← Chapters

အခန်း (၉၉၇-၉၉၈)

Vol. 100 Ch. 997-998

အခန်း (၉၉၇-၉၉၈)

Vol. 100 Ch. 997-998

​အခန်း (၉၉၇) ငါ နင့်ကို လူတစ်ယောက် ချေးပေးနိုင်တယ်

​ပရိသတ်တွေရဲ့ ဟစ်ကြွေးသံကို ကြားရပေမဲ့ ရှောင်ပါးကတော့ ဘာမှ မခံစားရသလိုပါပဲ။

သူက ဖန့်ချန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေရင်း မျက်လုံးထဲမှာ သနားကရုဏာရိပ် အနည်းငယ် ပေါ်လာပါတယ်။

​"မင်းနဲ့ငါက သူများလက်ထဲက ဓားတွေပါပဲ၊ သေသွားရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့"

ရှောင်ပါးရဲ့ အသံက ဖန့်ချန်ရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

​"ကောင်းပြီ၊ ငါ မင်းကို အပြစ်မတင်ပါဘူး တကယ်လို့ မင်းသေသွားရင်လည်း ငါ့ကို အပြစ်မတင်နဲ့ပေါ့"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပါတယ်။

​"ငါ သေရမယ်"

​ရှောင်ပါးရဲ့ မျက်လုံးထဲမှာ အထင်အမြင်သေးတဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားပါတယ်။

သူ စုစည်းထားတဲ့ ခုနစ်ရောင်ခြည် မိုးကြိုးဓားဆန္ဒဟာ အခုထိတော့ သူသာ အလိုရှိရင် အဆင့်တူတွေထဲမှာ သူ့လက်ထဲကနေ တစ်ကွက်တောင် ခံနိုင်တဲ့သူ မရှိသလောက်ပါပဲ။

​ပရိသတ်တွေရဲ့ အော်ဟစ်သံက ပိုကျယ်လာပြီး ရှောင်ပါးကို ဖန့်ချန်အား အမြန်သတ်ဖို့ တိုက်တွန်းနေကြပါတယ်။

တချို့က တစ်ကွက်တည်းနဲ့ သတ်ဖို့၊ တချို့က နှစ်ကွက်၊ သုံးကွက် စသဖြင့် အော်နေကြပါတယ်။

​ရွှီယန့်က သက်ပြင်းတစ်ချက်ချရင်း

"ဒီနေ့ ဘယ်သူနိုင်မလဲဆိုတာ သူတို့တောင် သိနေကြပြီပဲ နင်က အခုလို အဆုံးအစွန်အထိ ရင်းပြီး ငါနဲ့ လောင်းကြေးထပ်ရဲလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး"

​"ဟူး... ဓားတိုက်ခိုက်ရေးနန်းတော် ဖွင့်ရတာ ဒီလိုပါပဲ အပြင်လူတွေကတော့ ငါတို့ ဝိညာဉ်ကျောက်တုံးတွေ အလွယ်တကူ ရှာနေတယ် ထင်ကြပေမဲ့ နောက်ကွယ်က စွန့်စားရမှုတွေ ကြီးမားတာကိုတော့ မမြင်ကြဘူး"

နန်ကုန်းယွမ်ချန်ကလည်း သက်ပြင်းချဟန်ဆောင်ပြီး

"လုံရို့လေး... ဒီတစ်ခါ ရှုံးသွားလည်း ကိစ္စမရှိပါဘူး နင်က ဒုတိယမျိုးဆက်ရဲ့ သခင်မလေးပဲဟာ ပြန်ထူထောင်ဖို့ဆိုတာ နင့်အတွက် မခက်ပါဘူး"

​လူတိုင်းက တကယ်ပဲ စိုးရိမ်ပေးနေသလိုမျိုး ခေါင်းညိတ်နေကြပါတယ်။

လုံရို့က ဒါကို မြင်တော့ မသိချင်ယောင်ဆောင်ပြီး ရယ်လိုက်ပါတယ်။

​ဒီကောင်တွေက အများဆုံး လောင်းထားတဲ့သူတွေဖြစ်ပြီး အခုမှ လာပြီး ဟန်ဆောင်နေကြတာ ရွံစရာကောင်းလိုက်တာ။

ကြည့်ရတာ သူမရဲ့ အမျိုးသားကမှ ကြည့်ရဆိုးပေမဲ့ ပိုပြီး မျက်စိထဲ အဆင်ပြေနေပါသေးတယ်။

​"ဘာလို့ ပြန်ထူထောင်စရာ လိုမှာလဲ... ငါက အရူးမှ မဟုတ်တာ ရှုံးမှာ သေချာနေတဲ့ကိစ္စကို ဒီရူးကြောင်ကြောင် မိန်းမ ရွှီယန့်နဲ့ ဘာလို့ လောင်းကြေးထပ်မှာလဲ "

​လုံရို့က ရယ်မောရင်း ခေါင်းခါပြတယ်

"နင်တို့ သေသေချာချာ စဉ်းစားကြည့်ပါဦး... အဲဒီလို ယုတ္တိရှိလို့လား "

​လူတိုင်း ခဏ မှင်သက်သွားပြီး မျက်နှာတွေ ညိုမှောင်လာပါတယ်။

​ရွှီယန့်က နှာခေါင်းရှုံ့ရင်း

"ငါက နင့်လင်အကြောင်း ပြောလိုက်လို့ နင် ဒေါသထွက်ပြီး လုပ်တာပဲ မဟုတ်လား အခုမှ လာပြီး ဘယ်သူ့ကို ခြောက်နေတာလဲ "

