← Chapters

အခန်း (၂၅၈)

Vol. 26 Ch. 258

အခန်း (၂၅၈)

Vol. 26 Ch. 258

ကောင်းကင်တက်လှမ်းခြင်း မျှော်စင်၏ ပြင်ပလောကတွင် ဖြစ်ပျက်နေသော အကြောင်းအရာအမျိုးမျိုးနှင့် ပတ်သက်၍ ကျုံးရှန်သည် အနည်းငယ်မျှပင် သိရှိခြင်း မရှိချေ။ သူ၏ စရိုက်သဘာဝအရလည်း ထိုကဲ့သို့သော ပြဿနာများကို အရေးတယူ ပြုလုပ်မည် မဟုတ်ပေ။

ကျုံးရှန်၏ ရည်မှန်းချက်သည် အလွန်ပင် ရိုးရှင်းလှပြီး မျှော်စင်၏ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် မည်သည့်အရာကိုမျှ စိတ်မရောက်ဘဲ မိမိ၏ ရည်မှန်းချက်အပေါ်၌သာ အာရုံစူးစိုက်ထားလေသည်။

ငရဲမဟာကမ္ဘာကြီးအတွင်း၌ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးကဲ့သို့ ကံတရား၏ကျိန်စာဖိနှိပ်မှု မရှိသဖြင့် ကျုံးရှန်သည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ပင် လွတ်လပ်ပေါ့ပါးနေကာ ခေါင်းတီးယက်စ် နတ်ဘုရားနွယ်ပင်ကို ပိုင်ဆိုင်ခွင့် ရရှိခြင်းသည်ပင် လောကကို ဆန့်ကျင်နိုင်သော ကြီးမားလှသည့် ကံကောင်းခြင်းတစ်ခု ဖြစ်နေသည်။ အမှန်စင်စစ်တွင်လည်း ကျုံးရှန်သည် ကြီးမားသော ကံတရားကို ပိုင်ဆိုင်ထားသူတစ်ဦး မဟုတ်ပါက စနစ်တစ်ခုကို လက်ဝယ်ရရှိပြီး ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်သို့ ကူးပြောင်းလာနိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်၌ ရှိနေစဉ်တွင် ကံတရားကျိန်စာသည် သူ၏ ကျင့်စဉ်အဆင့်ကို တင်းကျပ်စွာ ဖိနှိပ်ပိတ်ဆို့ထားရုံသာမက သူ၏ ကံတရားအပေါ်၌လည်း သက်ရောက်မှု ရှိနေခဲ့သည်။ ထိုစဉ်က သူသည် အပြင်သို့ ထွက်၍ လေ့ကျင့်ရာတွင် ဆုလာဘ်များ ရရှိခဲလှပြီး မည်သည့် အခွင့်အရေးကောင်းမျှလည်း ကြုံကြိုက်ခဲ့ခြင်း မရှိချေ။

ဘေးဒုက္ခများနှင့် ကြုံတွေ့ရသောအခါတွင်လည်း ထိုဘေးများကို ဖြေရှင်းပြီးပါက မည်သည့် အကျိုးကျေးဇူးမျှ ရရှိခြင်း မရှိရာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။

ထိုမျှမက ထိုကျိန်စာသည် သူ တည်ထောင်ခဲ့သော ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအပေါ်၌လည်း သက်ရောက်မှု ရှိနေခဲ့သည်။ သူ၏ ဇနီးသည်များ၊ သားစဉ်မြေးဆက်များနှင့် သူ အားကိုးရသော တပည့်သာဝကများပင်လျှင် ဘေးဒုက္ခများကြောင့် သေဆုံးခဲ့ကြရခြင်းသည် ကျုံးရှန်အတွက် ကြီးမားသော နာကျင်မှု ဖြစ်ခဲ့ရသည်။

