← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း ၆၃ - ဆုံစည်းခြင်း

ဝါးတောထဲသို့ လှမ်းဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပိုမိုတိတ်ဆိတ်သွားသည်။

ချန်လော့သည် ပုံမှန်အတိုင်းပင် ဝါးအိမ်ရှေ့သို့ ရောက်လာရာ ထိုနေရာတွင် အမည်ခံတပည့် တစ်စုမှာ ကြိုတင်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

'ခါးမှာ ကျောက်စိမ်းခါးပတ်ပတ်ထားတဲ့ လူငယ်က သိုင်းပညာရှင်ပဲ။ သူ့လက်မမှာ အမာရွတ်ရှိနေတာကို ကြည့်ရင် ဓားသမား ဖြစ်ဖို့များတယ်။'

'ညာဘက်အစွန်ဆုံးက အမျိုးသမီးကတော့ ရှန်းဟယ်မြို့က အိုယန်မိသားစုရဲ့ သမီးကြီးပဲ။ သူမရဲ့ အိတ်ပေါ်က အမှတ်အသားက အသက်အရွယ်ကို ဖော်ပြနေတာ။'

ချန်လော့၏ အစွမ်းအစများ တိုးတက်လာရုံသာမက သူနှင့်အတူပါလာသော ပြင်ပဦးနှောက်များမှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့၏။ ဤကဲ့သို့သောအကွာအဝေးမှပင် သူသည် ယခင်က သတိမထားမိခဲ့သော အသေးစိတ်အချက်အလက်များကို အာရုံခံနိုင်စွမ်း ရှိလာသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ၏ ဦးနှောက်ထဲရှိ လေ့လာရေးအထူးပြုဦးနှောက်များက ထိုတပည့်များ၏ နောက်ခံအကြောင်းအရာများကို အကုန်အစင် ခွဲခြမ်းစိတ်ဖြာပြီးသား ဖြစ်နေသည်။

"စီနီယာ အစ်ကိုကြီး ချန်။"

ချန်လော့ ဝင်လာသည်နှင့် နာမည်ခံတပည့် အားလုံးမှာ ထရပ်ကာ နှုတ်ဆက်ကြ၏။

"စီနီယာ... အစ်ကိုကြီး တာအိုထဲကို ဝင်ရောက်နိုင်ခဲ့ပြီလား"

အာရုံခံစားမှု ကောင်းသောတပည့်အချို့မှာ ချန်လော့၏ အပြောင်းအလဲကို သတိထားမိကြပြီး အိုယန်မိသားစုမှ သမီးကြီးကမူ တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

"ကံကောင်းလို့ တစ်လှမ်းတော့ ရှေ့ရောက်သွားတာပါ" ဟု ချန်လော့က ခေါင်းညိတ် အဖြေပေးလိုက်သည်။

သူ စကားပြောလိုက်သည်နှင့် တပည့်အားလုံး၏ မျက်လုံးများထဲတွင် အံ့သြမှုနှင့် အားကျမှုများ ထွက်ပေါ်လာသည်။ အထူးသဖြင့် ချန်လော့နှင့်အတူ ဝါးတောထဲသို့ စတင်ဝင်ရောက်ခဲ့သော ထျန်းယုံလုမှာ လောကကြီး၏ ကွာခြားချက်ကို သိသိသာသာ ခံစားလိုက်ရသည်။

ထျန်းယုံလု၏ စိတ်နေစိတ်ထားမှာလည်း များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်၊ သူသည် ယခင်ကကဲ့သို့ လူကို အထင်သေးတတ်သည့် အကျင့် မရှိတော့ဘဲ စကားနည်းသွား၏။

"ဂုဏ်ယူပါတယ် စီနီယာ။"

လူတိုင်းက ချန်လော့ကို ရိုသေစွာ ဦးညွှတ်ကြ၏။ သူတို့၏ အမြင်တွင် တာအိုထဲသို့ ဝင်ရောက်ခြင်းမှာ မသေမျိုးဖြစ်ခြင်း၏ အစဖြစ်ပြီး လောကီလူသားဘဝမှ လွတ်မြောက်ခြင်းပင် ဖြစ်သည်။

ချန်လော့က ဂုဏ်ပြုစကားများကို ပြုံး၍ လက်ခံပြီးနောက် ယနေ့အတွက် သင်ခန်းစာများကို စတင်ပို့ချသည်။ တာအိုထဲ ဝင်ရောက်ပြီးနောက်တွင် သင်ခန်းစာ ပို့ချရခြင်းမှာ ပို၍ လွယ်ကူလာသည်။

မူလချီစွမ်းအင်ကို အသုံးပြု၍ ရှင်းပြခြင်းက တပည့်များအတွက် ပိုမို နားလည်လွယ်စေသည်။

သင်ခန်းစာ ပြီးဆုံးသောအခါ ချန်လော့သည် ဝါးတောလမ်းကလေးအတိုင်း လျှောက်လာပြီး အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်း တရားထိုင်နေသည့် ချိုင့်ဝှမ်းအတွင်းသို့ တစ်ဖန် ဝင်ရောက်ခဲ့သည်။

"မင်း တာအိုထဲကို ဒီလောက်မြန်မြန် ဝင်နိုင်ခဲ့တာလား"

ချန်လော့ ဝင်လာသည်နှင့် အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်းက သူ၏ အပြောင်းအလဲကို ချက်ချင်း သတိပြုမိသွား၏။ ချန်လော့ တာအိုထဲဝင်ရောက်ရန် အနည်းဆုံး သုံးရက်ခန့် ကြာလိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။

ချီကို ခန္ဓာကိုယ်ထဲသို့ ပထမဆုံးအကြိမ် လမ်းညွှန်ရာတွင် ကျရှုံးတတ်ကြပြီး ပထမဆုံးအကြိမ်မှာတင် အောင်မြင်သူမှာ အလွန်ရှားပါးသည်။

"မင်း တာအိုထဲ ဝင်တုန်းက ချီသန့်စင်ခြင်း ကျင့်စဉ် ကို ဘယ်လောက်လောက် အသုံးချခဲ့လဲ"

"ချီသန့်စင်ခြင်း ကျင့်စဉ်က အပိုင်းလိုက် ခွဲသုံးလို့ ရလို့လား" ဟု ချန်လော့က နားမလည်သလို ပြန်မေးလိုက်၏။

ဤမေးခွန်းက အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်းကို ဆွံ့အသွားစေသည်။

"မင်း... ပထမဆုံးအကြိမ် ချီကို လမ်းညွှန်ကတည်းက ကျင့်စဉ်တစ်ခုလုံးကို အပြည့်အဝ သုံးခဲ့တာလား"

"အဲဒီလိုပဲ လေ့ကျင့်ရတာ မဟုတ်ဘူးလား"

"ထားလိုက်တော့..."

အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်းသည် ဆက်မမေးရဲတော့ပေ၊ ဆက်မေးနေလျှင် သူ၏ ဘဝအပေါ် သူကိုယ်တိုင် သံသယဝင်လာတော့မည်။

"ငါ မျှော်လင့်ထားတာထက် မင်းစောရောက်လာတယ်။လမ်းကြောင်းဖွင့်ဖို့က ရက်အနည်းငယ် လိုဦးမယ်။ ငါ့ မိတ်ဆွေဟောင်း နှစ်ယောက်လည်း လမ်းမှာပဲ ရှိသေးတယ်။"

ခဏတာမျှ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းမှာ ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူသည် ချန်လော့ကို မသေမျိုး မှတ်တမ်း တစ်ရာစာအုပ်ကို ထုတ်ခိုင်းကာ ဒုတိယမြောက် မသေမျိုးအက္ခရာကို စတင်သင်ကြားပေးတော့သည်။

သုံးရက်ခန့် ကုန်ဆုံးသွားပြီးနောက် အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်း၏ မိတ်ဆွေဟောင်း နှစ်ဦး ရောက်ရှိလာသည်။

သူတို့နှင့်အတူ လူငယ် ချီသန့်စင်သူ ငါးဦးလည်း ပါလာကြသည်။ ဤငါးဦးမှာ ချန်လော့ကဲ့သို့ပင် ထိုအစစ်အမှန်ပုဂ္ဂိုလ်နှစ်ဦး လက်ခံထားသော တပည့်များ ဖြစ်ကြသည်။

"တစ္ဆေကြီး ချန်ချင်း၊ မင်း တပည့်လက်ခံတာ ထပ်ပြီး ကျရှုံးတာတော့ မဟုတ်ဘူးမလား"

ဝတ်ရုံနီနှင့် ချီသန့်စင်သူမှာ အရင်ရောက်လာပြီး ချိုင့်ဝှမ်းထဲသို့ ဝင်ဝင်ချင်း ရယ်မောကာ မေးလိုက်၏။

"ဖြစ်နိုင်ချေများတယ်။ ဒီအဘိုးကြီးရဲ့ စံနှုန်းတွေက အရမ်းမြင့်တာ၊ သူ့ဘဝမှာ တပည့်တစ်ယောက်မှ လက်မခံနိုင်ဖို့ ကံပါလာတာနေမယ်။"

အခြား အပြာရောင်ဝတ်စုံနှင့် အမျိုးသမီး ကျင့်ကြံသူကလည်း နောက်ပြောင်ကာ ရယ်မောလိုက်၏။ သူတို့၏ လေသံကို ကြည့်ခြင်းအားဖြင့် သူတို့၏ မိတ်ဆွေသံယောဇဉ်မှာ အလွန်ကောင်းမွန်ကြောင်း သိသာသည်။

"မသေမျိုး အမြဲစိမ်းဝါး၊ တစ္ဆေကြီး ရှင်းဟော့ ၊ မင်းတို့ နှစ်ယောက် နောက်ဆုံးတော့ ရောက်လာကြပြီပဲ။"

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းသည် မသေမျိုးအက္ခရ သင်ကြားပေးနေမှုကို ရပ်တန့်လိုက်ပြီး အဝင်ဝသို့ သွားရောက် နှုတ်ဆက်သည်။

ယင်းကိုမြင်လျှင် ချန်လော့လည်း နောက်မှ လိုက်သွားသည်။ မဟာဂူသင်္ချိုင်းကြီး ဖွင့်မည့်အချိန် ရောက်လာပြီ ဖြစ်ပုံရသည်။

ဤသုံးရက်အတွင်း သူသည် အချိန်ယူ၍ သူ၏ ဦးလေးစန်းနှင့် မိဘများထံသို့ သွားရောက်ခဲ့သည်။ ငွေကြေးအချို့ ချန်ထားပေးခဲ့သည့်အပြင်၊ သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည်ပြုပြင်ပေးရန် ဝိညာဉ်ချီကိုလည်း အသုံးပြုခဲ့ပြီး အကယ်ဒမီမှ နာမည်ခံတပည့် အချို့ကို သူတို့ကို စောင့်ရှောက်ပေးရန် အပ်နှံခဲ့သည်။

လောကီရေးရာများကို စီစဉ်ပြီးသွားသဖြင့် သူ၏ စိတ်ပူစရာများ နည်းပါးသွားပြီ ဖြစ်သည်။

သူ တည်ဆောက်ခဲ့သော အဆက်အသွယ်များကြောင့် ချန်မိသားစု ရွာသူရွာသားများမှာ အနာဂတ်တွင် ကောင်းမွန်စွာ နေထိုင်နိုင်မည်ဖြစ်ပြီး သူ၏ ညီမလေးလည်း ဆင်းရဲဒုက္ခ ခံရတော့မည် မဟုတ်ပေ။

