အခန်း (၂၂၉)
Vol. 23 Ch. 229
သူသည် ထိုအလင်းလိပ်ခွံ၏ အစွမ်းသတ္တိအားလုံးကို အသေးစိတ် မလေ့လာရသေးချေ။
၎င်းတွင် လျှပ်စီး၊ ရေခဲနှင့် မီးဓာတ်များလည်း ပါရှိနေသေးသည်။ ထို့အပြင် အချိန်နှင့် ဟင်းလင်းပြင်ဆိုင်ရာ အဆောင်အခြေခံများပင် ရှိနေနိုင်သေးသည်။ အတိုချုပ်ပြောရလျှင်မူ ဤအလင်းလိပ်ခွံတစ်ခုသည် သူ၏ ကံကြမ္မာကို လုံးဝပြောင်းလဲပေးခဲ့ခြင်းပင်။
ရွှီရန်၏ မျက်ဝန်းတို့သည် တောက်ပနေပြီး ပင်ပန်းနွမ်းနယ်နေဟန် ရှိသော်လည်း စိတ်ဓာတ်ကမူ အပြည့်အဝ တက်ကြွနေသည်။
"ရေချိုး အဝတ်အစားလဲပြီး ကောင်းကောင်းအိပ်လိုက်မယ် မနက်ဖြန်ကျရင်တော့ ပြန်လို့ရပြီ။ ဒါပေမဲ့ နောက်ထပ် ရက်ပေါင်းတစ်ရာကြာရင်တော့ နောက်တစ်ကြိမ် လေ့ကျင့်ရေးအတွက် ဒီကို ပြန်လာရဦးမယ် ထင်တယ်"
ဤတစ်ခေါက် လေ့ကျင့်ရေးခရီးစဉ်မှာမူ ပြည့်စုံလွန်းသည်ဟု ဆိုရပေမည်။
စက္ကူရုပ်တပ်သားများ၏ သတ်ဖြတ်နိုင်စွမ်းမှာ သုံးသိန်းတစ်သောင်းအထိ မြင့်တက်သွားခဲ့ပြီး နတ်မင်းသံချပ်ကာ အဆောင်ငယ်နှစ်ခုကိုပါ ထပ်မံဖြည့်စွက်လိုက်ပါက ခြောက်သိန်းနှစ်သောင်းအထိ သတ်ဖြတ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။
ရရှိခဲ့သော ကပ်ဘေးမီးတောက် အရေအတွက်မှာလည်း အစက်ပေါင်း ၅၀ အထိ ရှိခဲ့သည်။
အရေးကြီးဆုံးအချက်မှာ အလင်းလိပ်ခွံကို ရရှိခဲ့ခြင်းကြောင့် သူ၏ အဆောင်အတတ်ပညာစနစ်မှာ ပိုမိုပြည့်စုံသော အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။ ဝိဇ္ဇာအဆောင် နတ်မင်းသံချပ်ကာအဆောင် စင်ကြယ်ခြင်းအဆောင် သို့မဟုတ် ဝိညာဉ်စုစည်းမှုအဆောင် ဖြစ်စေ အားလုံးမှာ အဆင့်မြင့်အဆောင်များချည်းသာ ဖြစ်ကြသည်။
ထို့အပြင် ချက်ချင်းရေးဆွဲခြင်းနှင့် ချက်ချင်းချေမှုန်းခြင်းဟူသော ထူးကဲသည့် စွမ်းရည်နှစ်မျိုးကိုလည်း ရရှိခဲ့သေးသည်။
ဤတစ်ခေါက် လေ့ကျင့်ရေးမှာ အမှန်တကယ်ပင် အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်းပင်။ ရွှီရန်မှာ ကျေနပ်အားရစွာဖြင့် အားရပါးရ ရယ်မောမိသည်။
ဤကဲ့သို့ အရှိန်အဟုန်ဖြင့်သာ ဆက်လက်တိုးတက်နေမည်ဆိုပါက မကြာမီအချိန်အတွင်း သူသည် မည်သူမျှ ယှဉ်နိုင်မည်မဟုတ်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေတော့မည်။
...
