္တဝါအမျိုးအစား သားရဲကျင့်ကြံသူတွေ ဖြစ်ကြပါတယ်။

​"မင်းပြောပုံအရဆိုရင် ဖန့်ချန် ဆိုတဲ့ ကောင်လေးက ဆင်စိမ်းဂိုဏ်းကို လာပြီး ရွှီဖုန်းနဲ့ စကားစမြည် ပြောဖို့ လာနေတာပေါ့ "

​ဟွမ်ချန်က တစ်ခုခုကို စဉ်းစားနေပုံရပါတယ်။

​"ဆရာ... တပည့်ကပဲ ထွက်ပြီးတော့ သူ ဘာရည်ရွယ်ချက်နဲ့ လာတာလဲဆိုတာကို သွားစုံစမ်းကြည့်ရမလား "

​ဟွမ်ချန်ရဲ့ ရှေ့မှာ လူငယ်တစ်ယောက် ရပ်နေပါတယ်။

တကယ်လို့ ဖန့်ချန်သာ ဒီမှာရှိရင် ဒီလူဟာ တောရိုင်းကျောင်းတော်က တပည့်တစ်ယောက် ဖြစ်သလို နိမိတ်ဖတ်ဆရာ တစ်ယောက်ဖြစ်တဲ့ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေတာကို မှတ်မိမှာပါ။

​"အော် မင်းလည်း သူက ရွှီဖုန်းနဲ့ တကယ် စကားလာပြောတာ မဟုတ်ဘူးလို့ ထင်နေတာလား "

​ဟွမ်ချန်က အေးအေးဆေးဆေး ပြုံးပြီး မေးလိုက်ပါတယ်။

​လူငယ်က ခဏလောက် စဉ်းစားပြီး ခေါင်းခါပြတယ်

"ရွှီဖုန်းက အခုထိ ဝိညာဉ်သန္ဓေသားအဆင့် တောင် မရောက်သေးဘူး ဖန့်ချန်က သူ့ဆီ ဘာလာစကားပြောမှာလဲ ဒီကောင်လေးက ဆရာ ရှိနေတာကို ရိပ်မိသွားပြီး ဆရာ့ဆီကို ဦးတည်လာတာလားလို့ ကျွန်တော် သံသယရှိမိတယ်"

​"သူက ရွှီဖုန်းနဲ့ စကားပြောဖို့ လာတာ မဟုတ်နိုင်ပေမဲ့ ငါ့ဆီကို ဦးတည်လာဖို့ကတော့ ပိုပြီး မဖြစ်နိုင်ဘူး"

​ဟွမ်ချန်က ပြုံးရင်း

"ငါက ဒီနှစ်တွေအတွင်းမှာ သတိထားပြီး နေထိုင်လာတာ ဒီကောင်လေးနဲ့ တစ်ခါမှတောင် မဆုံဖူးဘူး သူက ဘာလို့ ငါ့ဆီကို လာမှာလဲ တခြား ရည်ရွယ်ချက် ရှိရင် ရှိလိမ့်မယ် ဒါပေမဲ့...

​"ဒါက ငါတို့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တယ် လီရှောင်မှာ ပေါ်လာတဲ့ အဲဒီလူ (၂) ယောက်က သူ့နောက်ကို အမြဲတမ်း လိုက်နေမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"

" အဲဒီနှစ်ယောက်က ဝိညာဉ်သုတ်သင်ရေးဌာနက ခေါ်လာတဲ့ ကူညီသူတွေ ဖြစ်နိုင်ပြီး လူတွေကို မျက်စိလည်အောင် တမင် သရုပ်ဆောင်ပြခဲ့တာ ဖြစ်မှာပါ"

​"ဆရာ ပြောတာ အမှန်ပါပဲ"

​လူငယ်က အသာအယာ ခေါင်းညိတ်ပါတယ်။

​"မင်းလည်း အဲဒီအချိန်ကျရင် သူ့ကို သွားတွေ့လိုက်ဦး၊ တကယ်လို့ ဒုတိယအဆင့် ဆေးလုံး က သူ့ဆီမှာ ရှိနေရင် ဘာပဲဖြစ်ဖြစ် ပြန်ယူရမယ်"

​ဟွမ်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​ရွှီဖုန်းက သတင်းရရချင်းမှာတင် တောင်တံခါးဝကို စောစောစီးစီး လာစောင့်နေပါတယ်။

