ယုန်က စိုးရိမ်ဖွယ်ရာပဲ
Vol. 3 Ch. 202
ပိုင်ရှောင်ချန်းက ထောင့်ကိုလှမ်းကြည့်လိုက်မိစဥ်က ဘာမှမရှိသည်မှာသေချာသော်လည်း ယခုအခါတွင်မူ ထိုနေရာတွင် ယုန်တစ်ကောင်ရှိနေသည်ကိုတွေ့လိုက်ရသည်။
ပို၍ခြောက်ခြားစရာကောင်းသည်မှာ ယုန်၏နားရွက်များသည် ပိုင်ရှောင်ချန်းပြောနေသည့်စကားများကိုနားထောင်နေသည့်အလား သူ့ဆီသို့တည့်တည့်မတ်မတ်ထောင်နေခြင်းဖြစ်သည်။ ယုန်သည် သူ့ကိုစိုက်ကာငေးကြည့်နေသည်မှာကား ကြောက်စရာအကောင်းဆုံးပင်ဖြစ်သည်။
ယုန်၏မျက်လုံးထဲမှအကြည့်များအရ ထိုယုန်သည်သူစကားပြောပြီးတာကိုစောင့်ဆိုင်းနေသည့်ဟန်ရှိသည်။
သူနှင့်ယုန်တို့က တစ်ယောက် နှင့် တစ်ယောက်အချိန်အတော်ကြာငေးကြည့်နေကြပြီး ယုန်သည် အင်မော်တယ်ဂူ၏ပင်မတံခါးပေါက်ဆီသို့ဦးတည်ထွက်ပြေးသွားလေတော့သည်။ ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ပြီးယုန်ကိုတားဆီးရန်ကြိုးပမ်းလိုက်သော်လည်း ယုန်မှာလွန်စွာလျင်မြန်နေသည်။
ပိုင်ရှောင်ချန်းမှာ ယုန်တံခါးပေါက်မှထွက်ပြေးပျောက်ကွယ်သွားသည်ကိုသာ ငေးကြည့်နေရပေတော့သည်။
ထိုအချိန် သူ ရူးချင်သလိုလိုခံစားလိုက်ရသည်။ ယခုကိစ္စကြောင့် သူ့ခေါင်းပြုတ်ချင်ပြုတ်သွားနိုင်ကြောင်းကိုနားလည်ထားသည်။ စကားပြောသည့်ယုန်သာ တလွဲတချော်လျှောက်ပြောလိုက်ပါက သူသည်ပိုင်ရှောင်ချန်းဖြစ်ကြောင်းကိုလူအများသိသွားနိုင်ပြီး အသတ်ပင်ခံရနိုင်သည်။
စာကြောင်းတစ်ဝက်ခန့်သာသူပြောလိုက်မိသော်လည်း ထိုတစ်ဝက်သည်အလွန်အန္တရာယ်များလှပေရာ ဖြစ်လာသောအကျိုးဆက်များကိုသူဆက်၍ပင်မတွေးရဲတော့ပေ။ ချွေးများ သူ၏မျက်နှာနှင့်လည်ပင်းတစ်လျှောက်စီးကျလာတော့သည်။ သူသည်အင်မော်တယ်ဂူထဲမှမထွက်ဘဲ ယုန်ကိုသူပြောချင်ရာပြောနိုင်ရန်လွှတ်ထားဖို့စဥ်းစားမိသေးသည်။ သူသည်ဘယ်လောက်ပဲဂရုတစိုက်နှင့်သူ၏ပတ်ဝန်းကျင်ကိုကြည့်ရှုစစ်ဆေးနေသည်ဖြစ်စေ ယုန်သည်မမျှော်လင့်ပဲပေါ်လာတတ်သည်။ သူပြောနေသည့်စကားများကို ထိုယုန်ဘယ်လောက်ထိကြားသွားသလဲဆိုသည်ကိုပင် သူသေချာမသိပေ။
