အခန်း (၉၉၉-၁၀၀၀)
Vol. 100 Ch. 999-1000
အခန်း (၉၉၉) ကိန်းဂဏန်းကို ဖြည့်လိုက်တာ
ဓားတိုက်ခိုက်ရေးနန်းတော် ဂိုဏ်းချုပ်အချို့ဟာ နန်ကုန်းယွမ်ချန်ကို ကောင်းကောင်းသိကြတာမို့ သူ အခုအချိန်မှာ အတော်လေး ဒေါသထွက်နေပြီဆိုတာကို ရိပ်မိကြပါတယ်။
ဝိညာဉ်ကျောက်တုံးတွေ ရှုံးသွားလို့တင် မကဘဲ နန်ကုန်းယွီရဲ့ မဆီမဆိုင်တဲ့ စကားကြောင့်လည်း ဒေါသထွက်နေတာပါ။
"သူ့မှာလည်း ဓားနယ်မြေ ရှိတာလား... ဒါကြောင့်လည်း ဌာနမှူး က သူ့ကို ဒီလောက်အလေးထားတာကိုး"
လုံရို့ရဲ့ မျက်လုံးထဲမှာ အံ့အားသင့်ရိပ်တွေ ဖြတ်ပြေးသွားပါတယ်။
သူမ သိသလောက်တော့ လက်ရှိ လုံမျိုးနွယ်ထဲမှာ ဓားနယ်မြေ ပိုင်ဆိုင်တဲ့ ဓားကျင့်ကြံသူ သုံးယောက်ပဲ ရှိပါတယ်။
တစ်ယောက်က ပထမမျိုးဆက်ရဲ့ သမက် လီချန်စန်း၊ တစ်ယောက်က ပထမဓားကျောင်းရဲ့ ကျောင်းအုပ် ဟော့ဝူ၊ နောက်တစ်ယောက်ကတော့ ကိုးခုမြောက်ဓားကျောင်းရဲ့ ဓားကျမ်းဂိုဒေါင်ကို စောင့်တဲ့ အကြီးကဲကျောက် တို့ပါပဲ။
ဒီသုံးယောက်ထဲက နှစ်ယောက်က မသေမျိုးဘုရင် တွေဖြစ်ပြီး တစ်ယောက်က တစ်ဆင့်လွတ်လပ်သောမသေမျိုး တွေပါ။
သူတို့အားလုံးဟာ ဒီလမ်းစဉ်မှာ နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့တဲ့ သန်မာသူတွေဖြစ်ပါတယ်။
သူတို့ကလွဲရင် လုံမျိုးနွယ် လက်အောက်က မရေမတွက်နိုင်တဲ့ ဓားကျင့်ကြံသူတွေထဲမှာ စတုတ္ထမြောက် ဓားနယ်မြေ နားလည်သူ မရှိတော့ပါဘူး။
ဓားနယ်မြေကိုလည်း ပိုင်ဆိုင်ထားသလို ယင်လောကသွားခြင်းအတတ် မှာလည်း ကျွမ်းကျင်တာကို ကြည့်ရင် ဖန့်ချန်ရဲ့ နည်းလမ်းတွေက သူမ စိတ်ကူးထားတာထက် အများကြီး ပိုလွန်နေတယ်လို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။
နန်ကုန်းယွီကတော့ နန်ကုန်းယွမ်ချန် တစ်ခွန်းမှ မပြောဘဲ မျက်နှာပျက်နေတာကို မြင်တော့ တစ်ဖက်လူက သူ့စကားကို နားမလည်ဘူးအထင်နဲ့ စိတ်ရှည်လက်ရှည် ထပ်ရှင်းပြပါတယ်။
"အစ်ကို... ဒီလူကလည်း ဓားနယ်မြေကို နားလည်ထားတာ၊ ပြီးတော့ သူ့ရဲ့ ဓားနယ်မြေက ကျွန်တော့်ထက် အများကြီး ပိုသန်မာတယ် ဓားနယ်မြေချင်း ယှဉ်ပြိုင်ရာမှာ ကျွန်တော် ရှုံးသွားပြီဖြစ်လို့ ဓားထုတ်နေလည်း အဓိပ္ပာယ်မရှိတော့ဘူး ဘယ်ဓားကျင့်ကြံသူမှ ဓားနယ်မြေရှိတဲ့ အဆင့်တူပြိုင်ဘက်ကို မနိုင်နိုင်ဘူး"
"မင်း ငါ့ကို အစ်ကိုလို့ မခေါ်နဲ့တော့၊ ငါ မခံယူနိုင်ဘူး နန်ကုန်းမျိုးနွယ်က သွေးစစ်တယ်၊ အားလုံးက အသက်ရှည်ရာလမ်းစဉ်ကိုပဲ လိုက်ကြတာ မင်းလိုမျိုး တရားမဝင်တဲ့ကောင်ကမှ ဓားကျင့်ကြံသူလမ်းစဉ်ကိုလိုက်ပြီး မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ"
နန်ကုန်းယွမ်ချန်က မျက်နှာသေနဲ့ ပြောလိုက်ပြီးနောက် လုံရို့ကို လက်အုပ်ချီ နှုတ်ဆက်ကာ ဓားတိုက်ခိုက်ရေးနန်းတော် အပြင်ဘက်ကို ထွက်သွားပါတော့တယ်။
"ဒါဆို ငါတို့လည်း ပြန်တော့မယ်"
ကျန်တဲ့ ဂိုဏ်းချုပ်တွေလည်း တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ပြီး ပြန်ကုန်ကြပါတယ်။
သူတို့ စိတ်ထဲမှာ အရမ်းကို နှမြောနေကြပါပြီ။
ဒီတစ်ခါတော့ အလယ်အလတ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှုံးသွားတာမို့ အထက်လူကြီးတွေကို ဘယ်လို ရှင်းပြရမလဲ မသိတော့ပါဘူး။
