ဒီနေရာက သရဲခြောက်တယ်လို့တော့ မပြောစမ်းနဲ့ကွာ
Vol. 8 Ch. 758
" ဗဟိုဧကရာဇ်က နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ "
စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ပိုင်ရှောင်ချန်းသည် ရင်ဘတ်ကို ပုတ်ကာ သရဲကြီးဘုရင်ကို အစ်အောက်မေးရန် သုံးခဲ့သည့် နည်းလမ်းကိုပင် သုံးသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။
သူသည် ဗဟိုဧကရာဇ် သို့မဟုတ် မှူးမတ်အချို့နှင့် မင်းမျိုးမင်းနွယ်တို့ကို ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် လူအားလုံးကို ဆန့်ကျင်ကာ အပြစ်များ ကျူးလွန်ခဲ့ပြီးဖြစ်သည်။ သူသည် ရှေရှည်တွင် မည်သို့ ဖြစ်သွားမည်ကို သိပ်စိတ်မပူပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံကိုသာ လုံလောက်အောင် မြှင့်တင်ထားနိုင်မည်ဆိုလျှင် သူသည် မြေရိုင်းဒေသမှ ထွက်ခွာကာ မဟာတံတိုင်းနှင့် ကောင်းကင်တံတားနယ်မြေဆီသို့ ပြန်သွားရန် နည်းလမ်းတစ်ခုကို သေချာပေါက် ရှာနိုင်မည်ဖြစ်သည်။
သူ၏ အတွေးထဲတွင် ထိုအကြောင်းကို တွေးမိသွားပြီးနောက်တွင် သူသည် အနည်းငယ် ပိုမိုတည်ငြိမ်လာရုံသာမက အနှီမဟာကောင်းကင်သခင်ကို ပို၍ သဘောကျလာသည်ကို သတိထားမိသွားသည်။ ဤကဲ့သို့ တာဝန်၊ စစ်ဆေးရေးအရာရှိကဲ့သို့ ရာထူးမျိုးနှင့်ဆိုလျှင် သူက အင်အားကြီးမားလာမည်မှာ သေချာသည်။ သူက ပိုမို စိတ်လှုပ်ရှားလာကာ အနှီမဟာကောင်းကင်သခင်သည် ရှားပါးလှသော လူတစ်မျိုးဖြစ်ကြောင်း ပိုမိုယုံကြည်လာသည်။ ဤအခြေအနေကို အသုံးချ၍ အနည်းငယ် မြှောက်ပင့်ချီးကျူးသင့်သည်ဟု သူ ဆုံးဖြတ်လိုက်သည်။
“ မဟာကောင်းကင်သခင်၊ အရှင်က ကျွန်တော်မျိုးကို အများကြီး သနားညှာတာပေးခဲ့တာပါ။ တကယ်တော့ ကျွန်တော်မျိုးက အရှင့်အပေါ်မှာ အသက်ကြွေးတင်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။ အရှင်သာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်က ခုချိန်မှာ မြေကြီးထဲအမြုပ်ခံနေရလောက်ပါပြီ။ အသေးအဖွဲ နတ်အဆင့်တစ်ယောက်က ကျွန်တော်မျိုးကို သတ်ကောင်း သတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး လူယုတ်မာအဖွဲ့ကို ဦးညွှတ်နိုင်မှာလဲ။ ဒါ့အပြင် အရှင် မဟာကောင်းကင်သခင်က ကျွန်တော်မျိုးလို သစ္စာရှိတဲ့ လူငယ်တစ်ယောက် အနိုင်ကျင့်ခံနေရတာကို ဒီတိုင်း ထိုင်ကြည့်နိုင်မယ် မထင်ပါဘူး။ ကျွန်တော်ပြောတာ မှန်ပါသလားခင်ဗျာ "
