နန်းတွင်းစာမေးပွဲခရီးလမ်း စတင်ခြင်း။
Vol. 3 Ch. 53
ဆုဝန် လှည့်ထွက်လာလိုက်၏။ ဝမ်လော့ရှန်း၏ အရှက်မဲ့လှသည့်အတွေးများက ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ဆုဝန်မှာ ဝမ်လော့ရှန်းနှင့် စကားပြောလိုစိတ် လုံးဝရှိမနေတော့ပေ။
ဝမ်လော့ရှန်းမှာ နေရာတွင်ရပ်နေမိမြဲ။ ဆုဝန်ထံမှ ထိုသို့ဆက်ဆံခံရလိမ့်မည်ဟု သူထင်မမိခဲ့ချေ။ ယုတ္တိကျကျပြောရမည်ဆိုပါက သူ ဆုဝန်ထံ အရင်လာလိုက်ခြင်းဖြစ်ရာ ဆုဝန်က သူ့ကို မျက်နှာလိုမျက်နှာရ လုပ်သင့်လေသည်။ အနှီမျက်နှာထားမျိုး ဖြစ်နေမည်ဟု မထင်ခဲ့မိချေ။
ယခင်က ဝမ်လော့ရှန်းသည် ရှန်လင်းကို မနာလိုဖြစ်ခဲ့၏။ သူသည် ရှန်လင်းတို့မိသားစုက ချမ်းသာတာကို မနာလိုဖြစ်ခဲ့ပြီး ရှန်လင်း စာလေ့လာမှုအားကောင်းတာကို မနာလိုဖြစ်ခဲ့၏။ ယခင်တုန်းက သူသည် သာမန်ကျောင်းသားတစ်ဦးသာ ဖြစ်ခဲ့သော်လည်း ရှန်လင်းက ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်နေခဲ့၏။
‘ ဒါပေမဲ့ ဘာအသုံးဝင်လို့လဲ။ အခု ရှန်လင်းက စာလေ့လာဖို့ အရည်အချင်းမပြည့်မီတော့ဘူး။ ငါက ပညာရှိစာမေးပွဲ အောင်ထားပြီးပြီလေ။ချင်းရှီရွာမပြောနဲ့၊ ချင်းယွင်ကောင်တီမှာတောင် ပညာရှိ လက်တစ်ဆုပ်စာလောက်ပဲ ရှိတာ။ ငါ့အနာဂတ်က အဆုံးမရှိဘူး။ ရှန်လင်းက ဆင်းရဲတာမှ ချူသံပါလို့ကို’
ဆုဝန်သည် ရှန်အိမ်သို့ ပြန်ရောက်ပြီးနောက် ထိုင်တွေးနေမိ၏။ စာအုပ်ထဲ၌ ရှန်လင်းသည် ချမ်းသာသော စီးပွားရေးသမားတစ်ဦး ဖြစ်လာခဲ့၏။ အလွန်အမင်း မချမ်းသာသည့်တိုင် အခြေအနေများကို ထိန်းချုပ်နိုင်၏။ ရှန်လင်းသည် ဇိမ်ခံအိမ်တော်တစ်လုံးဝယ်ယူခဲ့ပြီး အကောင်းစားမြင်းလှည်းတစ်စီးဖြင့် ခရီးများထွက်ခဲ့၏။
သို့ပေသိ ဤလောကတွင် စိုက်ပျိုးရေးကိုသာ အလေးပေးပြီး စီးပွားရေးကို ဖိနှိပ်ထားသည်။ ပိုက်ဆံများများ ရှိလျှင်တောင်မှ အရာရှိများနှင့် ဆုံသည့်အခါ ယဥ်ကျေးနေရဦးမည်ပင်။
ယခင်ဘဝတုန်းက ဝမ်လော့ရှန်းသည် ကျင်းရှီဖြစ်ပြီးနောက် ဆဋ္ဌမအဆင့်အရာရှိတစ်ဦး ဖြစ်သွားခဲ့၏။ သို့တိုင် သူသည် ချင်းယွင်ကောင်တီတွင် ချမ်းသာသူဖြစ်နေဆဲပင်။
ဆုဝန် သူ့ဘာသာတွေးလိုက်၏။
‘ရှန်လင်းသာ စာလေ့လာတဲ့လမ်းကြောင်းပေါ် လျှောက်ပြီး အရာရှိဖြစ်လာခဲ့ရင် ကျိန်းသေပေါက် ဝမ်လော့ရှန်းထက် ပိုတော်မှာပဲ’
