← Chapters

လုပ်ရဲလား၊ မလုပ်ရဲဘူးလား

Vol. 8 Ch. 757

လုပ်ရဲလား၊ မလုပ်ရဲဘူးလား

Vol. 8 Ch. 757

ပိုင်ရှောင်ချန်းသည် ကျိုးဟုန်၏ သက်စောင့်အားကို နောက်ဆက်တွဲ ဆိုးကျိုးများ လုံးဝမရှိဘဲ စုပ်ယူနိုင်ခဲ့သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ အမှန်တကယ်ဆိုရလျှင် သူက ပို၍ပင် ထင်ရှားကျော်ကြားလာခဲ့ပြီး ရလဒ်အနေနှင့် သူ၏ ရာထူးအဆင့်အတန်းကိုပါ မြင့်မားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူသည် မဟာကောင်းကင်သခင်၏ အာရုံစိုက်မှုကို ရရှိလိုက်ပြီဖြစ်ကာ စုံစမ်းစစ်ဆေးရေး အရာရှိဟူသော ကြောက်မက်ဖွယ် ရာထူးကို ခန့်အပ်ခံခဲ့ရပြီဖြစ်သည်။

အခြေအနေအရ ကြောက်ရွံ့နေရသူများမှာ ကျိုးဟုန်တစ်ယောက်တည်း မဟုတ်၊ တော်ဝင်မျိုးနွယ်စု လက်ရွေးစင် အားလုံးနီးပါး ဖြစ်သည်။ သူတို့၏ မျိုးနွယ်စုများသည်ပင် ကြောက်လန့်နေရသည်။ တချိန်က နာမည်မရှိသူတစ်ယောက်သည် ချက်ချင်းပင် လူအားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့ပြီး မည်သူမျှ လျစ်လျူရှုရန် မဖြစ်နိုင်သူ တစ်ဦးဖြစ်လာခဲ့သည်။

အခြေအနေ အလှည့်အပြောင်းက မြန်ဆန်လွန်းလှပြီး လူအတော်များများမှာ လက်ခံရန် ခက်ခဲနေသည်။ သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မကြာမီမှာပင် တော်ဝင်မျိုးနွယ်စုမှ ကောက်ကျစ်သော မြေခွေးအိုကြီးများသည် ဆက်စပ်တွေးတောလိုက်ပြီးနောက် မဟာကောင်းကင်သခင်၏ အတွေးများကို သဘောပေါက်နားလည်သွားကြသည်။

" ကိစ္စကြီးကြီးမားမား ဖြစ်လာတော့မယ် "

ဤသို့ ကောက်ချက်ချခြင်းကို မည်သူက စတင်လိုက်သည်ဟု ပြောရန် ခက်ခဲသော်လည်း မကြာမီမှာပင် အားလုံးက ထိုအကြောင်းကို ပြောဆိုလာကြတော့သည်။

ဝိညာဥ်ခရီးဘုရင်သည် ယခုကဲ့သို့ အခြေအနေများကို ကြားသိသောအခါ သူ့သမီး ရွှီရှန်အား ကန့်သတ်ထားခြင်းများကို ဖြေလျော့ပေးလိုက်သည်။ သောကကင်းဝေးကိုးသွယ်ဘုရင်မှာမူ ကျိုးဟုန် ပြန်ရောက်လာသည်နှင့် ဒဏ်ရာများကို ကုသပေးပြီး သောကကင်းဝေးကိုးသွယ်မြို့အပြင်သို့ ခြေတစ်လှမ်းမှ မချရန် တင်းကြပ်စွာ အမိန့်ချထားလိုက်သည်။

သရဲကြီးဘုရင်က သတင်းများကို ကြားသောအခါ သူ၏ပလ္လင်ထက်မှာ ကြာမြင့်စွာ ထိုင်နေပြီး သူ့မျက်နှာပေါ်တွင်လည်း အမျိုးမျိုးသော အမူအရာများ ဖြစ်နေသည်။ အဆုံးတွင် သူက သက်ပြင်းချလိုက်သည်။

" မဟာကောင်းကင်သခင်က သူ့ကို လိုချင်ရင် ငါကရော ငြင်းလို့ ရမှာလား "

သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး သူ့မျက်လုံးထဲမှာမူ ခံစားချက်ပေါင်းစုံ ရောယှက်လျက်ရှိသည်။

သခင်မလေးဟုန်ချိန်သည် သရဲကြီးတပ်ဖွဲ့သို့ ပြန်သွားကာ မည်သို့ြဖစ်ပျက်လာမည်ကို တွေးတောသုံးသပ်နေသည်။

မဟာကောင်းကင်သခင်၏ အမိန့်တစ်ခုတည်းကြောင့် ဗဟိုဧကရာဇ်မင်းဆက်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။ အမှန်တကယ်တော့ တော်ဝင်နန်းတော်၏အတွင်းပိုင်း တစ်နေရာ၊ ခမ်းနားကြီးကျယ်လှသော ခန်းမဆောင်အတွင်းရှိ တော်ဝင်ပလ္လင်ပေါ်တွင် နန်းဝတ်နန်းစားများ ဝတ်ဆင်ထားသော လူတစ်ယောက် ထိုင်နေသည်။ ထိုသတင်းများကို ကြားသည်နှင့် တစ်ပြိုင်နက် သူက လက်သီးဆုပ်ကာ သူ့ပလ္လင်၏ နဂါးပုံစံလက်တန်းများပေါ်သို့ ဆောင့်ချလိုက်ကာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် တော်ဝင်နန်းတော်တစ်လျှောက် ဝတ်ရုံနက်လူနောက်မှ လိုက်လာခဲ့သည်။ သူသည် ဆောင့်ကြွားကြွားပုံစံမဟုတ်တော့ဘဲ သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်နေသည်။ ဖြစ်ပျက်သွားသည်များကို ကျေနပ်သော်လည်း ထိုမဟာကောင်းကင်သခင်ဆိုသူကိုကြောက်ရွံ့ကာ စိတ်ပူပန်နေဆဲဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ဝတ်ရုံနက်လူ၏ မျက်နှာကို မမြင်ရသော်လည်း သူသည် မည်မျှ ခက်ထန်ကာ အေးစက်မည်ကို ခံစားမိလေသည်။ ထိုအချက်ကြောင့် ပိုင်ရှောင်ချန်းမှာ ဖိအားများနေကာ နှစ်ယောက်ကြားမှ တင်းမာမှုကို ပြေလျော့စေရန် တစ်ခုခုပြောမည်ဟု တွေးနေစဥ်မှာပင် ထိုလူသည် သူတွေးနေသည့်အကြောင်းအရာကို သိသွားဟန်တူသည်။

" ခုချိန်ကစပြီး မဟာကောင်းကင်သခင်ဆီ ရောက်တဲ့ထိ ပါးစပ်ကို ပိတ်ထားလိုက် "

ပိုင်ရှောင်ချန်းသည် သူ၏ မမေးလိုက်ရသော မေးခွန်းကို မယဥ်မကျေးဖြေလိုက်ပုံကြောင့် သိပ်မကျေနပ်လှပေ။ မည်သို့ပင်ဖြစ်စေ သူသည် ယခုအချိန်တွင် စုံစမ်းစစ်ဆေးရေး အရာရှိတစ်ဦး ဖြစ်နေပြီဖြစ်သည်။ သို့သော် ဤလူသည် နတ်အဆင့်ကျင့်ကြံသူဖြစ်ပြီး မဟာကောင်းကင်သခင် ကိုယ်တိုင် စေလွှတ်လိုက်သူတစ်ယောက်ဖြစ်ရာ ယခုအချိန်တွင် သူပြောသမျှကို နာခံခြင်းက နည်းလမ်းကောင်းတစ်ခု ဖြစ်ဟန်တူသည်။ သို့သော် သူ့ကို ကြောက်ရွံ့နေရန်လည်း မလိုအပ်လှပေ။

" ဒီအရိပ်ကောင်က စောစောတုန်းက ငါ့ကို တစ်ပတ်ရိုက်ဖို့ ကြိုးစားသေးတာ။ သူ ဓမ္မအမိန့်ထုတ်ပြန်တုန်းက ငါ့ကို သတ်ချင်နေတဲ့ ပုံစံမျိုးပေါက်အောင် တမင်လုပ်ခဲ့တာပဲ။ အဲဒါတွေအားလုံးက ငါ့ကို ခြောက်လှန့်ဖို့ကိုး "