သူ့ရဲ့ဘေးမှာတော့ ရွှီယင်းလည်း ပါလာပါတယ်။

​သူတို့နှစ်ယောက် သိပ်မစောင့်လိုက်ရခင်မှာပဲ ကောင်းကင်ယံကနေ ဓားအလင်းတန်းတစ်ခု အရှိန်အဟုန်နဲ့ ပျံသန်းလာတာကို မြင်လိုက်ရပါတယ်။

သူတို့ ဓားအလင်းတန်းကို မြင်လိုက်တဲ့ ခဏမှာတင် လူက သူတို့ရှေ့ကို ရောက်နေပါပြီ။

​"ရွှီမိတ်ဆွေ"

​ဖန့်ချန်က ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ်။

​"ဖန့်မိတ်ဆွေ"

​ရွှီဖုန်းက ပြန်လည်နှုတ်ဆက်ရင်း သူ့စိတ်ထဲက သံသယတွေကို ဖိနှိပ်ကာ ဘေးက ရွှီယင်းကို ညွှန်ပြလိုက်တယ်

"ဒါက ကျွန်တော့်ညီမ ရွှီယင်း ပါ ဖန့်မိတ်ဆွေ လာမယ်ဆိုတာ ကြားတော့ သူက ကျွန်တော်နဲ့အတူ လိုက်ကြိုချင်တယ်ဆိုပြီး ဇွတ်လိုက်လာတာ"

​ရွှီယင်းရဲ့ မျက်နှာလေးက နီမြန်းသွားပြီး ရှက်ကိုးရှက်ကန်းနဲ့

"ကျွန်မ ဖန့်ဓားဦးဆောင်သူကို နှုတ်ဆက်ပါတယ်ရှင်"

​"ရွှီညီမလေး"

​ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပါတယ်။

​"ဖန့်မိတ်ဆွေ ခင်ဗျားလာမယ်ဆိုတာ သိတော့ ဆင်စိမ်းဂိုဏ်းက လူငယ်တပည့် အများအပြားက ခင်ဗျားကို တွေ့ချင်နေကြတယ် အခုလည်း ကျင်ဖုန်းတောင်ထွတ်မှာ စောင့်နေကြတယ် ခင်ဗျား စိတ်မရှိဘူးမလား "

​ရွှီဖုန်းက အကဲခတ်ရင်း မေးလိုက်ပါတယ်။

​"ရပါတယ်"

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။

​ရွှီဖုန်း စိတ်အေးသွားပါတယ်။

ဒီလူက သားရဲမျိုးနွယ်တွေကို မမုန်းတီးဘူးဆိုရင် အဆင်ပြေပါတယ်။

သားရဲမျိုးနွယ်တွေကို မုန်းရင် သားရဲကျင့်ကြံသူ (၃) ယောက်ကို တပည့်အဖြစ် ဘယ်လက်ခံပါ့မလဲ

​ဒါကို တွေးမိရင်းနဲ့ ရွှီဖုန်းရဲ့ မျက်နှာမှာ အပြုံးတွေ ပေါ်လာပြီး

"ဖန့်မိတ်ဆွေ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါဦး"

​သူတို့ သုံးယောက် ကျင်ဖုန်းတောင်ထွတ်ဆီကို ပျံသန်းသွားကြပါတယ်။

လမ်းမှာတော့ ရွှီယင်းက ဖန့်ချန်နဲ့ တဖြည်းဖြည်း ရင်းနှီးလာပါတယ်။

ဖန့်ချန်ဟာ စိတ်ထားနူးညံ့ပြီး မေးသမျှကို ဖြေပေးသလို၊ သူမ တွေ့ဖူးတဲ့ တခြား ပါရမီရှင်တွေလို မာနမကြီးတာကို တွေ့လိုက်ရတဲ့အခါ သူမက ပိုပြီးတော့ ရင်းရင်းနှီးနှီး ပြောဆိုလာပါတော့တယ်။

​ကျင်ဖုန်းတောင်ထွတ်ကို ရောက်တဲ့အခါ ရွှီယင်းဟာ ရွှီဖုန်းထက်တောင် ဖန့်ချန်နဲ့ ပိုပြီး ရင်းနှီးနေပုံ ပေါ်နေပါတယ်။

​"ညီမလေး... နင် ဖန့်မိတ်ဆွေ ကို နင့်ရဲ့ ကျင့်ကြံဖော် အဖြစ် စဉ်းစားနေတာတော့ မဟုတ်ဘူးမလား အဲဒီအတွေးကို မြန်မြန် ဖျောက်ပစ်လိုက်စမ်း"

