ကပ်ပါးကောင်တို့ ရှင်သန်နေဆဲ
Vol. 3 Ch. 51
ဝမ်ရှီးမှာ ကြက်သေသေသွားရ၏။ ဆုဝန်က လော့ရှန်းကို ကြိုက်ခြင်းသည် ထုတ်ပြောနေစရာ မလိုသည့်ကိစ္စဟု သူတစ်လျှောက်လုံးထင်ခဲ့မိ၏။
လော့ရှန်းသည် လွန်စွာ ထူးချွန်ပေ၏။ ယခင် ဆုဝန်အိမ်တွင်ရှိနေခဲ့စဥ်က နေရာတိုင်းတွင် လော့ရှန်းအတွက် စဥ်းစားပေးခဲ့ခြင်းမှာ နှလုံးသားထဲတွင် လော့ရှန်းရှိနေခြင်းကြောင့် မဟုတ်သည်လော။
ဤအခိုက်အတန့်၌ ဝမ်ရှီး ရုတ်တရက် သဘောပေါက်သွားတော့သည်။ အနှီအရာအားလုံးမှာ အတိုင်းအတာတစ်ခုအထိ သူ၏ကိုယ်ပိုင်အတွေးအမြင်များ ဖြစ်နေခဲ့ခြင်းသာ။
သူ၏စိတ်ထဲတွင် ဆုဝန်က လော့ရှန်းကို သဘောကျခြင်းသည် ဖြစ်သင့်သည့်ကိစ္စမှန်း အားလုံးအသိဟု ထင်ခဲ့မိ၏။ သို့ပေသိ တကယ်တမ်းတွင်မူ ဆုဝန် ဝမ်အိမ်တွင် ရှိနေခဲ့စဥ်ကပင် ဆုဝန်နှင့် လော့ရှန်းမှာ လူမြင်ကွင်းရှေ့ ထွက်ခဲလှ၏။
ဝမ်အိမ်ရှိလူတိုင်းက ဆုဝန်သည် လော့ရှန်းကို မည်မျှဂရုစိုက်မှန်း သိထားကြသည့်တိုင် ယင်းသည် သူတို့သာ သိသောကိစ္စဖြစ်၏။ ဆုဝန်က လော့ရှန်းအပေါ် မည်သို့ဆက်ဆံကြောင်း မြင်ဖူးသူမရှိချေ။
ထို့အပြင် သူသည် လော့ရှန်းမှာ အောင်မြင်မှုကို အလိုရှိသူတစ်ဦးဖြစ်ရာ ဆုဝန်က လော့ရှန်းအပေါ် စိတ်ဆန္ဒများ ရှိ၍မရကြောင်း ဆုဝန်ကို မကြာခဏ သတိပေးခဲ့၏။ ဆုဝန်က လော့ရှန်းအပေါ် ထားရှိသည့် ချစ်မေတ္တာကို တခြားသူများရှေ့တွင် လုံးဝ မဖော်ပြခဲ့ဖူးပေ။
ဆုဝန်က နစ်နာသည်ဟု ခံစားသွားရကာ
“ အဒေါ်ဝမ်၊ အဒေါ် ဘာလို့ ကျွန်မက ကိုကိုလော့ရှန်းကို ကြိုက်နေတယ်လို့ ထင်ရတာလဲ။ အဒေါ် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောလို့မရဘူးလေ”
ဝမ်ရှီး၏မျက်နှာမှာ အရှက်ရမှုများအပြည့်နှင့်။
‘အခုဆုဝန် ပြောလိုက်တာ ငါက ဒီမိန်းမတွေရှေ့ လိမ်ပြောနေတယ်လို့ သက်သေပြလိုက်တာ မဟုတ်ဘူးလား။ ငါ့မျက်နှာဘယ်နားသွားထားတော့ရမှာလဲ’
ထို့အပြင် ဆုဝန်က ဝမ်လော့ရှန်းကိုမကြိုက်ဟုပြောလိုက်ရာ ဝမ်ရှီးကို နက်နက်ရှိုင်းရှိုင်း နာကျင်သွားစေ၏။
‘ဆုဝန်က လော့ရှန်းကို မကြိုက်ဘူးဆိုပြီး လူရှေ့မှာ ကြေညာပြရဲတယ်ပေါ့လေ’
ဝမ်ရှီးက ဆို၏။