ထိုအချက်သည် ပိုင်ရှောင်ချန်းကို ပို၍ပင် စိတ်ဆိုးစေသော်လည်း သူသည် မည်သည့်အကြောင်းအရာအား မည်သို့ ပြောဆိုရမည်ကို ကောင်းကောင်းသိသောကြောင့် တော်ဝင်နန်းတော်ကို ဖြတ်သန်းကာ ဝတ်ရုံနက်လူနောက်မှ လိုက်လာစဥ်တွင် သူ၏ အမူအရာကို တည်ငြိမ်အောင် ထိန်းထားခဲ့သည်။

နန်းတော်သည် ကြီးမားပြီး ကောင်းကင်ဗိမာန်ဘုံအလား ကြီးကျယ်ခမ်းနားလှသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ အလှအပကို ခံစားနိုင်သည့် စိတ်အခြေအနေမဟုတ်ပေ။ သူတို့သွားနေသော လမ်းကြောင်းကို လွဲမသွားစေရန် အာရုံစိုက်နေရပြီး နောက်ဆုံးတွင် ခန်းမကျယ်ကြီးတစ်ခု၏ ဝင်ပေါက်သို့ ရောက်ရှိသွားသည်။

ခန်းမသည် ထူးခြားလှပစွာ တန်ဆာဆင်ထားခြင်းမျိုး မရှိဘဲ သာမန်သာ ဖြစ်သည်။ ရိုးရှင်းသည်ဟုပင် ဆိုနိုင်သည်။ ခန်းမသည် ရှေးဟောင်းဆန်ကာ ဝင်ပေါက်ရှေ့တွင်ရှိသော ပင်မမြေကွက်လပ်ထဲတွင် အမွှေးတိုင်တစ်ချောင်း ထည့်ထွန်းထားသော ဒယ်အိုးကြီးတစ်လုံးရှိပြီး မီးခိုးများက ကောင်းကင်ထိတိုင် တလူလူလွင့်တက်နေသည်။

လူတစ်ယောက်မှ ရှိမနေခြင်းကြောင့် ဤနေရာသည် လာလိုသူ အနည်းငယ်သာရှိသည့် နေရာမျိုး ဖြစ်ပုံပေါ်သည်။

" ဒီနားကစောင့်နေ "

ထို့နောက် ဝတ်ရုံနက်လူသည် ခြေလှမ်းအနည်းငယ်ခန့် ရှေ့ဆက်သွားလိုက်ရာ ပျောက်ကွယ်သွားလေသည်။ ပိုင်ရှောင်ချန်းသည် ပိတ်ထားလျက်ရှိသော ပင်မတံခါးကြီးကို ကြည့်ပြီးနောက် ငြိမ်သက်နေသော မြေကွက်လပ်ကို လှည့်ပတ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် နေရာတွင် ငြိမ်သက်စွာ ရပ်စောင့်နေလိုက်သည်။ မည်သည့်အကြောင်းရင်းကြောင့်မသိ ခန်းမကြီးသည် သူ့ကို ငုံ့ကြည့်နေသော ဧရာမသားရဲတစ်ကောင်အလား ထင်နေမိသည်။

ပိုင်ရှောင်ချန်းသည် တံတွေးကို ခက်ခက်ခဲခဲမြိုချလိုက်ရသည်။ ယခုကဲ့သို့ အခိုက်အတန့်မျိုးတွင် စိတ်မလှုပ်ရှားဘဲ နေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သို့သော် အခြေအနေကို စိတ်ထဲမှ ပြန်သုံးသပ်လိုက်ပြီးနောက် သူ အဆင်ပြေလိမ့်မည်ဟု ခံစားနေရဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မဟာကောင်းကင်သခင်သာ သူ့ကို ဒုက္ခပေးလိုပါက မခက်ခဲပေ။ သူက ဗဟိုဧကရာဇ်မြို့တော်တွင် ရှိနေသည်ကို ထောက်ချင့်လျှင် ထိုလူကြီးက သူ့ကို ဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို ဖမ်းနိုင်ပေသည်။

