← Chapters

အခန်း (၂၅၄)

Vol. 26 Ch. 254

အခန်း (၂၅၄)

Vol. 26 Ch. 254

ဟာမိုမိစ္ဆာ သွေးပင်လယ်သည် သာမန်နေရာမဟုတ်ပေ။ နိမ့်ချည်မြင့်ချည် ဖြစ်နေသော သွေးပင်လယ်အတွင်း၌ ထူးဆန်းသော ပုံရိပ်လွှာများ မကြာခဏ ပေါ်ပေါက်လာလေ့ရှိ၏။

သူတော်စင်များ ပေါ်ထွန်းလာပြီး သွေးအိုင်ထဲ၌ ကျဆုံးသွားသည့်မြင်ကွင်းများ၊ နတ်ဘုရားများ ကြွေလွင့်ပျက်စီးကာ နတ်ဘုရားသွေးများ မိုးရေကဲ့သို့ စီးကျလာသည့်မြင်ကွင်းများကို မြင်တွေ့ရလေ့ရှိသည်။ ရံဖန်ရံခါတွင်မူ ငရဲမှ မိစ္ဆာခေါင်းဆောင်များ ခေါင်းဖြတ်သတ်ခံရပြီး အဆိုးဝါးဆုံးသော ကျိန်စာများကို ရေရွတ်ကာ သွေးပင်လယ်ထဲသို့ နစ်မြုပ်သွားကြသည့် မြင်ကွင်းများပင်ပေါ်လာလေ့ရှိသည်။

သွေးပင်လယ်တစ်ခုလုံးသည် အလွန်ပင် စေးပျစ်လှကာ လှိုင်းတံပိုးများနှင့်အတူ တစ်သားတည်း လှုပ်ရှားနေသည်။ ယင်းသည် အရည်များနှင့်ပင် မတူဘဲ အစိတ်အပိုင်းတစ်ခုတည်းအဖြစ် တည်ရှိနေသော ကြောက်မက်ဖွယ် သက်ရှိကြီးတစ်ခုနှင့် ပို၍ တူညီနေလေသည်။

သွေးပင်လယ်၏ အထက်တွင် အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီး ဆယ်ဂဏန်းခန့် ထိုင်နေကြသည်။ ထိုသူများထဲတွင် ယမမင်းနှင့် လန့်ယွီမိစ္ဆာဘုရင်ကဲ့သို့ ရှေးဟောင်း မိစ္ဆာကြီးများလည်း ပါဝင်နေကာ ရွှံ့ မိစ္ဆာအရှင်သခင်၊ အရိပ်မိစ္ဆာအရှင်သခင်၊ မီးလျှံမိစ္ဆာဘုရင်၊ ဝိညာဉ်ဆိုးသခင်နှင့် ချောက်နက်မိစ္ဆာအရှင်သခင် အစရှိသည့် အစွမ်းထက်သော မိစ္ဆာအရှင်သခင်ကြီးများလည်း ရှိနေကြ၏။

ထိုမျှမက ကျုံးရှန်နှင့် ရင်းနှီးစွာ ဆွေးနွေးစကား‌ပြောဖူးသည့် ပင်လယ်မိစ္ဆာဧကရာဇ်ပင်လျှင် ရှိနေလေသည်။

ယခုအခါ ထိုမိစ္ဆာအရှင်သခင်ကြီးများသည် နက်နဲသော အက္ခရာသင်္ကေတများကို သွေးပင်လယ်အတွင်းသို့ အဆက်မပြတ် ထည့်သွင်းနေကြသည်။ ထိုသင်္ကေတများ စီးဝင်သွားသည်နှင့်အမျှ ဟာမိုမိစ္ဆာ သွေးပင်လယ်သည် ပို၍ စေးပျစ်လာကာ သွေးရောင် ဂျယ်လီတုံးကြီးတစ်ခုအဖြစ်သို့ ကူးပြောင်းသွားလေ၏။

ရုတ်တရက် ယမမင်းသည် တရားထိုင်ခြင်းကို ရပ်တန့်ကာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖရိုဖရဲစွမ်းအင်များ ပျံ့လွင့်လာကာ အစိုင်အခဲဖြစ်လုနီးပါး ဖြစ်နေသည့်‌ သွေးပင်လယ်ပြင်ထက်၌ လှိုင်းဂယက်များ ထသွားစေသည်။