​ရွှီဖုန်းက ထူးဆန်းတဲ့ အမူအရာနဲ့ စိတ်ချင်းဆက်သွယ်ပြီး သတိပေးလိုက်ပါတယ်။

​"ဘာလို့ မရရမှာလဲ "

​ရွှီယင်းက ရွှီဖုန်းကို တစ်ချက်ကြည့်ပြီး မကျေမနပ် ပြောလိုက်ပါတယ်။

​"ဘာပဲဖြစ်ဖြစ် မရဘူးဆို မရဘူးပဲ"

​ရွှီဖုန်းက ဘယ်လို ရှင်းပြရမှန်း မသိတာကြောင့် လက်ခါပြပြီး ပြီးစလွယ် ပြောလိုက်ပါတယ်။

​အခု သူသိထားတဲ့ ဖန့်ချန်ရဲ့ အကြောင်းတွေအရဆိုရင် ဒီလူ လုပ်နေတဲ့ ကိစ္စတွေက အရမ်းကို နက်နဲလွန်းပါတယ်။

ရွှီယင်းကို ဒီလို အန္တရာယ်များတဲ့ လှေပေါ် မတင်ချင်ပါဘူး၊ လှေမှောက်သွားရင် သူတို့အားလုံး ဒုက္ခရောက်ကုန်မှာပါ။

​အဲဒီအချိန်မှာ ဆင်စိမ်းဂိုဏ်းက ကျင့်ကြံသူတစ်စုက သူတို့သုံးယောက်ကို မြင်တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။

​ရှေ့ဆုံးက ကျင့်ကြံသူအချို့ဟာ ကျင့်ကြံခြင်းအဆင့် မနိမ့်ကြပါဘူး။

အဲဒီထဲက တစ်ယောက်က ဖန့်ချန်ကို ပြုံးကာ ပြောလိုက်ပါတယ်

​"ဖန့်မိတ်ဆွေ ကျွန်တော့်နာမည်က ရွှီရွေ့နျန် ပါ ကျွန်တော့်ရဲ့ ဆရာကတော့ ဟွမ်ချန်မသေမျိုးဘုရင် ပါပဲ"

​ရွှီရွေ့နျန်ရဲ့ မျက်လုံးအစုံထဲမှာတော့ နက်နဲတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေပါတယ်။

​"ဟင်လင်းပြင်ထာဝရဓားဂိုဏ်း က ဖန့်ချန် ပါ ရွှီအစ်ကို ကို တွေ့ရတာ ဝမ်းသာပါတယ်"

​ဖန့်ချန်ရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်ခု ပေါ်လာပါတယ်။

သူ့ရဲ့ မျက်လုံးအစုံထဲမှာလည်း နက်နဲတဲ့ အဓိပ္ပာယ်တွေ အပြည့်ပါပဲ။

​အခန်း (၉၈၂) တွေ့ရတာက နာမည်ကြီးတာထက် မသာဘူး

​အားလုံးက တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးတဲ့နောက် ပိုပြီးရင်းနှီးသွားကြသလို ခံစားရတာကြောင့် နေရာယူလိုက်ကြပြီး လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုကြပါတယ်။

​ရွှီဖုန်းကတော့ တစ်ခုခု မှားနေသလို အမြဲခံစားနေရတာကြောင့် တိုးတိုးလေး စိတ်ချင်းဆက်သွယ်ပြီး မေးလိုက်တယ်

"ဖန့်မိတ်ဆွေ... ခင်ဗျား ဒီကိုလာတာ ကျွန်တော့်ဆီ အလည်လာတာအပြင် တခြားလုပ်စရာ ကိစ္စရှိသေးလို့လား"

​"မရှိပါဘူး၊ ခင်ဗျားဆီ အလည်လာတာလေ၊ မရဘူးလား"

​ဖန့်ချန်က ပြုံးပြီး ရွှီဖုန်းကို တစ်ချက်ကြည့်လိုက်ပါတယ်။

​"ဒါကတော့ ရတာပေါ့..."

