အခန်း (၂၆၀)
Vol. 26 Ch. 260
ကျုံးရှန်တို့လူစုသည် ခရီးလမ်းတစ်လျှောက်တွင် ရပ်နားလိုက်၊ ဆက်သွားလိုက်ဖြင့် ခရီးနှင်နေကြသည်။ သူတို့သည် ရံဖန်ရံခါတွင် မြန်မြန်ဆန်ဆန် ခရီးနှင်ကြကာ တစ်ချို့နေရာများတွင် အရှိန်နှေးသွားလေသည်။ မြင်းများ အနားရစေရန်နှင့် မြက်စားနိုင်ရန်အတွက် ခေတ္တခဏ ရပ်နားခြင်းမျိုးလည်း ရှိနေလေ၏။
ဤသည်မှာ အလွန်ပင် အေးချမ်းသာယာပြီး ပေါ့ပါးလွတ်လပ်သော ခရီးစဉ်တစ်ခုပင် ဖြစ်သည်။
မြက်ခင်းပြင်ကမ္ဘာ၏ ရှုခင်းများသည် အလွန်ပင် သာယာလှပလွန်းပေသည်။ ပြာလွင်သော ကောင်းကင်ယံအောက်၌ ဖြူလွှလွှ တိမ်တိုက်များ ရှိနေကာ မြေပြင်ရှိအရပ်မျက်နှာတိုင်းသည် စိမ်းလန်းစိုပြေသော မြက်ခင်းပြင်များဖြင့် ပြည့်နှက်နေသည်။
ခရီးတစ်လျှောက်တွင် ကျုံးရှန်သည် နွားချိုဖြင့် ပြုလုပ်ထားသော ခွက်တစ်ခွက်ကို ကိုင်ကာ အတွင်းရှိ နို့ဝိုင်များကို အားပါးတရ သောက်သုံးနေသည်။ သူ၏ စိတ်အတွင်း၌ သက်ရှိများ၊ ကောင်းကင်ဘုံတာအို၊မဟာကမ္ဘာနှင့် ကမ္ဘာငယ်တို့အကြားရှိ ဆက်နွှယ်မှုအပေါ် နားလည်သဘောပေါက်မှုအချို့ ရရှိလာပေသည်။
'လူတိုင်းက ဖန်တီးရှင်ပဲ... လူတိုင်းက တာအိုပဲ... လူတိုင်းက ကံတရားပဲ...'
သူသည် ကျင့်စဉ်စဉ်းစားဆင်ခြင်နေခြင်းဖြစ်သည်။
ဖန်တီးမှု၊ တာအိုနှင့် ကံတရားဟူသည် အနုစိတ်သော အမြင်ဖြင့် ကြည့်မည်ဆိုပါက တစ်ဦးချင်းစီသော သက်ရှိများဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။
ထိုသက်ရှိများသည် အလွန်ပင် အားနည်းသူများ ဖြစ်နိုင်သည်။ မျက်တောက်တစ်ခပ်မျှအချိန်တွင်းသေဆုံးသွားနိုင်သော သက်ရှိများလည်းဖြစ်နိုင်သည်။ သို့သော်လည်း အားနည်းလှသည်ဟု ထင်ရသော ထိုသက်ရှိများ၏ အပြုအမူ၊ သူတို့၏ ပေါင်းသင်းဆက်ဆံရေး၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်းများသည်သာလျှင် အရာအားလုံး၏ ရလာဒ်ကို ဆုံးဖြတ်ပေးနေခြင်း ဖြစ်သည်။
ကံကြမ္မာပင်ဖြစ်စေ၊ ကောင်းကင်ဘုံတာအိုပင်ဖြစ်စေ အရာအားလုံးသည် ထိုသို့ပင် ဖြစ်၏။ သက်ရှိတိုင်း၌ မိမိတို့၏ တာဝန်ဝတ္တရားများ ရှိကြကာ ရံဖန်ရံခါတွင် မိမိ၏ ကံကြမ္မာကို ပြောင်းလဲနိုင်သော ထူးခြားသူများ ပေါ်ထွက်လာတတ်ပေသည်။ ထိုသည်ကပင် အကန့်အသတ်မရှိသော ဖြစ်နိုင်ခြေများ ဖြစ်သည်။
