အခန်း (၉၈၉-၉၉၀)
Vol. 99 Ch. 989-990
အခန်း (၉၈၉) အေးမြတဲ့ လေညင်း
ယန်ခုန်း ရဲ့ မျက်နှာက လေးနက်နေပြီး အံ့ဩမှုတွေလည်း ပါဝင်နေပါတယ်။
စုန်းမျိုးနွယ် က တပည့်တစ်ယောက် သူတို့လို တောရွာလက်ကြားကို သွားလိမ့်မယ်လို့ မထင်ထားသလို၊ ပိုပြီး မထင်ထားတာကတော့ တစ်ဖက်လူရဲ့ ဝိညာဉ်ခွဲကို ဖန့်ချန်က သတ်ပစ်ခဲ့တာပါပဲ။
'ဒီကောင်က စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ရောက်နေပြီလို့ ကြားတယ်... စိတ်ဝိညာဉ်ထွက်ခွာခြင်းက ဝိညာဉ်ခွဲဖြာခြင်းကို သတ်တယ် ဟုတ်လား...'
ယန်ခုန်း မျက်မှောင်ကြုတ်လိုက်ပါတယ်။
အရင်က ယုံအန်းမြို့မှာ ဖန့်ချန် ဓားကပြတုန်းက ဘာမှမလုပ်ဘဲနဲ့ သူ့ရဲ့ ဂျူနီယာညီလေးကို သက်တမ်းကုန်ပြီး သေအောင် လုပ်နိုင်ခဲ့တာကို သတိရသွားတယ်။
ဖန့်ချန် နားလည်ထားတဲ့ ဓားဆန္ဒ က အရမ်းကို ထူးဆန်းနေမှာ သေချာတယ်လို့ သူ စိတ်ထဲကနေ ဆုံးဖြတ်လိုက်ပါတယ်။
မဟုတ်ရင် ဒီလောက်အထိ အစွမ်းထက်စရာ အကြောင်းမရှိဘူး။
အခု လောလောဆယ် ကံကောင်းတာတစ်ခုက တစ်ဖက်လူရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်သေးတာကြောင့် သူ့ကို ခြိမ်းခြောက်နိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။
ဒီနေ့မှာ စုန်းမျိုးနွယ်ကို ရန်စထားတဲ့အပြင် ဒုတိယမျိုးဆက်က လုံအောက် ရဲ့ အပြစ်ပေးတာကို ခံရတော့မှာဆိုတော့၊ မသေရင်တောင် အရေခွံကွာအောင် ခံရမှာဖြစ်ပြီး ဓားသခင်္ျိုင်းလှေကားထစ် ကိုတောင် သွားနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါကို တွေးမိတော့ ယန်ခုန်းရဲ့ မျက်လုံးထဲမှာ တခြားသူ ဒုက္ခရောက်တာကို ဝမ်းသာတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။
"လုံအောက်... မဆိုင်တာတွေ လျှောက်လုပ်မနေနဲ့၊ စုန်းမျိုးနွယ်ကိစ္စက မင်း ဂရုစိုက်ရမယ့် ကိစ္စလား"
လို့ လီချန်စန်းက အေးစက်စက် ပြောပါတယ်။
"ဟမ်"
လုံအောက်က ထူးဆန်းစွာ ရယ်လိုက်တယ်
"ငါက မဆိုင်တာတွေ လုပ်နေတာလား မင်းက ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်နေလို့လား၊ ဒါမှမဟုတ် ငါတို့ လုံမျိုးနွယ်ရဲ့ သမက်တော် ဖြစ်နေလို့လား... ဒီလို အနိမ့်အမြင့် နားမလည်တဲ့ ကောင်မျိုးကို အကာအကွယ် ပေးနေရတာ"
လုံအောက်က ဆက်တိုက် ရိုင်းရိုင်းစိုင်းစိုင်း ပြောနေပြီး စကားတိုင်းမှာ ဓားကျင့်ကြံသူတွေကို အထင်သေးတဲ့၊ မခန့်လေးစား လုပ်တဲ့ အရိပ်အယောင်တွေ ပါနေတာကြောင့် ပိုင်လင်ယွဲ့ တို့ဟာ ဒီလို အနှိမ်ခံရတာကို မခံစားနိုင်တော့ဘဲ မျက်နှာတွေ ညိုမှောင်နေပါတော့တယ်။
"ဝမ်းကွဲအစ်ကို... အရေးကြီးတာနဲ့ အရေးမကြီးတာကို ခွဲခြားတတ်ဖို့ လိုပါတယ် ဒီကိစ္စက စုန်းမျိုးနွယ်ရဲ့ ကိစ္စပဲ ဖြစ်နေသေးသရွေ့ အစ်ကို ဒီလောက်အထိ ဂရုစိုက်နေဖို့ မလိုဘူး"
" ကျွန်မ အမျိုးသားက ဒီကလေးတွေကို ခေါ်လာတာက လုံမျိုးနွယ်အတွက် ဓားသခင်္ျိုင်းလှေကားထစ်ကို သွားဖို့ပဲ အခု အစ်ကိုက လူကို စုန်းမျိုးနွယ်ဆီ အပ်မယ်ဆိုတာကတော့ နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်"
ဂါဝန်ဝတ် အမျိုးသမီးရဲ့ အသံက တိုးညင်းပေမဲ့ အမိန့်ပေးသံလို ပြတ်သားလှပါတယ်။
လုံအောက်ရဲ့ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး အမျိုးသမီးကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြောတယ်
"ဝမ်းကွဲညီမ... မင်း တကယ်ပဲ ဒီလို နေရာသေးသေးလေးက လာတဲ့ ဓားကျင့်ကြံသူတွေက... ငါတို့ လုံမျိုးနွယ်က လေ့ကျင့်ပေးထားတဲ့ ဓားကျင့်ကြံသူတွေထက် ပိုတော်မယ်လို့ ထင်နေတာလား"
သူက ရယ်မောပြီး ဘေးနားက လူကို မျက်ရိပ်ပြလိုက်ပါတယ်။