"ငါမင်းကိုသတ်ပစ်မယ်...။" သူက အော်ပြောလိုက်ရင်း သူ၏အင်မော်တယ်ဂူမှပြေးထွက်လိုက်သည်။ သို့ရာတွင် ဂူအပြင်သို့ရောက်သည့်အချိန်မှာ အနီးအနားရှိသစ်ပင်တစ်ပင်ထိပ်၌ရပ်၍စကားပြောနေသောယုန်ကိုတွေ့လိုက်ရသည်။
"ညမုဆိုး... သစ္စာဖောက်ကောင်။ ကျွန်မတို့ကြားက သံယောဇဥ်တွေကို ရှင်မေ့လိုက်ပြီလား။ ကျွန်မတို့နှစ်ယောက် အပြန်အလှန်မေတ္တာမျှခဲ့ တာတွေကို ရှင်မေ့လိုက်ပြီလား။ ရှင် ဘာလို့အခုလိုပြောင်းလဲသွားရတာလဲဟာ...။"
စကားပြောသောယုန်၏အသံသည်ကျယ်လောင်လှပြီး အရပ်မျက်နှာအားလုံးသို့ ပဲ့တင်ထပ်နေလေရာ အခြေခိုင်မာခြင်းအဆင့်ဂိုဏ်းသားအနည်းငယ်မှာ အသံလာရာသို့ကြောက်လန့်တကြားလှည့်ကြည့်မိကြသည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ ထိုစကားပြောခဲ့သည်မှာ မည်သူမှန်း သူ သေချာမသိသော်လည်း ထိုယုန်က သူ့နောက်သို့လိုက်နေသည်မှာအချိန်အတော်ကြာနေပြီဖြစ်ကြောင်း သေချာသွားတော့သည်။ ကြောက်စိတ်ကြောင့်ကျောရိုးများပင် စိမ့်တက်သွားကာ ပတ်ဝန်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အကျယ်ကြီးအော်ဟစ်လိုက်သည်။ ချက်ချင်းပင် သူ၏ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သွေးချီကို ဓားချီအသွင် ကူးပြောင်းစေလိုက်ကာ ယုန်ဆီသို့ပစ်လွှတ်လိုက်လေသည်။
ဓားချီသည် သာမန်ဓားချီမဟုတ်ပဲ ပိုင်ရှောင်ချန်း၏ထာဝရဓားချီဖြစ်ကာ သူပစ်လွှတ်လိုက်သည့်အချိန်မှာပင် ထိုပတ်ဝန်းကျင်ရှိသွေးချီများသည် ရှုပ်ထွေးကာ ပရမ်းပတာဖြစ်သွားကြသည်။ တချိန်တည်းမှာပင် ဓားချီသည်လေကိုခွင်းလျက်ပျံသန်းလာရာ သစ်ပင်များကိုထိုးဖောက်လျက်ဖျက်ဆီးပစ်လိုက်လေ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် ယုန်သည်သစ်ပင်ထက်မှဆင်းလျက် တခြားတစ်ဖက်ဆီသို့ဦးတည်ထွက်ပြေးသွားလေ၏။
"ဒါလုံးဝလက်မခံနိုင်စရာပဲ...။" ယုန်သည်ထွက်ပြေးနေရင်းက အော်ဟစ်လိုက်လေ၏။ "ဒါဟာသွေးချီနည်းနည်းလေးပဲမဟုတ်ဘူးလား...။ ကျုပ်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းတို့တွေက ကျုပ်ကိုသတ်ဖို့ကြိုးစားနေကြတာမယုံနိုင်စရာပဲ။ ကျုပ်ကိုဂိုဏ်းကနေထွက်သွားအောင်လုပ်နေကြတာလား။ "