''အရှင်သခင် ခုနစ်ပါးက ကောင်းကင်တက်လှမ်းခြင်း မျှော်စင်ကိစ္စမှာ စတင် ပါဝင်ပတ်သက်လာကြပြီ''

''သူတို့က သူတို့ရဲ့ ကိုယ်ပွားတွေကို စေလွှတ်ပြီး ဟင်းလင်းပြင်ထဲမှာ ဝှက်ထားတဲ့ မျှော်စင်ရဲ့ အဓိကကိုယ်ထည်တစ်ခုလုံးကို ပိတ်ဆို့ထားကြတယ်''

''မကြာခင်ကမှ မျှော်စင်ဆီက တုန်ခါမှုတွေ လည်းထွက်ပေါ်လာသေးတယ်ဆိုတော့..."

"ဒီကိစ္စက မင်းတို့ပြောတဲ့ လူသားစွမ်းအားရှင်နဲ့ ပတ်သက်နေနိုင်မလား''

ယမမင်း၏ အသံသည် မကျယ်သော်လည်း မိစ္ဆာအရှင်တိုင်း၏ နားထဲသို့ ထပ်ခါတလဲလဲ ပဲ့တင်ထပ်သွားသည်။

ထိုအခါမိစ္ဆာအရှင်အားလုံး သူတို့၏ လုပ်ဆောင်မှုများကို ရပ်တန့်လိုက်ကြသည်။

ချောက်နက်မိစ္ဆာအရှင်သည် လက်ခြောက်ဖက်မိစ္ဆာအသွင်ဖြစ်သည့် သူ၏ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေသည်။ သူ၏ လက်ခြောက်ဖက်လုံးသည် ရွှေကြာတံဆိပ်တော် ခြောက်ခုကို တစ်ပြိုင်နက်တည်း ဖော်ဆောင်လိုက်ကာ လျှို့ဝှက်နည်းစနစ်သုံးတွက်ချက်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်လေသည်။

''ဒီလူက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံနဲ့ ပတ်သက်မှုရှိနေလို့ ကောင်းကင်ဘုံတံဆိပ်တော်ကို ဆွဲဆောင်နိုင်လိမ့်မယ်ဆိုတာ ငါတို့ အစောကတည်းက တွက်ချက်ထားပြီးသားပဲ''

''ကောင်းကင်တာအိုတံဆိပ်တော်နဲ့ နတ်ဘုရင်တံဆိပ်တော်ကို ပေါင်းစပ်နိုင်လိုက်တာနဲ့ ငါတို့ အထွတ်အမြတ်ကောင်းကင်အဆောင်ကို ရလိမ့်မယ်''

''အဲ့ဒီအဆောင်က ကောင်းကင်ဘုံကနေ ဧကရာဇ်ကို ပေးအပ်တာဖြစ်ပြီး ကောင်းကင်ကို ယဇ်ပူဇော်ပသရင် ဆုလာဘ်ပြန်လည်ပေးစွမ်းနိုင်တဲ့ အထူးရတနာပဲ''

''ငါတို့သာ မိစ္ဆာဝိညာဉ် သန်းတစ်ရာကို ပူဇော်လိုက်တာနဲ့ နဂါးမဲ့နတ်ဘုရင်ဝူလုံရဲ့ တားဆီးပိတ်ပင်ထားတဲ့အကာအကွယ်‌တွေကို ချိုးဖျက်ပြီး ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ထဲကို ဝင်နိုင်လိမ့်မယ်''

''အဲ့အရှင်သခင် ခုနစ်ပါးကလည်း ဒီကောင်လေးက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံနဲ့ ပတ်သက်နေမှန်းသိသွားလို့ လှုပ်ရှားလာတာ နေမှာပေါ့''

''နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံက အရင်တုန်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ လူတိုင်းလည်းသိကြတာပဲ... သူက တစ်ကိုယ်တော် စွမ်းအားနဲ့ ငရဲတစ်ခုလုံးကို နှိမ်နင်းခဲ့တာလေ... ငရဲကမ္ဘာကြီးရဲ့ ကောင်းကင်ဘုံတောင် သူ့ကို မတွန်းလှန်နိုင်ခဲ့ဘူး''

''အဲ့တော့အရှင်သခင် ခုနစ်ပါး အဲ့ကောင်လေးကို သတိထားမိသွားတာ သဘာဝကျပါတယ်''

''ငါတို့ရဲ့ အကျိုးစီးပွားက ငရဲရဲ့ အကျိုးစီးပွားဖြစ်ပြီးတော့... အရှင်သခင်တွေနဲ့ ထိပ်တိုက်တွေ့စရာ အကြောင်းမရှိဘူး''

''နောက်ပြီး အရှင်သခင် ခုနစ်ပါးက လွတ်မြောက်ခြင်းအဆင့်ကိုရောက်ပြီးသားဆိုပေမဲ့ ငရဲကမ္ဘာကြီးရဲ့ကောင်းကင်တာအို လက်အောက်ခံတွေလေ... သူတို့က ငရဲနဲ့ ပတ်သက်မှုကို လုံးဝ မဖြတ်တောက်နိုင်သေးပါဘူး..."