“ ဆုဝန်၊ ညည်းပြောတာက မဟုတ်သေးပါဘူးအေ။ ညည်း လော့ရှန်းကို ဒီလောက်ကြိုက်တာ အသိသာကြီးကို ဘာလို့ ဝန်မခံရတာလဲ။ ညည်း ဟိုတုန်းက လော့ရှန်းကို ဘယ်လိုအသေးစိတ် စေ့စေ့စပ်စပ် ဂရုစိုက်ပေးခဲ့လဲဆိုတာ မေ့သွားပြီလား”
ဝမ်ရှီး၏စကားများသည် ဆုဝန်နှင့် ဝမ်မိသားစု၏ပတ်သက်မှုကို မရှင်းမလင်း ဖြစ်သွားစေ၏။ ဆုဝန်နှင့် ဝမ်လော့ရှန်းက ချစ်ခြင်းမေတ္တာပတ်သက်မှုမျိုးရှိနေပါက ဆုဝန်ကို မည်သူမှယူတော့မည်မဟုတ်။ ဆုဝန်က ဝမ်မိသားစုတွင်သာ နေရတော့မည်ဖြစ်၏။ ဝမ်မိသားစုက သူ့ကို မည်သို့သောဂုဏ်ပုဒ်မျိုး ပေးနိုင်အံ့နည်း။
ဆုဝန်က ယင်းသို့ အလှည့်စားမခံပေ။
“ အဒေါ်ဝမ်၊ အဒေါ် အဲဒီလိုပြောလို့မရဘူးလေ။ ကျွန်မ ကိုကိုလော့ရှန်းအတွက် အလုပ်လုပ်ပေးခဲ့တာဆိုတာ သူ့ကို အစ်ကိုအရင်းလို သဘောထားလို့လေ။ ပြီးတော့ လော့ရွှယ်ကလည်း ကိုကိုလော့ရှန်းကို အမြဲဂရုစိုက်ပေးတာပဲကို”
ဝမ်ရှီးက ဆုဝန်ကို ဝမ်လော့ရှန်းနှင့် ပတ်သက်မှုရှိအောင် လုပ်ရန် စိတ်အားထက်သန်နေလျက်။
“ လော့ရွှယ်က ဘာလို့ လုပ်ရမှာလဲ။ လော့ရှန်းကိစ္စတွေအားလုံးကို ညည်း....”
ဆုဝန်က ဝမ်ရှီးကို ကြားဖြတ်ပြောလိုက်၏။
“ အဒေါ်ဝမ်၊ အဒေါ် အရင်က လော့ရွှယ်လုပ်တာလို့ ပြောခဲ့တာမလား။ ညီမလေးလော့ရွှယ်က အရမ်း လူကို ဂရုစိုက်ပေးတတ်တယ်။ ဝမ်လော့ရှန်းရဲ့ ကိစ္စအားလုံးကို ဂရုစိုက်ပေးတယ်ဆို။ ကျွန်မက အလုပ်ကြမ်းနည်းနည်းလောက်ပဲ လုပ်တတ်တာကို အခု ဘယ်လိုလုပ် စေ့စေ့စပ်စပ် အလုပ်လုပ်တယ် ဖြစ်သွားရပြန်တာတုံး”
အမျိုးသမီးများမှာ စတင် ရေရွတ်ကြတော့၏။ ဝမ်ရှီးက ဆုဝန်မှာ အလုပ်ကြမ်းတချို့သာ လုပ်နိုင်သည်ဟု အမြဲပြောခဲ့သည်ပင်။
ယခင်တုန်းက လူကြီးများသည် ဆုဝန် အသီးအရွက်ဥယျာဥ်ကို ရှင်းတာ၊ ခြံဝင်းသန့်ရှင်းရေးလုပ်တာ၊ မြစ်တွင် အဝတ်လျှော်တာ၊ ဝမ်မိသားစု ကြိတ်ဆုံရုံတွင် ကူညီပေးတာတို့ကို မြင်ခဲ့ဖူး၏။ ဝမ်ရှီး၏ ဆုဝန်အပေါ် ဆက်ဆံမှုမှာ ရက်စက်လွန်းလှသည်ဟု အားလုံးက ထင်မြင်ခဲ့ကြပြီး မကြာခဏ ဝေဖန်ဆွေးနွေးကြ၏။