ပိုင်ရှောင်ချန်းသည် အော်ဟစ်လျက်ယုန်နောက်သို့ပျံသန်းလိုက်ပါလာခဲ့လေသည်။ နောက်ထပ်ဓားချီတစ်ခုကိုထပ်မံထုတ်လွှတ်လိုက်ရာ ဓားချီသည်ယုန်ကိုမထိမှန်ပဲ ယုန်ပြေးရာလမ်းကြောင်းတွင်ရှိနေသော သွေးလှောင်ကန်တစ်ခုကိုထိုးဖောက်သွားလေ၏။
" ဟမ့်.. ကျုပ်သာဒီသွေးချီတွေကို တိတ်တဆိတ်စုပ်ယူလိုက်မယ်ဆိုရင် ကျုပ်လုပ်တယ်ဆိုတာဘယ်သူမှသိမှာမဟုတ်ဘူး...။"
"အမ်... ဒီအင်မော်တယ်ဂူကိုကြည့်ရတာ လူနေတဲ့ပုံမပေါ်ဘူး...။"
"သူတို့ကကျုပ်ကိုသတ်ဖို့ကြိုးစားနေကြတယ်ဗျို့။ လုပ်ကြပါဦး… သူတို့ကကျုပ်ကိုသတ်မလို့ကြံစည်နေကြတယ် "
ယုန်သည်ထွက်ပြေးနေလျက်က တောင်စဥ်ရေမရစကားများကိုရေရွတ်သွားလေသည်။ တချိန်တည်းမှာပင် ယုန်၏နောက်မှပိုင်ရှောင်ချန်းသည်လည်း လိုက်ပါလာရာ တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်နေတော့သည်။ ပိုင်ရှောင်ချန်းက ဓားချီများတစ်ခုပြီးတစ်ခုထုတ်လွှတ်နေရာ ယုန်၏အနီးအနားရှိအရာအားလုံးကိုဖျက်ဆီးမိလျက်သားဖြစ်နေတော့သည်။
အပင်များနှင့်သစ်ပင်များသည် အစိတ်စိတ်အမြွှာမြွှာဖြစ်ကုန်ကြပြီး အဆောက်အဦအချို့ပင် ပျက်စီးသွားသည်။ အလယ်တောင်ထိပ်မှာ ချက်ချင်း ဖရိုဖရဲဖြစ်ကုန်လေသည်။ အခြေခိုင်မာခြင်းအဆင့်ဓမ္မစောင့်ရှောက်သူများသည် အပြင်သို့ထွက်လာကြသောအခါ ဓားချီများအဆက်မပြတ်ထုတ်လွှတ်နေပြီးယုန်ကိုလိုက်ဖမ်းနေသောပိုင်ရှောင်ချန်းအား မြင်လိုက်ကြလေသည်။
သူတို့ထဲမှတစ်ချို့သည် တုံ့ပြန်ရန်နှေးကွေးနေကြရာ သူတို့ဘေးမှ ယုန်ဖြတ်သွားသည့်အခါ ဓားချီများနှင့် ရိုက်ခတ်မိပြီး ပါးစပ်မှသွေးများအန်ထွက်လာ၏။
"မင်းဘာလုပ်နေတာလဲ ညမုဆိုး။"
"ချီးပဲ... မင်းသေချင်နေတာလား ညမုဆိုး။"
"မင်းကိုအရင်လတွေတုန်းက အသက်ရှင်ရက်လွှတ်ပေးခဲ့တာ... မင်းကဒီနေရာကိုပြန်လာရဲသေးတယ်ပေါ့။"
အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ၏ရင်ထဲမှာ ဒေါသမီးများ တဟုန်းဟုန်းတောက်လောက်နေပြီး ပိုင်ရှောင်ချန်းသည်လည်း မျက်လုံးများနီရဲနေကာ ပြင်းထန်စွာ ဒေါသထွက်နေသည်။
" မင်းတို့ သောက်ပါးစပ်တွေပိတ်ထားကြစမ်း ...။" နီရဲနေသောမျက်လုံးများဖြင့် သူကအော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူက ဘာပဲလုပ်ရလုပ်ရ ယုန်ကိုရအောင်သတ်ပစ်မည်ဟုဆုံးဖြတ်ချက်ချထားလေသည်။ လက်နှစ်ဘက်ဖြင့်မန္တန်လက်ကွက်ဖော်လိုက်ကာ ဓားချီများကိုထပ်မံထုတ်လွှတ်လိုက်လေသည်။
