အခန်း (၂၅၂)
Vol. 26 Ch. 252
''အမှောင်နတ်ဘုရားငယ်... မင်းက ငါတို့ခုနစ်ယောက်ရဲ့ ဩဇာအာဏာကို စိန်ခေါ်ချင်တာလား''
ခန့်ညားထည်ဝါသော အသံတစ်သံသည် အမှောင်နတ်ဘုရားငယ်၏ စိတ်ဝိညာဉ်အတွင်းသို့ဝင်ရောက်လာသည်။
''ဟမ့်''
အမှောင်နတ်ဘုရားငယ်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်လျှင် သူ၏ ရင်ဘတ်အတွင်းရှိအမှောင်စွမ်းအားများ လှုပ်ရှားသွားသည်။ သူ၏နှလုံးခုန်သံသည် ဆန်းပြားသော စည်းချက်တစ်ခုအဖြစ် ထွက်ပေါ်လာကာ လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါး၏ အသံစွမ်းအင်များ၏ လွှမ်းမိုးခံရမှုမှ ကာကွယ်ထားလိုက်သည်။
အမှောင်နတ်ဘုရားငယ်သည် ထိုခုနစ်ဦး၏ သတိပေးချက်ကို လုံးဝ ဂရုမစိုက်ဘဲ ရှိနေခြင်းပင်ဖြစ်သည်။
''ဟမ့်... ဒီကောင်က... ကောင်းကင်ဘုံရဲ့ အနိမ့်အမြင့်ကိုတောင် မသိတဲ့အရူးပဲ''
''ထားလိုက်ပါ... သူ့သဘောအတိုင်း လွှတ်ထားလိုက်..."
"အမှောင်နတ်ဘုရားတစ်ယောက် တာအိုနဲ့ ပေါင်းစည်းပြီးသွားကတည်းက သူ့ကိုကောင်းကင်တာအိုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်လို့ရနေပြီလေ"
"ဒီကောင်စုတ်လေး အကြောက်အလန့်ကင်း နေတာ မဆန်းပါဘူး''
''သူ့ကို ဂရုစိုက်မနေကြနဲ့တော့... မဟာပိတ်ဆို့ခြင်းအစီအရင် ခင်းလိုက်ကြစို့... ကျုံးရှန်ကို အလွတ်ပေးလို့မဖြစ်ဘူး..."
....
ကျုံးရှန်သည် ပြင်ပလောကရှိ အခြေအနေများအားလုံးကို လုံးဝ မသိရှိသေးပေ။ လွတ်မြောက်ခြင်းအဆင့် အရှင်သခင် ခုနစ်ပါး၏ စကားသံများသည် သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ကွင်းသွားခဲ့ခြင်း ကြောင့်လည်းဖြစ်၏။
ယခုအခါ ကျုံးရှန်သည် လေကဲ့သို့ မြန်ဆန်သော ခြေလှမ်းများဖြင့် ခရုပတ်ပုံစံ လှေကားထစ်များ၏ အဆုံးသတ်သို့အလျင်အမြန်တက်လှမ်းလိုက်သည်။ သူ၏ခြေလှမ်းများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ဖိအားကို ခံစားရခြင်းမရှိသကဲ့သို့မြန်ဆန်နေလေသည်။
မကြာခင်၌ပင် ကျုံးရှန်တစ်ယောက်လှေကား၏အဆုံးသတ်သို့ရောက်လာသည်။ ထိုနေရာ၌ ရောင်စုံအလင်းတန်းများ ဖြာထွက်နေသော အလင်းတံခါးတစ်ခု ရှိနေ၏။
သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအထဲသို့ တစ်ချက် လှမ်းဝင်လိုက်လျှင် အမြင်အာရုံများ ခေတ္တမျှ ဝေဝါးသွားပြီး ကျယ်ပြောလှသော မြက်ခင်းပြင်တစ်ခုပေါ်သို့ ရောက်ရှိသွားလေသည်။
ဤမြက်ခင်းပြင်ကြီးသည် အလွန်ပင် ကျယ်ဝန်းလှသည်။ မျှော်စင်အတွင်းရှိ ဖိနှိပ်မှုများသည်သူ့အပေါ်၌ ရှိနေဆဲဖြစ်သောကြောင့် ကျုံးရှန်သည် နတ်ဘုရားအာရုံဖြင့် မြက်ခင်းပြင်နယ်မြေတစ်ခုလုံးကို ခြုံငုံ၍ မကြည့်နိုင်ဘဲ ရှိနေသည်။
ထို့ကြောင့် သူသည် အစောပိုင်းကကဲ့သို့ပင် ခြေကျင်ဖြင့်သာ စူးစမ်းရတော့မည် ဖြစ်သည်။
