အခန်း (၂၅၆)
Vol. 26 Ch. 256
တစ်ချိန်တည်း၌ပင် ကျုံးရှန် ရှိနေသည့် နေရာနှင့် လီပေါင်း နှစ်ထောင်ခန့် ဝေးကွာသော အရပ်၌ အမှောင်နတ်ဘုရားငယ်သည် ခေါင်းစွပ်ပါသော ဝတ်ရုံကို တစ်ကိုယ်လုံး ဖုံးလွှမ်းအောင် ဝတ်ဆင်ထားကာ ကျုံးရှန်ကဲ့သို့ပင် မြက်ခင်းပြင်ရှိ မျိုးနွယ်စု ငယ်လေးတစ်ခုအတွင်းသို့ ရောက်ရှိနေသည်။ ထိုမျိုးနွယ်စု၏ ဗဟိုချက်မ၌ သူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်တန့်နေလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးသည်ကား သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေပြီး လေတိုးသံမှလွဲ၍ မည်သည့် သက်ရှိတို့၏ အသံမျှ ထွက်ပေါ်လာခြင်း မရှိချေ။
"တောက်... တောက်..."
ရုတ်တရက်ဆိုသလိုပင် စေးပျစ်လှသော သွေးစက်တစ်စက်သည် အမှောင်နတ်ဘုရားငယ်၏ ဝတ်ရုံစွန်းမှတစ်ဆင့် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ ထိုသွေးစက်သည် မြေကြီးပေါ်သို့ ကျရောက်သွားလျှင် သွေးရောင် လွှမ်းနေသော မက်မွန်ပွင့်တစ်ပွင့်၏ ပုံသဏ္ဌာန် ဖြစ်ပေါ်သွား၏။
ဤမျိုးနွယ်စု တစ်ခုလုံးတွင် အလောင်းများ မြေပြင်အနှံ့ ပုံနေပြီဖြစ်သည်။ အသက် ရှစ်ဆယ်အရွယ် အဘိုးအိုများမှသည် မိခင်နို့ကို တောင်းတနေကြသည့် နို့စို့ကလေးငယ်များအထိ မည်သူမျှ လွတ်မြောက်ခဲ့ခြင်း မရှိချေ။
ထိုမျှမက သန်မာသော မြင်းစီးစစ်သည်များနှင့် မြင်းများပင်လျှင် အစုလိုက်အပြုံလိုက် သေဆုံးနေကြရ၏။ အမှောင်နတ်ဘုရားငယ်သည် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကိုမျှ ချန်လှပ်ထားခဲ့ခြင်း မရှိဘဲ အားလုံးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုသေဆုံးနေသော အလောင်းများထံမှ မည်းနက်သော အငွေ့အသက်များသည် အမျှင်တန်းများအဖြစ် ပြောင်းလဲထွက်ပေါ်လာကာ အမှောင်နတ်ဘုရားငယ်၏ နှာခေါင်းနှင့် ပါးစပ်များအတွင်းသို့ အဆက်မပြတ် စီးဝင်သွားကြသည်။ ထိုသို့ စွမ်းအားများကို စုပ်ယူနေရင်း အမှောင်နတ်ဘုရားငယ်၏ မျက်နှာထက်၌ အလွန် ကျေနပ်အားရနေသော အမူအရာများ ပေါ်ပေါက်နေလေသည်။
'ဒါက လူသားလောကရဲ့ သက်ရှိတွေလား...'
'သူတို့ကို သတ်ဖြတ်ရတာ တကယ်ကို စွမ်းအားတွေ တိုးပွားစေတာပဲ...'
