အခန်း (၉၉၃-၉၉၄)
Vol. 100 Ch. 993-994
အခန်း (၉၉၃) သူ့ကို ဂရုစိုက်မနေနဲ့တော့
လူတိုင်း ဓားကျမ်းဂေဟာရဲ့ အနက်ရှိုင်းဆုံးနေရာကို ရောက်လာတဲ့အခါ အနက်ရောင်တံခါးကြီးတစ်ချပ် ဖြည်းဖြည်းချင်း ပေါ်လာပါတယ်။
တံခါးပွင့်သွားပြီးနောက် အထဲကနေ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ယောက် ထွက်လာပါတယ်။
သူ့ရဲ့အကြည့်တွေက အေးစက်လှပြီး လုံရွှမ်းကို မြင်တာတောင် ခေါင်းကို ခပ်ဖွဖွပဲ ငြိမ့်ပြလိုက်ပြီး
"ဘာကိစ္စရှိလို့လဲ"
"ကျောက်အဘိုး... ကျွန်မအဖေက ကျောင်းအုပ်လင်နဲ့ စကားပြောထားပြီးပါပြီ၊ သူတို့ကို ဓားကျမ်းတစ်စောင် ရွေးချယ်ပြီး သုံးရက်ကြာ လေ့လာ ခွင့်ပေးဖို့ပါ"
လို့ လုံရွှမ်းက ပြောပါတယ်။
"သူတို့လား"
အဘိုးအိုက ဖန့်ချန်တို့အုပ်စုကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်
"သူတို့က ကိုးခုမြောက်ဓားကျောင်းရဲ့ တပည့်တွေမှ မဟုတ်တာ၊ ဓားကျမ်းကို လေ့လာချင်တယ်ဆိုရင် ကျောင်းအုပ်ရဲ့ လက်မှတ် ပါရဲ့လား"
လုံရွှမ်းက ခေါင်းညိတ်ပြပြီး အဘိုးအိုကို ကျောက်စိမ်းပြား တစ်ခု ကမ်းပေးလိုက်ပါတယ်။
အဘိုးအိုက ကျောက်စိမ်းပြားကို ကိုင်ပြီး မျက်စိမှိတ်လိုက်တဲ့အခါ သူ့လက်မောင်းကနေ အလင်းတန်းတစ်ခုဟာ ကျောက်စိမ်းပြားထဲကို စီးဝင်သွားပါတယ်။
ခဏအကြာမှာတော့ အဘိုးအိုက မျက်လုံးဖွင့်လိုက်ပြီး လမ်းဖယ်ပေးလိုက်တယ်
"ကျောင်းအုပ်ရဲ့ လက်မှတ် အစစ်အမှန်ပဲ၊ မင်းတို့ ဝင်သွားလို့ရပြီ ဒါပေမဲ့ မှတ်ထားပါ တစ်ယောက်ကို ဓားကျမ်းလေးစောင်ထဲက တစ်စောင်ပဲ ရွေးခွင့်ရှိတယ် တကယ်လို့ ဒီစည်းကမ်းကို ဖောက်ဖျက်မယ်ဆိုရင် သူတို့က လီသမက်တော် ခေါ်လာတဲ့လူတွေ ဖြစ်နေရင်တောင် ငါ့ဓားက မျက်နှာသာပေးမှာ မဟုတ်ဘူး၊ တစ်ချက်တည်းနဲ့ သတ်ပစ်မယ်"
ပိုင်လင်ယွဲ့တို့ရဲ့ မျက်နှာတွေ သိသိသာသာ ပြောင်းလဲသွားပါတယ်။
ဒီအဘိုးအိုရဲ့ စကားတွေအရ သူက လီချန်စန်းကိုတောင် မျက်လုံးထဲ ထည့်ထားပုံမရပါဘူး။
လုံရွှမ်းကတော့ အဘိုးအိုရဲ့ သဘောထားကို အသားကျနေပြီမို့ ဒေါသမထွက်ပါဘူး။
သူက ဖန့်ချန်တို့ကို မှာကြားဖို့ ပြင်လိုက်တုန်းမှာပဲ နောက်ဘက်ကနေ ခြေသံတွေ ကြားလိုက်ရပါတယ်။
လူတိုင်း လှည့်ကြည့်လိုက်တော့ ဓားကျင့်ကြံသူတစ်အုပ် လျှောက်လာတာကို တွေ့ရတယ်။
အရှေ့ဆုံးက ဦးဆောင်လာသူကတော့ ထက်မြက်တဲ့ မျက်ခုံး၊ ကြယ်လိုတောက်ပတဲ့ မျက်လုံးတွေနဲ့ တကယ်ကို ချောမောလှပတဲ့ လူငယ်တစ်ယောက်ပါ။
သူ့ဆီက အရှိန်အဝါက ယန်ခုန်းနဲ့ ပိုင်ချင်းမင်တို့ထက်တောင် သိသိသာသာ ပိုပြီး မြင့်မားနေပါတယ်။
သူက လူတိုင်းရဲ့ရှေ့ကို အမြန်လျှောက်လာပြီး ကျောက်အဘိုးနဲ့ လုံရွှမ်းကို အရိုအသေပေးလိုက်တယ်
"ကိုးခုမြောက်ဓားကျောင်းရဲ့ အဓိကတပည့် ဖုတုန်းဟိုင် ပါ၊ ကျောက်အဘိုးနဲ့ လုံရွှမ်းသခင်မလေးကို နှုတ်ဆက်ပါတယ်"
