အခန်း (၂၅၉)
Vol. 26 Ch. 259
ဂူလီကျိသည် ဟာဇက်မျိုးနွယ်စု၏ ခမ်းမင်ဖြစ်သကဲ့သို့ မျိုးနွယ်စုအတွင်းရှိ နတ်ဆရာလည်း ဖြစ်သည်။ ထို့ပြင်သူသည် အံ့ဖွယ်နိမိတ်တံခါး၌ ပူဇော်ပသမှု ပြုလုပ်ပြီး ဆုလာဘ်များ ရရှိခဲ့ဖူးသူလည်း ဖြစ်၏။
သူ၏ အသိဉာဏ်သည် သူ၏ ကြမ်းတမ်းခက်ထန်သည့် အပြင်ပုံပန်းရုပ်ရည်နှင့်ဆုံးဖြတ်၍မရအောင်ပင် ထက်မြက်လှပေသည်။ ဤသည်မှာ ဂူလီကျိအပေါ် ကျုံးရှန်နားလည်လိုက်သည့်အမြင်ဖြစ်သည်။
လူနှစ်ဦးသည် စားပွဲကို အလယ်တွင် ထား၍ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြကာ တစ်မီတာခန့်သာ ကွာဝေးသည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် ကျုံးရှန်သည် ဝိညာဉ်အမျှင်တန်းများကို အသုံးပြု၍ တစ်ဖက်လူနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်စွမ်းရှိသည်။
သူ၏ရှေ့မှ ဂူလီကျိ၌ အံ့သြဖွယ် စွမ်းရည်အချို့ ရှိနေသော်လည်း ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ရှိ သာမန်လူသားများထက် ပို၍ အစွမ်းထက်ခြင်း မရှိချေ။ ဝိညာဉ်နှင့် စိတ်အာရုံကို ခုခံနိုင်စွမ်းတွင် သုညအဆင့်သာ ရှိလေသည်။
သူတို့နှစ်ဦး အပြန်အလှန် စကားပြောဆိုပြီးနောက် ကျုံးရှန်သည် မြက်ခင်းပြင် တစ်ခုလုံး၏ အခြေအနေကို ပိုမိုနားလည် သိရှိလာ၏။ သို့သော်လည်း ဝိညာဉ်မျှင်တန်းကို အသုံးပြု၍ တစ်ဖက်လူ၏ မှတ်ဉာဏ်အားလုံးကို တိုက်ရိုက် ရယူခြင်းက ပို၍ပင် ထိရောက်မည် ဖြစ်သည်။
သို့ဖြစ်ရာ ကျုံးရှန်သည် သူ၏ စိတ်အာရုံအချို့ကို အပ်ချည်မျှင်ကဲ့သို့ အမျှင်တန်းလေးများအသွင်ပြောင်းကာ ဂူလီကျိ၏ ဦးခေါင်းမှတစ်ဆင့်သူ၏ အသိစိတ်အတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်စေလိုက်သည်။
ထို့နောက်မည်သည့် အသံမျှ မထွက်ဘဲ ဂူလီကျိ၏ မှတ်ဉာဏ်များအားလုံးကို ဖတ်ရှုလိုက်လေသည်။ ဂူလီကျိတစ်ယောက် တစ်ခဏမျှ အာရုံလွင့်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း အခြားထူးခြားသော ဝေဒနာ ခံစားရခြင်း မရှိချေ။
မှတ်ဉာဏ်များကို ဖတ်ရှုပြီးနောက် ကျုံးရှန်သည် နာဒါမ်ပွဲတော်နှင့် အံ့ဖွယ်နိမိတ်တံခါးတို့၏ မြစ်ဖျားခံရာမူလအစအပါအဝင် မြက်ခင်းပြင်ကမ္ဘာ တစ်ခုလုံး၏ အကြောင်း ကို နားလည်သဘောပေါက်သွားသည်။ သူ၏ စိတ်အတွင်း၌ အရာအားလုံးသည် ရှင်းလင်းသွားကာ နားလည်သဘောပေါက်မှုတစ်ခုကို ခံစားလိုက်ရသည်။