ယုန်သည်ရှေ့နောက်ပြေးလွှားလျက် ရှောင်တိမ်းနေရာ ဓားချီတစ်ခုမှယုန်ကိုမထိဘဲ လွဲချော်နေသည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကမူ လေပေါ်သို့ပျံတက်ကာပိုင်ရှောင်ချန်းကိုတိုက်ခိုက်ရန်ဟန်ပြင်လိုက်ကြသည်။ နတ်ဆရာသည် လူအုပ်ထဲတွင် အေးစက်စက်ပြုံးနေသည်။ သူ့မျက်လုံးထဲတွင်မူ ယုန်လေးတစ်ကောင်ကိုဖမ်းဖို့အတွက် ဤမျှအားထုတ်ကြိုးပမ်းနေသော ညမုဆိုးက လုံးဝရူးမိုက်မဲသောလူတစ်ယောက်ဖြစ်နေသည်။
"ဒီယုန်ကိုတော့ ငါသဘောကျသွားပြီ...။" သူ တစ်ယောက်ထဲ ရေရွတ်လိုက်သည်။ "တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ယုန်ပဲ...။ ဒီယုန်ကိုဘယ်သူပိုင်တာပါလိမ့်...။"
အဝေးတစ်နေရာရှိသွေးရေတံခွန်၏အောက်ခြေတွင် စုန့်ချွဲသည် တံခါးပိတ်တရားကျင့်ကြံနေသည်။ ရုတ်တရက်သူ၏မျက်လုံးများပွင့်လာပြီး မျက်မှောင်ကြုတ်လိုက်လေသည်။ ခဏကြာသောအခါ သူသည် မျက်လုံးများကိုပြန်မှိတ်လိုက်ပြီး ဆက်လက်တရားကျင့်နေသည်။
ထိုအချိန် ယုန်သည်အနီးအနားရှိအင်မော်တယ်ဂူတစ်ဂူ၏ဘေးတွင် ရုတ်တရက်ရပ်တန့်လိုက်ပြီး ယခင်ထက်ပင်ပို၍ကျယ်လောင်သောအသံဖြင့်အော်ဟစ်လိုက်သည်။
" ငါ... ပိုင်ရှောင်ချန်း...။" ယုန်သည် ရင်ခေါင်းသံပင်ထွက်လာကာ ကျယ်လောင်စွာအော်ဟစ်နေသည်။ အနီးအနားရှိအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာ ကြောက်လန့်တကြားထွက်ကြည့်ကြပြီး သူတို့၏မျက်လုံးအိမ်များပင် ကျဥ်းသွားကြသည်။ ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်း ထင်ရှားကျော်ကြားပြီး လူတိုင်းလိုလိုပင် အခွင့်အရေးရပါကပိုင်ရှောင်ချန်းကိုသတ်ချင်နေကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှလက်ရွေးစင်တစ်ယောက်ကိုသတ်လိုက်ပါက၊ အထူးသဖြင့် ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရှိပြီးသူတစ်ယောက်ကိုသတ်လိုက်ပါက ဂိုဏ်းအတွက်ကြီးမားလှသောစွမ်းဆောင်မှုကြီးကိုပြုလုပ်လိုက်ခြင်းပင်ဖြစ်ပေသည်။