ချန်လော့ ခီသန့်စင်သူ ဖြစ်လာသည့် သတင်းမှာ ယွဲ့နိုင်ငံအထက်တန်းလွှာများကြား ပျံ့နှံ့နေပြီ ဖြစ်သည်။ ဧကရာဇ်က သူ့ကို ယွဲ့နိုင်ငံ၏ မသေမျိုးဆရာကြီး ဘွဲ့ကို ပေးအပ်ထားသည်။

ဂုဏ်ကျက်သရေနှင့် စည်းစိမ်ချမ်းသာ အားလုံးကို သူ၏ မိဘများနှင့် ဦးလေးစန်းတို့ထံ ပေးအပ်မည်ဖြစ်ရာ လူတန်းစား အဆင့်အတန်း တစ်ခုလုံး တက်လှမ်းသွားခြင်းပင် ဖြစ်သည်။

လောကကြီးက တစ်ခါတလေ ဤမျှထိပင် ရိုးရှင်းလေ၏။ အောက်ခြေလူတန်းစား၏ အသေအလဲ ရုန်းကန်ရသည့်အရာများက လူမှုအဆင့်အတန်း တစ်ခုကိုကျော်ဖြတ်လိုက်သည်နှင့် စကားတစ်ခွန်းတည်းဖြင့် ပြေလည်သွားတတ်ပေသည်။

"လာကြ၊ လာကြ၊ မင်းတို့ကို မျက်စိဖွင့်ပေးမယ်။ ဒါက ငါ အသစ်လက်ခံထားတဲ့ တပည့် ချန်လော့ပဲ။ ပါရမီရှင်တွေထဲက ပါရမီရှင်ကွ"

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းနှင့် သူ၏ မိတ်ဆွေဟောင်းနှစ်ဦးမှာ ဘာတွေပြောနေကြမှန်း မသိသော်လည်း စကားပြောရင်း စိတ်လှုပ်ရှားလာကြသည်။ သူသည် ချန်လော့၏ လက်မောင်းကို ဆွဲကာ ခေါ်လာ၏။

"မင်္ဂလာပါ ဆရာဦးလေးတို့၊ ဆရာဒေါ်လေးတို့။"

ချန်လော့က ထိုနှစ်ဦးကို ဦးညွှတ်လိုက်ပြီး နောက်ကွယ်ရှိ သူတို့၏ တပည့်များနှင့်လည်း သူ့ကိုယ်သူ မိတ်ဆက်ပေးသည်။

"သူ တာအိုထဲကိုတောင် ဝင်ပြီးနေပြီပဲ၊ တကယ့်ကို ရှားပါးတာပဲ။"

ဝတ်ရုံနီနှင့် အစစ်အမှန်ပုဂ္ဂိုလ် ရှင်းဟော့က ပြုံး၍ ခေါင်းညိတ်ကာ ချန်လော့ကို ကြိုဆိုလက်ဆောင် တစ်ခု ပေးလိုက်သည်။

အလုံချိတ်ပိတ်ထားသော ဝိညာဉ်ကျောက်တုံး တစ်တုံးပင်။

"စီနီယာအစ်ကိုချန်ချင်းရဲ့ သတိထားမိတာကို ခံရတယ်ဆိုတော့ သူက သာမန် ပါရမီရှင် မဟုတ်ဘူးဆိုတာ သေချာတယ်။"

ဆရာဒေါ်လေး အမြဲစိမ်းဝါးကလည်း ချန်လော့ကို လက်ဆောင်ပေးသည်၊ သို့သော် သူမ၏ ကြိုဆိုလက်ဆောင်မှာ အဆောင်တစ်ခု ဖြစ်သည်။

ဤ မသေမျိုး အမြဲစိမ်းဝါးမှာ အမှန်တကယ်တော့ အဆောင်ရေးဆွဲသူတစ်ဦး ဖြစ်သည်။ သူမသည် အဆင့်နိမ့် ကြည်လင်သော နှလုံးသားအဆောင် ကိုသာ ပေးခဲ့သော်လည်း ယွဲ့နိုင်ငံကဲ့သို့ နေရာမျိုးတွင် ဤအရာမှာ ရှားပါးသော ရတနာတစ်ပါး ဖြစ်နေပြီဖြစ်သည်။

"သွားကြစို့ နှစ်ပေါင်းများစွာ စောင့်ပြီးတဲ့နောက်၊ ဒီနေ့တော့ ရောက်လာပြီပဲ။"

အစစ်အမှန်ပုဂ္ဂိုလ် ရှင်းဟော့က မတ်တတ်ရပ်လိုက်ပြီး သူ၏ စကားနှင့်အတူ သူတို့သုံးဦး၏ စကားစမြည်ပြောဆိုခြင်းမှာ အဆုံးသတ်သွားသည်။

"ပစ္စည်းတွေ အကုန် ယူလာခဲ့ရဲ့လား"

ဆရာဒေါ်လေး အမြဲစိမ်းဝါးက အပိုမေးခွန်းတစ်ခု မေးလိုက်သည်။

"သေချာပေါက်ပေါ့၊ ငါ မမေ့ပါဘူး။" အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက အနီးရှိ သံသေတ္တာကို ပုတ်ပြကာ စိတ်ချရန် အချက်ပြလိုက်သည်။

အရာအားလုံး ပြင်ဆင်ပြီးနောက် ထိုသုံးဦးမှာ ဆက်လက် မနှောင့်နှေးတော့ပေ။

ချိုင့်ဝှမ်းမှ ထွက်ခွာလာသောအခါ အပြင်ဘက်တွင် ရပ်ထားသောမြင်းရထား သုံးစီးကို ချန်လော့ မြင်လိုက်ရ၏။ ရထားပေါ်တွင် သေတ္တာများနှင့် အိတ်များ အစီအရီတင်ထားရာ အိမ်ပြောင်းနေသည်နှင့်ပင် တူနေသည်။

ယင်းက ချန်လော့၏ စိတ်ထဲတွင် မသေမျိုး ဆရာကြီးများအပေါ် ထားရှိသော အထင်ကြီးလေးစားမှုများကို မိုးပေါ်မှ မြေပြင်သို့ ချက်ချင်း ထိုးကျသွားစေသည်။