"ငါတို့ အားလုံး စုပေါင်းလိုက်တဲ့အားနဲ့ယှဥ်ရင် သူတို့လည်း ငါတို့ကို လျှော့တွက်ရဲမှာ မဟုတ်ဘူး''

''ဟာမိုမိစ္ဆာ သွေးပင်လယ်ရဲ့ ကိစ္စက ပိုအရေးကြီးတယ်... အခုအချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်ခံလို့မဖြစ်ဘူး... ဒီပေါင်းစင်ခြင်းကိုဘဲ အာရုံအပြည့်စိုက်ကြတာပေါ့...''

အာဘိမိစ္ဆာအရှင်သည် အလွန်ပင် ဉာဏ်များသောသူ ဖြစ်ကာ သူ၏ လက်ခြောက်ဖက် အသွင်တွင် နှလုံးခြောက်ခု၊ အဆုတ် ခုနစ်ခုနှင့် အသည်း ရှစ်ခု ရှိကာ ဝိညာဉ်သုံးပါးဖြင့် တစ်ပြိုင်နက်တည်း တွက်ချက်နိုင်စွမ်း ရှိနေ၏။

သူသည် ငရဲရှိ မိစ္ဆာအရှင်အားလုံးကြားတွင်ပင် ဗျူဟာမှူးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သို့ဖြစ်ရာ သူ၏အကျိုးအပြစ်များကို ချက်ကျလက်ကျ ရှင်းပြလိုက်ရုံဖြင့် ကျန်မိစ္ဆာအရှင်များ စိတ်အေးသွားကြလေသည်။

ချောက်နက်မိစ္ဆာအရှင်သခင်၏ စကားဆုံးသွားပြီးနောက် မိစ္ဆာအရှင်အားလုံး မျက်လုံးများကို ပြန်မှိတ်ကာ မိုဟာ သွေးပင်လယ်အတွင်း အက္ခရာသင်္ကေတများ ပေါင်းစည်းရေး၌သာ အာရုံပြန်စိုက်လိုက်ကြသည်။

...

ဂူမုံမြက်ခင်းပြင်။

ဟာဇက်မျိုးနွယ်စု။

ကျုံးရှန်သည် ကလေးငယ်လေး ဒါဒါ၏နောက်မှ နှစ်နာရီခန့် လိုက်ပါလာခဲ့ပြီး နောက်ဆုံးတွင် မျိုးနွယ်စု၏ အရိပ်အယောင်ကို မြင်တွေ့လိုက်ရသည်။

ဟာဇက်မျိုးနွယ်စုသည် ဂူမုံမြက်ခင်းပြင်တစ်ခုလုံးတွင် မျိုးနွယ်စုငယ်လေးသာ ဖြစ်သော်လည်း မိသားစုအရေအတွက် သုံးသောင်းခန့် ရှိကာ လူပေါင်းတစ်သိန်းကျော် နေထိုင်ကြ၏။

စမ်းချောင်းလေးတစ်ခု၏ ဘေးတွင် တဲအိမ်ပေါင်း တစ်သိန်းကျော်ကို ဆောက်လုပ်ထားသည်။ တဲများ၏ ပုံစံသည် ကမ္ဘာပေါ်ရှိ မွန်ဂိုလီးယားတို့၏တဲအိမ်များနှင့် ဆင်တူသော်လည်း အပြင်ပန်းတွင် ပို၍ ရိုးရှင်းလှကာ နွား၊မြင်းတို့၏ သားရေများဖြင့် ပြုလုပ်ထားပြီး မွဲခြောက်ခြောက်နှင့် ပြောင်ချောနေကာ မည်သည့် အလှတန်ဆာဆင်မှုမျှ မရှိချေ။

