စိုးရိမ်မနေပါနဲ့
Vol. 3 Ch. 57
ရှန်လင်း ချင်းယွင်ကောင်တီသို့ လှည်းမောင်းလာခဲ့၏။ ဆုဝန်က ရှန်လင်းကို လမ်းပြပေးသည်။ ထို့နောက် ဆုဝန်ငှားရမ်းထားသော ဆိုင်ခန်းသို့ ရှန်လင်း ရောက်လာခဲ့သည်။
မနက်ခင်းပိုင်းပဲ ရှိသေးရာ ဘယ်ဘက်ရှိပေါက်စီဆိုင်က စီးပွားရေးလုပ်ရန် ဖွင့်ထားပြီး ညာဘက်ရှိ သရေစာဆိုင်မှာမူ ပိတ်ထားလျက်ရှိ၏။
မှန်ပေသည်။ လူအများသည် မနက်ခင်းပိုင်း ပေါက်စီဝယ်လေ့ရှိရာ သရေစာဆိုင်များ သိပ်မရောင်းရချေ။ သို့ဖြစ်ရာ သရေစာဆိုင်များက အစောကြီး မဖွင့်ကြချေ။
ရှန်လင်းက လှည်းထဲမှ အရင်ထွက်လာ၏။ အဝတ်စုတ်တစ်စနှင့် တံမြတ်စည်းတစ်ချောင်းကိုယူကာ ဆိုင်အတွင်း၊ အပြင်ကို သန့်ရှင်းရေးလုပ်တော့လေသည်။ ဆောင်းရာသီဖြစ်သည့်တိုင် အလုပ် လုပ်ရခြင်းကြောင့် ရှန်လင်း၏နဖူးပြင်တွင် ချွေးတစ်လွှာလွှမ်းခြုံသွားရပြီဖြစ်၏။
ရှန်လင်းတွင် အေးသည့်အချိန်ဟူ၍မရှိဟု ဆုဝန် ထင်မိ၏။ သူသည် အမြဲအလုပ်လုပ်နေတတ်၏။ အမြဲလှုပ်ရှားနေရာ သူ့ခန္ဓာကိုယ်က အအေးဓာတ်ကို ခံစားရမည်မဟုတ်ပါချေ။
ဆုဝန်နှင့်ရှန်ယာယာတို့နှစ်ယောက်က လှည်းအတွင်း စောင့်နေကြသည်။ လှည်းထဲတွင် စောင်များရှိရာ ဆုဝန်နှင့် ရှန်ယာယာမှာ အနည်းငယ်တော့ နွေးလေ၏။
ရှန်လင်းက ဆိုင်ကို သန့်ရှင်းရေးလုပ်ပြီးသွားချေပြီ။ ထို့နောက် အိုးနှင့်ဒယ်အိုးအားလုံးကို ဆုဝန်အစား သယ်ပေးကာ ပန်းကန်တွေကိုပါ စနစ်တကျ နေရာချထား၏။
ရှန်လင်းက အနှီအလုပ်များသည် ညစ်ပတ်ပြီး ပင်ပန်းစေရာ မိန်းကလေးများ၏အလုပ်မဟုတ်ဟု ပြော၍ တမင်သက်သက် ဆုဝန်နှင့် ရှန်ယာယာ့ကို လှည်းအတွင်း နေခိုင်းခဲ့ခြင်းပင်။ သူဘာသာပင် လုပ်လိုက်လေ၏။
ယောက်ျားတစ်ယောက် တာဝန်ယူမှုရှိသည်၊မရှိသည်မှာ သူ့တွင် ပိုက်ဆံရှိခြင်း၊မရှိခြင်းနှင့် နည်းနည်းမျှ မသက်ဆိုင်ကြောင်း ဆုဝန် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ယုံကြည်သွားတော့သည်။