ယန်ခုန်းက လာတဲ့သူကို မြင်တော့ မျက်နှာက လေးနက်သွားပါတယ်။
ချန်ကျော့ကျူတို့ကတော့ ဖုတုန်းဟိုင်နဲ့ တော်တော်လေး ရင်းနှီးပုံရပြီး ပြုံးပြုံးရွှင်ရွှင်ပဲ နှုတ်ဆက်ကြပါတယ်။
"မင်း လာတာ ဘာကိစ္စလဲ"
လို့ ကျောက်အဘိုးက အေးဆေးစွာ မေးပါတယ်။
ဖုတုန်းဟိုင်က တည်ငြိမ်စွာနဲ့
"ပြင်ပလူတချို့က ကိုးခုမြောက်ဓားကျောင်းရဲ့ ဓားကျမ်းလေးစောင်ကို လေ့လာချင်နေတယ်လို့ ကြားလို့ပါ ကျောက်အဘိုးအနေနဲ့ သေသေချာချာ စဉ်းစားပေးဖို့ တောင်းဆိုပါတယ်"
"ဓားကျင့်ကြံသူတွေက တိုက်ခိုက်ရေးလမ်းစဉ်ကို လျှောက်လှမ်းကြတာမို့ အသက်ရှည်ဖို့ မရည်ရွယ်ပေမဲ့၊ ဓားကျမ်း ၃၆ စောင်က လုံမျိုးနွယ်အတွက် အရမ်းအရေးကြီးတဲ့ အမွေအနှစ်တွေ ဖြစ်ပါတယ်"
"အပြင်လူကို လွယ်လွယ်နဲ့ မပေးသင့်ပါဘူး ကျွန်တော့်ဆရာ ရွှယ်ရှန်း က ဒါကို သိသွားလို့ တပည့်ကို တားဆီးဖို့ လွှတ်လိုက်တာပါ"
"သူတို့မှာ ကျောင်းအုပ်ရဲ့ လက်မှတ် ပါပြီးသားပဲ ငါ့မှာ တားဆီးဖို့ အကြောင်းပြချက် မရှိဘူး"
လို့ ကျောက်အဘိုးက ပြောပါတယ်။
"ဒါကတော့ ဒုတိယမျိုးဆက် ဘက်က လက်မှတ်ပါ"
ဖုတုန်းဟိုင်က ကျောက်အဘိုးကို ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်ပါတယ်။
ကျောက်အဘိုးက တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်၊ အဲဒီနောက် လုံရွှမ်းကို လှည့်ပြောတယ်
"မင်း သူတို့ကို ခေါ်ပြီး ထွက်သွားလို့ရပြီ"
လုံရွှမ်းရဲ့ မျက်နှာ ပျက်သွားပြီး
"ကျောင်းအုပ်က သဘောတူထားပြီးပြီပဲ၊ ဘာလို့..."
"ဒုတိယမျိုးဆက်က လုံအောက် က အမိန့်ပေးထားတာ အပြင်လူတွေကို ကိုးခုမြောက်ဓားကျောင်းရဲ့ ဓားကျမ်းတွေ လေ့လာခွင့် မပေးဖို့ပဲ ကျန်တဲ့ ဓားကျောင်း ၈ ကျောင်းလည်း ဒီလို လက်မှတ်မျိုး ရထားလောက်ပြီ"
ကျောက်အဘိုးက လက်ယမ်းပြပြီး အနက်ရောင်တံခါးကြီးထဲ ဝင်သွားကာ တံခါးကို ပြန်ပိတ်လိုက်ပါတော့တယ်။
လုံရွှမ်းရဲ့ မျက်နှာက အရမ်းကို ကြည့်မကောင်းတော့ပါဘူး။
ပိုင်လင်ယွဲ့တို့ကလည်း ရင်ထဲမှာ ဒေါသတွေ ထွက်နေကြပါတယ်။
ဒီလောက် ရှားပါးတဲ့ အခွင့်အရေးကြီးကို တစ်ဖက်လူက လက်မှတ်တစ်စောင်တည်းနဲ့ အလွယ်တကူ ဖျက်ဆီးပစ်လိုက်တာကိုး။
"ဖုတုန်းဟိုင်... နင်နဲ့ နင့်ရဲ့ဆရာ ရွှယ်ရှန်း ဒီလိုလုပ်လို့ ဘာအကျိုးအမြတ် ရမှာလဲ ငါ့အဖေ ဒီလောက် ပင်ပန်းခံနေတာက လုံမျိုးနွယ်နဲ့ စုန်းမျိုးနွယ် ရဲ့ လောင်းကြေးပွဲမှာ နိုင်ခြေပိုရှိအောင် လုပ်နေတာပဲ"
လုံရွှမ်းက ဖုတုန်းဟိုင်ကို အေးစက်စက် ကြည့်ပြီး ပြောပါတယ်။
"လုံရွှမ်းသခင်မလေး... ဒါက ကျွန်တော်နဲ့ မဆိုင်ပါဘူး ဆရာ့ရဲ့ ဆန္ဒဖြစ်သလို ဒုတိယမျိုးဆက်ရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်"
လို့ ဖုတုန်းဟိုင်က မတုန်မလှုပ် ပြန်ဖြေပါတယ်။