ဤသည်မှာ ကျုံးရှန်အနေဖြင့် ချင်ထျန်းတောင်ထိပ်၌ လောကကြီးကို ကျောခိုင်း၍ နှစ်ပေါင်း တစ်သန်းတိုင်အောင် တံခါးပိတ်ကျင့်ကြံခဲ့ရခြင်း၏ အခြေခံအကြောင်းရင်းပင် ဖြစ်သည်။

ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်၏ ကောင်းကင်ဘုံတာအိုများ ပြောင်းလဲခြင်း မရှိပါက ကျုံးရှန်အနေဖြင့် လောကထဲသို့ ခြေချသည်နှင့် ဆိုးရွားလှသော ကံဆိုးမှုများနှင့် ရင်ဆိုင်ရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ သားစဉ်မြေးဆက်များနှင့် အင်မော်တယ်တစ်သန်းတောင်တန်းအတွင်းရှိ ကျုံးရှန်နှင့် ပတ်သက်မှုရှိသော မိစ္ဆာသားရဲများပင်လျှင် ဆိုးရွားလှသော ကံကြမ္မာဆိုးများနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိ၏။

ငရဲကမ္ဘာအတွင်းသို့ ရောက်ရှိလာသောအခါတွင် သူ၏ ကံတရားသည် အလုံးစုံ ပြန်လည် နိုးထလာဟန် ရှိသော်လည်း ခန္ဓာကိုယ်အတွင်း၌ ကျင့်စဉ်အဆင့်ကို ပိတ်ဆို့ထားသော ကျိန်စာမှာမူ တည်ရှိနေဆဲ ဖြစ်သည်။ ကျုံးရှန်အနေဖြင့် ကောင်းကင်ဘုံသို့ သွားရောက်ပြီး ဒဏ္ဍာရီလာကျီကျိုက်အနှိုင်းမဲ့ခန္ဓာကိုယ် ကို ရှာဖွေကာ သူ၏ ခန္ဓာကိုယ်ကို မဟာတာအိုအဆင့်သို့ ဆင့်ကဲပြောင်းလဲနိုင်မှသာလျှင် ထိုကံတရားကျိန်စာ၏ ပိတ်ဆို့မှုကို တစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်မည် ဖြစ်သည်။

ယခုအခါ ကျုံးရှန်သည် ဟာဇက်မျိုးနွယ်စုအတွင်းရှိ တဲအိမ်တစ်ခုအတွင်း၌ ထိုင်နေသည်။ သူ၏ ရှေ့တည့်တည့်တွင် အရပ်အမြင့် နှစ်မီတာကျော် ရှိသော မြက်ခင်းပြင်မှ သန်မာသည့် ယောင်္ကျားကြီးတစ်ဦး ရှိနေသည်။

ထိုယောင်္ကျားကြီးသည် ဝံပုလွေသားရေ အင်္ကျီကို ဝတ်ဆင်ထားကာ ဦးခေါင်းတွင် နွားဦးခေါင်းခွံဖြင့် ပြုလုပ်ထားသော သံချပ်ကာဦးထုပ်ကို ဆောင်းထားသည်။

သူ၏ ဘေးတွင်မူ မြက်ခင်းပြင်၏ ဝံပုလွေဘုရင် တစ်ကောင် လှဲလျောင်းနေသည်။ ထိုဝံပုလွေကြီးသည် မျက်လုံးများကို မှိတ်ထားကာ အိမ်မွေးခွေးတစ်ကောင်ကဲ့သို့ အေးဆေးစွာ အိပ်မောကျနေလေ၏။

ထိုသန်မာလှသော မြက်ခင်းပြင်မှ ယောင်္ကျားကြီးသည် ယခုအခါ ကျုံးရှန်အား ရိုသေလေးစားစွာဖြင့် ဆက်ဆံနေသည်။ သူသည် စားပွဲပေါ်ရှိ ငွေရောင် အရက်ခွက်များအတွင်းသို့ နို့ဝိုင်နှင့် မုယောအရက်များကို ဖြည့်တင်းလိုက်သည်။

တဲအိမ်၏ အပြင်ဘက်တွင်မူ မွှေးပျံ့လှသော အမဲသားနှင့် သိုးသားခြေထောက်များကို ကင်နေကြသဖြင့် ထိုအသားကင်နံ့များသည် တဲအတွင်းသို့ ပျံ့လွင့်လာသည်။

''ဆရာကြီး... အရက်သောက်ပါဦး...''

