← Chapters

စိတ်အားထက်သန် နေပုံပေါ်သော ဆုဝန်

Vol. 3 Ch. 52

စိတ်အားထက်သန် နေပုံပေါ်သော ဆုဝန်

Vol. 3 Ch. 52

နှစ်ပေါင်းများစွာ ကြာအောင် ရှန်လင်းသည် အဖိုးရှန်နှင့် အဖွားရှန်ကို အမြဲတစေ ရိုသေလေးစားမှု ရှိခဲ့ပြီး နှစ်စဉ်နှစ်တိုင်း သီးနှံများ ရိတ်သိမ်းပြီးနောက် သူတို့ကို ကျေးဇူးသိတတ်သည့် အနေဖြင့် ငွေကြေးများ ပေးခဲ့၏။ ပုံမှန်ရက်များ၌လဲ စားသောက်စရာများ ပို့ပေးကာ အလုပ်များ အမြဲတစေ ကူညီခဲ့သည်။ သို့သော်ငြား အဖိုးရှန်နှင့် အဖွားရှန်တို့သည် ရှန်လင်း၏ ကျေးဇူးမသိတတ်မှုကိုသာ အတင်းအဖျင်း ပြောနေခဲ့သည်။

ယခု ရှန်လင်းသည် ရှန်ရှီးအတွက် သမားတော်ပြဖို့ ပိုက်ဆံသုံးခဲ့သည်က ကျေးဇူးသိတတ်ကြောင်း ပြသည့် လုပ်ရပ်ဖြစ်သော်ငြား ရှန်အဖိုးနှင့် ရှန်အဖွား၏ အမြင်တွင်မူ ယင်းက လုံးဝ အသုံးမဝင်သည့် အရာဖြစ်သည်။

သူတို့ပြောနေသည့် ကျေးဇူးသိတတ်မှု ဟူသည်ကား သူတို့ကောင်းကျိုး အတွက်သာ ဖြစ်နေပုံပေါ်သည်။

ရှန်လင်းသည် စကားမပြောခဲ့ပေ။ သူ၏ အဖိုးနှင့်အဖွားကို အင်မတန် စိတ်ပျက်သွားလေ၏။ ထိုစဉ် ရှန်ရှီးက အခန်းထဲမှ ထွက်လာသည်။ အစက ရှန်ရှီးသည် နှစ်နှစ်လုံးလုံး ဖျားနေခဲ့ပြီး ခွန်အားမရှိခဲ့ပေ။ ထို့ကြောင့် သူမ အခန်းပြင် ထွက်လေ့မရှိ။ သို့သော် ယခုအခေါက်တွင်မူ ရှန်ရှီးက အိမ်ထဲမှ ထွက်လာလေ၏။ သူမသည် ချိုင်းထောက်လဲ မသုံးခဲ့ပေ။ အသားအရောင်သည် ယခင်ကကဲ့သို့ ဖျော့တော့မနေ‌ေတာ့ပဲ အနည်းငယ် နီနေလေ၏။

ရှန်လင်းက ပါးစပ်ဖြည်းဖြည်းချင်း ဟလိုက်တော့သည်။

“ အဖိုးနဲ့အဖွား ပြောတာက ကျုပ်အမေအတွက် သမားတော်ပြတာ အသုံးမဝင်ဘူး ဟုတ်လား။ ဒါပေမဲ့ မှားတယ်။ ဒီတစ်ခေါက် ချင်းကျိုးစံအိမ်ဆီ သွားတဲ့ခရီးမှာ စုထားတာအားလုံး သုံးလိုက်ရပေမဲ့ ကျုပ်အမေရဲ့ ဝေဒနာက အပြည့်အဝ ပျောက်ကင်းသွားပြီ။ ဒါ အသုံးမဝင်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ ”

အဖိုးရှန်နှင့် အဖွားရှန်တို့က အနည်းငယ် ထိတ်လန့်သွားလေ၏။ ရှန်ရှီးက နေမကောင်းလောက်ဟု သူတို့ ထင်ခဲ့သော်ငြား ယခုအခေါက်တွင်မူ သူမက ပိုပြီး အားအင် ပြည့်ဖြိုးနေပုံ ပေါ်သည်။