စမ်းချောင်း၏ တစ်ဖက်ကမ်းတွင် ကျယ်ပြောလှသော မုယောစပါးခင်းကြီး ရှိသည်။ ယခုအခါ စပါးများရင့်မှည့်ကာသီးနှံရိတ်သိမ်းချိန်ဖြစ်၍ လေထုထဲ၌ မွှေးပျံ့သော ရနံ့များ ပျံ့လွင့်နေ၏။

မျိုးနွယ်စုအတွင်း၌ သိုးသားရေအင်္ကျီများ၊ မြင်းသားရေဝတ်စုံများ ဝတ်ဆင်ထားသော သန်မာသည့် အမျိုးသားများနှင့် အမျိုးသမီးများ အလုပ်လုပ်နေကြသည်။ ထိုယောင်္ကျားများသည် ကိုယ်ခန္ဓာတွင် အမွှေးအမျှင် အလွန်ပင် ထူပြောလှကာ အများစုသည် မုတ်ဆိတ်ဗရပွနှင့်ဖြစ်ပြီး အချို့မှာမုတ်ဆိတ်မွှေးများကို ကျစ်ဆံမြီး ကျစ်ထားကြသည်။

လူတိုင်းသည်ရွှေရောင် ဆံပင် ရှိကြပြီး အမျိုးသားများသည် ဆံပင်ကို နှစ်ဖက်ခွဲကာ ပါးပြင်အထိ ကျစ်ဆံမြီး ချထားကြသည်။ အမျိုးသမီးများမှာမူ မြင်းမြီးကဲ့သို့ တစ်စုတည်း စည်းထားကြ၏။

မုယောခင်းများအပြင် အိမ်တိုင်း၌ အိမ်မွေးတိရစ္ဆာန်များစွာ ရှိကာ အချို့ကို ခြံခတ်ထားပြီး အချို့ကိုမူ အနီးနားရှိ တောင်ကုန်းများပေါ်တွင် လွှတ်ထားလေသည်။

ထို့ပြင် မျိုးနွယ်စုအတွင်း၌ မြင်းစီးစစ်သည်တော်များနှင့် ကင်းလှည့်တပ်ဖွဲ့များလည်း ရှိနေသည်။ ကင်းစောင့်နေသော စစ်သည်များသည် အပေါ်ပိုင်း ဗလာဖြစ်ပြီး ခါးတွင် နွားသားရေ နှစ်ချောင်းကို သိုင်းထားကာ ငွေရောင် လခြမ်းကွေးဓား နှစ်လက်ကို ချိတ်ဆွဲထားကြ၏။

သူတို့၏ ကြွက်သားများသည် ဖောင်းကြွနေပြီး မျက်လုံးများသည် သိန်းငှက်ကဲ့သို့ စူးရှလှသည်။ လက်မောင်းတွင် ထူထဲသော နွားသားရေ လက်ကာများကို ပတ်ထားပြီး ထိုအပေါ်၌ မြက်ခင်းပြင် သိန်းငှက်တစ်ကောင်စီ နားနေကြသည်။

သူတို့သည် ခန့်ညားထည်ဝါစွာဖြင့် မျိုးနွယ်စု၏ အရပ်မျက်နှာအနှံ့ကို စောင့်ကြပ်စစ်ဆေးကြည့်ရှုနေကြလေသည်။

သံချပ်ကာမြင်းစီးတပ်များမှာမူ ပို၍ပင် ထူးခြားလှကာ မျိုးနွယ်စုတစ်ခုလုံးတွင် မြင်းတပ်ဖွဲ့ ဆယ်ဖွဲ့ ရှိပြီး ပတ်ဝန်းကျင်၌ ကင်းလှည့်နေကြ၏။

မြင်းစီးစစ်သည်တစ်ဖွဲ့လျှင် ဂူမုံသံချပ်ကာစစ်သည် ၁၂ဦး ပါဝင်ပြီး သူတို့ စီးနင်းထားသော မြင်းများသည် သန်မာတက်ကြွကာ ခွန်အားကြီးမားသည့် စစ်မှန်သောမျိုးကောင်းမြင်းများ ဖြစ်ကြသည်။ ထိုမြင်းများသည် အစာနှင့်ရေ မစားဘဲ တစ်နေ့လုံး အပြေးနှင်နိုင်ကာ တိုက်ပွဲဝင်နိုင်သော အစွမ်းရှိပေသည်။

