အခန်း (၂၅၅)
Vol. 26 Ch. 255
ဦးတည်လာကြသော သံချပ်ကာမြင်းတပ်သားများသည် အလွန်ပင် ရန်လိုသော အရှိန်အဟုန်ဖြင့် ပြေးလွှားလာကြခြင်း ဖြစ်သည်။ သူတို့ စီးနင်းလာသော မျိုးကောင်းမြင်း တစ်ကောင်ချင်းစီ၏ ခွာများတွင် အထူးပြုလုပ်ထားသော သံခွာများကို တပ်ဆင်ထားသဖြင့် စိုစွတ်ချောကျိနေသည့် မြက်ခင်းပြင်ထက်၌ နင်းလျှောက်ရာတွင် ရွှံ့မြေအတွင်းသို့ ကျွံဝင်သွားခြင်း မရှိဘဲ လျင်မြန်စွာ ပြေးလွှားနိုင်ကြလေသည်။
ထိုမြင်းတပ်ဖွဲ့အတွင်း၌ သန်မာထွားကြိုင်းလှသော ဂူမုံသံချပ်ကာ စစ်သည်တော် ၁၂နှစ်ဦး ပါဝင်သည်။ ထိုယောင်္ကျားများသည် မူလကပင် ကြွက်သားအဖုဖုနှင့် သန်မာသူများ ဖြစ်ကြသော်လည်း ဂူမုံမျိုးကောင်းမြင်းများကို စီးနင်းလိုက်ပါလာသောအခါတွင်မူ သူတို့၏ ပုံပန်းသဏ္ဌာန်သည် ပို၍ပင် ကြီးမားထည်ဝါလာကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။
ထိုစစ်သည်တော်များသည် ကျုံးရှန်နှင့် ဒါဒါ လေးတို့ရှိရာ နေရာသို့ အရှိန်ပြင်းစွာဖြင့် ပြေးဝင်လာကြခြင်းဖြစ်သည်။ သာမန်လူသားတစ်ဦးသာ ဖြစ်ပါက ဤကဲ့သို့သော ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို ကြည့်ကာ ကြောက်ရွံ့လွန်းသဖြင့် ဆီးပင်ထွက်ကျသွားနိုင်ခြေ ရှိပေသည်။
သို့သော်လည်း ကျုံးရှန်နှင့် ကလေးငယ်လေး ဒါဒါတို့သည် မည်သို့မျှ တုံ့ပြန်ခြင်း မရှိဘဲ တည်ငြိမ်စွာဖြင့် ရပ်နေကြ၏။
ဒါဒါလေးသည် ဂူမုံမြက်ခင်းပြင်ပေါ်၌ ငယ်စဉ်ကတည်းက ကြီးပြင်းလာသော ဒေသခံကလေးငယ်တစ်ဦး ဖြစ်သဖြင့် ဤမြင်ကွင်းကို ရိုးအီနေပြီဲဖြစ်သည်။ တစ်ဖက်ရှိ ကျုံးရှန်မှာမူ ပြင်ပလောက၌ လေပြင်းမုန်တိုင်းများကို အကြိမ်ကြိမ် ဖြတ်သန်းဖူးကာ ကမ္ဘာလောကကြီးကို တစ်ကိုယ်တော် စိုးမိုးခဲ့သော ဘိုးဘေးတစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို သာမန်မြင်ကွင်းလေးတစ်ခုအဖြစ်သာ သဘောထားပေသည်။
"ဟီး..."