'သူတို့က တကယ်ကြီးမြင်းရထားနဲ့ လာကြတာကိုး၊ ဒါကြောင့်လည်း ဒီလောက်ရက်တွေ အများကြီး ကြာနေတာ။'

သေချာပြန်တွေးကြည့်သောအခါ သူ နားလည်သွားသည်။ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းရော သူ၏ မိတ်ဆွေနှစ်ဦးစလုံးမှာ အဆင့်နိမ့် ချီသန့်စင်သူများသာ ဖြစ်ကြသည်။

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းမှာ ချီသန့်စင်ခြင်း တတိယအဆင့် ရှိသဖြင့် ပိုသန်မာသော်လည်း၊ ဆရာဦးလေးနှင့် ဆရာဒေါ်လေးတို့မှာ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းထက် တစ်ဆင့်နိမ့်ကာ ချီသန့်စင်ခြင်း ဒုတိယအဆင့်၌သာ ရှိကြသည်။

ဤကဲ့သို့သော စွမ်းအားမျိုးဖြင့် လေထဲတွင် ပျံသန်းရန်ဆိုသည်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။

"စီနီယာအစ်ကို ချန်၊ အစ်ကိုက ဘယ်တုန်းက တပည့်ဖြစ်သွားတာလဲ၊ လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော် လာတုန်းက ဆရာဦးလေး ချန်ချင်းက တစ်ယောက်တည်း ရှိသေးတာ။"

လူငယ်တပည့် ငါးဦးမှာ ချန်လော့ကို အတော်လေး စိတ်ဝင်စားနေကြ၏။

ဤသည်မှာ သူတို့ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းထံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း မဟုတ်ပေ။

ယခင်က သူတို့၏ ဆရာများနှင့်အတူ လာတိုင်း အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းမှာ အမြဲတမ်း တစ်ယောက်တည်း ဖြစ်သည်။

နာမည်ခံတပည့်များမှာ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ခွင့် မရှိသဖြင့်၊ ဤတစ်ကြိမ်တွင်လည်း အတူတူပင် ဖြစ်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ချန်လော့ဆိုသော တပည့်တစ်ဦး ရှိနေခြင်းက သူတို့ကို အလွန် သိချင်စိတ် ပြင်းပြစေသည်။

ခေတ်နောက်ကျသော အမြင်ရှိသည့် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ စမ်းသပ်မှုကို အောင်မြင်ရန် မည်သို့သော ပါရမီမျိုး လိုအပ်မည်နည်း။

"ကျွန်တော် တပည့်ဖြစ်တာ သိပ်မကြာသေးပါဘူး။"

လွန်ခဲ့သော သုံးနှစ်က ချန်လော့သည် ချင်းယာ ကောင်တီရှိ အလောင်းမြုပ်နှံသူ တစ်ဦးသာ ဖြစ်သေးသည်။ ထိုအချိန်က သူနှင့် ဤမသေမျိုး လူငယ်တပည့်များမှာ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားခဲ့သည်။

ယခုမူ သူတို့သည် မြင်းရထားတစ်စီးတည်း အတူထိုင်ကာ စကားစမြည်ပြောဆိုနိုင်နေပြီ ဖြစ်ရာ၊ ကံကြမ္မာ၏ အလှည့်အပြောင်းမှာ အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလှသည်။

မနက်ဖြန် ဘာဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

သူတို့သည် လမ်းတစ်လျှောက် စကားပြောလာကြပြီး တစ်ယောက်ကို တစ်ယောက် ပိုမို ရင်းနှီးလာကြ၏။ မြင်းရထားများ ချိုင့်ဝှမ်းဧရိယာမှ ထွက်ခွာလာပြီးနောက် အနောက်ဘက်သို့ ဆက်လက် ထွက်ခွာလာကြသည်။

ပြန်တွေးကြည့်သောအခါ၊ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း တရားထိုင်နေသည့် ချိုင့်ဝှမ်းမှာ အမှန်တကယ်တော့ နဂါးဖြူမြို့ အပြင်ဘက်တွင် ဖြစ်ကြောင်း ချန်လော့ သဘောပေါက်သွားသည်။

ချိုင့်ဝှမ်းတစ်ခုလုံးကို အစီအရင် တစ်ခုဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်ပြီး၊ ၎င်းမှာ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ ဂုဏ်ယူစရာကောင်းသော အောင်မြင်မှု အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

မြင်းရထားများမှာ လှုပ်ယမ်းသွားလာနေရင်း မကြာမီ ရှီးရှန်းတောင်တန်းသို့ ရောက်ရှိလာသည်။

လမ်းမှာ ပို၍ ပို၍ ရင်းနှီးလာ၏။

'ဒါက သင်္ချိုင်းဖောက်သူတွေ မကြာခဏ လာလေ့ရှိတဲ့ အဲဒီ သင်္ချိုင်းဟောင်းကြီး မဟုတ်ပါဘူးနော်' ဟူသည့် အဓိပ္ပာယ်မဲ့သော အတွေးတစ်ခု ချန်လော့၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။

အခန်း (၆၄) မဟာဂူသင်္ချိုင်းကြီးဆီသို့

ချန်လော့ ခန့်မှန်းထားသည့်အတိုင်းပင် မြင်းရထားများ ခဏတာခရီးနှင်ပြီးနောက် သူ ပြီးခဲ့သည့်အကြိမ်က တူးခဲ့သော နေရာတည့်တည့်တွင် ရပ်တန့်သွား၏။

"နောက်ထပ် သင်္ချိုင်းဖောက်သူတစ်သိုက် ရောက်လာပြီး ငါတို့ချန်ခဲ့တဲ့ လမ်းကြောင်းကိုတောင် ပိတ်သွားသေးတယ်။"

အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်း နှင့် အခြားနှစ်ဦးတို့ ရထားပေါ်မှ အရင်ဆင်းလာကြပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ချန်လော့ ဖုံးကွယ်ထားခဲ့သော ဖောက်ထွင်းထားသည့် တွင်းကို မြင်သွားကြသည်။

အစစ်အမှန်ပုဂ္ဂိုလ် ရှင်းဟော့ဆိုလျှင် ဆောင့်ကြောင့်ထိုင်ကာ ဖုံးကွယ်ထားသော အပေါက်ဝကို လက်ဖြင့်ထိုးဆွကြည့်ပြီး ဤတွင်းကို ဖုံးကွယ်သွားသည်မှာ အချိန်မည်မျှ ကြာပြီလဲဆိုသည်ကို တွက်ချက်နေပုံရသည်။

အနောက်မှ လိုက်ပါလာသော ချန်လော့မှာမူ မှင်သက်နေတော့သည်။

ဒီ ဖောက်ထွင်းထားတဲ့ တွင်းက အစစ်အမှန်ပုဂ္ဂိုလ်ချန်ချင်းတို့ သုံးယောက် တူးထားခဲ့တာကိုး။

သူတို့ရဲ့ လုပ်ရေကိုင်ရည်ကတော့ သင်္ချိုင်းဖောက်သူတွေ နဲ့ တစ်ပုံစံတည်းပဲ။ တောင်ပိုင်းဂိုဏ်းကလား၊ မြောက်ပိုင်းဂိုဏ်းကလားဆိုတာတော့ မသိဘူး။

"ဝိညာဉ်ကျောက်တုံး တွေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အမြဲရှိနေတာဆိုတော့ လူတွေ လာပြီး ကံစမ်းကြတာ ပုံမှန်ပါပဲ။"

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းတို့ သုံးဦးမှာ ထိုတွင်းကို ချန်လော့ ဖုံးကွယ်သွားမှန်း မသိကြပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့က ထိုကိစ္စကို ဂရုမစိုက်ကြချေ။

လမ်းကြောင်းကို အကြမ်းဖျင်း သတ်မှတ်ပြီးနောက် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက မြင်းရထားပေါ်မှ သစ်သားရုပ် တစ်ရုပ်ကို ယူဆောင်လာ၏။

ထိုသစ်သားရုပ်၏ နဖူးပေါ်တွင် ဆရာဒေါ်လေး အမြဲစိမ်းဝါး ရေးဆွဲထားသော အဆောင်ကို ကပ်လိုက်ပြီး နောက်စေ့တွင် ကြိုတင်ရေးဆွဲထားသော မသေမျိုးအက္ခရာတစ်ခုကို ရိုက်ကပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သစ်သားရုပ်၏ ရင်ဘတ်ရှိ ခလုတ်တစ်ခုကို ဆွဲဖွင့်ကာ ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထည့်လိုက်၏။

သစ်သားရုပ်သည် နှစ်ချက်ခန့် ယိမ်းယိုင်သွားပြီးနောက်လျင်မြန်စွာငြိမ်သက်သွားကာ အနီးနားတွင် ကြိုတင်ပြင်ဆင်ထားသော ဂေါ်ပြားတစ်လက်ကို ကိုင်၍ အပူတပြင်း စတင်တူးဆွတော့သည်။

မကြာမီပင် ချန်လော့ ပိတ်ဆို့ထားခဲ့သော တွင်းပေါက်မှာ ပြန်လည် ပွင့်သွားတော့သည်။

"ဒါက အဆင့်မြှင့်ထားတဲ့ ယန္တရားပညာရပ် ပဲ၊ ဝိညာဉ်ချီကို အသက်သာဆုံး သုံးနိုင်တဲ့ သစ်သားကိရိယာလူရုပ်ပေါ့။"

အစစ်အမှန်ပုဂ္ဂိုလ် ရှင်းဟော့မှာ သူ၏ တပည့်များကို ဤအရာ၏ အသေးစိတ်အချက်အလက်များကို ရှင်းပြရန်ပင် အချိန်ရနေသေးသည်။

"ဒီတွင်းပေါက်ကို အထင်မသေးနဲ့၊ အဲဒီတုန်းက ဒီနေရာကို ရှာတွေ့ဖို့ တော်တော်လေး အားထုတ်ခဲ့ရတာ။"

"သိပါတယ်၊ သိပါတယ်၊ ကျွန်တော်တို့ နားတွေတောင် အူထွက်နေပြီ။"

လူငယ်တပည့်များမှာ စိတ်မရှည်တော့သည့် အမူအရာများ ဖြစ်နေကြ၏၊ ဤစကားကို သူတို့ မရေမတွက်နိုင်အောင် ကြားဖူးနေပြီ ဖြစ်သည်။

"ဒီကောင်လေးတွေ"

အစစ်အမှန်ပုဂ္ဂိုလ် ရှင်းဟော့က လက်မြှောက်၍ ရိုက်လိုက်၏။ ခုနက စကားပြောလိုက်သူမှာ သူ၏ တပည့်ဖြစ်နေသည်ကိုး။

"ဘာပြဿနာ ရှိလို့လဲ" ဟု ချန်လော့က နားမလည်စွာဖြင့် မေးလိုက်သည်။

"ညီလေး ချန် ကိုတောင် မေ့နေပြီ။"

စကားပြောခဲ့သော လူငယ်တပည့်မှာ ချက်ချင်း တက်ကြွလာပြီး ချန်လော့ကို စတင်မိတ်ဆက်ပေးတော့သည်။

"ဒီတွင်းပေါက်ကို ဆရာတို့ သုံးယောက်က အနှစ်သုံးဆယ်လောက် အချိန်ယူပြီး တွက်ချက်ထားတာ၊ မဟာဂူသင်္ချိုင်းကြီးရဲ့ အားနည်းချက် နေရာပေါ့။ တခြားနေရာကနေ တူးရင် မဟာဂူသင်္ချိုင်းကြီးရဲ့ အစီအရင်က လှည့်စားပြီး တခြားနေရာကို ရောက်သွားလိမ့်မယ်။"