ဘေးရှိ ပေါက်စီဆိုင်၌ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ပေါက်စီရောင်းရင်း အလုပ်များနေရှာ၏။ သူတို့မိသားစုမှ ယောက်ျားတစ်ယောက်က အလုပ်လုပ်ရာတွင် နှေးကွေးသည်ဟု ထင်မြင်သည့်အတွက် အချိန်နှင့်အမျှ ဆူပူလျက်ရှိသည်။ ပခုံးတုတ်တုတ်၊ ခါးတုတ်တုတ်နှင့် အမျိုးသမီးကြီးမှာ အလုပ်အလွန်များနေသည့်တိုင် သူ၏မျက်နှာမှာ ပြုံးပန်းဝေဆာလျက်ရှိ၏။ သူက တောင်းတောင်းပန်ပန် ပြုံးပြလိုက်ကာ သူ့အမျိုးသားကို ဒေါသမထွက်ရန် ပြောလေသည်။
သူ့အမျိုးသမီးက အနောက်ဘက်တွင် အလုပ်များနေစဥ် အမျိုးသားမှာ အိုးများရှေ့တွင်ရပ်လျက် ပေါက်စီများရောင်းချနေ၏။
ရှန်လင်း သန့်ရှင်းရေးလုပ်ပြီးချိန်၌ ပေါက်စီရောင်းသည့်အိမ်တွင် ဝယ်သူ မရှိတော့ချေ။ ပေါက်စီရောင်းသည့်အမျိုးသားက အတွင်းဘက်ရှိ အမျိုးသမီးကို ပြော၏။
“ ပေါက်စီဝယ်မဲ့လူ ထပ်လာတော့မှာ မဟုတ်ဘူး။ ဒီနေ့အတွက် ရေရအောင် အရှေ့ပိုင်းကို မြန်မြန်သွားတော့”
အမျိုးသမီးက နာခံစွာ ရေနှစ်ပုံးကို ထမ်းပိုးပေါ် ဆွဲလိုက်၏။ ယင်းကို ရှန်လင်းမြင်သော် အလျင်အမြန်ပြောလာ၏။
“ မရီး၊ ဒီလမ်းထဲ ဘယ်မှာရေတွင်းရှိလဲဗျ။ ကျွန်တော်လည်း ရေခပ်ချင်လို့ပါ”
စမထွက်လာခင်ကတည်းက ဤတာဝန်အကြောင်း ရှန်လင်းစဥ်းစားခဲ့ပြီးဖြစ်၏။ ဆုဝန်က မာလာထန်းရောင်းမည်ဖြစ်ရာ ချက်ပြုတ်ရာတွင်ဖြစ်စေ၊ ပန်းကန်ဆေးကြောရာတွင်ဖြစ်စေ ရေလိုအပ်မည်ပင်။ ချင်းရှီရွာနှင့် ချင်းယွင်ကောင်တီမှာ ဝေးလွန်းလှရာ ချင်းရှီရွာမှရေကို သွားခပ်ဖို့ရန် လွယ်မည်မဟုတ်။ လက်တွေ့မကျသည့်တိုင် ချင်းယွင်ကောင်တီ၌ လမ်းတိုင်းတွင် ရေတွင်းရှိနေ၏။ ရေတွင်းနှင့်နီးသည့် ကံကောင်းသူများသည် ဒုက္ခမခံရဘဲ ရေခပ်နိုင်သည်။ ကံမကောင်းရှာသည့် ရေတွင်းနှင့် အဝေးမှာ နေရသူများမှာမူ ပင်ပန်းစွာ ရေခပ်ရလေ၏။
အမျိုးသမီးက ရှန်လင်းကို ကြည့်လိုက်၏။ ထို့နောက် ရှန်လင်းဆွဲလာသော မြင်းလှည်းကို ကြည့်သည်။ မြင်းလှည်းထဲတွင် မိန်းကလေးတစ်ဦး ထိုင်နေကြောင်း မြင်သွား၏။ လူငယ်လေးသည် မိန်းကလေးကိုအလုပ်မလုပ်ခိုင်းပေ။ သို့တိုင် အနှီမိန်းကလေးမှာ ဤမျှ ရိုင်းစိုင်းမည်ဟု သူ မထင်ထားမိချေ။ လှည်းထဲတွင် တုတ်တုတ်မျှမလှုပ်ဘဲ ထိုင်နေပြီး ထွက်ပင်မလာချေ။
