အားကျခြင်း
Vol. 3 Ch. 59
မာလာထန်းဆိုင်ရှေ့ရှိ လူအုပ်ကိုမြင်ပြီးနောက် လမ်းသွားလမ်းလာ အတော်များများက စူးစမ်းလိုစိတ် ပြင်းပြသွားကြပြီး တစ်ပွဲမှာမျှ မှာကြလေသည်။
ဝမ်လော့ရှန်းနှင့် စာသင်သားတစ်သိုက်သည် ဆုဝန်ချက်ပြုတ်ပြီး အစားအသောက် လာချပေးမည်ကို စောင့်ဆိုင်းနေကြ၏။ ရှန်လင်းက ဧည့်သည်သစ်များကို ကြိုဆိုနေစဥ်တွင် ဆုဝန်သည် ဆိုင်အတွင်း အလုပ်များလျက်ရှိ၏။
အစပိုင်း၌ စာသင်သားများသာ ရှိခဲ့ခြင်းဖြစ်သော်လည်း ဧည့်သည်အသစ်များ ထပ်ရောက်လာသောအခါ ဆိုင်ငယ်များမှာ ပြည့်သိပ်သွားတော့သည်။ လမ်းသွားလမ်းလာများကို ယင်းကိုကြည့်ပြီး ပို၍ စူးစမ်းလိုကြကုန်၏။
' ဒီမာလာထန်းဆိုတာ ဘယ်လို စားစရာမျိုးလဲဟ။ ဘာလို့များ ဒီလောက်လူတွေအများကြီးက လာမေးကြတာပါလိမ့်’
ထိုအချိန်၌ ဆုဝန်သည် စာသင်သားများအတွက် မာလာထန်းပြင်ဆင်ပြီးသွားချေပြီ။ သူတို့ထဲမှ ဆယ်ယောက်က မာလာဟင်းရည်မှာ၍ ကျန်သည့်စာသင်သားများကမူ ဟင်းရည်အချို မှာယူကြ၏။ ဆုဝန်သည် ယင်းတို့ကို အစောကတည်းက ပြင်ထားပြီးသားပင်။ ဟင်းရည်အိုးကြီးနှစ်အိုး ဝယ်ထားလေသည်။ မာလာထန်းချက်ပြီးချိန်တွင် အိုးအသေးလေးများအတွင်း ထည့်လိုက်မည်ဖြစ်၏။ အနှီဟင်းရည်အိုးကြီးများမှာ ဆယ်ပွဲစာ တစ်ခါတည်း ချက်ပြုတ်နိုင်သည်အထိ ကြီးမားလေသည်။ ဆုဝန်က အိုးနှစ်အိုးသုံးပြီး နှစ်အိုးစလုံးမှာ ဟင်းရည်ကို ကောင်းကောင်းအပူပေးနိုင်ရာ ချက်ပြုတ်ရသည်မှာ ပို၍ မြန်ဆန်၏။
ဆုဝန်က ဟင်းရည်ကို ပြင်ထားပြီးသား မာလာထန်းများအပေါ်သို့ လောင်းထည့်သည်။ ထို့နောက် တစ်ဦးချင်း၏ တောင်းဆိုချက်အတိုင်း ကြက်သွန်နီ၊ နံနံပင်၊ မြေပဲတို့ ဖြူးပေး၏။ ဆုဝန်၏ မှတ်ဉာဏ်မှာ ကောင်းမွန်ပေသည်။
လူတိုင်း ဘာကြိုက်သည်၊မကြိုက်သည်ကို ဆုဝန်သည် သေသေချာချာ အမှားအယွင်းမရှိ မှတ်မိလေ၏။
ရှန်လင်းက ဧည်သည့်အသစ်များ မှာယူသည့် အမည်အားလုံးကို သေချာစီစဥ်၏။ ထို့နောက် စာသင်သားများမှာယူထားသည့် မာလာထန်းအိုးများကို စနစ်တကျ ချပေး၏။