''ကျွန်တော်တို့ ဟာဇက်မျိုးနွယ်စုရဲ့ ဧည့်ခံမှု ကမပြည့်စုံရင်လည်း ခွင့်လွှတ်ပေးပါ...''

ထိုသန်မာသော ယောင်္ကျားကြီးသည် ရိုသေစွာ ပြောဆိုလိုက်သည်။

ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းပြလိုက်ကာ သူ၏ မျက်နှာထက်၌ ကြင်နာတတ်သော အပြုံးတစ်ခု ပန်ဆင်ထားသည်။

''ခမ်းမင်က ကြင်နာလွန်းနေပါပြီ...''

''ကျွန်တော့်အတွက်တော့ဒီအရက်နဲ့ အသားတွေက အကောင်းဆုံး ဧည့်ခံမှုပါပဲ...''

ကျုံးရှန်၏ ဘေးတွင်မူ ကလေးငယ်လေး ဒါဒါသည် အသားများကို ငုံ့၍ အားပါးတရ စားသောက်နေကာ သူ၏ လက်နှစ်ဖက်လုံးတွင် အသားများမှ ဆီများဖြင့် စိုရွှဲနေသည်။

ဂူမုံမြက်ခင်းပြင်ကမ္ဘာသည် ရေနှင့်မြက်များ ပေါများလှကာ မျိုးနွယ်စုတိုင်း၌ နွား၊ သိုး၊ မြင်း အများအပြား ရှိသော်လည်း လတ်ဆတ်သော အသားများကိုမူ နေ့တိုင်း စားသောက်ခွင့် ရရှိခြင်း မဟုတ်ပေ။ ပုံမှန်အားဖြင့် မုယောမုန့်များ၊ နို့ထွက်ပစ္စည်းများနှင့် အသားခြောက်များကိုသာ အဓိက စားသောက်ကြရလေသည်။

''ဆရာကြီးက အရမ်းကို ယဉ်ကျေးတာပဲ...''

''ဆရာကြီးက လက်ညှိုးတစ်ချောင်းနဲ့တင် အရှိန်ပြင်းတဲ့ မြားကို တောက်ထုတ်နိုင်တဲ့ အစွမ်းရှိတာဆိုတော့... ဘိုးဘေးနတ်ဘုရားဆီက စွမ်းအားတွေကို ရထားတာ မဟုတ်လား...''

ဟာဇက်မျိုးနွယ်စု၏ ခမ်းမင်ဖြစ်သော ဂူလီကျိ သည် သိလိုစိတ်ဖြင့် တိုးတိုးလေး မေးမြန်းလိုက်သည်။

ဘိုးဘေးနတ်ဘုရားသည် ဂူမုံမြက်ခင်းပြင်ရှိ မျိုးနွယ်စုများ အဆက်ဆက် ကိုးကွယ်လာခဲ့သည့် နတ်ဘုရား ဖြစ်သည်။ ယခုလက်ရှိ မြက်ခင်းပြင်ပေါ်ရှိ မျိုးနွယ်စု အများစုသည် ထိုနတ်ဘုရား၏ ဖွဲစည်းမှုအောက်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ထိုဘိုးဘေးနတ်ဘုရားသည် ဂူမုံလူမျိုးများထဲတွင် တစ်ဦးတည်းသော အံ့ဖွယ်နိမိတ်တံခါးကို ဖြတ်ကျော်နိုင်ခဲ့သူ ဖြစ်၏။