မဟာကောင်းကင်သခင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာကို မြင်နေရသည်။ သရဲကြီးမြို့တော်တွင်လည်း ပိုင်ဟောက်က ယခုကဲ့သို့သော ပုံစံမျိုး ဖြစ်သည်ဟု ကြားသိထားသော်လည်း ယခုမူ သူ၏ အမူအရာကို ကိုယ်တိုင် မျက်လုံးနှင့်တပ်အပ်တွေ့ရသောအခါ သတင်းများမှာ မတိကျကြောင်း သတိထားမိလိုက်သည်။ ပိုင်ဟောက်သည် သာမန် မြှေက်ပင့်တတ်သူတစ်ယောက်မျှသာ မဟုတ်ဘဲ မိမိအကျိုးရှိစေရန် အခွင့်အရေးအားလုံးကို ယူတတ်သူဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ မဟာကောင်းကင်သခင် သည် သူပေးလိုက်သော အဖြေကို စိတ်ကျေနပ်သွားသည်။ ထို့နောက် သူသည် နားလည်ရခက်သောအပြုံးဖြင့် ပိုင်ရှောင်ချန်း၏ နှလုံးသားကို ဖတ်နိုင်စွမ်းရှိသည့်အလား ကြည့်လိုက်သည်။
" သွား။ မင်း စစ်ဆေးရေးစံအိမ်ကို ယူလိုက်တော့။ အဲဒါ မင်းအတွက် နေအိမ်အသစ်ပဲ။"
ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ပိုင်ရှောင်ချန်း၏ အမြင်အာရုံမှာ ဝေဝါးသွားတော့သည်။ ကြည်လင်သွားသောအခါ သူသည် တော်ဝင်နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိသွားကာ စောစောက ဝတ်ရုံနက်လူ၏ ရှေ့တည့်တည့်တွင် ရပ်လျက်သား ဖြစ်သွားလေသည်။ ထိုလူမှာ ပိုင်ရှောင်ချန်း ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် လုံးဝ အံ့ဩသွားသည့်ပုံ မပေါ်သည့်အပြင် စကားတစ်ခွန်းမျှ မဟဘဲ အသာ လှည့်ထွက်ကာ လျှောက်သွားလေသည်။
ပိုင်ရှောင်ချန်းသည် မဟာကောင်းကင်သခင်၏ လက်တစ်ချက် လှုပ်ရှားရုံမျှဖြင့် သူ့ကို လုံးဝ မတူညီသည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းနိုင်သည်ကို အံ့အားသင့်နေရသည်။ ထို့အပြင် ပိုင်ရှောင်ချန်းသည် အခြား ပြောစရာ တစ်ပုံတစ်ပင်ကို ပြင်ဆင်ထားခဲ့သော်လည်း ပြောရန် အခွင့်အရေးပင် မရလိုက်ပေ။
"ဒါက အရေးမကြီးပါဘူး။ နောက်တစ်ခါအတွက် သိမ်းထားလိုက်ရုံပဲ။ ငါ့ ကြွားလုံးတွေကို တစ်ထိုင်တည်းနဲ့ အကုန်သုံးပစ်လိုက်ရင် နောက်ကျ ဘာသွားလုပ်ရတော့မှာတုံး "
ဤသို့ အပြည့်အဝ လက်ခံထားလိုက်ပြီး ပိုင်ရှောင်ချန်းသည် မေးကို မော့ကာ ဝတ်ရုံနက်လူနောက်မှ ဆောင့်ကြွားကြွားနှင့် လိုက်လာလေသည်။
ထိုအချိန်တွင် တော်ဝင်နန်းတာ်ထဲမှ ကောင်းကင်သခင်ခန်းမဆောင်ထဲတွင် မဟာကောင်းကင်သခင် သည် နန်းတော်၏ အတွင်းကျကျနေရာတစ်ခုကို မျှော်ကြည့်ကာ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အရောင်များ လက်နေပေသည်။