အဲဒီလူက ချက်ချင်းပဲ လက်ဝှေ့ယမ်းလိုက်တဲ့အခါ လူငယ် ဓားကျင့်ကြံသူ တစ်ယောက် ရှေ့ထွက်လာပြီး ဖန့်ချန်တို့အဖွဲ့ကို အေးစက်စက် ကြည့်လိုက်ပါတယ်။
"ဒီကောင်လေးက ငါတို့ လုံမျိုးနွယ်ရဲ့ ကိုးခုမြောက် ဓားကျောင်း က တပည့်ပဲ ပြီးခဲ့တဲ့ ဝိညာဉ်ခွဲဖြာခြင်းအဆင့် ဓားချင်းယှဉ်ပြိုင်ပွဲမှာ သူက တူညီတဲ့အဆင့်က လူအားလုံးကို အနိုင်ယူခဲ့တာ"
"သမက်တော် အကာအကွယ် ပေးချင်နေတဲ့ ဒီလူကလည်း ဝိညာဉ်ခွဲဖြာခြင်းအဆင့် ဓားကျင့်ကြံသူပဲ မဟုတ်လား သူတို့နှစ်ယောက်ကို လက်ချင်း ယှဉ်ခိုင်းကြည့်တာပေါ့"
"တကယ်လို့ သူ နိုင်သွားရင်တော့ သမက်တော်မှာ အမြင်ရှိတယ်လို့ ပြောလို့ရပြီး ဒီလူက ငါတို့ လုံမျိုးနွယ်အတွက် အကျိုးအမြတ် နည်းနည်းပါးပါး ရှာပေးနိုင်လိမ့်မယ် တကယ်လို့ ရှုံးသွားရင်တော့ ဝိညာဉ်ပျက်စီးပြီး သေရမှာပဲ၊ ဒါဆို စုန်းမျိုးနွယ်ဘက်ကိုလည်း အဖြေပေးလို့ ရသွားတာပေါ့၊ ဘယ်လိုလဲ"
လုံအောက်က အေးဆေးစွာ ပြုံးပြီး မေးပါတယ်။
ဘေးနားက လုံမျိုးနွယ်ဝင်တွေရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။
ကျန်းကောင်းထျန်း... သူက လုံမျိုးနွယ်ရဲ့ ကျွန် တွေထဲက တစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက ထူးချွန်တဲ့ ဓားပါရမီ ရှိတာကြောင့် လုံမျိုးနွယ်ရဲ့ ကိုးခုမြောက် ဓားကျောင်းကို အပ်နှံခြင်း ခံခဲ့ရသူပါ။
အချိန်အတော်ကြာအောင် သူက အသံတိတ် ကျင့်ကြံနေခဲ့တာမို့ နာမည် သိပ်မကြီးခဲ့ပါဘူး။
ဒါပေမဲ့ မကြာခင်က လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ်တို့ ဓားသခင်္ျိုင်းလှေကားထစ်မှာ လောင်းကြေးထပ်ဖို့ ရှိလာတာကြောင့် လုံမျိုးနွယ်ရဲ့ ဓားကျောင်း ၉ ကျောင်းစလုံးက လူရွေးပွဲတွေ စလုပ်ခဲ့ပါတယ်။
အလယ်သုံးဆင့်နဲ့ အထက်သုံးဆင့် ဓားကျင့်ကြံသူတွေထဲက အတော်ဆုံးလူတွေကို ရွေးချယ်ပြီး လောင်းကြေးထပ်ပွဲမှာ ပါဝင်ခိုင်းတာပါ။
ဒီပြိုင်ပွဲမှာ အထူးချွန်ဆုံး သုံးယောက် ရှိတဲ့အထဲက နှစ်ယောက်က အထက်သုံးဆင့် ကျင့်ကြံသူတွေ ဖြစ်ပါတယ်။
အလယ်သုံးဆင့်ထဲမှာတော့ ကျန်းကောင်းထျန်း တစ်ယောက်တည်းသာ မျက်စိကျစရာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။
သူ့အဆင့်တူ ဓားကျင့်ကြံသူတွေထဲမှာ သူ့လက်ထဲမှာ ၁၀ ကွက်ထက် ပိုခံနိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး
ကျန်းကောင်းထျန်းက ဝိညာဉ်ခွဲဖြာခြင်း နောက်ဆုံးအဆင့် သာ ရှိသေးပေမဲ့၊ ဝိညာဉ်ခွဲဖြာခြင်း အထွတ်ထိပ်အဆင့် နဲ့ တွေ့ရင်တောင် ၁၀ ကွက်အတွင်းမှာပဲ တစ်ဖက်လူကို ဖိနှိပ်နိုင်ပါတယ်။
သူ နားလည်ထားတဲ့ ဓားဆန္ဒရဲ့ ဖျက်ဆီးနိုင်စွမ်းက လုံမျိုးနွယ်ဝင်တွေတောင်မှ ကြောက်လန့်ရတဲ့ အဆင့်ပါ။
လီချန်စန်းက မျက်မှောင်ကြုတ်ပြီး ခေါင်းခါပြတယ်
"ဖန့်ချန်က စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ပဲ ရှိသေးတယ် ဝိညာဉ်ခွဲဖြာခြင်း မဟုတ်ဘူး"
စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ပဲ ဟုတ်လား
စုန်းယိတို့က စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဓားကျင့်ကြံသူရဲ့ လက်ချက်နဲ့ အလဲထိုးခံလိုက်ရတာလား
လူတိုင်းရဲ့ မျက်နှာတွေက ထူးဆန်းသွားပါတယ်။
လုံအောက်လည်း ကြောင်သွားပြီး ဖန့်ချန်ကို သေသေချာချာ ကြည့်လိုက်ပါတယ်။
ဖန့်ချန်က သူ့ရဲ့ ကျင့်ကြံခြင်းကို ဖုံးကွယ်မထားတာကြောင့် နောက်ဆုံးမှာတော့ သူက တကယ်ပဲ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ဖြစ်ပြီး ဝိညာဉ်ခွဲဖြာခြင်း မဟုတ်တာကို ရှင်းရှင်းလင်းလင်း မြင်သွားပါတယ်။
'စိတ်ဝိညာဉ်ထွက်ခွာခြင်းက ဝိညာဉ်ခွဲဖြာခြင်းကို သတ်တယ်၊ သတ်တာကလည်း စုန်းမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်ကို...'