မြက်ခင်းပြင်ကမ္ဘာ၏ လူမျိုးနွယ်စု ဒဏ္ဍာရီများအရ အံ့ဖွယ်နိမိတ်တံခါး၏ နောက်ကွယ်တွင် နတ်ဘုရားများ နေထိုင်ရာ ကမ္ဘာရှိပြီး သာမန်လူသားများအနေဖြင့် ထိုနေရာသို့ သွားရောက်နိုင်စွမ်း မရှိချေ။

နာဒါမ်ပွဲတော်၌ ပထမ၊ ဒုတိယနှင့် တတိယ ရရှိသောသူများသာလျှင် ပူဇော်ပသခြင်း အခမ်းအနားကို ပြုလုပ်ခွင့် ရရှိကြကာ ထိုသို့ ပူဇော်ပသခြင်းဖြင့် အံ့ဖွယ်နိမိတ်တံခါးအတွင်းမှ စီးဆင်းလာသော စွမ်းအားအချို့ကို ရရှိနိုင်လေသည်။

ထိုစွမ်းအားများကို ရရှိပါက ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်နိုင်ကာ မျိုးနွယ်စု၏ နတ်ဆရာ ဖြစ်လာနိုင်မည်ဖြစ်သည်။ ထို့နောက် မျိုးနွယ်စုအတွင်း၌ သြဇာအာဏာ ကြီးမားလာပြီး ခမ်းမင်ဟောင်း သေဆုံးသွားသောအခါတွင် ခမ်းမင်အသစ်အဖြစ် ရွေးချယ်ခံရနိုင်ပေသည်။

ဂူလီကျိကိုယ်တိုင်သည်လည်း နာဒါမ်ပွဲတော်မှတစ်ဆင့် အံ့ဖွယ်နိမိတ်တံခါး၌ ပူဇော်ပသခွင့် ရရှိခဲ့သူ ဖြစ်သည်။ သူသည် စွမ်းရည် နှစ်မျိုးကို ရရှိခဲ့ပြီး ပထမတစ်မျိုးသည် သူ၏ ခန္ဓာကိုယ်ကို သာမန်ထက် ပို၍ သန်မာစေခြင်း ဖြစ်ကာ ဒုတိယတစ်မျိုးသည် မြက်ခင်းပြင် ဝံပုလွေများနှင့် စကားပြောနိုင်သော စွမ်းရည် ဖြစ်သည်။

သူ၏ ဘေးရှိ ဝံပုလွေဘုရင်သည် ဟာဇက်မျိုးနွယ်စု အနီးတစ်ဝိုက်၌ ကျင်လည်ကျက်စားနေသော ဝံပုလွေအုပ်စု၏ ခေါင်းဆောင် ဖြစ်ကာ အရွယ်ရောက်ပြီးသော ဝံပုလွေ နှစ်ဆယ်ကျော်ကို အုပ်ချုပ်နေသူ ဖြစ်သည်။

ထိုဝံပုလွေဘုရင် တစ်ကောင်တည်းနှင့်ပင် သံချပ်ကာမြင်းစီးစစ်သည် ငါးဦးကို သတ်ဖြတ်နိုင်စွမ်း ရှိ၏။ လေး၊မြားများဖြင့် ဝိုင်း၍ ပစ်ခတ်ခြင်း မပြုပါက ထိုဝံပုလွေ၏ မြန်ဆန်လှသော အရှိန်ကို မည်သူမျှ လိုက်မမှီနိုင်ချေ။

ကျုံးရှန်သည် ဂူလီကျိ၏ မေးခွန်းကို ကြားရသောအခါ နက်နဲလှသော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။ သူသည် ဝန်ခံခြင်းလည်း မရှိသကဲ့သို့ ငြင်းဆိုခြင်းလည်း မပြုဘဲ သူ၏ ပုံရိပ်ကို ပို၍ လျှို့ဝှက်ဆန်းကြယ်သွားစေသည်။ ကျုံးရှန် တဲအတွင်းသို့ စတင်ဝင်ရောက်လာစဉ်တွင် ဂူလီကျိသည် ဝံပုလွေဘုရင်ကို လွှတ်၍ ကျုံးရှန်အား စမ်းသပ်ခဲ့သည်။