ဆိုင်လေးမှာ အစကတည်းက ဖျော့တော့သည့် အစပ်ရနံ့တို့ ပြည့်နှက်နေခဲ့၏။ သို့ရာတွင် ယခုမူ စားပွဲပေါ်ချလိုက်သည့် အစပ်ရနံ့တို့က ပို၍ အားကောင်းသွားခဲ့ရာ လမ်းသွားလမ်းလာများကို ခဏတွင်းချင်း ဆွဲဆောင်နေတော့သည်။ စားပွဲပေါ်ရှိ အစားအသောက်တို့က နီရဲ၊စိမ်းစိုကာ အရောင်စုံလျက်ရှိပြီး မွှေးကြိုင်လှရာ လူများကို တစ်ပွဲမျှမမြည်းစမ်းကြည့်ဘဲမနေနိုင်ဖြစ်စေ၏။
ရလဒ်အနေဖြင့် လူများ ပိုမိုစုဝေးလာခဲ့ပြီး ခဏတွင်းချင်း မာလာထန်းဆိုင်တစ်ဝိုက်မှာ ပိတ်ဆို့ခံလိုက်ရတော့သည်။
လူတိုင်းက ဟင်းပွဲရွေး၍ မာလာထန်းတစ်ပွဲ လာမှာကြ၏။ ရှန်လင်းက ဧည့်သည်အသစ်များကို အချိန်ခဏကြာဦးမည်ဖြစ်ပြီး စားသည့်အခါတွင်လည်း စားပွဲမရသည်မျိုးဖြစ်နိုင်ကြောင်း ပြောခဲ့၏။
အနှီလူများသည် များများစားစား ဂရုစိုက်မနေချေ။ ဤစားစရာမျိုးသည် မတ်တတ်ရပ်စား၍ ရလေ၏။ ဆုဝန်က အကြမ်းဖျင်း တွက်ကြည့်လိုက်၏။ စာသင်သားများကို ချပေးသည့်မာလာထန်းများအပါအဝင် မာလာထန်းမှာသူ ဆယ်ယောက်မျှရှိနေပြီဖြစ်၏။
ဆုဝန်က ပထမနေ့၌တင် စီးပွားရေးဤမျှပေါက်သွားမည်ဟု ထင်မထားခဲ့ချေ။ နှုတ်ဖြင့်ကြော်ညာရန် ဆယ်ရက်ကျော်မျှလိုမည်ဟု သူ အစက ထင်ထားခဲ့၏။ သို့ရာတွင် ပထမတစ်ရက်၌တင် ကျော်ကြားသွားလေသည်။
ပြောရမည်ဆိုပါလျှင် အဆိုပါစာသင်သားများ၏ အထောက်အပံ့ကြောင့် ဤမျှလူအများကြီး ဆွဲဆောင်သွားနိုင်ခြင်း ဖြစ်လောက်ပေမည်။
သို့သော် ဆုဝန် ပါဝင်ပစ္စည်း များများစားစား မပြင်ထားမိသည်မှာ နှမြောဖွယ်ကောင်းလှ၏။ မကြာမီမှာပင် ပါဝင်ပစ္စည်းအများစုမှာ ကုန်သလောက်ဖြစ်သွားတော့သည်။ ဆုဝန်က ယခုဝယ်ရန်မှာ နောက်ကျသွားပြီဖြစ်ကြောင်း ရှန်လင်းကို အမြန်ပြောပြသည်။ သို့ဖြစ်ရာ ရှန်လင်းက ဧည့်သည်များကို ထွက်၍ ငြင်းပယ်ရတော့၏။
ရှန်လင်းမှာ နောက်မှရောက်လာကြသော ဧည့်သည်များကို ပါဝင်ပစ္စည်းအလုံအလောက်မရှိတော့၍ နေ့လယ်မှ ပြန်လာပေးလာပါရန် ယဥ်ယဥ်ကျေးကျေး ရှင်းပြရုံမှတပါး ရွေးစရာမရှိတော့ချေ။
တချို့က ဝမ်းနည်းပက်လက် ထွက်သွားကြသည်။ တချို့က " စားစရာ အစုတ်အပြန်လေးပဲမလား။ ငါက မင်းရဲ့ အစားအသောက်ကို စားပေးတာ မင်းကို မျက်နှာသာပေးတာပဲကွ၊ အဲဒါကို ငါ့အတွက် လုပ်မပေးနိုင်ဘူးပေါ့လေ" ဟု ဒေါသတကြီးပြောကာ ဆဲဆို၍ ထွက်သွားကြ၏။
