← Chapters

အခန်း (၂၅၁)

Vol. 26 Ch. 251

အခန်း (၂၅၁)

Vol. 26 Ch. 251

ငရဲဘုံ၏ အပြင်ဘက် ပိုင်ရွှီနယ်မြေ။

လွတ်မြောက်ခြင်းအဆင့်အရှင်သခင် ခုနစ်ပါးသည် တောက်ပနေသောနန်းတော်အတွင်း၌အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကာ ဝိုင်းဖွဲ့ထိုင်နေကြ၏။

''မင်းတို့ တစ်ခုခုကို တွက်ချက်လို့ ရခဲ့လား''

တစ်ဦးက သံသယများ ပြည့်နှက်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။

''မရဘူး... ဒီလူရဲ့ အတိတ်နဲ့ အနာဂတ်က ဗလာနတ္ထိ ဖြစ်နေတယ်... ကြည့်ရတာ ဒီကမ္ဘာမှာ ဒီလိုလူမျိုး လုံးဝ မရှိခဲ့သလိုပဲ''

အနက်ရောင်ဝတ်ရုံဝတ် သက်ရှိတစ်ဦးက ပြန်လည် ဖြေကြားလိုက်၏။

သူ၏ လက်ထဲတွင် လက်ရာမြောက်လှသော သေးငယ်သည့်သလင်းလုံးတစ်လုံးကို ကိုင်ဆောင်ထားသည်။ ထိုအလုံးလေးသည် တောက်ပသော နတ်ဘုရားအလင်းတန်းများ ရောင်ပြန်ဟပ်နေပြီး အတွင်း၌ ပုံရိပ်တစ်ခု ရှိနေသည်။

ယင်းပုံရိပ်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ တည်ငြိမ်စွာ ရပ်နေသည့် ကျုံးရှန်ပင် ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်သည် ဗလာသက်သက် ဖြစ်နေပြီး မည်သည့် သတင်းအချက်အလက်ကိုမျှ ရှာဖွေ၍ မရနိုင်ချေ။

''မဟာစကြဝဠာပုံရိပ်သလင်းလုံးဟာ မဟာစကြဝဠာအတွင်းမှာ ရှိတဲ့ သက်ရှိအားလုံးရဲ့ အတိတ်၊ အနာဂတ်၊ မူလဇစ်မြစ်နဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကို ဖော်ပြပေးနိုင်တယ်"

''အစစ်အမှန် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်က ပုဂ္ဂိုလ်တွေတောင် သူ့ရဲ့ ရှာဖွေမှုကို ရှောင်လွှဲလို့မရနိုင်ဘူး..."

"ဒါပေမဲ့ ဒီလူရဲ့အကြောင်းကိုလုံးဝရှာဖွေဖော်ထုတ်မရဖြစ်နေတယ်ဆိုတော့....သူရဲ့ နောက်ခံက တကယ့်ကို ထိတ်လန့်စရာ ကောင်းနေရမယ်"

''ကောင်းကင်ဘုံကိုယ်တိုင်က သူ့အတွက် အမှန်တရားကို ဖုံးကွယ်ပေးထားတာမျိုးပေါ့''

အခြားတစ်ဦးက တိုးညှင်းစွာ ပြောဆိုလိုက်သည်။

''မဖြစ်နိုင်တာ... ငါတို့ ခုနစ်ယောက်က ကောင်းကင်ဘုံရဲ့ ကိုယ်စားလှယ်တွေပဲ... အကယ်၍ ဒီလိုလူမျိုး ပေါ်ထွက်လာမယ်ဆိုရင် ငါတို့ အရင်ဆုံး သိရမှာပေါ့"

''သူ့ရဲ့ နောက်ခံအကြောင်း ပြောမယ်ဆိုရင်... သူက ရှေးဟောင်း မိစ္ဆာအရှင်သခင်ကြီး သုံးဦးဖြစ်တဲ့ ယမမင်း၊ အမှောင်နတ်ဘုရားနဲ့ လျန့်ယွီမိစ္ဆာအရှင်သခင်တို့ရဲ့ တပည့်များလား''

တစ်ဦးက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

''ရှေးဟောင်း မိစ္ဆာအရှင်သခင်ကြီး သုံးဦး ဟုတ်လား..."