'အံ့သြစရာ မရှိတော့ပါဘူး... ဟို အဘိုးကြီးတွေ အတားအဆီးအကာအကွယ်တွေကို ချိုးဖျက်ပြီး ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးဆီ သွားချင်နေကြတာလဲဆိုတာ'
'ငရဲကမ္ဘာနဲ့ လူသားလောကဆိုတာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတဲ့ နေရာတွေပဲ... ဒါကြောင့် လူသားတွေက ငါတို့ရဲ့ မိစ္ဆာဝိညာဉ်တွေကို အမဲလိုက်နိုင်သလို ငါတို့ ငရဲသက်ရှိတွေကလည်း သူတို့ကို အမဲလိုက်ပြီး စွမ်းအားဖြည့်တင်းလို့ ရနေတာပဲ...'
ယခုအခါ အမှောင်နတ်ဘုရားငယ်၏ တစ်ကိုယ်လုံးသည် သွေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။ သူသည် မျိုးနွယ်စုတစ်ခုလုံးရှိ သက်ရှိမှန်သမျှကို ကျူပင်များကို ခုတ်သကဲ့သို့ ရက်ရက်စက်စက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
တဲအိမ်များပေါ်၌လည်းကောင်း၊ မြက်ခင်းပြင်ထက်၌လည်းကောင်း နေရာအနှံ့တွင် နီရဲသော သွေးများဖြင့် ဖုံးလွှမ်းနေကာ မျိုးနွယ်စုတဲအိမ်များဘေးတွင် စီးဆင်းနေသော စမ်းချောင်းငယ်လေးပင်လျှင် သွေးရောင်လွှမ်းသွားလေသည်။
ကျုံးရှန်နှင့် မတူညီသည့် အချက်မှာ အမှောင်နတ်ဘုရားငယ်သည် ဤဂူမုံမြက်ခင်းပြင်ရှိ ဒေသခံ သက်ရှိများကို သက်ရှိများကဲ့သို့ သဘောမထားဘဲ အမဲလိုက်ရမည့် ဝက်၊ နွား၊ ဆိတ်များကဲ့သို့သာ သဘောထားခြင်း ဖြစ်သည်။
သူသည် သက်ရှိတို့၏ ဝိညာဉ်များနှင့် အသွေးအသားစွမ်းအင်များကို စုပ်ယူကာ သူ၏ ကျင့်စဉ်အဆင့်ကို တိုးမြှင့်ရန်သာ အာရုံစိုက်နေလေသည်။
ထိုစဉ် သူ၏ ခြေရင်း၌ အသက် ၁၂နှစ်အရွယ်ခန့် ရှိမည့် ဂူမုံမျိုးနွယ်စုဝင် မိန်းကလေးငယ်တစ်ဦးသည် ကြောက်ရွံ့လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ အမှောင်နတ်ဘုရားငယ်သည် ထိုမိန်းကလေးကို ဆံပင်မှ ဆွဲကာ အပေါ်သို့ မြှောက်မလိုက်၏။
''သွားစမ်း... ငါ့ကို နောက်ထပ် မျိုးနွယ်စုတစ်ခုဆီကို ခေါ်သွားပေး...''
သူ၏ အသံသည် အေးစက်ခက်ထန်နေကာ မည်သည့် ကရုဏာတရားမျှ ပါဝင်ခြင်း မရှိချေ။
သူသည် ဤဒေသခံများကို တိရစ္ဆာန်များကဲ့သို့သာ မြင်နေခြင်း ဖြစ်သည်။
မိန်းကလေးငယ်သည် တုန်တုန်ရီရီဖြင့် ခေါင်းမော့ကြည့်လာသည်။ သူမ၏ မျက်ဝန်းအစုံသည် ဒေါသနှင့် ဝမ်းနည်းမှုတို့ကြောင့် နီရဲနေကာ သူမ၏ လက်ထဲတွင် ထပ်ဝက်ကျိုးနေသော မြားတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။
ရုတ်တရက် ထိုမိန်းကလေးသည် မည်သူမျှ မထင်မှတ်ထားသော ဆုံးဖြတ်ချက်ကို ချလိုက်ကာ သူမ၏ လက်ထဲရှိ မြားကျိုးဖြင့် လည်ပင်းသွေးပြန်ကြောမကြီးကို အရှိန်ပြင်းစွာ ထိုးစိုက်လိုက်လေသည်။
"ဗြန်း..."