ဝမ်လော့ရှန်းသည် ဆုဝန်၏ဆိုင်ရှေ့တွင် စီးပွားရေး ထိုမျှကောင်းနေသည်ကို မြင်သော် နောင်တရသွားမိ၏။ သူတို့လာတုန်းက ဆုဝန်၏ဆိုင်ရှေ့တွင် ဧည့်သည်တစ်ဦးသာရှိခဲ့၏။ သူတို့ထိုင်ပြီးမှသာလျှင် ဖြတ်သွားဖြတ်လာများက မြင်ကာ အပြေးအလွှား ရောက်လာကြခြင်းပင်။
လမ်းသွားလမ်းလာအများစုသည် မာလာထန်း၏ပုံစံကိုပင် မကြည့်ရသေးခင် မာလာထန်းပွဲကို မှာယူကြ၏။ ယင်းမှာ ဆိုင်ရှေ့တွင် လူများစွာ တိုးအုံနေခြင်းကြောင့်ပင် မဟုတ်ပါလော။
သူ စာသင်သားများကို ခေါ်လာခဲ့ခြင်းကြောင့် ဆုဝန်ဆိုင်၏စီးပွားရေး ကောင်းသွားရခြင်းဖြစ်ကြောင်း ဝမ်လော့ရှန်း နားလည်သွား၏။ သူသည် အစတုန်းကတော့ ရှန်လင်း ဟာသဖြစ်နေသည်ကို မြင်စေလို၍ သူ့အတန်းဖော်များကို ခေါ်လာခဲ့ခြင်းပင်။ သို့ရာတွင် ယခုမူ သူ့အတန်းဖော်များကို ရှန်လင်း စီးပွားဖြစ်နေသည်ကို မြင်သွားစေမိ၏။ ဝမ်လော့ရှန်း နာကျင်ခံစားနေရပြီဖြစ်၏။
ရှန်လင်းနှင့် ရှန်ယာယာတို့ စာသင်သားများကို မာလာထန်းပွဲများ ချပေးပြီးနောက် အားလုံးက တူကောက်ကိုင်၍ ခေါင်းမဖော်တမ်း စားကြတော့သည်။
'ဒါက ဘယ်လို စားစရာမျိုးလဲ။ တို့ဟူး၊ အသီးအရွက်၊ အာလူး။ ဒါတွေက သာမန်ပဲလေ။ ဆုဝန် ဒါတွေကို ဘယ်လိုများ အရသာရှိအောင် ချက်နိုင်ရတာလဲ၊ အရသာရှိတယ်၊ စပ်တယ်၊ တော်တော်ကောင်းတာပဲ’
ယနေ့ ရာသီဥတုအေးလေ၏။ အစကတော့ အပြင်ဘက်စားပွဲတွင် စားရတော့မည်ကို အားလုံးက စိုးရိမ်ခဲ့ကြ၏။ စားနေရင်း ခေါင်းကိုက်လာနိုင်၏။ သို့သော် စားလိုက်သည်နှင့် အနှီအပြင်ဘက်စားပွဲမှာ ဤအစားအသောက်ကိုစားရန် အသင့်တော်ဆုံးဖြစ်ကြောင်း သိရှိသွားတော့သည်။ ရာသီဥတုက လုံးဝကြီး နွေးမသွားသည့်တိုင် စားလိုက်ချိန်၌ ခန္ဓာကိုယ်ထဲမှ အအေးဓာတ်များ လွင့်ပြယ်သွားလေ၏။ သုံးလေးလုတ်မျှ စားပြီးချိန်တွင် ခန္ဓာကိုယ်မှာ နွေးထွေးသွားတော့သည်။ နောက်ထပ်ထပ်စားလိုက်သော် ခန္ဓာကိုယ်မှာ ချွေးအနည်းငယ်စို့လာ၏။ လေပြည်အေးအေး တိုက်ခတ်သွားချိန်တွင် အေးမြသွားကာ သက်သောင့်သက်သာရှိလှ၏။