...
ညဉ့်ဦးယံအချိန်။
ရွှီရန်သည် အဆောင်များ ရေးဆွဲရန်အတွက် အချိန်ဖဲ့ပေးထားသည်။ ညစ်ညမ်းနယ်မြေထဲတွင် ညအိပ်တည်းခိုနေရစဉ်အတွင်းမှာပင် သူသည် မနားမနေ ကြိုးစားအားထုတ်ခဲ့သည်။
ထို့ကြောင့်ပင် ယခုအခါတွင် စွမ်းအားနှစ်ဆတိုး ရတနာအဆောင်ငယ် ၁,၄၀၀ နှင့် စွမ်းအင်
လည်ပတ်မှု ရတနာအဆောင်ငယ် ၃၀၀ ခန့် စုဆောင်းမိထားပြီ ဖြစ်သည်။
"မူကြိုကျောင်းကို ပြန်ရောက်ရင် ဒါတွေကို သုံးလို့ရပြီ..."
"အချိန်တွက်ကြည့်ရသလောက်ဆိုရင် တခြားမူကြိုကျောင်းတွေက ပါရမီရှင်တွေလည်း ဒီနေ့ပဲ ရောက်လာကြတော့မယ် ထင်တယ်... ဘယ်လောက်တောင် သက်ဝင်လှုပ်ရှားဖို့ကောင်းမလဲဆိုတာ သိချင်မိပါရဲ့"
"ကျားမလေးကတော့ အဆိုးဆုံးဖြစ်နေမှာပဲ ဟုတ်တယ်မလား သူကတော့ သူ့ပြိုင်ဘက်တွေကို စိန်ခေါ်နေလောက်ပြီလို့ ငါလောင်းရဲတယ်"
ရွှီရန် ခပ်ဖွဖွ ရယ်မောလိုက်မိသည်။
ကျားမလေး၏ စရိုက်ကို သူကောင်းကောင်းသိသည်။
ခွန်အားတွေ ပြည့်လျှံနေပြီး လူတွေနဲ့ တိုက်ခိုက်ရတာကို အလွန်ဝါသနာပါသူ မဟုတ်ဘူးလား။ ထို့ပြင် သူမသည် တိုက်ပွဲများမှတစ်ဆင့် အတွေ့အကြုံများကို အလျင်အမြန် ရယူနိုင်စွမ်းလည်း ရှိသည်။
ဆိုလိုသည်မှာ သူမသည် တိုက်ခိုက်ရခြင်းကို သာမန်ထက်ပို၍ နှစ်သက်မြတ်နိုးနေခြင်းပင်။
...
နောက်တစ်နေ့...လှပသော နံနက်ခင်း အရုဏ်ဦးအချိန်၌ ထူးခြားသော မော်တော်ယာဉ်တစ်
စီးသည် မဟာတံခါးဝမှ စတင်ထွက်ခွာလာပြီး ယွမ်မုန့်ဇီဒေသနှင့် မှောင်မိုက်သော တောအုပ်ကို ဖြတ်ကျော်ကာ ချီယွန်းတောင်ခြေသို့ ရောက်ရှိလာခဲ့သည်။
ကျင်းပြည်နယ် တစ်ပိုင်းတစ်စနတ်ဘုရား မူကြိုကျောင်း…
ရွှီရန် ကားပေါ်မှ ဆင်းလိုက်သည်တွင် အရုဏ်ဦး၏ လှပသော ရောင်စဉ်တန်းတို့မှာ သူ၏မျက်ဝန်းထဲ၌ ထင်ဟပ်နေသည်။
"ရှောင်ရန်... မင်းဘာသာမင်း တောင်ပေါ်ကို တက်သွားလိုက်တော့နော် ဟုတ်ပြီလား ဦးလေးတို့မှာ လုပ်စရာလေးတွေ ရှိသေးလို့ ကျောင်းထဲအထိ လိုက်မပို့တော့ဘူး"
ရွှီရန်က ခေါင်းညိတ်ပြလိုက်သည်။
သူသည် တောင်ပေါ်သို့ တစ်ဦးတည်း ဦးတည်တက်လှမ်းသွားခဲ့သည်။
ယဲ့ဖျင်နှင့် ဝိညာဉ်စင်ကြယ်ခြင်း နတ်ဘုရားသတ်တပ်ဖွဲ့တို့သည် တောင်တက်လမ်းအဆုံးတွင် ရွှီရန် ကွယ်ပျောက်သွားသည်အထိ စောင့်ကြည့်နေကြပြီးမှ လှည့်ထွက်သွားကြသည်။
"သွားကြစို့... သူငယ်ချင်းဟောင်းတစ်ယောက်ကို သွားပြီး ဂါရဝပြုရအောင်... အင်း... သက်ပြင်းပဲ ချမိတော့တယ်..."