သို့သော်လည်း ထိုဝံပုလွေဘုရင်သည် ကျုံးရှန်၏ အနားသို့ မကပ်နိုင်ခင်၌ပင် သူ၏ လက်သီးချက် တစ်ချက်ကြောင့် လွင့်ထွက်သွားခဲ့ရသည်။

ကံကောင်းသည်မှာ တဲအပြင်ဘက်တွင် နူးညံ့လှသော မုယောရိုးပြတ်များ ရှိနေခြင်းနှင့် ကျုံးရှန်သည် အားလျှော့၍ တိုက်ခိုက်ခဲ့ခြင်းကြောင့်သာဖြစ်သည်။ ထိုသို့မဟုတ်ပါကထိုဝံပုလွေဘုရင်သည် ယခုအခါ အိပ်နေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင်အသက်ပျောက်သွားမည်ဖြစ်သည်။

ထိုအချိန်မှစ၍ ဝံပုလွေဘုရင်သည် ကျုံးရှန်ကို မြင်သည်နှင့် အမြီးကို ကပ်၍ ငြိမ်ကုပ်နေတော့ကာ ဂူလီကျိသည်လည်း များစွာ ထိတ်လန့်သွားရသဖြင့် ကျုံးရှန်အပေါ် မလေးမစား ပြုလိုသော အတွေးများကို တွေးဝံ့ခြင်းမရှိတော့ပေ။

''ဒါဆိုရင် ဆရာကြီးအနေနဲ့ ကျွန်တော်တို့ ဟာဇက်မျိုးနွယ်စုကို ကိုယ်စားပြုပြီး ဒီနှစ် နာဒါမ်ပွဲတော်မှာ ပါဝင်ပေးနိုင်မလား...''

''ကျွန်တော်တို့က ပွဲတော်ကရရှိမယ့် နွား၊ သိုးနဲ့ စစ်လက်နက် ပစ္စည်းတွေကိုပဲ ယူပြီး... အံ့ဖွယ်နိမိတ်တံခါးမှာ ပူဇော်ပသခွင့်ကိုတော့ ဆရာကြီးကို ပေးပါ့မယ်...''

''ဆရာကြီးရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ...''

ဂူလီကျိသည် မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းလိုက်သည်။

ဂူမုံမြက်ခင်းပြင်ရှိ ဒေသခံများသည် အသိဉာဏ် မရှိသူများ မဟုတ်ဘဲ အလွန် ဉာဏ်ကောင်းလှသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် ဂူလီကျိသည် ရိုးသားဖြူစင်ဟန် ရှိသော်လည်း အမှန်စင်စစ်တွင်မူ အုပ်ချုပ်သူတစ်ဦး၏ တွက်ချက်မှုများ ရှိနေလေသည်။

ကျုံးရှန်အနေဖြင့် ဤမြက်ခင်းပြင်အတွင်းသို့ ရောက်ရှိနေသည်မှာ နှစ်ရက်ခန့် ရှိပြီဖြစ်သည်။ ထူးခြားသည့် အရာဟူ၍ မတွေ့ရှိရသော်လည်း သူ၏ အာရုံကို ဆွဲဆောင်နိုင်သည့် အရာတစ်ချို့ရှိနေလေသည်။

ဂူမုံသံချပ်ကာမြင်းတပ်နှင့် မြေဆီလွှာ ကောင်းမွန်လှသော မြေကြီးများ။

ထို့ပြင် နာဒါမ်ပွဲတော်နှင့် အံ့ဖွယ်နိမိတ်တံခါးသည်လည်း ကျုံးရှန်အတွက် စိတ်ဝင်စားစရာ ဖြစ်နေသည်။ ကျုံးရှန်၏ ခန့်မှန်းချက်အရ ထိုအံ့ဖွယ်နိမိတ်တံခါးသည် နောက်ထပ် လှေကားထစ်သို့ သွားရာ လမ်းကြောင်း မဟုတ်ပါလျှင် အလွန် ထူးခြားသည့် ရတနာတစ်ခု ဖြစ်ရပေမည်။ မည်သို့ပင် ဖြစ်စေ ထိုအရာကို ရှာဖွေစူးစမ်းရန်မှာ ကျုံးရှန်အတွက် ထိုက်တန်လှပေသည်။