နေရာတွင် ရပ်စောင့်နေစဥ် ယခု တွေ့ဆုံခြင်း၌ မည်ကဲ့သို့ ပြုမူရမည်ကို သူ ေတွးတောလိုက်သည်။

"မြှောက်ပင့်ပြောတာက နည်းလမ်းကောင်းဖြစ်မှာ မဟုတ်ဘူး။ သရဲကြီးဘုရင်က အဲဒီလိုဟာမျိုးကို ကြိုက်တယ်။ ဒါပေမဲ့ ငါက မဟာကောင်းကင်သခင် အကြောင်းကို သေချာမသိဘူး။ သူက အရင်ဆုံး ဘာလုပ်မှာပါလိမ့်။ ထိတ်လန့်အံ့ဩစရာကောင်းအောင် လုပ်ပြမှာလား။ ဒါမှမဟုတ် ငါ့ကို အပြစ်တင်စကားပြောမှာလား "

စိုးရိမ်ပူပန်သော အတွေးများထဲ နစ်မြောကာ ထိုင်နေစဥ် အပေါ်မှ တစ်ယောက်ယောက်က သူ့ကို ကြည့်နေသည့်အလား တစ်ခုခု ထူးဆန်းနေသည်ကို သူ ရုတ်တရက် ခံစားမိသွားသည်။ တဖြည်းဖြည်း မော့ကြည့်လိုက်ရာ ဟိုးအပေါ်မှ တိမ်စိုင်များကြားတွင် ဧရာမခေါင်းတစ်လုံးသည် တွဲလောင်းကျလျက် သူ့ကို သိချင်စိတ်ပြင်းပြသော အမူအရာဖြင့် ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည်ကား နဂါးတစ်ကောင်ဖြစ်ပေသည်။

တချိန်တည်းမှာပင် ချန်ဟောင်စုန့်ထက် သာလွန်သည့် ပြင်းထန်သော ဖိအားတစ်ခု ကျဆင်းလာသည်။ ဤနဂါးသည် နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် ယှဥ်နိုင်သည်မှာ သေချာသည်။

ပိုင်ရှောင်ချန်းသည် ဗဟိုဧကရာဇ်မြို့တော်ကို ပထမဆုံး ရောက်ရှိချိန်က ဤနဂါးကို အဝေးမှလှမ်း၍ မြင်ဖူးပြီးဖြစ်သည်။ သို့သော် ယခုမူ သူသည် ၎င်း၏ ရှေ့တည့်တည့်၌ မီတာ၃၀၀မျှ အကွာအဝေးတွင် ရှိနေသည်။ နဂါး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသော အကြေးခွံပင်လယ်ကြီးအပါအဝင် အသေးစိတ်အားလုံးနီးပါးကို မြင်နေရသည်။

ပိုင်ရှောင်ချန်းသည် နဂါးနှင့် အလွန်တရာ နီးကပ်နေသည့်အတွက် အနည်းငယ် ထိတ်လန့်သော်လည်း မျက်နှာပေါ်သို့ အပြုံးတစ်ခုကို အမြန် ဆင်မြန်းကာ ဝှေ့ယမ်း၍ နှုတ်ဆက်စကား ပြောလိုက်သည်။

" ဟေး "

ချက်ချင်းပင် နဂါး၏ မျက်လုံးများတောက်ပလာသည်။ ထို့နောက် ပိုင်ရှောင်ချန်းသည် သူ့မျက်နှာကို လေတိုက်သွားသည့်အလား ခံစားမိလိုက်သဖြင့် ကြည့်လိုက်ရာ နဂါးခေါင်းက အောက်သို့ဆင်းလာပြီး သူနှင့် တစ်မီတာကျော်ကျော်သာ ဝေးတော့သည်ကို တွေ့လိုက်ရသည်။

ပိုင်ရှောင်ချန်းသည် တအံ့တဩဖြစ်သွားပြီး သူ့ရှေ့တည့်တည့်တွင် အလွန်ကြီးမားသော အရာတစ်ခုနေခြင်းကြောင့် တုန်လှုပ်စပြုလာလေသည်။ သူသည် နဂါးကြီး၏ ဝင်သက်ထွက်သက်ကိုပါ ခံစားသိနေရပြီး ထိုအချိန်တွင် နဂါးသည် စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် နှာခေါင်းတရှုံ့ရှုံ့ လုပ်နေခြင်းဖြစ်ကြောင်း သိသွားသည်။