" ပထမမျိုးဆက်ဗဟိုဧကရာဇ်ရဲ့ သွေးက မင်းရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတယ်။ ဒါပေမဲ့ အခု မင်းက ဘာလို့ ရုတ်ရုတ်သဲသဲတွေ ဖြစ်အောင် လုပ်နေတာလဲ။ ဗဟိုဧကရာဇ်မြို့တော်ကို နောက်တစ်ခါထပ်ပြီး သွေးချောင်းစီးစေချင်နေတာလား "
မဟာကောင်းကင်သခင်သည် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ကျင့်ကြံရန်အတွက် မျက်လုံးများ မှိတ်လိုက်တော့သည်။
စစ်ဆေးရေးစံအိမ်သည် အပေါ်ဘက်ရှိ တော်ဝင်မြို့တော်ထဲတွင် မဟုတ်ဘဲ အောက်ဘက် မြို့၏ အလယ်ပိုင်းခရိုင်ရှိ မြို့နယ်တစ်ခုထဲတွင် ရှိသည်။ ပို၍ အသေးစိတ်ပြောရလျှင် မြို့နယ်အမှတ်လေးထဲတွင် တည်ရှိသည်။
ဝတ်ရုံနက်လူသည် ပိုင်ရှောင်ချန်းကို ဦးဆောင်ကာ တိမ်တိုက်ထဲရှိ မြို့တော်မှ ထွက်လာပြီး ရင်သပ်ရှုမောဖွယ် ခမ်းနားလှသည့် အိမ်တော်အစုအဝေးဆီသို့ ဆင်းသက်လာလေသည်။
စံအိမ်သည် ကြီးမားလှပြီး မြို့နယ်အလယ်ခေါင်ရှိ အဆင်မပြေလှသော နေရာတစ်ခုတွင် တည်ရှိသည်။ သို့သော် ဘေးပတ်လည်ရှိ လမ်းသွယ်အားလုံးမှာ ရှင်းလင်းနေသည်။ လူများသည် အိမ်တော်ကို အလွန်ကြောက်ရွံ့လှသဖြင့် အနီးမှ ဖြတ်သွားရခြင်းကို ရှောင်ရှားလိုရုံမျှဖြင့် တနံတလျား ကွေ့ပတ်သွားကြလေသည်။
စံအိမ်သည် မည်းမှောင်နေပြီး အေးစက်ကာ နိမိတ်မကောင်းသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး ရက်စက်ကြမ်းတမ်းသော ရှေးဟောင်းသားရဲတစ်ကောင်အသွင် ဖြစ်ပေါ်နေသည်။
ပိုင်ရှောင်ချန်းက အိမ်ကို မြင်မြင်ချင်းမှာပင် အလန့်တကြားဖြစ်သွားသည်။ အိမ်ကြီးသည် အလွန် အေးစက်ကာ အသက်မဲ့သော နေရာတစ်ခုဖြစ်သည်။ သုတ်သင်ခြင်း အမျိုးအစားအားလုံး ဤနေရာတွင် ဖြစ်ပျက်ခဲ့ပြီး လေထုထဲရှိ အငွေ့အသက်များထဲတွင် ဘယ်သောအခါမျှ ဖျောက်ဖျက်၍ မရနိုင်သည့် ကြေကွဲ၊ ခြောက်ခြားဖွယ်ကောင်းသော ခံစားချက်များ စွန်းထင်းနေသည်။
အပြင်ဘက်မှ ကြည့်လျှင် သာမန်လူသားကမ္ဘာမှ အစိုးရရုံးတစ်ရုံးပုံစံဖြစ်သော်လည်း တစ်စုံတစ်ရာ ကွဲပြားနေဟန်ရှိ သည်။ ပင်မဝင်ပေါက်၏ ဘေးတစ်ဖက်တစ်ချက်တွင် အနက်ရောင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော ရုပ်ထုကြီး ၂ခုရှိသည်။ ၎င်းတို့ဆီမှ စွမ်းအားကြီးသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး ရုပ်ထုဖြစ်သည်မှာ သိသာသော်လည်း စံအိမ်ေတာ်ကို ကာကွယ်ရန်အတွက် အချိန်မရွေး ခုန်ထလာမည့်ပုံပေါ်နေသည်။ အမှန်တွင် ၎င်းတို့၏ မျက်လုံးများသည် ဝတ်ရုံနက်လူဆီသို့ ခဏမျှ အာရုံစိုက်သွားပြီးမှ ပုံမှန်အနေအထားသို့ ပြန်ရောက်သွားခြင်းဖြစ်သည်။