ထိုယုန်သည် ပိုင်ရှောင်ချန်းအကြောင်းကိုရုတ်တရက်ထပြောလိုက်ရာ ဂိုဏ်းသားအားလုံးမှာ ထိုယုန်ဆက်ပြောမည့်စကားများကို စိတ်ဝင်တစားထွက်နားထောင်ကြတော့သည်။
သို့သော်လည်း ယုန်သည် ဘာမှထပ်မပြောတော့ပဲ ထိုနေရာတွင်ပင်ကြောင်စီစီနှင့်ရပ်နေလေ၏။
ရင်ထဲတွင်ကြောက်စိတ်များပြည့်နှက်နေလျက် ပိုင်ရှောင်ချန်းက အသံကုန်မျက်စိမှိတ်အော်ဟစ်လိုက်သည်။ "ကျုပ် ညမုဆိုး ကတော့ ပိုင်ရှောင်ချန်းဆိုတဲ့ကောင်နဲ့ ကောင်းကင်တစ်ခုတည်းအောက်မှာတောင်မနေချင်ဘူး...။ ရာရာစစ သူ့နာမည်ကိုကျုပ်ရှေ့မှာလာပြောရသလား။ ပိုင်ရှောင်ချန်းဘယ်မှာလဲ အခုချက်ချင်းပြောစမ်း။"
ထိုသို့ပြောလျက် သူ၏ညာလက်ကိုဝှေ့ယမ်းလိုက်ရာ နောက်ထပ်ဓားချီတစ်ခုပေါ်ထွက်လာလေ၏။ ထိုဓားချီသည် ယခင်ကထက်ပင်ပို၍အစွမ်းထက်သည်။ ဓားချီသည် တောက်ပသောအလင်းရောင်တန်းတစ်ခုအသွင်ဖြင့် ယုန်အနီးသို့ရောက်လာသောအခါ ယုန်သည်အလျင်အမြန်ပင်ရှောင်တိမ်းလိုက်လေ၏။ အကျိုးဆက်အနေဖြင့် ယုန်၏အနောက်ဘက်ရှိအင်မော်တယ်ဂူသည် ဓားချီနှင့်ရိုက်ခတ်မိပြီးချက်ချင်းပင်ပြိုကျပျက်စီးသွား၏။ အင်မော်တယ်ဂူထဲတွင်ကား သွေးပုလင်းတစ်လုံးနှင့်မန္တန်အစီအရင်တစ်ခုရှိနေသည်။ ပြင်းထန်သောပေါက်ကွဲမှုကြောင့် သွေးပုလင်းသည်အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားလေ၏။
ထိုအင်မော်တယ်ဂူကိုရွှယ်မေ့ကပိုင်ဆိုင်ကာ ထိုနေရာတွင်ပင် မကြာသေးမီက လူအများ ပိုင်ရှောင်ချန်းကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသေးသည်။ ရွှယ်မေ့သည် သွေးပုလင်းကိုဘေးကင်းစေရန် တည်ငြိမ်အောင် ပြန်လည်ပြုလုပ်ခဲ့ပါသော်လည်း ယခုအခါမူသွေးပုလင်း ပျက်စီးသွားခဲ့ပေပြီ။
" ငါ.. ပိုင်ရှောင်ချန်း..." ယုန်ကအော်ဟစ်လိုက်သည်။ သို့ရာတွင် ထိုစကားလုံးလေးလုံးမှလွဲ၍ နောက်ထပ်ဘာမှထပ်မပြောပေ။
မျက်တောင်ခတ်လျက် ပိုင်ရှောင်ချန်းသည် ဘာဆက်လုပ်ရမည်ကိုစိတ်ထဲတွင် သိသွားတော့သည်။ အလွန်အမင်းဒေါသအမျက်ချောင်းချောင်းထွက်နေသည့်ပုံဖမ်းလျက်သူက အော်ဟစ်လိုက်သည်။
"ဆက်ပြောစမ်း... ဆက်ပြီးပြောလိုက်စမ်း.. ပိုင်ရှောင်ချန်းက ဘာဖြစ်လဲ..."