''မဖြစ်နိုင်ပါဘူး... ပြီးတော့ သူတို့ရဲ့ လူဖြစ်နေရင်တောင် ငါတို့က ကြောက်နေမှာမဟုတ်ဘူးလေ"

''တားမြစ်နယ်မြေ သုံးခုထဲက လျှို့ဝှက်ဆန်းကြယ်တဲ့သူတွေ ပြန်လည်နိုးထလာရင်တောင် အခုလို အခြေအနေမျိုး ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး''

သလင်းလုံးကို ကိုင်ထားသော အနက်ရောင်ဝတ်ရုံဝတ်သက်ရှိသည် ခေါင်းခါယမ်းလိုက်၏။ ထို့နောက် သူ၏ အသံသည် ရုတ်တရက် အလွန် တိုးညှင်းသွားလေသည်။

''ဒါဆိုရင်... သူက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ အမွေအနှစ်ကို ဆက်ခံထားသူများလား''

ထိုစကားကြောင့် လေထုသည် ချက်ချင်းပင် အေးစက်သွားကာ နန်းတော်အတွင်းရှိ မငြိမ်းနိုင်သော နတ်ဘုရားမီးလျှံများသည်ပင် လေဟာနယ်ထဲ၌ အေးခဲသွားပြီး လှုပ်ရှားမှု မရှိတော့ချေ။

''အချိန်ဆွဲနေလို့ မဖြစ်ဘူး"

''အကယ်၍ သူက အဲဒီပုဂ္ဂိုလ်ရဲ့ အမွေခံသာ မှန်ရင် မျှော်စင်ထိပ်ကို တကယ်ပဲ ရောက်သွားနိုင်တယ်"

''သွားကြစို့... အခုချက်ချင်း ကောင်းကင်တက်လှမ်းခြင်း မျှော်စင်ဆီ သွားမယ်"

''ကမ္ဘာလောကကို ပိတ်ဆို့ထားမယ့် မဟာအစီအရင်ကို ခင်းကျင်းရမယ်"

''ဒီလူ့ဆီမှာ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေမယ့် လျှို့ဝှက်ချက်တွေ ရှိနေတယ်... သူက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ အမွေခံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူ့ကို ဖမ်းဆီးရမှာပဲ''

''ရွှပ်...''

ပုံရိပ်ခုနစ်ခုသည် ထိုနေရာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

....

''စိန်ခေါ်သူအား ဂုဏ်ပြုပါတယ်... အထပ် ၁၀၂၀ သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး... နိယာမနယ်ပယ် အဆင့် ၂၈ ၏ အကန့်အသတ်ထက် အထပ် တစ်ထောင် ကျော်လွန်သွားသဖြင့် စွမ်းအားမြှင့်တင်မှု ၁၆ဆကို ရရှိပါမည် ''

ကျယ်လောင်သော အသံကြီးသည် ကောင်းကင်တက်လှမ်းခြင်း မျှော်စင်၏ အထက်ပိုင်းမှ ပျံ့လွင့်လာလျှင် ကျုံးရှန်၏ မျက်နှာထပ်၌ အပြုံးတစ်ခု ပေါ်ပေါက်လာ၏။

များပြားလှသော ထူးခြားဆန်းကြယ်သည့်စွမ်းအားအမှုန်အမွှားများသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာသည်။

စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ပြောင်းလဲတိုးတက်လာသည့် ခံစားချက်သည် အလွန်ပင် နေလို့ကောင်းလှ၏။

'အခုလို ၁၆ဆ အရှိန်နဲ့သာ ဆက်သွားမယ်ဆိုရင် ရက်ပေါင်း တစ်ရာ ကြာတဲ့အခါ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က အနည်းဆုံး နှစ်ဆလောက် သန်မာလာလိမ့်မယ်'

ကျုံးရှန်သည် ထိုနေရာ၌ ရပ်ကာ ငြိမ်သက်စွာ အာရုံခံလိုက်ပြီး ခေတ္တမျှ ကြာသောအခါမှသာ သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူသည် အပေါ်ဘက်သို့ မော့ကြည့်လိုက်လျှင် သူ၏ မျက်စိအမြင်အရ အလွန်ဝေးကွာသော အပေါ်ဘက်တွင် ခရုပတ်ပုံစံ တက်လှမ်းနေသည့် လှေကားထစ်များသည် တစ်နေရာ၌ အဆုံးသတ်သွားလေသည်။ ထိုနေရာတွင် ရောင်စုံအလင်းတန်းများ ဖြာထွက်နေသော အလင်းတံခါးတစ်ခု ရှိနေပြီး ဟင်းလင်းပြင်ကို လိမ်ဖည်သွားစေသည့် စွမ်းအားများ ထွက်ပေါ်နေ၏။

'အင်း... အဆုံးကို ရောက်ပြီလား...'