​"ငါက နင့်လို မဟုတ်ဘူး၊ စကားတစ်ခွန်း နှစ်ခွန်းနဲ့တင် ဒေါသထွက်တတ်တဲ့လူမျိုး မဟုတ်ဘူး"

​လုံရို့က ပြုံးပြီး

"နင်တို့ ဒီနေ့ ဘယ်လောက်တောင် လောင်းထားလဲဆိုတာ ပြန်စဉ်းစားကြည့်ဦး ရှုံးသွားရင်တော့ ခါးပတ်ကို တင်းတင်းစည်းပြီး ခြိုးခြံချွေတာပြီး နေရတော့မယ်နော်"

​လုံရို့ရဲ့ စကားကြောင့် လူတိုင်းရဲ့ မျက်နှာတွေ ကြည့်မကောင်းတော့ပါဘူး။

သူတို့ အခြေအနေ မဟန်တော့ဘူးဆိုတဲ့ အငွေ့အသက်ကို ရလိုက်ကြလို့ပါ။

​အဲဒီအချိန်မှာပဲ ကွင်းထဲက ဟစ်ကြွေးသံတွေကြားမှာ ရှောင်ပါးက သူ့ရဲ့ အသက်ဆက်ဓား ကို ထုတ်လိုက်ပါတယ်။

ခဏချင်းမှာပဲ သူ့ပတ်ပတ်လည်မှာ မိုးကြိုးတွေ ဝန်းရံသွားပြီး မိုးကြိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုပါပဲ။

​"အဲဒါပဲ သူ့ကို ခုတ်သတ်ပစ် "

​"တစ်ကွက်တည်းနဲ့ မသတ်နဲ့ဦး ငါက သုံးကွက် လောင်းထားတာ "

​လူတွေရဲ့ မျက်လုံးတွေက တောက်ပနေပါတယ်။

​"လုံသခင်မလေးက မင်းကို ကွင်းထဲ လွှတ်လိုက်တယ်ဆိုတော့ မင်းရဲ့ ဓားဆန္ဒကလည်း မရိုးရှင်းဘူး ထင်တယ်၊ ထုတ်ပြပါဦး"

ရှောင်ပါးက ပြုံးပြီး ပြောပါတယ်။

​ပြောနေရင်းနဲ့ သူ့ဆီက မိုးကြိုးတွေက အရောင်တွေ စပြောင်းလာပါတယ်။

တကယ်ပဲ ခုနစ်ရောင်ခြည်အတိုင်းပါပဲ၊ အရောင်တစ်ခါပြောင်းတိုင်း အရှိန်အဝါက ပိုပြီး ပြင်းထန်လာပါတယ်။

​နောက်ဆုံး အရောင်ဖြစ်တဲ့ ခရမ်းရောင်ကို ရောက်တဲ့အခါမှာတော့ အဲဒီ ကြောက်စရာကောင်းတဲ့ အရှိန်အဝါက အစပိုင်းထက် ဆယ်ဆမက ပိုပြင်းထန်နေပါပြီ။

​"ဒီလို ဓားဆန္ဒမျိုးလား..."

​ဖန့်ချန်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါတယ်။

ဆန်းကြယ်တဲ့ အပြာရောင်အလင်းတန်းတစ်ခု ဝင်းလက်သွားပါတယ်။

​နောက်တစ်စက္ကန့်မှာတော့ ရှောင်ပါးရဲ့ ပတ်ပတ်လည်က ခုနစ်ရောင်ခြည် မိုးကြိုးတွေဟာ ရုတ်တရက် ရူးသွပ်စွာ ထကြွလာပါတယ်။

​ရှောင်ပါးက တိုက်ခိုက်တော့မယ်လို့ ပရိသတ်တွေက ထင်နေကြပေမဲ့၊ ရှောင်ပါးရဲ့ မျက်လုံးထဲမှာ ထိတ်လန့်သွားတဲ့ အရိပ်အယောင်ကိုတော့ ဘယ်သူမှ မမြင်လိုက်ကြပါဘူး။

​ချက်ချင်းဆိုသလိုပဲ ခုနစ်ရောင်ခြည် မိုးကြိုးတစ်ချက်ဟာ ဝုန်းခနဲ ပေါက်ကွဲထွက်လာပြီး ရှောင်ပါးရဲ့ ကိုယ်ပေါ်ကို ကျရောက်သွားပါတယ်။

​ရှောင်ပါးဟာ အဲဒီ မိုးကြိုးဒဏ်ကြောင့် အနောက်ကို ဆယ်လှမ်းမက ဆုတ်သွားရပြီး တစ်ကိုယ်လုံး မည်းတူးကာ မီးခိုးတွေ ထွက်လာပါတယ်။

​"ဘာဖြစ်တာလဲ"

​အားပေးသံတွေ ချက်ချင်း တိတ်သွားပြီး လူတိုင်း ကြောင်ကြည့်နေကြပါတယ်။

​သူတို့ မျက်စိမှားတာလား ဘာလို့ ရှောင်ပါးရဲ့ ဓားဆန္ဒက သူ့ကိုသူ ပြန်တိုက်ခိုက်နေရတာလဲ

​"မင်း..."