ထို့နောက်သူသည် ယုန်ကိုလိုက်လံဖမ်းဆီးပြန်ရာ ဓားချီတစ်ခုသည်မြေကြီးထဲသို့ဝင်ရောက်သွားလျက် နောက်ထပ်အင်မော်တယ်ဂူများကိုဖျက်ဆီးပစ်လိုက်ပြန်သည်။ ယုန်ကိုတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိသေးပေ။
"ငါ... ပိုင်ရှောင်ချန်း..." ယုန်သည် စိုးရိမ်ကြောင့်ကြစပြုလာပြီဖြစ်သော်လည်း ထိုမှလွဲ၍ပြောစရာစကားမရှိပေ။
ပိုင်ရှောင်ချန်းသည် အနည်းငယ်စိတ်အေးစပြုလာလေပြီ။
"ချီးပဲ... မင်းဘာလို့ စကားကိုပြီးအောင်ဆက်မပြောတာလဲ...။" သူကအော်ဟစ်လိုက်သည်။ ထိုယုန်သည် စကားသုံးလုံးမှလွဲ၍ ထပ်မံမပြောနိုင်တော့မှန်း သူရိပ်မိလိုက်လေသည်။
" ငါ... ပိုင်ရှောင်ချန်း...။" ယုန်က ရင်ဘတ်ပွင့်လုမတတ် အော်ဟစ်နေရာ မျက်လုံးများပင် ရဲရဲတောက်လာသည်။
" ငါ့ကိုအခုချက်ချင်းပြောစမ်း...။" ပိုင်ရှောင်ချန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။ "ပိုင်ရှောင်ချန်းဆိုတဲ့ကောင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့နယ်မြေထဲကိုရောက်နေတာလား...။ ဟိုးမြေခဓားကမ္ဘာမှာကတည်းက မကြေနိုင်တဲ့ ရန်ငြိုးတွေ။ ဒီကောင်နဲ့ တစ်မိုးတည်းအောက်မှာ အသက်ရှင်မနေနိုင်ဘူး။ ပိုင်ရှောင်ချန်း သေကိုသေရမယ် "
စိတ်ထဲမှာမူ သူသည် သူ့ကိုယ်သူအလွန်ဂုဏ်ယူလျက်ရှိပြီး သူ၏လိမ္မာပါးနပ်မှုအပေါ်တွင် အတော်လေးကျေနပ်အားရဖြစ်နေမိသည်။ ထို့နောက်သူသည် နောက်ထပ်ဓားချီတစ်ခုကိုထုတ်လွှတ်လိုက်ပြန်ရာ အခြားအင်မော်တယ်ဂူတစ်ခုထပ်မံပျက်စီးသွားပြန်သည်။
"ပြောစမ်း... ငါ့ကိုအခုပြောပြစမ်း...။ နောက်ထပ်မင်းထပ်ပြောမယ့်စကားကဘာလဲ။"
ပိုင်ရှောင်ချန်းသည် အလယ်တောင်ထိပ်တစ်ခုလုံးကို ကမောက်ကမဖြစ်အောင်ပြုလုပ်နေသည်။ ယုန်သည်အလွန်အမင်းစိုးရိမ်လျက်ရှိပြီး တဆတ်ဆတ်တုန်နေသည်။ နောက်ဆုံးတွင် ယုန်က စကားသုံးလုံးထက်ပို၍ပြောလာလေတော့သည်။
" ငါ... ပိုင်ရှောင်ချန်း... ရွှယ်မေ့ရေ... မနေ့ညက မင်းကို အိပ်မက်မက်တယ်။ တစ်ရက်ရက်ကျရင် ကျုပ်... နတ်ဆရာက... မင်းကိုအပိုင်ရအောင်ယူမယ်ကွာ။ "