လုံအောက် စဉ်းစားနေပါတယ်။
ဒါက ချောင်ဖုန်းဒေသမှာလည်း ခဏခဏ မတွေ့ရပေမဲ့ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။
စုန်းယိမှာ ဝိညာဉ်ခွဲဖြာခြင်း ၆ ခု ရှိတယ်လို့ ကြားဖူးပါတယ်။
တကယ်လို့ ဝိညာဉ် ၆ ခုစလုံးသာ အတူတူ ရှိနေရင် အဲဒီလောက် လွယ်လွယ်နဲ့ ရှုံးမှာ မဟုတ်သလို တစ်ဖက်လူကိုတောင် အလွယ်တကူ အနိုင်ယူနိုင်မှာပါ။
တစ်ဖက်လူက အချိန်အခါနဲ့ နေရာ အခွင့်အသာကို ယူသွားတာ ဖြစ်မှာပါ။
"စိတ်ဝိညာဉ်ထွက်ခွာခြင်းလား... စိတ်ဝိညာဉ်ထွက်ခွာခြင်းဆိုလည်း ကိစ္စမရှိပါဘူး ငါ့မှာလည်း စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဓားကျင့်ကြံသူ ရှိတယ်"
လုံအောက်က ခပ်ဖွဖွ ရယ်လိုက်တယ်
"ရွှယ်ရှန်း... မင်းသားကို ခေါ်လိုက် မင်းသားက ဒီတစ်ခါ ဓားကျောင်း ၉ ကျောင်း ပြိုင်ပွဲမှာ အဆင့်တူတွေထဲမှာ အဆင့် ၅ ရခဲ့တာဆိုတော့ မညံ့ပါဘူး တောရွာက လာတဲ့ ဓားကျင့်ကြံသူကို ရင်ဆိုင်ဖို့ဆိုရင်တော့ အေးဆေးပဲ ဖြစ်မှာပါ"
"ဟုတ်ကဲ့"
လို့ လုံအောက် ဘေးက လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြီး နောက်ဘက်ကို လှမ်းကြည့်လိုက်ပါတယ်။
အဲဒီလူနဲ့ ရုပ်ချင်းဆင်တဲ့ လူငယ်တစ်ယောက် ရှေ့ထွက်လာပြီး ချွမ်း ကနဲ အသံနဲ့အတူ ဓားကို အိမ်ထဲက ဆွဲထုတ်ကာ ဖန့်ချန်ကို ချိန်လိုက်တယ်
"ကိုးခုမြောက် ဓားကျောင်းက ရွှယ်ကျုံး ပါ"
ဖန့်ချန်ကတော့ ဘာမှ မလှုပ်ရှားဘဲ ငြိမ်ငြိမ်လေး စောင့်နေပါတယ်။
လီချန်စန်းက လုံအောက်ကို တစ်ချက်ကြည့်၊ ရွှယ်ကျုံးကို တစ်ချက်ကြည့်ပြီး ဘာမှ မပြောသေးဘဲ တစ်ခုခုကို စဉ်းစားနေပုံရပါတယ်။
လုံအောက်ကတော့ ချက်ချင်း ရယ်မောလိုက်တယ်
"မဖြစ်နိုင်တာ သမက်တော် ခေါ်လာတဲ့ ဓားကျင့်ကြံသူက ဓားတောင် မထုတ်ရဲဘူးလား ဒါက ဘယ်လို ဓားကျင့်ကြံသူလဲ ဓားကျင့်ကြံသူတွေက နိမ့်ကျတယ်၊ တိုက်ခိုက်တာမှာပဲ တော်ပြီး ကျင့်ကြံတဲ့ လမ်းစဉ်မှာ ပါရမီ မရှိကြဘူးလို့ ပြောကြပေမဲ့... ဓားတောင် မထုတ်ရဲတဲ့သူကိုတော့ ငါ ပထမဆုံး မြင်ဖူးတာပဲ"
"ဖန့်ဓားဦးဆောင်သူ... မင်း ဓားမထုတ်ဘူးဆိုရင် ငါ့ကိုပဲ ခွင့်ပြုပါ"
"ငါလည်း ရပါတယ်"
အတူပါလာတဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် တချို့က ဝင်ပြောကြပါတယ်။
သူတို့ စိတ်ထဲမှာ ဒေါသထွက်နေပြီး အောင့်မထားနိုင်တော့တာ ကြာပါပြီ။
"လီအဘိုး ဘာမှ မပြောသေးဘူး ငါတို့ ဘာလို့ အလျင်စလို လုပ်နေရမှာလဲ နောက်ပြီး... မင်းတို့က ဒီလူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
လို့ ဖန့်ချန်က အေးဆေးစွာ ပြောပါတယ်။
အဲဒီ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်တွေက မှင်သက်သွားပြီး ဖန့်ချန်ကို ဒေါသတကြီး ကြည့်လိုက်ကြပါတယ်။
ကိုယ့်လူကို အားမပေးဘဲ သူများ အားကို မြှောက်ပင့်ပေးနေရတာလား
ဖန့်ချန်ရဲ့ စကားကြောင့် ဘေးနားက လုံမျိုးနွယ်ရဲ့ ဓားကျင့်ကြံသူတွေ ရယ်မောကုန်ကြသလို၊ လုံမျိုးနွယ်ဝင်တွေကလည်း ပြုံးစိစိ ဖြစ်သွားကြပါတယ်။
ဒီကောင်လေးက အခြေအနေကို နားလည်သားပဲ၊ ချောင်ဖုန်းဒေသက ဓားကျင့်ကြံသူတွေနဲ့ သူတို့လို တောရွာက လာတဲ့သူတွေကြားမှာ အခြေခံချင်း ဘယ်လောက် ကွာခြားလဲဆိုတာ သူ သိနေတာပဲလို့ တွေးလိုက်ကြပါတယ်။
