အခန်း (၂၃၀)
Vol. 23 Ch. 230
ချန်ကျွင်းသည် ဦးခေါင်းကို အလျင်အမြန်လှည့်ကာ လက်နှစ်ဖက်ကို ကြက်ခြေခတ်ယှက်လိုက်ရာ သူ၏ရှေ့တွင် ရွှေရောင်အလင်းတန်းများဖြင့် တည်ဆောက်ထားသော ထူထဲသည့် ဒိုင်းလွှားကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် ရှိသမျှအင်အားအကုန်သုံး၍ ခုခံသော်လည်း ထိုစေတီငယ်မှာ အလွန်လျင်မြန်လွန်းလှပြီး လှည့်ဖြားမှုလည်း ကောင်းလှသည်။ ၎င်းနှင့် ထိမိပြီးနောက်တွင်မူ ချန်ကျွင်းမှာ လှုပ်ပင်မလှုပ်နိုင်တော့ချေ။
"ဂျွတ်"
ရွှေရောင်ဒိုင်းလွှားကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ချန်ကျွင်း၏ လက်မောင်းများပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားရာ သူ၏လက်မောင်းမှ ရွှေရောင်သံချပ်ကာများပင် ကြေမွသွားတော့သည်။
ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ချန်ကျွင်းမှာ နောက်သို့ လွင့်ထွက်သွားပြီး သားရဲတိုက်ခိုက်ရေးကွင်း၏ အကာအကွယ်အတားအဆီးနှင့် အရှိန်ပြင်းစွာ တိုက်မိသွားသည်။
သို့သော်လည်း ချန်ကျွင်းမှာ တကယ်ပင် ခံနိုင်ရည်ရှိလှသည်။
သူသည် မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ပြန်လည်မတ်တတ်ရပ်နိုင်ခဲ့သည်။
"ဒါ ဘယ်လိုဖြစ်တာလဲ ဒီလောက်အင်အားကြီးတဲ့အရာက ငါ့ရဲ့သံချပ်ကာကို ဘယ်လိုလုပ်ပြီး ရိုက်ခွဲနိုင်ရတာလဲ"
အခြားတစ်ဖက်တွင်မူ ကျားမလေးမှာ အော်ဟစ်ညည်းတွားလိုက်သည်။
"သွားပြီ... သွားပြီ ငါ့ရဲ့ သွေးလေအင်အားတွေ အကုန်ကုန်သွားပြီ။ အခုလေးတင် တစ်ယောက်ပြီးတစ်ယောက် ဆယ့်ခြောက်ယောက်လုံးလုံး တိုက်ခိုက်ခဲ့ရလို့သာ သွေးလေအင်အားတွေ ကုန်သွားတာ မဟုတ်ရင်တော့ မင်းကို အပြတ်အသတ် ဆုံးမပစ်လိုက်မှာ သေချာတယ်"
သူမသည် ခုနက တိုက်ခိုက်ရသည်ကို အလွန်အမင်း ပျော်ဝင်နေခဲ့သဖြင့် သတိမထားမိခဲ့ခြင်းပင်။
ထိုစေတီငယ်ကို ပစ်လွှတ်လိုက်သည့်ခဏ၌ပင် သူမ၏ စွမ်းအင်များအားလုံး ချက်ချင်းခန်းခြောက်သွားပြီး ခေါင်းထဲတွင် မူးဝေသွားမှသာ အခြေအနေကို သတိပြုမိတော့သည်။
သူမသည် မိုးကြိုးသုံးထောင်ခြေလှမ်းကို အလျင်အမြန် အသုံးပြုကာ ပွဲကြည့်စင်ပေါ်သို့ ခုန်တက်လိုက်ပြီး ကျင်းပြည်နယ် ကျောင်းအုပ်ကြီး၏ ဘေးနားသို့ ပြန်သွားသည်။