" ငါ... ပိုင်ရှောင်ချန်း...။ ဂိုဏ်းတူအစ်ကိုဖန်...တော်ပါတော့ရှင်.. ကျွန်မတို့ကိုလူတွေတွေ့ကုန်လိမ့်မယ်ရှင့်။"
" ငါ... ပိုင်ရှောင်ချန်း... ကျုပ် စုန့်ချွဲက ဒီနေရာမှာတာဝန်ရှိသူပဲ။ သွေးသခင်ရာထူးဟာ ကျုပ်အတွက်ပဲဖြစ်ရမယ်။ ရွှယ်မေ့ကိုလည်း ကျုပ်တာဝန်ယူမယ် "
ယုန်ပြောလိုက်သောစကားများကြောင့် အလယ်တောင်ထိပ်တစ်ခုလုံးအံ့သြတုန်လှုပ်ကုန်ကြလေသည်။ အခြေခိုင်မာခြင်းအဆင့် ဓမ္မ စောင့်ရှောက်သူများနှင့် အကြီးအကဲများသည် ထူးဆန်းသောမျက်နှာအမူအရာများဖြင့်ကြည့်ရှုနေကြပြီး မကြာမီပင် လူအများ တိတ်ဆိတ်ငြိမ်သက်ကုန်ကြသည်။
ယုန်၏အသံသာလျှင် ပဲ့တင်ထွက်ပေါ်နေ၏။
ပိုင်ရှောင်ချန်းသည်လည်း ကြောက်ရွံ့ထိတ်လန့်နေပြီး ယုန်ကိုအတင်းတွန်းအားပေးလိုက်မိပြီလားဟု စိုးရိမ်သွားသည်။
နတ်ဆရာ သည်လည်းလူအုပ်ထဲတွင်ရှိနေပြီး ထိုစကားများကိုကြားလိုက်ရသောအခါ သူ၏ကျောရိုးတစ်ခုလုံးအေးစိမ့်သွားသလိုခံစားလိုက်ရသည်။ သူသည်ချက်ချင်းပင်ထိုယုန်ကိုစုံစမ်းစစ်ဆေးချင်လာသည်။
"တိတ်စမ်း...။ ဘယ်လိုမဟုတ်မမှန်တဲ့စကားတွေလဲ...။"
နတ်ဆရာ ကအော်ဟစ်လိုက်သောအခါ ပိုင်ရှောင်ချန်းသည်ထူးဆန်းသောမျက်နှာအမူအရာဖြင့် ကြည့်ရှုလိုက်ပြီး ယုန်ကဖော်ထုတ်လိုက်သောသတင်းအချက်အလက်များအပေါ် အံ့အားသင့်နေသည်။ နတ် ဆရာ သည် အမှန်တစ်ကယ်ပင် မျက်နှာဖုံးတပ်ထားသည့်အပေါက်ဆိုးဆိုး အမျိုးသမီးရွှယ်မေ့ကို နှစ်သက် သဘောကျသည်လား။
"ဟုတ်တယ်..." သူကဆိုသည်။ "ဒီယုန်က တောင်စဥ်ရေမရလျှောက်ပြောနေတာပဲ။"
နတ်ဆရာ တစ်ယောက်တည်း လှုပ်လှုပ်ရွရွဖြစ်နေသည်မဟုတ်ပေ။ ယုန်၏ စကားထဲတွင် ပါဝင်သူမှန်သမျှ ဒေါသထွက်ကာ ယုန်ကိုသတ်ပစ်ရန်ပျံထွက်လာကြတော့သည်။
စုန့်ချွဲသည်ပင်လျှင် အသံကုန်အော်ဟစ်လျက်သွေးရေတံခွန်မှတဟုန်ထိုးပြေးထွက်လာပြီး ကြောက်မက်ဖွယ်စွမ်းအားများကိုထုတ်လိုက်လေရာ သွေးရောင်လွှမ်းနေသောနတ်ဘုရားတစ်ပါးနှင့်ပင်တူနေတော့သည်။