အမျိုးသမီးက ရှန်လင်းကို ပြော၏။
“ ရေခပ်တာက ယောက်ျားတွေရဲ့ အလုပ်မဟုတ်ဘူး။ မင်းရဲ့ ဇနီးကို သွားလုပ်ခိုင်းလိုက်”
ရှန်လင်းက ဤသို့ ရောက်လာပြီးမှတော့ သူ့အနီးအနားရှိလူများနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားရမည်ဟု တွေးလိုက်ပြီး အကျယ်ချဲ့မနေတော့ပေ။ ရှန်လင်းက ဖော်ဖော်ရွေရွေ ပြောနေဆဲပင်။
“ ကိစ္စမရှိပါဘူး။ ကျွန်တော်ပဲ သွားလုပ်လိုက်ပါမယ်”
အမျိုးသမီးက ခေါင်းမော့ကာ လှည်းဘက်မျက်နှာမူ၍ ဒေါသတကြီး ပြောတော့၏။
“ ယောက်ျားတွေကိုပဲ အကုန်လုပ်ခိုင်းနေလိုက်။ မိန်းမတွေကို ဘာလုပ်ဖို့သုံးရမလဲ ငါမသိတော့ဘူးဟေ့။ ဘာအလုပ်မှ မလုပ်ဘဲနေရင် အဲဒီမိန်းမက သုံးစားမရတာပဲ”
ရှန်ယာယာက ဆက်နားမထောင်နိုင်တော့ချေ။ သူ လိုက်ကာ လှပ်လိုက်ကာ
“ သမီးရဲ့မမဆုဝန်က အရမ်းတော်တာ။ အဒေါ် ဘာမှမသိဘဲနဲ့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့”
အမျိုးသမီးပြန်မပြောရသေးခင်မှာပင် ပေါက်စီဆိုင်အတွင်း အလုပ်လုပ်နေသည့်အမျိုးသားက ပြောလာပြန်သည်။
“ ဘာအလုပ်မှ မလုပ်ဘဲ ဘယ်လိုလုပ် တော်တယ်ပြောနိုင်မှာလဲ။ အဲဒီမိန်းကလေးက အလုပ်ပိုလုပ်ရမှာ။ အလုပ်ပိုလုပ်ရင် တော်သွားမှာပေါ့”
ဆုဝန်က ရှန်ယာယာ့ကို ပြန်ဆွဲထားလိုက်ပြီး ရှန်လင်းကို ပြဿနာမရှာရန် တစ်ချက်ကြည့်လိုက်၏။
ရှန်လင်းက ရေပုံးကောက်ကိုင်ရင်း ဆို၏။
“ ဒီအလုပ်တွေက အလုပ်ကြမ်းတွေလေ။ ယောက်ျားတွေပဲ လုပ်လိုက်တာ ပိုကောင်းပါတယ်”
နောက်ဆုံးတွင်တော့ ရှန်လင်းသည် အမျိုးသမီးကို ရေတွင်းရှိမည့်နေရာကို ထပ်မေးမနေတော့ပေ။ ဤလမ်းတွင် ဆိုင်အပြည့်ပင်။ မည်သည့်ကုန်သည်ကိုမေးမေး အနှီပေါက်စီရောင်းသည့်စုံတွဲကဲ့သို့ ပြောပြနိုင်ရန် မခက်ချေ။
ရှန်လင်းက အနီးရှိ သိုးကလီစွပ်ပြုတ်ဆိုင်ရှင်ထံ သွားလေသည်။ သိုးကလီစွပ်ပြုတ်ဆိုင်ရှင်က ရှန်လင်းကို နေရာပြလိုက်၏။ လမ်းဆုံးလျှင် ဘယ်ချိုးရမည်ဖြစ်၏။ သိပ်၍ မဝေးလှရာ အလွန်အဆင်ပြေ၏။
ပေါက်စီရောင်းသည့် အမျိုးသမီးက ရှန်လင်းနောက်မှ လိုက်လာလေသည်။ ဆက်လက်၍ ပေါက်တတ်ကရတို့ ဆိုနေဆဲပင်။