နောက်ပိုင်း ထိုစကားများကို ဝမ်ရှီး ပြန်ကြားသောအခါ ဆုဝန်သည် ကျွမ်းကျင်မှုမရှိခြင်းကြောင့် ထိုသို့အစေအပါး အလုပ်များ ခိုင်းရခြင်းဖြစ်ကြောင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ဝမ်လော့ရှန်းကို ဂရုစိုက်ပေးခြင်းနှင့် ချက်ပြုတ်ခြင်းကဲ့သို့သော စေ့စပ်သေချာဖို့လိုသည့် အလုပ်မျိုးကို ဝမ်လော့ရွှယ်က လုပ်ခြင်းဖြစ်ကြောင်း ဝမ်ရှီးက ရှင်းပြခဲ့၏။
ဆုဝန်က အစေအပါးအလုပ်များကို လုပ်ရသည့်တိုင် တခြားအလုပ်များကို မလုပ်ရတော့ရာ မျှတသည်ဟု အားလုံးက ယူဆလိုက်ကြ၏။ မည်သို့ပင်ဆိုစေကာမူ ဆုဝန်သည် အသေးစိတ်ကျသည့် အလုပ်များကို မလုပ်နိုင်သောကြောင့် အလုပ်ကြမ်းလုပ်ရခြင်း ဖြစ်ပေသည်။ သူ ဝမ်အိမ်တွင် အလကား စားသောက်နေထိုင်ဖို့ရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် ထိုသို့ပြောမည်ဆိုပါက ဆုဝန်သည် ဝမ်မိသားစုအတွက် အစေအပါးအလုပ်များစွာကို အမှန်ပင် လုပ်ပေးခဲ့၏။ ထိုအလုပ်များသည် ဆုဝန်၏ နေစရိတ်၊ စားစရိတ်ထက် ပိုတောင် နေဦးမည်ပင်။
ဆုဝန်က ဝမ်ရှီးကို ထိုသို့ သတိပေးလိုက်၏။ ထိုအကြောင်း တွေးလိုက်မိသော် ဝမ်ရှီးမှာ ဆုဝန်နှင့် ဝမ်လော့ရှန်းကို ပတ်သက်မှုရှိအောင်လုပ်ရန် အနှီနည်းလမ်းကို သုံး၍မဖြစ်တော့ချေ။ ဝမ်လော့ရွှယ်၏ ဂုဏ်သတင်းသည်ကား ယင်းအပေါ် မှီတည်နေ၏။ အကယ်၍ ယခုဖော်ထုတ်ခံလိုက်ရမည်ဆိုပါက အားလုံးက သံသယဝင်သွားကြပေမည်။ ‘ပြောလိုက်ရင် လော့ရွှယ်ပျော်ပါတော့မလား’
‘အခု အိမ်က နေ့တိုင်းရှုပ်ပွနေတော့ တချို့တွေက လော့ရွှယ်ရဲ့ ဂုဏ်သတင်းကို စပြီး သံယယရှိနေကြပြီ။ ဒီအတိုင်းဆိုရင် ဝန်ခံလိုက်ရလိမ့်မယ်’
အမျိုးသမီးများသည်လည်း ဝမ်ရှီးက ကြီးကြီးမားမား လိမ်လည်ထားခဲ့ကြောင်း နားလည်သွားကြ၏။ ဆုဝန်က ဝမ်လော့ရှန်းကို ကြိုက်သည်ဟု သူ ပြောခဲ့သော်လည်း ယခုမူ ရှင်းပြချက် မပေးနိုင်ပေ။
စွင်းရှီးက ဆို၏။
“မမဝမ်၊ ဆုဝန်ရဲ့ နာမည်ဂုဏ်သတင်းလည်း မပျက်စီးရအောင်၊ မမလည်း ကျိုးကြောင်းမဆီလျော်တာမျိုး မဖြစ်ရအောင် ဆုဝန်နဲ့ လော့ရှန်းအကြောင်း အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့တော့”
လီရှီးကလည်း ဝင်ထောက်ခံ၏။