နာဒါမ်ပွဲတော်သည် ဂူမုံလူမျိုးများ၏ ရှေးရိုးရာ ပွဲတော်တစ်ခုပင် ဖြစ်သည်။ နာဒါမ်ဟူသော စကားလုံးသည် ဂူမုံဘာသာစကားဖြင့် ဖျော်ဖြေမှု သို့မဟုတ် ကစားပွဲ ဟု အဓိပ္ပာယ်ရသည်။
ထိုပွဲတော်သည် ဂူမုံလူမျိုးများ၏ နေထိုင်မှု ဘဝတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကာ လူမျိုးများ၏ လိုအပ်ချက်အရ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ရှည်လျားလှသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားသည်။
ပွဲတော်ကျင်းပသည့် အချိန်တိုင်းတွင် ကြီးမားသော ပူဇော်ပသမှု အခမ်းအနားများကို ပြုလုပ်ကြသည်။ အမွှေးတိုင်များ ထွန်းညှိခြင်း၊ ဘုရားစာများ ရွတ်ဖတ်ခြင်းတို့ဖြင့် ဘိုးဘေးနတ်ဘုရားများက ဘေးအန္တရာယ်များကို ဖယ်ရှားပေးပြီး မျိုးနွယ်စု၏နောက်လာနောက်သားများကို ကာကွယ်စောင့်ရှောက်ပေးရန် ဆုတောင်းကြ လေသည်။
နာဒါမ်ပွဲတော်၏ အဓိက အစီအစဉ်များတွင် နပန်းသတ်ခြင်း၊ မြင်းပြိုင်ခြင်း၊ လေးပစ်ခြင်း၊ ရိုးရာကစားနည်း အမျိုးမျိုးနှင့် ရှေးခေတ်ဂူမုံလူမျိုးတို့၏ စစ်တုရင်ကစားနည်းများ ပါဝင်ပေသည်။ အချို့နေရာများတွင် ကိုယ်ခံပညာ ပြိုင်ပွဲ၊ မြင်းပေါ်မှ လေးပစ်ခြင်း၊ မြင်းစီးနင်းတိုက်ပွဲနှင့် အခြားအမျိုးမျိုးသော မြင်းစီးခြင်းဆိုင်ရာ ပြိုင်ပွဲများလည်း ကျင်းပလေ့ရှိသည်။
ဤသည်မှာ မြက်ခင်းပြင်ကမ္ဘာ၏ အထူး စုံညီပွဲတော် ဖြစ်ကာ မုယောစပါးများ မရိတ်သိမ်းမီ အချိန်တွင် ကျင်းပလေ့ ရှိသည်။ ထိုအချိန်သည် မြက်ခင်းပြင်၌ ရေနှင့်မြက် အကြွယ်ဝဆုံးအချိန်ဖြစ်ကာ အမဲလိုက်တိရစ္ဆာန်များပေါများပြီး ရာသီဥတု သာယာသော အချိန်လည်း ဖြစ်သည်။
ဂူမုံမြက်ခင်းပြင်ကြီး၌ မျိုးနွယ်စု ပေါင်း ၁၀၈ စု ရှိပြီး မျိုးနွယ်စုတိုင်းသည် ကိုယ်စားလှယ် တစ်ဦး စေလွှတ်၍ နာဒါမ်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ အကယ်၍ ထိပ်ဆုံး သုံးဦးစာရင်းဝင်ပါက ထိုမျိုးနွယ်စုသည် အံ့ဖွယ်နိမိတ်တံခါး၌ ပူဇော်ပသခွင့် ရရှိမည့်အပြင် နွား၊ သိုး၊ မြင်းနှင့် စစ်လက်နက် ပစ္စည်းများစွာကိုလည်း ဆုလာဘ်အဖြစ် ရရှိမည် ဖြစ်သည်။