သူ၏ အမြင်အာရုံအတွင်း၌ စိမ်းစိုနေသော မြက်ပင်များနှင့် မြေကြီး၏ သင်းပျံ့သော ရနံ့များ ပြည့်နှက်နေသည်။ မြေကြီးအတွင်း၌ ပြည့်စုံသော သက်စောင့်စွမ်းအားများ ရှိနေပြီး ဖော်ပြ၍ မရနိုင်သော ဧကရာဇ်အရှိန်အဝါများ ကိန်းအောင်းနေ၏။
ကျုံးရှန်သည် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤမြေသည် အလွန်အစွမ်းထက်သော အင်ပါယာတစ်ခုကို မွေးဖွားပေးနိုင်သည့် မြေကောင်းမြေမြတ် ဖြစ်သည်ကို သိရှိလိုက်သည်။
ထိုဧကရာဇ်အရှိန်အဝါသည် နတ်ဘုရားအရှိန်အဝါထက် အနည်းငယ်သာ နိမ့်ကျပြီး ထူးခြားသော အစွမ်းများစွာ ရှိလေသည်။ ယင်းသည် ကောင်းကင်တာအို၏ ကံတရားဖိနှိပ်မှုများကိုပင် အတိုင်းအတာတစ်ခုအထိ ပြန်လည်ခုခံနိုင်စွမ်းရှိနေ၏။
အင်ပါယာမင်းဆက်၏ ဧကရာဇ်များနှင့် အုပ်ချုပ်သူအကြီးအကဲများသည် သက်ရှိများကို စည်းမျဉ်းဥပဒေများဖြင့် အုပ်ချုပ်ရန် အဖွဲ့အစည်းများကို တည်ထောင်ကြသူများ ဖြစ်သည်။ ထိုအချက်သည် ကောင်းကင်တာအို၏ တာဝန်ဝတ္တရားများနှင့် တူညီမှုရှိနေလေသည်။
ထို့ပြင် ဧကရာဇ်အရှိန်အဝါသည် ကောင်းကင်တာအိုနှင့် ဆက်သွယ်နိုင်သော စွမ်းအားလည်း ရှိပေသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ရှေးဟောင်းနတ်ဘုရားဘုရင်များနှင့် ဧကရာဇ်များသည် နတ်ဘုရားအရှိန်အဝါကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တာအို၏ မျက်နှာသာပေးမှုကို ရရှိထားသူများလည်း ဖြစ်ကြ၏။
ကျုံးရှန်၏ ခြေဖဝါးအောက်ရှိ မြက်ခင်းပြင်ကြီးသည် လုံးဝ ရိုးရှင်းခြင်းမရှိချေ။ ဤနေရာသည် ငရဲကမ္ဘာတစ်ခုနှင့်တူညီမှုမရှိဘဲ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ စီရင်စုကုန်းမြေတိုက်များနှင့် အလားသဏ္ဌာန်တူနေသည်။
အထပ်တစ်ထောင် ဟင်းလင်းပြင်တိုင်းသည် ကောင်းကင်တက်လှမ်းခြင်း မျှော်စင်မှ သီးခြားဖန်တီးထားသော နယ်မြေများ ဖြစ်ကြကာ ပြည့်စုံသော ကမ္ဘာတစ်ခု၏နိယာမများ ရှိနေသည်။
ဤအချက်သည် မျှော်စင်၏ ထူးခြားမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကာ လွတ်မြောက်ခြင်းအဆင့်ထက်ပင် သာလွန်နေကြောင်းဖော်ပြနေသည်။ သို့မဟုတ်ပါလျှင် ခေါင်တီးယက်စ် နတ်ဘုရားနွယ်ပင်၏ မျိုးစေ့သည် ဤမျှော်စင်အတွင်း၌ လာရောက်ပုန်းအောင်းနေမည် မဟုတ်ချေ။
နှစ်သန်းပေါင်း ဆယ်သန်းကြာတိုင်း မျှော်စင်ဖွင့်ပြီး ပိတ်သွားပါက အထပ်တစ်ထောင် ဟင်းလင်းပြင်ကမ္ဘာတိုင်းရှိ သက်ရှိအားလုံးကို ဖျက်ဆီးပစ်ကာ နောက်ထပ် နှစ်ပေါင်းဆယ်သန်းအတွင်း သက်ရှိသစ်များနှင့် ရတနာများကို ပြန်လည်မွေးဖွားပေးခြင်း ဖြစ်သည်။ ယင်းသည် သက်ရှိများကို မွေးမြူသည့် ကစားပွဲတစ်ခုနှင့်ပင် ဆင်တူလှသည်။