"ဟုတ်တယ်၊ ဒါ ငါ့အဖေရဲ့ ဆန္ဒပဲ မင်း မကျေနပ်ရင် နင့်အဖေကို ငါ့အဖေဆီ သွားခိုင်းလိုက်လေ ဒါမှမဟုတ် နင်ကိုယ်တိုင် ငါ့အဖေဆီ သွားမလား ဒါပေမဲ့ ရဲရဲ့လား "
နောက်ထပ် လူငယ်တစ်အုပ် ဖြည်းဖြည်းချင်း လျှောက်လာပါတယ်။
ဦးဆောင်လာသူက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အသက်အရွယ်က လုံရွှမ်းနဲ့ မတိမ်းမယိမ်းပါပဲ။
"လုံရို့ "
လုံရွှမ်းရဲ့ မျက်နှာက ပြောင်းလဲသွားပါတယ်။
"ဒါပေမဲ့လေ... ခုနက နင်ပြောတဲ့စကားကတော့ နည်းနည်းတော့ မှန်သလိုပဲ ဒီတောရွာကလာတဲ့ ဓားကျင့်ကြံသူတွေ ဓားကျမ်းကို လေ့လာနိုင်ရင် သူတို့ရဲ့ အစွမ်းတွေ တိုးတက်လာနိုင်တယ် အဲဒါဆိုရင် ဓားသခင်္ျိုင်းလှေကားထစ်မှာ ရလဒ်ကောင်းတွေ ရနိုင်တာပေါ့"
လုံရို့က ပြုံးလိုက်ပြီး
"ငါ နင့်ကို အခွင့်အရေး တစ်ခု ပေးမယ်၊ သူတို့ကို ဓားကျမ်းလေ့လာခွင့် ရအောင် လုပ်ပေးမယ် ဒါပေမဲ့ မင်း ဒါကို ဆုပ်ကိုင်နိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်"
"ဘာအခွင့်အရေးလဲ"
လုံရွှမ်းက ချက်ချင်း မေးလိုက်ပါတယ်။
"ငါ ကြားတာတော့ ဒီလူရဲ့ဓားက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်မှာ အနှိုင်းမဲ့သလောက် ရှိတယ်ဆိုပဲ မနေ့က ရွှယ်ကျုံးတောင် သူ့ကို ရှုံးခဲ့တယ်လေ မင်း ဒီလူ့ကို ငါ့ဆီ ရက်အနည်းငယ်လောက် ချေးပေးလိုက်၊ အဲဒါဆိုရင် ကျန်တဲ့လူတွေ ဓားကျမ်းလေ့လာဖို့ ငါ ခွင့်ပြုပေးမယ်"
လုံရို့က ဖန့်ချန်ကို ညွှန်ပြလိုက်ပါတယ်။
လူတိုင်း မှင်သက်သွားကြပါတယ်။
ယန်ခုန်းက မျက်လုံးတစ်ချက် လှုပ်ရှားသွားပြီး လုံရွှမ်းကို တိုးတိုးလေး ပြောတယ်
"လုံရွှမ်းညီမလေး... ဒီလိုပဲ လုပ်ရတော့မယ် ထင်တယ်"
"ဘာကို ဒီလိုပဲ လုပ်ရမှာလဲ ငါ့ရဲ့ ဂျူနီယာညီလေးက ပစ္စည်းမှ မဟုတ်တာ၊ ချေးချင်တိုင်း ချေးလို့ရမလား"
လို့ ပိုင်ချင်းမင်က အေးဆေးစွာ ပြောပါတယ်။
"ပိုင်ချင်းမင်... အခြေအနေအရပ်ရပ်ကို ငဲ့ညှာစမ်းပါ"
လို့ ယန်ခုန်းက သူ့ကို စိုက်ကြည့်ပြီး ပြောပါတယ်။
ပိုင်ချင်းမင်ကတော့ အဖက်မလုပ်တဲ့ ပုံစံနဲ့ နှာခေါင်းရှုံ့လိုက်ပါတယ်။
လုံရွှမ်းက မျက်မှောင်ကြုတ်ပြီး ဖန့်ချန်ကို တစ်ချက်ကြည့်၊ လုံရို့ကို တစ်ချက်ကြည့်ကာ မေးလိုက်တယ် -
"နင် က လူကို ဘာလုပ်ဖို့ ချေးမှာလဲ"
"မင်း ကြားဖူးမှာပေါ့၊ ငါက ဓားတိုက်ခိုက်ရေးနန်းတော် တစ်ခုကို ဖွင့်ထားတာလေ ဒါပေမဲ့ မကြာသေးခင်က မျက်စိမရှိတဲ့ ကောင်တချို့က ငါ့နန်းတော်မှာ လာပြီး ပြဿနာရှာနေကြတယ် ဒီကောင်လေးရဲ့ ဓားပညာက မဆိုးဘူးဆိုတော့ ငါ့အတွက် တိုက်ပွဲအနည်းငယ်လောက် ဝင်တိုက်ပေးပြီး အဲဒီကောင်တွေရဲ့ မာနကို နှိမ်ပေးဖို့ပေါ့"
လုံရို့က ပြုံးစစနဲ့