"ပါရမီရှင်တွေဆိုတာ မြစ်ကိုဖြတ်ကူးနေတဲ့ ငါးကျည်းတွေလိုပဲ များပြားလှတာပဲ။ ငါတော့ ကျင့်ကြံခြင်းထဲမှာပဲ ခေါင်းနှစ်ထားမှ ဖြစ်တော့မယ်"
"သွေးလေအင်အား အလုံအလောက်ရှိမှသာ ထိပ်တန်းပါရမီရှင်တွေကို ယှဉ်ပြီး တိုက်ပွဲကို အချိန်ကြာကြာ ဆက်ထိန်းထားနိုင်မှာပဲ"
ကျားမလေးမှာ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည်။
သူမတွင် စွမ်းရည်များစွာ ရှိသော်လည်း အခြေခံအုတ်မြစ်မှာမူ ထင်သလောက် နက်ရှိုင်းမှု မရှိသေးပေ။
ချန်ကျွင်းမှာ ဘာစကားမှ မဆိုနိုင်ဘဲ ဆွံ့အလျက် ကျန်ရစ်ခဲ့သည်။
ကျားမလေးက သူ့ကို တစ်ချက်တည်းနှင့် ရိုက်ခွဲပြီးနောက် အလင်းနှုန်းဖြင့် ထွက်ပြေးသွားသည်ကို ကြည့်ရင်း သူ၏မျက်နှာမှာ အလွန်ပင် မနှစ်မြို့ဖွယ် ဖြစ်နေသည်။
ခုနက ရိုက်ချက်တစ်ချက်တည်းနှင့်ပင် သူ အလွန်ဂုဏ်ယူရသော ခံစစ်မှာ အစိတ်စိတ်အမွှာမွှာ ပွင့်ထွက်သွားရုံမက သွေးလေအင်အား တစ်သောင်းငါးထောင်ကျော်ပင် ဆုံးရှုံးသွားခဲ့ရသည်။ သူ၏ အခြေအနေမှာ ကောင်းမွန်နေသေးပြီး နတ်ဘုရားသတ် သံချပ်ကာကို ချက်ချင်းပြန်လည် ဖော်ဆောင်နိုင်သော်လည်း ဤသည်မှာ အတော်လေး အရှက်ရစရာပင်။
သူသည် တည်ငြိမ်သယောင် ဟန်ဆောင်ထားသော်လည်း ရင်ထဲမှ မကျေနပ်ချက် ဒေါသအရှိန်အဟုန်ကို မည်သည့်နေရာတွင် ပေါက်ကွဲရမှန်း မသိဘဲ အောင့်အီးထားရသည်။
ပွဲကြည့်စင်ပေါ်တွင်မူ ကျောင်းအုပ်ကြီး ချန်ချီက ပြုံးရွှင်လျက် "ဒီပွဲမှာတော့ အနိုင်ရရှိသူက ရှန်ဟိုင်းမူကြိုကျောင်းက ချန်ကျွင်း ဖြစ်ပါတယ်။ ကျန်းလျိုလီကတော့ ရှုံးနိမ့်သွားပါပြီ" ဟု ကြေညာလိုက်သည်။
ကျားမလေးအနေဖြင့် ချန်ကျွင်းကို အမှန်တကယ် အနိုင်မတိုက်နိုင်ခဲ့သော်လည်း ထိုရိုက်ချက်တစ်ချက်တည်းနှင့်ပင် သူမ၏ အစွမ်းကို ထင်ရှားစွာ ပြသနိုင်ခဲ့သည်။
ထိုရိုက်ချက်ကို အခြေခံ၍ ကြည့်မည်ဆိုပါက ကျားမလေးသည် အဆင့် ၂၅ အတွင်း ဝင်ရောက်နိုင်မည်မှာ သေချာလှသည်။
သူမသာ ဤမျှအထိ ငယ်ရွယ်မနေဘဲ သူမ၏ သွေးလေအင်အားမှာလည်း နှစ်သောင်းကျော်မျှသာ ရှိမနေခဲ့ပါက ထိပ်တန်းဆယ်ယောက်စာရင်းအတွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူမသည် နတ်မင်းပြစ်ဒဏ်ခတ်သူများ၏ ဘုရင်မပင်။