​ရွှီဖုန်းက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းညိတ်ပြပေမဲ့ စိတ်ထဲမှာတော့ သံသယတွေ တရစပ် ဖြစ်ပေါ်နေပါတယ်။

​မလှမ်းမကမ်းမှာတော့ လူလတ်ပိုင်း အမျိုးသားတစ်ယောက် ရပ်နေပြီး ထက်ရှတဲ့ အကြည့်တွေနဲ့ ဟိုးအဝေးက မြင်ကွင်းတွေကို အကုန်လုံး မြင်နေရပါတယ်။

​"မောင်ကြီး... ဘာဖြစ်လို့လဲ"

​အမျိုးသမီးတစ်ယောက်က ထိုလူလတ်ပိုင်း အမျိုးသားဘေးကို လျှောက်လာပြီး တိုးတိုးလေး မေးပါတယ်။

​လူလတ်ပိုင်း အမျိုးသားရဲ့ မျက်နှာက အနည်းငယ် တည်ကြည်နေတယ်

"ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူက ဖုန်းအာ (ရွှီဖုန်း) ဆီကို ရောက်နေတယ်"

​"ဟင်လင်းပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူ အဲဒီ ဖန့်ချန် လား"

​အမျိုးသမီးက ခဏလောက် ကြောင်သွားပြီးမှ ပြုံးလိုက်တယ်

"သူက ဖုန်းအာနဲ့လည်း အဆက်အသွယ် ရှိတာလား ကြည့်ရတာ ဖုန်းအာလည်း တကယ်ပဲ ကြီးပြင်းလာပြီ ထင်တယ်၊ ဒီလို ပါရမီရှင်မျိုးနဲ့တောင် မိတ်ဆွေဖွဲ့နိုင်နေပြီ"

​"ကြီးပြင်းလာပြီ ဟုတ်လား သူက ရွှေအမြုတေအဆင့် ရောက်နေတာ ကြာလှပြီ၊ အစောကြီးကတည်းက ကြီးပြင်းလာတာပါ ဒါပေမဲ့..."

​လူလတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်လိုက်တယ်

"သူ့ကို ဖန့်ချန်နဲ့ သိပ်ပြီး မနီးစပ်စေချင်ဘူး ဒီကောင်လေးက ကံကြမ္မာ အကျိုးအကြောင်း တွေနဲ့ အရမ်းပတ်သက်နေတယ် ငါ့အတွက်တော့ ခံစားချက် သိပ်မကောင်းဘူး"

​"ဘာလို့လဲ ကျွန်မ ကြားတာတော့ ဒီဖန့်ဓားဦးဆောင်သူက ကောင်းကင်က ပေးတဲ့ ပါရမီရှင်တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဓားစိန်ခေါ်ခြင်းခြင်းလမ်းစဉ် ကို လျှောက်လှမ်းပြီး ခွန်လွန်ဓားဂိုဏ်းက ဓားကျင့်ကြံသူတွေကို စကားမပြောနိုင်အောင် လုပ်ခဲ့တယ်ဆို"

​အမျိုးသမီးက ပြုံးပြီး ဆက်ပြောတယ်

"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အရမ်းမြန်တာပဲ အရင်က ဖုန်းအာလောက်တောင် မမြင့်ဘူး မဟုတ်လား အခု ဖုန်းအာက ရွှေအမြုတေအဆင့်မှာပဲ ရှိသေးပေမဲ့ သူကတော့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကို ရောက်နေပြီ"

​"အဲဒါကြောင့်ပဲ ဖုန်းအာကို သူ့နဲ့ မနီးစပ်စေချင်တာ"

​"ကိုးဆက်မြောက်ဘုရင်နန်းတော် က အဲဒီလူကလည်း ပါရမီရှင်လို့ ပြောလို့ရပေမဲ့ ဖန့်ချန်ကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ဘူး ဖုန်းအာက နဝမမင်းသား နဲ့ ဆက်ဆံတာက အကျိုးရှိပေမဲ့ ဖန့်ချန်နဲ့ ဆက်ဆံရင်တော့ ဘေးဒုက္ခတွေ ကြုံရမှာကို ကြောက်တယ်"

​လူလတ်ပိုင်း အမျိုးသားက သက်ပြင်းချလိုက်တယ်

"ပြီးခဲ့တဲ့ရက်ပိုင်း လီရှောင်ကိစ္စကို မင်း ကြားပြီးပြီလား ကိုင်ဟွမ် မှာ သားနှစ်ယောက်ပဲ ရှိတာ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပြီ တစ်ယောက်က ဖန့်ချန်ရဲ့ လက်ချက်နဲ့ သေတာတောင် အခုထိ ကိုင်ဟွမ် က ဘာမှ မပြောရဲဘူး ဒီကိစ္စက နေရာတိုင်းမှာ ထူးဆန်းမှုတွေ ရှိနေတယ်..."