"ယှဉ်ပြိုင်မယ်ဆိုလည်း ရတယ်၊ ဘယ်လို တိုက်ရမလဲ ပြော"
လို့ လီချန်စန်းက ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။
"ဘယ်လို တိုက်ရမလဲ သမက်တော်က ကြောင်နေတာလား ပြောပြီးသားပဲလေ ဒီပြိုင်ပွဲက တစ် - မင်းခေါ်လာတဲ့ ဓားကျင့်ကြံသူက ငါတို့ လုံမျိုးနွယ်အတွက် ဓားသခင်္ျိုင်းလှေကားထစ်ကို သွားဖို့ အရည်အချင်း ရှိမရှိ စစ်ဆေးဖို့ နှစ် - စုန်းမျိုးနွယ်ဘက်ကို အဖြေတစ်ခု ပေးဖို့"
လုံအောက်က ထူးဆန်းစွာ ရယ်ပြီး ရွှယ်ကျုံးဘက် လှည့်မေးလိုက်တယ်
"ရွှယ်ကျုံး... မင်း ပြောကြည့်ဦး၊ ဘယ်လို တိုက်မလဲ"
"ကျွန်တော်မျိုးက ဒီကောင်ရဲ့ ခေါင်းကို ဖြတ်ပြီး သခင်ကြီးကို ဆက်သပါ့မယ်"
လို့ ရွှယ်ကျုံးက ပြောပါတယ်။
"ငါ့ကို ဆက်သစရာ မလိုဘူး၊ ငါက သူ့ခေါင်းကို ဘာလုပ်ဖို့လဲ ဓားကျင့်ကြံသူ ဖြစ်နေရင် ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးဆိုတာကို လောကက ဓားကျင့်ကြံသူတွေ အားလုံး မြင်သွားအောင် ပြဖို့ပဲ"
" ငါတို့လို အင်အားကြီး မျိုးနွယ်စုဝင်တွေရဲ့ အမွေးတစ်ပင်ကိုတောင် မင်းတို့မှာ ထိခိုက်စေပိုင်ခွင့် မရှိဘူးဆိုတာ နားလည်သွားအောင် လုပ်ရမှာ၊ နားလည်လား"
လို့ လုံအောက်က ပြောပါတယ်။
ရွှယ်ကျုံးက ချက်ချင်း ခေါင်းညိတ်တယ်
"ကျွန်တော်မျိုး နားလည်ပါပြီ"
'ဒီက ဓားကျင့်ကြံသူတွေက... ဘာလို့ ဒီလောက်အထိ နိမ့်ကျနေရတာလဲ...'
ပိုင်လင်ယွဲ့ တို့ရဲ့ မျက်လုံးတွေထဲမှာ ဝေဝေဝါးဝါး ဖြစ်ကုန်ပါတယ်။
"မင်း နားလည်ပြီလား"
လို့ လီချန်စန်းက ဖန့်ချန်ကို ကြည့်မေးပါတယ်။
"နားလည်ပါပြီ"
လီချန်စန်း စကားထပ်မပြောတော့ဘဲ ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပါတယ်။
"သွားတော့၊ သခင်ကြီးရဲ့ မျက်နှာကို မပျက်စေနဲ့"
လို့ ရွှယ်ရှန်းက ရွှယ်ကျုံးကို ခေါင်းညိတ်ပြလိုက်ပါတယ်။
ရွှယ်ကျုံးက ပြုံးပြီး ဖန့်ချန်ကို ခပ်အေးအေး ပြောတယ်
"ဓားထုတ်စမ်း"
"ကောင်းပြီ"
ဖန့်ချန် ဓားမထုတ်ပါဘူး။
လက်ညှိုးနဲ့ လက်ခလယ်ကို ပူးပြီး တစ်ချက်ပဲ ညွှန်ပြလိုက်တဲ့အခါ လေညင်းတစ်ချက်က ရွှယ်ကျုံးရဲ့ မျက်နှာကို ဖြတ်တိုက်သွားပါတယ်။
အေးမြလိုက်တဲ့ လေညင်းပဲ။
ရွှယ်ကျုံး စိတ်ထဲကနေ တွေးလိုက်မိပါတယ်။
အဲဒီနောက်မှာတော့ သူ့ရဲ့ အသိစိတ်တွေဟာ အမှောင်ထုထဲကို ကျဆင်းသွားပါတော့တယ်။
လူတိုင်းကတော့ ရွှယ်ကျုံး ခေါင်းငုံ့နေတာကို ဓားဆန္ဒ စုစည်းနေတယ်လို့ အစက ထင်နေကြတာပါ။
ဒါပေမဲ့ အကြာကြီးအထိ ဘာလှုပ်ရှားမှုမှ မရှိတာကို မြင်တော့ တစ်ခုခု မှားနေပြီဆိုတာ သတိထားမိသွားကြပါတယ်။
ရွှယ်ရှန်းရဲ့ မျက်နှာ ပျက်သွားပြီး ရွှယ်ကျုံးရဲ့ ပုခုံးကို လှမ်းကိုင်ကာ စစ်ဆေးဖို့ အမြန်သွားပေမဲ့၊ ရွှယ်ကျုံးက ပက်လက်လန်ပြီး လဲကျသွားပါတော့တယ်။
သူ့မျက်နှာက အရင်အတိုင်းပဲ ဖြစ်နေပေမဲ့ မျက်ခုံးနှစ်ခုကြားမှာတော့ သေးငယ်တဲ့ ဒဏ်ရာလေး တစ်ခု ရှိနေပါတယ်။
"အသက်ဓာတ်... လုံးဝ မရှိတော့ဘူး"
လူတိုင်း ကြောင်အမ်းသွားပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရွှယ်ကျုံးက ဓားကျောင်း ၉ ကျောင်း ပြိုင်ပွဲရဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်မှာ အဆင့် ၅ ရထားတဲ့ ဓားကျင့်ကြံသူ မဟုတ်လား၊ ဘယ်လိုဖြစ်လို့ ဒီလောက် ရုတ်တရက်ကြီး ရှုံးသွားရတာလဲ