ထိုအချိန်တွင် သူသည် ငိုချင်စိတ်ပေါက်လာပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ထိုသို့ ဆုတ်သည်နှင့် နဂါးကလည်း ရှေ့သို့ တိုးလာလေသည်။ ဦးရေများပင် ထုံကျဥ်လာသည့်တိုင် ပိုင်ရှောင်ချန်းက သူ့မျက်နှာပေါ်မှ ရင်းနှီးသော အပြုံးကို မပျောက်စေဘဲ တစ်ခုခုပြောရန် ပြင်လိုက်စဥ် ခန်းမထဲမှ အဘိုးအိုတစ်ယောက်၏ ယအသံ လွင့်ပျံ့လာသည်။

" သူက မင်းကို သဘောကျနေတာကွ "

ပိုင်ရှောင်ချန်း လှည့်ကြည့်လိုက်လျှင် တစ်နေရာ၌ ခန်းမဆောင်သို့ အဝင်တံခါးသည် ပွင့်လျက်သားရှိနေပြီး အထဲတွင် အဘိုးအိုတစ်ယောက်ကို တွေ့ရလေသည်။

သူသည် အဖြူရောင် ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး နတ်ဘုရားအလား ထင်ရလေသည်။ သူ၏ အကြည့်တစ်ချက်သည် မှောင်မည်းနေသော နေရာများကိုပင် လင်းထိန်သွားသွားေစကာ အရာခပ်သိမ်းကို ဆွဲဆောင်စေနိုင်သောအကြည့်မျိုးဖြစ်သည်။

ပိုင်ရှောင်ချန်း၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေသည့် ခံစားချက်မျိုးဖြစ်သည်။ အနှီလူကြီးသည်ကား အဏ္ဏဝါခေါ်သံဂိုဏ်းထဲသို့ ပုံရိပ်ဖော်ကာ ရောက်လာခဲ့သော ချင်းမေ့ယွမ်၏ ဆရာပင် ဖြစ်ပေသည်။

အမှန်တကယ်တော့ ယခင်က ထိုလူကြီးကို မမြင်ဖူးခဲ့လျှင်ပင် ပိုင်ရှောင်ချန်းက မဟာကောင်းကင်သခင် ဖြစ်ကြောင်း ချက်ချင်းပင် ပြောနိုင်သည်။ ထို့နောက် သူက တွေဝေခြင်းမရှိဘဲ လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။

" ကျွန်တော်မျိုး ပိုင်ဟောက်က မဟာကောင်းကင်သခင်ကို နှုတ်ခွန်းဆက်သပါတယ် "

" ဝင်လာခဲ့ "

မဟာကောင်းကင်သခင်က အနည်းငယ်ပြုံးကာ ပြောလိုက်သည်။ သူသည် ပိုင်ရှောင်ချန်း ထင်ထားသကဲ့သို့ ခြိမ်းခြောက်ဟန်မျိုး မရှိပေ။ ခဏကြာပြီးနောက်တွင် အဘိုးအိုတစ်ယောက်ဟုသာ သူ မြင်ရသည်။ အမှန်တကယ်တော့ မဟာကောင်းကင်သခင်က ပြုံးလိုက်ပြီးနောက် သူ့ဆီမှ နတ်ဘုရားဆန်ဆန်ခံစားချက် ပျောက်ကွယ်သွားသည်။

မဟာကောင်းကင်သခင်က သရဲကြီးဘုရင်နှင့် အလွန်ကွာခြားသည်မှာ အသိသာကြီးဖြစ်သည်။ ထို့ကြောင့်ပင် ပိုင်ရှောင်ချန်းမှာ ပို၍ စိတ်လှုပ်ရှားကာ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်ရန် စိတ်ပူပန်နေရခြင်းဖြစ်သည်။ ခန်းမဆောင်ထဲသို့ လမ်းလျှောက်ဝင်လာစဥ် နဂါးကြီးသည် သူသွားနေသည်ကို ကြည့်ပြီး အပေါ်ဘက်ရှိ တိမ်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ပိုင်ရှောင်ချန်းသည် ခန်းမထဲသို့ ဆက်လျှောက်လာခိုက် သူ၏ စိုးရိမ်ပူပန်မှုများမှာလည်း တိုးလာလေသည်။ သူသည် မည်သို့ ပြုမူရမည်ကို မသိသေးသည့်တိုင် မီးစင်ကြည့်ကပြီး အလိုက်သင့်သာ နေရေပလိမ့်မည်။