ကျောင်းအုပ်ကြီးမှာ အတော်ပင် ကျေနပ်အားရနေပြီး ကျားမလေး၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။
"တော်တယ်... ငါ့သမီး။ ငါတို့ ကျင်းပြည်နယ် မူကြိုကျောင်းရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ပြီပဲ။ အနည်းဆုံးတော့ ငါတို့ ဒုတိယတန်းစား အဆောင်တွေမှာ တည်းခိုခွင့်ရတော့မှာပေါ့"
ကျားမလေးက သက်ပြင်းချရင်း "ဗီလာတွေမှာဆိုရင် နေ့တိုင်း မုန့်တွေ စိတ်ကြိုက်ရွေးစားလို့ရတယ်လို့ ကြားမိတယ် သမီးက နေ့တိုင်း ရေခဲမုန့်စားချင်တာ ဗီလာမှာလည်း နေချင်တယ် ဒါပေမဲ့ သွေးလေအင်အားက တကယ်ပဲ ကုန်သွားပြီ... အင်း... အစ်ကို ရွှီရန်သာ ဒီမှာရှိရင် သိပ်ကောင်းမှာပဲ"
ကျောင်းအုပ်ကြီး: "..."
"မတတ်နိုင်ဘူးလေ မင်းရဲ့ အစ်ကိုရွှီရန်က လေ့ကျင့်ရေးခရီးထွက်သွားတာဆိုတော့ နောက်ထပ် လဝက်လောက်မှ ပြန်လာမှာ... မင်းတော့ စားရတော့မှာ မဟုတ်ဘူး"
ကျားမလေးက နှုတ်ခမ်းလေးစူကာ မကျေမချမ်း ဖြစ်နေရှာသည်။
အစ်မကြီး ယွီဟန်တောင် မနိုင်နိုင်တဲ့အပြင် အစ်ကိုရွှီရန်သာ နတ်ဘုရားတစ်ပါးလို ရုတ်တရက် ပြန်ရောက်မလာရင်တော့ သမီး ရေခဲမုန့် စားရတော့မှာ မဟုတ်တာ သေချာတယ်။
"ဘာလို့ အခုလိုအချိန်မှ လေ့ကျင့်ရေးသွားရတာလဲ သူပြန်လာရင်တော့ သမီးရဲ့ နစ်နာမှုကို လျော်ကြေးပြန်ပေးရမယ်နော်။ ဘာပဲဖြစ်ဖြစ် အစ်ကိုရွှီရန်က ချမ်းသာတာပဲဟာ"
ကျောင်းအုပ်ကြီးမှာ မရယ်ဘဲ မနေနိုင်တော့ချေ။
သားရဲတိုက်ခိုက်ရေးကွင်း၏ အလယ်ဗဟိုတွင်မူ ချန်ကျွင်းမှာ ခန့်ညားထည်ဝါစွာ ရပ်နေဆဲဖြစ်ပြီး သူ၏ကိုယ်ပေါ်ရှိ ရွှေရောင်သံချပ်ကာများမှာ တဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းသွားသည်။
"ဘယ်သူ ငါ့ကို လာစိန်ခေါ်ဦးမလဲ ဗီလာမှာ နေမလား အိပ်ဆောင်မှာပဲ နေမလားဆိုတာက ကိုယ့်ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တာပါ..."
"ငါ စိန်ခေါ်မယ်"
ကွမ်ပြည်နယ်မှ ထိပ်တန်းပါရမီရှင်တစ်ဦးသည် သားရဲတိုက်ခိုက်ရေးကွင်းအတွင်းသို့ ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာခဲ့သည်။
...