“ ဘယ်လိုလုပ်ပြီး ယောက်ျားကို ရေခပ်ခိုင်းနိုင်ရတာလဲ။ ငါက ယောက်ျားတွေကို အလုပ်ခိုင်းတတ်တဲ့ မိန်းမမျိုးတွေကို မကြိုက်ဘူး။ သူတို့မှာ မိန်းမတွေလိုမှ တာဝန်မရှိတာ”
“ မင်းတို့ဘေးနားက သရေစာဆိုင်လိုပေါ့။ အဲဒီက မိန်းမက သုံးစားမရဘူး။ သူက အလုပ်ကြမ်းအားလုံး သူ့ယောက်ျားကို လုပ်ခိုင်းတယ်လေ။ ဝတ်စားပြီး အဲဒီမှာ သရေစာရောင်းနေတာ ဘယ်သူ့ကို မြူဆွယ်ချင်နေတာလဲမသိပါဘူး”
ရှန်လင်းက အမျိုးသမီးနှင့် ပြောဆိုဆက်ဆံလိုစိတ်မရှိချေ။ သို့ဖြစ်ရာ သူ ရေခပ်ပြီးသာ ပြန်လျှောက်လာလိုက်၏။
ထိုအခိုက်အတန့်၌ ဆုဝန်က လှည်းပေါ်ကဆင်း၍ မာလာထန်းရောင်းရန် ဟင်းခတ်အမွှေးအကြိုင်များ ပြင်ဆင်နေပြီဖြစ်၏။ ရှန်လင်းပြန်လာချိန်တွင် သူ အဓိကဟင်းရည်တည်နိုင်မည်ဖြစ်၏။
မာလာထန်းဟူသည် လတ်ဆတ်သည်၊ မွှေးကြိုင်၍ အစပ်ကဲ၏။ တစ်ပန်းကန်သောက်ပြီးလျှင် နွေးထွေးသွားစေသည်။ ဆောင်းရာသီ၌ စားရန် အသင့်တော်ဆုံးပင်။ နေ့လယ်ခင်းနှင့် မွန်းလွဲပိုင်းတွင် ရောင်းနိုင်သော်လည်း မနက်ခင်းပိုင်းရောင်းဖို့ရန်တော့ မလိုချေ။ မနက်ပိုင်းတွင် အစာအိမ်ကို ပို၍ သက်သောင့်သက်သာဖြစ်စေမည့် ဆန်ပြုတ်မျိုးသောက်ခြင်းက ပိုကောင်းပေသည်။
ဆုဝန် ဟင်းခတ်အမွှေးအကြိုင်များ ပြင်ဆင်နေချိန်တွင် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရ၏။
“ ဆိုင်ရှင်၊ ပေါက်စီနှစ်လုံးပေးပါ”
ယင်းကား ဝမ်လော့ရှန်း၏အသံဖြစ်ပေသည်။ ဝမ်လော့ရှန်းသည် ချင်းရှီရွာမှ ချင်းယွင်ကောင်တီသို့ လမ်းလျှောက်လာခဲ့၏။ ဤသရေစာဆိုင်လမ်းသည် ဝမ်လော့ရှန်း ကျောင်းတော်သို့ သွားရန် တစ်ခုတည်းသောလမ်းဖြစ်သည်။ ဝမ်လော့ရှန်းမှာ အိမ်ကနေ မနက်စာစားမလာရရာ နေ့တိုင်း ဤလမ်း၌ မနက်စာ ဝယ်စားရ၏။ အချိန်တိုင်းလိုလို ပေါက်စီနှစ်လုံးဝယ်လေ့ရှိ၏။
ဆုဝန်က နောက်လှည့်မကြည့်ခဲ့ချေ။ မကြားချင်ယောင်ဆောင်နေလိုက်၏။
သို့ရာတွင် ဝမ်လော့ရှန်းမှာ ပေါက်စီရောင်းသည့်အမျိုးသား သူ့ကိုပေါက်စီနှစ်လုံးပေးသည်ကို စောင့်နေရင်း အနားရှိ ဆိုင်လေးအတွင်းမှ ဆုဝန်ကို မြင်သွားလေ၏။