လူစုမှာ ရုတ်တရက် ဝမ်းနည်းပူဆွေးမှုတို့ လွှမ်းမိုးသွားကြသည်။
ဦးလေးယဲ့ဖျင်းမှာလည်း နောင်တတရားတို့ဖြင့် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။
ထိုလူရှစ်ဦးမှာ အတန်ကြာအောင် တိတ်ဆိတ်နေကြပြီးမှ ရုတ်တရက် ခုန်ထွက်သွားကြရာ မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့သည်။
...
မူကြိုကျောင်းအတွင်း၌...။
ရွှီရန် တစ်ပတ်ပတ်ကြည့်သော်လည်း မိခင်ဖြစ်သူကို မတွေ့ရသဖြင့် မာဂျောင်သွားကစားနေပြီဟုသာ တွေးမိလိုက်သည်။
ထို့ကြောင့် အခြေအနေအရပ်ရပ်ကို အစီရင်ခံရန် မိခင်ထံ ဖုန်းဆက်လိုက်သည်။
ထို့နောက် သူသည် မိုးကြိုးသုံးထောင်ခြေလှမ်းကို အသုံးပြုကာ သားရဲတိုက်ခိုက်ရေးကွင်းဆီသို့ ဦးတည်လိုက်သည်။ ကျောင်းအုပ်ကြီးနှင့် အခြားသူများအားလုံး ထိုနေရာတွင်ရှိနေမည်ဟု သူ ခန့်မှန်းထားသောကြောင့်ပင်။
ထင်ထားသည့်အတိုင်းပင် ယခင်က အမြဲတမ်းလိုလို ဟာလာဟင်းလင်းဖြစ်နေတတ်သော အလွန်ကြီးမားသည့် သားရဲတိုက်ခိုက်ရေးကွင်းကြီးထဲတွင် ယခုအခါ၌မူ နုပျိုတက်ကြွသည့် အသက် ၁၁ နှစ် ၁၂ နှစ်အရွယ် လူငယ်လေးများဖြင့် ပြည့်နှက်နေသည်။
ရွှီရန်သည် လူမရိပ်မိနိုင်သော ထောင့်တစ်နေရာတွင် သာသာယာယာ ဆင်းသက်လိုက်ပြီး သူ၏ ကိုယ်ဖျောက်ထားမှုကို ရုပ်သိမ်းလိုက်သည်။
သူသည် အောက်ဘက် စစ်တလင်းရှိ တိုက်ပွဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။
"ဟိုး..."
သူ ပြန်ရောက်ရောက်ချင်း မြင်လိုက်ရသည်မှာ ကျားမလေး၏ ပြင်းထန်ရက်စက်သော တိုက်ခိုက်မှုပင်။
ယခင်စိန်ခေါ်သူမှာ ရှုံးနိမ့်သွားပြီဖြစ်ရာ အပြင်သို့ ထမ်းစင်ဖြင့် သယ်ထုတ်သွားကြသည်။
ကျားမလေးမှာ အနိုင်ရရှိသူအဖြစ် ကွင်းအလယ်တွင် ရပ်လျက် အားရပါးရ ရယ်မောနေသည်။ "နောက်ထပ် ဘယ်သူရှိသေးလဲ..."