ပွဲကြည့်စင်ပေါ်တွင်မူ ရွှီရန်က "ဒီမှာ ဘာတွေဖြစ်နေတာလဲ" ဟု အံ့ဩတကြီး မေးလိုက်သည်။
သူ့ဘေးတွင် ရပ်နေသော ကောင်လေးမှာ ထိတ်လန့်တကြား ခုန်တက်သွားပြီး ရွှီရန်ကို အပေါ်အောက် အကဲခတ်ကာ နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေသည်။
"ဟေး... လူချောကြီး မင်း ဘယ်တုန်းက ရောက်လာတာလဲ ခုနက ငါ မင်းကို မတွေ့မိပါဘူး။ မင်းက ဘယ်အတန်းကလဲ ကိုယ့်အတန်းမှာကိုယ် မနေဘဲ ငါတို့အတန်းထဲမှာ ဘာလာလုပ်နေတာလဲ"
သူ၏အသံမှာ အလွန်တိုးလှသည်။
ရွှီရန်ကတော့ ဘာကိုမျှ မကြောက်ရွံ့ဘဲ "ကျွန်တော် အခုလေးတင် ရောက်တာပါ..." ဟု ပြန်ဖြေလိုက်သည်။
"အခုမှ ရောက်တာလား မင်းက နောက်ကျရဲတယ်ပေါ့လေ။ အခုက အထူးလေ့ကျင့်ရေးကာလဆိုတာ မင်းမသိဘူးလား နေ့တိုင်း မနက် ၆ နာရီမှာ ထရမယ် ပြီးရင် သတင်းပို့ပြီး ကျင့်ကြံရတာ။ အချိန်နောက်ကျတဲ့သူကို ပေးတဲ့ ပြစ်ဒဏ်က တော်တော်ပြင်းထန်တာနော်"
ရွှီရန်က ပုခုံးတွန့်ပြလိုက်ရင်း "အဲဒါ ကျွန်တော် မသိဘူးဗျ" ဟု ပြောလိုက်သည်။
သူတို့နှစ်ဦး၏ စကားပြောသံမှာ သိပ်မကျယ်လှပေ။
ရွှီရန်က သိလိုစိတ်ဖြင့် ဆက်မေးပြန်သည်။
"ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျင်းပြည်နယ် မူကြိုကျောင်းမှာ လူတိုင်းအတွက် လုံလောက်တဲ့ အခန်းတွေရှိတာ မဟုတ်ဘူးလား အခုကျမှ ဘာလို့ အိပ်ဆောင်မှာ နေရမယ်လို့ ပြောနေကြတာလဲ"
ကောင်လေးက "မင်း နားမလည်ပါဘူး။ ငါတို့ရဲ့ ယှဉ်ပြိုင်လိုစိတ်ကို တက်ကြွလာအောင် ဆရာတွေက ဒီလိုစီစဉ်လိုက်တာ... နေထိုင်ရတဲ့ အဆင့်အတန်းတွေကို ခွဲခြားထားမှ ငါတို့က အားကြိုးမာန်တက် ယှဉ်ပြိုင်ကြမှာလေ"
ရွှီရန်က ခေါင်းညိတ်လိုက်ပြီး "ဒါမျိုးကိုး။ ဒါနဲ့... ဗီလာက ဘယ်နှလုံးရှိလို့လဲ" ဟု မေးလိုက်သည်။
"တစ်ခုတည်းပဲ မူကြိုကျောင်း တစ်ကျောင်းပဲ အဲဒီမှာ နေခွင့်ရမှာ။ ပြီးတော့ ထိပ်သီး အယောက်နှစ်ဆယ်လည်း အဲဒီမှာ နေလို့ရတယ်လေ"
ရွှီရန်က "ဒါဆိုရင် ကျွန်တော်တို့ ကျင်းပြည်နယ်က အဲဒီဗီလာမှာ မုချနေရမှာပေါ့" ဟု ပြောလိုက်သည်။
ထိုကောင်လေးက မျက်ခုံးပင့်လျက် "မင်းက ကျင်းပြည်နယ်ကလား" ဟု မေး၏။
ရွှီရန်က "ဟုတ်တယ်... ကျွန်တော်က ကျင်းပြည်နယ်ကပါ"
ထိုကောင်လေးက ခေါင်းခါယမ်းကာ "ဒါပေမဲ့ မင်းတို့ ကျင်းပြည်နယ်ရဲ့ အသန်ဆုံးနှစ်ယောက်စလုံးက ရှုံးသွားပြီလေ" ဟု ပြောလိုက်သည်။
သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ် ရှေ့မှ နည်းပြတစ်ဦးက လှည့်ကြည့်လိုက်ပြီး ရွှီရန်ကို မြင်သွားကာ တည်ကြည်သော မျက်နှာထားဖြင့် လျှောက်လာခဲ့သည်။
"မင်းက ဘယ်အတန်းကလဲ ဘာလို့ နောက်ကျနေတာလဲ"
ရွှီရန်: "..."