ဝမ်လော့ရှန်းက နားထင်ကိုတောက်၍
“ ဆုဝန်လား”
ဆုဝန်က လှည့်လာပြီး ဝမ်လော့ရှန်းကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြ၏။
ဝမ်လော့ရှန်းက ဤတွင် ရပ်လိုက်ရန် စိတ်ကူးမရှိချေ။ ဝမ်လော့ရှန်းက ပေါက်စီရောင်းသည့် အမျိုးသားထံမှ ပေါက်စီယူလိုက်ကာ ဆို၏။
“ မင်းဘဝကြီးက ခက်ခဲနေပါလား။ မင်း စီးပွားရေးတောင် ထွက်လုပ်နေရပြီပေါ့။ ရှန်လင်းက မင်းကို ဒီလိုဘဝမျိုးနဲ့ ထားတာလား”
ဆုဝန် စိတ်တွင်းမှ လှောင်ရယ်လိုက်၏။ ဝမ်မိသားစုတွင် နေခဲ့ရသည့် နေ့ရက်များနှင့်ယှဥ်ပါက လက်ရှိဘဝနှင့် ဝမ်မိသားစုတွင်နေခဲ့ရသည့်ဘဝသည် မိုးနှင့်မြေမျှကွာခြားလေသည်။ ဝမ်လော့ရှန်းသည် အတည်ပေါက်ဖြင့် ယခု သူ့ကို ကောင်းကောင်းမွန်မွန် မနေရဟု ရယ်မောနေလေ၏။
ဆုဝန်က ပြုံးလျက်
“ ကျွန်မ အခု ကောင်းကောင်းမွန်မွန် နေထိုင်နေတာပါပဲ။ နေ့တိုင်း ပျော်နေရတယ်လေ”
သို့ရာတွင် ဝမ်လော့ရှန်းက ခေါင်းယမ်း၍
“ ပျော်ရွှင်မှုက စားစရာလို စားလို့မှမရတာ။ ပျော်ရတာက မင်းမျက်နှာကို ပိုပြီး စွဲမက်စရာကောင်းအောင်လည်း မလုပ်ပေးနိုင်ဘူး။ မင်းရဲ့ဆိုင်လေးကို ကြည့်ရတာတော့ ဘာမှလည်း ရောင်းနိုင်မဲ့ပုံ မပေါ်ပါဘူး”
“ မင်း အများရှေ့မှာ ရှက်ကိုးရှက်ကန်း မဖြစ်ဘူးဆိုရင်တောင် ဒီမှာ စီးပွားရှာဖို့က လွယ်တာမဟုတ်ဘူး။ ငါ ဒီလမ်းကို နေ့တိုင်းဖြတ်သွားနေတာ။ ဒီလမ်းမှာ ဆိုင်ဘယ်လောက်များများ အရှုံးပေါ်သွားလဲ ငါသိတယ်။ ဒီလိုပေါက်စီများများစားစားမရှိလို့ ဒီပေါက်စီဆိုင်ရှင်က ဆက်ပြီး ဖွင့်နိုင်တာ”
ဝမ်လော့ရှန်းက သူ့ပေါက်စီအကြောင်း ကြွားပြောသည်ကိုကြားသော် ပေါက်ဆီရောင်းသည့်အမျိုးသားက ဝံ့ကြွားစွာ ဆို၏။
“ ဒါတော့ အမှန်ပဲ။ မင်းတို့ ဒီလမ်းထဲမှာ ခြေကုပ်တစ်နေရာရချင်ရင် တကယ် အရည်အချင်းရှိမှရမှာ။ ဘေးနားက သရေစာဆိုင်ကလို လှတာကိုပဲ အားကိုးနေလို့မရဘူး။ သူတို့လင်မယား ကြော့ကြော့မော့မော့ ဝတ်စားထားတာကို မကြည့်နဲ့။ အဲဒီသရေစာဆိုင်ကလေ တစ်နေ့တစ်နေ့ ဘယ်လောက်မှ မရောင်းရဘူး။ သူတို့ရှာတဲ့ငွေက အသက်ရှင်နိုင်ရုံလောက်ပဲ။ တို့တွေမိသားစုဆို ပေါက်စီရောင်းပြီး ချင်းယွင်ကောင်တီမှာ အုတ်အိမ်ဝယ်ထားပြီးပြီ။ သာမန်လူတွေ ယှဥ်လို့ မရတဲ့ ကောင်းမွန်တဲ့ဘဝမှာ နေရတာ”