ရှန်ရှီးသည် အစထဲက သူမ၏ ယောက္ခမများကို လေးစားခဲ့တာ ဖြစ်သည်။ သို့သော် ဤရက်ပိုင်းအတွင်း ဆုဝန်နှင့် စကားပြောပီးနောက် သူမ၏ ယောက္ခမများသည် သူတို့ ဘာပဲ ဆောင်ရွက်ပေးစေကာမူ နွေးထွေးလာမှာ မဟုတ်ပဲ ရှန်လင်းကို ကျေးဇူးတရား မသိတတ်သူဟူ၍ အမည်တပ်မည်မှန်းတာ သဘောပေါက်သွား၏။

ကျေးဇူးသိတတ်သည် ဖြစ်စေ မသိတတ်သည် ဖြစ်စေ ကျေးဇူးတရား မသိတတ်သူဟု အမည်တပ်ခံရမည် ဖြစ်သောကြောင့် ဘာမှ မလုပ်ရုံသာ ရှိသည်။ မူလက ရှန်ရှီးသည် အနည်းငယ် တွေဝေနေခဲ့တာ ဖြစ်၏။ သို့သော် ဆုဝန် ကျိုးကြောင်းသင့် ပြောတာကို ကြားပြီးနောက် စိတ်ပြင်ဆင်ခဲ့၏။ နောင်ကျ ကျေးဇူးမသိတတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ရှန်အဖိုးနှင့် ရှန်အဖွားတို့သည် ရှန်ရှီး၏ ရောဂါအကြောင်း ဆက်မပြောတော့ပဲ ရှန်လင်းကို ငေါက်ငမ်းလိုက်၏။

“ မင်း ကျေးဇူးမသိတတ်တဲ့ကောင်။ မင်းအဖေ သေတဲ့ အချိန်တုန်းက ဒီအိမ်နဲ့မြေကို ငါတို့ဆီ ပေးဖို့ ပြောခဲ့တာ။ အဲ့ဒါကို မင်းကို သတ်နေသလိုမျိုး မင်းလက်ထဲ ကျစ်ကျစ်ဆုပ်ထားတယ် ”

ရှန်ရှီးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ယောက္ခမကြီးတို့ရဲ့ ဒုတိယသား ထွက်သွားတဲ့အချိန် ဒီအိမ်နဲ့မြေက လင်းအာ အိမ်ထောင်ပြုဖို့အတွက် ထားပေးခဲ့တာ။ ကျေးဇူးသိတတ်ရမဲ့ အပိုင်းကို ကျေးဇူးသိတတ်ပြီးပါပြီ။ ဘယ်တုန်းကများ ဂရုမစိုက်ပဲ နေလို့လဲ။ ပြီးတော့ ဒါကို လင်းအာရဲ့ မိန်းမဆီ ပေးပြီးပြီ ”

ရှန်ရှီးက နေပြန်မကောင်းသေးသော်ငြား မမောမပန်းပဲ ပြောနိုင်သေးသည်။

ရှန်အဖိုးသည် ရှန်ရှီး၏ စကားကို နားထောင်ပြီး အထင်တသေး ပြောလိုက်၏။

“ ဒီအိမ်နဲ့မြေက ရှန်လင်း အိမ်ထောင်ပြုဖို့ အတွက် ဆိုမှတော့ အကြီးအကဲ နှစ်ယောက်အတွက် ပေးလိုက်တာက သဘာဝပဲလေ။ မြန်မြန် အိမ်စာချုပ် ပေးလိုက်။ အိမ်စာချုပ် ပေးပြီးရင် ရှန်လင်း လက်ထပ်တဲ့အချိန်ကျ ပြန်ပေးမယ်။ မင်းတို့တွေက ဒါကို ယူထားဖို့ ငယ်လွန်းသေးတယ် ”

ရှန်အဖိုးတို့ လက်ထဲ အိမ်စာချုပ် ရောက်သွားပြီးသည်နှင့် ပြန်ရတော့မှာ မဟုတ်မှန်း ရှန်ရှီးနှင့် ရှန်လင်းက ရှင်းရှင်းလင်းလင်း သိနေသည်။