“ ဟုတ်တယ် ဟုတ်တယ်။ မမဝမ်၊ ဆုဝန်က မပြန်ချင်ဘူးဆိုမှတော့ သူ့ကိုပြန်ဖို့ အတင်းဖိအားပေးမနေပါနဲ့တော့”
ဝမ်ရှီးမှာ စိတ်ဆိုးနေရပြီဖြစ်၏။ မူလက ဆုဝန်က ပြန်လာရဖို့ တောင်းပန်ရမည်ဖြစ်ပါလျက် နောက်ပိုင်းကျ သူက ဆုဝန်ကို အတင်းပြန်ခေါ်ချင်နေသူ ဖြစ်သွားရ၏။ ယခုမူ သူက ဆုဝန်ကို ဖိအားပေး၍ ပြန်လာခိုင်းသူ ဖြစ်သွားရချေပြီ။
ဆုဝန်အတွက် သူ၏အနေအထားမှာ မြေကြီးထဲ ရောက်သွားတော့၏။
ဝမ်ရှီးမှာ တစ်ခဏမျှ ဘာပြောရမှန်းမသိဖြစ်သွားရ၏။ သို့ဖြစ်ရာ ဆုဝန်က ယင်းဟာကွက်ကို အခွင့်ကောင်းယူ၍ ပြောလာ၏။
“ အဒေါ်ဝမ်နဲ့ အဒေါ်တို့အားလုံးပဲ ၊ ပြန်လိုက်ကြပါတော့ရှင်။ ကျွန်မ စောနက ရှန်ယာယာ့ကို ယန်အိမ်ကို စားစရာ သွားပို့ခိုင်းထားတာ၊ တအားကြာသွားတော့ အေးကုန်ပြီ။ ကျွန်မနဲ့ ရှန်ယာယာ နွေးပြီးမှ သွားပို့လို့ရတော့မှာ”
ရှန်ယာယာက မေးပင့်လျက်
“ အဒေါ်တို့၊ အဒေါ်ဝမ်က နားလည်မှုလွဲသွားတာပါ။ အားလုံးပဲ ပြန်လိုက်ကြပါတော့”
ဆုဝန်က ရှန်ယာယာလက်ထဲမှ ဟော့ပေါ့အိုးကို ယူလိုက်၏။ ဟင်းလျာမှာ အေးစက်နေပြီဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
ရှန်ယာယာက လျင်မြန်စွာ တံခါးပိတ်လိုက်ကာ ယန်အိမ်သို့သွားသည့် ဆုဝန်နောက် လိုက်သွားလေသည်။
အမျိုးသမီးများက နေကိုကြည့်လိုက်သော် ချက်ပြုတ်ရမည့်အချိန် ရောက်နေပြီဖြစ်ရာ ချက်ပြုတ်ရန် အိမ်သို့အမြန်ပြန်ကြတော့၏။
အားလုံးမှာ ဝမ်ရှီးအတွက် စကားအနည်းငယ် မချန်ဘဲ မနေနိုင်တော့ချေ။
‘ဝမ်ရှီးက ဘာတွေအထင်လွဲနေတာလဲ။ သူ့ဘာသာသူပဲ အိမ်ပြန်ပြီးအလုပ်လုပ်လိုက်သင့်တယ်’
ဆုဝန်ကို နောင်တွင် ထပ်မနှောင့်ယှက်တော့ရန် ဝမ်ရှီးကို ပြောပြီးနောက် ချက်ပြုတ်ရန် အိမ်အမြန် ပြန်ကြလေ၏။
ဝမ်ရှီးမှာ လေအေးထဲတွင် တစ်ယောက်တည်းနေခဲ့ရ၏။
‘ သူ ဆုဝန်ကို ဝမ်မိသားစုဆီ ပြန်လာနိုင်ဖို့ အခွင့်အရေးပေးတာကို ဆုဝန် ဝမ်းသာရမှာ မဟုတ်ဘူးလား။ သူက ဘာလို့ ဒီလောက်အရှက်ကွဲသွားရတာလဲ”
ဝမ်ရှီးက ဆုဝန်က ဝမ်လော့ရှန်းကို လုံးဝမကြိုက်ဘူးဆိုသည်ကို မယုံကြည်ပါချေ။
‘တကယ်ကိုပဲ ဆုဝန်က ဝမ်လော့ရှန်းကို ကျင့်ဝတ်ထုံးတမ်းနှင့်အညီ ဂရုစိုက်ပေးခဲ့တာ အဲဒါထက်မပိုဘူး။ ဒါပေမဲ့ ဆုဝန်က လော့ရှန်းကို ကြည့်တဲ့အကြည့်တွေက ဘယ်သူ့ကို လှည့်စားလို့ရမှာလဲ’