ဆုဝန်က ရူးချင်ယောင်ဆောင်၍
“ ဟုတ်ပါ့။ ဟုတ်ပါ့။ ရှင်တို့ဘဝကြီးက တကယ်ကောင်းတာပဲနော်”
ဝမ်လော့ရှန်းက ဆို၏။
“ ဒါပေါ့ဗျာ။ အစ်ကိုကြီးလိုမျိုး ပေါက်စီရောင်းပြီး ဝင်ငွေအများကြီးရှာနိုင်တဲ့သူ အရမ်းရှားပဲ။ မင်းက ဒီမှာ ဘာရောင်းမှာလဲ။ မာလာထန်း ဟုတ်လား၊ ဘာကြီးလဲ။ စားဖို့မပြောနဲ့၊ အဲဒါကို ဘယ်သူမှ ကြားတောင်မကြားဖူးဘူး။ ငါပြောရမယ်ဆိုရင်တော့ မင်း စောစောစီးစီး အိမ်ပြန်လိုက်တာ ပိုကောင်းမယ်။ ဒီမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲအောင်လုပ်မနေနဲ့”
သူ့ဘေးရှိ ပေါက်စီရောင်းသည့်အမျိုးသားမှာ မျက်လွှာချသွားရှာ၏။ ဝမ်လော့ရှန်းသည် စီးပွားရေးလုပ်သည့်အပေါ် အထင်အမြင်သေးလေ၏။ ဝမ်လော့ရှန်းက ဆုဝန်ကို ပြောနေခြင်းဖြစ်သည့်တိုင် ပေါက်စီရောင်းသည့် အမျိုးသားသည်လည်း စီးပွားရေးအသေးစားလေး လုပ်နေခြင်းဖြစ်ပေသည်။ သို့ဖြစ်ရာ သူပါ ပါသွားရသည်ကို ရှောင်လွှဲ၍မရချေ။ ပေါက်စီရောင်းသည့်အမျိုးသား၏ မျက်နှာထားမှာ ဆိုးရွားလာတော့သည်။
ထိုအခိုက် ရှန်လင်းနှင့် ပေါက်စီရောင်းသည့်အမျိုးသမီးတို့ ရေခပ်ပြီး၍ ပြန်လာကြသည်။ ဝမ်လော့ရှန်းက ရှန်လင်းကိုမြင်သော် ထပ်မံ၍ ပြောလာပြန်၏။
“ ရှန်လင်း၊ မင်းလည်း ဒီလမ်းပေါ်မှာ စီးပွားရေးလုပ်ချင်နေတယ်လို့ ငါ့ကိုမပြောနဲ့နော်။ မင်းက တကယ့်လူကြီးလူကောင်းပဲ။ စာလေ့လာပြီး လောကကြီးကို ကူညီပေးရမဲ့အစား ဆုဝန်နဲ့အတူ နိမ့်ကျတဲ့ မာလာထန်းရောင်းနေတယ်။ မင်းက တကယ်သုံးစားမရတာပဲ”
ပေါက်စီရောင်းသည့်အမျိုးသားက အကြာကြီး မျက်လွှာချထား၏။ ဝမ်လော့ရှန်း၏ စကားလုံးများက အနည်းငယ် သက်ရောက်မှုရှိလေသည်။
‘သူပါ ပါနေတာမလား’