ယင်းကား ဆုဝန်က ဝမ်လော့ရှန်းနှင့် ပြိုင်ဆိုင်လို၍ မဟုတ်ရချေ။ မည်သို့ပင်ဆိုစေကာမူ ပျော်ရွှင်မှုကို ကိုယ်တိုင်သာ ခံစားရခြင်းဖြစ်ပြီး သူတစ်ပါးနှင့် နှိုင်းယှဥ်နေရခြင်းမျိုး မဟုတ်ပေ။ စာအုပ်ထဲမှအတိုင်းဆိုပါက ရှန်လင်း ချမ်းသာပြီး ဂုဏ်တင်းလာခဲ့လျှင်တောင်မှ တစ်ခါတရံ အကျင့်ပျက်ခြစားသည့် အရာရှိများနှင့် ရင်ဆိုင်ရသည့်အခါ ပြဿနာရှိနေဆဲပင်။
စာအုပ်ထဲ၌ ရှန်လင်းစီးပွားရေးလုပ်ရခြင်းမှာ သူ့ညီမနှင့် ဆုဝန်တို့ကောင်းမွန်သည့်ဘဝတွင် နေထိုင်စေရန်အတွက်သာ ဖြစ်ကြောင်း ဖော်ပြထား၏။ တကယ်တမ်းပြောရမည်ဆိုပါလျှင် သူလျှောက်လိုသည့်လမ်းကြောင်းမှာ နန်းတွင်းစာမေးပွဲဖြေပြီး အရာရှိတစ်ယောက်ဖြစ်လာကာ အများအကျိုး သယ်ပိုးရန် ဖြစ်၏။
ရှန်လင်းသည် စိတ်စေတနာကောင်းမွန်သူဖြစ်ပြီး နွမ်းပါးသူများကို ကူညီပေးလေ့ရှိ၏။ အနှီဖြစ်စဥ်အတွင်း တစ်ခါတလေကျ တစ်ပါးသူကို ငွေမည်မျှပေးသည်ဖြစ်စေ အစိုးရ၏ မူဝါဒကောင်းများကဲ့သို့ ထိရောက်သည့်အကူအညီမဖြစ်နိုင်ကြောင်း ရှန်လင်း နားလည်သွားတော့သည်။ သာမည အသုံးမဝင်သည့်လူများသည် လူများကို အမြတ်ထုတ်ရန်သာ ပစ်မှတ်ထားရှာဖွေကြလေ၏။
ရှန်လင်းသည် သူသာ လူအများဘဝကို ပိုကောင်းမွန်အောင် လုပ်ပေးမည့်အရာရှိတစ်ယောက် ဖြစ်လာခဲ့ပါက မည်သည့်ဥပဒေမျိုး သူချမှတ်ထုတ်ပြန်မည် ဖြစ်ကြောင်း တစ်ခါတလေ ဆုဝန်ကို ပြောပြတတ်၏။
ဆုဝန်သည် စာအုပ်ထဲမှ ကိစ္စအဖုံဖုံကို တွေးတောနေခဲ့သည်။ စာအုပ်ထဲမှ ရှန်လင်းကို လက်ထပ်လိုက်သည့် ဆုဝန်သည် ပျော်ရွှင်သည့်ဘဝတစ်ခုတွင် နေထိုင်ရသည်ဟု သူတစ်လျှောက်လုံး ယူဆခဲ့ခြင်းကြောင့် ယခင်လမ်းကြောင်းပေါ် ဆက်လျှောက်ရန် သူ အစီအစဥ်ချခဲ့လေ၏။ သို့ရာတွင် ရှန်လင်း၏ ဦးစားပေးအရာကိုမူ အမှုမဲ့အမှတ်မဲ့ဖြင့် လျစ်လျူရှုထားခဲ့မိ၏။
သေသေချာချာ တွေးတောကြည့်လိုက်ပါက စီးပွားရေးဖြင့် လောကကြီးကို အကူအညီပေးခြင်းက ရှန်လင်း အလိုရှိသည့်အရာပင်။
ဆုဝန်က စိတ်ကူးပြောင်းလိုက်၏။ စာအုပ်ထဲ၌ ဆုဝန်သည် ရှန်လင်း၏ကာကွယ်ပေးမှုအောက်တွင် သက်သောင့်သက်သာ ဘဝမျိုးဖြင့် နေထိုင်ခဲ့ရသော်လည်း စီးပွားရေးလုပ်ရသည်ကို နှစ်ခြိုက်လေ၏။