အခန်း (၉၉၀) ဖန့်ဓားဦးဆောင်သူ၊ ကျွန်တော့်ကို ကယ်ပါဦး
ရွှယ်ရှန်း ရဲ့ မျက်နှာက ညိုမှောင်နေပါတယ်။
ကိုးခုမြောက်ဓားကျောင်းရဲ့ ဒုတိယကျောင်းအုပ်၊ တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူ တစ်ယောက်အနေနဲ့ ကိုယ့်သားအရင်းက ကိုယ့်ရှေ့တင် သေသွားတာကို မြင်လိုက်ရတာကြောင့် စိတ်ထဲက နာကျင်မှုကတော့ အမှန်ပါပဲ။
သူက ဖန့်ချန်ကို ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်ပါတယ်။
အေးစက်တဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ဖျတ်ခနဲ ပေါ်လာပါတယ်။
လုံအောက် ရဲ့ မျက်နှာကတော့ ကြည့်မကောင်းပါဘူး။
ရွှယ်ကျုံး သေသွားလို့ ဒေါသထွက်တာ မဟုတ်ဘဲ သူ့မျက်နှာ အရှက်ရသွားလို့ပါ။
သူ့နောက်က ဓားကျင့်ကြံသူတွေနဲ့ ဒုတိယမျိုးဆက်က ကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးထဲမှာ အံ့ဩရိပ်တွေ ယှက်သန်းသွားပါတယ်။
ရွှယ်ကျုံးရဲ့ အစွမ်းက လုံမျိုးနွယ်ရဲ့ အဆင့်တူ ဓားကျင့်ကြံသူတွေထဲမှာ... အဆင့် ၅ အတွင်း ရှိတာပါ။
ဒီရလဒ်က မနိမ့်ပါဘူး။
လုံမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်တွေထဲမှာတောင် စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်မှာ ရွှယ်ကျုံးနဲ့ ယှဉ်နိုင်တဲ့သူက လက်ချိုးရေလို့ ရပါတယ်။
ဘာပဲဖြစ်ဖြစ် ဓားကျင့်ကြံသူတွေဆိုတာ သေမင်းတမန် စစ်သည်တွေ၊ အမြောက်စာ တွေ ဖြစ်ကြတာမို့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အဆင့်တူ ကျင့်ကြံသူတွေထက် အများကြီး သာလွန်တာကြောင့်ပါ။
အခုတော့ ရွှယ်ကျုံးဟာ တစ်ကွက်တည်းနဲ့ ရှုံးသွားရုံတင်မကဘဲ၊ လီချန်စန်း တောရွာလက်ကြားကနေ ခေါ်လာတဲ့ ခြေသလုံးအိမ်တိုင် တစ်ယောက်ရဲ့ လက်ထဲမှာ ရှုံးသွားတာလား
"အဖေ ခေါ်လာတဲ့ ဒီဓားကျင့်ကြံသူက တကယ်ပဲ အစွမ်းမနိမ့်ဘူးပဲ၊ စုန်းယိရဲ့ ဝိညာဉ်ခွဲဖြာခြင်းတောင် ဘာလို့ ရှုံးခဲ့လဲဆိုတာ နားလည်သွားပြီ"
လုံရွှမ်း က ဖန့်ချန်ကို ခဏခဏ လှမ်းကြည့်နေပါတယ်။
"သူ့ရဲ့ ဒီတစ်ဓားက..."
ပိုင်လင်ယွဲ့ တို့ရဲ့ မျက်နှာတွေက တဖြည်းဖြည်း လေးနက်လာပါတယ်။
ဓားကျင့်ကြံသူတွေ လူသတ်ရင် သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေက ပြင်းထန်လှပါတယ်။
ဒါပေမဲ့ ခုနက ဖန့်ချန်ဟာ ဓားမထုတ်ခဲ့ရုံတင်မကဘဲ သူ့ဆီကနေ သတ်ဖြတ်လိုတဲ့ အငွေ့အသက် အနည်းငယ်ကိုတောင် သူတို့ မခံစားမိခဲ့ပါဘူး။
အဲဒီလို အခြေအနေမှာတင်... လုံမျိုးနွယ်ရဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဓားကျင့်ကြံသူကို တစ်ကွက်တည်းနဲ့ သတ်ပစ်နိုင်ခဲ့တာက သူတို့ရဲ့ စိတ်ကူးထက် အများကြီး ကျော်လွန်နေပါပြီ။
"ဝမ်းကွဲအစ်ကို... ကျွန်မ အမျိုးသား ခေါ်လာတဲ့ ဓားကျင့်ကြံသူက တိုက်ပွဲဝင်ဖို့ ထိုက်တန်ရဲ့လား"
ဂါဝန်ဝတ် အမျိုးသမီးက ပြုံးပြီး
"အစ်ကိုလည်း စမ်းသပ်ပြီးပြီဆိုတော့၊ ကျွန်မ အမျိုးသားက လူအမည်ခံတွေ ခေါ်လာပြီး အစားထိုးထားတယ်လို့ စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
"ဒီကောင်လေးက တကယ်ပဲ အစွမ်းနည်းနည်း ရှိသားပဲ"
လုံအောက်က မရယ်ဘဲ ရယ်ချင်ယောင်ဆောင်ပြီး ပြောတယ်