သွေးများသည် ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာကာ အမှောင်နတ်ဘုရားငယ်၏ မျက်နှာပေါ်သို့ စင်သွားသည်။
''ဟားဟားဟား...''
''မိစ္ဆာကောင်... ငါတို့ရဲ့ ဘိုးဘေးနတ်ဘုရားနဲ့ ထျန်းခမ်း နတ်ဆရာအကြီးအကဲက မင်းကို သေချာပေါက် အပြစ်ပေးလိမ့်မယ်...''
''အဖေနဲ့ အမေ... ချီတိုအာ လာပြီနော်...''
မိန်းကလေးငယ်သည် ရယ်မောလိုက်ပြီးနောက် ဂူမုံဘာသာစကားဖြင့် တီးတိုးရေရွတ်ပြောဆိုလိုက်သည်။
သူမ၏လည်ပင်းမှ ပန်းထွက်နေသောသွေးများရပ်တန့်သွားသောအခါ ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံးကျန်ရှိနေသော အသက်ဝိညာဉ်မှာလည်း ကွယ်ပျောက်သွားရလေသည်။
အမှောင်နတ်ဘုရားငယ်သည် ဆုပ်ကိုင်ထားသောလက်ကို ဖြည်လျော့လိုက်ကာအလောင်းကိုမြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ သူသည် မျက်နှာပေါ်ရှိ သွေးများကို လက်ဖြင့် သုတ်လိုက်ကာ လျှာဖြင့်လျက်ကြည့်လိုက်၏။
''တကယ်ကို အရသာ မရှိတဲ့ အသွေးအသားပဲ...''
သူသည် စမ်းချောင်းလေး စီးဆင်းသွားရာ လမ်းကြောင်းအတိုင်း လှမ်းကြည့်လိုက်သည်။
ထိုစမ်းချောင်းသည် သူ့အတွက် လမ်းပြတစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆထားခြင်း ဖြစ်သည်။ သူ၏ပုံရိပ်သည် ဝိညာဉ်တစ်ကောင်ကဲ့သို့ ဝေဝါးသွားကာ မီတာအနည်းငယ်ခန့် အကွာအဝေးသို့ရောက်ရှိသွားသည်။
အထပ်တစ်ထောင် ဟင်းလင်းပြင်၏ ဖိနှိပ်မှုသည် သူ့အပေါ်၌ သက်ရောက်နေခြင်းပင် ဖြစ်သည်။
နောက်ထပ် မည်သည့်မျိုးနွယ်စုသည် ဤမိစ္ဆာ၏ လက်ချက်ဖြင့် ပျက်စီးသွားရဦးမည်ကိုမူ မည်သူမျှ မသိနိုင်ပါချေ။
...