ယခု ကျုံးရှန် ရောက်ရှိနေသော မြက်ခင်းပြင်ကြီးသည်လည်း အကြိမ်ပေါင်း မည်မျှအထိ ဖျက်ဆီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း ခံခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။ ဤအထပ်တစ်ထောင် ဟင်းလင်းပြင်သည် လှေကားထစ်များ အားလုံး ဆုံစည်းရာ နေရာတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် သူသည် ဤနေရာ၌ အခြားသော ပါရမီရှင်များနှင့် ဆုံတွေ့နိုင်ခြေ ရှိလေသည်။
သို့သော်လည်း အထပ်တစ်ထောင် ဟင်းလင်းပြင်တိုင်းသည် အခွင့်အရေးများ ရှိသကဲ့သို့ စမ်းသပ်မှုများလည်း ရှိလေသည်။ စည်းမျဉ်းများဖြင့် ဖိနှိပ်ခံထားရသော ကျုံးရှန်အတွက်မူ ဤမြက်ခင်းပြင်ကြီးသည် ပို၍ပင် ကျယ်ဝန်းနေသကဲ့သို့ ခံစားလိုက်ရတော့သည်။
မလှမ်းမကမ်းအနီးတစ်ဝိုက်တွင် အနည်းငယ် မြင့်မားသော တောင်ကုန်းငယ်အချို့ ရှိနေ၏။ လက်ရှိ အခြေအနေအတွက် အကောင်းဆုံး နည်းလမ်းသည် ဤကမ္ဘာ၌ သဘာဝအလျောက် မွေးဖွားလာသော အသိဉာဏ်ရှိ သက်ရှိများကို ရှာဖွေရန် ဖြစ်သည်။
ထိုဒေသခံများ၏ အကူအညီကို ရယူမှသာ ဤနေရာရှိ ရတနာများနှင့် နောက်ထပ် လှေကားထစ်များသို့ တက်လှမ်းနိုင်မည့် ထွက်ပေါက်ကို အမြန်ဆုံး ရှာတွေ့နိုင်မည် ဖြစ်သည်။
ကျုံးရှန်သည် နေရာတွင်ပင် ရပ်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အကြံတစ်ခု ရသွားလေသည်။ ထို့နောက် သူသည် တောင်ကုန်းများဆီသို့ စတင်လျှောက်လှမ်းသွားလိုက်သည်။
အကြောင်းအရင်းမှာကား မြက်ခင်းပြင်တွင် ဤကဲ့သို့သော မြေမျက်နှာသွင်ပြင်မျိုး ရှိပါက အနီးအနား၌ ရေအရင်းအမြစ် ရှိနေနိုင်သောကြောင့် ဖြစ်သည်။ ရေအရင်းအမြစ် ရှိလျှင် သက်ရှိများ ရှိနေနိုင်ခြေလည်း အလွန် မြင့်မားလှပေသည်။
ကျုံးရှန်သည် တစ်နေ့လုံးနီးပါး ခရီးနှင်ခဲ့ကာ သူ၏ ခြေရာများသည် နူးညံ့သော မြက်ခင်းပြင်ထက်၌ ထင်ကျန်ရစ်ခဲ့လေသည်။ တစ်နေ့လုံးတွင် သူသည် မည်သည့် သက်ရှိ၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိရသေးချေ။
သို့သော်လည်း ကျုံးရှန်သည် အားလျှော့ခြင်း မရှိဘဲ ဆက်လက်လျှောက်လှမ်းနေခဲ့သည်။
ကျုံးရှန်သည် တောင်ကုန်းများအနီးသို့ ရောက်ရှိလာသောအခါ ခြေထောက်အောက်ရှိ မြေကြီးသည် ပိုမို၍ စိုစွတ်လာသည်ဟု ခံစားလိုက်ရသည်။ ဤနေရာသည် ရေအရင်းအမြစ်နှင့် မဝေးတော့သည်မှာ သေချာသွားပြီဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် တောင်ကုန်းများအကြားရှိ ချိုင့်ဝှမ်းတစ်ခုတွင် ကြည်လင်သော စမ်းချောင်းလေးတစ်ခုကို တွေ့ရှိလိုက်ရ၏။ စမ်းရေများသည် မြေအောက်ရေကြောများမှ စိမ့်ထွက်လာကာ သုံးပေကျယ်သော စမ်းချောင်းငယ်လေးအဖြစ် ပြောင်းလဲသွားပြီး ဝေးကွာသော နေရာတစ်ခုဆီသို့ အရှိန်ဖြင့်စီးဆင်းနေလေသည်။
ကျုံးရှန်သည် စမ်းချောင်းငယ်လေးဘေးသို့ လာကာ အသာအယာ ထိုင်ချလိုက်ပြီး ရေကို လက်ဖြင့် ခပ်ယူ၍ သောက်သုံးလိုက်သည်။
'ချိုလိုက်တာ...'