ရှေ့ဆုံးမှ ဦးဆောင်လာသော မြင်းစီးစစ်သည်သည် ဇက်ကြိုးကို ဆွဲကာ အချက်ပေးလိုက်သောအခါ မြင်းတပ်ဖွဲ့တစ်ခုလုံးသည် ကျုံးရှန်တို့နှင့် ခြောက်မီတာခန့် အကွာအဝေး၌ ရပ်တန့်သွားကြသည်။
''ဒါဒါ... မင်းကတော့ တစ်ယောက်တည်း အပြင်ကို လျှောက်သွားပြန်ပြီ... မင်းအဖေနဲ့ အမေသာ မင်းကို မိရင်တော့ ဖင်ရိုက်ခံရတော့မှာပဲ''
''ပြီးတော့ မင်းက ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်ကိုပါ ခေါ်လာသေးတယ်... ဒီလူက ဘယ်သူလဲ''
''သူက ဂူဝါးလ်မျိုးနွယ်စုက လွှတ်လိုက်တဲ့ သူလျှိုများလား''
ဤမြက်ခင်းပြင်ကြီးပေါ်ရှိ မျိုးနွယ်စုများသည် နာမည်အရ ထျန်းခမ်း ဟု ခေါ်သော ကောင်းကင်အုပ်ချုပ်သူတစ်ဦးတည်းကိုသာ ရိုသေကိုးကွယ်ကြသော်လည်း လက်တွေ့တွင်မူ မျိုးနွယ်စုများအကြား၌ အမြဲတမ်း စည်းလုံးနေကြခြင်း မဟုတ်ပေ။ မျိုးနွယ်စုများအကြားတွင် မြေသြဇာကောင်းသော မြက်ခင်းပြင်များနှင့် သန့်ရှင်းသော ရေအရင်းအမြစ်များကို လုယူရန်အတွက် မကြာခဏဆိုသလို ပဋိပက္ခများ ဖြစ်ပွားလေ့ ရှိကြသည်။
ထိုသို့ စစ်မေးလိုက်သော မြင်းစီးစစ်သည်မှာ ဤကင်းလှည့်တပ်ဖွဲ့၏ တပ်စုမှူး ဖြစ်သည်။ သူ၏ မျက်နှာသည် တည်ကြည်လေးနက်လှကာ အသားအရေသည် နေပူဒဏ်နှင့် လေဒဏ်တို့ကြောင့် ကြမ်းတမ်းနေပြီး ရဲရင့်ပြတ်သားသော အမူအရာ ရှိပေသည်။
သူသည် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျောဘက်မှ လေးကြီးကို ဆွဲထုတ်လိုက်ကာ မြားတစ်စင်းကို ကျည်တောက်အတွင်းမှ ယူ၍ လေးကြိုး၌ တင်လိုက်သည်။ ထို့နောက် သူ၏ လက်မောင်းနှစ်ဖက်ကို အားစိုက်၍ ဆွဲလိုက်သောအခါ လေးကြိုးသည် တင်းမာသွားကာ အသံများပင်မြည်လာချေသည်။
''ဦးလေးအာရှီလန်... သူက ကျွန်တော့်သူငယ်ချင်း အစ်ကိုကျုံးရှန်ပါ''
ကလေးငယ်လေး ဒါဒါသည် အလွန်ပင် စိုးရိမ်သွားကာ သူ၏ မြင်းပုလေးကို စီး၍ အာရှီလန်နှင့် ကျုံးရှန်တို့ ကြားထဲတွင် ကာဆီး၍ ရပ်လိုက်သည်။