ထိုအခြင်းအရာကြောင့် ပိုင်ရှောင်ချန်းသည် စစ်ဆေးရေးစံအိမ်သည် မည်သို့မည်ပုံရှိသည်ကို ပိုမိုနားလည်သွားသည်။ ထိုရုပ်တုနှစ်ခုနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သော်လည်း ၎င်းတို့၏ အငွေ့အသက်များမှတစ်ဆင့် နတ်အဆင့်နှင့်ညီမျှသည့် အစွမ်းများရှိကြောင်း ပြောနိုင်သည်။
"နတ်အဆင့် ရုပ်တုတွေ "
သူ တွေးကာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်သည်။ ဝတ်ရုံနက်လူသာ မရှိခဲ့လျှင် သူသည် ထိုရုပ်တုနှစ်ခုဆီသို့ သွား၍ မည်သို့ခံစားရမည်ကို သိလိုစိတ်ဖြင့် မထိကြည့်မိစေရန် ခက်ခဲပင်ပန်းစွာ ထိန်းချုပ်ထားရမည်ဖြစ်သည်။
စစ်ဆေးရေးစံအိမ်၏ ပင်မတံခါးပေါက်သည်လည်း မည်းနက်နေပြီး ဖွင့်လိုက်သည်နှင့်တပြိုင်နက် အတွင်းပိုင်းတွင် ထုံးကျောက်ဖြင့် ပြုလုပ်ထားသော လျှောက်လမ်းများအပြင် မရေမတွက်နိုင်သော အဆောက်အအုံများကိုလည်း တွေ့ရလေသည်။ သို့သော် လူတစ်ယောက်မျှပင် မရှိပေ။
ဝတ်ရုံနက်လူက ပိုင်ရှောင်ချန်းကို ဦးဆောင်ကာ အထဲသို့ ဝင်လာပြီးနောက်မှာပင် အပ်ကျသံမကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ပိုင်ရှောင်ချန်းသည် လှည့်ပတ်ကြည့်လိုက်ပြီး အရာအားလုံးက တိတ်ဆိတ်နေသည့်အတွက် အနည်းငယ်ကြောက်ရွံ့လာသည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်မှုက ကြီးစိုးထား၏။
ဝတ်ရုံနက်လူသည် အတိတ်အကြောင်းများကို ပြန်လည် သတိရနေသည့် အရိပ်အယောင်များဖြင့် လှည့်ပတ်ကြည့်နေပြီးနောက် ပိုင်ရှောင်ချန်းဆီသို့ အနက်ရောင်အမိန့်ပေး လည်ဆွဲတစ်ခုကို ပစ်ပေးလိုက်သည်။
" ဒါက စစ်ဆေးရေးစံအိမ်ပဲ။ ကိုယ့်ဘာသာ နေခဲ့တော့၊ ပိုင်ဟောက်။"
ပိုင်ရှောင်ချန်းသည် အမိန့်ပေးလည်ဆွဲကို ဖမ်းယူလိုက်ပြီးနောက် မေးခွန်းအချို့မေးရန် ပြင်နေစဥ် ဝတ်ရုံနက်လူသည် လှည့်ထွက်ကာ ပျောက်ကွယ်သွားလေသည်။
ယခုအချိန်တွင် ပိုင်ရှောင်ချန်းက တစ်ယောက်တည်း ဖြစ်သွားလေသည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီးနောက် အမိန့်ပေးလည်ဆွဲကို ကြည့်ကာ ခေါင်းကို ယမ်းလိုက်သည်။
"ဒါလား "