မြင်းစီးစစ်သည်များသည် ဦးခေါင်းထိပ်ကို ပြောင်အောင် ရိတ်ထားကာ နဖူးနှင့် နောက်စေ့မှ ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားကြသည်။ ကျောဘက်တွင် လေးကို လွယ်ထားပြီး ခါး၌ သတ္တုမြားထိပ်ပါသော မြားကျည်တောက်နှင့် လေးကြိုးအပိုများကို ချိတ်ထားကြသည်။

သူတို့သည် အကြမ်းခံရန် ပြုလုပ်ထားသော နွားသားရေချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး ဘယ်ဘက်လက်မောင်းတွင် ဒိုင်းကာငယ်လေးတစ်ခု ကိုတပ်ဆင်ထားကာ ညာဘက်ခါးတွင် လခြမ်းကွေးဓား တစ်လက်ကို ချိတ်ဆွဲထားလေသည်။ ထို့ပြင် ခါးပတ်တွင်လည်း ထူးဆန်းသော လက်နက်ငယ်အချို့ ရှိနေသေး၏။

ဤတပ်ဖွဲ့သည် ဒါဒါ၏ မှတ်ဉာဏ်ထဲတွင် အစွမ်းထက်ဆုံးဖြစ်သည့် ဂူမုံသံချပ်ကာမြင်းတပ်ပင် ဖြစ်သည်။

ထိုမြင်းတပ်သည် တစ်ဦးချင်းဆိုလျှင် ကြောက်စရာမကောင်းသော်လည်း အင်အားစုစည်းလိုက်လျှင်မူ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လူတစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း သို့မဟုတ် တစ်သန်းအထိ စုစည်းမိပါက သူတို့၏ သံမဏိကဲ့သို့မြင်းခွာသံများအောက်၌ မည်သည့် မြို့ကြီးပြကြီးနှင့် မျိုးနွယ်စု မဆို သွေးပျက်ဖွယ်ရာ အသားပုံများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

တိမ်စီးနင်းနိုင်သော အစွမ်းထက်စစ်သည်များပင်လျှင် ယင်းကို ခုခံနိုင်မည်မဟုတ်ပေ။

ကျုံးရှန်တို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုသံချပ်ကာစစ်သည်များနှင့် ကင်းစောင့်များသည် ချက်ချင်း သတိပြုမိသွားကြသည်။

စောင့်ကြပ်နေသော စစ်သည်တစ်ဦးသည် ဝီစီသံကဲ့သို့ လေချွန်လိုက်သောအခါ သူ၏လက်မောင်းပေါ်ရှိ သိန်းငှက်သည် ပျံတက်သွားပြီး ကျုံးရှန်တို့၏ ခေါင်းပေါ်တွင် ဝဲပျံနေလိုက်သည်။ သိန်းငှက်သည် သူစိမ်းဖြစ်သော ကျုံးရှန်ကို ရန်လိုသော အကြည့်များဖြင့် စောင့်ကြည့်နေ၏။

ကလေးငယ်လေး ဒါဒါသည် ဂူမုံဘာသာစကားဖြင့် အလျင်အမြန် လှမ်းပြောလိုက်လေသည်။

''ဦးလေးဂဲလ်ဆာ... ဦးလေးဂျီရီဂယ်လာ... ဒါက ကျွန်တော့်သူငယ်ချင်းအသစ် အစ်ကိုကျုံးရှန်ပါ... သူက လူဆိုးမဟုတ်ပါဘူး''

မြက်ခင်းပြင်မှ ကလေးများသည် ငယ်စဉ်ကပင် အသားနှင့် နို့ကို အားပါးတရ စားသောက်ကြသူများ ဖြစ်ကြကာ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးပေါ်တွင် ပြေးလွှားဆော့ကစားကြသဖြင့် ဒါဒါ၏ အသံသည် အလွန်ပင် အားမာန်ပါလှသည်။သို့ဖြစ်ရာ နှစ်လီခန့် ဝေးကွာသော နေရာမှပင် သူ၏ အော်ဟစ်သံကို ကြားနိုင်ပေသည်။

ဒါဒါ၏ စကားကို ကြားရသောအခါမှသာ ကင်းစောင့်များ၏ တင်းမာမှုသည် အနည်းငယ် လျော့ကျသွားသည်။ ထို့နောက် မျိုးနွယ်စုအတွင်းမှ မြင်းခွာသံများထွက်ပေါ်လာကာမြင်းတပ်ဖွဲ့တစ်ဖွဲ့သည် သူတို့ထံသို့ ဦးတည်လာသည်။

All Chapters