"ကျွန်တော်တို့ ဒီကို အကြိမ်ကြိမ် ရောက်ဖူးတယ်။ လာတိုင်း ဆရာဦးလေး ရှင်းဟော့က ဒီအကြောင်းတွေ ပြောပြနေကျပဲ။ ပထမတော့ စိတ်ဝင်စားစရာကောင်းပေမယ့် ခဏခဏ ကြားရတော့ အချိန်မဖြုန်းချင်တော့ဘူး။"

နောက်ဆုံးစကားပြောသူမှာ ရှဲ့ရွှမ်းဟု အမည်ရပြီး ဆရာဒေါ်လေး အမြဲစိမ်းဝါး၏ ကိုယ်ပိုင်တပည့် ဖြစ်ကာ လူငယ်ကျင့်ကြံသူများထဲတွင် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည်။

ကျန်ရှိနေသောကြမ်းတမ်းသည့် အမျိုးသား လေးဦးမှာ အစစ်အမှန်ပုဂ္ဂိုလ် ရှင်းဟော့၏ တပည့်များ ဖြစ်ကြပြီး ချန်လော့ကဲ့သို့ပင် ချီသန့်စင်ခြင်း ပထမအဆင့်တွင် ရှိကြသည်။

ယခင် အရိုက်ခံရသူမှာ အစစ်အမှန်ပုဂ္ဂိုလ် ရှင်းဟော့၏ အကြီးဆုံးတပည့် ဖြစ်သည်။

"မဟာဂူသင်္ချိုင်းရဲ့ အားနည်းချက်"

ချန်လော့သည် တွင်းပေါက်ကို ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

သူ အချိန်အတော်ကြာ လေ့လာကြည့်သော်လည်း ဤနေရာတွင် မည်သည့် အစီအရင်ကိုမျှ မတွေ့ရပေ။

"ဟုတ်တယ်၊ ဆရာဦးလေး ချန်ချင်း ပြောတာ ကြားဖူးတာတော့ မဟာဂူသင်္ချိုင်းကြီးက တည်ရှိနေတာ အရမ်းကြာနေပြီဆိုတော့ မြေလွှာ အပြောင်းအလဲတွေကြောင့် သူ့ရဲ့ အစီအရင်တချို့က ချို့ယွင်းနေပြီတဲ့။ ဒီအားနည်းချက်က အဲဒီ မြေလွှာအပြောင်းအလဲတွေ ဖြစ်တုန်းက ပေါ်လာတာလို့ ပြောတယ်" ဟု ရှဲ့ရွှမ်းက ပြုံး၍ ပြောသည်။

"သြော်... ဒါကိုး။"

ချန်လော့သည် သူ၏ အာရုံကို အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းနှင့် အခြားသူများဆီသို့ ပြောင်းလိုက်၏။

သူ၏ ပြင်ပဦးနှောက်များမှာ ချက်ချင်းပင် တက်ကြွလာသည်။

'အနောက်တည့်တည့်နဲ့ အရှေ့တောင်ဘက် နေရာတွေမှာ အက်ကွဲနေတဲ့ အဖြူရောင်ပုံဆောင်ခဲတွေ ရှိတယ်၊ အဲဒါတွေက အစီအရင်ရဲ့ အခြေခံဖြစ်နိုင်တယ်။'

တကယ်ပင် ပြင်ပဦးနှောက်တစ်ခုက ပြဿနာကို ရှာဖွေတွေ့ရှိသွားပြီး အစီအရင်၏ အခြေခံဟု သံသယရှိရသော နေရာနှစ်ခုကို တွေ့ရှိသွားခဲ့၏။

"ကဲ၊ တစ်ယောက်ပြီး တစ်ယောက် ဆင်းကြ။"

သစ်သားရုပ်မှာ ဂေါ်ပြားကို အပြင်းအထန် လွှဲခုတ်နေသဖြင့် မီးခိုးများပင် ထွက်နေပြီး တွင်းပေါက်ကို အပြည့်အဝ တူးဖောက်ပြီးသွားပြီ ဖြစ်သည်။

အစစ်အမှန်ပုဂ္ဂိုလ် သုံးဦးမှာ တွင်းထဲသို့ အသီးသီး ခုန်ဆင်းသွားကြ၏။

ယင်းကိုမြင်လျှင် ချန်လော့လည်း အမြန်လိုက်ဆင်းခဲ့သည်။

သို့သော် ရှဲ့ရွှမ်းနှင့် အခြားတပည့် လေးဦးမှာမူ သူတို့၏ ဆရာများ စီစဉ်ပေးထားသော ပစ္စည်းများကို သွားယူရန် မြင်းရထားဆီသို့ ပြန်သွားကြသည်။

အောက်သို့ ဆင်းသွားပြီးနောက် မြင်ရသော ဂူသင်္ချိုင်းအခန်းမှာ ယခင်က သင်္ချိုင်းအခန်းအတိုင်းပင် ဖြစ်သည်။

ချန်လော့သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း မည်သည့် ကွာခြားချက်ကိုမျှ မတွေ့ရပေ၊ ဖတ်၍မရသော ဦးခေါင်းခွံပင်လျှင် ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ရှိနေဆဲဖြစ်သည်။

"ဒီဘက်၊ဗဟိုကနေ သုံးလက်မလောက် ခွာပြီး။"

အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းနှင့် အခြားနှစ်ဦးမှာ အောက်သို့ ရောက်သည်နှင့် များစွာ လေးနက်သွားကြပြီး ဂူသင်္ချိုင်းအခန်း၏ ထောင့်များတွင် အလုပ်ခွဲဝေကာ တွက်ချက်မှုများ စတင်ကြ၏။

ပွင့်နေသော ကျောက်ခေါင်းတလားကိုလည်း သစ်သားရုပ်က ရွှေ့ပြောင်းပေးနေသည်။

ဒီကောင်က တော်တော်သန်မာပြီး အလုပ်လည်း လုပ်နိုင်တာပဲ။

"ဒါ သင်္ချိုင်းဖောက်သူ တစ်ယောက်ရဲ့ ဦးခေါင်းခွံပဲ။"