‘ငါလည်း စီးပွားရေးအကြောင်း လေ့လာထားတာပဲဟာ။ ပြီးတော့ အစကတည်းက ဒီလမ်းကြောင်းအပေါ် လျှောက်ဖို့ စီစဥ်ထားတာပဲကို။ ဒီလိုဆိုမှတော့ ရှန်လင်းကို အရာရှိလမ်းကြောင်းပေါ် လျှောက်ဖို့ ဖျောင်းဖျပြီး စီးပွားရေးကို ငါ့ဘာသာ လုပ်လိုက်မယ်လေ။ ဒါဆို မိသားစုထဲမှာ အရာရှိတစ်ယောက်ရှိသွားပြီး နောက်ကို စီးပွားရေးလုပ်တယ်ဆိုပြီး အထင်သေးခံရတော့မှာ မဟုတ်ဘူး’
ဆုဝန် ဤကိစ္စကို ရှန်လင်းနှင့် ဆွေးနွေးသည့်အခါ ရှန်လင်းကို စာလေ့လာ၍ အရာရှိလမ်းကြောင်းပေါ် လျှောက်ရန် ဖျောင်းဖျပြီး စီးပွားရေးကို သူလုပ်လိုက်မည်ဖြစ်ကြောင်း သူ ရှန်လင်းကို ပြောခဲ့၏။
ရှန်လင်းသည် အစကတည်းက သင်္ဘောဖြင့်ပင်လယ်သို့ ရွက်လွှင့်ကာ ငွေရှာရန် စီစဥ်ထားခဲ့ခြင်းဖြစ်၏။ ဆုဝန်က သူ့ကို စာလေ့လာခိုင်းလာသည့်အခါ ရှန်လင်းက ငြင်းဆန်ခဲ့ပါ၏။ ရှန်လင်းက ဆိုလေ၏။
“ကိုယ်က ယောက်ျားတစ်ယောက်ပဲ။ ဒါကြောင့် မိသားစုကိုထောက်ပံ့ပေးဖို့ ငွေရှာသင့်တယ်။ ကိုယ် မင်းရယ်၊ ပြီးတော့ အမေနဲ့ ညီမလေးရယ်ကို တင့်တောင်းတင့်တယ်ဘဝမျိုးနဲ့ ထားပါရစေ။ မင်းက မျက်နှာထွက်ပြစရာ ဘာအကြောင်းမှမရှိပါဘူးကွာ”
ဆုဝန်က ပြော၏။
“ ရှင်က ငွေသွားရှာတာပါပဲ။ ဒါပေမဲ့ ပင်လယ်ကြီးက သွားဖို့ အန္တရာယ်များလွန်းတယ်။ တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ရှင်ပိုက်ဆံရှာနိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မပြောချင်တာက နောင်ကို ကျွန်မတို့သုံးယောက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာမဟုတ်ဘူး။ ကျွန်မတို့အားလုံးက မိန်းမသားတွေချည်းလေ။ ကျွန်မတို့ ဘယ်လိုလုပ် စီးပွားရေးခြေကုပ်ယူနိုင်မှာတဲ့လဲ”
ရှန်လင်း တိတ်ဆိတ်သွားလေ၏။ ဆုဝန်ပြောသွားသည်မှာ သူအစိုးရိမ်ဆုံးအရာပင်ဖြစ်၏။ ဤနှစ်ပိုင်းအတွင်း ကုန်သည်သင်္ဘောများက ပိုကြီးပြီး ပိုကောင်းလာခဲ့သည်။ ပင်လယ်ထဲ လူအမြဲ ပြုတ်ကျသွားလေ့ရှိသည့် ယခင်နှစ်များနှင့်မတူတော့ချေ။ သို့တိုင် နှစ်စဥ် ကံမကောင်း အကြောင်းမလှသည့် မတော်တဆမှု လေးငါးခုလောက်တော့ ရှိတတ်စမြဲပင်။ ပင်လယ်ထွက်ဖို့ဆိုသည်မှာ အမှန်ပင် အန္တရာယ်များလှ၏။
ရှန်လင်းက ခက်ခက်ခဲခဲ ပြောလာခဲ့၏။