‘ဒါဆို ဘာလို့များ ဆုဝန်က ဒီလိုလုပ်ရတာပါလိမ့်။ သူ လော့ရှန်းကိုကြိုက်တာပဲဟာ။ ဘယ်လိုများ ငါ့ကို အပြစ်ပြုရဲရတာလဲ”
ဝမ်ရှီးက သေသေချာချာ တွေးတောလိုက်၏။
‘ငါ အဲဒီတုန်းက ဆုဝန်နဲ့ အဆက်အသွယ်ဖြတ်ပြီး ဆုဝန် ရင်ကွဲအောင်လုပ်လိုက်မိလို့များလား။ ဒီလိုဆို အဓိပ္ပာယ်ရှိသွားပြီ။ ကြည့်ရတာ ဆုဝန် ရင်နာအောင် လုပ်မိသွားတဲ့ပုံပဲ’
‘ဒါပေမဲ့ ဝမ်မိသားစုကို ဆုဝန် အလုပ်ပြန်လာလုပ်မှဖြစ်မှာ။ ဒီလိုဆိုမှတော့ လော့ရှန်းကိုပဲ ရှေ့ထွက်ခိုင်းရတော့မှာပဲ။ အစကတည်းက ဆုဝန်နဲ့ ဆက်ဆံရေးဖြတ်တဲ့အကြောင်း လော့ရှန်းက တစ်ခွန်းမှ ဝင်ပြောခဲ့တာ မဟုတ်ဘူး။ လော့ရှန်းရဲ့စကားက ကျိန်းသေပေါက် အလုပ်ဖြစ်မှာပဲ’
‘ ဆုဝန်ပြန်ရောက်လာတဲ့အခါကျမှ သူ့ကို သင့်တော်သလို ကိုင်တွယ်လိုက်မယ်။ ဒီနေ့ ငါဒီလောက် အရှက်ကွဲအောင် သူ့ကို ဘယ်သူကလုပ်ခိုင်းလို့လဲ။ ဟိုမိန်းမတွေ ပြန်သွားပြီးရင် ငါ့ကို ဘယ်လောက်ရယ်နေကြမလဲမသိဘူး”
သူသည် အနှီအမျိုးသမီးများအကြား ကျိန်းသေပေါက် အလှပဆုံးဖြစ်ပါလျက် ယနေ့မူ အရှက်တကွဲ ဖြစ်ခဲ့ရချေသည်။
ဆုဝန်နှင့် ရှန်ယာယာသည် ဟော့ပေါ့အစပ်အိုးကို ယန်မိသားစုထံ ယူသွားပေးခဲ့ကြ၏။ လူအိုကြီးယန်နှင့် အမျိုးသမီးယန်တို့ နေကြသည့်နေရာမှာ သိပ်မဝေးလှ။ ခြံဝင်းထဲတွင် ကလေးများစွာ ရှိလေ၏။ ဆုဝန်ကို သူတို့ကို ယန်ညီအစ်ကိုများနှင့် သူတို့၏ဇနီးသည်များကို ခေါ်ပေးခိုင်းလိုက်၏။ ကလေးများသည် အလျင်အမြန် ပြေးထွက်သွားခဲ့ကြသည်။
အမျိုးသမီးယန်သည် အိုးကို အပူပေးလေ၏။ ဆုဝန်သည် ပြင်ဆင်ထားသည့် ဟော့ပေါ့အစပ်ကို အိုးထဲထည့်ကာ ထပ်ကင်လိုက်သည်။ ဆုဝန်က အိုးကို ထပ်နွေးရန် လိုမည်ဖြစ်ကြောင်းတွေးခဲ့မိ၍ တော်သေး၏။ အစကတည်းက စေ့စေ့ပေါက်ပေါက် ကင်မလာခဲ့ပေ။ ထို့ကြောင့် ယခုတစ်ခေါက် ကင်လိုက်ခြင်းက အချိန်ဖြုန်းခြင်းမမည်ပေ။
ဆုဝန်က ယန်မိသားစုဝင်များ ပြန်လာမည့်အချိန်ထိ စောင့်မနေခဲ့ချေ။ စားစရာချက်ပြုတ်ပေးပြီးနောက် ရှန်ယာယာ့ကိုခေါ်၍ ပြန်လာခဲ့လိုက်၏။