ထိုအချိန်တွင် ဂူမုံမြက်ခင်းပြင်ကြီး၏ ဗဟိုချက်၌ လူဦးရေသန်းနှင့်ချီ၍ နေထိုင်ကြသော အလွန်ကြီးမားသည့် မဟာမျိုးနွယ်စုကြီးတစ်ခု ရှိနေသည်။ ထိုမဟာမျိုးနွယ်စု၏ ပတ်ဝန်းကျင်တွင် ကာကွယ်ရေးတပ်ဖွဲ့များကဲ့သို့ လူဦးရေ သိန်းနှင့်ချီသော မျိုးနွယ်စုကြီး ကိုးခုက ဝန်းရံထားကြသည်။
မဟာမျိုးနွယ်စု၏ အလယ်ဗဟို၌ ပြာလဲ့နေသော ရေကန်ကြီးတစ်ခု ရှိနေသည်။ ထိုရေကန်သည် မြက်ခင်းပြင်ကြီးပေါ်တွင် ဆင်ယင်ထားသော နီလာကျောက်မျက်ရတနာ တစ်ခုကဲ့သို့ပင် တောက်ပနေ၏။
ဤသည်မှာ ဂူမုံလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ဆိုင်လီမုအိုင် ပင် ဖြစ်သည်။ ထိုရေကန်ကို ဘိုးဘေးနတ်ဘုရား၏ နောက်ဆုံးကျခဲ့သော မျက်ရည်စက်ဟုလည်း တင်စားခေါ်ဆိုကြသည်။
ဤနေရာသည်ကား ဂူမုံမြက်ခင်းပြင်တစ်ခုလုံးတွင် အကြီးဆုံးသော မျိုးနွယ်စု ဖြစ်သကဲ့သို့ မျိုးနွယ်စုအားလုံး၏ အမြင့်ဆုံး အုပ်ချုပ်သူ ထျန်းခမ်း နေထိုင်ရာ အရပ်လည်း ဖြစ်သည်။ မျိုးနွယ်စုအတွင်း၌ ကြီးမားသော ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် လေးထောင့်ပုံစံ စင်မြင့်ပေါင်းများစွာ ရှိနေသည်။
အလယ်ဗဟိုရှိ စင်မြင့်တစ်ခုပေါ်၌ တောက်ပနေသော အလင်းတံခါးတစ်ခု ရှိနေကာ ကျန်ရှိသော စင်မြင့်များပေါ်တွင် ပုံသဏ္ဌာန် အမျိုးမျိုးရှိသည့် သစ်သားရုပ်ထုများကို စိုက်ထူထားသည်။ ထိုရုပ်ထုများသည် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် ထျန်းခမ်းများ၏ ပုံတူများ ဖြစ်သည်။
ဂူမုံမျိုးနွယ်စု၌ ထျန်းခမ်းအရိုက်အရာကို သားစဉ်မြေးဆက် ဆက်ခံခြင်း မရှိချေ။ ဘိုးဘေးနတ်ဘုရား၏ မျက်နှာသာပေးမှုကို အခံရဆုံးသော နတ်ဆရာများထဲမှသာ ရွေးချယ်တင်မြှောက်ကြခြင်း ဖြစ်သည်။
ဂူမုံတို့၏ ဘိုးဘေးနတ်ဘုရားသည် ထိုအလင်းတံခါးအတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ထားကြသည်။နတ်ဘုရားသည် ပြန်လည်ရောက်ရှိလာခြင်း မရှိတော့သော်လည်း စိတ်ရင်းမှန်ဖြင့် ဆုတောင်းပြီး နွား၊ သိုးတို့ဖြင့် ပူဇော်ပသပါက အလင်းတံခါးအတွင်းမှ စွမ်းအားအချို့ကို ပြန်လည် ရရှိနိုင်လေသည်။ သို့သော်လည်း နောင်လာနောက်သားများသည် ထိုတံခါးကို ဖြတ်ကျော်နိုင်စွမ်း မရှိကြချေ။ ဒဏ္ဍာရီများအရ ထိုတံခါးကို ဖြတ်ကျော်နိုင်သူသည် ဘိုးဘေးနတ်ဘုရားကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