အားနည်းသောသက်ရှိများ။
ဖရိုဖရဲဖြစ်မှုမှ မွေးဖွားလာသည့် အရာအာလုံး၏ ကိုယ်ပိုင်တာဝန်ဝတ္တရားများ။
မရေမတွက်နိုင်သော သက်ရှိများ၏ ကန့်သတ်ချက်မဲ့ တိုးတက်ပြောင်းလဲနိုင်မှု။
ကျုံးရှန်သည် ဖြည်းညှင်းစွာ စဉ်းစားဆင်ခြင်ခြင်း ဖြင့်သူ၏ စိတ်အတွင်းရှိ ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်းတာအို ဆန္ဒသည်ပို၍ ပြင်းထန်လာသည်။
တစ်ချိန်တည်း၌ပင် ဤဂူမုံမြက်ခင်းပြင်ကြီးနှင့် ပတ်သက်၍လည်း သူ၏စိတ်ထဲ၌ အကြံအစည်များ ရှိလာပေသည်။
ကောင်းကင်တက်လှမ်းခြင်း မျှော်စင်၏ အထပ်တိုင်းရှိ ကမ္ဘာများသည် တစ်ခုနှင့်တစ်ခု တူညီမှုမရှိကြဘဲ နှစ်ပေါင်း သန်းချီတိုင်းတွင် တစ်ကြိမ် ပြန်လည်၍ အသစ်ဖြစ်သွားလေ့ ရှိသည်။ ယခုတစ်ကြိမ်တွင်လည်း မည်သူမျှ ထိပ်ဆုံးသို့ မရောက်ရှိနိုင်ပါက ဆယ်နှစ်ပြည့်သောအခါ ဤမြက်ခင်းပြင်ကမ္ဘာသည်လည်း ပြန်လည်၍ အသစ်ဖြစ်သွားပေလိမ့်မည်။
ကျုံးရှန် စုဆောင်းရရှိထားသော သတင်းအချက်အလက်များအရ ငရဲကမ္ဘာ၌ ပြောစမှတ် ပြုကြသည့်ဆိုရိုးတစ်ခုရှိသည်။ တစ်စုံတစ်ယောက်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ထိပ်ဆုံးသို့ ရောက်ရှိကာ ပြီးပြည့်စုံသော ကောင်းကင်တက်လှမ်းခြင်းတာအိုကို နားလည်သဘောပေါက်သွားပါက မျှော်စင်သည် နောက်ထပ်တစ်ကြိမ် ပွင့်လာတော့မည် မဟုတ်ဘဲ ထိုသူ၏ ဆုလာဘ်အဖြစ် တည်ရှိသွားမည် ဖြစ်သည်။
မျှော်စင်၏ အဆင့်အတန်းအရ စစ်မှန်သော နတ်ဘုရားအဆင့်သို့ ရောက်ရှိသူသည်ပင်လျှင် ဤမျှော်စင်၏ စွမ်းအားအားလုံးကို အသုံးချနိုင်ရန် ခက်ခဲပေလိမ့်မည်။ အကယ်၍ သူကိုယ်တိုင် ထိပ်ဆုံးသို့ တက်လှမ်းနိုင်ပါက ဂူမုံမြက်ခင်းပြင်ရှိ အရာအားလုံးကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
ထိုအခါ ဤနေရာကို ပြုပြင်ပြောင်းလဲပြီး မျှော်စင်အတွင်းရှိ ကန့်သတ်ချက်များကို ဖယ်ရှားပစ်မည် ဖြစ်သည်။ တစ်ချိန်တည်း၌ပင် ဝိညာဉ်စွမ်းအားများကို သွင်းပေးကာ စစ်ပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး ကျင့်စဉ်များကို သင်ကြားပေးမည်။