"တိတ်စမ်း။" ယုန်ပြောလိုက်သောစကားများကို အလယ်တောင်ထိပ်ရှိလူအားလုံးကြားလိုက်ကြောင်း စုန့်ချွဲက တွေးမိသွားသောအခါ ထိုယုန်ကိုတစ်စစီစုတ်ဖြဲပစ်ချင်စိတ်များပေါ်ပေါက်လာသည်။
ယုန်သည်ရုတ်ရုတ်သဲသဲဖြစ်နေသည်ကိုအခွင့်ကောင်းယူကာ ထွက်ပြေးလေတော့သည်။ ပိုင်ရှောင်ချန်းသည် ယုန်ကိုအချိန်အတော်ကြာလိုက်ရှာသော်လည်း ရှာမတွေ့တော့ပေ။ သူသည်ယခင်ကထက်အတော်လေးစိတ်ပေါ့ပါးသွားပြီဖြစ်သော်လည်း သူ၏မျက်နှာထားကိုတင်းသထက်တင်းမာနေအောင်ဟန်ဆောင်ထားသည်။
"ဒီယုန်က အတော်လေးစိတ်ပျက်စရာကောင်းတာပဲ။" သူကကျယ်လောင်စွာပြောသည်။ "သူစကားကိုဆုံးအောင်ပြောမသွားတာမယုံနိုင်စရာပဲ။" စိတ်သက်သာရာရလျက် သူ၏အင်မော်တယ်ဂူသို့ပြန်ရန်ကြံလိုက်စဥ်မှာပင် သူ၏စိတ်ထဲတွင်စိုးရိမ်ပူပန်မှုတစ်ခုကိုခံစားလိုက်ရသည်။ ယခုအခါ ယုန်နောက်သို့လိုက်ဖမ်းနေကြသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများက သူ့ကိုဝိုင်းကြည့်နေကြောင်း သူ သိလိုက်တော့သည်။
စုန့်ချွဲ၏မျက်လုံးများတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များပြည့်နှက်နေသည်။ သူသည် ထူးဆန်းသောယုန်ကိုမုန်းသည်ဖြစ်သော်လည်း ထိုယုန်ကိုစကားအမြောက်အများပြောထွက်အောင်ပြုလုပ်ခဲ့သော ညမုဆိုးကို ပို၍မုန်းတီးနေသည်။
နတ်ဆရာ ၏မျက်နှာသည်လည်း ထိုနည်းတူပင်။ အခြားကျင့်ကြံသူအများစုသည်လည်း ပိုင်ရှောင်ချန်း၏ဓားချီကြောင့် ဒဏ်ရာရသူရ၊ အင်မော်တယ်ဂူများပျက်စီးသူပျက်စီးဖြစ်နေသည်။ သို့ဖြစ်ရာ သူတို့အားလုံး ညမုဆိုး ကိုသတ်ပစ်ချင်လောက်အောင်ဒေါသထွက်နေကြသည်။
"ညမုဆိုး... ကျုပ်ရဲ့အင်မော်တယ်ဂူကို မင်းဖျက်ဆီးပစ်လိုက်ပြီ။ ကျုပ်တို့ကြားထဲမှာစာရင်းရှင်းစရာတစ်ခုရှိနေပြီထင်တယ်။"
"အရင်တစ်ခေါက်ကမင်းထွက်ပြေးလို့လွတ်သွားပေမယ့် ဒီနေ့တော့မင်းသေဖို့သာပြင်ထားပေတော့"
"ညမုဆိုးးးး"
မကျေနပ်ချက်များသည် အဟောင်းပေါ်အသစ်ထပ်၍တိုးလာပေသည်။ အနီးအနားရှိအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကိုထုတ်ဖော်လိုက်ကြပြီး ပိုင်ရှောင်ချန်းကိုအမြစ်ဖြတ်သုတ်သင်ရန် ပြင်လိုက်ကြတော့သည်။