​ရှောင်ပါးက ဖန့်ချန်ကို လှမ်းကြည့်ပြီး စကားပြောဖို့ ပြင်လိုက်ပေမဲ့ နောက်ထပ် ခုနစ်ရောင်ခြည် မိုးကြိုးတစ်ချက်က သူ့အပေါ် ထပ်ကျလာပြန်ပါတယ်။

​ဒီတစ်ခါမှာတော့ သူ သတိပြန်ဝင်လာဖို့ စက္ကန့်အနည်းငယ်လောက် ကြာသွားပြီး မျက်လုံးထဲမှာ ပျာယာခတ်မှုတွေ ပေါ်လာပါတယ်။

​သူက ဓားဆန္ဒအပေါ် ထိန်းချုပ်မှု ပျောက်ဆုံးသွားပါပြီ။

​သူပိုင်ဆိုင်ရမယ့် ဓားဆန္ဒဟာ အခုတော့ အရှင်သခင် ပြောင်းသွားသလိုမျိုး သူ့အမိန့်ကို လုံးဝ နားမထောင်တော့ပါဘူး။

​ဓားတိုက်ခိုက်ရေးနန်းတော် တစ်ခုလုံး တဖြည်းဖြည်း တိတ်ဆိတ်သွားပါတယ်။

တချို့က မျက်နှာပျက်ပျက်နဲ့ ဒါကို ကြည့်နေရင်း ရုတ်တရက် ဒေါသတကြီး အော်လိုက်တယ်

​"ပွဲက ပွဲတုကြီး ကွ"

​သူတို့တွေ VIP ခုံဘက်ကို လှည့်ကြည့်ပြီး ရွှီယန့်တို့ ဂိုဏ်းချုပ်အုပ်စုကို လူသားစားမယ့် အကြည့်တွေနဲ့ စိုက်ကြည့်နေကြပါတယ်။

​ပွဲတုတွေကို တစ်ခါတလေ တွေ့ဖူးကြပေမဲ့ အခုလိုမျိုး ဗူးပေါ်သလိုပေါ်နေတဲ့ ပွဲတုမျိုးကိုတော့ သူတို့ ပထမဆုံး မြင်ဖူးတာပါ။

​အဲဒီအချိန်အတွင်းမှာပဲ ရှောင်ပါးဟာ ခုနစ်ရောင်ခြည် မိုးကြိုးဒဏ်ကို ခုနစ်ကြိမ် ရှစ်ကြိမ်လောက် ထပ်ခံလိုက်ရပြီး နောက်ဆုံးမှာတော့ လဲကျသွားကာ အသက်ရှူရပ်သွားပါတော့တယ်။

​သူ သေဆုံးသွားတာနဲ့ ပတ်ဝန်းကျင်က မိုးကြိုးအလင်းတွေလည်း တစ်ခါမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားပါတယ်။

​နန်းတော်တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။

လူတိုင်းက ကိုယ့်ရဲ့ အရင်းအနှီးတွေ အကုန်ပုံအောလောင်းထားပြီးမှ ဒီလိုမျိုး ရယ်စရာကောင်းတဲ့ ရလဒ်နဲ့ ရှုံးသွားတာကို သိလိုက်ရတဲ့အခါ ဒေါသကို မထိန်းနိုင်ကြတော့ပါဘူး။

တချို့က VIP ခုံဘက်ကို လှည့်ပြီး စဆဲနေကြပါပြီ။

​ရွှီယန့်ကတော့ ရှောင်ပါးရဲ့ အလောင်းကို ကြည့်ပြီး ကြောင်အမ်းအမ်းနဲ့ သတိမဝင်နိုင်သေးပါဘူး။

​နန်ကုန်းယွမ်ချန်တို့ရဲ့ မျက်နှာတွေလည်း အရမ်းကြည့်ရဆိုးနေပါတယ်။

ဆဲဆိုသံတွေကို ကြားရတဲ့အခါ နန်ကုန်းယွမ်ချန်က လုံရို့နဲ့ ရွှီယန့်ကို ကြည့်ပြီး လှောင်ပြောင်လိုက်တယ်

​"နင်တို့ နှစ်ယောက်စလုံး... ပြဇာတ်ကောင်းကောင်း ကပြလိုက်တာပဲ "

​သူတစ်ယောက်တည်းတင် ဓားတိုက်ခိုက်ရေးနန်းတော်က ရံပုံငွေတွေကို ယူပြီး အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး ၁ သိန်းကျော် လောင်းထားတာပါ။

​ဒါဟာ သူအုပ်ချုပ်တဲ့ ဓားတိုက်ခိုက်ရေးနန်းတော်ရဲ့ ၁၀ နှစ်စာ အသားတင်အမြတ်ပါ။

အိမ်ကို ပို့ရမယ့် ပိုက်ဆံတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် ပါသွားပါပြီ။

​"ဒါ ငါနဲ့ မဆိုင်ဘူး"

​ရွှီယန့်က ရုတ်တရက် ထရပ်လိုက်ပါတယ်။

လူတွေက ဆဲနေတုန်းပဲမို့ သူက ပရိသတ်တွေကို အေးစက်စက် ဝှေ့ကြည့်လိုက်တယ်

​"ပါးစပ်ပိတ်ကြစမ်း ဘယ်သူ ထပ်အော်ဦးမလဲ၊ အော်တဲ့လူကို ငါနဲ့အတူ မဟာယန်ဂိုဏ်းကို ခေါ်သွားပြီး နတ်ကိုယ်နတ်စိတ် ပေါင်းစပ်ကျင့်ကြံခြင်း လုပ်ပစ်မယ် "

​လူတိုင်း ထိတ်လန့်သွားပြီး ဆက်မအော်ရဲတော့ပါဘူး။

မဟာယန်ဂိုဏ်းဟာ ချောင်ဖုန်းဒေသရဲ့ ဂိုဏ်းကြီး ၃ ဂိုဏ်းထဲက တစ်ခုဖြစ်လို့ သူတို့ရဲ့ အခြေခံက သာမန်လူတွေ စိတ်ကူးလို့တောင် မရပါဘူး။