"ရှန်ဟိုင်းမှာ ဒီလောက်ပဲ ရှိတာလား အစွမ်းအထက်ဆုံး ပါရမီရှင်တွေ ဘယ်မှာလဲ ဒီကိုတက်လာပြီး အအရိုက်ခံစမ်းပါ။ နတ်ဘုရားသတ် သံချပ်ကာတို့ လက်ရှစ်ဖက် နတ်သားတို့ မရှိဘူးလား တက်လာခဲ့ကြစမ်းပါ"
"ဘယ်သူမှ လာမစိန်ခေါ်ရင်တော့ ဒီဗီလာနယ်မြေကို ငါတို့ ကျင်းပြည်နယ် မူကြိုကျောင်းကပဲ သိမ်းပိုက်လိုက်တော့မယ်"
"ငါ စိန်ခေါ်မယ်"
ပွဲကြည့်စင်ပေါ်မှ လူငယ်လေးတစ်ဦး၏ အသံထွက်ပေါ်လာသည်။ သူ၏ အကြည့်များမှာ တည်ငြိမ်လှပြီး လှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ ဆင်းလာခဲ့သည်။
သူသည် ကျားမလေးကို တည်ငြိမ်သော အကြည့်ဖြင့် အကဲခတ်လိုက်ရင်း
"ရှန်ဟိုင်းက ချန်ကျွင်းပါ ပါရမီအရိုးအဆစ်က နတ်ဘုရားသတ် သံချပ်ကာပါ"
"မင်းမှာ ကောင်းမွန်တဲ့ ပါရမီရှိပေမဲ့ ငါ့ရဲ့ နတ်ဘုရားသတ် သံချပ်ကာရှေ့မှာတော့ ဘာမှမဟုတ်ပါဘူး။ အခုပဲ လက်နက်ချလိုက်လို့ ရပါတယ်"
သူသည် ယုံကြည်မှုအပြည့်ရှိနေပုံရပြီး အောင်ပွဲမှာ သူ၏လက်ထဲတွင် ရှိနေသကဲ့သို့ပင်။ ကျားမလေးကို လက်နက်ချရန် ဖျောင်းဖျနေသည်။
ခြောက်ကြိမ်ဆက်တိုက် အနိုင်ရထားသော ကျားမလေးမှာ ထိုစကားကို သဘောမကျပေ။
"ငါ့အကို ရွှီရန်ရဲ့ ပုံစံကို လိုက်တုနေတာလား ဒါပေမဲ့ မတူပါဘူးနော်။ မင်းရဲ့ပုံစံက အတုအယောင် အနိုင်မခံအရှုံးမပေးပုံစံကြီးပဲ အရမ်းပျော့လွန်းတယ်။ မင်းကို အမှတ် နှစ်မှတ်ပဲ ပေးနိုင်မယ်"
ချန်ကျွင်း: "..."