"လုံရို့... ဒီတစ်ခါတော့ နင်နိုင်တယ်လို့ မှတ်လိုက်ပါ ဒါပေမဲ့ နောက်တစ်ခါတော့ နင် ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး"
ရွှီယန့်က ရုတ်တရက် ခပ်ဖွဖွ ရယ်လိုက်ပြီး သူမရဲ့ သွယ်လျတဲ့ လက်ချောင်းလေးနဲ့ ဖန့်ချန်ကို လှမ်းညွှန်ပြကာ လှည့်ထွက်သွားပါတယ်။
ပရိသတ်တွေကလည်း မျက်နှာတွေ ညိုမှောင်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပါတယ်။
လမ်းလျှောက်ရင်းနဲ့လည်း တိုးတိုးလေး ဆဲဆိုသွားကြပါသေးတယ်။
ခဏအတွင်းမှာပဲ ခုနက အရမ်းစည်ကားနေတဲ့ ဓားတိုက်ခိုက်ရေးနန်းတော်ဟာ ခြောက်ကပ်သွားပါတော့တယ်။
နန်ကုန်းယွီကတော့ မျက်နှာပျက်နေပြီးမှ သတိပြန်ဝင်လာကာ ဖန့်ချန်ကို အားယူပြုံးပြီး လက်အုပ်ချီနှုတ်ဆက်တယ်
"မင်းကို ရယ်စရာတွေ ပြမိပြီ၊ ငါ အရင် သွားလိုက်ပါဦးမယ်"
"နေဦး၊ မသွားနဲ့ဦး"
လုံရို့က နန်ကုန်းယွီရဲ့ ရှေ့ကို ရောက်လာပါတယ်။
"လုံသခင်မလေး ဘာများ ညွှန်ကြားချင်လို့လဲ"
နန်ကုန်းယွီက မေးပါတယ်။
"မင်းရဲ့ ပါရမီက မဆိုးဘူး နန်ကုန်းမျိုးနွယ်က မင်းကို အဖက်မလုပ်ရင် ငါ့ရဲ့ လုံမျိုးနွယ်ဆီမှာ လာအလုပ်လုပ်ဖို့ စိတ်ဝင်စားလား ဒီတစ်ခါ ဓားသင်္ချိုင်းလှေကားထစ် ကို မင်းလည်း သွားတက်ကြည့်ပေါ့"
လုံရို့က ပြုံးပြီး
"သာမန် ဓားကျင့်ကြံသူတွေအတွက်တော့ ဓားသင်္ချိုင်းလှေကားထစ်ရဲ့ တံခါးကြီးကိုတောင် ဖွင့်ဖို့ မဖြစ်နိုင်ဘူး ဒါက မင်းအတွက်တော့ အခွင့်အရေးကောင်းတစ်ခုပဲ"
နန်ကုန်းယွီက သိသိသာသာ စိတ်လှုပ်ရှားသွားပေမဲ့ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်တယ်
"နန်ကုန်းမျိုးနွယ်က ကျွန်တော်တို့ကို လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ်ကြားက ကိစ္စတွေမှာ ပါဝင်ခွင့် မပြုဘူး လုံသခင်မလေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ် ကျွန်တော် အရင်သွားပါရစေ"
နန်ကုန်းယွီ ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ရင်း လုံရို့က သက်ပြင်းချတယ်
"ဒီလိုမျိုး ဂုဏ်သရေရှိ မျိုးနွယ်လေးထဲကနေ ဒီလောက်တော်တဲ့ ဓားကျင့်ကြံသူတစ်ယောက် ထွက်လာလိမ့်မယ်လို့ မထင်ထားဘူး"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပါတယ်။
နန်ကုန်းယွီရဲ့ အခုကျင့်ကြံခြင်းအဆင့်က မမြင့်သေးပေမဲ့ ဓားလမ်းစဉ်အပေါ် နားလည်မှုကတော့ သူတွေ့ဖူးသမျှ လူငယ်ဓားကျင့်ကြံသူအားလုံးထက် အများကြီး သာလွန်ပါတယ်။
ချင်ဟော့ချန်း လို လူမျိုးတောင် ပေါင်းစပ်ခြင်းအဆင့် ရောက်မှ သေခြင်းတရားဓားဆန္ဒ ကို နားလည်ခဲ့တာဖြစ်ပြီး ဓားနယ်မြေ အဆင့်ကိုတော့ အဝေးကြီး လိုပါသေးတယ်။
ပိုင်ချင်းမင် မှာ ချင်းမင်ဓားဆန္ဒ ရှိပေမဲ့ ဓားနယ်မြေ ရဖို့ဆိုရင်တော့ လမ်းခရီး အတော်ဝေးပါဦးမယ်။
ဒီနှစ်ယောက်ဟာ ကျုံးကျိုး ၊ တိတျန်း နဲ့ ပေတု တို့မှာ လူငယ်မျိုးဆက်ရဲ့ ထိပ်တန်း ပါရမီရှင်တွေလို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ နန်ကုန်းယွီက သူတို့ထက်တောင် ပါရမီ ပိုကောင်းနေပါတယ်။
တကယ်လို့ အဲဒီတုန်းက ရှေးဟောင်းနတ်ဘုရားလမ်း ကို မဝင်ခဲ့ရင်၊ သံသရာတံခါး ရဲ့ အမွေအနှစ်ကို မရခဲ့ဘဲ အတိတ်၊ အနာဂတ်၊ လူ့လောက ဆိုတဲ့ မသေမျိုးဓားဆန္ဒ သုံးခုထဲက တစ်ခုကိုမှ နားမလည်ခဲ့ရင်...