သူတို့က သာမန်နောက်ခံရှိတဲ့သူတွေမို့ မဟာယန်ဂိုဏ်းနဲ့ ယှဉ်ရင် ပုရွက်ဆိတ်နဲ့ တောင်ကြီးလို ကွာခြားလွန်းပါတယ်။

​"လုံရို့... ဒီလူတွေ ဘယ်လိုဆဲနေလဲ ကြားလား ပွဲတုတဲ့ ငါ ဒီနေ့ နင်နဲ့ ဓားချင်းယှဉ်တာ နင် ဘယ်လို နည်းလမ်းတွေ သုံးလိုက်တာလဲ ငါ့လက်အောက်က ဓားသမားကို ဝယ်လိုက်တာလား သူ့မှာ ဘာအားနည်းချက်ရှိလို့ နင့်ကို ဒီလိုမျိုး သေပေးပြီး ကူညီရတာလဲ"

ရွှီယန့်က အော်မေးပါတယ်။

​ရှောင်ပါးရဲ့ ဝိညာဉ်ဟာ အလောင်းပေါ်မှာ ရပ်နေရင်း ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။

သူကိုယ်တိုင်လည်း ဘယ်လိုသေသွားလဲဆိုတာ အခုထိ နားမလည်သေးပါဘူး။

ရွှီယန့်က သူ့ကို လုံရို့ ဝယ်လိုက်တယ်လို့ ပြောတာကြားတော့ ပိုပြီး ကြောင်သွားပါတယ်။

​လုံရို့က ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်လိုက်တယ်

"နင်က ရူးနေတဲ့ မိန်းမဆိုတာ နင်ကိုယ်တိုင်ပဲ သက်သေပြနေတာပဲ ငါက ဘယ်လိုလုပ် နင့်လူကို ဝယ်ပြီး သူ့ဘာသာသူ သေခိုင်းလို့ ရမှာလဲ "

​"ဒါကတော့ တကယ်ပဲ မဖြစ်နိုင်ဘူး ဒါပေမဲ့... ဒီနေ့က ဓားချင်းယှဉ်တာ မန္တန်နဲ့ တိုက်ခိုက်တာ မဟုတ်ဘူး နင့်လူက ဓားတစ်ချက်တောင် မထုတ်ရသေးဘူး၊ ရှောင်ပါးကတော့ ဒီမှာ သေသွားပြီ ဒီပွဲကတော့ အတည်မဖြစ်နိုင်ဘူး ထင်တယ်"

​နန်ကုန်းယွမ်ချန်က စဉ်းစားရင်း ပြောလိုက်ပါတယ်။

သူ့ရဲ့ ထက်ရှတဲ့ အကြည့်တွေက ဖန့်ချန်ကို အထက်အောက် စိုက်ကြည့်နေပါတယ်။

​ကျန်တဲ့ ဂိုဏ်းချုပ်တွေကလည်း ဒါကို ကြားတော့ နန်ကုန်းယွမ်ချန်ရဲ့ စကားကို ဝိုင်းထောက်ခံကြပါတယ်။

ပရိသတ်ထဲမှာလည်း တခြား ဓားတိုက်ခိုက်ရေးနန်းတော်တွေက လွှတ်ထားတဲ့လူတွေ ပါနေတာမို့၊ သူတို့က လူပေါင်းသောင်းချီကို ဆော်ဩပြီး လုံရို့ရဲ့ ပွဲတုကို ကန့်ကွက်ခိုင်းလိုက်ပါတယ်။

​ရွှီယန့်ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် တက်သွားတယ်

"နင် ဒီနေ့ သူတို့ကို အဖြေတစ်ခု မပေးနိုင်ရင် ဝိညာဉ်ကျောက်တုံးတွေ ရှုံးရုံတင် မကတော့ဘူးနော် နင်တို့ လုံမျိုးနွယ်ရဲ့ ယွန်းလူမြို့က ဓားတိုက်ခိုက်ရေးနန်းတော်တွေ အားလုံး နောင်ကို ဈေးကွက်ပျက်သွားလိမ့်မယ်"

​"အားလုံးပဲ"

​လုံရို့က စဉ်းစားလိုက်ပြီး ပြုံးကာ လက်ကို မြှောက်လိုက်ပါတယ်။

​ကွင်းတစ်ခုလုံး ချက်ချင်း တိတ်သွားပြီး လုံရို့ ဘာပြောမလဲဆိုတာကို စောင့်ကြည့်နေကြပါတယ်။

​"ထပ်ပြိုင်ရမယ်ဆိုတဲ့ စည်းကမ်းတော့ မရှိဘူး ဒါပေမဲ့ နင်တို့ နောက်ထပ် တစ်ပွဲ ထပ်ကြည့်ချင်တယ်ဆိုရင်တော့ ငါ ဖြည့်ဆည်းပေးနိုင်ပါတယ်"

​ထပ်ပြိုင်ရမယ်

​လူတိုင်း စိတ်လှုပ်ရှားသွားပါတယ်။

​"ရွှီယန့်... နင် နောက်ထပ် လူတစ်ယောက် ထပ်လွှတ်လေ"

လုံရို့က ပြုံးပြီး ပြောပါတယ်။

​ရွှီယန့်ရဲ့ မျက်လုံးတွေက ဝေဝါးသွားပါတယ်။

​နောက်ထပ် လူတစ်ယောက်လား ရှောင်ပါးကလွဲရင် သူ့လက်ထဲက ကျန်တဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဓားကျင့်ကြံသူတွေဟာ နိုင်ဖို့အတွက် သေချာပေါက် အာမခံချက် မရှိပါဘူး။

​"ရွှီယန့်... ငါ နင့်ကို လူတစ်ယောက် ချေးပေးနိုင်တယ်"