​"ကြားမိပါတယ် ကောင်းကင်ဘုရင်ကျန့် က ဘာမှမပြောတာကလည်း သူတို့ဘက်က မှားနေလို့ ဖြစ်မှာပါ ဘာပဲဖြစ်ဖြစ် ကိုင်ဝူ နဲ့ ယွီမိသားစုက သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်မှု အရမ်းနက်ရှိုင်းနေတာဆိုတော့ သေတာကလည်း ထိုက်တန်ပါတယ်"

​အမျိုးသမီးက တိုးတိုးလေး ပြောပါတယ်။

​"သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်မှု နက်ရှိုင်းတာက... ကောင်းတဲ့အချက် ဖြစ်နိုင်သလို မကောင်းတာလည်း ဖြစ်နိုင်တယ်"

​လူလတ်ပိုင်း အမျိုးသားရဲ့ မျက်နှာက ရှုပ်ထွေးသွားပါတယ်။

​"မောင်ကြီးက ဘာလို့ အဲဒီလို ပြောတာလဲ"

​အမျိုးသမီးက အံ့ဩတကြီး မေးလိုက်ပါတယ်။

​"မင်း မကြားဖူးတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ် သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က... ကျုံးကျိုးက ဘယ်ဂိုဏ်းနဲ့မှ မနှိုင်းယှဉ်နိုင်ဘူး သူတို့ရဲ့ လုပ်ရပ်တွေက အရမ်း ယုတ်မာလွန်းလို့သာ မသေမျိုးဘုရင် အတော်များများက အခုထိ သူတို့ရဲ့ ရပ်တည်ချက်ကို လူသိရှင်ကြား မထုတ်ဖော်ရဲကြတာ"

"တကယ်တော့... ငါသိထားသလောက် သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ မသေမျိုးဘုရင်တွေဟာ ၂၀ ထက်မနည်းဘူး"

​လူလတ်ပိုင်း အမျိုးသားက ပြောပြပါတယ်။

​အမျိုးသမီးရဲ့ မျက်နှာက ချက်ချင်းပဲ တည်ကြည်သွားပါတယ်။

သူမဟာ ဒီနေ့ကျမှ သူမရဲ့ ခင်ပွန်းဆီကနေ ဒီသတင်းကို ကြားလိုက်ရတာပါ။

​သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေခံက ဒီလောက်တောင် ခိုင်မာတာလား

​"သူ ထွက်သွားပြီးရင် ဖုန်းအာကို ငါ့ဆီ လွှတ်လိုက်ဦး၊ ငါ သူ့ကို သေသေချာချာ စကားပြောရမယ်"

​လူလတ်ပိုင်း အမျိုးသားက မှာကြားလိုက်ပါတယ်။

အမျိုးသမီးကလည်း အသာအယာ ခေါင်းညိတ်ပြပါတယ်။

​နောက်တစ်နေ့မှာတော့ ဖန့်ချန်က နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ပါတယ်။

ရွှီယင်းဟာ ဖန့်ချန်က တစ်ရက်ပဲ နေတာကို တွေ့တော့ စိတ်ထဲမှာ မပျော်မရွှင် ဖြစ်သွားပြီး ရွှီဖုန်းကို မျက်ရိပ်ပြကာ ဖန့်ချန်ကို ထပ်မံဆွဲထားဖို့ အချက်ပြပါတယ်။

​ရွှီဖုန်းကတော့ ဘယ်လိုလုပ် ဆွဲထားပါ့မလဲ သူက ဖန့်ချန်ကို မြန်မြန် ပို့လိုက်ချင်နေတာပါ။

ဒီကိစ္စက နေရာတိုင်းမှာ ထူးဆန်းနေတယ်လို့ သူ ခံစားနေရလို့ပါ။

​"ဖန့်မိတ်ဆွေ... နောက်တစ်ခေါက် အားရင် လာလည်ဦးနော်"

​ရွှီဖုန်းက လက်ပြနှုတ်ဆက်လိုက်ပါတယ်။

​ဖန့်ချန်က ပြုံးပြီး လက်အုပ်ချီကာ ဓားအသွင်ပြောင်းခြင်းအတတ် ကို အသုံးပြုပြီး ကောင်းကင်ယံမှာ ပျောက်ကွယ်သွားပါတော့တယ်။