ယခုအခါ ထိုအလင်းတံခါးကို ကိုးကွယ်ထားသော ကျောက်စင်မြင့်အောက်၌ ပုံရိပ်နှစ်ခု ရပ်နေကြသည်။ တစ်ဦးသည် ဝံပုလွေသားရေဝတ်စုံကို ဝတ်ဆင်ထားကာ ဦးခေါင်းထက်တွင် ဝံပုလွေ ဦးခေါင်းခွံဖြင့် ပြုလုပ်ထားသော သရဖူကို ဆောင်းထားသည်။ ထို့ပြင် သူ၏ကျောတွင် သစ်သားလေးကြီးကို လွယ်ထားကာ လက်ထဲ၌နတ်ဆရာတစ်ဦး၏အသွင်ဖြစ်သည့် တောင်ဝှေးကို ကိုင်ဆောင်ထားသည်။
သူသည်ကား လက်ရှိ ဂူမုံမျိုးနွယ်စု၏ ထျန်းခမ်း တစ်နည်း နတ်ဆရာအကြီးအကဲလည်း ဖြစ်သော ထန်ဂါ ပင် ဖြစ်သည်။ သူ၏ ဘေးတွင် ရှိနေသူသည် အခြားသူမဟုတ်ဘဲ ရှီမင် ပင် ဖြစ်သည်။
''ဆရာကြီး... သင်ဟာ အံ့ဖွယ်နိမိတ်တံခါးကို ဖြတ်ကျော်ချင်တာလား''
ထန်ဂါသည် ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်သည်။ ရှီမင်သည် သူ၏ အစွမ်းအစများကို ပြသခဲ့ပြီး ဖြစ်သဖြင့် သူတို့သည် ရှီမင်အား ဘိုးဘေးနတ်ဘုရားနှင့် ဆက်နွှယ်နေသူတစ်ဦးအဖြစ် ယုံကြည်ထားကြခြင်း ဖြစ်သည်။ ရှီမင်သည် ခေါင်းခါပြလိုက်၏။
''ငါက ငါ့ရဲ့ သခင်ကို စောင့်နေတာပဲ...''
''ငါ ဒီနေရာမှာပဲ သူ့ကို စောင့်နေရင်း မင်းတို့ရဲ့ မျိုးနွယ်စုကိုလည်း စောင့်ရှောက်ပေးမယ်...''
ရှီမင်သည် အလွန် ကံကောင်းသူဖြစ်ကာ မြက်ခင်းပြင်ကမ္ဘာအတွင်းသို့ ရောက်သည်နှင့် ဂူမုံမျိုးနွယ်စု၏ ဗဟိုချက်မအနီးတွင်ပေါ်လာခဲ့သည်။
သူသည် တစ်ကိုယ်တော် စွမ်းအားဖြင့် သံချပ်ကာမြင်းစီးစစ်သည် တစ်သောင်းကို နှိမ်နင်းပြခဲ့ပြီးနောက် ထန်ဂါ၏ ဖိတ်ခေါ်မှုကို ခံခဲ့ရလေသည်။
ရှီမင်တစ်ယောက် အလင်းတံခါးအတွင်းသို့ လက်တစ်ဖက်ဖြတ်သန်းပြသည်ကို မြင်တွေ့ရသောအခါ ထန်ဂါသည် သူ့ကို ဘိုးဘေးနတ်ဘုရား ကိုယ်ပွားအဖြစ် သတ်မှတ်ထားလိုက်တော့သည်။
ရှီမင်သည် ကျုံးရှန်၏နောက်သို့ လိုက်ပါလာပြီးနောက်ပိုင်းတွင် သတ်ဖြတ်လိုစိတ်များ များ လျော့ပါးသွားခဲ့ကာ သတ်ဖြတ်ခြင်းဖြင့် စွမ်းအားတိုးရန် မရည်ရွယ်တော့ချေ။ အကယ်၍ အမှောင်နတ်ဘုရားငယ်သာ ဤနေရာသို့ ရောက်ရှိလာပါက သွေးချောင်းစီးသတ်ဖြတ်မှုများစွာ ဖြစ်ပွားပေလိမ့်မည်။
''ဒါနဲ့... ငါ့အတွက် စစ်သည်တွေ သောက်တဲ့ အရက် ပိဿာချိန် တစ်သိန်း၊ အကောင်းဆုံး အမဲသား ပိဿာချိန် တစ်သိန်း၊ မြေဆီလွှာ ကောင်းမွန်တဲ့ မြေကြီး ပိဿာချိန် တစ်သိန်းနဲ့ မျိုးကောင်းမြင်းတွေ စားတဲ့ မြက်ပင် တစ်သိန်းကို ပြင်ဆင်ထားပေးပါ...''