'မဟုတ်သေးဘူး... အဲဒီနေရာက လမ်းခွဲတွေ အားလုံး ဆုံတဲ့နေရာပဲ ဖြစ်ရမယ်... အစောက ပြောခဲ့တဲ့ အထပ်တစ်ထောင် ဟင်းလင်းပြင်ပေါ့'

'ဟဲဟဲ... ကြည့်ရတာ တကယ့် ပြိုင်ဆိုင်မှုက အခုမှ စတော့မှာပဲ'

ကျုံးရှန်၏ မျက်ဝန်းများ တောက်ပသွားကာ အပေါ်သို့ လျင်မြန်စွာ ထပ်မံ တက်လှမ်းသွားလိုက်သည်။

ကျုံးရှန်တစ်ယောက် ခေတ္တမျှ ရပ်တန့်နေစဉ်အတွင်းပင် ကျောက်စာတိုင်ထက်မှ သူ၏ အဆင့်သည် ကျဆင်းသွားကာ အဆင့် ၈ နေရာသို့ ရောက်ရှိသွားလေသည်။

ရှီမင်သည် မော်တျန်အသွင်ပြောင်းဆေးလုံး ကို အသုံးပြုကာ မိစ္ဆာနတ်ဘုရားအတုအယောင်အဆင့်သို့ တက်လှမ်းထားခြင်းဖြစ်သဖြင့် အမြုတေမရှိသော နတ်ဘုရားအဆင့် မိစ္ဆာများထက် အများကြီး ပိုမို သန်မာပေသည်။ သို့သော်လည်း ဂူချီရှာ၊ ပိုင်ကျင်းကျင်း၊ ရွှယ်ဖုန်းအာ၊ အမှောင်နတ်ဘုရားငယ်တို့နှင့်ယှဥ်လျှင်မူ ကွာခြားချက် အနည်းငယ် ရှိနေသေး၏။

သူ၏အဆင့်သည် ယခုအခါ အဆင့် ၅ နေရာသို့ကျဆင်းသွားပြီဖြစ်ကာ လီလီဗီသည်လည်း အဆင့် ၁၀ အထိ ကျဆင်းသွားခဲ့လေသည်။

အထပ်တစ်ထောင် ဟင်းလင်းပြင်သည် အမည်အရ အထပ် တစ်ထောင်ဟု ဆိုသော်လည်း အတိအကျ အထပ် တစ်ထောင် ရှိနေခြင်း မဟုတ်ချေ။ အချို့သည် အထပ် ၉၀၀ ကျော်တွင် တွေ့ရတတ်ပြီး အချို့မူ အထပ် ၁၀၀၀ ကျော်မှသာ တွေ့ရတတ်သည်။

အကြမ်းဖျင်းအားဖြင့် အထပ် တစ်ထောင် ပတ်ဝန်းကျင်၌သာ တည်ရှိပေသည်။

တစ်ချိန်တည်း၌ပင် ကျောက်စာတိုင်၏အောက်ဘက်ရှိ ရွှေရောင်နာမည်တစ်ခုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ ခဏချင်းအတွင်းပင် ကျုံးရှန်ကို ကျော်တက်သွားပြီး အဆင့် ၇ နေရာသို့ ရောက်ရှိသွားသည်။ ကျုံးရှန်တစ်ယောက် အဆင့် ၈ သို့ ရောက်သွားခြင်းပင် ဖြစ်သည်။

''ဟမ်... နောက်ထပ် ပါရမီရှင်တစ်ယောက် ပေါ်လာပြန်ပြီ... အမှောင်နတ်ဘုရားငယ်တဲ့..."

ပွဲကြည့်နေသော မိစ္ဆာတစ်ဦးက အံ့ဩတကြီး အော်ဟစ်လိုက်သည်။

''ဒီအမှောင်နတ်ဘုရားငယ်က ရှေးဟောင်း မိစ္ဆာအရှင်သခင်ကြီး သုံးဦးထဲက တစ်ဦးဖြစ်တဲ့ အမှောင်နတ်ဘုရားရဲ့ အမွေခံလား''

''ဟုတ်တယ်... သူပဲ"

''ဒါပေမဲ့ သူ အမွေဆက်ခံတာ မကြာသေးဘူးဆိုတော့... အမှောင်နတ်ဘုရားရဲ့ မိစ္ဆာနတ်ဘုရား အမြုတေကိုတော့ ရထားဦးမှာ မဟုတ်သေးဘူးလေ...''