ယန်မိသားစုဝင်များ လူအိုကြီးယန်နှင့် အမျိုးသမီးယန်အိမ်သို့လာ၍ ဆုဝန် ယူလာပေးသည့်စားစရာများ စားသောက်ကြချိန်တွင် အားလုံး၏ချီးကျူးသံများအပြည့် ဖြစ်နေတော့သည်။
ဆုဝန်က ရှန်ယာယာ့ကို ရှန်အိမ်သို့ပြန်ခေါ်လာသည့်အချိန်တွင် ခြံဝင်းမှထွက်လာသည့် ဆဲဆိုသံများကို ကြားလိုက်ရ၏။ ယင်းတို့သည်ကား အဘိုးရှန်နှင့် အဘွားရှန်တို့၏အသံများ ဖြစ်ပေသတည်း။
ကျိန်းသေပေါက်ပင် အဘိုးရှန်နှင့်အဘွားရှန်မှာ ရှန်လင်းနှင့်ရှန်ရှီးတို့ ချင်းကျိုးကောင်တီမှ ပြန်ရောက်ပြီ ဖြစ်ကြောင်း သတင်းရထားပြီးချေပြီ။
အဘိုးရှန်နှင့်အဘွားရှန်ကို ရှောင်နိုင်မည့်နည်းလမ်း မရှိချေ။ ယင်းသည် အနှေးနှင့်အမြန် ဖြစ်လာမည်ပင်။
ဆုဝန် ခြံဝင်းထဲဝင်လိုက်သော် အဘိုးရှန်နှင့် အဘွားရှန်သည် အန္တရာယ်ပြုမည့်ဟန်ဖြင့် ခြံဝင်းထဲတွင် ရပ်နေကြကြောင်း တွေ့လိုက်ရ၏။
အဘိုးရှန်က မာန်မဲလေ၏.
“ရှန်လင်း၊ မင်းက မသိတတ်တဲ့မျိုးဆက်ပဲ။ မင်း ဆောင်းဦးရိတ်သိမ်းပြီး ပြောင်းရောင်းလို့ ရတဲ့ပိုက်ဆံတွေ ဘယ်မှာလဲ။ မင်းအဘိုး ငါ့ကို လေးစားသမှုမရှိဘူးလား။ မင်းရဲ့ အသိတရားရော”
ဆုဝန်က မျက်မှောင်ကြုတ်မိသွား၏။ အဘိုးရှန်နှင့်အဘွားရှန်မှာ ပြဿနာပေးနေကြဆဲပင်။
ရှန်လင်းသည်လည်း ခြံဝင်းထဲတွင် ရပ်နေခဲ့၏။ ရှန်လင်းက တည်ငြိမ်စွာ ပြန်ဖြေလာ၏။
“အဘိုး၊ ဦးလေးက အဘိုးကို သိတတ်မှုပြတဲ့အနေနဲ့ ငွေပေးလို့လား။ ဦးလေးတို့မိသားစုက ကျွန်တော့်ထက်တောင် ပြောင်းရောင်းတာ စောသေးတယ်။ ကျွန်တော် ဘာလို့ အဘိုးနဲ့အဘွား ငွေရတယ်ဆိုတာမျိုး မကြားမိရတာလဲ။ ဦးလေးတို့မိသားစုကို သိတတ်လိမ္မာဖို့ မခိုင်းတဲ့အပြင် ငွေနည်းနည်းတောင် ထောက်ပံ့ပေးခဲ့သေးတယ်တဲ့”
အဘိုးရှန်နှင့်အဘွားရှန်က သားကြီးရှန်တို့မိသားစုကို ငွေကြေးထောက်ပံ့ပေးသည်မှာ ဘယ်တုန်းကမှ လျှို့ဝှက်ချက် မဟုတ်ခဲ့။ သားကြီးရှန်၏ဇနီးသည်ဖြစ်သူသည် သူ့တွင် စာလေ့လာနေသည့် သားနှစ်ယောက်ရှိကြောင်း၊ အနာဂတ်တွင် ကောင်းစားမည်ဖြစ်ကြောင်းပြောကာ သူတို့မိသားစု၏ ကောင်းမွန်သည့်ဘဝကို ပြသတတ်၏။ သူတို့ စာသင်သားနှစ်ယောက်ကို ထောက်ပံ့နေချိန်တွင် မိမိတို့မိသားစုမှာတော့ ဝမ်းနည်းဖွယ်ရာ ကောင်းလှ၏။ လူကြီးနှစ်ယောက်သည် သူတို့မြေးများကို အလွန်ချစ်ကြပြီး နှစ်စဥ်ထောက်ပံ့ကြေး ပေးလေ့ရှိ၏။