ဝိညာဉ်စွမ်းအားများ နိုးထလာသော ခေတ်ကို ဖန်တီးပြီး ဂူမုံလူမျိုးနွယ်စုများကို ကျင့်ကြံသူများ ဖြစ်လာစေမည်။ ထိုသို့ နှစ်ပေါင်း တစ်သောင်းခန့် ပြုပြင်ပြောင်းလဲလိုက်ပါလျှင် ဂူမုံမြက်ခင်းပြင်ရှိ သက်ရှိများသည် ပြောင်းလဲသွားမည်ဖြစ်ကာ မြက်ခင်းပြင် မြင်းများသာမက ဝံပုလွေများ၊ တောဝက်များနှင့် မြေခွေးများသည်လည်း ပို၍ သန်မာသော မိစ္ဆာသားရဲများ အဖြစ် ဆင့်ကဲပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအခါ သူသည် အလွန်အမင်း အင်အားကြီးမားသော မြင်းစီးတပ်ဖွဲ့ကြီးကို ဖွဲ့စည်းနိုင်ပေလိမ့်မည်။
ကျုံးရှန်အနေဖြင့် အဆင့်မြင့် မြင်းစီးစစ်သည် တစ်သိန်းခန့်ကို လေ့ကျင့်ပေးပြီး ထိုသူတို့အား အကောင်းဆုံးသော လက်နက်ကိရိယာများ တပ်ဆင်ပေးထားသည်ကို မြင်ယောင်ကြည့်နေသည်။ အကောင်းဆုံးသော လေးမြားများ၊ ချပ်ဝတ်တန်ဆာများနှင့် ဓားရှည်များကို ကိုင်ဆောင်ကာ စစ်ဗျူဟာများကို အသုံးချမည်ဆိုပါက ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ရှိ မည်သည့် အင်အားစုကိုမဆို နင်းချေနိုင်လိမ့်မည်ဖြစ်သည်။
ထိုမြင်းစီးစစ်သည်တို့၏ မြင်းခွာသံများအောက်၌ အရာအားလုံးသည် အသားစများကဲ့သို့ ကြေမွသွားရပေလိမ့်မည်။
'လေးကို အစွမ်းကုန်ဆွဲပြီး အနောက်မြောက်ရဲ့ ဝံပုလွေနတ်မင်းကို ပစ်ခတ်မယ်...'
ရှေးဟောင်းခေတ် ဧကရာဇ်များထဲတွင်လည်း မြင်းစီးတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့သူများ ရှိသည်။ သို့သော် ထိုမြင်းစီးတပ်ဖွဲ့အများစုသည် အတိုင်းအတာအားဖြင့် ကြီးမားမှုမရှိလှချေ။
ဥပမာအားဖြင့် အနောက်ပိုင်းချူစစ်ဘုရင်မင်း၏ လုံဖန် မြင်းစီးတပ်ဖွဲ့သည် မြင်းစီးစစ်သည် တစ်ထောင်ခန့်သာ ရှိ၏။ သို့သော်လည်းထိုအင်အားဖြင့်ပင် လောကကို အောင်နိုင်လုနီးပါး ဖြစ်ခဲ့လေသည်။
စစ်သည်များကိုပျိုးထောင်ခြင်း။
ဤအလုပ်သည်လွယ်ကူသောအလုပ်မဟုတ်ဘဲ စစ်သည် တစ်သိန်းခန့်ကို ပျိုးထောင်ရန်သည် သာမန်တပည့် သုံးသိန်းကို ပျိုးထောင်ရသည်ထက် အရင်းအမြစ် ပို၍ ကုန်ကျပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စစ်သည်များအပြင် မြင်းများ၊ လက်နက်များနှင့် ချပ်ဝတ်များအတွက် ကုန်ကျစရိတ်များမှာ အနည်းကျဉ်းမျှမဟုတ်ရာ အသေအချာစဉ်းစားတွက်ချက်ရန်လိုအပ်ပေသည်။