မှတ်ဉာဏ်ကောင်းပြီး လျှို့ဝှက်ချက်များစွာကို သိရှိထားသော ကျွမ်းကျင်သူအချို့က စတင်၍ ရှင်းပြကြ၏။ ထိုအခါမှ ကျန်ရှိသော မိစ္ဆာများလည်း သတိရသွားကြသည်။

''ဟုတ်သားပဲ... ဒီလိုလူမျိုး ရှိတာပဲ... သူ့ရဲ့ အရှိန်က တကယ့်ကို မြန်တယ်ဟ... မိစ္ဆာနတ်ဘုရားအမြုတေရှိတဲ့ ရွှယ်ဖုန်းအာတို့လို အဆင့် ၃ မိစ္ဆာတွေထက်တောင် ပိုပြီး သန်မာနေသလိုပဲ..."

"သူက အမှောင်နတ်ဘုရားရဲ့ အမွေအနှစ် တစ်ခုခုကို ရထားတာ သေချာတယ်''

မိစ္ဆာများ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာ၏။

ယခုတစ်ကြိမ် မျှော်စင်တက်ပွဲတွင် အပြောင်းအလဲများ အလွန်များပြားလှသဖြင့် ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်တော့မည်ဟု သူတို့ ခံစားနေရသည်။

....

ထိုစဉ်။

ကိုးထပ်မြောက်ကုန်းမြေတိုက်တိုက်၏ ဟင်းလင်းပြင်အတွင်း တည်ရှိနေသော ကောင်းကင်တက်လှမ်းခြင်း မျှော်စင်၏ အပြင်ဘက်၌ အနက်ရောင်ဝတ်ရုံဝတ် ပုံရိပ်ခုနစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။

ထိုခုနစ်ဦး၏ ခန္ဓာကိုယ်များသည် တောက်လောင်နေသော အနက်ရောင် နေမင်း ခုနစ်စင်းကဲ့သို့ပင် ဖြစ်နေကာ အလွန်ပင် စူးရှတောက်ပနေသည်။ သူတို့ တစ်ဦးချင်းစီသည် ကမ္ဘာလောကတစ်ခုလုံးကို လင်းထိန်သွားစေနိုင်စွမ်း ရှိလေသည်။

ချက်ချင်းဆိုသလိုပင် မျှော်စင်အတွင်းရှိ သက်ရှိအားလုံးသည် ဟင်းလင်းပြင်ထဲမှ တစ်ဆင့် စီးဝင်လာသော စိတ်ဝိညာဉ် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

ဤခုနစ်ဦး၏စွမ်းအားသည် မျှော်စင်ကိုပင် သက်ရောက်မှု ရှိနေခြင်းဖြစ်သည်။

''အားလုံး... မျှော်စင်တက်တာကို ချက်ချင်း ရပ်လိုက်ကြစမ်း..."

" ဒီတစ်ကြိမ် မျှော်စင်တက်ပွဲကို ငါတို့ လွတ်မြောက်ခြင်းအဆင့်အရှင်သခင် ခုနစ်ပါးက တာဝန်ယူ စောင့်ကြပ်မှာဖြစ်တယ်''

''စိတ်မပူကြနဲ့... မင်းတို့သာ ငါတို့ခိုင်းတာကို နားထောင်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဘေးကင်းလုံခြုံစွာနဲ့ အပြင်ပြန်သွားနိုင်လိမ့်မယ်''

သူတို့၏ စကားသံများသည် ထပ်ကာတလဲလဲ ထွက်ပေါ်နေပြီး ကောင်းကင်ဘုံမှ ခေါင်းလောင်းကြီးများ တီးခတ်နေသကဲ့သို့‌ မျှော်စင်ထဲတွင် ဟိန်းထွက်နေသည်။

ထိုအသံများသည် အလွန်ပင် ခန့်ညားထည်ဝါလှပြီးဩဇာအာဏာပြည့်ဝသဖြင့် ကြားလိုက်သည့် မည်သူမဆိုမသိစိတ်မှ လိုက်နာမိသွားကာ အာခံရန် မဝံ့ရဲကြတော့ချေ။

မျှော်စင်တက်နေသည့် ပါရမီရှင်များ၏ လှုပ်ရှားမှုများ နှေးကွေးတုံ့ဆိုင်းသွားရသည်။ လွတ်မြောက်ခြင်းအဆင့်မိစ္ဆာအရှင်သခင် ခုနစ်ပါးသည် ငရဲဘုံတွင် အလွန် မြင့်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော အဆင့်အတန်းရှိသူများ ဖြစ်ကြ၏။ ဒဏ္ဍာရီများအရ သူတို့သည် လွတ်မြောက်ခြင်းအဆင့် မိစ္ဆာအရှင်သခင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်လေသည်။