"ကြည့်ရတာ သမက်တော်က လုံမျိုးနွယ်ကိစ္စအတွက် တော်တော်လေး အားစိုက်ထားပုံရတယ် ဒါပေမဲ့... တစ်ပွဲတည်းနဲ့တော့ ဘာမှ သက်သေမပြနိုင်သေးဘူး သမက်တော် ဒီတစ်ခါ လူ ၁၀ ယောက်ကျော် ခေါ်လာတာဆိုတော့၊ နောက်ထပ် တစ်ယောက်ကို ရွေးပြီး ကျန်းကောင်းထျန်းနဲ့ လက်ရည်စမ်းခိုင်းလိုက်ပါဦး"
လုံအောက်ဟာ ဒီနေ့မှာ သူ့မျက်နှာ ပြန်ရအောင် လုပ်မှာဖြစ်ကြောင်း လူတိုင်း သိကြပါတယ်။
မဟုတ်ရင် သူ လက်လျှော့မှာ မဟုတ်ပါဘူး။
ဒါက တောရွာက လာတဲ့ ဓားကျင့်ကြံသူတွေကို ပစ်မှတ်ထားတာ မဟုတ်ဘဲ၊ လီချန်စန်းဆိုတဲ့ သမက်တော်ကို ပစ်မှတ်ထားနေတာပါ။
ဒါကို မြင်သွားတဲ့ လုံမျိုးနွယ် ကျင့်ကြံသူတွေက ပါးစပ်ပိတ်နေကြပြီး လီချန်စန်းရဲ့ သဘောထားကိုပဲ ငြိမ်ပြီး စောင့်နေကြပါတယ်။
"လုံအောက်... ငါ့ရဲ့ ပထမမျိုးဆက်နဲ့ မင်းတို့ ဒုတိယမျိုးဆက်ကြားမှာ လောင်းကြေးထပ်ပွဲ တစ်ခု ရှိနေတာကို မင်း မေ့နေတာလား ငါ ခေါ်လာတဲ့ ဓားကျင့်ကြံသူတွေက ဒီလက်ရည်စမ်းပွဲမှာ ဒဏ်ရာရသွားရင်၊ နောက်ကျရင် ဓားသခင်္ျိုင်းလှေကားထစ်ကို ဘယ်လို သွားမလဲ"
လီချန်စန်းက အေးဆေးစွာ ပြုံးပြီး
"တကယ်လို့ မင်းတို့ ဒုတိယမျိုးဆက်က ကြောက်နေတယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါအရှုံးပေးမယ်ဆိုရင် ငါတို့ ပထမမျိုးဆက်က မင်းတို့ဆီက လောင်းကြေး တစ်ဝက်ပဲ ယူပါ့မယ်"
"ဟဲဟဲဟဲ"
လုံအောက်က ခပ်တိုးတိုး ရယ်လိုက်ပြီး လက်ယမ်းပြတယ်
"ငါတို့ ဒုတိယမျိုးဆက်နဲ့ မင်းတို့ ပထမမျိုးဆက်ကြားက လောင်းကြေးက အပျော်သဘောပါပဲ၊ ဘယ်တုန်းက စိတ်ထဲ ထည့်ထားဖူးလို့လဲ အခု ငါစိုးရိမ်တာက လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ်ကြားက လောင်းကြေးပဲ"
" တကယ်လို့ တစ်ခုခု မှားယွင်းသွားလို့ ငါတို့ လုံမျိုးနွယ် ရှုံးသွားရင်တော့၊ ဝမ်းကွဲညီမက မင်းကို ဘယ်လောက်ပဲ ကာကွယ်ပေးပေး၊ အထက်က ဘိုးဘေးတွေကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ငါကလည်း မင်း ကောင်းကျိုးအတွက်ပဲ၊ မင်းခေါ်လာတဲ့ ဓားကျင့်ကြံသူတွေမှာ ဘယ်လောက်အစွမ်း ရှိလဲဆိုတာ အရင် စစ်ဆေးကြည့်တာ"
ပြောရင်းနဲ့ သူက ဖန့်ချန်ကို ညွှန်ပြလိုက်တယ်
"ဒီကောင်လေးကတော့ အောင်မြင်သွားပြီ၊ ဓားသခင်္ျိုင်းလှေကားထစ်ကို သွားဖို့ အရည်အချင်း အနည်းငယ် ရှိတယ် ဒါပေမဲ့ ကျန်တဲ့သူတွေကကော"
"လီအဘိုး... တပည့်ကို စမ်းကြည့်ခွင့်ပြုပါ"
လို့ ပိုင်လင်ယွဲ့က ရုတ်တရက် ပြောလိုက်ပါတယ်။
"မင်းကတော့ ဓားကျင့်ကြံသူရဲ့ သတ္တိ ရှိသားပဲ မင်းက ဝိညာဉ်ခွဲဖြာခြင်းအစောပိုင်းအဆင့် ပဲ ရှိသေးတာ မဟုတ်လား"
လုံအောက်က အေးစက်စွာ ပြုံးပြီး ရွှယ်ရှန်းကို လှမ်းကြည့်လိုက်ပါတယ်။
ရွှယ်ရှန်းက သားဆုံးရှုံးရတဲ့ နာကျင်မှုကို အောင့်ထားပြီး၊ ရွှယ်ကျုံးရဲ့ အလောင်းကို ဘေးကလူကို အပ်လိုက်ကာ လူအုပ်ထဲကနေ လူငယ် ဓားကျင့်ကြံသူ တစ်ယောက်ကို ရွေးထုတ်လိုက်ပါတယ်။
ဒီဓားကျင့်ကြံသူကလည်း ဝိညာဉ်ခွဲဖြာခြင်း အစောပိုင်းအဆင့်ပါပဲ။
သူက ပိုင်လင်ယွဲ့ရဲ့ ရှေ့ကို လျှောက်လာပြီး အေးစက်စက် ကြည့်လိုက်ပါတယ်။
"ဒီတစ်ပွဲ ပြီးသွားရင်တော့ မင်း ထပ်ပြီး ဇွတ်မတောင်းဆိုတော့ဖို့ မျှော်လင့်ပါတယ်"
လီချန်စန်းက လုံအောက်ကို အတန်ကြာ စိုက်ကြည့်ပြီးနောက် ပြုံးလိုက်ပါတယ်။