ရှန်လင်းက မေးလိုက်၏။

“ အဖိုးနဲ့အဖွား ကျုပ် မိန်းမတစ်ယောက် လက်ထပ်တဲ့ အချိန်ကျမှ အကြီးအကဲ နှစ်ယောက်ကို လာဆုံးဖြတ်ခိုင်းပါ့မယ် ”

အဖိုးရှန်သည် ထိုစကားကို ကြားသောအခါ ပြက်လုံးဟု မှတ်ယူခဲ့သည်။ မူလက သူသည် အိမ်စာချုပ်‌ တောင်းဖို့ မစဉ်းစားခဲ့ပေ။ ရှန်လင်း ပြောတာကို ကြားပြီး ရှန်လင်းက သူ၏ အိမ်စာချုပ်ကို သူ လက်ထပ်မည့်သူအား ပေးမည်ဟု ပြောတာကို သိလိုက်ရသည်။

သူလက်ထပ်သည့် အချိန်၌ သူ အိမ်နှင့်မြေ စာချုပ်ကို သူတို့အား ပေးမည်ဟု ပြောတာကို သိလိုက်ရ၏။

ရှန်အဖိုး၏ အမူအရာက အနည်းငယ် ပျော့ပြောင်းသွားသည်။

“ သဘာဝပဲလေ မင်း မိန်းမ ယူတဲ့အခါ မင်းရဲ့ အိမ်နဲ့မြေစာချုပ်ကို ပေးမှာပေါ့။ ဒါမှ ကောင်းကောင်းမွန်မွန် အိမ်ထောင် ပြုနိုင်မှာပေါ့ ”

အဖွားရှန်က မသင့်တော်စွာ ဝင်ပြောလိုက်၏။

“ ဒါဆို မင်းရဲ့ ဦးလေးနှစ်ယောက်ကိုလဲ ပေးရ ”

“ ပါးစပ်ပိတ်ထား ”

အဖိုးရှန်သည် အဖွားရှန်ကို အမြန် ဖြတ်ပြောလိုက်၏။ သူမက ရှန်လင်းကို မသင့်တော်တာ တစ်ခုခု ပြောလိုက်မှာ စိုးရိမ်သောကြောင့် ဖြစ်သည်။

ရှန်လင်းက ပြောလိုက်သည်။

“ ဒီလိုဆိုတော့ အဖိုးနဲ့အဖွားတို့ မြေစာချုပ် တောင်းဖို့ မလိုတော့ပါဘူး။ ဆုဝန်ကို လက်ထပ်မယ်လို့ ကတိပေးပြီးပါပြီ။ ဆုဝန်နဲ့ ကျွန်တော် စေ့စပ်ပြီးသွားပြီ။ ဆုဝန်ကို လက်ထပ်ချင်ရင် တင်တောင်းပစ္စည်း ရှိရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဆင်းရဲပါတယ်။ ဒီတော့ ရွေးချယ်စရာ မရှိဘဲ သတို့သမီး တင်တောင်းကြေးအနေနဲ့ မြေစာချုပ်ကို ပေးလိုက်တာ။ အခု ဆုဝန်ရဲ့အိမ်မှာ နေနေတာပါ။ နောင်ကျ ဆုဝန်ရဲ့မြေမှာပဲ စိုက်ပျိုးပေးတော့မှာ ”

အဖိုးရှန်သည် ရှန်လင်းကို အံ့ဩစွာ ကြည့်နေပြီးနောက် ကျိန်ဆဲတော့သည်။

“ မင်း ကျေးဇူးမသိတတ်တဲ့ဟာ။ မြေစာချုပ်ကို ဘယ်လိုလုပ် ပေးနိုင်ရတာလဲ။ မင်း …မင်း မင်းဘယ်တုန်းက စေ့စပ်လိုက်တာလဲ။ မင်းရဲ့ အဖိုးနဲ့အဖွားကို မပြောပဲ ဘယ်လိုလုပ် စေ့စပ်နိုင်ရတာလဲ။ ဒါမျိုး ဆုံးဖြတ်ချက် ချရဲတယ်ပေါ့။ ဒါကို ထည့်တွက်လို့မရဘူး ”