"ဘယ်လိုလဲ နင် ခေါင်းညိတ်လိုက်တာနဲ့ ကျောက်အဘိုးကို ငါ ပြောပေးမယ် အဲဒါဆိုရင် ကျန်တဲ့လူတွေ ဝင်ပြီး လေ့လာလို့ရပြီ နင်တို့ ပထမမျိုးဆက်အတွက် နိုင်ခြေပိုရှိဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ နင် သိပါတယ်"
"သူတို့က ဓားသခင်္ျိုင်းလှေကားထစ်ကို သွားရမှာလေ၊ နင့်ရဲ့ ဓားတိုက်ခိုက်ရေးနန်းတော်ကို သွားလို့ ဒဏ်ရာရသွားရင် အလုပ်ပျက်ကုန်မှာပေါ့"
လို့ လုံရွှမ်းက ခေါင်းခါပြီး ငြင်းလိုက်တယ်
"ဒီအချက်ကို ငါ သဘောမတူနိုင်ဘူး၊ တခြားဟာ ပြောင်းတောင်းပါ"
"မင်း သူ့ကို အရင်မေးကြည့်ပါဦး သူ ကိုယ်တိုင် သွားချင်ရင်ကော "
လုံရို့က ဖန့်ချန်ကို ကြည့်လိုက်ပါတယ်။
[ဂိုဏ်းချုပ် က ပြောတယ် နင်ကူညီပေးနိုင်လိမ့်မယ်တဲ့။]
ဖန့်ချန်ဟာ ခေတ္တ မှင်သက်သွားပြီး လုံရို့ကို သေသေချာချာ စိုက်ကြည့်လိုက်ပါတယ်။
ရှေ့က လုံမျိုးနွယ် ဒုတိယမျိုးဆက်က သခင်မလေးက... ဝိညာဥ်သုတ်သင်ရေး ဌာန ကျင့်ကြံသူလား
ဒါမှမဟုတ်... သွေးဝိညာဉ်ဂိုဏ်း က လူက အတုအယောင် လုပ်ထားတာလား
လက်ရှိ အခြေအနေအရဆိုရင် ဒုတိယဖြစ်နိုင်ခြေက ပိုများနေပါတယ်။
ဒါကြောင့် ဖန့်ချန် ဘာမှ ပြန်မပြောသေးပါဘူး။
[ဂိုဏ်းချုပ်က ထပ်ပြောသေးတယ် နင့်ရဲ့ အမျိုးသမီးတစ်ယောက်ဟာ ချောင်ဖုန်းဒေသမှာ လေလွင့်နေတယ်တဲ့ သူ့ကို ရှာချင်တယ်ဆိုရင် နင် ငါ့ရဲ့ အကူအညီ လိုလိမ့်မယ်။]
"လုံရွှမ်းသခင်မလေး... ဒီနေရာက ဓားကျမ်းကို လေ့လာခွင့်ရတာက ဓားကျင့်ကြံသူတွေအတွက် အခွင့်အရေးကြီးတစ်ခုပဲလေ ဒါကြောင့် ကျွန်တော် ဒီသခင်မလေးနောက်ကို လိုက်ပါ့မယ်"
ဖန့်ချန်က လုံရွှမ်းကို လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး ပြောလိုက်ပါတယ်။
ပိုင်ချင်းမင်က မျက်နှာပျက်သွားပြီး အသံလွှင့်ကာ တားပါတယ်
"ညီလေး... စိတ်မမြန်ပါနဲ့ ဒီက ဓားကျမ်းကို လေ့လာရတာ၊ မလေ့လာရတာက အရေးမကြီးပါဘူး တစ်ဖက်လူက ရည်ရွယ်ချက် မကောင်းဘူး မင်းကို စုန်းမျိုးနွယ်ဆီ ရောင်းစားပြီး အကျိုးအမြတ်ယူမလို့ ဖြစ်နိုင်သလို၊ လီချန်စန်းရဲ့ အစီအစဉ် ပျက်သွားအောင် မင်းကို သတ်ပစ်ဖို့လည်း ဖြစ်နိုင်တယ်"
"အစ်ကိုကြီး စိတ်ချပါ ကျွန်တော် ဘာမှ မဖြစ်စေရဘူး"
လို့ ဖန့်ချန်က ပြန်ပြောပါတယ်။
ဒီလုံရို့က နတ်သမီးယွီ အကြောင်းကိုတောင် ပြောလာပြီဆိုတော့ သူ ကျိန်းသေ လိုက်သွားရမှာပါ။
ဘေးကင်းရေးအတွက်ကတော့ သူ့မှာ အသက်ရှင်ဖို့ လျှို့ဝှက်ချက်တွေ အများကြီး ရှိပါတယ်။
"လုံရွှမ်း... ကြည့်လေ သူ ကိုယ်တိုင်က သဘောတူနေတာကို မင်း ငြင်းဖို့ အကြောင်းမရှိတော့ဘူး မဟုတ်လား "
လုံရို့က ပြုံးပြီး ပြောပါတယ်။
လုံရွှမ်းက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး
"ငါ အဖေ့ကို အရင် မေးကြည့်ပါဦးမယ်"
သူက သတင်းပို့စာချပ် တစ်ခုကို ထုတ်သုံးလိုက်ပါတယ်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်...