စမ်းရေသည် အလွန်ပင် ချိုမြိန်လှ၏။
သူသည် လက်ပေါ်မှ ရေစက်များကို ခါထုတ်လိုက်ကာ နားကို အသာစွင့်လိုက်လျှင် နောက်ကျောဘက် ဆယ်မီတာခန့် အကွာဆီမှ သေးငယ်သော လှုပ်ရှားသံတစ်သံကို ကြားလိုက်ရသည်။
ကျုံးရှန်သည် ဦးခေါင်းကိုဖြည်းညှင်းစွာ လှည့်ကြည့်လိုက်လျှင် မလှမ်းမကမ်းရှိ တောင်ကုန်းပေါ်၌ ဝဖြိုးသော ကလေးငယ်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုကလေးငယ်သည် လက်ထဲ၌ အသားလှီးသည့် ငွေရောင်ဓားငယ်တစ်ချောင်းကို ကိုင်ဆောင်ထားကာ ခြေဖျားထောက်၍ ကျုံးရှန်အနားသို့ ချဉ်းကပ်ရန် ကြိုးစားနေလေသည်။
ကလေးငယ်၏ ပါးပြင်များသည် နီမြန်းနေကာ အသားအရေမှာ အနည်းငယ် ကြမ်းတမ်းနေသဖြင့် ငယ်စဉ်ကတည်းက မြက်ခင်းပြင်ထက်၌ နေထိုင်ကြီးပြင်းလာသူ တစ်ဦးဖြစ်ကြောင်း သိသာလှသည်။ ကျုံးရှန်တစ်ယောက် သူ့ကိုလှည့်ကြည့်လာသည်ကို မြင်သောအခါ လန့်ဖျပ်သွားပြီး လှည့်၍ ထွက်ပြေးသွားလေသည်။
လူသား…
ကျုံးရှန်၏မျက်နှာထပ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ မြက်ခင်းပြင်ကမ္ဘာ၌ လူတစ်ယောက်ကို ပထမဆုံးသက်ရှိအနေနှင့်တွေ့လိုက်ရပြီဖြစ်၍ လွယ်လွယ်နှင့် အလွှတ်ပေးမည် မဟုတ်ပေ။
သို့နှင့်သူ၏ ခန္ဓာကိုယ်လှုပ်ရှားသွားကာ ပေါ့ပါးစွာဖြင့် ကလေးငယ်၏ နောက်သို့ လိုက်လံ ဖမ်းဆီးလိုက်သည်။ မျှော်စင်၏ စည်းမျဉ်းများသည် ကျုံးရှန်၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားသော်လည်း သူ၏ အရှိန်သည် သာမန်လူများထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။
သူသည် လျင်မြန်စွာပင် ကလေးငယ်၏ သားရေသံချပ်ကာကို လှမ်းဖမ်းလိုက်ကာမြှောက်မလိုက်သည်။ ထိုအခါ ကလေးငယ်လေးသည် ထိတ်လန့်သွားပြီး မုဆိုးနှင့် တွေ့သော တောယုန်တစ်ကောင်ကဲ့သို့ အစွမ်းကုန် ရုန်းကန်လာတော့သည်။
''ဂူမုံ... ဂူမုံ... ဂူမုံ...''
''ဂျလိ ဂယ...''
ကလေးငယ်သည် ပါးစပ်မှ အဓိပ္ပာယ်မရှိသော စကားများကို အော်ဟစ်နေ၏။
ဤဟင်းလင်းပြင်အတွင်းရှိ သက်ရှိများနှင့် ယဉ်ကျေးမှုများသည် နှစ်သန်းပေါင်းများစွာကြာတိုင်း ဖျက်ဆီးခံရလေ့ရှိသဖြင့် ဘာသာစကားများ ကွဲပြားနေခြင်းသည် ပုံမှန်ပင် ဖြစ်သည်။ သို့သော်လည်း ကျုံးရှန်အတွက်မူ ထိုသည်ကိုပြုပြင်ရန်နည်းလမ်းရှိလေသည်။
သူ၏ နတ်ဘုရားအာရုံသည် ဖိနှိပ်ခံထားရသဖြင့် အဝေးသို့ မကြည့်နိုင်သော်လည်း သူ၏ ရှေ့မှ ကလေးငယ်နှင့် ဆက်သွယ်ရန်မှာမူ ပြဿနာ မရှိချေ။ သူသည် သူ၏ အတွေးများကို နတ်ဘုရားအာရုံဖြင့် ပုံဖော်လိုက်ကာ ကလေးငယ်နှင့် စတင်၍ ဆက်သွယ်ကြည့်လိုက်လေသည်။