အဖိုးရှန်က ဆုဝန်ကို ထပ်ကြည့်လိုက်၏။

“ မင်း ရှန်လင်းရဲ့စေ့စပ်မှုက တရားမဝင်ဘူး။ မြန်မြန် ငါတို့ ရှန်မိသားစု ပစ္စည်း ပြန်ပေးလိုက်။ မဟုတ်ရင် ငါတို့ ရှန်မိသားစုရဲ့ ဥစ္စာကို အကြောင်းရင်း မရှိ လိမ်လည်ခဲ့တယ်ဆိုပြီး အစိုးရဆီမှာ တရားသွားစွဲမယ် ”

အဖွားရှန်ကလဲ ဝင်ပြောလိုက်၏။

“ အမှန်ပဲ နင့်ကို တရားစွဲဖို့ ရုံးကိုသွားမယ် ”

ဆုဝန်၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိပေ။ ဆုဝန်က အဖိုးရှန်နှင့် အဖွားရှန်တို့ကို ရုံးဆီ အမြန် သွားစေချင်နေတာ ဖြစ်သည်။ အဖိုးရှန်နှင့် အဖွားရှန်တို့ကို တစ်ချိန်လုံး ကျေးဇူးတရား မသိတတ်ဟု ပြောခွင့်ပေးမည့်အစား သွားပြီးတိုင်စေချင်၏။

ဆုဝန်က အနည်းငယ် ကြောက်ချင်ယောင် ဆောင်လိုက်၏။

“ အဖိုးရှန် အဖွားရှန် ကျွန်မနဲ့ အစ်ကိုရှန်ကို ရုံးတော်ဆီသွားပြီး တရားမစွဲမှ ရမယ် ”

အဖိုးရှန်သည် ဆုဝန်ပြောတာကို ကြားသောအခါ ပိုမိုအားတက်လာပြီး ပိုပြီး ခြိမ်းခြောက်လိုက်၏။ ပြီးနောက် ရှန်လင်း၏ ဝတ္တရား မကျေပွန်မှုနှင့် ဆုဝန်၏ လိမ်လည်မှုတို့ကို တရားစွဲမည်ဟု ဆိုခဲ့သည်။

ရှန်လင်းနှင့် ဆုဝန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ တာ့ကျိုးမင်းဆက်၏ စည်းမျဉ်းများအရ သစ္စာဖောက်ခြင်းကဲ့သို့ ကိစ္စကြီးများ မဟုတ်သရွေ့ အငယ်များသည် အကြီးကို တရားစွဲ၍မရ။ အကြီးများက အငယ်များကိုမူ တရားစွဲနိုင်သည်။ တရားစွဲပြီ ဆိုလျှင် ရုံးတော်က ဆုံးဖြတ်ချက် ချပေးမည် ဖြစ်ကာ ရှန်လင်းက သူ ရုံးတော်သို့ သွားခဲ့လျှင် ကျေးဇူးတရား မသိတတ်ဟု အခေါ်ခံစရာ အကြောင်း မရှိမှန်း သေချာနေ၏။

အဖိုးရှန်နှင့် အဖွားရှန်တို့ ထွက်သွားသော်ငြား ရှန်လင်းက သူတို့ကို မတားခဲ့ပေ။ ရေရှည်နာကျင်မှုက ရေတို နာကျင်မှုထက် ပိုဆိုးပေ၏။ သူ၏ အဖိုးအဖွားများက အမြဲတစေ ထပ်တလဲလဲ စိတ်အနှောင့်အယှက် ပေးနေမည် ဆိုပါက သူ ဘယ်တော့မှ ကောင်းကောင်းမွန်မွန် နေရမှာ မဟုတ်ပေ။ ထိုသို့ဖြစ်လာမည့်အစား အဖိုးရှန်နှင့် အဖွားရှန်တို့ကို သွားခွင့်ပေးလိုက်မည်။ ရုံးတော်သို့ သွားခြင်းကလဲ ဆိုးဝါးသည့် ကိစ္စမဟုတ်ပေ။

ထိုလူနှစ်ယောက် ထွက်သွားပြီးနောက် ရှန်လင်း၊ ဆုဝန်၊ ရှန်ရှီးနှင့် ရှန်ယာယာတို့က အိမ်ထဲဝင်လာ၏။