အဲဒီနောက် ပိုင်လင်ယွဲ့ကို လှည့်ပြောတယ်
"အစွမ်းကုန် ထုတ်သုံးလိုက်၊ အားမနာနဲ့"
"လီအဘိုး စိတ်ချပါ၊ တပည့်ရဲ့ ဓားက ဒီနေ့ သွေးကို မြင်စေရပါ့မယ်"
လို့ ပိုင်လင်ယွဲ့က ခေါင်းညိတ်လိုက်ပါတယ်။
သူ့စိတ်ထဲမှာ ဒေါသတွေ အပြည့်ဖြစ်နေတာကြောင့် အခုတော့ သူ အားနာနေမှာ မဟုတ်ပါဘူး။
ရှေ့က လုံအောက်ကို မတိုက်နိုင်ရင်တောင် သူ့ဘေးက ဓားကျင့်ကြံသူကို သုံးပြီး ဒေါသဖြေလို့ ရပါတယ်။
ဒီဓားကျင့်ကြံသူတွေရဲ့ ဝပ်တွားနေတဲ့ ပုံစံကို မြင်ရတာက ပိုင်လင်ယွဲ့အတွက်တော့ ဒေါသထွက်စရာ အကောင်းဆုံးပါပဲ။
လီချန်စန်းက သူ့စကားကို ကြားတဲ့အခါ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ပေါ်သွားတာကို သူ သတိမထားမိလိုက်ပါဘူး။
နှစ်ဖက်စလုံး ချက်ချင်း တိုက်ခိုက်ကြပါတယ်။
ဒါပေမဲ့ ဓားထုတ်လိုက်တာနဲ့ ပိုင်လင်ယွဲ့ဟာ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတယ်။
တစ်ဖက်လူရဲ့ ဓားက အစွမ်းပြင်းရုံတင်မကဘဲ၊ တိုက်ခိုက်တဲ့ ထောင့်တွေကလည်း အရမ်းကို ထူးခြားလွန်းလှပါတယ်။
ဓားတိုင်းက အတိကျဆုံး လမ်းကြောင်းကိုပဲ ရွေးချယ်ထားတာပါ။
အကွက်အနည်းငယ်အတွင်းမှာတင် ပိုင်လင်ယွဲ့ဟာ အသာစီးမရရုံတင်မကဘဲ တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်လာပါတော့တယ်။
တချို့အချိန်တွေမှာ... သူ တစ်ဖက်လူရဲ့ ဓားချက်နဲ့ သေလုနီးပါးတောင် ဖြစ်သွားခဲ့ရပါတယ်။
ဒီလို ကြက်သီးထစရာ ခံစားချက်မျိုးကို သူ မခံစားရတာ နှစ်ပေါင်းများစွာ ကြာပါပြီ။
လီချန်စန်းကတော့ စိတ်ထဲကနေ သက်ပြင်းချလိုက်ပါတယ်။
တိထျန်း၊ ပေတု၊ ကျုံကျိုး သုံးဒေသက လာတဲ့ ဓားကျင့်ကြံသူတွေရဲ့ စိတ်ဓာတ် ကတော့ ချောင်ဖုန်းဒေသက ကျင့်ကြံသူတွေထက် သာတာ အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ် အမြဲတမ်း အနိုင်မခံ အရှုံးမပေးတဲ့ လမ်းစဉ်ကို လျှောက်လာကြတာဆိုတော့ သူတို့ရဲ့ ဓားနှလုံးသား က ဘယ်လောက်တောင် ခိုင်မာလိမ့်မလဲ
ဒါပေမဲ့ ဒါကြောင့်ပဲ သူတို့ရဲ့ အတွေ့အကြုံတွေက ချောင်ဖုန်းဒေသက ဓားကျင့်ကြံသူတွေနဲ့ ယှဉ်ရင် အဝေးကြီး လိုနေပါသေးတယ်။
ဒီနေရာက ဓားကျင့်ကြံသူတွေက နှစ်တိုင်း တိုက်ပွဲဝင်နေရတာဖြစ်ပြီး အင်အားကြီး မျိုးနွယ်စုတွေရဲ့ လက်ထဲက ချွန်ထက်တဲ့ ဓားလက်နက်တွေ ဖြစ်ပါတယ်။
ဘယ်လို ပဋိပက္ခပဲ ဖြစ်ဖြစ်၊ ဓားကျင့်ကြံသူတွေ အရင်ဆုံး သေရမယ်ဆိုတာက စည်းမျဉ်းတစ်ခုလို ဖြစ်နေပါပြီ။
အလောင်းတောင်တန်းနဲ့ သွေးပင်လယ်ထဲကနေ ထွက်လာတဲ့ ဓားကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ပိုင်လင်ယွဲ့တို့ထက် အများကြီး သာလွန်နေပါတယ်။
ဒါကို တွေးမိရင်း လီချန်စန်းဟာ ဖန့်ချန်ကို လှမ်းကြည့်လိုက်မိပါတယ်။
'ဒီကောင်လေးကတော့ ချွင်းချက်ပဲ'
"မကောင်းတော့ဘူး၊ ပိုင်လင်ယွဲ့ အသက်အန္တရာယ် ရှိနိုင်တယ်"
"ချောင်ဖုန်းက ဓားကျင့်ကြံသူတွေက တကယ်ပဲ ဒီလောက်အထိ တော်ကြတာလား အလကားနေရင်း ထွက်လာတဲ့ တစ်ယောက်ကတောင် ဓားဦးဆောင်သူ အဆင့်နီးပါး ရှိတဲ့သူကို အလဲထိုးနိုင်နေတာလား"
"ပိုင်လင်ယွဲ့က ဓားဦးဆောင်သူ မဟုတ်ရင်တောင် အဲဒီအဆင့်နဲ့ မကွာဘူး၊ ဒါပေမဲ့ လုံမျိုးနွယ်ရဲ့ ဓားကျင့်ကြံသူရှေ့မှာတော့... ဒီလောက်အထိ အသုံးမကျ ဖြစ်နေရတာလား..."