ကျုံးရှန်သည် မျှော်လင့်ချက်များဖြင့် စဉ်းစားခန်းဝင်နေသည်။
သို့သော် သူ မသိရှိသည်မှာ ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ရှိ ဝမ့်ချွမ်းလှေကို စီးနှင်း၍ ပျောက်ကွယ်သွားသော သားရဲတပ်ဖွဲ့ကြီးသည် ယခုအခါ မိစ္ဆာနတ်ဘုရား ဒါဇင်ကျော်နှင့် သူတော်စင်မိစ္ဆာအဆင့် စစ်သည် တစ်သိန်းကျော် ပါဝင်သည့် ကြောက်မက်ဖွယ် အင်အားစုကြီး ဖြစ်နေပြီပင် ဖြစ်သည်။ သူတို့သည် အစစ်အမှန်နတ်ဘုရားများ မဖြစ်ကြသေးသော်လည်း ထိုသည်ကပင် အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
ထိုအင်အားစုသည် ဟင်းလင်ပြင်အတွင်းရှိ မျိုးနွယ်ခြားအသီးသီးမှ စစ်မှန်သော နတ်ဘုရားများ၏ အာရုံစိုက်မှုကိုပင် ရရှိနေခဲ့ပြီဖြစ်သည်။ ထိုမျိုးနွယ်ခြား နတ်ဘုရားတို့အတွက်မူ ကျုံးရှန်၏ မိစ္ဆာသားရဲများသည် စစ်သည်များအဖြစ်သာမက သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်များသည်လည်း ရတနာများ ဖြစ်နေသည်။
မိစ္ဆာသားရဲတပ်ဖွဲ့ကြီးသည် အသက်ရှင်နေသော ရတနာတိုက်ကြီးကဲ့သို့ ဖြစ်နေသဖြင့် ဆေးဖော်စပ်ရန် သော်လည်းကောင်း၊ လက်နက် ပြုလုပ်ရန် သော်လည်းကောင်း အလွန်ပင် အသုံးဝင်ပေလိမ့်မည်။ သို့သော် ကံမကောင်းသည်မှာ ထိုသားရဲများသည် ကျုံးရှန်နှင့် ချင်ထျန်းတောင်ထိပ်ရှိ သက်ရှိများအပေါ်၌သာ သစ္စာရှိကြသဖြင့် မည်သူမျှ လက်ဖျားနှင့်ပင် မတို့ရဲကြချေ။
ကျုံးရှန်အနေဖြင့် ငရဲကမ္ဘာမှ ကိစ္စများကို ဖြေရှင်းပြီး ကံတရားကျိန်စာ၏ ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ရန်သာ လိုအပ်ပေသည်။ ကံတရား၏ကျိန်စာကိုအောင်မြင်စွာ ဖြေရှင်းနိုင်ပါက သူသည် သူတော်စင်အဆင့် သို့မဟုတ် နတ်ဘုရားအဆင့်သို့ အမှန်တကယ်ဝင်ရောက်နိုင်လိမ့်မည် ဖြစ်၏။
ထိုအခါ သူ၏ မူလအစကမ္ဘာသည်လည်း ငရဲကမ္ဘာ၌ အခြေခိုင်သွားမည် ဖြစ်ကာ မျှော်စင်မှတစ်ဆင့် ကောင်းကင်ဘုံနှင့် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်သို့ ဆက်သွယ်နိုင်သော လမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။
ကမ္ဘာနှစ်ခုကို ချိတ်ဆက်ခြင်း။
ကျုံးရှန်၏ စွမ်းအားနှင့်ဆိုပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ ကံတရားကျိန်စာ၏ဖိနှိပ်မှုများမရှိတော့လျှင် ငရဲကမ္ဘာမှ မိစ္ဆာအရှင်သခင်များသည် သူ၏ ပြိုင်ဘက် မဟုတ်တော့ချေ။