ရှန်ရှီးက အနည်းငယ် စိတ်ပူနေသည်။

“ သမီးရဲ့ လက်ထပ်ပွဲကို သူတို့ ဖျက်ဆီးလိုက်မှာလား ”

ဆုဝန်က ပြော၏။

“ ကိစ္စမရှိပါဘူး ဒေါ်လေးရယ်။ ကျိုးမင်းဆက်မှာ သမီးတို့ လက်ထပ်တဲ့အချိန် မိဘတွေပြောတာ နာခံရမယ် ဆိုပေမဲ့ အဖိုးအဖွားတွေကို ရည်ညွှန်းဖို့ မလိုပါဘူး ”

ဒီတော့မှ ရှန်ရှီးသည် သက်ပြင်းချလိုက်မိ၏။

ရှန်ရှီး စိုးရိမ်ပူပန်နေမှာကို စိုးသောကြောင့် ဆုဝန်သည် တာ့ကျိုးမင်းဆက်၌ တရားစွဲဆိုမှုများအကြောင်း ပြောပြလိုက်၏။ ထိုသို့သော တရားစွဲဆိုမှုကို ဥပဒေအရ ဆုံးဖြတ်တာ ဖြစ်၏။

တစ်ဖက်တွင်မူ အဖိုးရှန်နှင့် အဖွားရှန်တို့ကို ကောင်းကောင်းမွန်မွန် မနေစေချင်ပေ။ ရှန်လင်းက ယခုအခေါက်၌ အမှားမရှိဟု ရုံးတော်က ဆုံးဖြတ်ခဲ့လျှင် သူတို့နှစ်ယောက်သည် နောင်ကျ ဒုက္ခတွေ့တော့မှာပဲ ဖြစ်သည်။ ပိုက်ဆံရှာရာတွင်လဲ ခွဲဝေပေးစရာ မလိုတော့ပေ။

ရှန်လင်း၏ အဖေသည် အဖိုးရှန်နှင့် အဖွားရှန်တို့၏ သားအရင်း ဟုတ်ပါရဲ့လားဟုတောင် ဆုဝန် တွေးမိသွား၏။ မဟုတ်လျှင် သူသည် ရှန်လင်း၏ဖခင်ကို အဘယ်ကြောင့် ထိုမျှ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီး သူ၏ သားကြီးနှင့် သားငယ်တို့ကို အဘယ်ကြောင့် ကောင်းကောင်းမွန်မွန် ဆက်ဆံရသနည်း။ ထိုကိစ္စအတွက် သက်သေမရှိပေ။ သို့သော် ရုံးတော်သို့ သွားမည် ဆိုသောကြောင့် ဆုဝန်သည် ဤကိစ္စကို ကြီးကျယ်အောင် လုပ်ရန် ဆုံးဖြတ်ထား၏။ ယင်းသည် နောက်ဆုံး မဟုတ်သော်ငြား ထိုကဲ့သို့ ဖြစ်ရပ်မျိုး၌လဲ တန်ပြန်သက်ရောက်မှု ရှိလိမ့်မည်။

အဖိုးရှန်နှင့် အဖွားရှန်တို့သည် ရှန်လင်း၏အိမ်မှ ဒေါသတကြီး ထွက်လာပြီး ကျောင်းတွင် ရှိနေသေးသည့် မြေးအကြီးဆုံးနှင့် ဒုတိယမြေးတို့ကို အမှတ်ရသွား၏။ သူတို့ဘာသာ စွပ်စွဲစာ မရေးနိုင်သောကြောင့် အဖိုးရှန်တို့သည် လှည့်ပတ်မေးပြီး ရှန်လင်း၏ ကျေးဇူး မသိတတ်မှုအကြောင်း လူတွေကို လိုက်ပြော၏။ ရှန်လင်းက ကျေးဇူးတရား မသိတတ် အဖိုးအဖွား၏ သဘောတူညီချက် မပါပဲ လက်ထပ်ခဲ့ပြီး ဆုဝန်ကို အိမ်နှင့်မြေ စာချုပ်ပေးခဲ့ခြင်းက တစ်ကယ့်ကို ကျေးဇူးတရား မသိတတ်တာဟု ဆိုခဲ့သည်။

ရှန်လင်းနှင့် ဆုဝန်တို့ စေ့စပ်သွားပြီ ဖြစ်၏။ သို့သော် ချင်းရှီးရွာ၌ မထင်ထားသည့်သူများ ရှိနေသည်။