​"ဟော... ဒါ ဖန့်မိတ်ဆွေ မဟုတ်လား ဘာလို့ ဒီနေ့တင် ပြန်သွားတာလဲ ဆင်စိမ်းဂိုဏ်းမှာ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်မနေတော့ဘူးလား "

​ရောင်စဉ်တန်းတစ်ခု အဝေးကနေ ပျံသန်းလာပြီး ဖန့်ချန်ရဲ့ ရှေ့မှာ ပေါ်လာပါတယ်။

ရောင်စဉ်တန်းတွေ ပျောက်ကွယ်သွားတဲ့အခါ ရွှီရွေ့နျန် ရဲ့ ပုံရိပ် ပေါ်လာပြီး သူက အံ့ဩဟန် ပြုလိုက်ပါတယ်။

​"ရွှီအစ်ကို... ကျုပ်မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ ဆင်စိမ်းဂိုဏ်းမှာ တစ်ရက်ပဲ နေနိုင်တာပါ နောက်တစ်ခေါက် ကံပါရင် ပြန်တွေ့ကြတာပေါ့"

​ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်ပြကာ ထွက်ခွာဖို့ ပြင်ပါတယ်။

​ရွှီရွေ့နျန်က ဖန့်ချန် ထွက်သွားတာကို ကြည့်နေပြီး တားဆီးခြင်း မပြုပါဘူး။

ဒါပေမဲ့ သူက ဖန့်ချန်ကို တစ်ခုခု စဉ်းစားနေတဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။

ဖန့်ချန်ရဲ့ ဓားအလင်းတန်းက ကောင်းကင်ယံမှာ ပျောက်ကွယ်တော့မယ့် အချိန်မှာတင် ရွှီရွေ့နျန်က ရုတ်တရက် သူ့ရဲ့ ဝတ်ရုံစကို အသာအယာ ဝှေ့ယမ်းလိုက်ပါတယ်။

​စကြဝဠာထဲက ဝိညာဉ်စွမ်းအားတွေဟာ ချက်ချင်းပဲ ဆူပွက်လာပြီး ခဏချင်းမှာတင် ဖန့်ချန်ဟာ မီးပင်လယ်ကြီးရဲ့ ဝိုင်းရံခြင်းကို ခံလိုက်ရပါတယ်။

​ဒီမီးရဲ့ စွမ်းအားတွေက မရိုးရှင်းပါဘူး။

စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူတွေ နေနေသာသာ၊ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် နည်းနည်း ထိလိုက်တာနဲ့ ဝိညာဉ်စွမ်းအား အကာအကွယ်တွေဟာ ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

​ဖန့်ချန်ရဲ့ မျက်လုံးတွေ အေးစက်သွားပြီး ဖြည်းညင်းစွာ ပြန်လှည့်ကြည့်လိုက်တဲ့အခါ၊ မီးပင်လယ်ထဲကနေ လမ်းလျှောက်လာတဲ့ ရွှီရွေ့နျန်ကို တွေ့လိုက်ရပါတယ်။

​"ရွှီမိတ်ဆွေ... ဒါက ဘာသဘောလဲ "

​ဖန့်ချန်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။

​"ဖန့်မိတ်ဆွေ... လီရှောင်တိုက်ပွဲမှာ ဒုတိယအဆင့် သွေးဝိညာဉ်နတ်ဆေးလုံး က ခင်ဗျားလက်ထဲ ရောက်သွားတယ်လို့ ကြားမိတယ်"

"ခင်ဗျားက ဝိညာဉ်သုတ်သင်ရေးဌာန က ကျင့်ကြံသူဆိုတော့ သွေးဝိညာဉ်ဂိုဏ်းရဲ့ လုပ်ရပ်တွေကို မနှစ်မြို့မှာ သေချာပါတယ် အဲဒီတော့ ခင်ဗျားလည်း ဒီဆေးလုံးကို သောက်မှာ မဟုတ်ဘူး မဟုတ်လား ဒါကြောင့် ဒီဆေးလုံးကို ကျုပ်ဆီ ရောင်းပေးလို့ ရမလား"