ထို့ပြင် သူ့၌ ရှိသည့် ရတနာများသည်လည်း ယင်းတို့၏ စွမ်းအားကို အပြည့်အဝ ပြသနိုင်ပေလိမ့်မည်ဖြစ်ရာ ကျုံးရှန်သည် ငရဲမဟာကမ္ဘာကြီး၏ ကမ္ဘာငယ် အမြောက်အမြား၌ သူ၏ နဂါးမဲ့နှလုံးသားကျင့်စဉ်မှ မူလဇစ်မြစ်နတ်ဘုရားသန္ဓေသားမျိုးစေ့များ စိုက်ပျိုးကာ အကန့်အသတ်မရှိသော စွမ်းအားများကို ရယူနိုင်ပေလိမ့်မည်။ ကျုံးရှန်တစ်ယောက် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်သို့ ပြန်သွားသောနေ့သည် လောကကို အုပ်စိုးမည့်နေ့ပင် ဖြစ်ပေလိမ့်မည်။
သို့သော် ထိုအရာများ ဖြစ်လာရန်အတွက် ရှည်လျားသော လမ်းခရီးကို သွားရဦးမည် ဖြစ်ပြီး မရေတွက်နိုင်သော ရန်သူများနှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရဦးမည် ဖြစ်သည်။ ကျုံးရှန်သည် ခရီးနှင်ရင်းဖြင့် စီမံကိန်းများကို စတင်ရေးဆွဲနေလေသည်။
ကြောက်စရာအကောင်းဆုံးအရာသည် အားနည်းခြင်း မဟုတ်ဘဲ အနာဂတ်ကို မမြင်ရသော မျှော်လင့်ချက်မဲ့ခြင်းသာ ဖြစ်သည်။ အနာဂတ် ရှိနေသရွေ့ ပိုမိုသန်မာလာရန်အတွက် တွန်းအားများ ရှိနေမည် ဖြစ်ကာ မလျော့သောဇွဲဖြင့် ဆက်လက်ကြိုးစားနေရပေမည်။
ဂူမုံမြက်ခင်းပြင်၏ အချိန်သည် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးနှင့် တူညီခြင်းမရှိချေ။ နေ့အလင်းရောင် သုံးရက် ကုန်ဆုံးပြီးမှသာ ညတစ်ကြိမ် ရောက်ရှိလာလေ့ ရှိ၏။
ကျုံးရှန်တို့အဖွဲ့သည် ခြောက်ရက်မြောက်သော နေ့အလင်းရောင် ကုန်ဆုံး၍ ညမှောင်ရီပျိုးချိန်တွင် ဂူမုံမြက်ခင်းပြင်၏ ဗဟိုချက်သို့ ရောက်ရှိလာကြလေသည်။ ထိုနေရာသည် ထျန်းခမ်း သို့မဟုတ် ကောင်းကင်ခမ်းမင် စံမြန်းရာ မျိုးနွယ်စုကြီး ဖြစ်သော ဟူဘီလိုင်း မျိုးနွယ်စု၏ အပြင်ဘက်ပိုင်နက်နယ်မြေပင် ဖြစ်သည်။
ဤမျိုးနွယ်စုကြီး၏ ပိုင်နက်နယ်မြေအကျယ်အဝန်းသည် ဟာဇက်မျိုးနွယ်စုထက် အနည်းဆုံး ဆယ်ဆခန့် ပို၍ ကြီးမားပေသည်။ နယ်မြေအတွင်း၌ ကြည်လင်သော မြစ်အချို့ ကွေ့ဝိုက်တွေ့ဆုံနေကြကာ မျိုးနွယ်စု၏အလယ်ဗဟို၌ ပြာလွင်သော အိုင်ကြီးတစ်ခု ရှိနေသည်ကိုလည်း ကျုံးရှန် မြင်တွေ့လိုက်ရပေသည်။