“ ဒါပေမဲ့ ယခု ပင်လယ်ထွက်တာကလွဲလို့ ငွေရှာဖို့တခြားနည်းလမ်းမရှိဘူးလေ။ ပြီးတော့ ကိုယ် ပင်လယ်မထွက်ဘူးဆိုရင် ကိုယ့်အဘိုးအဘွားတွေက နေ့တိုင်း အလုပ်ခိုင်းဖို့ ခေါ်နေမှာ သေချာတယ်။ သူတို့ကို ပိုက်ဆံ မပေးဖို့ အကြောင်းအရင်းရှိနေရင်တောင် အလုပ်ခေါ်ခိုင်းတာကနေတော့ လွတ်မှာမဟုတ်ဘူး”
“ သူတို့က ကိုယ်နဲ့ ရုံးတော်ကိုတောင် သွားကြတော့မလားပဲ။ အဲဒီအခါကျ ကိုယ်မသိတတ်မလိမ္မာဘူးလို့ ပြစ်ဒဏ်ချမခံရရင်တောင် သူတို့နဲ့ ဆက်ဆံရေးက ရှင်းရှင်းလင်းလင်း ဖြစ်မှာ မဟုတ်ဘူး။ သူတို့ ကျိန်းသေပေါက် ကိုယ့်ကို သူတို့အတွက် အလုပ်လုပ်ခိုင်းမှာပဲ”
ဆုဝန်က ပြုံး၏။
“ အဲဒါကြောင့်ပဲ ရှင် နန်းတွင်းစာမေးပွဲ ဖြေသင့်တာပေါ့။ ဘယ်သူက စာသင်သားတစ်ယောက်ကို အိမ်အလုပ် လုပ်ခိုင်းမှာတဲ့လဲ။ စဥ်းစားကြည့်ပါဦး။ ဒီရွာရှစ်ရွာမှာ ဘယ်မိသားစုက စာသင်သားက အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲလို့ နားမစွင့်ထားလို့လဲ။ ပြီးတော့ ပညာရှိစာအုပ်တွေပဲ ဖတ်နေပြီး မိသားစု အရေးကိစ္စတွေကို ဂရုမစိုက်လို့လဲ”
ဆုဝန်က ဆက်ပြောနေခဲ့သည်။
“ ပြီးတော့ ရှင်ထွက်သွားလို့မရဘူး။ ကျွန်မ ဆောင်းရာသီကျ အသေးစားစီးပွားရေးလေးလုပ်ဖို့ ရှင့်ကို လိုသေးတယ်။ တကယ်လို့ ဘေးမှာ ယောက်ျားသားတစ်ယောက်မှ မရှိရင် ကျွန်မ အနိုင်ကျင့်ခံရလိမ့်မယ်”
“ ဒီဘုရင်မင်းမြတ်က မသက်ညှာပေးတတ်ဘူး။ နန်းတွင်းစာမေးပွဲက နွေဦးမှာ ကျင်းပတာ။ တကယ်လို့ အလောတကြီး ဖြစ်နေတယ်ဆိုရင် ဒီနှစ် ဆောင်းဦးမှာ ကျင်းပဦးမှာပဲလေ။ ရှင် အရင်ကလည်း စာလေ့လာတဲ့နေရာမှာ ဒီလောက်တော်တာ။ ရှင် ဆောင်းဦးစာမေးပွဲကိုအောင်မှာ ကျိန်းသေတယ်”
ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးကတည်းက ရှန်လင်းက ကျောင်းထွက်လိုက်ရပြီး စာလေ့လာမှုကို လက်လျှော့လိုက်လေ၏။ သို့ပေသိ ယနေ့ ဆုဝန်၏စကားများကို နားထောင်လိုက်ပြီးနောက် ဆက်၍ စာလေ့လာဖို့လိုအပ်သည်ဟု ရှန်လင်း ခံစားလိုက်ရ၏။
ဆုဝန်က ရှန်လင်း၏ မျှော်လင့်ချက်အပြည့် ဖြစ်နေသည့်မျက်လုံးများကိုကြည့်ပြီး ရှန်လင်း စာလေ့လာချင်နေမှန်း သိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ရှေးခေတ်လူ့အသိုင်းအဝိုင်းတွင် အရာအားလုံးက နိမ့်ကျပြီး စာဖတ်ရှုလေ့လာခြင်းက အဆင့်အတန်း မြင့်မားသည်ဆိုသည်ကား ပြက်လုံးတစ်ခု မဟုတ်ပါချေ။