ဒီနေ့ နန်ကုန်းယွီနဲ့ ယှဉ်ပြိုင်ရာမှာ ရှစ်မျက်နှာအရပ် ဓားကျမ်း ရဲ့ ငါးခုမြောက်ဓားကွက်ကိုသာ မထုတ်ရင် နန်ကုန်းယွီရဲ့ ဓားနယ်မြေကို ဖြိုခွဲနိုင်ဖို့ မသေချာပါဘူး။
ဒါပေမဲ့... နန်ကုန်းယွီရဲ့ ဓားနယ်မြေထဲမှာ တိုက်ခိုက်လိုစိတ်တွေ တဖြည်းဖြည်း ပျောက်ဆုံးသွားမှာဖြစ်လို့ အဲဒီအချိန်မှာ ငါးခုမြောက်ဓားကွက်ကို ထုတ်နိုင်မလားဆိုတာကလည်း မသိနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
"နှမြောစရာပဲ၊ နန်ကုန်းယွမ်ချန်ရဲ့ စရိုက်နဲ့ဆိုရင် နန်ကုန်းယွီကတော့ အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး"
လုံရို့က သက်ပြင်းချရင်း ပြောပါတယ်။
"ဘာလို့လဲ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားနယ်မြေကို နားလည်ထားတာလေ၊ ဒီလို ပါရမီရှင်မျိုးကို ကောင်းကောင်း ပျိုးထောင်ပေးရမှာ မဟုတ်လား"
ဖန့်ချန်က လုံရို့ကို ကြည့်ပြီး မေးလိုက်ပါတယ်။
"ပါရမီရှင် ဒီလောကမှာ အသက်ရှည်ရာလမ်းစဉ် ကို မလိုက်ရင် ပါရမီရှင်လို့ မခေါ်နိုင်ဘူး"
လုံရို့က ခေါင်းခါပြတယ်
"ဓားနယ်မြေကို နားလည်ထားလည်း ဘာဖြစ်လဲ လီချန်စန်းလည်း ဓားနယ်မြေ ရထားတာပဲ ပထမဆင့်လွတ်လပ်သောမသေမျိုး ဖြစ်နေတာတောင် လုံမျိုးနွယ်ထဲမှာ သူ့ရဲ့ အဆင့်အတန်းက သာမန် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ပဲ တူတူပဲ"
"နန်ကုန်းယွီလို စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ဓားကျင့်ကြံသူဆိုရင် ပိုဆိုးတာပေါ့ သူ့ရဲ့ ဓားနယ်မြေက အဆင့်တူတွေထဲမှာပဲ အသုံးဝင်တာ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် လွှတ်လိုက်ရုံနဲ့တင် သူ့ကို အလွယ်တကူ သတ်ပစ်လို့ ရတယ်"
"နန်ကုန်းမျိုးနွယ်က ဂုဏ်သရေရှိ မျိုးနွယ်ဖြစ်ပြီး သူတို့မှာလည်း ဒုတိယဆင့် လွတ်လပ်သောမသေမျိုး တစ်ပါး ရှိနေတာ သူတို့မျက်လုံးထဲမှာ နန်ကုန်းယွီက ဘာမှ မဟုတ်ဘူး"
ဖုတုန်းဟိုင်ရဲ့ မျက်လုံးတွေကလည်း ရှုပ်ထွေးနေပါတယ်။
ဂုဏ်သရေရှိ မျိုးနွယ်တွေတောင် ဓားနယ်မြေရထားတဲ့ ဓားကျင့်ကြံသူကို အလေးမထားရင် လုံမျိုးနွယ်လို သူဌေးကြီးတွေဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး။
သူ့လို ပေါင်းစပ်ခြင်းအဆင့် ဓားကျင့်ကြံသူတောင် အခုအချိန်မှာ နန်ကုန်းယွီနဲ့ အဆင့်တူလောက်ပဲ ရှိနိုင်ပါသေးတယ်။
"ဒီလောကရဲ့ တကယ့် ပါရမီရှင်တွေက နင် ထင်ထားတာထက် အများကြီး ပိုကြောက်ဖို့ကောင်းတယ် ဒီ နန်ကုန်းမျိုးနွယ်မှာပဲ ကြည့်ဦး... ကိုးပါးမသေမျိုးတောင် အရပ် မှာ တပည့်သွားလုပ်နေတဲ့ ပါရမီရှင်တစ်ယောက် ရှိတယ် အသက် ၈၀၀ တောင် မပြည့်သေးဘူး၊ လွတ်လပ်သောမသေမျိုး ဖြစ်နေပြီ"
"အဲဒီလူက နန်ကုန်းယွမ်ချန်ရဲ့ အစ်ကိုကြီး နန်ကုန်းဝမ်ကျွင်း ပဲ အဲဒီလို ပါရမီရှင်မျိုးကိုမှ နန်ကုန်းမျိုးနွယ်က အလေးထားတာ ငယ်ငယ်လေးကတည်းက ရှိသမျှ အရင်းအမြစ်တွေ အကုန်ပုံအောပြီး ပျိုးထောင်ပေးခဲ့တာ အခု လွတ်လပ်သောမသေမျိုး ဖြစ်သွားပြီဆိုတော့ အသီးအပွင့် ခံစားရပြီပေါ့"
လုံရို့က သက်ပြင်းချပါတယ်။
"အသက် ၈၀၀ မပြည့်သေးတဲ့ လွတ်လပ်သောမသေမျိုး..."