လုံရို့က ရယ်ပြီး မေးတယ်
"မင်းအဖေက ဘာပြောလဲ"
"အဖေက ပြောတယ်... ဖန့်ချန် ကိုယ်တိုင် သဘောတူရင် သူ့ကို ဂရုစိုက်မနေနဲ့တော့ တဲ့"
လုံရွှမ်းရဲ့ မျက်နှာက တကယ်ကို ထူးဆန်းတဲ့ အမူအရာ ဖြစ်သွားပါတော့တယ်။
အခန်း (၉၉၄) ပညာရှိစာဆို
"ငါ့ရဲ့ ဓားတိုက်ခိုက်ရေးနန်းတော်က ဒီနေရာနဲ့ သိပ်မဝေးဘူး၊ သုံးရက်အတွင်း ရောက်နိုင်တယ်"
သဘေင်္ာ ပေါ်မှာ လုံရို့က ဖန့်ချန်ရဲ့ ဘေးကို လျှောက်လာပြီး နောက်ဘက်ကို တရွေ့ရွေ့ ကျန်ရစ်ခဲ့တဲ့ တိမ်တိုက်တွေကို ကြည့်ကာ ပြုံးပြီး ပြောပါတယ်။
ဒီလှေပေါ်မှာ လုံရို့အပြင် ဖုတုန်းဟိုင် ဦးဆောင်တဲ့ ဓားကျင့်ကြံသူ တစ်ရာကျော်လည်း ပါလာပါတယ်။
သူတို့က ပတ်ပတ်လည်မှာ နေရာယူထားပြီး ပတ်ဝန်းကျင်က လှုပ်ရှားမှုမှန်သမျှကို အမြဲမပြတ် စောင့်ကြည့်နေကြပါတယ်။
"လုံမျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပြီးတော့ ဘာလို့ သူများ လုပ်ကြံ မှာကို ကြောက်နေရတာလဲ"
ဖန့်ချန်က ပေါ့ပေါ့ပါးပါး မေးလိုက်ပါတယ်။
သူ လုံရွှမ်းကို ပထမဆုံး တွေ့တုန်းကလည်း ဘေးမှာ ဓားကျင့်ကြံသူတွေ အများကြီး ပါလာတာပါ။
ဒီလုံမျိုးနွယ် တိုက်ရိုက်မျိုးဆက်တွေက အပြင်ထွက်တိုင်း လုပ်ကြံခံရမှာကို တော်တော်လေး ကြောက်နေပုံရပါတယ်။
"နင် နားမလည်ပါဘူး ဒီချောင်ဖုန်းဒေသက သိပ်ပြီး အေးချမ်းတာ မဟုတ်ဘူး ငါတို့ လုံမျိုးနွယ်ဝင်တွေကို လုပ်ကြံချင်တဲ့သူတွေက မနည်းဘူး၊ ဒါပေမဲ့ သူတို့က ပုံမှန်ဆို ပုန်းအောင်းနေကြတာ"
လုံရို့က ပြောပါတယ်။
"ငါတို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်၊ မင်းက တကယ်ပဲ ဝိညာဥ်သုတ်သင်ရေးဌာန က ကျင့်ကြံသူလား"
လို့ ဖန့်ချန်က မေးလိုက်ပါတယ်။
"ဂိုဏ်းချုပ် ပြောတာတော့ နင်က သည်းခံနိုင်စွမ်း ရှိတယ်ဆိုပဲ၊ ဒါပေမဲ့ ခဏလေးအတွင်းမှာပဲ မအောင့်နိုင်တော့ဘူးလား ကြည့်ရတာ အဲဒီအမျိုးသမီးက နင့်အတွက် တကယ်ကို အရေးကြီးပုံရတယ်နော်"
လုံရို့က ပြုံးပြီး ပြောပါတယ်။
ဖန့်ချန် ဘာမှ ပြန်မပြောဘဲ သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေပါတယ်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ လုံရို့က ခပ်ဖွဖွ ခေါင်းညိတ်ပြတယ်
"ငါ ဝိညာဥ်သုတ်သင်ရေးဌာန ထဲကို ဝင်ခဲ့တာ မကြာသေးပါဘူး"
ဖန့်ချန်က မျက်မှောင် အနည်းငယ် ကြုတ်သွားတာကို မြင်တော့ လုံရို့က ရယ်တယ်
"နင် မယုံဘူးလား ဒါမှမဟုတ် ငါ့ရဲ့ အဆင့်အတန်းနဲ့ ဝိညာဥ်သုတ်သင်ရေးဌာန ထဲ မဝင်သင့်ဘူးလို့ ထင်တာလား တကယ်တော့ ဝိညာဥ်နတ်ဘုရား က အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး လုပ်ရပ်တွေကလည်း အရမ်းကို ကောက်ကျစ်စဉ်းလဲတယ်"
"ငါက လုံမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်အနေနဲ့ အေးအေးဆေးဆေး နေရုံပဲလေ ဘာကိစ္စ ဝိညာဥ်သုတ်သင်ရေးဌာန ထဲဝင်ပြီး ဝိညာဥ်နတ်ဘုရား နဲ့ ရန်သူဖြစ်အောင် လုပ်ရမှာလဲ ဟုတ်တယ်မလား "