အာရှီလန်သည် မြင်းစီးတပ်စုမှူး တစ်ဦးဖြစ်သည့်အတိုင်း သူ၏ မြားပစ်စွမ်းရည်သည် မျိုးနွယ်စုအတွင်း၌ အလွန် ထူးချွန်လှသည်။ သို့ဖြစ်ရာ ဤမျှ နီးကပ်သော အကွာအဝေးမှနေ၍ မြားပစ်လိုက်ပါက သံချပ်ကာ ခြောက်ထပ်ကိုပင် အလွယ်တကူ ဖောက်ထွက်သွားနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ကျုံးရှန်သည် ထိုအချက်ကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မရှိချေ။ ထို့ပြင် သူသည် ခပ်ပြုံးပြုံးဖြင့်ပင် အာရှီလန်အား အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ကာ လက်ညှိုးတစ်ချောင်းကို ထောင်၍ လှုပ်ခါပြလိုက်သည်။
ကျုံးရှန်သည်လည်း စိတ်ချင်းဆက်သွယ်ခြင်းမှတစ်ဆင့် ဂူမုံဘာသာစကားအချို့ကို အတန်အသင့် တတ်မြောက်သွားခဲ့ပြီဖြစ်သည်။
''ဟာဇက်မျိုးနွယ်စုရဲ့ မြင်းစီးစစ်သည်တွေက ဧည့်သည်ကို ဒီလိုပဲ ဆက်ဆံကြတာလား''
''မင်းတို့က ကလေးတစ်ယောက်ဖြစ်တဲ့ ဒါဒါလောက်တောင် ယဉ်ကျေးမှုကို နားမလည်ကြဘူးပဲ''
''ဒီလိုဆိုမှတော့ မင်းရဲ့လေးက တကယ်ပဲ ကောလာဟလတွေအတိုင်း အစွမ်းထက်သလားဆိုတာ ငါ့ကို စမ်းကြည့်ခွင့်ပေးပါဦး''
ကျုံးရှန်၏ စကားသံသည် ကျယ်လောင်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။
သို့သော်လည်း သူ၏စကားများသည် မြင်းစီးစစ်သည်များအတွက်မူ ကြီးမားသော စော်ကားမှုတစ်ခုပင် ဖြစ်သည်။ သူတို့အတွက် မြင်းနှင့် လေးမြားဆိုသည်မှာ ဇနီးမယားနှင့် သားသမီးများကဲ့သို့ပင် တန်ဖိုးထားရသော အရာများ ဖြစ်သည်။
ထိုအရာများကို တစ်စုံတစ်ယောက်မှ အထင်အမြင်သေးစော်ကားလာသောအခါ သူတို့အနေဖြင့် လုံးဝ သည်းခံနိုင်ခြင်းမရှိချေ။
သို့ဖြင့် ဦးလေးအာရှီလန်ဟု ခေါ်သော ထိုတပ်စုမှူးသည် ကျုံးရှန်၏စကားကိုကြားသောအခါ ချက်ချင်းပင် မျက်နှာတစ်ခုလုံး ရဲတက်သွား၏။ သူသည် ဒေါသထွက်သွားသဖြင့် လက်မောင်းကြွက်သားများပင်တင်းမာလာကာ မြားထိပ်ကို ကျုံးရှန်၏ နဖူးတည့်တည့်သို့ ချိန်ရွယ်လိုက်သည်။
ဒါဒါလေးတစ်ယောက် အလွန်ပင် ထိတ်လန့်ကာ ငိုလုမတတ် ဖြစ်သွား၏။
''ဒါဒါ... ဘာမှမဖြစ်ဘူး... ဒီနေ့ မင်းကို ငါ အသစ်အဆန်းလေး တစ်ခု ပြမယ်''
ကျုံးရှန်သည် ကလေးငယ်အား စိတ်အေးစေရန် ဖျော့တော့စွာ ပြောလိုက်ပြီးနောက် ယုံကြည်ချက်အပြည့်ဖြင့် လက်ညှိုးကို ထပ်မံ၍ လှုပ်ခါပြလိုက်ပြန်သည်။ ထိုအခါ အာရှီလန်၏ မျက်ဝန်းများသည် ဝံပုလွေတစ်ကောင်ကဲ့သို့ အေးစက်စက် အကြည့်အဖြစ် ပြောင်းလဲသွားသည်။
"ဝုန်း..."
"ရွှပ်..."