ဆုဝန်၏ဆိုင်နှင့် ပေါက်စီဆိုင်ကို ဘေးတံခါးဖြင့် ခြားထား၏။ သို့ဖြစ်ရာ ဆုဝန်က ပေါက်စီရောင်းသည့် အမျိုးသား၏ အမူအရာကို မမြင်ရချေ။ သို့တိုင် ဝမ်လော့ရှန်း၏စကားများကို နားထောင်ပြီးနောက် ဘေးတံခါးမှ ပေါက်စီရောင်းသည့်အမျိုးသား မပျော်မရွှင်ဖြစ်နေမည်ကို ဆုဝန် ခန့်မှန်းမိ၏။
ဝမ်လော့ရှန်းသည် သူတစ်ပါးကို စာနာနားလည်နိုင်ပြီး ပြေပြေပြစ်ပြစ်ဆက်ဆံနိုင်စွမ်း မမြင့်ချေ။ ဝမ်လော့ရှန်းသာမက ဝမ်တစ်မိသားစုလုံးသည်လည်း သူတစ်ပါးကို စာနာနားလည်နိုင်ပြီး ပြေပြေပြစ်ပြစ်ဆက်ဆံနိုင်စွမ်း မမြင့်ပါချေ။
စာအုပ်ထဲ၌ ဝမ်လော့ရှန်းသည် ရိုင်းစိုင်းသည့်မှတ်ချက်များပြုခြင်းဖြင့် စာသင်ဖက်နှင့် လုပ်ဖော်ကိုင်ဖက်များကို ခဏခဏ စိတ်အနှောင့်အယှက် ဖြစ်စေလေ့ရှိ၏။ ဝမ်လော့ရှန်းကို စကားပြောဆိုနည်း၊ ဆရာသမားနှင့် အထက်လူကြီးများကို စိတ်ကျေနပ်အောင်လုပ်ပေးရမည့်နည်းတို့ သင်ကြားပေးခဲ့သူမှာ ဆုဝန်ဖြစ်၏။ သို့မှသာ စာသင်ဖက်နှင့် လုပ်ဖော်ကိုင်ဖက်များက ဝမ်လော့ရှန်းကို ဆန့်ကျင်၍ မပြောရဲတော့ခြင်းပင်။ ယခုကြည့်ရသည်မှာ ဝမ်လာ့ရှန်းတွင် အနှီပြဿနာရှိနှင့်ပြီးပုံပေါ်၏။ လူများကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်သည့် ပြဿနာတည်း။
ရှန်လင်းက ဝမ်လော့ရှန်း၏စကားများကို တုံ့ပြန်ပြောဆိုခြင်းမပြုချေ။ ရေထမ်း၍ အခန်းထဲ ဝင်သွားလေသည်။
ဝမ်လော့ရှန်းက ထပ်ပြောပြန်၏။
“ အို၊ ဘယ်လိုတောင် ကံဆိုးတာပါလိမ့်။ မင်း ကျောင်းတော်မှာတုန်းက စာကောင်းကောင်း လေ့လာခဲ့တာပဲကို အခုတော့ လမ်းပေါ်မှာ စျေးရောင်းရတဲ့အထိ နိမ့်ကျသွားပြီ။ ငါ မင်းအတွက် တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်”
ပေါက်စီရောင်းသည့်အမျိုးသား၏မျက်နှာမှာ ပို၍ပင် အိုစာလာတော့သည်။
ပေါက်စီရောင်းသည့်အမျိုးသမီးသည်လည်း ယင်းကိုကြားရသည်ကို မပျော်ရွှင်ပေ။ သူက ချက်ချင်းပင် ဝမ်လော့ရှန်းလက်ထဲမှ ပေါက်စီကိုကြည့်ကာ ဆို၏။
“ မင်းလက်ထဲက ပေါက်စီက ငါတို့မိသားစုကဟာမလား”
ဝမ်လော့ရှန်းက ခေါင်းညိတ်ပြ၍
“ ကျွန်တော်က ခင်ဗျားတို့ဆီက ပေါက်စီကို နေ့တိုင်းဝယ်စားတယ်လေ”