ချန်လော့က အနီးနားရှိ ဦးခေါင်းခွံကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ပစ္စည်းများ ချထားပြီးသော ရှဲ့ရွှမ်းနှင့် အခြားသူများလည်း အနားသို့ ရောက်လာကြ၏။ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းနှင့် အခြားနှစ်ဦးမှာ အလုပ်ရှုပ်နေကြသဖြင့် သူတို့၏ တပည့်များကို ခဏတာ ဂရုမစိုက်နိုင်ကြပေ။

"သင်္ချိုင်းဖောက်သူ"

ဤဦးခေါင်းခွံကို ဘာလို့ ဖတ်လို့မရတာလဲ ဆိုတာကို ချန်လော့ နောက်ဆုံးတော့ နားလည်သွားပြီ၊ ွအရာက သာမန်လူတစ်ယောက်၏ ဦးခေါင်းခွံ ဖြစ်နေလို့ကိုး။

"ဆရာဦးလေး ချန်ချင်းက နင့်ကို မပြောပြဘူးလား"

ရှဲ့ရွှမ်းက ချန်လော့ကို ထူးဆန်းသလို ကြည့်လိုက်၏။ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း၏ ကိုယ်ပိုင်တပည့် တစ်ယောက်အနေဖြင့် သူ၏ ဆရာ တာအိုထဲ မဝင်ရောက်မှီက ဘာလုပ်ခဲ့သလဲဆိုသည်ကို ဘယ်လိုလုပ် မသိရသနည်း။

"ဘာကို ပြောရမှာလဲ"

ချန်လော့က အစီအရင်၏ လမ်းလွဲမှုကို အပူတပြင်းတွက်ချက်နေသော အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းကို မသိစိတ်က လှမ်းကြည့်လိုက်၏။

ထိုမသေမျိုးဆရာကြီး၏ ဟန်ပန်မှာ...

"ဆရာဦးလေး ချန်ချင်း တာအိုထဲ မဝင်ခင်က၊ သူဟာ ငါတို့ ယွဲ့နိုင်ငံမှာ နာမည်အကြီးဆုံး သင်္ချိုင်းဖောက်သူ ခေါင်းဆောင်ဖြစ်ခဲ့ပြီး မဟာဂူသင်္ချိုင်းပေါင်း မြောက်မြားစွာကို ဝင်ရောက်ခဲ့ဖူးတယ်။ တာအိုထဲ ဝင်ပြီးတဲ့နောက်မှာလည်း ဒီပညာကို ဆက်လက် တိုးတက်စေခဲ့တယ်။ သင်္ချိုင်းတစ်ခု ဖြစ်နေသရွေ့ သူက တစ်ချက်ကြည့်ရုံနဲ့ အကြမ်းဖျင်းပုံစံကို ပြောပြနိုင်တယ်။ သူက အစီအရင်တွေနဲ့ ပတ်သက်ရင် မွေးရာပါ အာရုံခံစားမှု ရှိတယ်၊ ငါ့ဆရာကတော့ သူဟာ ကောင်းကင်ဘုံက ကောင်းချီးပေးခံရသူလို့ ပြောတယ်။"

ရှဲ့ရွှမ်းက အနောက်ကို ခိုးကြည့်လိုက်ပြီးနောက် ချန်လော့၏ နားနားသို့ ကပ်ကာ သူမ၏ ဆရာဦးလေး၏ လျှို့ဝှက်ချက်ဟောင်းများကို တီးတိုး ပြောပြလိုက်၏။

"ဟင်"

ချန်လော့ မှင်သက်သွားသည်။

အဖြူရောင် မုတ်ဆိတ်မွေး၊ အဖြူရောင် ဆံပင်များနှင့် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းကို သူ ထပ်မံ ကြည့်လိုက်မိရာ ပုံစံက အနည်းငယ် လွဲနေသလို ရုတ်တရက် ခံစားလိုက်ရသည်။

ကျင့်ကြံသူများအပေါ် ထားရှိသော ခံစားချက်မှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။

သူ ပုံပြင်များ၊ ဇာတ်လမ်းများ ဖတ်ဖူး၊ ကြားဖူးစဉ်က မသေမျိုးများဆိုသည်မှာ အမြဲတမ်း မြင့်မြတ်ပြီး လောကီရေးရာများနှင့် ကင်းလွတ်နေသူများဟု ထင်ခဲ့သည်။

သို့သော် ယခုမူ ဆရာနှင့် တပည့်များက အုပ်စုဖွဲ့ကာ သင်္ချိုင်းတူးပြီး တွင်းဖောက်နေကြသည်။

အထူးသဖြင့် နတ်သမီးဟု ခေါ်ဆိုနိုင်သော ဆရာဒေါ်လေး အမြဲစိမ်းဝါး ပင်လျှင် ဟိုဘက်တွင် ပေါက်ပြားကို လွှဲယမ်းနေ၏။

ချန်လော့မှာ သူ၏ ယုံကြည်မှုတချို့ ကျိုးပဲ့ပျက်စီးသွားသည့် အသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

'ဒါ ဝိညာဉ်ချီမရှိတဲ့ နယ်မြေကြောင့် ဖြစ်ရမယ်။ ချီသန့်စင်ခြင်း ပထမအဆင့်နဲ့ ဒုတိယအဆင့်ဆိုတာ အရမ်း နိမ့်လွန်းတယ်။ စစ်မှန်တဲ့ ကျင့်ကြံသူလောကထဲ ရောက်ရင် ပိုကောင်းသွားမှာပါ။'