လေးကြိုး၏ တုန်ခါသံသည် လေထုအတွင်း၌ ပေါက်ကွဲဟိန်းထွက်သွားကာလေထုကို ဖြတ်သန်းသွားသော မြားတစ်စင်း၏ စူးရှသော အသံကို ကြားလိုက်ရ၏။
မြားတစ်စင်းသည် အနက်ရောင် မျဉ်းတစ်ကြောင်းကဲ့သို့အရှိန်ပြင်းစွာဖြင့် ကျုံးရှန်၏ နဖူးဆီသို့ ဦးတည်တိုးဝင်သွားသည်။
ထိုဂူမုံလူမျိုးများသည် အမှန်တကယ်ပင် ရဲရင့်ပြတ်သားကြကာ သတ်ဖြတ်မည်ဟုဆုံးဖြတ်ပြီးနောက် ချက်ချင်းပင် လက်မနှေးဘဲ လုပ်ဆောင်လိုက်သည်။ အခြားသော မြင်းစီးစစ်သည်များမှာမူ ကျုံးရှန်၏ ဦးခေါင်းကို မြားဖောက်ထွက်သွားမည့် မြင်ကွင်းကို ကြည့်ရန် အဆင်သင့် ဖြစ်နေကြသည်။ သူတို့၏ မျက်နှာထက်၌ အောင်နိုင်သူကဲ့သို့ အပြုံးများပင် ပေါ်ပေါက်နေလေ၏။
သို့သော်လည်း နောက်တစ်ခဏ၌ သူတို့၏ အပြုံးများတောင့်တင်းသွားကြရသည်။
''ကောင်းကင်ကဘိုးဘေးကြီးများ ကယ်တော်မူပါ... ဒါက အစစ်အမှန် မဖြစ်နိုင်ဘူးမလား...''
အချို့သော မြင်းစီးစစ်သည်များသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြကာ တီးတိုး ရေရွတ်မိလိုက်ကြသည်။ အချို့မူ သူတို့၏ မျက်စိကိုပင် ပြန်ပွတ်၍ ကြည့်နေကြ၏။
အာရှီလန်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကာ အချိန်အတော်ကြာအောင် ပြန်မစိနိုင်ဘဲ ရှိနေလေသည်။
ကျုံးရှန်သည် မည်သို့မျှ လှုပ်ရှားလိုက်ခြင်း မရှိဟု ထင်ရသော်လည်း ထိုအရှိန်ပြင်းလှသော မြားကို သူ၏ လက်ဗလာဖြင့် ဖမ်းဆုပ်ထားသည်ကို မြင်တွေ့လိုက်ရသည်။ မြား၏ အမြီးပိုင်းသည် တုန်ခါနေဆဲ ဖြစ်သဖြင့် ယင်းသည် ထင်ယောင်ထင်မှား ဖြစ်ရပ်မဟုတ်ကြောင်း သက်သေပြနေလေသည်။
''ဒီလောက်ပဲလား''
''မင်းလည်း ငါ့ဆီက မြားတစ်စင်းလောက် ပြန်ယူကြည့်ပါ့လား''
ကျုံးရှန်သည် ပြုံး၍ အကျယ်ကြီးအော် ပြောလိုက်ပြီးနောက် လက်ထဲရှိ ဖမ်းဆုပ်ထားသော မြားကို ပြောင်းပြန်လှန်လိုက်ကာ မြားထိပ်ကို အာရှီလန်ထံသို့ ချိန်ရွယ်လိုက်၏။
ထို့နောက် အခြားလက်တစ်ဖက်ဖြင့် မြား၏ အမြီးပိုင်းကို လက်ညှိုးဖြင့် ခပ်ဖွဖွလေး တောက်လိုက်လေသည်။
"ဖူး..."