တဲအိမ် အရေအတွက်သည်လည်း များပြားလှပြီး မျိုးနွယ်စု၏ အပြင်ဘက်တွင် သံချပ်ကာ မြင်းစီးစစ်သည် အဖွဲ့ငယ် ရာပေါင်းများစွာ ကင်းလှည့်နေကြသည်။
ဟူဘီလိုင်း မျိုးနွယ်စုအတွင်းသို့ ဝင်ရောက်ခြင်းမပြုမီ ဂူလီကျိနှင့် ဒါဒါအပါအဝင် အနောက်မှ လိုက်ပါလာသော သံချပ်ကာ စစ်သည် ၂၄ ဦးတို့သည် မြင်းပေါ်မှ ဆင်းလိုက်ကြ၏။ သူတို့သည် ဝေးလံသော နေရာမှ မျိုးနွယ်စုကြီးရှိရာအရပ်ကို ကြည်ညိုစွာဖြင့် ဦးညွှတ်ရှိခိုးကာ ပူဇော်နေကြခြင်းဖြစ်သည်။
ကျုံးရှန်တစ်ယောက်သာ မတ်တတ်ရပ်၍ ကြည့်နေခဲ့လေသည်။ ဂူလီကျိသည်လည်း ထိုအရာကို အရေးယူ ပြစ်တင်ပြောဆိုခြင်း မရှိချေ။ သူတို့အဖွဲ့သည် မြင်းပေါ် ပြန်တက်ကာ ဆက်လက် ခရီးနှင်လိုက်ကြပြန်သည်။
မကြာခင်တွင် သူတို့သည် ဟူဘီလိုင်း မျိုးနွယ်စု၏ ကင်းလှည့်မြင်းစီးတပ်ဖွဲ့များနှင့် ဆုံတွေ့လိုက်ကြလေသည်။
''ရပ်လိုက်..."
"မင်းတို့ မျိုးနွယ်စုရဲ့ အမှတ်အသားကို ပြပါ...''
ထိုမြင်းစီးစစ်သည်များသည် ကျုံးရှန်တို့အဖွဲ့၏ ရှေ့၌ တားဆီးကာ ပြောဆိုလိုက်၏။ သူတို့၏ အမူအရာသည် အလွန်ပင် တင်းမာခက်ထန်နေကာ တစ်ခုခုအမှားအယွင်းရှိလာပါက လက်နက်များ ထုတ်၍ တိုက်ခိုက်တော့မည့် ပုံစံမျိုးပင်ဖြစ်သည်။
''ငါက ဟာဇက်မျိုးနွယ်စုရဲ့ ခမ်းမင် ဂူလီကျိပါ..."
"ဒီလူတွေက ငါ့မျိုးနွယ်စုက လူတွေပဲ...''
ဂူလီကျိသည် ပြောဆိုလိုက်ပြီးနောက် သူ၏ ရင်ဘတ်အတွင်းမှ ဝံပုလွေပုံပါသော တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။
ထိုမြင်းစီးစစ်သည်များသည် တံဆိပ်ပြားကို မြင်သောအခါမှ တင်းမာနေသောအမူအရာများအနည်းငယ်လျှော့ကျသွားသည်။
''လေးစားအပ်တဲ့ ခမ်းမင်... အတွင်းကို ဝင်ပါ...''
မြင်းစီးစစ်သည်များသည် ဘေးသို့ကပ်ပေးကာ ကျုံးရှန်တို့အဖွဲ့သွားရန်အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
သို့သော် ဂူလီကျိသည် ချက်ချင်း ထွက်မသွားသေးဘဲ မေးမြန်းလိုက်၏။
''အရင်တုန်းက ပွဲတော်တွေမှာ ဒီလောက်အထိ လုံခြုံရေး မတင်းကျပ်ပါဘူး..."
"အခု ဘာတွေ ဖြစ်နေတာလဲ...''
သူ၏ သံသယဖြင့် အမေးစကားထွက်ပေါ်လာလျှင် ကင်းလှည့်မြင်းစီးစစ်သည်များ၏ မျက်နှာထက်၌ ဒေါသထွက်သော အမူအရာများ ပေါ်ထွက်လာတော့သည်။
Thank For Reading.