ဖန့်ချန် စိတ်ထဲမှာ အံ့သြသွားပါတယ်။
တက်လှမ်းခြင်းအဆင့်က အသက် ၄၀၀၀ ရှည်နိုင်တယ်၊ လွတ်လပ်သောမသေမျိုးဆိုရင် သက်တမ်းက ပိုရှည်ဦးမယ်။
အဲဒီလူက နောက်ထပ် အဆင့်မတက်တော့ရင်တောင် မျိုးနွယ်အတွက် အနည်းဆုံး ၃ ထောင်၊ ၄ ထောင်လောက် တည်ရှိပေးနိုင်ဦးမှာပါ။
ဒါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းပါပဲ။
"နန်ကုန်းဝမ်ကျွင်းက... လွတ်လပ်သောမသေမျိုး ဖြစ်သွားပြီလား "
ဖုတုန်းဟိုင်ရဲ့ မျက်နှာ အနည်းငယ် ပျက်သွားပါတယ်။
လုံရို့က သူ့ကိုကြည့်ပြီး ပြုံးတယ်
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ တုန်းက ရှင်နဲ့ သူနဲ့ အကြိမ်အနည်းငယ် တွေ့ဖူးတာ ငါမှတ်မိတယ် အဲဒီတုန်းက ရှင်တို့ နှစ်ယောက်လုံးရဲ့ ကျင့်ကြံခြင်းက အတူတူပဲ မဟုတ်လား"
ဖုတုန်းဟိုင်က ခပ်ဖွဖွ ခေါင်းညိတ်တယ်
"အဲဒီတုန်းက ကျွန်တော်တို့ နှစ်ယောက်လုံးက ပေါင်းစပ်ခြင်းအဆင့် တွေပါ"
နှစ်ပေါင်း ၃၀၀ အတွင်းမှာ သူက ပေါင်းစပ်ခြင်းကနေ တာအိုပေါင်းစပ်ခြင်းအဆင့်ကို ရောက်ခဲ့ပေမဲ့၊ တစ်ဖက်လူကတော့ ကြီးမားတဲ့ အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး လွတ်လပ်သောမသေမျိုး အဆင့်ကို ရောက်သွားပါပြီ။
အဲဒီအချိန်ကစပြီး လူနဲ့ နတ်လို ကွာခြားသွားပါပြီ။
"သူနဲ့ စိတ်ထဲမှာ ယှဉ်မနေပါနဲ့ သူက ကိုးပါးမသေမျိုးတောင်ရဲ့ တပည့်အဖြစ် အရွေးခံရကတည်းက သူ့ရဲ့ ပါရမီက ထူးကဲနေလို့ပဲ"
လုံရို့က ရယ်မောရင်း ဖန့်ချန်ကို လှည့်ကြည့်တယ်
"ဒီတစ်ခါ နင်ကူညီပေးလို့ ငါအရင်က ရှုံးထားတဲ့ ဝိညာဉ်ကျောက်တုံးတွေရော၊ အမြတ်တွေရော အကုန်ပြန်ရပြီ ခုနက နင် အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံး ၅၀၀ လောင်းထားတယ် မဟုတ်လား ၈ ဆဆိုတော့ ၄ ထောင် ရရမှာပေါ့ ငါကလည်း မနှမြောပါဘူး၊ ကိန်းဂဏန်းကို ဖြည့်လိုက်တာပေါ့... နင့်ကို ၁ သောင်း ပေးမယ်"
"ဒါဆိုရင်တော့ ကျုပ် အားမနာတော့ဘူးနော်"
ဖန့်ချန်က ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
"ဒီရက်ပိုင်းအတွင်းမှာတော့ ရွှီယန့်ဆီက ရလိုက်တဲ့ ဓားတိုက်ခိုက်ရေးနန်းတော်ကို လက်ခံဖို့ ငါအရမ်း အလုပ်များနေလိမ့်မယ် အလုပ်ပြီးသွားရင်တော့ နင့်ကို လုံမျိုးနွယ်ဆီ ငါကိုယ်တိုင် ပြန်လိုက်ပို့ပေးမယ် တကယ်လို့ နင် အပြင်မှာ လျှောက်လည်ချင်ရင် ဖုတုန်းဟိုင်ကို ခေါ်သွားလိုက် သူက ငါ့လူဆိုတာ ယွန်းလူမြို့က လူအတော်များများ သိကြတယ်၊ သူ့ကို မြင်တာနဲ့ ငါ့ကို မြင်တာနဲ့ တူတူပဲမို့ မျက်နှာသာ ပေးကြလိမ့်မယ်"
...
...