"နှစ်မှတ်ပဲလား"
အမှတ်အပြည့်က ဆယ်မှတ်ဆိုရင်တောင် နှစ်မှတ်ပဲပေးတာဟာ စော်ကားတာထက် မကတော့ပေ။
"ကောင်းပြီ... ကောင်းပြီလေ။ မင်းကို ပညာမပြရရင်တော့ နတ်ဘုရားသတ် သံချပ်ကာရဲ့ ဂုဏ်သတင်းကို မင်း သိမှာမဟုတ်ဘူး"
အသက် ၁၁ နှစ်အရွယ်မှာတင် သွေးလေအင်အား ခုနစ်သောင်းအထိ ရှိနေသူသည် ရှန်ဟိုင်းမူကြိုကျောင်းရှိ ပါရမီရှင်များစွာ၏ အားကျမှုကို ခံထားရသည့် ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
သို့သော်လည်း ရှေ့မှ မိန်းကလေးငယ်ကမူ သူ့ကို အထင်အမြင်သေးနေဆဲပင်။
ချန်ကျွင်း၏ မျက်ဝန်းအစုံမှာ ပြတ်သားသော အရောင်အဝါတို့ဖြင့် တောက်ပလာပြီး စီးဆင်းနေသော အရည်ကဲ့သို့ ရွှေရောင်သံချပ်ကာများသည် သူ၏ ခန္ဓာကိုယ် လက်မောင်း ဦးခေါင်းနှင့် ရင်ဘတ် ဝမ်းဗိုက်တို့ကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။ အရေပြား တစ်လက်မပင် မကျန်
ဘဲ ရွှေရောင်သို့ ပြောင်းလဲသွားခဲ့ကာ ယခုအခါ သူသည် ရွှေရောင်လူသားတစ်ဦးအသွင်သို့ ပြောင်းလဲသွားသည်။ လက်ကောက်ဝတ် ရင်ဘတ်နှင့် ဝမ်းဗိုက်တို့တွင် ပိုမိုရှုပ်ထွေးခိုင်ခံ့သော ရွှေရောင်အကာအကွယ်များ ရှိနေသလို ဦးခေါင်းနှင့် လည်ပင်းတို့မှာလည်း လုံးဝဥဿုံ အကာအကွယ် ရရှိထားပြီးဖြစ်ရာ သူ၏ ခံစစ်စွမ်းအားမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
"မင်းကို တိုက်ဖို့ ငါ့မှာ လက်နက် မလိုဘူး"
သူက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
ကျားမလေးမှာမူ အံ့ဩသွားပုံရပြီး "ဒါမျိုးတောင် ဖြစ်နိုင်တာလား ငါ့ရဲ့ ရွှေရောင်စေတီအလင်းထက်တောင် ပိုတောင့်တင်းမယ့်ပုံပဲ" ဟု ပြောလိုက်သည်။
ပြောပြောဆိုဆိုဖြင့်... သူမ၏ ကိုယ်ပေါ်တွင်လည်း ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာကာ လက်မောင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ ရစ်ပတ်သွားသည်။
သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မြေပြင်မှနေ၍ ရှေ့သို့ အဟုန်ဖြင့် တိုးဝင်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်တစ်ခုကဲ့သို့ ဟိုတစ်နေရာ သည်တစ်နေရာ ယိမ်းနွဲ့လှုပ်ရှားသွားပြီးနောက်...
နောက်တစ်ခဏ၌ ကျားမလေးမှာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ချန်ကျွင်းက လှောင်ပြုံးပြုံးလိုက်ရင်း "ဒီနည်းလမ်းဟောင်းကြီးပဲလား... ပျောက်ကွယ်သွားပြီးမှ အမှောင်ထဲကနေ အားနည်းချက်ကို ချောင်းတိုက်မလို့လား ငါ့ရဲ့ နတ်ဘုရားသတ် သံချပ်ကာမှာ အားနည်းချက်ဆိုတာ မရှိဘူး။ ငါက ဘက်စုံတော်တဲ့ စစ်သည်တော်ပဲ ငါ့ရဲ့ ခံစစ်ကလည်း အားလုံးထက် သာလွန်တယ်"
သူသည် မည်သည့်အမူအရာမျှမပြဘဲ မတ်တတ်ရပ်နေသည်။
ကျားမလေးမှာမူ အမှောင်ထဲတွင် ပုန်းကွယ်လျက် ချန်ကျွင်း၏ အားနည်းချက်ကို ရှာဖွေနေသည်။
နောက်တစ်စက္ကန့်တွင် ရွှေရောင်စေတီငယ်လေးတစ်ခုသည် ရုတ်တရက် လွင့်ထွက်လာခဲ့သည်။
"ဝူး"
လေထုကို ဖြတ်သန်းလာသည့် အသံမှာ အလွန်ပင် လျင်မြန်လှသည်။
ချန်ကျွင်းသည် သူ့အသက်ကို ရန်ရှာနိုင်လောက်သည့် အန္တရာယ်တစ်ခု ရောက်ရှိလာကြောင်း ရုတ်တရက် အာရုံခံမိလိုက်သဖြင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားရသည်။