''ကောင်းပါပြီ... ငါလည်း နာဒါမ်ပွဲတော်ကို စိတ်ဝင်စားနေတာနဲ့ အတော်ပဲ...''

''အဲဒီ ဒဏ္ဍာရီလာ အံ့ဖွယ်နိမိတ်တံခါးကိုတွေ့ကြည့်ရသေးတာပေါ့...''

''နာဒါမ်ပွဲတော်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ခမ်းမင်က ငါ့ကို ရှင်းပြပါဦးလား...''

ကျုံးရှန်သည် မာန်မာန မရှိဘဲ ပေါ့ပါးစွာ ဖြင့်ဆိုလိုက်သည်။

သူ၏ စွမ်းအားအရ မျှော်စင်၏ဖိနှိပ်မှုများ ရှိနေသော်လည်း ဟာဇက်မျိုးနွယ်စုတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်းသုတ်သင်နိုင်စွမ်း ရှိပေသည်။ ဤသံချပ်ကာမြင်းစီးစစ်သည်များ၊ဝံပုလွေများနှင့် စကားပြောနိုင်သော ယောင်္ကျားကြီးသည် ကျုံးရှန်၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။

ကျုံးရှန်သည် သူ၏စကားကိုအလွယ်တကူ သဘောတူလိုက်သည်ကို မြင်ရသောအခါ ဂူလီကျိလည်း ဝမ်းမြောက်သွားရလေသည်။ သူသည် ယခုအခါ အသက်အရွယ် ကောင်းမွန်နေဆဲ ဖြစ်သော်လည်း သူ၏ မျိုးနွယ်စုအတွင်း၌ အားကိုးရလောက်သော စစ်သည်တော်များ မရှိသေးချေ။

သို့ဖြစ်ရာ ကျုံးရှန်နှင့် ပူးပေါင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်၏။ မြက်ခင်းပြင်ပေါ်တွင် လူသား၊ မိစ္ဆာ၊ နတ်ဘုရားဟူ၍ ခွဲခြားခြင်း မရှိဘဲ လူသားပုံသဏ္ဌာန် ရှိပါက ယုံကြည်စိတ်ချနိုင်သည်ဟု ယူဆထားကြသည်။

ကျုံးရှန်သာ နာဒါမ်ပွဲတော်၌ ထိပ်ဆုံးသုံးဦးစာရင်းဝင်နိုင်ပါလျှင် များပြားလှသော ဆုလာဘ်များကို ရရှိနိုင်မည် ဖြစ်ကာ ထိုဆုလာဘ်များဖြင့် မျိုးနွယ်စု၏ အင်အားကို ပိုမိုတောင့်တင်းလာစေရန်ပြုလုပ်နိုင်ပြီး သံချပ်ကာမြင်းစီးစစ်သည် အမြောက်အမြားကိုလည်း လေ့ကျင့်ပေးနိုင်မည် ဖြစ်သည်။

စားကျက်မြေများနှင့် နွား၊ သိုးများလည်း ပိုမို ရရှိလာမည်ဖြစ်ကာ ဟာဇက်မျိုးနွယ်စု၏ အင်အားသည် စည်းချက်ညီစွာဖြင့်ဘက်စုံဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။

ထိုအကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက အံ့ဖွယ်နိမိတ်တံခါး၌ ပူဇော်ပသခွင့်ကို ပေးလိုက်ရခြင်းသည် ပြောပလောက်သည့်အရာမဟုတ်တော့ပေ။

All Chapters