ရှီမင်သည် ဂူမုံမြက်ခင်းပြင်၏ တန်ဖိုးရှိသော ပစ္စည်းများကို တောင်းဆိုလိုက်သည်။
ဤအရာများကို သခင်ဖြစ်သူ ကျုံးရှန်ထံ ဆက်သပါက သေချာပေါက် အသုံးဝင်လိမ့်မည်ဟု သူက ယူဆထားခြင်း ဖြစ်သည်။ ဤမြက်များနှင့် မြေကြီးများဖြင့် သခင်ဖြစ်သူသည် သူ၏ ကိုယ်ပိုင် မြင်းတပ်မတော်ကြီးကို တည်ထောင်နိုင်မည် ဖြစ်သည်။
''အဲဒီအတွက် အလဲအလှယ်အနေနဲ့ ငါက မင်းတို့ကို အဖိုးတန်တဲ့ အရာတွေ ပြန်ပေးမယ်..."
"နတ်ဘုရားဆန်စပါးတွေ၊ ရတနာသစ်ပင်တွေနဲ့ ဆေးဖက်ဝင် အပင်မျိုးစေ့တွေကို ပေးမယ်..."
"အသက်ရှည်စေတဲ့ ဆေးလုံးတွေ၊ ဗဟုသုတတွေ ပါဝင်တဲ့ စာအုပ်တွေနဲ့ လက်နက်ကိရိယာတွေ ပြုလုပ်နည်းတွေကိုလည်း သင်ပေးမယ်..."
"နောက်ပြီး မင်းတို့ကို ကျင့်စဉ်တွေကိုလည်း သင်ကြားပေးဦးမယ်...အဲဒီကျင့်စဉ်တွေကို ကျင့်ကြံပြီးရင် မင်းတို့က ပူဇော်ပသစရာ မလိုအပ်တော့ဘဲနဲ့ တိမ်စီးနိုင်တဲ့ အစွမ်းတွေကို ရလာကြလိမ့်မယ်...''
ထန်ဂါသည် ရှီမင်၏ တောင်းဆိုချက်များကို ခဏမျှ စဉ်းစားပြီးနောက် ဝမ်းမြောက်စွာဖြင့် သဘောတူလိုက်သည်။
ဂူမုံလူမျိုးများသည် လှည့်လည်သွားလာ နေထိုင်သူများ ဖြစ်သဖြင့် နည်းပညာနှင့် ကျင့်စဉ်ပိုင်း၌ အလွန်ပင် နောက်ကျနေကြလေသည်။ ရှီမင်၏ ကမ်းလှမ်းချက်သည် သူတို့အတွက် ငြင်းပယ်ရန် မဖြစ်နိုင်သော အခွင့်အရေးပင် ဖြစ်သည်။
''ဆရာကြီး ခဏစောင့်ပါဦး..."
"အသင်လိုချင်တဲ့ ပစ္စည်းတွေကို ကျွန်တော် အခုပဲ သွားပြီး စုဆောင်းခိုင်းလိုက်ပါ့မယ်...''
ထန်ဂါသည် ရင်ဘတ်ကို လက်ဖြင့်ထိကာ အရိုအသေပေးလိုက်ပြီးနောက် ပစ္စည်းများ ပြင်ဆင်ရန်အတွက် ထွက်ခွာသွားလေသည်။
ရှီမင်သည် ထိုနေရာ၌ တရားထိုင်ရင်း စောင့်နေလိုက်၏။ သူသည် ဤကမ္ဘာသို့ ရောက်ရှိလာချိန် တိုတောင်းသော်လည်း ရရှိထားသော သတင်းအချက်အလက်များမှာမူ အလွန်ပင် များပြားလှပေသည်။
သူသည် မြက်ခင်းပြင်၌ ကျင်းပလေ့ရှိသော နာဒါမ်ပွဲတော်အကြောင်းကိုလည်း သိရှိခဲ့ပြီးဖြစ်ရာ သူ၏ သခင် ကျုံးရှန်သည် သေချာပေါက် ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်နေလေ တော့သည်။