အစက ချင်းရှီးရွာရှိ လူတို့သည် ဆုဝန်ကို အထင်သေးကြ၏။ ဝမ်လော့ရွှယ်သည် ချင်းရှီးရွာရှိ လူတို့အတွက် စံတင် ချွေးမလောင်းတစ်ယောက် ဖြစ်ခဲ့၏။ သို့သော် ဆုဝန် ပြန်ရောက်လာချိန်မှ စပြီး သူမ၏ ရုပ်ရည်သွင်ပြင်သည် များစွာ ပြောင်းလဲသွားသည်။ ဆုဝန်သည် တောင်ပေါ်မှ ရသည့် သစ်သီးများဖြင့် တုတ်ထိုးချိုချဉ်များ လုပ်ကာ ပိုက်ဆံရှာနိုင်ခဲ့ရုံသာမက ရုပ်ရည်လဲ ချောမောလာ၏။ ဆုဝန်ကို လက်ထပ်ချင်ကြောင်း မိဘကို ပြန်လာပြောသည့် သားများတောင်ရှိသည်။

သို့သော် ပြဿနာက ဆုဝန်သည် အရင်တုန်းက အထင်သေး ခံခဲ့ရတာပဲ ဖြစ်၏။ ဆုဝန်ကို လူတိုင်း ဟားတိုက်ခဲ့ကြသည်။ ဤနည်းဖြင့် ဆုဝန်ကို အရင်ဆုံး လက်ထပ်ခွင့်တောင်းသည့် မိသားစုသည် လူအများ ဟားတိုက်တာ ခံရလိမ့်မည်။ သူတို့ ရက်အနည်းငယ် ဆက်စောင့်ခဲ့လျှင် ဆုဝန်အပေါ် လူတိုင်းအမြင်က မှေးမှိန်သွားမည် ဖြစ်ကာ ထိုအချိန်ကျ ငွေကြေးအနည်းငယ်ဖြင့် ဆုဝန်ကို ခေါ်လာနိုင်ခဲ့မှာပဲ ဖြစ်သည်။ ဆုဝန်သည် သူတို့မိသားစုအတွက် ပိုက်ဆံရှာပေးပြီး အလုပ်လုပ်ပေးလိမ့်မည်။

ဆုဝန်၌ အဖေအမေ မရှိသောကြောင့် ဆုဝန်ကို လက်ထပ်ခွင့်တောင်းရန် ပိုက်ဆံ သိပ်ကုန်ကျမှာ မဟုတ်ပေ။ ရှန်လင်းက ဆုဝန်ကို သူ၏ကိုယ်ပိုင် အိမ်စာချုပ် မြေစာချုပ်တို့ဖြင့် တင်တောင်းလိမ့်မည်ဟု မထင်ထားမိပေ။ ယင်းက မည်သူမှ မတွေးမိသည့် အရာဖြစ်၏။

အဖိုးရှန်နှင့် အဖွားရှန်တို့သည် ညနေစောင်းထိ စောင့်နေ၏။ နောက်ဆုံး၌ မြေးအကြီးဆုံးနှင့် ဒုတိယမြေးတို့ ပြန်ရောက်လာချိန်တွင် အဖိုးရှန်နှင့် အဖွားရှန်တို့က အခဲမကြေမှုများ ပြည့်နေသဖြင့် စွပ်စွဲစာရေးကာ ချင်းယွင်ကောင်တီသို့ သွားခဲ့သည်။

ချင်းရှီးရွာရှိ လူတိုင်းက ထိုအကြောင်းကို သိကြသည်။

အတင်းပြောတတ်သော မိန်းမတစ်အုပ်ကြောင့် ဝမ်ရှီးကလဲ ထိုသတင်းကို ကြားမိသည်။ ထိတ်လန့်လွန်းသောကြောင့် သတိလစ်လုနီးပါး ဖြစ်သွား၏။ ထိုစဉ် တစ်စုံတစ်ယောက်က ဝမ်ရှီးကို ကျီစယ်လိုက်တော့သည်။