ဂူလီကျိသည် လိမ်ညာပြောဆိုခြင်း မရှိချေ။ သူ၏ မျိုးနွယ်စုအတွင်း၌ ကောင်းမွန်သော စစ်သည်များ ရှိသော်လည်း ကျုံးရှန်ကဲ့သို့ လက်ညှိုးဖြင့် မြားကို တောက်ထုတ်နိုင်ခြင်းနှင့် ဝံပုလွေဘုရင်ကို ခြေတစ်ချက်ဖြင့် အောင်နိုင်ခြင်းမျိုးကိုမူ မည်သူမျှ မလုပ်ဆောင်နိုင်ကြချေ။
ကျုံးရှန် ပြသခဲ့သော စွမ်းအားအရ ပထမဆုကိုပင် ဆွတ်ခူးနိုင်သည့် အရည်အချင်း ရှိပေသည်။ သို့ဖြစ်ရာ သူသည်ကျုံးရှန်နှင့် စိတ်ရင်းအမှန်ဖြင့် ပူးပေါင်းလိုခြင်း ဖြစ်လေသည်။
ယခုနှစ်အတွက် နာဒါမ်ပွဲတော် ကျင်းပရန် ၁၀ ရက်သာ လိုတော့သည်ဖြစ်ပြီး မြက်ခင်းပြင် မြင်းများဖြင့် စီးနှင်းသွားမည်ဆိုပါက ၅ ရက် သို့မဟုတ် ၆ ရက်ခန့်အချိန်အတွင်း ရောက်ရှိနိုင်မည်ဖြစ်သည်။ ဂူလီကျိသည် လိုအပ်သောသတင်းအချက်အလက်များကိုပြောဆိုပြီးနောက် ဆက်လက်ပြောဆိုခြင်းမရှိတော့ဘဲ ငြိမ်သက်သွားသည်။
ဤသည်မှာ ဟာဇက် လူမျိုးများ၏ ရိုးသားမှုကို ဖော်ပြခြင်း ဖြစ်ကာ သန်မာသူကို ဦးစားပေးသောမျိုးနွယ်စု ဖြစ်ကြောင်း သိသာလှသည်။
စွမ်းအား ရှိလျှင် မည်သည့် အကောက်အကြံမျှ အသုံးဝင်မည် မဟုတ်ချေ။
ကျုံးရှန်သည်လည်း သူ့ရှေ့ရှိဟာဇက်လူမျိုးများအပေါ် စွမ်းအားသုံးပြီး အတင်းအကြပ်ဖိအားပေးခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။
''ဒါဆိုရင် ငါတို့ ထပ်ပြီးအချိန်မဖြုန်းကြတော့ရအောင်...''
ကျုံးရှန်သည် မတ်တတ်ရပ်လိုက်ကာ အလောတကြီး ပြောဆိုလိုက်သည်။
ကျုံးရှန်တစ်ယောက် ဤမျှ စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ဂူလီကျိလည်း အလွန် ဝမ်းမြောက်သွားကာ သူ၏ အမူအရာများသည်ပင် ပို၍ ယဉ်ကျေးဖော်ရွေလာသည်။
ကလေးငယ်လေး ဒါဒါတစ်ယောက်မှာမူ သိုးသားကင်ကို အားပါးတရ စားနေဆဲ ဖြစ်သည်။ ကျုံးရှန် မတ်တတ်ထရပ်သည်ကို မြင်သောအခါ သူလည်းလက်တစ်ဖက်မှ အသားကင်ကို ကိုင်ရင်းလိုက်ပါလာလေသည်။
သူ၏ အာရုံသည် အသားကင်ပေါ်၌သာ ရှိနေသော်လည်း ကျုံးရှန်၏ နောက်သို့ ကမ္ဘာကုန်သည်အထိ လိုက်မည့် ပုံစံမျိုး ပေါက်နေသည်။ ကျုံးရှန်သည် ဒါဒါကို ငုံ့ကြည့်ကာ ကလေးငယ်၏ ခေါင်းကို ပွတ်သပ်ရင်း စိတ်ဝင်တစား မေးမြန်းလိုက်သည်။
''ဘယ်လိုလဲ ဒါဒါ... အကိုနဲ့ လိုက်ဦးမှာလား...''