နှစ်ပေါင်း သန်းချီသည်အထိ သူတို့သည် အပြင်လောကသို့ ထွက်ပေါ်လာလေ့ မရှိပေ။ သူတို့အားလုံးသည် ငရဲမဟာကမ္ဘာကြီး၏ ကောင်းကင်တာအိုကိုယ်စားလှယ်များ ဖြစ်သည်ဟု ဆိုကြသည်။

ထိုကဲ့သို့သော အဆင့်အတန်းကြောင့် အင်အားကြီး နောက်ခံရှိသော ပါရမီရှင်များပင်လျှင် လွယ်လွယ်နှင့် မလှုပ်ရှားရဲကြတော့ချေ။ အလွန် အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်ပွားနေသဖြင့် အရှင်သခင် ခုနစ်ပါးလုံး ဆင်းသက်လာခြင်း ဖြစ်သည်ကိုသူတို့နားလည်လိုက်ကြ၏။

အမှောင်နတ်ဘုရားငယ်၏ ခန္ဓာကိုယ်တစ်ခုလုံး အမှောင် စွမ်းအင်များ ဖုံးလွှမ်းထားကာ ထိုအသံကို ကြားရသော်လည်း သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ခြင်း မရှိချေ။ သူသည် မျှော်စင်၏ အကျိုးကျေးဇူးများကို ခံစားနေရသဖြင့် မျှော်စင်တက်ခြင်းကို လွယ်လွယ်နှင့် စွန့်လွှတ်မည် မဟုတ်ပေ။

'ဟမ့်... လွတ်မြောက်ခြင်းအဆင့်အရှင်သခင်တွေရဲ့ ကိုယ်ပွားခန္ဓာတွေလား...'

'ကြည့်ရတာ သူတို့လည်း အဲဒီ ကျုံးရှန်အတွက် လာတာပဲ ဖြစ်ရမယ်'

'နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့လက်သီးချက်ကို ထုတ်သုံးနိုင်တယ်ဆိုမှတော့ အဲဒီလူက ဒဏ္ဍာရီလာနဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံနဲ့ ပတ်သက်မှု ရှိနေတာ သေချာတယ်'

'လွတ်မြောက်ခြင်းအရှင်သခင်တွေရဲ့ အစစ်အမှန် ခန္ဓာကိုယ်တွေက အဆုံးမဲ့ ပိုင်ရွှီနယ်မြေထဲမှာ ရှိနေသေးတာပဲကို... အကယ်၍ အဲ့အစစ်အမှန်ခန္ဓာကိုယ်တွေနဲ့ရောက်လာရင်...'

'ထားလိုက်ပါတော့... ငါကတော့ ဆက်ပြီး တက်မှာပဲ... ပထမဆုံး အထပ်တစ်ထောင် ဟင်းလင်းပြင်ထဲကို အရင်ဝင်ဖို့က ပိုပြီး အရေးကြီးတယ်'

အမှောင် စွမ်းအင်များကြားမှ သူ၏ မျက်ဝန်းများတွင် တုံ့ဆိုင်းမှုအချို့ ပေါ်ပေါက်လာသော်လည်း ခဏချင်းအတွင်းပင် ပျောက်ကွယ်သွား၏။

သူသည် အမှောင်နတ်ဘုရား၏ နှလုံးသားကို ရရှိထားပြီးဖြစ်ကာ သူ၏ အမွေအနှစ် မှတ်ဉာဏ်များစွာကိုလည်းထပ်မံ ရရှိထားလေသည်။

ထို့ကြောင့် သူသည် ကျုံးရှန်၏ နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏လက်သီး အကြောင်းကို အသေးစိတ် သိရှိနေခဲ့ကာ ရုတ်တရက်ပေါ်လာသည့် အနက်ရောင်ဝတ်ရုံဝတ် လွတ်‌မြောက်ခြင်းအရှင်သခင် ခုနစ်ဦးအပေါ်တွင်လည်း အလွန်အမင်း ရိုသေကြောက်လန့်နေခြင်း မရှိချေ။

သူ၏ စိတ်နေစိတ်ထားသည် ကျုံးရှန်နှင့် တွေ့ခဲ့သည့်နောက်ဆုံးအချိန်ကထက် ပို၍ တည်ငြိမ်လာပြီဖြစ်သည်။

All Chapters