​နန်ကုန်းယွမ်ချန်က အေးဆေးစွာ ပြောလိုက်ပါတော့တယ်။

​အခန်း (၉၉၈) ဓားနယ်မြေချင်း ယှဉ်ပြိုင်ခြင်း

​လူတိုင်း အကြာကြီး မစောင့်လိုက်ရပါဘူး။

နန်ကုန်းယွမ်ချန် လွှတ်လိုက်တဲ့ လက်အောက်ငယ်သားဟာ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဓားကျင့်ကြံသူတစ်ယောက်ကို ခေါ်ပြီး ဓားတိုက်ခိုက်ရေးနန်းတော်ထဲ ပြန်ရောက်လာပါတယ်။

​"လပြတ်ဓား နန်ကုန်းယွီ လား"

​လူတိုင်း စိတ်လှုပ်ရှားသွားကြပါတယ်။

ဒီလူဟာ ယွန်းလူမြို့မှာ တော်တော်လေး နာမည်ကြီးသူပါ။

နန်ကုန်းယွမ်ချန်ရဲ့ လက်အောက်မှာ အသန်မာဆုံး စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဓားကျင့်ကြံသူ ဖြစ်ရုံတင်မကဘဲ၊ ဂုဏ်သရေရှိ နန်ကုန်းမျိုးနွယ်ကနေ ဆင်းသက်လာပြီးမှ မသေမျိုးလမ်းစဉ်ကို မလိုက်ဘဲ ဓားကျင့်ကြံသူလမ်းစဉ်ကို ရွေးချယ်ခဲ့တာကြောင့် ယွန်းလူမြို့မှာ လူသိများနေတာပါ။

​ဂုဏ်သရေရှိမျိုးနွယ်တွေဟာ သူဌေးကြီးမျိုးနွယ်တွေလောက် အင်အားမကြီးပေမဲ့ သူတို့မှာလည်း စနစ်တကျရှိတဲ့ အသက်ရှည်ရာလမ်းစဉ် အမွေအနှစ်တွေ ရှိကြပါတယ်။

သက်တမ်းရှည်မယ့် လမ်းစဉ်ကို မရွေးဘဲ သက်တမ်းတိုမယ့် ဓားလမ်းစဉ်ကို ရွေးချယ်ခဲ့တာဟာ သာမန်လူတွေအတွက်တော့ နားလည်ရခက်ပါတယ်။

​နောက်ပိုင်းမှာတော့ နန်ကုန်းယွီဟာ နန်ကုန်းယွမ်ချန် အဖေရဲ့ အပြင်က ရထားတဲ့ တရားမဝင် သားဖြစ်တယ်လို့ သတင်းထွက်လာမှ လူတွေလည်း တဖြည်းဖြည်း သဘောပေါက်သွားကြတာပါ။

​"အစ်ကို"

နန်ကုန်းယွီက နန်ကုန်းယွမ်ချန်ရဲ့ ရှေ့ကို ရောက်လာပြီး တိုးတိုးလေး နှုတ်ဆက်ပါတယ်။

​"သွားပြီးတော့ လုံရို့ရဲ့ ဓားကျင့်ကြံသူနဲ့ တစ်ပွဲလောက် တိုက်လိုက်ဦး"

နန်ကုန်းယွမ်ချန်က မျက်တောင်တောင် မခတ်ဘဲ အမိန့်ပေးပါတယ်။

​"ဟုတ်ကဲ့"

နန်ကုန်းယွီက ခပ်ဖွဖွ ခေါင်းညိတ်ပြီး ကွင်းထဲကို ပျံဝင်သွားပါတယ်။

​"နေဦး၊ အရင်ပွဲက လောင်းကြေးက ဘယ်လိုဖြစ်မှာလဲ"

ရွှီယန့်က ရုတ်တရက် ဝင်မေးပါတယ်။

​လူတိုင်းရဲ့ အကြည့်တွေက လုံရို့ဆီ စုပြုံရောက်သွားပါတယ်။

ဟုတ်သားပဲ၊ ဒါက ပြန်ပြိုင်ရမယ့်ပွဲဆိုတော့ လောင်းကြေးကိုလည်း အသစ်ပြန်ထပ်ရမှာပေါ့။

​လူတော်တော်များများ စိတ်လှုပ်ရှားနေကြပါတယ်။

တကယ်လို့ လောင်းကြေးအသစ် ပြန်ထပ်ခွင့်ရမယ်ဆိုရင် သူတို့တွေ ဒီတစ်ခါတော့ မလောင်းတော့ဖို့ စဉ်းစားထားကြပါတယ်။

​"ငါ နင်တို့နဲ့ ပြန်ပြိုင်ပေးဖို့ သဘောတူတာက နင်တို့ ရှုံးတာကို ကျေကျေနပ်နပ် ဖြစ်စေချင်လို့ပဲ၊ ငါ့ကို အရူးလို့တော့ မထင်နဲ့"

​လုံရို့က အေးဆေးစွာ ပြုံးပြီး

"တကယ်လို့ ဒီပွဲမှာ ငါရှုံးရင် အရင်က လောင်းကြေးတွေကို နင်တို့ဆီ အကုန်ပြန်ပေးမယ် တကယ်လို့ ငါနိုင်ရင်တော့ ပါးစပ်ပိတ်ပြီး ရှုံးတာကို လက်ခံလိုက်ကြ၊ ဒါပဲ"

​လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

မကျေနပ်မှုတွေ ရှိနေသေးပေမဲ့ ဒါဟာ လုံရို့ရဲ့ အကြီးမားဆုံး လျှော့ပေးမှုပဲလို့ ခံစားလိုက်ရပါတယ်။