​ရွှီရွေ့နျန်က ပြုံးပြီး နှုတ်ဆက်လိုက်တယ်

"တာအိုပေါင်းစပ်ခြင်းအဆင့် ကိုးဆင့်မှာ ကျုပ်က ခုနစ်ဆင့်ကို ဖြတ်ကျော်ပြီးပြီ ကျန်တဲ့ နှစ်ဆင့်ကို ဖြတ်ကျော်ဖို့ကတော့ တကယ်ကို ယုံကြည်မှု မရှိဘူး တကယ်လို့ သွေးဝိညာဉ်နတ်ဘုရားဆေးလုံးရဲ့ အကူအညီသာ ရမယ်ဆိုရင် ဒီအဆင့်ကို အလွယ်တကူ ကျော်ဖြတ်ပြီး ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကို ရောက်နိုင်မှာပါ ဖန့်မိတ်ဆွေ အနေနဲ့ ကူညီပေးပါဦး"

​"ရွှီမိတ်ဆွေ... ခင်ဗျားက ဆင်စိမ်းဂိုဏ်းရဲ့ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဒီသွေးဝိညာဉ်နတ်ဆေးလုံးကို သောက်မယ်ဆိုရင် သွေးဝိညာဉ်ဂိုဏ်းကို အားပေးရာ မရောက်ဘူးလား "

​ဖန့်ချန်ရဲ့ မျက်နှာက ညိုမှောင်သွားတယ်

"ဒုတိယအဆင့် သွေးဝိညာဉ်နတ်ဆေးလုံးက ကျုပ်ဆီမှာ မရှိတော့တာ ကြာပြီ ခင်ဗျား လူမှားရှာနေပြီ ထင်တယ် ခင်ဗျားရဲ့ နည်းလမ်းတွေကို အခုချက်ချင်း ရုပ်သိမ်းလိုက်ပါ ဒီနေ့ ကိစ္စကို ကျုပ်က နားလည်မှုလွဲတာလို့ပဲ သဘောထားပြီး ခင်ဗျားကို အပြစ်ရှာမှာ မဟုတ်ဘူး"

​"ခင်ဗျားဆီမှာ မရှိတော့ဘူး ဟုတ်လား..."

​ရွှီရွေ့နျန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် အသာအယာ ခေါင်းခါပြတယ်

"ကျုပ်ကတော့ သိပ်မယုံဘူး ဖန့်မိတ်ဆွေက ခင်ဗျားဆီက သိုလှောင်လက်စွပ်ကို ထုတ်ပေးပြီး ကျုပ်ကို အစစ်ဆေးခံမယ်ဆိုရင်တော့ တစ်မျိုးပေါ့"

​"ဒါဆို ရွှီမိတ်ဆွေက လူသတ်ပြီး ပစ္စည်းလုဖို့ ကြံစည်နေတာပေါ့"

​ဖန့်ချန်က ရုတ်တရက် ရယ်မောလိုက်တယ်

"တကယ်လို့ ဒီကိစ္စကို ဟင်လင်းပြင်ထာဝရဓားဂိုဏ်းနဲ့ တောရိုင်းကျောင်းတော်က သိသွားရင် ဆင်စိမ်းဂိုဏ်းက ခင်ဗျားကို ကာကွယ်ပေးနိုင်ပါ့မလား"

​"ကျုပ်က ဒီနေရာကို ပိတ်ဆို့ထားပြီးသား ဒီနေ့ဖြစ်တဲ့ ကိစ္စကို ဘယ်သူမှ သိမှာ မဟုတ်ဘူး"

​ရွှီရွေ့နျန်က အေးအေးဆေးဆေး ပြုံးလိုက်တယ်

"တကယ်လို့ ဖန့်မိတ်ဆွေက အဲဒီ ဒုတိယအဆင့် သွေးဝိညာဉ်နတ်ဘုရားဆေးလုံးကို မထုတ်ပေးချင်ဘူးဆိုရင်တော့ ကျုပ်ကလည်း ဒီနေ့ ခင်ဗျားကို အသက်ရှင်လျက် ထွက်သွားခွင့် ပေးလို့ မရတော့ဘူး"

​မီးပင်လယ်ကြီးဟာ တစ်ခဏချင်းမှာတင် ကျုံ့ဝင်လာပါတယ်။

​ဖန့်ချန်ရဲ့ ကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေဟာ အကာအကွယ်အဖြစ် ထွက်ပေါ်လာပေမဲ့၊ ဒီမီးပင်လယ်ရှေ့မှာတော့ အရမ်းကို အားနည်းလွန်းပြီး မီးနဲ့ ထိလိုက်တာနဲ့ အရည်ပျော်သွားပါတယ်။