ညင်သာသော အသံလေးတစ်ခု ထွက်ပေါ်လာပြီး မြားသည် အရှိန်ပြင်းစွာဖြင့် လွင့်ထွက်သွားချေသည်။ ထိုအရှိန်သည် အာရှီလန်၏ လေးဖြင့် ပစ်လိုက်သော အရှိန်ထက် ဆယ်ဆမက ပို၍ မြန်ဆန်လှ၏။
အာရှီလန်သည် ကြောက်ရွံ့ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ ပါးပြင်ဘေးမှ အေးစက်စက် အထိအတွေ့တစ်ခု ဖြတ်သန်းသွားသည်ကိုသာ ခံစားလိုက်ရသည်။ မြားသည် သူ၏ ပါးပြင်ကို ဖြတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် ပျောက်ကွယ်သွားလေသည်။
သူ၏ ပါးပြင်ထက်၌ သွေးစအနည်းငယ် ထွက်နေသော အစင်းရာတစ်ခု ကျန်ရစ်ခဲ့ကာ သူ၏ ကျစ်ဆံမြီး တစ်ခုသည်လည်း မြားထိမှန်ကာ ပြတ်ကျသွားပြီး မြင်းကျောပေါ်သို့ ပြတ်ကျသွားသည်။ ထို့နောက်တွင်မူ မြက်ခင်းပြင်မှ လေညင်းနှင့်အတူ လွင့်ပါသွားတော့သည်။
"..."
လေထုသည် ခဏချင်းအတွင်း၌ပင် အေးစက်တိတ်ဆိတ်သွားသည်။ အာရှီလန်၏ ကျောပြင်သည် စက္ကန့်ပိုင်းအတွင်း၌ပင် ချွေးများဖြင့် စိုရွှဲသွား၏။
မြင်းစီးစစ်သည်အားလုံးသည်လည်း မှင်တက်သွားကြရသည်။ လက်ဖြင့် တောက်လိုက်ရုံမျှဖြင့် အစွမ်းထက်သော လေးမြားထက်ပင် ပို၍ အစွမ်းထက်နေခြင်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စ ဖြစ်၏။ အကယ်၍ ဤလူသည် သူတို့၏ အသက်ကို ယူလိုပါက အိတ်ထဲမှ ပစ္စည်းကို နှိုက်ယူသကဲ့သို့ လွယ်ကူနေပေလိမ့်မည်။
ဒါဒါလေးပင်လျှင် ဆွံအ အံ့သြနေမိသည်။
''ငါ ပြောပြီးသားပဲ... ငါ့မှာ ဘာရန်ငြိုးမှ မရှိဘူး''
''ဒီနေ့ ငါတို့ ရန်သူ ဖြစ်မလား၊ မိတ်ဆွေ ဖြစ်မလားဆိုတာ မင်းတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်''
ကျုံးရှန်သည် သူ၏ လက်ဖဝါးမှ မရှိသော ဖုန်မှုန်များကို ခါထုတ်လိုက်ရင်း အေးဆေးစွာ ပြောလိုက်သည်။
''ဦးလေးအာရှီလန်... ကျွန်တော် ပြောသားပဲ... အစ်ကိုကျုံးရှန်က လူဆိုးမဟုတ်ပါဘူးလို့''
''ဂူဝါးလ်မျိုးနွယ်စုက လူတွေက ကျွန်တော်တို့ကို အမြဲတမ်း လာနှောင့်ယှက်နေကြတာ မဟုတ်လား''
''အစ်ကိုကျုံးရှန်က ကျွန်တော်တို့ကို ကူညီပေးနိုင်မှာ သေချာတယ်''
''ပြီးတော့ မကြာခင်မှာ နာဒါမ်ပွဲတော်က စတော့မှာလေ''
''အကယ်၍ အစ်ကိုကျုံးရှန်က ကျွန်တော်တို့ မျိုးနွယ်စုအတွက် နေရာတစ်ခု ရအောင် ကူညီပေးနိုင်ရင် ငါတို့ အံ့ဖွယ်နိမိတ်တံခါးကို ဖူးမြော်ခွင့် ရမှာပေါ့...''