စာသင်သားများသည် သူတို့၏ ပုံမှန် ယဥ်ကျေးသည့်ပုံရိပ်ကို ဆက်ဂရုစိုက်မနေတော့ချေ။ ပလုတ်ပလောင်း စားရန်ကိုသာ ဂရုစိုက်တော့၏။ ယင်းကား နောက်ထပ် ဧည့်သည်တစ်စုကို ဆွဲဆောင်မိသည်မှာ ဧကန်မုချပင်။ ရှန်လင်းသည် ဟင်းပွဲချရင်း အလုပ်များနေ၏။ ရှန်ယာယာက ဧည်သည့်များကို နေ့လယ်မှမှာ၍ရတော့မည်ဖြစ်ရာ နေ့လယ်အထိ စောင့်ပေးရန်လိုကြောင်း ယဥ်ကျေးစွာ ရှင်းပြလေ၏။
ဝမ်လော့ရှန်းမှာ အလွန်အမင်း မသက်မသာဖြစ်လာရ၏။ သူ၏စိတ်အခြေအနေက ရှုပ်ထွေးလျက်ရှိရာ သူ စားမဝင်တော့ချေ။ ဝမ်လော့ရှန်းနည်းတူ စားမဝင်ဖြစ်နေသူမှာ သွမ့်ကျင်းထျန်ဖြစ်ပေသည်။ သွမ့်ကျင်းထျန်သည် ဝမ်လော့ရှန်းဘေးတွင် ထိုင်နေ၏။ သွမ့်ကျင်းထျန် အချိန်ကြာသည်အထိ တူ သည်ကိုမြင်သော် ဝမ်လော့ရှန်းက မဝံ့မရဲ မေးလာ၏။
" ညီနောင်သွမ့်၊ ခင်ဗျားလည်း အရသာမရှိဘူးထင်လို့လား။ ဟုတ်လား။"
သွမ့်ကျင်းထျန်လည်း အကြိုက်မတွေ့ဟု ဝမ်လော့ရှန်း တွေးထင်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ စာသင်သားအားလုံးသည် သွမ့်ကျင်းထျန်၏ စကားများကို လမ်းညွှန်ပြသချက်အဖြစ် မှတ်ယူကြ၏။ အကယ်၍ သွမ့်ကျင်းထျန်ကသာ အရသာမရှိဟု ဆိုလိုက်ပါလျှင် ယင်းသည် နောက်ထပ် တခြားစာသင်သားများစွာကို မာလာထန်းအရသာမရှိကြောင်းပြောစေရန် ဦးဆောင်သွားချေမည်။ ထိုသို့ဆိုပါလျှင် လမ်းသွားလမ်းလာများ ကြားပါက အစားအသောက်မှာ မည်သို့အရသာရှိမည်ဖြစ်ကြောင်းတွေးမည်မဟုတ်တော့ချေ။
အဆုံးတွင်တော့ ယခု အားလုံးအုံဖွဲ့နေကြသည်မှာ အရသာရှိသည့်အစားသောက်ကြောင့်မဟုတ်၊ လူအုပ်ကြောင့်သာ ဖြစ်၏။
သွမ့်ကျင်းထျန်က ခေါင်းမော့၍ ဝမ်လော့ရှန်းကို ကြည့်လာပြီး အေးစက်စွာဆိုလေ၏။
" ညီနောင်ဝမ်က ညီနောင်ရှန်ကို အားပေးဖို့လာခဲ့တာ မဟုတ်ဘူးလား။"
ဝမ်လော့ရှန်းက ကသိကအောက်ဖြင့်
" အားပေးဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော် အစပ်နံ့ရပြီး လည်ချောင်းထဲ မွှန်လာလို့ မစားနိုင်တော့တာ "
ချက်ချင်းဆိုသလို နောကထပ်စာသင်သားတစ်ယောက်က ဝမ်လော့ရှန်းကို သတင်းပေးလာသည်။
"ညီနောင်ဝမ်၊ ဒီမာလာထန်းက သိပ်အရသာရှိတာ။ ဒီလောက်ကောင်းတဲ့စားစရာမျိုး ကျွန်တော်တစ်ခါမှ မစားဖူးဘူး။ ခင်ဗျား ဘယ်လိုများ အရသာမရှိဘူးလို့ပြောနိုင်ရတာလဲဗျ"
တခြားစာသင်သားများကလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံကြ၏။