​မီးပင်လယ်က ဆက်တိုက် ကျုံ့ဝင်လာတာကြောင့် ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေဟာ မျက်စိရှေ့မှာတင် ခြောက်ကပ်လာပါတယ်။

​ကြောက်စရာကောင်းတဲ့ အပူရှိန်ဟာ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် မထိတွေ့သေးပေမဲ့ အရေပြားတွေဟာ စတင်ပြီး လောင်ကျွမ်းနေပါပြီ။

​ရွှီရွေ့နျန်က ခဏလောက် စဉ်းစားပြီး ရုတ်တရက် လက်အုပ်ချီလိုက်တယ်

​"ဆရာ... ဒီထက် ပိုသွားရင် သူ သေသွားလိမ့်မယ်"

​မီးပင်လယ်ထဲကနေ လူရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာပါတယ်။

အသက် ၅၀ ကျော်အရွယ် အဘိုးအိုတစ်ယောက်ဖြစ်ပြီး သူက ဖန့်ချန်ကို ပြုံးပြုံးလေး ကြည့်နေပါတယ်

​"မင်းက ဟင်လင်းပြင်ထာဝရဓားဂိုဏ်းထဲမှာ နေရင်တော့ တကယ်ကို ဘေးကင်းမှာပါ ဒါပေမဲ့ မင်းက ဆင်စိမ်းဂိုဏ်းရဲ့ နယ်မြေထဲကို တမင်တကာ လာခဲ့တယ်ဆိုတော့ ကိုယ့်သေတွင်းကိုယ် တူးလိုက်တာပဲ"

​"စီနီယာက ဘယ်သူလဲ "

​ဖန့်ချန်ရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။

​"ငါ့နာမည်က ဟွမ်ချန် ပါ မင်း ငါ့ကို တစ်ခါမှ မမြင်ဖူးပါဘူး"

​ဟွမ်ချန်က ပြုံးရင်း

"အဲဒီ ဒုတိယအဆင့် ဆေးလုံးက အခု မင်းဆီမှာ ရှိနေတုန်းပဲလား "

​"တစ်ယောက်ယောက်က ယူသွားတာ ကြာပါပြီ"

​ဖန့်ချန်က ပြောလိုက်ပါတယ်။

​"ဒါဆိုရင်တော့ နှမြောစရာပဲ... ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ မင်းကို အထက်ကို ပို့လိုက်ရင်လည်း ဒါက အောင်မြင်မှု တစ်ခုပါပဲ ဘာပဲဖြစ်ဖြစ် အဘိုးကြီးကျိ တောင်မှ မင်းရဲ့ လက်ချက်နဲ့ သေခဲ့ရတာလေ"

​ဟွမ်ချန်က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။

​"ဒါဆို ခင်ဗျားတို့ နှစ်ယောက်လုံးက သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေပေါ့"

​ဖန့်ချန်က သက်ပြင်းအသာ ချလိုက်ပါတယ်။

​"မင်း အခုမှ သိတာလား ကြည့်ရတာ တွေ့ရတာက နာမည်ကြီးတာထက် မသာဘူးပဲ "

​ရွှီရွေ့နျန်က ရယ်မောလိုက်ပါတယ်။

​"မျိုးဆက်သစ် ကောင်လေးတစ်ယောက်က နောက်ကွယ်မှာ လူတော်တစ်ယောက်ရဲ့ လမ်းညွှန်မှု မရှိဘဲနဲ့ ငါတို့ဂိုဏ်းရဲ့ အစီအစဉ်တွေကို ဒီလောက်အများကြီး ဖျက်ဆီးနိုင်ပါ့မလား"

​ဟွမ်ချန်က အေးစက်စက် ပြုံးလိုက်ပါတယ်။

​ခဏအကြာမှာ သူက ဖန့်ချန်ကို ဖမ်းဆီးဖို့ လက်ကို မြှောက်လိုက်တဲ့ အချိန်မှာတင်၊ သူ့ရဲ့ လက်မောင်းဟာ ရုတ်တရက် ကျုံ့ဝင်သွားတာကို တွေ့လိုက်ရပါတယ်။

​ဟွမ်ချန်ရဲ့ မျက်နှာဟာ ထိတ်လန့်သွားပြီး၊ နောက်တစ်ခဏမှာတင် သူဟာ ခြောက်ကပ်နေတဲ့ ဖားပြုတ်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ မီးပင်လယ်ထဲကို ကျသွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

All Chapters