​ပရိသတ်တွေကလည်း ဒီအချက်ကို လက်ခံတဲ့ပုံပေါ်တာကြောင့် ရွှီယန့်လည်း လုံရို့ကို တစ်ချက်ကြည့်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။

​"မင်း... ဒီတစ်ခါတော့ ဓားထုတ်ဖို့ မမေ့နဲ့ဦး တကယ်လို့ ဆန်းကြယ်တဲ့ နည်းလမ်းတွေ ထပ်သုံးမယ်ဆိုရင်တော့ ငါက အကြီးက အငယ်ကို နှိပ်စက်တယ်လို့ မပြောနဲ့တော့"

နန်ကုန်းယွမ်ချန်က ဖန့်ချန်ကို လက်ညှိုးထိုးပြီး ပြောပါတယ်။

​လုံရို့က ဟားဟားရယ်ပြီး ဖန့်ချန်ကို ခေါင်းညိတ်ပြတယ်

"ဒီတစ်ခါတော့ ဓားထုတ်လိုက်ပါ သူတို့ ရှုံးတာကို ကျေနပ်သွားအောင်လို့"

​"တစ်ကွက်လား၊ နှစ်ကွက်လား"

ဖန့်ချန်က မေးလိုက်ပါတယ်။

​လူတိုင်း ကြောင်အမ်းသွားကြပါတယ်။ လုံရို့ကတော့ မရယ်ဘဲ မနေနိုင်တော့ဘဲ

"နင့် သဘောပဲ"

​"အရမ်း ရောင့်တက်နေတာပဲ၊ ဘယ်က ဓားကျင့်ကြံသူကို ရှာလာတာလဲ"

ရွှီယန့်က မျက်လုံးကို မှေးပြီး ကြည့်ပါတယ်။

​နန်ကုန်းယွမ်ချန်တို့ကတော့ မျက်မှောင်ကြုတ်သွားပြီးမှ ပြန်ဖြေလျှော့လိုက်ပါတယ်။

သူတို့က နန်ကုန်းယွီရဲ့ ဓားပညာကို ကောင်းကောင်းသိပါတယ်။

သူဟာ ရွှီယန့်ရဲ့ လက်အောက်က ရှောင်ပါးနဲ့ ယှဉ်ရင်တောင် ရှုံးမှာ မဟုတ်ပါဘူး။

ဒီပွဲကတော့ မျှော်လင့်ချက် ရှိပါသေးတယ်။

​"အရှင်တိုက်မလား၊ အသေတိုက်မလား"

နန်ကုန်းယွီက ဖန့်ချန်ကို ကြည့်ပြီး ဝိညာဉ်သံလွှတ် လိုက်ပါတယ်။

​"မင်း ရွေးလေ"

​"ငါနဲ့ မင်းနဲ့ ရန်ငြိုးမရှိဘူး၊ သွေးထွက်သံယို ဖြစ်စရာ မလိုပါဘူး"

​နန်ကုန်းယွီက ပြောပြီးတာနဲ့ ဖန့်ချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်ပါတယ်။

ဓားတစ်လက်ဟာ သူ့ရဲ့ လက်ဖဝါးထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပါတယ်။

သူ့ရဲ့ ဓားက တော်တော်လေး နူးညံ့တဲ့ပုံစံရှိပြီး လူတွေကို နွေဦးမိုးရေစက်တွေလို အေးချမ်းတဲ့ ခံစားချက်မျိုး ပေးပါတယ်။

ဒါပေမဲ့ လူတွေ သတိထားမိလိုက်တဲ့ အချိန်မှာတော့...

​သူ့ရဲ့ ဓားအရှိန်အဝါ က အပြည့်အဝ ဖြစ်တည်သွားပါပြီ။

​ကွင်းထဲက ကျင့်ကြံသူတွေထဲမှာ ပေါင်းစပ်ခြင်းအဆင့် တွေတောင် နန်ကုန်းယွီရဲ့ ဓားအရှိန်အဝါကြောင့် ကြက်သီးထစရာ အေးစက်မှုကို ခံစားလိုက်ရပါတယ်။

ဓားတစ်လက်က ကိုယ့်လည်ပင်းကို လာတေ့ထားသလိုမျိုး ခံစားရပြီး ပြန်လည်ခုခံလိုစိတ်တွေ ပျောက်ဆုံးကုန်ပါတယ်။

​"ဒါက ဓားနယ်မြေ လား"

တစ်ယောက်က အော်လိုက်ပါတယ်။

​လူတိုင်း သတိဝင်လာကြပါတယ်။

နန်ကုန်းယွီရဲ့ ဓားဆန္ဒဟာ လွှမ်းမိုးမှု အတိုင်းအတာ အရမ်းကျယ်ပြန့်လွန်းနေပါတယ်။

ကွင်းထဲက လူပေါင်းသောင်းချီကို လွှမ်းခြုံထားပြီး၊ ပေါင်းစပ်ခြင်းအဆင့် တွေတောင် အနည်းငယ် ခံသာပေမဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တွေကတော့ စိတ်ထဲမှာ အေးစက်တုန်လှုပ်နေကြပါပြီ။

​ဒါဟာ ဓားဆန္ဒရဲ့ ပိုမြင့်တဲ့ အဆင့်ဖြစ်တဲ့ ဓားနယ်မြေ ပါပဲ။

​ဓားနယ်မြေဟာ ကျင့်ကြံခြင်းအဆင့်နဲ့ မဆိုင်ဘဲ ဓားလမ်းစဉ်အပေါ် နားလည်မှု နဲ့ပဲ ဆိုင်တာပါ။

အခုခေတ်လောကမှာ တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတွေကလွဲရင် အဲဒီအောက်ကသူတွေ ဓားနယ်မြေကို နားလည်သဘောပေါက်တာမျိုးက အလွန်ရှားပါတယ်။