လူတိုင်းရဲ့ မျက်နှာတွေ ကြည့်မကောင်းတော့ပါဘူး။
ပိုင်ချင်းမင်ကတော့ သေသေချာချာ ကြည့်ပြီးနောက် ခေါင်းခါလိုက်ပါတယ်။
ပိုင်လင်ယွဲ့ဟာ ဒီလူရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး၊ ရှုံးဖို့က အချိန်စောင့်ရုံပါပဲ။
အခုတော့ အကွက်အနည်းငယ်သာ ရှိသေးပေမဲ့ ပိုင်လင်ယွဲ့ရဲ့ ကိုယ်ပေါ်မှာ အရိုးအထိ မြင်ရတဲ့ ဒဏ်ရာကြီး နှစ်ခု ရှိနေပါပြီ။
တစ်ဖက်လူကတော့ ပိုင်လင်ယွဲ့ရဲ့ အဝတ်စကိုတောင် အထိမခံရပါဘူး။
ပိုင်လင်ယွဲ့ရဲ့ အားနည်းချက်တွေက ပိုပိုများလာပြီး မျက်နှာကလည်း ပိုကြည့်မကောင်း ဖြစ်လာပါတယ်။
တစ်ဖက်လူက ရုတ်တရက် အားနည်းချက်တစ်ခုကို ရှာတွေ့သွားပြီး ဓားနဲ့ ခုတ်ချလိုက်ပါတယ်။
ပိုင်လင်ယွဲ့ဟာ ထိတ်လန့်သွားပြီး ဘာမှ မစဉ်းစားနိုင်တော့ဘဲ သူ့ရဲ့ ဝိညာဉ်ခွဲဖြာခြင်း နှစ်ခုကို ခန္ဓာကိုယ်ထဲကနေ ထုတ်ပြီး ဘယ်ညာ ထွက်ပြေးပါတော့တယ်။
မူလနေရာမှာ ကျန်ခဲ့တဲ့ ဝိညာဉ်ခွဲဖြာခြင်းကတော့ ထွက်ပြေးဖို့ အချိန်မရတော့ဘဲ တစ်ဖက်လူရဲ့ ဓားချက်နဲ့ အဖျက်ဆီးခံလိုက်ရပါတယ်။
တစ်ဖက်လူကတော့ ရပ်မသွားဘဲ ပိုင်လင်ယွဲ့ရဲ့ ကျန်တဲ့ ဝိညာဉ်ခွဲဖြာခြင်းနောက်ကို လိုက်ပါတော့တယ်။
ခုနက ရွှယ်ကျုံးနဲ့ ယှဉ်ပြိုင်ဖို့ ပြင်နေတဲ့ လူတွေဟာ စိတ်ထဲကနေ အေးစက်သွားကြပါတယ်။
ဖန့်ချန် ခုနက ပြောတာ မှန်နေတာပဲ၊ သူတို့တွေက ရွှယ်ကျုံးရဲ့ ပြိုင်ဘက် မဟုတ်တာ သေချာသလောက်ပါပဲ။
တကယ်လို့သာ ဖန့်ချန် မတားခဲ့ရင် အခု ပိုင်လင်ယွဲ့ရဲ့ အခြေအနေက သူတို့ရဲ့ အခြေအနေ ဖြစ်နေမှာပါ။
ပိုင်လင်ယွဲ့မှာတော့ ဝိညာဉ်ခွဲဖြာခြင်း ကျန်သေးတာကြောင့် အသက်ပိုပါသလို ဖြစ်နေပေမဲ့၊ သူတို့လို စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်တွေကတော့... အသက်တစ်ချောင်းပဲ ရှိတာပါ။
ပိုင်လင်ယွဲ့ဟာ ဝိညာဉ်ခွဲဖြာခြင်း တစ်ခု ဆုံးရှုံးသွားပြီးနောက် အစွမ်းတွေ အရင်လို မရှိတော့ဘဲ တစ်ဖက်လူရဲ့ ပြိုင်ဘက် မဟုတ်တော့ပါဘူး။
သူဟာ အသေခံ တိုက်ကွက်တွေကို မနည်း ရှောင်တိမ်းနေရပြီး တစ်ဖက်မှာလည်း လီချန်စန်းဆီကို အကူအညီတောင်းတဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။
ဒါပေမဲ့ လီချန်စန်းကတော့ သူ့ကို ဘာမှ ပြန်မတုံ့ပြန်ပါဘူး။
ပိုင်လင်ယွဲ့ဟာ စိတ်ပျက်အားငယ်သွားပြီး ယန်ခုန်းတို့ဆီ ကြည့်ပေမဲ့၊ သူတို့ကလည်း ဒီအချိန်မှာ ဝင်ပါဖို့ မရဲကြပါဘူး၊ မီးထဲ ကိုယ်တိုင် ခုန်ဆင်းသလို ဖြစ်မှာကို ကြောက်နေကြတာပါ။
"ဖန့်ဓားဦးဆောင်သူ၊ ကျွန်တော့်ကို ကယ်ပါဦး"
ပိုင်လင်ယွဲ့ဟာ လုံးဝကို စိတ်ပျက်သွားပြီး နောက်ဆုံး မျှော်လင့်ချက်ကို ဖန့်ချန်အပေါ်မှာပဲ ပုံအောလိုက်ပါတော့တယ်။