လီရှန့်က မျက်လုံးလှိမ့်ကာ ဝမ်လော့ရှန်းကို ပြောလာခဲ့၏။
" ညီနောင်ဝမ်၊ တကယ်လို့ ခင်ဗျား လည်ချောင်းထဲမွှန်တယ်လို့ ခံစားရရင် အစပ်အရသာအစား ဟင်းရည်အချိုပဲ မှာပါ့လား။ ဒါက တကယ်တော့ ခင်ဗျားအပြစ်ပဲ။ အစားအသောက်ကို အပြစ်တင်မနေနဲ့။"
တခြားစာသင်သားများသည်လည်း ဝမ်လော့ရှန်း အစပ်အရသာအစား ဟင်းရည်အချိုပဲ မှာလိုက်သင့်ကြောင်း ပြောလာကြ၏။
ဝမ်လော့ရှန်း ပြောသည်ကို ကြားပြီးနောက် သွမ့်ကျင်းထျန်က သူ့ပန်းကန်ထဲရှိ မာလာထန်းကို စားလိုက်၏။ သူစိတ်အခြေအနေမကောင်းသည်ကြောင့် အစပ်အရသာမမှာခဲ့ချေ၊ ဟင်းရည်အချိုသာ မှာခဲ့လေသည်။ သုံး၊လေးလုတ်မျှစားပြီးနောက် သူ၏စားချင်စိတ်မှာ တစ်မုဟုတ်ချင်း တိုးပွားလာ၏။ ဆုဝန်ချက်သောစားစရာမှာ အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းလှ၏။ သူ စားချသ်စိတ်မရှိဖြစ်နေသည်ကိုပင် ယင်းသည် သူ၏ စားချင်စိတ်ကို တိုးမြှင့်ပေးနိုင်လေ၏။
သွမ့်ကျင်းထျန်သည် တစ်ခါမှ ဤမျှ လောဘတကြီး မစားဖူးချေ။ စား၍ပြီးသည်အထိ သူ ခေါင်းတစ်ချက်မျှ မမော့ခဲ့။
ယင်းသည် စာသင်သားများ၏ စားသောက်နေခြင်းကို အမှန်ပင် တက်ကြွသွားစေ၏။ အားလုံးက ယဥ်ကျေးမှုများကို ဘေးချိတ်ထားလိုက်ပြီး ပလုတ်ပလောင်း စတင် စားသောက်ကြတော့သည်။ တစ်ပွဲကုန်သွားသော် နောက်တစ်ပွဲ ထပ်မှာလေသည်။ သို့သော် ပါဝင်ပစ္စည်းကားမရှိတော့။
အားလုံးမှာ ကျသင့်ငွေရှင်းရုံမှတပါး ရွေးစရာမရှိတော့ပေ။ ရှန်လင်းက အားလုံးကို နို့ပူပူတစ်ပုလင်းစီ ပေးခဲ့၏။
သွမ့်ကျင်းထျန် ပိုက်ဆံရှင်းချိန်၌ ငွေစလက်တစ်ဆုပ် ချပေးလိုက်၏။ ရှန်လင်းက ငွေစများကို သွမ့်ကျင်းထျန်ဆီ ပြန်ပေးလိုက်ပြီး စျေးနှုန်းအတိုင်းကောက်ခံ၏။ ရှန်လင်းက အခိုင်အမာဆုံးဖြတ်ထားလေရာ သွမ့်ကျင်းထျန်လည်း ဆက်၍ အတင်းပေးမနေတော့ချေ။
စာသင်သားများ ထိုင်ခုံမှ ထသွားကြသည်နှင့် သူတို့၏ခုံများကို ဧည့်သည်အသစ်တစ်စုက အလျင်အမြန် သိမ်းပိုက်ယူလိုက်၏။ မဟုတ်ပါလျှင် နောက်ကျ သူတို့ မတ်တတ်ရပ်စားနေရမည်ဖြစ်၏။