ဒါဒါသည် ထိုစကားကို ကြားသောအခါ ပါးစပ်ဘေးမှ ဆီများကို သုတ်လိုက်သည်။ ထို့နောက် ပါးစပ်အတွင်းရှိ အသားများကို အလောတကြီးမျိုချလိုက်ပြီး အလျင်အမြန် ပြန်ဖြေလာသည်။
''ဒါဒါက အကိုကျုံးရှန်နဲ့ လိုက်မှာပေါ့''
''အကိုက ဒါဒါ မြင်ဖူးသမျှထဲမှာ အသန်မာဆုံး စစ်သည်ပဲ''
''အကိုနဲ့အတူ နာဒါမ်ပွဲတော်ကို လိုက်သွားရင် ဒါဒါ အသားကင်တွေ စားရမှာပဲ''
''ဖေဖေနဲ့ မေမေက ပြောတယ်... အသားများများစားမှ မြန်မြန် ကြီးထွားမှာတဲ့''
'' 'ဒါဒါ ကြီးလာရင်လည်း နာဒါမ်ပွဲတော်မှာ ဝင်ပြိုင်ဦးမှာ' ''
ကလေးငယ်လေး ဒါဒါသည် တည်ကြည်စွာ ပြောဆိုလိုက်ကာ ယခုအချိန်၌ သူသည် ကျုံးရှန်ကို အလွန်ပင် ကြည်ညိုလေးစားနေပြီဖြစ်သည်။
သို့သော်လည်း ဒါဒါ တစ်ယောက်မသိရှိသည့်အချက်မှာ သူ အလွန် ကျယ်ပြောလှသည်ဟု ထင်ထားသော မြက်ခင်းပြင်ကြီးသည် ကျုံးရှန်အတွက်မူ ခဏတာ ဖြတ်သန်းသွားရမည့် ခရီးလမ်းလေး တစ်ခုသာ ဖြစ်သည်။
''ကောင်းပြီ... ဒါဆိုရင် ငါနဲ့ လိုက်ခဲ့လေ...''
ကျုံးရှန်လည်း ခေါင်းညိတ်လိုက်သည်။
ဂူလီကျိသည် ကျုံးရှန်တစ်ယောက် ထိုကလေးငယ်လေးကို သဘောကျနေသည်ကို မြင်သောအခါ အခွင့်အရေးကို အရယူ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။
''ကျွန်တော် သူ့အဖေနဲ့ အမေကို သွားပြောလိုက်ပါ့မယ်..."
"နာဒါမ်ပွဲတော်မှာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်တာကို တားမြစ်ထားတာဆိုတော့ လမ်းခရီးက ဘေးကင်းမှာ သေချာပါတယ်''
''အဲ့အတွက် ဒါဒါလေးကို အတွေ့အကြုံ ရအောင် ခေါ်သွားတာလည်း ကောင်းတာပေါ့..."
"နောင်တစ်ချိန်မှာ ကျွန်တော်တို့ မျိုးနွယ်စုအတွက် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်တာပဲလေ''
သဘောတူညီမှု ရရှိပြီးနောက် အားလုံးသည်တုံ့နှေးစောင့်ဆိုင်းခြင်းမရှိတော့ဘဲ နာဒါမ်ပွဲတော် ကျင်းပမည့်နေရာ ဖြစ်သည့် နတ်ဆရာအကြီးအကဲ ထျန်းခမ်း စံမြန်းရာ ဗဟိုမျိုးနွယ်စုဖြစ်သည့် ဟူဘီလိုင်း မျိုးနွယ်စုဆီသို့ ဦးတည်ထွက်ခွာလိုက်ကြတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် မြက်ခင်းပြင်ထက်တွင် မြင်းသုံးကောင် ပြေးလွှားနေကာသူတို့၏ နောက်မှ သံချပ်ကာ မြင်းစီးစစ်သည် ၂၄ ဦး ပါဝင်သော အဖွဲ့ငယ် နှစ်ဖွဲ့ လိုက်ပါလာသည်။ ထိုအထဲတွင် ကျုံးရှန်အား တားဆီးခဲ့ဖူးသော အာရှီလန်လည်း ပါဝင်ပေသည်။
....