​ရွှီယန့်ရဲ့ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပါတယ်။

တကယ်လို့ နန်ကုန်းယွီက ဓားနယ်မြေကို တကယ်ပဲ နားလည်ထားတာဆိုရင် ရှောင်ပါးဟာ သူ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ပါဘူး။

သူမက နန်ကုန်းယွမ်ချန်ကို လှမ်းကြည့်လိုက်တော့ နန်ကုန်းယွမ်ချန်ရဲ့ မျက်လုံးထဲမှာလည်း အံ့အားသင့်ရိပ်တွေ ဖြတ်ပြေးသွားတာကို မြင်လိုက်ရပါတယ်။

နန်ကုန်းယွီ ဓားနယ်မြေ ရထားတာကို နန်ကုန်းယွမ်ချန်ကိုယ်တိုင်တောင် မသိတာ သေချာသွားပါပြီ။

​ယုံကြည်ချက် အပြည့်ရှိနေတဲ့ လုံရို့တောင် ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ နန်ကုန်းယွီကို အကဲခတ်နေပါတယ်။

​"ဒါက တကယ်ပဲ ဓားနယ်မြေလား..."

​ဖုတုန်းဟိုင်က စဉ်းစားနေပါတယ်။

သူ့လို ဓားကျင့်ကြံသူတွေလည်း နန်ကုန်းယွီကို ထိတ်လန့်တုန်လှုပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။

သူတို့အတွက်တော့ ဓားနယ်မြေဆိုတာ ဒဏ္ဍာရီထဲမှာပဲ ရှိတာဖြစ်ပြီး ပြင်ပမှာ ဓားနယ်မြေရဲ့ တကယ့်စွမ်းအားကို မြင်တွေ့ဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။

​တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတွေထဲမှာတောင် ဓားနယ်မြေကို နားလည်တဲ့သူ သိပ်မရှိပါဘူး။

ဒါဟာ ဓားဆန္ဒကို အခြားတစ်မျိုး အသုံးချတာဖြစ်ပြီး အရင်းအမြစ်ကို နားလည်မှသာ ဓားဆန္ဒကို မြင့်တင်ပြီး ပိုမိုအစွမ်းထက်တဲ့ ဓားနယ်မြေကို တည်ဆောက်နိုင်တာပါ။

​ဓားနယ်မြေ ပိုင်ဆိုင်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ဟာ သူ့အဆင့်တူ ကျင့်ကြံသူ အများအပြားကို အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်။

တကယ်လို့ သာမန် အသက်ရှည်ရာလမ်းစဉ် ကျင့်ကြံသူတွေနဲ့ တွေ့ရင်တော့ စွမ်းအားက စိတ်ကူးလို့တောင် မရပါဘူး။

​"တကယ်လို့ ဒါက ဓားနယ်မြေဆိုရင်...ဝိညာဥ်ခွဲဖြာခြင်း အစောပိုင်းပဲဖြစ်ဖြစ်၊ အထွတ်အထိပ်ပဲဖြစ်ဖြစ်... သူ့ရှေ့မှာတော့ ဘာမှ ထူးခြားမှာ မဟုတ်တော့ဘူး... သူနဲ့အပြိုင် ဓားလမ်းစဉ် လိုက်တဲ့သူ မဟုတ်ရင်... သာမန်ကျင့်ကြံသူဆိုရင် ပေါင်းစပ်ခြင်းအဆင့် ရောက်မှသာ သူ့ကို ဖိနှိပ်ဖို့ ယုံကြည်ချက် ရှိနိုင်လိမ့်မယ်"

​"လုံမျိုးနွယ်က သခင်မလေးတော့ ဒီတစ်ခါ ဒုက္ခရောက်ပြီ ဒီလူက ရှောင်ပါးထက်တောင် ကိုင်တွယ်ရ ခက်ဦးမယ်"

​"တော်သေးတာပေါ့ ငါတို့တော့ အရင်းပြန်ရဖို့ သေချာသလောက် ရှိသွားပြီ နောင်ဆိုရင်တော့ ဒီလိုကိစ္စမျိုးကို သေသေချာချာ စဉ်းစားရဦးမယ်..."

​"စွန့်လွှတ်လိုက်ပါ... စွန့်လွှတ်လိုက်ပါ..."

​ဖန့်ချန်ရဲ့ နားထဲမှာ တစ်စုံတစ်ယောက်က တိုးတိုးလေး လာပြောနေသလိုပါပဲ။

သူ့ရဲ့ စိတ်ထဲက ဓားကို စွန့်လွှတ်ဖို့ တိုက်တွန်းနေပြီး၊ အဲဒီအသံက သူ့ရဲ့ တိုက်ခိုက်လိုစိတ်တွေကို အဆက်မပြတ် ဖြိုခွဲဖို့ ကြိုးစားနေပါတယ်။

​"စိတ်ဝင်စားစရာပဲ"

​ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ ပြုံးရိပ်လေးတစ်ခု ပေါ်လာပါတယ်။

နန်ကုန်းယွီရဲ့ ဓားဆန္ဒဟာ သူ့ရဲ့ ဓားဆန္ဒနဲ့ အနည်းငယ် တူညီနေတာကို သူ ခံစားလိုက်ရပါတယ်။

ပတ်ဝန်းကျင်က လူတွေရဲ့ စိတ်အခြေအနေ ကို လွှမ်းမိုးနိုင်တာချင်း တူနေတာပါ။

​ဒီအချိန်မှာ ဓားဆန္ဒဟာ ခန္ဓာကိုယ်ကိုတင် မကဘဲ အရင်းအမြစ် ကိုပါ တိုက်ရိုက် ဦးတည်နေတာ ဖြစ်ပါတယ်။