ဖန့်ချန် ခေါင်းညိတ်လိုက်ပါတယ်။
သူ ဒီအချက်ကို တကယ်ပဲ သိချင်နေတာပါ။
ဒါပေမဲ့ လုံရို့ ပေါ်လာတာက သူ့ရဲ့ စိတ်ထဲက ထင်မြင်ချက်တချို့ကို အတည်ပြုပေးလိုက်သလိုပါပဲ။
ဝိညာဥ်သုတ်သင်ရေးဌာန ရဲ့ အဲဒီ ဂိုဏ်းချုပ်ဟာ သူ့ကို ဝိညဥ်သိုင်းနယ်မြေ ဆီ ပို့နိုင်ရုံတင် မကဘဲ၊ ချောင်ဖုန်းဒေသမှာတောင် အဖွဲ့ဝင်သစ်တွေ စုဆောင်းနိုင်တယ်ဆိုတော့ ဝိညာဥ်သုတ်သင်ရေးဌာန ရဲ့ အစွမ်းက သူ ထင်ထားတာထက် အများကြီး ပိုပြီး ကြီးမားနိုင်ပါတယ်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့အဖေက ငါ့အတွက် သမက်ရှာပေးခဲ့တယ် အဲဒါကြောင့် ငါ သူ့ကို သိခဲ့ရတာ သူက နင့်လောက် မချောဘူး ပြောရရင် လူအများကြားထဲ ရောက်သွားရင်တောင် ရှာလို့မရနိုင်တဲ့ ရိုးရိုးလူတစ်ယောက်ပဲ"
လုံရို့က ပြုံးလိုက်တယ်
"သူ့ရဲ့ စိတ်နေစိတ်ထားက အရမ်းကို အေးဆေးတယ် ငါ့ရဲ့ စိတ်ကတော့ အရမ်းမာနကြီးတာပေါ့ အဲဒါကြောင့် လက်ထပ်ပြီးကတည်းက ငါ သူ့ကို ခဏခဏ နှိပ်စက်တယ် ဒါပေမဲ့ သူက ဘယ်တော့မှ ဒေါသမထွက်ဘူး သူ ဒေါမထွက်လေလေ၊ ငါက ပိုပြီး စိတ်တိုလေလေပဲ"
" သူက ကြောက်ကြောက်လန့်လန့် ဖြစ်နေမယ့်အစား စိတ်ဓာတ်လေး ဘာလေး ရှိစေချင်တာ၊ ငါ့အဖေကို တွေ့ရင်တောင် သူက စကားတွေ ထစ်နေတတ်တာလေ အဲဒီကိစ္စကြောင့် တခြားမျိုးဆက်တွေက ငါ့ကို ကွယ်ရာမှာ ခဏခဏ လှောင်ကြတယ်"
ဖန့်ချန် သေသေချာချာ နားထောင်နေပါတယ်။
လုံရို့က ခဏရပ်ပြီး ဖန့်ချန်ရဲ့ ပုံစံကို ကြည့်ကာ ဆက်ပြောတယ်
"ငါ စိတ်တိုလေလေ၊ သူ့ကို ပိုပြီး ပြဿနာရှာလေပဲ တစ်ခါတလေ သူ ဖတ်လက်စ ရှေးဟောင်းစာအုပ်တွေကို ဝှက်ထားတတ်သလို၊ တစ်ခါတလေ သူ တရားထိုင်နေတုန်း တမင်သွားပြီး ရန်လုပ်တတ်တယ် ဒါပေမဲ့ ငါ ဘယ်လိုပဲ လုပ်လုပ်... သူ ဘယ်တော့မှ ဒေါမထွက်ဘူး"
" သူ တကယ်ပဲ ဒေါသ မထွက်တတ်တာလားလို့တောင် ငါ သံသယဖြစ်မိတယ် တစ်နေ့မှာတော့ သူ မျက်လုံးတွေ နီမြန်းပြီး ငါ့ဆီ ရောက်လာတယ်၊ သူ ခရီးထွက်ရမယ်တဲ့၊ အစောဆုံး သုံးနှစ်၊ ငါးနှစ်... အကြာဆုံး ရှစ်နှစ်၊ ကိုးနှစ် ဆိုရင် ပြန်လာခဲ့မယ်လို့ ပြောတယ်"
"ငါ တစ်ခုခု မှားနေပြီလို့ ခံစားမိတာနဲ့ သူ့နောက်ကို တိတ်တိတ်လေး လိုက်သွားခဲ့တယ် ဒါပေမဲ့ လမ်းခုလတ်မှာ လူပျောက်သွားတယ်၊ ငါ သူ့ကို ပြန်ရှာတွေ့တဲ့အချိန်မှာတော့ သူ့မှာ အသက်တစ်ဝက်ပဲ ကျန်တော့တယ်"
လုံရို့က ပြုံးလိုက်ပေမဲ့
"သူက အလောင်းတွေကြားထဲမှာ လဲလျောင်းနေခဲ့တာ အဲဒီမှာ ဝိညာဥ်သုတ်သင်ရေးဌာန က ကျင့်ကြံသူတွေရဲ့ အလောင်းတွေရှိသလို သွေးဝိညာဥ်ဂိုဏ်း က ကျင့်ကြံသူတွေရဲ့ အလောင်းတွေလည်း ရှိတယ်"
"ငါ ရောက်သွားတဲ့အချိန်မှာ သူက သေနေပြီဖြစ်တဲ့ သွေးဝိညာဥ်ဂိုဏ်း က လူတွေကို နည်းမျိုးစုံနဲ့ ဆဲဆိုနေတာ ငါ သူ့ရဲ့ အဲဒီလို ပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ အရင်တုန်းက ငါ သူ့ကို နှိပ်စက်တုန်းကဆိုရင် သူက စကားတစ်ခွန်းတောင် ပြန်မပြောတဲ့လူလေ"