ပိုင်ရှောင်ချန်းသည် စိတ်ကျေနပ်ခြင်း မရှိပေ။ သူ၏ ရာထူးမှာ မည်မျှ မြင့်မားသည်ကို စဥ်းစားကြည့်လျှင် ဝတ်ရုံနက်လူက သူ့ကို ယခုကဲ့သို့ ဆက်ဆံခြင်းသည် အလွန်ပေါ့ဆရာကျပေသည်။ သို့သော် ထိုလူမှာ မဟာကောင်းကင်သခင်နှင့် ရင်းနှီးလှသည်ဖြစ်ရာ ပိုင်ရှောင်ချန်းက သက်ပြင်းကို အသာချလိုက်ရသည်။
" အာ၊ ဘာပဲဖြစ်ဖြစ်။ မဟာကောင်းကင်သခင်အတွက် ဒါကို ထားလိုက်ပါ့မယ်။ "
သူက အမိန့်ပေးလည်ဆွဲကို လက်ဖြင့် ကိုင်ထားလျက်မှ ပတ်ဝန်းကျင်ကို စစ်ဆေးရန် နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။ သို့သော် ဤနေရာတွင် သူ၏ နတ်ဘုရားအာရုံကို ပုံမှန်လုပ်နိုင်စွမ်း၏ ၁၀ရာခိုင်နှုန်းခန့်ထိသာ ကန့်သတ်ထားသည့် ပြင်းထန်သော ဖိအားတစ်ခု ရှိနေကြောင်း အလျင်အမြန် သဘောပေါက်သွားသည်။
" ဒီ စစ်ဆေးရေးစံအိမ်က တော်တော် ထူးဆန်းတဲ့နေရာပဲ။"
သူသည် စိတ်လှုပ်ရှားစွာဖြင့် တွေးမိလိုက်သည်။ ထို့ေနာက် အမိန့်ပေးလည်ဆွဲထဲသို့ နတ်ဘုရားအာရုံအချို့ ပို့လွှတ်လိုက်ရာတွင် အသုံးမပြုမီ၌ အသက်သွင်းရန် အချိန်လိုအပ်ကြောင်း သိလိုက်ရသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် လက်ရှိအသက်သွင်းနေသည့်နှုန်းကို တွက်ကြည့်လျှင် အသက်သွင်းခြင်း ပြီးဆုံးရန် အနည်းဆုံး နာရီ၂၀ခန့် ကြာမြင့်မည့်ပုံပေါ်သည်။
ထို့နောက် ပိုင်ရှောင်ချန်းသည် တွန့်ဆုတ်တွေဝေစွာဖြင့် ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ပြီး မေးလိုက်သည်။
" လူရှိလား။ ဟေး၊ ဘယ်သူမှ မရှိဘူးလား။"
သူသည် စံအိမ်တော်ထဲသို့ လျှောက်ဝင်သွားနေစဥ်တွင် ထိုကဲ့သို့ ပုံစံမျိုးဖြင့် ဆက်တိုက် အော်သွားလေသည်။ သို့သော် မည်မျှပင် အော်ပါစေ လူတစ်ယောက်မှ ပေါ်မလာပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းသည် အံ့ဩသွားရုံမက တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလာရသည်။
" ဒီနေရာက တကယ်ကြီး ပြောင်ရှင်းနေတာတော့ မဟုတ်လောက်ပါဘူးနော်၊ အဲဒီလိုများလား “
သူသည် နတ်ဘုရားအာရုံအချို့ကို ပို့လွှတ်ရင်း အနည်းငယ် အရှိန်မြှင့်လိုက်သည်။ ထို့ပြင် ညနေစောင်းလာပြီ ဖြစ်သည်။ မကြာမီ သူသည် စစ်ဆေးရေး စံအိမ်တော်အတွင်းရှိ နေရာအားလုံးနီးပါးကို ကြည့်ပြီးသွားပြီဖြစ်သည်။
သူသည် ခန်းမများ၊ နေအိမ်များ အားလုံးတွင် ရှာဖွေကြည့်ရှုခဲ့ပြီး ဖြစ်သည်။ သို့သော် သူ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှပင် မတွေ့ရပေ။
ယခုအချိန်တွင် ဤနေရာ၏ ထူးဆန်းပုံကြောင့် သူ့စိတ်ထဲ တထင့်ထင့်ဖြစ်လာသည်။