​"သူတို့က ဒါကို ဓားနယ်မြေလို့ ခေါ်တာလား အဲဒါဆိုရင် ငါ့ရဲ့ လူ့လောက ကလည်း အစောကြီးကတည်းက ဓားနယ်မြေ အဆင့်ကို ရောက်နေခဲ့တာပေါ့"

​သူ့စိတ်ထဲမှာ ရုတ်တရက် သဘောပေါက်သွားပါတယ်။

ဒါကြောင့်လည်း သူ ဓားကပြတဲ့အခါ သူ့ရဲ့ ဓားဆန္ဒက လူတွေအပေါ် သက်ရောက်မှုရှိတာဟာ ပိုင်ချင်းမင် တို့ထက် အများကြီး ပိုပြီး ထူးခြားဆန်းကြယ်နေခဲ့တာပါ။

​အဲဒီတုန်းကတော့ သူက လူ့လောက ဆိုတဲ့ ဓားဆန္ဒက သာမန်ထက် ထူးခြားလို့လို့ပဲ ထင်ခဲ့တာပါ။

အခုကြည့်ရတာ သူ လူ့လောက ကို နားလည်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပဲ ဆိုင်လိမ့်မယ် ထင်ပါတယ်။

အဲဒီဖြစ်စဉ်မှာတင် သူဟာ မသိမသာနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဓားနယ်မြေကို ရရှိထားခဲ့တာပါ။

​ဖန့်ချန်ရဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ရှိနေတာကို မြင်တော့ နန်ကုန်းယွီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပါတယ်။

နောက်တစ်စက္ကန့်မှာတော့... သူ့ရဲ့ ဓားနယ်မြေဟာ တစ်စုံတစ်ခုရဲ့ ဝါးမြိုခြင်း၊ ပေါင်းစပ်ခြင်းကို ခံနေရသလိုမျိုး တဖြည်းဖြည်း ပြောင်းလဲသွားတာကို သူ သတိထားမိလိုက်ပါတယ်။

​သူ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲက မကုန်ခမ်းနိုင်တဲ့ အင်အားတွေဟာ အစောကြီးကတည်းက တိတ်တဆိတ် ပျောက်ကွယ်သွားပါပြီ။

​ခဏလောက် တိတ်ဆိတ်သွားပြီးနောက် နန်ကုန်းယွီက ခါးသက်သက် ပြုံးလိုက်ပါတယ်။

ဖန့်ချန်ကို ကြည့်နေတဲ့ သူ့ရဲ့ အကြည့်တွေထဲမှာ မယုံနိုင်စရာတွေ ပြည့်နှက်နေပါတယ်။

​"မင်းတို့ ဘာလို့ အခုထိ တိုက်ပွဲမစကြသေးတာလဲ"

​"မြန်မြန်တိုက်ကြစမ်း၊ ငါတို့မှာ ဒီမှာ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး "

​နှစ်ယောက်သား အကြာကြီး တိုက်ပွဲမစတာကို မြင်တော့ ပရိသတ်တွေက မကျေမနပ် အော်ဟစ်ကြပါတယ်။

​"ကျွန်တော် ရှုံးပါပြီ"

​နန်ကုန်းယွီရဲ့ အသံက အနည်းငယ် အက်ရှနေပါတယ်။ သူက လက်အုပ်ချီပြီး

"ဒီလောကရဲ့ စိတ်ဝိညာဉ်ထွက်ခွာခြင်း အဆင့်တွေထဲမှာ ဓားနယ်မြေကို နားလည်တဲ့သူ အလွန်နည်းတယ်လို့ ထင်ခဲ့တာ၊ ကျွန်တော် တကယ်ပဲ ဖားသူငယ် ရေတွင်းထဲမှာ ရှိနေခဲ့တာ ပါပဲ"

​"ဘာပြောလိုက်တာလဲ ရှုံးပြီ ဟုတ်လား "

​"ဓားနယ်မြေ ဒီလူမှာလည်း ဓားနယ်မြေ ရှိတာလား ငါ ဘာလို့ ဘာမှ မခံစားရတာလဲ "

​"နေဦး၊ ခုနက နန်ကုန်းယွီရဲ့ ဓားနယ်မြေက... တကယ်ပဲ ပျောက်သွားတာပဲ ငါတောင် သတိမထားမိလိုက်ဘူး..."

​"နန်ကုန်းယွီ ဓားနယ်မြေတွေ ဘာတွေ လာမပြောနဲ့၊ ဓားတောင် မထုတ်ရသေးဘဲနဲ့ ဘာလို့ ရှုံးတယ်လို့ ဝန်ခံရဲတာလဲ "

နန်ကုန်းယွမ်ချန်က ထရပ်ပြီး ဒေါသတကြီး အော်လိုက်ပါတယ်။

​"အစ်ကို... ဓားကျင့်ကြံသူတွေရဲ့ ကိစ္စကို အစ်ကို နားမလည်ပါဘူး... တစ်ခါတလေကျရင် အရှုံးအနိုင်ကို ခွဲဖို့ ဓားထုတ်စရာတောင် မလိုပါဘူး ကျွန်တော် တကယ်ပဲ ရှုံးသွားတာပါ"

နန်ကုန်းယွီက လက်အုပ်ချီပြီး ပြောပါတယ်။

​နန်ကုန်းယွမ်ချန်ရဲ့ မျက်နှာက အဆက်မပြတ် ပြောင်းလဲနေပြီး နန်ကုန်းယွီကို စူးစိုက်ကြည့်နေပါတော့တယ်။

All Chapters