"ဖန့်မိတ်ဆွေ ဒီနေရာက ယွန်းလူမြို့မှာ အကြီးဆုံး ကုန်သည်ကြီးများအသင်းပဲ ဒါပေမဲ့... လုံမျိုးနွယ်ကလည်း ဒီမှာ ကုန်သည်ကြီးများအသင်း အများကြီး ဖွင့်ထားတာပဲ၊ ဘာလို့ သူတို့ဆီမှာ မဝယ်တာလဲ "
ဖုတုန်းဟိုင်က ဖန့်ချန်ကို တန်ခိုးရှင်ကုန်သွယ်ရေးအသင်း ရှေ့ကို ခေါ်လာရင်း မေးပါတယ်။
ဖန့်ချန်က ဖုတုန်းဟိုင်ရဲ့ မေးခွန်းကို မဖြေဘဲ ကုန်သည်ကြီးများအသင်းထဲကို တိုက်ရိုက် ဝင်သွားပါတယ်။
သူက တောက်ပသော နတ်ဘုရားမျက်လုံး ရဲ့ တတိယအဆင့်အတွက် လိုအပ်တဲ့ ဝိညာဉ်ပစ္စည်းတွေကို ရှာချင်နေတာပါ။
လုံမျိုးနွယ်ရဲ့ ဆိုင်တွေမှာ ဝယ်ရင် သတင်းတွေက ပြန်ရောက်သွားမှာဖြစ်ပြီး၊ တကယ်လို့ တစ်စုံတစ်ယောက်က တောက်ပသော နတ်ဘုရားမျက်လုံးအကြောင်းကို သိနေခဲ့ရင် ဒုက္ခအနည်းငယ် ရောက်နိုင်လို့ပါပဲ။
အခန်း (၁၀၀၀) ရန်သူကို ကျော့ကွင်းထဲ ဆွဲသွင်းခြင်း
ဖုတုန်းဟိုင်ရဲ့ မိတ်ဆက်ပေးမှုအရ ဒီတန်ခိုးရှင်ကုန်သွယ်ရေးအသင်း ဟာ ယွန်းလူမြို့မှာရှိတဲ့ ဒုတိယဆင့် လွတ်လပ်သောမသေမျိုး တစ်ပါး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ဒီလွတ်လပ်သောမသေမျိုးဟာ လေလွင့်ကျင့်ကြံသူ ဘဝကနေ တက်လာတာဖြစ်ပြီး နောက်ကွယ်မှာ သူဌေးကြီးမျိုးနွယ် ဒါမှမဟုတ် ဂိုဏ်းကြီးတွေ ကျောထောက်နောက်ခံ မရှိပေမဲ့၊ သူဟာ ကိုးပါးမသေမျိုးတောင် အရပ် က ဒုတိယဆင့် လွတ်လပ်သောမသေမျိုး တစ်ပါးနဲ့ သွေးသောက်ညီအစ်ကို တော်စပ်သူ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ယွန်းလူမြို့မှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့တာတောင် ဘယ်သူမှ ပြဿနာလာရှာဖို့ မဝံ့ရဲကြတာပါ။
သူဌေးကြီးမျိုးနွယ် လေးခုက သားသမီးတွေတောင် ဒီမှာ စီးပွားရေးလုပ်ငန်းတွေ လာဖွင့်ရင် စည်းကမ်းကို သေသေချာချာ လိုက်နာကြပါတယ်။
"ဖုအစ်ကို... ကျုပ် ဒီမှာပဲ စိတ်ကြိုက်လျှောက်ကြည့်လိုက်မယ် ခင်ဗျားလည်း ကျုပ်နောက် လိုက်မနေပါနဲ့တော့"
ဖန့်ချန်က ကုန်သွယ်ရေးအသင်းထဲ ဝင်သွားပြီးနောက် လှည့်ကြည့်ကာ ဖုတုန်းဟိုင်ကို ပြုံးပြီး ပြောလိုက်ပါတယ်။
ဖုတုန်းဟိုင်က စက္ကန့်ပိုင်းလောက် စဉ်းစားပြီး ခေါင်းခါလိုက်တယ်
"သခင်မလေးက ကျုပ်ကို ခင်ဗျားနောက် လိုက်ခိုင်းတာက ခင်ဗျား ဒီမှာ ပြဿနာတက်မှာ စိုးလို့ပါ ခုနက လူအများကြီးကို အိတ်သွန်ဖာမှောက် ရှုံးအောင် လုပ်ထားတာဆိုတော့ တစ်စုံတစ်ယောက်က ခင်ဗျားကို စောင့်ကြည့်နေလောက်တယ်"
"ဒီနေရာက ယွန်းလူမြို့ရဲ့ အဲဒီပုဂ္ဂိုလ်ကြီးရဲ့ ပိုင်ဆိုင်မှုပဲလေ၊ ကျုပ်ကို ပြဿနာရှာချင်ရင်တောင် ဒီထဲမှာတော့ ပြဿနာ ရှာမှာ မဟုတ်ပါဘူး"
ဖန့်ချန်က ရယ်မောရင်း
"ခဏနေရင် အပေါက်ဝမှာပဲ ပြန်ဆုံကြတာပေါ့"
ဖုတုန်းဟိုင်က ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန်ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြပြီး ဘေးဘက်ကို ထွက်သွားပါတော့တယ်။
တောက်ပသော နတ်ဘုရားမျက်လုံး ရဲ့ တတိယအဆင့်အတွက် ဝိညာဉ်ပစ္စည်း ၉ မျိုး လိုအပ်ပါတယ်။
ဖန့်ချန်က တစ်ပတ်ပတ်ကြည့်လိုက်တဲ့အခါ တန်ခိုးရှင်ကုန်သွယ်ရေးအသင်းမှာတင် ၈ မျိုးကို ချက်ချင်း စုမိသွားပါတယ်။
အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၆၀၀၀ တိတိ ကုန်ကျသွားပါတယ်။
ဒီပိုက်ဆံပမာဏဟာ တံဆိပ်တစ်ခုပါ တိုက်ခိုက်ရေးရတနာ တစ်ခု ဝယ်လို့ရတဲ့ ပမာဏနဲ့ အတူတူပါပဲ။
"အရှင်... အခုဝယ်သွားတဲ့ ပစ္စည်းတွေက ဆေးဖော်ဖို့လား တကယ်တော့ ကျွန်တော်တို့ တန်ခိုးရှင်ကုန်သွယ်ရေးအသင်းမှာ အစွမ်းထက်တဲ့ ဆေးလုံးတွေ အများကြီး ရောင်းပါတယ်၊ ကြည့်ပါဦးလား"
အလုပ်သမားလေးတစ်ယောက်က ဖန့်ချန်ရဲ့ ဘေးကနေ လိုက်ပြီး မိတ်ဆက်ပေးနေပါတယ်။
ဖန့်ချန်က လက်ဖွာပြီး ခဏအတွင်းမှာတင် ဝိညာဉ်ကျောက်တုံး ၆၀၀၀ သုံးလိုက်တာကို မြင်တော့ သူဟာ အကြီးစား ဖောက်သည်တစ်ယောက်ဖြစ်မှန်း သိသာနေတာကြောင့်ပါ။
တန်ခိုးရှင်ကုန်သွယ်ရေးအသင်းအနေနဲ့ ဒီလိုဖောက်သည်မျိုးကို အထူးအလေးထားရမှာ ဖြစ်ပါတယ်။
"ကျုပ်က နဂါးမသေမျိုးသွေး တစ်ကျပ်သားလောက် လိုချင်တယ်၊ ဒီမှာ ရှိလား "
ဖန့်ချန်က ခပ်ပေါ့ပေါ့ပဲ မေးလိုက်ပါတယ်။
နဂါးမသေမျိုး ဆိုတာကတော့ လွတ်လပ်သောမသေမျိုး ဒါမှမဟုတ် မသေမျိုးအဆင့်ကို ရောက်သွားတဲ့ နဂါးစစ်စစ် ကို ပြောတာပါ။
ဒီလိုပစ္စည်းမျိုးက ကျုံးကျိုး ဘက်မှာဆိုရင် ပျောက်ကွယ်သွားပြီလို့တောင် ပြောလို့ရပါတယ်။
နတ်ဘုရားတွေရဲ့ နယ်မြေဟောင်းတွေမှာပဲ တစ်ခါတလေ ကံကောင်းမှ တွေ့နိုင်တာမျိုးပါ။
"နဂါးမသေမျိုးသွေးလား ဒါက သာမန်ပစ္စည်းတော့ မဟုတ်ဘူး ဒါပေမဲ့ ဧည့်သည်တော် နေရာမှန်ကို ရောက်လာတာပဲ ဒါပေမဲ့ နဂါးမသေမျိုးသွေးက ဈေးအရမ်းကြီးတယ်၊ ဧည့်သည်တော် ပေးနိုင်ပါ့မလား..."
အလုပ်သမားလေးရဲ့ မျက်လုံးတွေ ဝင်းလက်သွားပါတယ်။
"မင်းတို့ဆီမှာ ဒီလိုပစ္စည်းမျိုးတောင် ရှိတာလားတန်ခိုးရှင်ကုန်သွယ်ရေးအသင်း ဆိုတဲ့ နာမည်က တကယ်မမှားဘူးပဲ ဈေးနှုန်း ဘယ်လောက်လဲ ပြောကြည့်ပါဦး"
ဖန့်ချန်က ပြုံးပြီး မေးလိုက်ပါတယ်။
"ဧည့်သည်တော် သိတဲ့အတိုင်းပဲ အခုခေတ်မှာ နဂါးစစ်စစ်တွေက ပျောက်ကွယ်သွားပြီလေ နဂါးမသေမျိုးသွေးကိုလည်း နတ်ဘုရား နယ်မြေဟောင်းတွေကနေ ကံကောင်းမှ ရှာတွေ့တာဆိုတော့ အရမ်းကို အဖိုးတန်ပါတယ်"
"တကယ်လို့ ဧည့်သည်တော်က တစ်ကျပ်သားပဲ လိုချင်တယ်ဆိုရင်တော့ အလယ်အလတ်ဝိညာဉ်ကျောက်တုံး ၈၀၀၀ ဆိုရင် လောက်ပါပြီ ဒီဈေးကို ဧည့်သည်တော် ဘယ်လိုထင်လဲ "
အလုပ်သမားလေးက အချိန်ဆွဲပြီး ပြောလိုက်ပါတယ်။
"အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၈၀၀၀ လား... သိပ်တော့ မများပါဘူး မင်းတို့ဆီမှာ တကယ်ရှိတယ်ဆိုရင် ကျုပ် တစ်ကျပ်သား ဝယ်မယ်"
ဖန့်ချန်က ဈေးမဆစ်ဘဲ အလွယ်တကူ သဘောတူလိုက်ပါတယ်။
ဒီဈေးနှုန်းက သူထင်ထားတာထက်တောင် နည်းနေပါသေးတယ်။
ဒီလိုပစ္စည်းမျိုးဆိုရင် အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ရှင်းရမယ်လို့ ထင်ထားတာပါ။
ဒါကို ကြည့်ရင် နဂါးမသေမျိုးသွေးဟာ ဒီအလုပ်သမားလေး ပြောသလောက် ရှားပါးချင်မှ ရှားပါးပါလိမ့်မယ်။
အနည်းဆုံးတော့ တန်ခိုးရှင်ကုန်သွယ်ရေးအသင်းရဲ့ သိုလှောင်ရုံထဲမှာ တစ်ပိဿာထက်မနည်း ရှိနေမှာ သေချာပါတယ်။
"ဧည့်သည်တော် ခဏစောင့်ပါဦး ကျုပ် မန်နေဂျာ ဆီ သွားတင်ပြလိုက်ဦးမယ်"