"ငါတို့ ခြေအောက်က မဟာဂူသင်္ချိုင်းကြီးကိုလည်း ဆရာဦးလေး ချန်ချင်း ရှာတွေ့ခဲ့တာပဲ။ အစပိုင်းတုန်းက သင်္ချိုင်းဖောက်သူတချို့က ဒီနေရာကို မတော်တဆ တူးမိသွားလို့ ဝိညာဉ်ချီတွေ ယိုစိမ့်ထွက်လာတာ။ ဆရာဦးလေး ချန်ချင်း ဒီနေရာကို ရှာတွေ့ပြီးတဲ့နောက်၊ သူရော ငါ့ဆရာရော၊ ဆရာဦးလေး ရှင်းဟော့ရော သုံးယောက်ပေါင်းပြီး အနှစ်တစ်ရာလောက် အချိန်ယူစူးစမ်းရှာဖွေခဲ့ကြတာ။ နောက်ဆုံးတော့မှ အပေါ်ယံက သင်္ချိုင်းအတုကို ကျော်ဖြတ်ပြီး ဒီစစ်မှန်တဲ့ ဝင်ပေါက်ကို ရှာတွေ့ခဲ့တာ။"

ဤတစ်ကြိမ် စကားပြောသူမှာ အစစ်အမှန်ပုဂ္ဂိုလ် ရှင်းဟော့၏ တပည့်အကြီးဆုံး တုသဲ ဖြစ်သည်။

ဤလူမှာ ရိုးသားပြီး အပြစ်ကင်းစင်ပုံရကာ အသားအနည်းငယ် မည်းပြီး တောင့်တင်း၏။ သူသာ တာအိုဝတ်ရုံကို ဝတ်ဆင်မထားပါက မည်သူကမျှ သူ့ကိုကျင့်ကြံသူတစ်ဦးဟု ထင်မည်မဟုတ်ပေ၊ လယ်ကွင်းထဲမှ လယ်သမားကြီးတစ်ဦးနှင့် ပိုတူနေသည်။

"ဘန်း.."

သူတို့ စကားပြောနေစဉ် ဟိုဘက်မှ ကျယ်လောင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းနှင့် အခြားနှစ်ဦး၏ အသံကို ကြားလိုက်ရသည်။

"ပွင့်သွားပြီ၊ မင်းတို့ မြန်မြန်လာကြ။"

ချန်လော့နှင့် အခြားသူများ အသံကြားရာသို့ အမြန်ပြေးသွားကြရာ ကျောက်အခေါင်း ရှိနေသည့် နေရာတွင်အပေါက်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဤအပေါက်မှာ ၄၅ ဒီဂရီ ထောင့်ချိုးဖြင့် အောက်ဘက်သို့ တူးဆင်းသွားခြင်း ဖြစ်သည်။

သစ်သားကိရိယာလူရုပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ရာ အောက်သို့ ကျသွားပုံရသည်။

ရှေ့ဆုံးမှ အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းက ခုန်ချသွားပြီး မဟာဂူသင်္ချိုင်းကြီးထဲသို့ ပထမဆုံး ဝင်ရောက်သွား၏။

"ပစ္စည်းတွေ အကုန်ယူလာဖို့ မမေ့နဲ့နော်။"

ဆရာဒေါ်လေး အမြဲစိမ်းဝါးက နောက်မှ လိုက်သွားပြီး ဆရာဦးလေး ရှင်းဟော့မှာ နောက်ဆုံးမှ ဝင်ရောက်သည်။ အောက်သို့မဆင်းမီ သူ၏ တပည့်များကို သတိပေးရန် မမေ့ခဲ့ပေ။

"နားလည်ပါပြီ။"

တုသဲက အသံကြားသည်နှင့် အမြန်တုံ့ပြန်လိုက်၏။

လူအနည်းငယ်က အမြန်သွားကာ သေတ္တာများကို မလိုက်ကြသည်။

ချန်လော့ တစ်ချက်ကြည့်လိုက်ရာ သေတ္တာများထဲတွင် အနက်ရောင်သံပြားအချို့ ပါရှိပြီး ထိုသံပြားများပေါ်တွင် အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်း ရေးဆွဲထားသော မသေမျိုးအက္ခရာများ ရှိနေသည်ကို တွေ့ရသည်။

အစွန်းများတွင်လည်း အဆောင်၏ အမှတ်အသားများကို တွေ့ရသဖြင့် ဤအရာများကို အစစ်အမှန်ပုဂ္ဂိုလ် ချန်ချင်းနှင့် အခြားနှစ်ဦးတို့ ပူးပေါင်း၍ ဖန်တီးထားပုံရသည်။

"ဒါ လမ်းပြ ပဲ၊ လမ်းကြောင်းကို ဖွင့်ဖို့ သုံးတဲ့ ပစ္စည်း။"

သေတ္တာသယ်လာသော တုသဲက ချန်လော့ စပ်စုနေသည်ကို မြင်သောအခါ ရှင်းပြလိုက်၏။

စကားပြောနေစဉ်မှာပင် အဖွဲ့သားများ အမြန်လိုက်သွားကြသည်။

တွင်းပေါက်ထဲသို့ ဝင်ပြီးနောက် ချန်လော့သည် သူ၏ ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကိုသာ ခံစားလိုက်ရပြီး၊ သူ၏ အဝတ်အစားများမှာ သူ့အလိုလို လွင့်ပျံနေကာ တုသဲနှင့် အခြားသူများ သယ်ဆောင်လာသော သေတ္တာများပင်လျှင် လေထဲတွင် ပေါလောပေါ်နေသည်။

ဤနေရာတွင် ဆွဲငင်အား ပျောက်ကွယ်သွားပုံရသည်။

"ဒါ ဂူသင်္ချိုင်းလား"

သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ချန်လော့ မှင်သက်သွား၏။

သူသာမက သူ၏ဘေးရှိ ရှဲ့ရွှမ်းနှင့် အခြားသူများလည်း လုံးဝ မှင်သက်သွားကြ၏။ သူတို့လည်း ဤနေရာသို့ ပထမဆုံးအကြိမ် ဆင်းလာခြင်း ဖြစ်ပုံရသည်။

All Chapters