ဒါဒါသည် ကလေးငယ်တစ်ဦး ဖြစ်သော်လည်း အလွန်ပင် ဉာဏ်ကောင်းလှသည်။
ကျုံးရှန်၏ အစွမ်းကို သိမြင်သွားသောအခါ သူသည် ကျုံးရှန်ကို မျိုးနွယ်စုအတွက် အသုံးချနိုင်ရန် စတင်၍ စည်းရုံးပြောဆိုလိုက်တော့သည်။ ဒါဒါ၏ စကားကို ကြားရသောအခါ မြင်းစီးစစ်သည်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ အထူးသဖြင့် နာဒါမ်ပွဲတော် ဟူသော အမည်ကို ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာထားများမှာ လေးနက်သွားကြသည်။
သူတို့သည် လေးများကို ပြန်၍ သိမ်းလိုက်ကြကာ မြင်းပေါ်မှ ဆင်းလိုက်ကြ၏။ တစ်ဖက်မှ မြင်းဇက်ကြိုးကို ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် လက်သီးဆုပ်၍ ရင်ဘတ်ကို ထိလိုက်ပြီး ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
''အသင်ဟာ စစ်မှန်တဲ့ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဟာဇက်မျိုးနွယ်စုရဲ့ဂုဏ်ယူရတဲ့ ဧည့်သည်တော်ဖြစ်ထိုက်ပါတယ်''
''ကျွန်တော် အခုချက်ချင်းပဲ ကျွန်တော်တို့ရဲ့ ခမ်း ဆီ သတင်းသွားပို့လိုက်ပါ့မယ်..."
"ကျန်တဲ့ စစ်သည်တော်တွေနဲ့အတူ မျိုးနွယ်စုထဲကို လိုက်ပါပြီး အနားယူဖို့ ဖိတ်ခေါ်ပါတယ်''
ပြောပြီးသည်နှင့် အာရှီလန်သည် မြင်းပေါ်သို့ ပြန်တက်ကာ မျိုးနွယ်စုရှိရာသို့ အရင်ဆုံး မြင်းစီးနှင်သွားတော့သည်။
သူသည် သွားနေရင်းမှပင် သူ၏ ကျယ်လောင်စူးရှသော လေချွန်သံတစ်ခုကို ပြုလုပ်လိုက်၏။
ကျန်ရှိသော မြင်းစီးစစ်သည်များသည် ကျုံးရှန် ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးလိုက်ကြသည်။ ကျုံးရှန်သည် တည်ငြိမ်စွာဖြင့်ပင် ဒါဒါလေး၏နောက်မှ လိုက်ပါ၍ မျိုးနွယ်စုအတွင်းသို့ လှမ်းဝင်လိုက်၏။
ဂူမုံမြက်ခင်းပြင်ကြီးသည် အလွန်ပင် ကျယ်ပြောလှသည်။ ဤမျှ ကျယ်ဝန်းသော နေရာ၌ လှေကားထစ်သို့ သွားရာလမ်းကို အစအနမရှိဘဲ လိုက်လံရှာဖွေနေခြင်းသည် သမုဒ္ဒရာအတွင်း၌ အပ်ရှာနေခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
သို့ဖြစ်ရာ ဤနေရာရှိ ဒေသခံ အင်အားစုများနှင့် ဆက်သွယ်ခြင်းသည်သာ အကောင်းမွန်ဆုံး နည်းလမ်း ဖြစ်သည်။
ဤဒေသခံများသည် အထပ်တစ်ထောင် ဟင်းလင်းပြင်အတွင်း၌ နှစ်ပေါင်း သန်းချီ၍ နေထိုင်လာကြသူများ ဖြစ်သဖြင့် သူတို့၏ ဘိုးဘေးဘီဘင်များသည် မြက်ခင်းပြင်တစ်ခုလုံးကို နှံ့စပ်နေကြပြီး ဖြစ်သည်။ တန်ဖိုးရှိသော ရတနာများ သို့မဟုတ် မျှော်စင်တက်ရန် လမ်းစများ ရှိပါလျှင် ဤဒေသခံများသည်သာ အသိဆုံး ဖြစ်ရပေမည်။ ထို့ကြောင့် ထိုသူများ၏နောက်သို့ လိုက်ပါသွားခြင်းသည် ဦးတည်ချက်မရှိ ရှာဖွေနေခြင်းထက် များစွာ ပို၍ ထိရောက်ပေလိမ့်မည်။