"သူ ငါ့ကို မြင်သွားတဲ့အခါ ချက်ချင်း မှင်သက်သွားပြီး အရင်ကလို ပုံစံမျိုး ပြန်ဖြစ်သွားတယ် သူက ရယ်ရင်းနဲ့ ငါ့ကို ပြောတယ်... ခုနလေးတင် သူက ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်လိုက်တယ်တဲ့ အမှန်တော့ သူက အစွမ်းအရမ်းထက်တဲ့ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်နေတာပဲ"
"ငါ သူ့ကို မေးတယ်... နင်က ကျင့်ကြံမှု ဒီလောက်မြင့်နေတာကို ဘာလို့ ဖုံးကွယ်ထားရတာလဲ လုံမျိုးနွယ်ဝင်တွေသာ ဒါကို သိရင် သူ့ကို ဘယ်သူက အထင်သေးရဲမှာလဲ ငါ သူ့ကို နှိပ်စက်နေတုန်းကတောင် သူက မသိချင်ယောင် ဆောင်နေခဲ့တာ"
"သူ ဘာပြန်ပြောလဲ"
"သူက... သူ သဘောကျလို့တဲ့"
လုံရို့က ရယ်မောလိုက်ပါတယ်။
ဖန့်ချန် သူ့ကို ကြည့်လိုက်တဲ့အခါ လုံရို့က ရယ်နေပေမဲ့ မျက်ရည်တွေကတော့ ထိန်းမရအောင် စီးကျနေပါတယ်။
"ငါက သူ့ကို မချစ်ဘူးလို့ ထင်ခဲ့တာ၊ သူ သေသွားပြီးတဲ့အခါမှ ငါ့နှလုံးသားက အရမ်းနာကျင်မှန်း သိလိုက်ရတယ်"
လုံရို့က ခေါင်းခါရင်း
"သူက တကယ်ကို အတယ် ငါက ဘာမို့လို့ သူက ဒီလောက်အထိ သည်းခံခဲ့ရတာလဲ"
"မင်းအတွက် မတန်ဘူးလို့ ထင်ပေမဲ့၊ သူက တန်တယ်လို့ ထင်ရင် ရပြီပေါ့"
ဖန့်ချန်က အေးဆေးစွာ ပြောတယ်
"ဒါက အရှုံးအမြတ် တွက်နေရတဲ့ အရောင်းအဝယ်မှ မဟုတ်တာ ပြောပါဦး... ငါ့ကို ဘာကူညီစေချင်တာလဲ"
"နောက်ပိုင်းမှာ စာပေပညာရှိ တစ်ယောက် ငါ့ဆီ ရောက်လာပြီး ဝိညာဥ်သုတ်သင်ရေးဌာန ထဲ ဝင်ချင်လားလို့ မေးတယ် ငါ စဉ်းစားပြီး သဘောတူလိုက်တယ် ငါ့ရဲ့ ရည်ရွယ်ချက်က နင်တို့နဲ့ မတူဘူး ငါက ရိုးရိုးလေးပဲ... သူ့အတွက် သွေးဝိညာဥ်ဂိုဏ်း က ကျင့်ကြံသူတွေကို များများ သတ်ပေးချင်ရုံပဲ"
"မကြာသေးခင်ကမှ စာပေပညာရှိဆိုက ငါ့ဆီ ထပ်ရောက်လာပြီး နင်က ယင်လောကသွားခြင်း မှာ ကျွမ်းကျင်သလို ယုံကြည်ရတဲ့လူလို့ ပြောတယ် ငါသာ နင့်ရဲ့ အမျိုးသမီးကို ရှာပေးနိုင်ရင် နင်က ငါ့ရဲ့ အမျိုးသားကို ရှာပေးနိုင်လိမ့်မယ်တဲ့"
"အဲဒီ စာပေပညာရှိက ဂိုဏ်းချုပ် လား"
ဖန့်ချန် မျက်လုံးများ ဝင်းလက်သွားပါတယ်။
"ဖြစ်နိုင်တာပဲ၊ ငါ ခန့်မှန်းတာပေါ့"
လုံရို့က ပြုံးလိုက်တယ်
"သူ ပြောတာတော့ လုံမျိုးနွယ်ထဲမှာလည်း သွေးဝိညာဥ်ဂိုဏ်း က ကျင့်ကြံသူတွေ အများကြီး ရှိတယ်တဲ့ အမှန်ဆို ငါ့အမျိုးသားက သေမှာ မဟုတ်ဘူး ဒါပေမဲ့ သူ့ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားသွားလို့ ထောင်ချောက်ထဲ ဆွဲသွင်းခံလိုက်ရတာ"
"ဒါကြောင့် နင် ရောက်လာပြီဆိုတာ သိတာနဲ့ နင့်ကို လုံရွှမ်းလက်ထဲကနေ အကြောင်းပြချက်ရှာပြီး တောင်းလိုက်တာပဲ စိတ်ချပါ၊ ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက်ရဲ့ လောင်းကြေးပွဲကို ငါ စိတ်ထဲမထားဘူး ဘယ်သူနိုင်နိုင် ရှုံးရှုံး ငါ ဂရုမစိုက်ဘူး၊ စာပေပညာဆို ပြောတာ တကယ် ဟုတ်မဟုတ်ပဲ ငါ သိချင်တာ"