အလုပ်သမားလေးက ပြောပြောဆိုဆိုနဲ့ အလျင်အမြန် ထွက်သွားပါတယ်။
VIP ခန်းတစ်ခုထဲမှာတော့ လူတစ်ယောက်ဟာ ပြတင်းပေါက်ကနေ အောက်က အခြေအနေကို ငုံ့ကြည့်နေပါတယ်။
အလုပ်သမားလေး ဒုတိယထပ်ကို တက်လာတဲ့အခါမှာတော့ အဲဒီလူက အလုပ်သမားလေးကို အထဲခေါ်လိုက်ပါတယ်။
"သခင်လေးစုန်း"
အလုပ်သမားလေးက ရိုရိုသေသေ နှုတ်ဆက်ပါတယ်။
ဒီသခင်လေးစုန်းဟာ နောက်ခံ အလွန်တောင့်တင်းရုံတင်မကဘဲ တန်ခိုးရှင်ကုန်သွယ်ရေးအသင်းမှာလည်း အစုရှယ်ယာအချို့ ရှိသလို၊ ဓားတိုက်ခိုက်ရေးနန်းတော် တစ်ခုရဲ့ ဂိုဏ်းချုပ်လည်း ဖြစ်ပါတယ်။
"မင်း ခုနက ဧည့်ခံနေတဲ့လူက ဘာဝယ်ဖို့ လုပ်နေတာလဲ"
သခင်လေးစုန်းက အေးဆေးစွာ မေးပါတယ်။
"သခင်လေးစုန်းကို တင်ပြရရင်... အဲဒီဧည့်သည်က နဂါးမသေမျိုးသွေး တစ်ကျပ်သား ဝယ်ဖို့ လုပ်နေတာပါ"
အလုပ်သမားလေးက အမြန်ဖြေပါတယ်။
"နဂါးမသေမျိုးသွေး ဓားကျင့်ကြံသူတစ်ယောက်က ဒါကို ဘာလုပ်ဖို့ ဝယ်တာလဲ သူ့မှာ ဓားကျင့်ဖို့တောင် အချိန်သိပ်မရှိတာကို၊ ဆေးဖော်တာကိုလည်း ကျွမ်းကျင်နေတာလား "
ရိပ်တစ်ခုက ဖြည်းဖြည်းချင်း လမ်းလျှောက်လာပါတယ်။
အလုပ်သမားလေးက အဲဒီလူကို မြင်လိုက်ရတဲ့အခါ မျက်နှာချက်ချင်း ပျက်သွားပြီး ရိုရိုသေသေ ဒူးထောက် အလေးပြုလိုက်တယ်
"ကျွန်တော်မျိုး သခင်လေးကို နှုတ်ဆက်ပါတယ်"
ရောက်လာတဲ့လူက အသက် ၃၀ ကျော်လောက်ရှိပြီး တည်ငြိမ်တဲ့ ရုပ်ရည်ရှိပါတယ်။
သူက သခင်လေးစုန်းကို ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်
"စုန်းကု မင်းတို့ စုန်းမျိုးနွယ် က ဒီတစ်ခါ လုံမျိုးနွယ် လက်ထဲမှာ အရှုံးနည်းနည်း ပေးလိုက်ရတယ်ဆိုတာ ငါသိပါတယ် မင်းရဲ့ အသုံးမကျတဲ့ ညီကတောင် ဝိညာဉ်ခွဲထွက်ခြင်း တစ်ခု ပျက်စီးသွားတယ် မဟုတ်လား"
"ရွှီယန့်က သူ့အတွက် ထွက်ပေးပေမဲ့ အခုတော့ ဓားတိုက်ခိုက်ရေးနန်းတော်တောင် လုံရို့လက်ထဲ ပါသွားပြီ၊ အရှုံးက ကြီးတယ်"
"အောက်က ဓားကျင့်ကြံသူက လုံရို့ရှာလာတဲ့ အကူအညီပဲ မင်း ခေါင်းတစ်ချက် ညိတ်လိုက်ရုံနဲ့ သူ ဒီနေ့ ဒီနေရာကနေ အရှင်ထွက်မသွားစေရဘူး"
"အဲဒီ ဓားသင်္ချိုင်းလှေကားထစ် ဆိုတာက တက်လှမ်း ခြင်းအဆင့်တွေ ဝင်လို့ မရဘူး ဒါကြောင့်လည်း ငါတို့ စုန်းမျိုးနွယ်နဲ့ လုံမျိုးနွယ် ရှာထားတဲ့ ဓားကျင့်ကြံသူတွေက တက်လှမ်းခြင်း အောက်ကလူတွေချည်းပဲ အဲဒီဓားကျင့်ကြံသူတွေထဲမှာ ဓားနယ်မြေကို နားလည်တဲ့သူ လုံးဝ မရှိသလောက်ပဲ"
"ခုနက ဓားတိုက်ပွဲကိုလည်း ငါသွားကြည့်ခဲ့တယ် ဒီလူရဲ့ ဓားနယ်မြေက နန်ကုန်းမျိုးနွယ်က တရားမဝင်တဲ့ကောင်ထက်တောင် ပိုသန်မာသေးတယ်"
"ကျောက်မင်ရွှမ် မင်းကို ဒုက္ခပေးရတော့မယ် ငါ့အတွက် စည်းကမ်းတစ်ချက်လောက် ချိုးဖောက်ပေးပါဦး"
ကျောက်မင်ရွှမ် က ခပ်ဖွဖွ ရယ်လိုက်တယ်
"စည်းကမ်းဖောက်တာ မဟုတ်ပါဘူး၊ ဘယ်သူမှ သိမှာမှ မဟုတ်တာ"
ပြောပြီးတာနဲ့ သူက အလုပ်သမားလေးကို ကြည့်လိုက်ပါတယ်။
အလုပ်သမားလေးဟာ သူတို့နှစ်ယောက်ရဲ့ စကားကို ကြားပြီးနောက် တစ်ခုခုကို ရိပ်မိသွားပုံရပါတယ်။
ကျောက်မင်ရွှမ်ရဲ့ အကြည့်ကို ခံစားလိုက်ရတဲ့အခါ သူက ခေါင်းကို ပိုနှိမ့်လိုက်ပါတယ်။