အဘွားရှန်က လွန်စွာမှ အကျိုးအကြောင်း သင့်လျော်ပုံနှင့်
“ မင်းဦးလေးတို့မိသားစုနဲ့ ဘယ်လိုများ လိုက်ယှဥ်ရဲတာလဲ။ မင်းဦးလေးတို့က ငါတို့ရှန်အိမ်ရဲ့ ဂုဏ်ရောင်ကို ထွန်းပြောင်စေမဲ့ စာသင်သားနှစ်ယောက်ကို ပံ့ပိုးပေးနေရတာ။ မင်းကိုယ်မင်း ကြည့်ပါဦး။ မင်းရှန်အိမ်ဘိုးဘေးတွေကို ဘာများဂုဏ်တက်စေလို့လဲ။ မင်းစာတောင်ဖတ်တတ်ရဲ့လား မသိဘူး”
ရှန်လင်းသည် အစောကြီးကတည်းက သူ့အဘိုးနှင့် အဘွားကို စိတ်ကုန်သွားပြီဖြစ်သည့်တိုင် ယခု သူတို့ထိုသို့ပြောသည်ကို ကြားလိုက်ရသောအခါ သူ့ဆီက လုယက်ပြီး သူ့ဦးလေးတို့ကို မျက်နှာသာပေးနေကြောင်း သူ့စိတ်ထဲတွင် ပို၍ပင် ရှင်းလင်းသွားတော့သည်။သူ နောင်တွင် အရူးတစ်ယောက် အဖြစ်ခံတော့မည်မဟုတ်ချေ။ သူမည်သို့ပင် လုပ်ပေးစေကာမူ မသိတတ်မလိမ္မာဟု အပြစ်တင်ခံရမည်သာဖြစ်၏။
ဆုဝန်က ရှေ့ထွက်ပြောပေးလေ၏။
“ အဘိုးရှန်နဲ့ အဘွားရှန်၊ ရှန်လင်း စာလေ့လာခဲ့တုန်းက အဘိုးတို့ သူ့ကို ပံ့ပိုးပေးတာမျိုး ကျွန်မ မမြင်မိပါဘူး။ သူ့မှာ ဘိုးဘေးတွေ ဂုဏ်တက်အောင်လုပ်ပေးဖို့ အခွင့်အရေး ပိုရှိခဲ့တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဂရုစိုက်ခဲ့လို့လား။ အဘိုးတို့က သူ ဆက်မလေ့လာနိုင်တော့တာကိုတောင် လက်ပိုက်ကြည့်နေခဲ့တာလေ”
ဆုဝန်သည် အဘိုးရှန်အတွက် အမြဲခေါင်းကိုက်စရာဖြစ်ခဲ့သည်ပင်။ ဆုဝန် ကြားဖြတ်ပြောလိုက်သည်ကို မြင်သော် သူက ကြားဖြတ် ငေါက်ငမ်းလာ၏။
”မင်းနဲ့ဘာမှမဆိုင်ဘူး။ ဒါက ငါတို့ရှန်အိမ်ရဲ့ကိစ္စ။ မင်းက အပြင်လူပဲ။ ငါတို့မိသားစုကိစ္စကို လိုက်စိုးရိမ်ပေးနေဖို့ မလိုဘူး”
ဆုဝန်က သူ့ဘာသာတွေးလိုက်၏။
‘ငါက အပြင်လူမှ မဟုတ်တာ။ ဒါပေမဲ့ အခု အဘိုးရှန်နှင့်အဘွားရှန်ကို ဒီအကြောင်းပြောပြဖို့ မလိုပါဘူးလေ။ သူတို့ အရမ်းမေးလာကြတဲ့အချိန်မှ ဒီဝှက်ဖဲကိုသုံးရမယ်’
ရှန်လင်းက ဆို၏။