" ငါ၊ စစ်ဆေးရေးအရာရှိက ဒီစစ်ဆေးရေးစံအိမ်ထဲမှာရှိတဲ့ တစ်ယောက်တည်းသောသူဆိုတာ မဖြစ်နိုင်ဘူး "
သူ၏ အလိုလိုသိစိတ်က အခြားအငွေ့အသက်များ ရှိနေသေးသည်ဟု သူ့ကို ပြောဆိုေနသည်။ သူတို့သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား တစ်နေရာတွင် တည်ရှိနေသည့်အလား ရှာမတွေ့နိုင်ဖြစ်နေဟန်တူသည်။
“ ဒီနေရာက သရဲခြောက်တယ်လို့တော့ မပြောစမ်းနဲ့ကွာ "
သူသည် တုန်လှုပ်ကာ ဗဟိုဧကရာဇ်၏ သင်္ချိုင်းဂူအကြောင်းနှင့် ထိုနေရာတွင် ဖြစ်ပျက်ခဲ့သော ကျောရိုးစိမ့်ဖွယ် အဖြစ်အပျက်များကို ရုတ်တရက် ပြန်တွေးမိသွားသည်။ သူက ရုတ်ချည်း နောက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ့နောက်တွင် ဘယ်သူမှ မရှိပေ။ စက္ကူလူသားပင် တစ်ယောက်မှ မရှိချေ။
မှောင်ရီပျိုးစပြုလာပြီး စံအိမ်တော်ထဲတွင် အရိပ်များ ပြည့်လာကာ ပို၍ အေးစက်လာသည်။ သူက ထွက်သွားရန် လိုအပ်နေပြီဟု ဆုံးဖြတ်လိုက်သော်လည်း မသွားနိုင်ကြောင်းကို ချက်ချင်းပင် သိသွားသည်။ စံအိမ်တော်တစ်ခုလုံးကို အချုပ်အနှောင်မန္တန်တစ်မျိုးဖြင့် လုံးဝပိတ်ချထားသည်။
ယခုမူ သူသည် အမှန်တကယ် ကြောက်ရွံ့နေပြီး အနှီစစ်ဆေးရေးစံအိမ်က တစ်ခုခု အကြီးကြီး လွဲနေပြီဖြစ်ကြောင်း တွေးနေမိသည်။ အပြင်ထွက်ရန် မဖြစ်နိုင်ကြောင်း အတည်ပြုလိုက်ပြီးနောက် ကြုံရာအဆောက်အအုံတစ်ခုကို ရှာကာ တံခါးကို အတင်းတွန်းဖွင့်လိုက်သည်။ မည်သည့်နေရာတွင်ဖြစ်စေ ဖုန်မရှိသည်ကို တွေ့လိုက်ပြီးနောက် သူက စိတ်လှုပ်ရှားစွာဖြင့် တင်ပျဥ်ခွေထိုင်ချလိုက်သည်။
"စစ်ဆေးရေးစံအိမ်ရဲ့ လျှို့ဝှက်ချက်တွေကို မသိသေးခင် အမိန့်ပေးလည်ဆွဲက အပြည့်အဝ အသက်ဝင်လာတဲ့အထိ စောင့်ရလိမ့်မယ်ထင်တယ် "
သူက ငုံ့ကြည့်လိုက်ရာ အမိန့်ပေးလည်ဆွဲသည် ၃၀ရာခိုင်နှုန်းခန့် အသက်သွင်းပြီး ဖြစ်ကြောင်း တွေ့ရသည်။
သူက အံကိုကြိတ်ကာ ကျင့်ကြံခြင်းအခြေခံကို လှည့်လည်စေပြီး လုပ်ငန်းကို ပိုမြန်သွားအောင် ကြိုးစားကြည့်လိုက်သည်။
" လုပ်ပါ၊ မြန်မြန်လေး။ ငါ ဒီဟာကြီးကို တကယ် ခံစားချက်မကောင်းလို့ပါ။ ညတောင် ရောက်တော့မယ်လေ။ ဒီနေရာက သရဲရှိရင်ရှိေနမှာ "
သူက ထိတ်လန့်တုန်လှုပ်နေရင်းမှ ဝတ်ရုံနက်လူကို အနည်းငယ် ဆဲဆိုလိုက်ပြီးနောက် သောက်ကျိုးနည်းအမိန့်ပေးလည်ဆွဲအကြောင်းကို စဥ်းစားနေလိုက်သည်။
“ အသက်သွင်းရတာ မခက်လောက်ပါဘူးနော်၊ ဟုတ်တယ်မလား။ ဒီသောက်ကျိုးနည်းပစ္စည်းကို မြန်မြန်အသက်သွင်းဖို့ နည်းတစ်ခုတော့ ရှိလောက်မှာပါ "