ထိုအချိန်တွင် ဂူမုံမြက်ခင်းပြင်၏ နေရာအနှံ့အပြား၌ ငရဲကမ္ဘာမှ ပါရမီရှင်များ ကျပန်း ရောက်ရှိနေကြသည်။ အချို့သော မိစ္ဆာများသည် အထပ်တစ်ထောင်ဟင်းလင်းပြင်အလင်းတံခါးမှ မြက်ခင်းပြင်ကမ္ဘာ ပေါ်သို့ ခြေချမိသည်နှင့်ပင် သတ်ဖြတ်မှုများကို စတင်နေကြလေသည်။
သူတို့သည် မြက်ခင်းပြင်မှ သက်ရှိများကို ကျင့်စဉ် တိုးတက်ရန်အတွက် ကျင့်ကြံခြင်းအရင်းမြစ်များကဲ့သို့ သဘောထားကာ ရက်စက်စွာ သတ်ဖြတ်နေကြသည်။ ဂူချီရှာ ကဲ့သို့သော သူများသည် မြက်ခင်းပြင် ဒေသခံများအတွက် ဘေးဒုက္ခဆိုးကြီး ဖြစ်နေ၏။
အချို့မှာမူ ကျုံးရှန်ကဲ့သို့ပင် ဒေသခံများနှင့် ထိတွေ့ဆက်ဆံကာ ငြိမ်းချမ်းစွာ ဆက်သွယ်ခြင်းမှတစ်ဆင့် နာဒါမ်ပွဲတော်နှင့် မျှော်စင်၏လှေကားထစ် လမ်းကြောင်းဟု ယူဆရသော အံ့ဖွယ်နိမိတ်တံခါးအကြောင်းကို စုံစမ်း သိရှိလိုက်ကြရသည်။
ဥပမာအားဖြင့် ရွှယ်ဖုန်းအာ နှင့် လီလီဗီ တို့သည် ထိုသို့ လုပ်ဆောင်ခဲ့ကြလေသည်။ လီလီဗီအတွက်မူ ဤနေရာသို့ ရောက်ရှိလာခြင်းသည်ပင် အနည်းငယ် ခက်ခဲနေပြီဖြစ်သည်။ သူမသည် မိစ္ဆာနတ်ဘုရား အမြုတေ မရှိသေးသဖြင့် ဂူချီရှာ၊ ရွှယ်ဖုန်းအာတို့နှင့် စွမ်းအား ကွာဟချက်ရှိနေလေသည်။
မည်သို့ပင် ဆိုစေကာမူ ငရဲကမ္ဘာမှ မိစ္ဆာများသည် သတ်ဖြတ်ခြင်းဖြင့် သော်လည်းကောင်း၊ ဒေသခံမျိုးနွယ်စုများဖြင့် ဆက်သွယ်ခြင်းဖြင့် သော်လည်းကောင်း နာဒါမ်ပွဲတော် အကြောင်းကို သိရှိသွားကြကာ ဟူဘီလိုင်း မျိုးနွယ်စုဆီသို့ အသီးသီး ချီတက်လာနေကြသည်။
နောက်ဆုံးတွင် နာဒါမ်ပွဲတော်၌ သူတို့ အားလုံး ဆုံတွေ့ကြရမည် ဖြစ်ရာ သွေးချောင်းစီးမည့် တိုက်ပွဲကြီးတစ်ခု မကြာခင်ဖြစ်ပွားလာပေတော့မည်။