"မင်း ယင်လောက ကနေ လူရှာချင်တာဆိုရင်တော့ ငါ တကယ်ပဲ ကူညီပေးနိုင်ပါတယ် ဒါပေမဲ့... ငါ ရှာနေတဲ့လူကို မင်း ဘယ်လို ရှာပေးမှာလဲ"
လို့ ဖန့်ချန်က မေးပါတယ်။
"စာပေပညာရှိ ပြောတာတော့ နင်ရှာနေတဲ့လူက မဟာရဟန္တာ သဲကန္တာရ မှာ ရှိနေတယ်တဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လုံမျိုးနွယ်က အဲဒီမှာ လုပ်ငန်းတချို့ ရှိတယ် သူ့ရဲ့ ရုပ်ပုံကိုသာ သိရင် ငါ့လူတွေကို လွှတ်ပြီး ရှာခိုင်းလို့ရတယ်"
လုံရို့က ပြောပါတယ်။
"မင်းကို အမှန်အတိုင်း ပြောရရင် သူက သွေးဝိညာဥ်ဂိုဏ်း က လူတစ်ယောက်နဲ့ ပတ်သက်နေတာ အကြီးအကျယ် လိုက်ရှာရင် ရန်သူက ရိပ်မိသွားလိမ့်မယ်"
လို့ ဖန့်ချန်က စဉ်းစားရင်း ပြောပါတယ်။
အဲဒီ ဝိညာဥ်သုတ်သင်ရေးဌာန ရဲ့ ဂိုဏ်းချုပ်က... အများကြီး သိနေပုံရတယ်၊ နတ်သမီးယွီရဲ့ သဲလွန်စကိုတောင် သိနေတာပဲ။
သူက ဝမ်ချုံစုန်း ရဲ့ တည်ရှိမှုကိုလည်း ရိပ်မိနေပြီလား
ဖန့်ချန်က စိတ်ထဲက အတွေးတွေကို ဖျောက်ပြီး လုံရို့ကို ကြည့်လိုက်ပါတယ်။
"စိတ်ချပါ၊ တချို့ကိစ္စတွေကို အကြီးအကျယ် လုပ်စရာ မလိုပါဘူး လူရှာရုံပဲလေ ငါ့ရဲ့ သေမှာမကြောက်တဲ့ အစေခံတွေကို လွှတ်လိုက်မယ် သူတို့ မိသွားရင်တောင် စကားတစ်လုံးမှ ထွက်မှာ မဟုတ်ဘူး"
လုံရို့က ပြုံးလိုက်တယ်
"နင်သာ ငါ့အမျိုးသားကို တကယ် ရှာပေးနိုင်ရင် နင်က ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်နေရင်တောင် နင့်ကို ဒီချောင်ဖုန်းဒေသမှာ ဘယ်သူမှ မနှိပ်စက်နိုင်အောင် ငါ ကာကွယ်ပေးမယ်"
"ငါသာ သဘောမတူရင် ဘယ်သူမှ ငါ့ကို မနှိပ်စက်နိုင်ပါဘူး"
ဖန့်ချန်က ခေါင်းခါလိုက်တယ်
"လူရှာဖို့အတွက်ကတော့ မင်းအမျိုးသားရဲ့ ပုံတူကို ငါ့ကို ပေးပါ"
"နင်သာ သဘောမတူရင် ဘယ်သူမှ မနှိပ်စက်နိုင်ဘူး ဟုတ်လား ကြည့်ရတာ ကောလာဟလတွေက အမှန်ပဲ၊ နင်တို့ဆီက ဓားကျင့်ကြံသူတွေက ဒီကလူတွေနဲ့ တကယ် မတူတာပဲ"
လုံရို့က ရယ်မောရင်း ဖန့်ချန်ကို ကျောက်စိမ်းပြား တစ်ခု ကမ်းပေးလိုက်ပါတယ်။
ဖန့်ချန်ကလည်း လုံရို့ကို ကျောက်စိမ်းပြား တစ်ခု ပြန်ပေးလိုက်တယ်၊ အဲဒီထဲမှာ နတ်သမီးယွီ နောက်ဆုံး ထွက်သွားတုန်းက ပုံစံကို မှတ်တမ်းတင်ထားပါတယ်။
"အဲဒီ ဓားတိုက်ခိုက်ရေးနန်းတော် ကို သွားဖို့ မလိုတော့ဘူး မဟုတ်လား"
လို့ ဖန့်ချန်က မေးလိုက်ပါတယ်။
"ပြဇာတ်ဆိုတာ အဆုံးထိ ကရတာပဲလေ သူတို့က ငါ့အမျိုးသားရဲ့ အားနည်းချက်ကို ရှာတွေ့နိုင်တယ်ဆိုကတည်းက သူတို့ ငါ့ကို အမြဲ စောင့်ကြည့်နေတယ်ဆိုတာ သေချာတယ်"
လုံရို့က ပြုံးရင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဖုတုန်းဟိုင်ကို တစ်ချက် ကြည့်လိုက်ပါတယ်။
တစ်ဖက်လူကလည်း ဒီဘက်ကို ကြည့်နေပြီး၊ လုံရို့ ကြည့်လိုက်တာကို မြင်တော့ ခေါင်းညိတ်ပြလိုက်ပါတော့တယ်။