"ကျွန်တော်က ကျင်းပြည်နယ် မူကြိုကျောင်းကပါ"
"ဘာလို့ နောက်ကျတာလဲလို့ မေးနေတယ်လေ"
ရွှီရန်က ပုခုံးတွန့်ပြရင်း "ကျွန်တော်က ရွှီရန်မို့လို့ပေါ့" ဟု ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် နည်းပြ၏ မျက်နှာရိပ်မျက်နှာကဲမှာ တောင့်တင်းသွားပြီး တည်တင်းနေသော အမူအရာများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ နည်းပြတစ်ဦးအနေဖြင့် ဤအပြောင်းအလဲများအားလုံးက ရွှီရန်ကြောင့် ဖြစ်ပေါ်လာခြင်းမှန်း ဘယ်လိုလုပ် မသိဘဲ နေမှာလဲ
အဆောင်အတတ်ပညာစနစ်ကို စတင်ဖော်ဆောင်ခဲ့သည့် ထူးကဲသော ပါရမီရှင်ကလေးပင်။
သူ့ကြောင့်ပင် ကောင်းကင်ဘုံခန်းမက အမိန့်ထုတ်ပြန်ကာ နိုင်ငံတစ်ဝန်းရှိ ပါရမီရှင်များကို ကျင်းပြည်နယ် မူကြိုကျောင်းသို့ ရက်ပေါင်းတစ်ရာ ကြိုတင်၍ ပို့ဆောင်ခဲ့ခြင်းပင်။
ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ပြီး "တကယ်တော့ ကျွန်တော့်ကိုလည်း နည်းပြတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ ဒါကြောင့် နောက်ကျတာက သိပ်ကိစ္စမရှိပါဘူး" ဟု ပြောလိုက်သည်။
ပြောပြောဆိုဆိုဖြင့် ရွှီရန်၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ကွယ်ပျောက်သွားသည်။
နည်းပြ၏ မျက်နှာမှာ အနည်းငယ် တုန်လှုပ်သွားပြီး "ကိုယ်ဖျောက်အတတ်... ကျင်းပြည်နယ် မူကြိုကျောင်းမှာ ကိုယ်ဖျောက်အတတ် သုံးနိုင်တာ သုံးယောက်ပဲ ရှိတာ။ ဒါ သူပဲ..."
မကြာမီမှာပင် ရွှီရန်သည် ကျောင်းအုပ်ကြီး၏ ရှေ့မှောက်၌ ပေါ်လာခဲ့သည်။
"ကျောင်းအုပ်ကြီး ကျွန်တော် ပြန်ရောက်ပါပြီ"
ရွှီရန်၏ ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ကျောင်းအုပ်ကြီးမှာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး "မင်း လေ့ကျင့်ရေးက ပြန်လာပြီလား" ဟု အံ့ဩတကြီး မေးလိုက်သည်။
သူသည် ရွှီရန်ကို သူ့ဘေးနားသို့ အမြန်ဆွဲခေါ်လိုက်ပြီး "ဘာလို့ ဒီလောက်မြန်မြန် ပြန်လာတာလဲ တိုးတက်မှုကရော ဘယ်လိုရှိလဲ ဘာရတနာတွေ ရခဲ့သေးလဲ" ဟု စိတ်လှုပ်ရှားစွာ မေးမြန်းတော့သည်။