ဆုဝန်က တွက်ချက်ထားပြီးသားပင်။ သူ တစ်နည်းနည်းဖြင့်တော့ ငွေရှာနိုင်မည်ပင်ဖြစ်၏။ မရှာနိုင်ခဲ့လျှင်တောင်မှ သူ မုန့်လုပ်နည်းရောင်း၍ ရှာထားသောငွေဖြင့် ရှန်လင်း၏ပညာရေးကို ထောက်ပံ့ပေးနိုင်လေ၏။
ရှန်လင်းက အကြာကြီးတွေးဆပြီးသည့်နောက်မှ ဆုဝန်ကိုကြည့်လိုက်ကာ
“ လက်ရှိအခြေအနေနဲ့တော့ ကိုယ် အဲဒီကိစ္စကို ဆောင်ရွက်နိုင်မှာမဟုတ်ဘူး”
ရှန်လင်းစိုးရိမ်နေသည့်အရာကို ဆုဝန် သိသည်ကြောင့် အလျင်စလိုပြောလာ၏။
“ ကျွန်မမှာ ပိုက်ဆံရှိတယ်။ အဲဒါကြောင့် ရှင် အေးအေးဆေးဆေး စာလေ့လာလို့ရတယ်”
ရှန်လင်းက ပြုံး၏။
“ ကိုယ် မင်းပိုက်ဆံတွေကို အများကြီး သုံးထားပြီးပြီလေ။ အနာဂတ်မှာလည်း မင်းရဲ့ပိုက်ဆံတွေကို ဘယ်လိုများထပ်သုံးရမှာလဲ”
ဆုဝန်က ရှန်လင်းကို အလေးအနက်ကြည့်ကာ ဆို၏။
“ ကျွန်မမှာ အကြံတစ်ခုရှိတယ်။ ရှင် နားထောင်ကြည့်ပေးပါလား”
“ ကျွန်မတို့ လယ်မြေကို အငှားချလိုက်ပြီး လယ်ငှားခကို နေ့စဥ်စားသောက်ဖို့ သုံးလို့ရတယ်။ ကျွန်မတို့ ဒီအိမ်ကို ရောင်းလိုက်မယ်။ ကောင်တီမြို့ကို သွားပြီး ပိုသေးတဲ့အိမ်တစ်လုံးဝယ်မယ်။ ဒီလိုဆို ကျန်တဲ့ငွေကို ရှင့်ဒီနှစ်နှစ်စာ စာသင်ကြေးအတွက် သုံးလို့ရပြီလေ”
ရှန်လင်း၏အိမ်မှာ အုတ်အိမ်ဖြစ်ပြီး ကြီးမားကျယ်ဝန်းလေ၏။ ငွေဆယ်တုံးမျှ တန်ကြေးရှိနိုင်၏။ လက်ရှိလောက၌ ကောင်တီမှအိမ်များမှာ စျေးမကြီးပေ။ အချက်အချာကျသည့်နေရာများ၌ ငွေတုံးသုံးလေးဆယ်တန်ကြေးရှိသော်လည်း မြို့စွန်မြို့ဖျားတွင်မူ ငွေတုံးခြောက်တုံး၊ ခုနစ်တုံးမျှဖြင့် ဝယ်၍ရပေသည်။ ဝယ်နိုင်သည့်အနေအထားဖြစ်သော်လည်း အုတ်အိမ်တော့ ရမည်မဟုတ်ချေ။
ကောင်တီရှိအိမ်များက စျေးမကြီးသည့်တိုင် ရွာမှလူအားလုံးက ကောင်တီမြို့သို့ မရွှေ့ပြောင်းရသည့် အကြောင်းအရင်းမှာ မြို့သို့ပြောင်းရွှေ့ပြီးနောက် လုပ်ကိုင်စားသောက်ရန် ခက်ခဲသောကြောင့်ပေတည်း။ သို့ဖြစ်ရာ ကျေးလက်ဒေသလေးတွင် လယ်စိုက်နေလိုက်ခြင်းက ပိုကောင်းလေ၏။
ဆုဝန် ပြောပြီးသွားသည့်နောက် ရှန်လင်းက ခေါင်းခါ၍
“ ဒီအိမ်နဲ့ လယ်က မင်းပိုင်တာ။ အဆုံးကျ ကိုယ် မင်းရဲ့ငွေတွေကို သုံးနေတာပဲလေကွာ”
…