“ အဘိုးနဲ့အဘွား၊ ဦးလေးတို့မိသားစုမှာ မသိတတ်တဲ့ စာသင်သားနှစ်ယောက်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မိသားစုမှာက လူနာရှိနေတာပါ။ ကျွန်တော့်အမေ သမားတော်ပြပြီး ဆေးသောက်ဖို့ လိုတယ်ဆိုတာ လူတိုင်းသိတယ်။ ဒီတစ်ခေါက် ချင်းကျိုးကောင်တီကိုသွားပြီး ကျွန်တော့်အမေကို သမားတော်ပြပေးတာ ကောက်ရိတ်လို့ရသမျှနဲ့ စုထားသမျှအကုန် သုံးလိုက်ရတယ်။ ကျွန်တော် တကယ်ပဲ အဘိုးနဲ့အဘွားကို သိတတ်လိမ္မာပြဖို့ ပိုက်ဆံမရှိတာပါ”
အဘိုးရှန်မှာ ဒေါသထွက်လွန်း၍ မူးလဲမတတ်ပင်။ သူစိုးရိမ်နေခဲ့သည့်အရာမှာ အမှန်ဖြစ်လာခဲ့ချေပြီ။ ရှန်ရှီး၏ဆေးကုသစရိတ်အတွက် ရှန်လင်းရှိသမျှငွေအကုန် သုံးလိုက်မည်ကို သူ စိုးရိမ်နေခဲ့လေ၏။ ထင်ထားသည့်အတိုင်း သူအကြောက်ဆုံးအရာမှာ အမှန်ဖြစ်လာခဲ့ချေပြီ။
အဘွားရှန်က ဆို၏။
“မင်းအမေက အသုံးမဝင်ဘူး။ မင်း သူ့ကို ဘာရောဂါတွေ ကုပေးနေတာလဲ။ သူ့ကို သမားတော်ပြပေးတာ ပိုက်ဆံဖြုန်းတီးလိုက်တာပဲမဟုတ်လား။ ကောက်ရိတ်သိမ်းလို့ရတာကို မင်းအမေကို သမားတော်ပြပေးတာထက် မင်းအဘိုးအဘွားတွေကို ငွေထုတ်ပေးလိုက်တာ ပိုမကောင်းဘူးလား”
ရှန်လင်း၏ မူလက တည်ငြိမ်နေသည့်မျက်နှာပေါ်တွင် ဒေါသရိပ်များ ထပ်ဟပ်လျက်။
အဘွားရှန်က ဆက်လက်၍ နားပူနားဆာလုပ်နေဆဲ။
“ မင်းအမေရဲ့ရောဂါက ပြန်လည်း ကောင်းလာတော့မှာ မဟုတ်ဘူး။ ဒီလောက်နှစ်တွေကြာသွားတာကို မင်းအမေက အသုံးမဝင်တဲ့သူပဲဖြစ်နေတုန်းပဲ .....”
ရှန်လင်း - “ ကျွန်တော့်အမေက အသုံးမဝင်တဲ့သူမဟုတ်....”
ရှန်လင်းပြော၍ မပြီးသေးခင်မှာပင် အဘိုးရှန်က ရိုင်းပျစွာ ကြားဖြတ်ပြောလာ၏။
“ ဘာမှထပ်ပြောမနေနဲ့တော့။ မင်းမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုမှတော့ ငါ့ကို အိမ်ဂရန်နှင့် မြေစာချုပ်ပေးလိုက်။ တစ်နှစ်လောက်နေရင် မင်းမှာ ငါတို့ကိုပေးစရာ ဘာမှရှိတော့မှာ မဟုတ်ဘူး”
အဘိုးရှန်နှင့် အဘွားရှန်သည် ရှန်လင်းတို့အိမ်ကို ငမ်းငမ်းတက်လိုချင်နေသည်မှာ အချိန် အတော်ကြာခဲ့ချေပြီ။
သို့ပေသိ ရှန်လင်းက ပေးချင်စိတ်မရှိသည်ကို အသာထား၊ ရှန်လင်းပေးချင်သည်ဆိုလျှင်တောင်မှ ရှန်လင်း၏ နာမည်ဖြင့် အခန်းတစ်ခန်း၊ မြေတစ်ကွက်မျှ မရှိပါချေ။
…