“ ဆုဝန်က ရှင့်ရဲ့ လော့ရှန်းကို အထင်သေးနေတာ။ သူက ရှန်လင်းကို လက်ထပ်ချင်နေတာပဲ ”

ဝမ်ရှီးသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားလေ၏။

“ ဆုဝန်က ဘာမလို့လဲ ကျွန်မတို့ရဲ့‌ လော့ရှန်းက သူ့ကို ဘယ်လိုလုပ် ချစ်မိမှာလဲ။ ကျွန်မတို့ လော့ရှန်းက ချင်းယွင်ကောင်တီက မိန်းကလေးကို လက်ထပ်ချင်နေတာလေ။ ရှင် ကျွန်မတို့ လော့ရှန်းနဲ့ယှဉ်ရင် ရှန်လင်းက ဆင်းရဲသားတစ်ယောက် တစ်ယောက်က ကောင်းကင်မှာ တစ်ယောက်က မြေကြီးမှာ။ သူက ကျွန်မရဲ့ လော့ရှန်းနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ”

အတင်းအဖျင်းပြောသူ များစွာလဲ ရှိနေပြီး လူတိုင်းက ဖြတ်သွားနေကျတာ ဖြစ်သည်။ ဝမ်လော့ရှန်းနှင့် ရှန်လင်းတို့ကို ယှဉ်ကြည့်လျှင် ရှန်လင်းက ဝမ်လော့ရှန်းထက် ပိုကောင်းသည်ဟု ထင်ရသော်ငြား ရှန်လင်းက ဆင်းရဲ‌လွန်းနေပြီး ဝမ်လော့ရှန်း၌ တောက်ပသော အနာဂါတ်ရှိသည်။

မိန်းကလေး တစ်ယောက်ကသာ လက်ထပ်မည်ဆိုလျှင် ဆင်းရဲသား ရှန်လင်းအစား အလားအလာ ရှိသည့် ဝမ်လော့ရှန်းကိုသာ လက်ထပ်ချင်မှာပဲ ဖြစ်သည်။

ထိုစကားများက ဆုဝန်၏နားထဲ ရောက်လာ၏။ ဆုဝန်က အလေးမထားပေ။ ရှန်လင်းနှင့် ဝမ်လော့ရှန်း၏ အကျင့်စရိုက်က မတူညီကြပေ။ တစ်ယောက်က မိုးပေါ်တွင်ရှိပြီး တစ်ယောက်က မြေပြင်ပေါ်တွင် ရှိ၏။ ယခု သူတို့သည် ဝမ်လော့ရှန်း၏ စာသင်သား အနေဖြင့် ဂုဏ်သတင်း အကြောင်းသာ လွှမ်းမိုးခံထားရတာ ဖြစ်သည်။ ရှန်လင်းသည် စာဖတ်ရာ၌ ဝမ်လော့ရှန်းထက် အဆပေါင်းများစွာ ပိုတော်သည်။

ဆုဝန်နှင် ရှန်လင်းတို့၏ စေ့စပ်မှုအကြောင်း ဝမ်လော့ရှန်းကလဲ ကြားမိသည်။ ထိုအကြောင်း ကြားပြီးနောက် ဝမ်လော့ရှန်းသည် ဆုဝန်ကို ချက်ချင်း သွားရှာခဲ့ကာ စိတ်လိုက်မာန်ပါ မလုပ်ရန် ပြောခဲ့သည်။ ရှန်လင်းက ကျေးဇူးတရား မသိတတ်ကြောင်း တစ်ရွာလုံး သိသွားပြီ ဖြစ်၏။ ထို့ကြောင့် ရှန်လင်းကို ယုံကြည်၍မရ။ တကယ်တော့ သူသည် ဆုဝန်ကို လက်ထပ်ရန် အမြဲတမ်း ပြင်ဆင်နေခဲ့တာ ဖြစ်သည်။

ဤရက်များပြီးနောက် ဆုဝန်သည် သူစာလေ့လာရာ၌ သူ့ကို အနည်းငယ် ကူညီပေးနိုင်သည်ဟု ဝမ်လော့ရှန်း ခံစားခဲ့မိသည်။ ဥပမာအနေဖြင့် သူမသည် သူ့အဝတ်အစားများကို ပြင်ဆင်ပေးခြင်း စာအုပ်စာတမ်းများ စီစဉ်ပေးခြင်းတို့ ဖြစ်သည်။ သူမက လှပသောကြောင့် သူ့ကို လက်ခံနိုင်သည်။