ပေါက်စီရောင်းသည့် အမျိုးသမီးက ရေပုံးများကိုချကာ ဝမ်လော့ရှန်းလက်ထံမှ ပေါက်စီများကို လုယူလိုက်၏။ ထို့နောက် ဆိုလေ၏။
“ ထွက်သွား၊ ထွက်သွား၊ ထွက်သွား။ ငါ မင်းကို ပေါက်စီ မရောင်းနိုင်ဘူး။ ငါ့ယောက်ျားက ပေါက်စီရောင်းတဲ့သူဆိုရင်တောင် မင်းထက် အဆတစ်ထောင်လောက်သာတယ်။ ကြည့်ရတာတော့ မင်းက အစုတ်ပလုပ်စာသင်သားတစ်ဦးပါပဲ။ ဘယ်ကိုလာပြီး ယဥ်ကျေးချင်ယောင်ဆောင်နေတာလဲ။ မင်းက ငါတို့ပေါက်စီသည်တွေကို အထင်သေးတယ်ပေါ့။ ငါလည်း မင်းကို အထင်သေးတယ်။ ထွက်သွားစမ်း။ ဒီကထွက်သွားပြီး ကြိုက်တဲ့နေရာမှာ သွားဝယ်”
တစ်ဖက်လူက သူ့ကို အစုတ်ပလုပ်စာသင်သားဟု ပြောသည်ကိုကြားသော် ဝမ်လော့ရှန်းမှာ ကပျာကယာ ဆိုရ၏။
“ ကျွန်တော်က ပညာရှိတစ်ဦးဗျ”
ပေါက်စီရောင်းသည့်အမျိုးသမီးက များများစားစား ဂရုစိုက်မနေချေ။
“ ဘာကို ပညာရှိလဲ။ သုံးစားမရတဲ့ ပညာရှိ။ အဆင်းရဲဆုံး ပညာရှိ”
ပေါက်စီရောင်းသည့်အမျိုးသမီးသည် ဆဲဆိုနေရင်းဖြင့် ကြေးပြားငါးပြားကို မြေပေါ်ပစ်ချကာ ဝမ်လော့ရှန်းထံမှ ယူထားသော ပေါက်စီနှစ်လုံးကို အိုးထဲပြန်ထည့်လိုက်၏။
ဝမ်လော့ရှန်းမှာ ကြက်သေသေသွားရ၏။ သူသည် ရှန်လင်းအကြောင်း ပြောနေခဲ့ခြင်းပင်။ သို့ရာတွင် ယခုအချိန်၌ ရှန်လင်းနှင့် ဆုဝန်က ဘာမျှမဖြစ်ဟန်ဆောင်ကာ မီးဖိုချောင်အတွင်း ခေါင်းမဖော်စတမ်း အလုပ်များနေကြ၏။
ဝမ်လော့ရှန်းက ပေါက်စီရောင်းသည့် လင်မယားကို စိန်မခေါ်ရဲချေ။ သို့ဖြစ်ရာ သူသည် ဒေါသထွက်သည့်မျက်နှာထားလုပ်၍ ရှန်လင်းရှိရာဘက်သို့လှည့်ကာ ပြောလေ၏။
“ အများကြီး ပြင်မနေနဲ့။ မတော်လို့ မရောင်းရဘူးဆိုရင် ပိုက်ဆံပြန်ရမှာ မဟုတ်ဘူးနော်”
ရှန်လင်းက ခေါင်းပင် မော့မလာချေ။
“ စိုးရိမ်မနေပါနဲ့”
ဝမ်လော့ရှန်းက ဤရက်ပိုင်းအတွင်း လမ်းပေါ်ရှိဆိုင်များပိတ်ထားရသည်ကို တွေးမိကာ ခေါင်းယမ်းလိုက်၏။ ‘ဆုဝန်နဲ့ ရှန်လင်းက အရူးနှမ်းဆုံးကိစ္စတွေကို လုပ်နေကြတာပဲ။ အချိန်ကျရင် တစ်ခါက ထက်မြက်လှပါတယ်ဆိုတဲ့ ရှန်လင်း အခု ဒီလိုနိမ့်ကျတဲ့အလုပ်မျိုးလုပ်နေတာကို အတန်းဖော်တွေကို ခေါ်ပြရမယ်’
...