မဟာကောင်းကင်သခင်သည် ပိုင်ရှောင်ချန်းက မည်မျှအထိ စိတ်လှုပ်ရှားနေသည်ကို ဂရုထားပုံမပေါ်ပေ။ သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ပြောလိုက်သည်။

" မေးခွန်းတစ်ခုလောက် မေးချင်လို့ မင်းကို ဒီကို ခေါ်လိုက်တာ။ ဒီမင်းဆက်မှာရှိသမျှ အရေးကြီး ပုဂ္ဂိုလ်တွေအားလုံးကို စုံစမ်းစစ်ဆေးပြီးတော့ သူတို့ထဲက ဘယ်သူက အေးအေးဆေးဆေး ကျင့်ကြံနေတဲ့ဗဟိုဧကရာဇ်ကို နှောင့်ယှက်လဲဆိုတာဖော်ထုတ်ရမှာ၊ မင်း အဲဒါကို လုပ်ရဲလား၊ မလုပ်ရဲဘူးလား။ "

သူသည် စကားလုံးများကို ဖြည်းညင်းစွာ ပြောဆိုသော်လည်း ခန်းမတစ်ခုလုံးတွင် ထူးဆန်းသော စွမ်းအင်များနှင့် ဖိအားများ ပြည့်နှက်သွားသည်။

ပိုင်ရှောင်ချန်းသည် မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ကာ ကြားလိုက်ရသည့် စကားကြောင့် စိတ်လှုပ်ရှားစပြုလာသည်။ သူက လက်စားချေလိုသည်ဖြစ်ရာ ဤအချက်ကို ထောက်ချင့်လျှင် တော်ဝင်တရားရုံးရှိ အရေးကြီး ပုဂ္ဂိုလ်အားလုံးကို စုံစမ်းစစ်ဆေးနိုင်မည့် အခွင့်အရေးက ပြီးပြည့်စုံလှသော အခွင့်အရေးတစ်ခုဖြစ်သည်။ သူတို့သည် ဗဟိုဧကရာဇ်အပေါ်တွင် သစ္စာရှိသည်ဟု သူက ပြောလိုက်လျှင် အမှန်တကယ် သစ္စာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သစ္စာရှိသည်ဟုသာ အဓိပ္ပါယ်သက်ရောက်သွားလိမ့်မည်။

သူ့မျက်နှာအမူအရာ ဝင်းလက်တောက်ပသွားပြီး ရင်ဘတ်ကို ပုတ်လိုက်ကာ စိတ်အားထက်သန်စွာဖြင့် ပြောဆိုလိုက်သည်။

" မဟာကောင်းကင်သခင်၊ ကျွန်တော်လုပ်ရဲလား၊ မလုပ်ရဲဘူးလားဆိုတာ မေးဖို့ မလိုပါဘူး။ မဟာကောင်းကင်သခင်က အမိန့်ပေးလိုက်တာနဲ့ ဘာမဆို လုပ်ရဲပါတယ်။ တော်ဝင်မျိုးနွယ်စုဝင်တွေကို စုံစမ်းစစ်ဆေးရမှာလား၊ ဟမ့်၊ ကျွန်တော်က ဗဟိုဧကရာဇ်ကိုတောင် စစ်ဆေးဝံ့တယ် "

မဟာကောင်းကင်သခင် ၏ မျက်နှာပေါ်တွင် နားလည်ရခက်ကာ ကျေနပ်သွားဟန်တူသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူက ထပ်မေးလိုက်လေသည်။

" ဗဟိုဧကရာဇ်ကို မကြောက်ဘူးလား "

ပိုင်ရှောင်ချန်းသည် ခဏမျှ တွေဝေသွားပြီး သတိထားကာ မေးလိုက်သည်။

“ ဟုတ်၊ အမ်...သူ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်တုံးဗျ "

All Chapters