ဆုဝန်သည် ဝမ်လော့ရှန်းကို ပြန်မေးခဲ့၏။

“ ကိုကိုရှန်လင်းက ဘဝအတွက် ယုံကြည်လို့ မရတဲ့သူဆို အစ်ကိုလော့ရှန်းကကော အစ်ကိုရှန်နဲ့ ညီမ ကွာရှင်းလိုက်ရင် အစ်ကိုလော့ရှန်းက ညီမကို လက်ထပ်မှာလား ”

ဆုဝန်က ထိုသို့ ပြောတာကို ကြားပြီး သူမရင်ထဲ၌ သူရှိနေသေးကြောင်း ခံစားမိသွား၏။ သူမက ရှန်လင်းကို စေ့စပ်ခဲ့တာ တကယ် စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့တာပဲ ဖြစ်သည်။

သို့သော် သူသည် သူမကို ဇနီးမယား အနေဖြင့် လက်မထပ်နိုင်ပေ။ သူ၏ ဇနီးက ရန်ရွေယန်သာ ဖြစ်နိုင်၏။ ဆုဝန်က ယခုအခြေ‌အနေ မဆိုးသော်ငြား ရန်ရွေယန်နှင့် မယှဉ်နိုင်ပေ။

ဝမ်လော့ရှန်းက အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားလေ၏။

“ မင်း ကိုယ့်ကို လက်ထပ်ရင် အိမ်က အလုပ်ကိစ္စအားလုံးကို တာဝန်ယူရမယ် ”

ဆုဝန်သည် ဝမ်လော့ရှန်းကို သက်ညှာမှုမရှိ ပြောဆိုလိုက်၏။

“ ရှင်က ကျွန်မကို အလုပ်လုပ်တဲ့ ကိုယ်လုပ်တော် ဖြစ်စေချင်နေတာမလား။ လူချမ်းသာ တစ်ယောက်ရဲ့ ကိုယ်လုပ်တော် ဖြစ်တာထက် ဆင်းရဲတဲ့သူရဲ့ ဇနီးမယား ဖြစ်တာက ပိုကောင်းတယ် ဆိုတဲ့ ဆိုရိုးစကား ရှိတယ်။ ရှင်က သူဌေးလဲ မဟုတ်ပါဘူး ”

ဝမ်လော့ရှန်းသည် အရှက်ကွဲမှုကြောင့် ဒေါသ ထွက်လာ၏။ သူသည် ဆုဝန်ကို ဤမျှ နှိမ့်ချစွာ တစ်ခါမှ မပြောဖူးပေ။ ယခု သူသည် ဆုဝန်ကို ကောင်းကောင်းမွန်မွန် ပြောနေသော်ငြား ဤသို့ ဆက်ဆံခံလိုက်ရ၏။ ဝမ်လော့ရှန်းက မျက်နှာပျက်သွားသည်။

“ မင်း ရှန်လင်းကို လက်ထပ်ရင် တစ်သက်လုံး ဆင်းရဲနေမှာ ”

တစ်ချိန်ထဲတွင် ဆုဝန်က သူ့ကို ကြိုက်နေသေးကြောင်း ဝမ်လော့ရှန်း သေချာသွား၏။ သို့သော် ဆုဝန်က ကိုယ်လုပ်တော် မဖြစ်ချင်ပေ။ သူမ၏ အရည်အချင်းဖြင့် သူ၏ ဇနီးသည် ဖြစ်ချင်နေတာက အဓိပ္ပါယ် မရှိပေ။

ကြည့်ရတာ ယွင်ရန်နား ငါကပ်ရတော့မဲ့ ပုံပဲ။ ဒါမှ ဆုဝန်ကို လှုံ့ဆော်ရာ ရောက်ပြီး သူ ကြိုက်တဲ့သူနဲ့ တခြားသူကို တွဲတွေ့ရတာ ဘယ်လောက် နာကျင်စရာ ကောင်းလဲဆိုတာ ခံစားလို့ရအောင် လုပ်နိုင်မှာ။

…

All Chapters