"မင်း ခဏနေရင် သူ့ကို သွားပြောလိုက် နဂါးမသေမျိုးသွေးကို ထုတ်ယူရတာ မလွယ်ဘူး၊ လတ်ဆတ်မှု မပျောက်အောင် သူ့ဘာသာသူ ထည့်စရာ ပုလင်းခွက်တွေ ယူလာခဲ့ဖို့ ပြောလိုက် ပြီးရင် သူ့ကို ငါ့ရဲ့ နေအိမ်ဆီ ခေါ်လာခဲ့"
ကျောက်မင်ရွှမ်က အေးစက်စွာ အမိန့်ပေးပါတယ်။
"ကျွန်တော်မျိုး နားလည်ပါပြီ"
အလုပ်သမားလေးက ချက်ချင်း ဖြေပါတယ်။
"သွားတော့"
ကျောက်မင်ရွှမ်က လက်ယမ်းပြလိုက်ပါတယ်။
စုန်းကုက သူ့ကို တစ်ချက်ကြည့်ပြီး
"ဒီလို အလုပ်သမားလေးကိုပဲ လွှတ်လိုက်တာ ဟိုလူက အကွက်မြင်သွားမှာ မစိုးရိမ်ဘူးလား တကယ်လို့ သူက ကျော့ကွင်းထဲ မဝင်ဘဲ တိုက်ရိုက် ထွက်သွားရင် ငါတို့ လုပ်ကြံဖို့ ခက်သွားလိမ့်မယ်"
"စိတ်မပူပါနဲ့၊ ငါ့ဆီက အလုပ်သမားတွေက တော်ပြီးသားပါ ဒီလောက် ကိစ္စလေးကိုတော့ အမှားအယွင်း ရှိမှာ မဟုတ်ပါဘူး"
ကျောက်မင်ရွှမ်က ရယ်မောရင်း
"ငါတို့ ဝင်းထဲမှာ သွားစောင့်ရအောင် ငါ လမ်းကြုံရင် နန်ကုန်းယွမ်ချန် ကိုလည်း ခေါ်လိုက်ဦးမယ် သူ ဒီတစ်ခါ အရမ်း ဒေါသထွက်နေတာဆိုတော့ သူ့ရဲ့ ဒေါသကို ထွက်ပေါက်ပေးလိုက်တာပေါ့"
"မင်းက တကယ် လည်တာပဲ ကျေးဇူးတစ်ချက်နဲ့ လူနှစ်ယောက်ကို မျက်နှာလုပ်လိုက်တာပေါ့"
စုန်းကုက မရယ်ဘဲ မနေနိုင်တော့ပါဘူး။
"တူတူပါပဲ"
ကျောက်မင်ရွှမ်က ပြုံးလိုက်ပြီး နှစ်ယောက်သား VIP ခန်းထဲကနေ ထွက်သွားကြပါတယ်။
လက်ဖက်ရည် တစ်ခွက်စာလောက် ကြာပြီးနောက်..
အလုပ်သမားလေးက ဖန့်ချန်ကို ခြံဝင်းတစ်ခုရဲ့ ရှေ့ကို ခေါ်လာပြီး ရိုရိုသေသေ ပြောလိုက်တယ်
"ဧည့်သည်တော်... နဂါးမသေမျိုးသွေးက ဒီခြံထဲမှာ ရှိပါတယ်၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ"
ဖန့်ချန်က ဘာမှ မသင်္ကာဘဲ အလုပ်သမားနောက်ကို လိုက်ဝင်သွားတဲ့အခါ၊ လူသုံးယောက်က လက်ကို နောက်ပစ်ပြီး သူ့ကို အကဲခတ်နေတာကို တွေ့လိုက်ရပါတယ်။
အလုပ်သမားလေးက ဖြည်းဖြည်းချင်း ခြေလှမ်းနှစ်လှမ်းလောက် နောက်ဆုတ်သွားပြီး ခေါင်းငုံ့ကာ နှုတ်ဆိတ်နေပါတယ်။
တစ်ချိန်တည်းမှာပဲ ခြံဝင်းတစ်ခုလုံးကို ဓားကျင့်ကြံသူတွေက ဝိုင်းရံ ပိတ်ဆို့လိုက်ပါတယ်။
ရုတ်တရက် ထွက်ပေါ်လာတဲ့ ဒီဓားကျင့်ကြံသူတွေဟာ အစွမ်းမနိမ့်ကြပါဘူး၊ အနိမ့်ဆုံးကတောင် ပေါင်းစပ်ခြင်းအဆင့် တွေပါ။
အဲဒီအထဲက ဓားကျင့်ကြံသူ တစ်ယောက်ဟာ ဖန့်ချန်ကို စိုက်ကြည့်ရုံနဲ့တင် ဖန့်ချန်အပေါ် အလွန်လေးလံတဲ့ ဖိအားတွေကို သက်ရောက်စေပါတယ်။
ဒီလူရဲ့ အစွမ်းဟာ ဝမ်ကျိလုံ နဲ့ အဆင့်တူလောက် ရှိပါလိမ့်မယ်။
တက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူ
"တန်ခိုးရှင်ကုန်သွယ်ရေးအသင်းက ယွန်းလူမြို့က အဲဒီ ဒုတိယဆင့် လွတ်လပ်သောမသေမျိုး ဖွင့်ထားတာဆိုတော့ စည်းကမ်းအရမ်းရှိတယ်လို့ ပြောကြတာပဲ အခုကြည့်ရတာတော့ ဒါလောက်ပဲ ရှိတာလား"
ဖန့်ချန်က ပြုံးလိုက်ပါတယ်။
သူက ကျောက်မင်ရွှမ်ကိုလည်း မသိသလို၊ စုန်းကုကိုလည်း မသိပါဘူး။
ဒါပေမဲ့ သူက နန်ကုန်းယွမ်ချန် ကိုတော့ သိပါတယ်။
နန်ကုန်းယွမ်ချန် ဒီမှာ ရှိနေတာကို မြင်လိုက်တာနဲ့ အခြေအနေအားလုံးကို သူ သဘောပေါက်သွားပါပြီ။