စောင့်နေကြရင်းဖြင့် ဧည့်သည်အများစုက ဘေးရှိသရေစာဆိုင်တွင် သရေစာသွားဝယ်ကြလေ၏။ သူတို့သည် စပ်မည်ဟု ထင်မိသောကြောင့် ချိုသည့်သရေစာများ သွားဝယ်ခြင်းပင်။ သို့ရာတွင် ပေါက်စီဆိုင်၌ ဝယ်သူအနည်းငယ်သာရှိလေသည်။ ဝယ်သူတစ်ဦးသည် အစောပိုင်း ပေါက်စီဝယ်ရန် လာခဲ့သော်လည်း ဘေးတံခါးရှိ မာလာထန်းဆိုင်က လူကြိုက်များနေကြောင်း တွေ့သောအခါ မာလာထန်းကိုသာ သွားဝယ်တော့၏။ ပေါက်စီသည်လင်မယားမှာ ဒေါသထွက်နေရပြီဖြစ်၏။
သရေစာရောင်းသည့် အမျိုးသမီးရွှီမှာတော့ ဆုဝန်ကို ကျေးဇူးတင်နေတော့သည်။ ပုံမှန်အားဖြင့် သရေစာဝယ်သူ သိပ်မရှိပေ။ မာလာထန်းလုပ်ငန်းကြောင့်သာ ရောက်လာကြခြင်းဖြစ်ကြောင်း ထင်ရှားလေ၏။
အမျိုးသမီးရွှီ အားလပ်ချိန်ရသည်နှင့် ဆုဝန်ကို ပန်းကန်ကူဆေးပြီး စားပွဲကူသုတ်ပေးရန် ရောက်လာလေ၏။ တကယ်တမ်းတွင် မာလာထန်းဆိုင်မှာ အလုပ်ရှုပ်လှလေသည်။ ဆုဝန်က မာလာထန်းချက်ပြီး ရှန်လင်းက ဟင်းပွဲချကာ စားပွဲများသုတ်ရ၏။ ရှန်ယာယာသည်တော့ အနောက်မှ လိုက်ကူပေး၏။ အမှန်ပင် အလုပ်များလှ၏။
မာလာထန်းနောက်ဆုံးတစ်သုတ်ချက်ပြီးချိန်၌ နေ့လယ်စာစားချိန် မကျော်သေးပေ။
ပါဝင်ပစ္စည်းများ ကုန်သွားပြီဖြစ်ရာ နောက်ဆုံးဧည့်သည်တစ်စု ထွက်သွားပြီးနောက် ဆုဝန်နှင့် ရှန်လင်းမှာ အလျင်အမြန် ဆိုင်ပိတ်ကြတော့သည်။
ရှန်လင်းနှင့် ဆုဝန်တို့ ငွေအတူရေကြရင်း ရှန်လင်း ထိတ်လန့်သွားမိ၏။
' ဒီနေ့ မာလာထန်း ၈၇ပွဲ ရောင်းရတယ်။ ကျွန်မ အမျိုးသမီးရွှီအတွက် တစ်ပွဲအလကားလုပ်ပေးလိုက်တယ်။ ပါဝင်ပစ္စည်းအရ တစ်ပွဲကို ကြေးပြားဆယ့်ငါးပြားကျတယ်။ စုစုပေါင်း ၁၂၅၈ပြား။ စာသင်သားတွေကို တစ်ပွဲ၊ အမျိုးသမီးရွှီကိုတစ်ပွဲ လက်ဆောင်ပေးတယ်။ ဘေးကဧည့်သည်တွေက တစ်ခွက်ကို သုံးပြားပေးတယ်။ နို့က ၁၈ခွက် ရောင်းရတယ်။ အဲဒါက ၄၄ပြား၊ နှစ်မျိုးပေါင်း ကြေးပြား၁၃၀၀။ ဒါဆို ငွေတုံး၃တုံးနဲ့ ကြေးပြား၃၀။"
ဆုဝန် ပေသီးခေါက်နေ၏။
' ငှားခက ငွေတစ်တုံး၊ အိုး၊ ဒယ်အိုးနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက ငွေတစ်တုံး၊ ပါဝင်ပစ္စည်းတွေက ကြေးပြားသုံးရာ’
ပါဝင်ပစ္စည်းတန်ဖိုးကိုသာ တွက်မည်ဆိုပါက ဆုဝန် ဤနေ့လယ်ခင်းက ငွေတစ်တုံးရှာနိုင်ခဲ့လေသည်။
ဤမျှများများ ရှာနိုင်လိမ့်မည်ဟု ရှန်လင်း ထင်မထားမိချေ။ နေ့လယ်ပိုင်း မရောင်းခဲ့သေးပေ။ အကယ်၍ နေ့လယ်ပိုင်းပါ ရောင်းမည်ဆိုပါက တစ်နေ့လျှင် ငွေနှစ်တုံးဖိုး ရောင်းရမည်ပင်။
ဆုဝန်နှင့် ရှန်လင်းမှာ တစ်ခဏမျှ ပျော်ရွှင်နေကြ၏။ ရှန်လင်းက ပန်းကန်များ အလျင်အမြန် သွားဆေးကြောလေသည်။ ထို့နောက် နေ့လယ်ပိုင်းအတွက် ပါဝင်ပစ္စည်းများ ထွက်ဝယ်လေ၏။ အမှန်တော့ အနှီပါဝင်ပစ္စည်းများကို သိမ်းဆည်းထားရန် လိုအပ်သည်ပင်။ မဟုတ်ပါက အလျင်မမီဖြစ်သွားနိုင်၏။
အပြန်လမ်း၌ စာသင်သားများက ရှန်လင်းတို့ဆီမှ မာလာထန်းမည်မျှကောင်းကြောင်း ဆွေးနွေးကြလေသည်။ သူတို့သည် နေ့ခင်းနှင့်မနက်ဖြန်၌ ထပ်သွားလိုကြ၏။ ဝမ်လော့ရှန်းမှာ နွမ်းလျလျက်ရှိသည်။ အားလုံးက ရှန်လင်း၏စီးပွားရေးကြောင့် ရှန်လင်းကို အထင်မသေးပုံ ပေါ်၏။ ရှန်လင်းသည် သူ့အတန်းဖော်များရှေ့တွင် ရေပန်းစားနေဆဲပင်။
စီးပွားရေးမှာလည်း ကောင်းမွန်၏။ ရှန်လင်း၏စီးပွားရေးက သူ့ကြောင့် ကောင်းမွန်သွားကြောင်း တွေးမိသော် ဝမ်လော့ရှန်းမှာ ဝမ်းနည်းလွန်း၍ နံရံနှင့် ဆောင့်ပစ်ချင်မိ၏။
ထိုအခိုက် စာသင်သားများက ထပ်မံ ဆွေးနွေးလာကြပြန်၏။ ရှန်လင်းမှာ ထင်ထားသည့်အတိုင်းပင် စာလေ့လာတုန်းက စာဖတ်ရာတွင် ထူးချွန်ကြောင်း၊ စီးပွားရေးလုပ်ရာတွင်လည်း အကွက်ကျကြောင်း၊ ထိုသို့ဆိုပါလျှင် ငွေအများကြီးရှာနိုင်မည်ဖြစ်ကြောင်း ပြောကြ၏။ တစ်ချိန်တည်းမှာပင် အသုံးမကျဖြစ်ပြီး ပိုက်ဆံမရှိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ရယ်သွမ်းသွေးကြ၏။
အားလုံးက ရှန်လင်းကို အားကျကြမည်ဟု ဝမ်လော့ရှန်း ထင်မထားမိချေ။ ကြည့်ရသည်မှာ ချမ်းသာခြင်းသည်လည်း လူလေးစားခံရပုံပေါ်၏။
ဝမ်လော့ရှန်းမှာ ရုတ်တရက်ကြီး ငွေကို တမ်းတမိသွားရ၏။ စာအုပ်ထဲတွင် ရွှေစံအိမ်တစ်လုံး ရှိသော်လည်း ယခု သူနှင့် အလှမ်းဝေးကွာနေဆဲပင်။ ရှန်လင်း၏ကြေးပြားများသည်တော့ အစစ်အမှန်ဖြစ်၏။
'ကြည့်ရဝာာ အဖေ့ကို မြို့ထဲမှာကြိတ်ဆုံရုံဖွင့်ဖို့ မြန်မြန်ဆန်ဆန် ဖျောင်းဖျမှရမယ်နဲ့တူတယ်’
သူ၏ယခင်ဘဝတုန်းက သူတို့မိသားစုသည် ချင်းယွင်ကောင်တီ၌ ကြိတ်ဆုံရုံဖွင့်ခဲ့သည်။ သူ့တွင် ငွေအမြောက်အများရှိခဲ့ပြီး ငွေကျပ်သည်ဟူ၍ မရှိချေ။
...