ငါတို့အားလုံးက တစ်ဖွဲ့ထဲသားတွေလေကွာ
Vol. 8 Ch. 759
ပိုင်ရှောင်ချန်းမှာ ထိတ်ထိတ်ပျာပျာဖြင့် အမိန့်ပေးဆွဲပြားကို ဖွင့်ရန်ကြိုးစားနေစဥ် အပြင်ဘက်တွင် မဲမှောင်နေပြီဖြစ်သည်။ သူ၏ပတ်ဝန်းကျင်မှာ သုဿာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်နေသဖြင့် အပ်တိုတစ်ချောင်း ပြုတ်ကျသည့်အသံကိုပင် ကြားနိုင်ပေသည်။
သူသည် တဖြည်းဖြည်းနှင့် ကြက်သီးမွေးညင်းများထလာတော့သည်။ စိတ်အေးအေး မထားနိုင်တော့သဖြင့် အမိန့်ပေးဆွဲပြားကို အမြန်ဆုံးဖွင့်နိုင်ရန် အစွမ်းကုန်ကြိုးစားနေတော့သည်။ သို့သော် ညသန်ခေါင်ယံ သူရှိနေသည့်အဆောက်အဦ၏ အပြင်ဘက်မှ ခြေသံများကိုကြားလိုက်ရ၍ သူ၏လုပ်ငန်းမှာ အဆက်ပြတ်သွားတော့သည်။
ဒုတ်ဒုတ်...ဒုတ်ဒုတ်... နှလုံးခုန်သံနှင့်တူနေသော်လည်း ၎င်းအသံများမှာ ခြေသံများဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သေချာနေသည်။ သို့သော် အပြင်ဘက်သို့ နတ်ဘုရားအာရုံအချို့စေလွှတ်၍ စစ်ဆေးကြည့်လိုက်သောအခါ မည်သူမည်ဝါကိုမှ မမြင်ရပေ။
ထို့ကြောင့် သူ၏ဦးရေခွံမှာ ပေါက်ကွဲလုမတတ် ထံုကျဥ်သွားတော့သည်။
" တ…တကယ်ကြီး သရဲခြောက်တာပဲ "
သူသည် အော်ငိုချင်နေပြီဖြစ်သည်။ သူ၏ဘဝတွင် သေခြင်းတရားပြီးလျှင် အကြောက်ဆုံးသောအရာမှာ သရဲများဖြစ်သည်။ သူသည် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ရှိနေသည်ဖြစ်သော်လည်း ထိုအရိုးစွဲနေသည့် ကြောက်ရွံ့မှုကြီးကို ဖျောက်ဖျက်၍မရပေ။ ထို့ကြောင့်သူသည် တွေဝေမနေပဲ စက္ကူလက်ဖွဲ့အဆောင် အထပ်လိုက်ကြီးကို သူ၏အိတ်ထဲမှထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အနှံ့တွင် ကပ်လိုက်တော့သည်။
ထိုအဆောင်များမှာ သူအဏ္ဏဝါခေါ်သံဂိုဏ်းတွင်ရှိခဲ့စဥ်က ဝယ်ယူခဲ့သည့်အရာများထဲမှ လက်ကျန်များဖြစ်ပြီး ဗဟိုဧကရာဇ်၏ ဝင်္ကပါထဲတွင်လည်း သုံးခဲ့သေးသည်။ ယခုတွင်မူ ထိုလက်ဖွဲ့အဆောင်များကို သုံးခြင်းကြောင့် သူ၏သရုပ်မှန်ပေါ်သွားနိုင်သည့်အချက်ကို ဂရုမစိုက်နိုင်တော့ပေ။ ထိုအဆောင်များ၏ ပုံပန်းသွင်ပြင်ကိုပြောင်းလဲရန် သူ၏မျက်နှာဖုံးမှစွမ်းအားများကို အသုံးပြုရန်ပင် မေ့သွားသည်အထိပင်။ သူ၏ခန္ဓာကိုယ်အပြည့် ၎င်းလက်ဖွဲ့အဆောင်များကို ကပ်လိုက်ပြီးနောက် သူသည် အမိန့်ပေးဆွဲပြားကို ပွင့်စေရန်ဆက်လက်ကြိုးစားလိုက်ပြန်သည်။ တချိန်ထဲမှာပင် သူသည် စိုးရိမ်ထိတ်လန့်စွာနှင့် ဘေးဘီဝဲယာကို အဆက်မပြတ်အကဲခတ်နေပြီး မှောင်ရိပ်ထဲတွင် တွဲခိုနေသည့် မျက်နှာကြီးတစ်ခုခုအား မြင်လိုက်ရမည်ကို စိုးရိမ်နေတော့သည်။
" ငါက စစ်ဆေးရေးအရာရှိပဲ။ ပြီးတော့ဒါက ငါ့ရဲ စစ်ဆေးရေးစံအိမ်။ ဘာလို့ဒီလိုတွေ ဖြစ်နေရတာလဲ။ ဒီလို ဖြစ်လို့မရဘူးလေ "
သူက စိုးရိမ်ထိတ်လန့်စွာ ထိုင်နေရင်း အပြင်ဘက်မှ ခြေသံများကို ထပ်မံကြားလိုက်ရပြီး ၎င်းခြေသံများမှာ စစ်တပ်ကြီးတစ်တပ် ဖြတ်လျှောက်နေသည်နှင့်ပင် ဆင်တူနေသည်။
ယခုတွင် သူသည် ရူးသွပ်လုမတတ် ဖြစ်နေရပြီဖြစ်သည်။
" သရဲတွေအများကြီးပဲ "
သူက သွေးဆုတ်ဖြူရော်နေသည့်မျက်နှာဖြင့် တွေးနေတော့သည်။ ထိုအချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက်က တံခါးကိုခေါက်လိုက်လေသည်။
၎င်းမှာ ကျယ်လောင်ကာ သေသပ်လွန်းလှသည့် တံခါးခေါက်သံကြီးတစ်သံဖြစ်၍ ပိုင်ရှောင်ချန်းမှာ ကြောက်လန့်လွန်းသဖြင့် ထခုန်ကာ အသက်ရှူသံများပင် မြန်လာပြီး တုန်တုန်ရီရီနှင့် တံခါးကို စိုက်ကြည့်လိုက်လေသည်။
နောက်ဆုံးတွင် အရာအားလုံး ပြန်လည်တိတ်ဆိတ်သွားကြောင်း ပိုင်ရှောင်ချန်းက သေချာသွားသောအခါ သူ့မျက်ခုံးပေါ်မှ ချွေးများကိုသုတ်လိုက်တော့သည်။ ရုတ်တရက် သူ အလွန်ရှက်ရွံ့သွားရသည်။ သူသည် စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်၊ မရေမတွက်နိုင်သော ဝိညာဥ်များကိုသုံးကာ မီးတောက်များဖန်တီးခဲ့သည့် မြေရိုင်းဒေသ၏ အောက်လမ်းဆရာတစ်ယောက် မဟုတ်ပါလော။ သို့သော်လည်း ယခုတွင်မူ သူသည် သရဲများ၏ နှိပ်စက်ခြင်းကိုခံနေရပြီဖြစ်သည်။ သူ၏လုပ်ရပ်များကို သူ့ကိုယ်သူပြန်၍ အထင်သေးနေတော့သည်။
" လာစမ်းပါ။ ကိုယ်တော်ပိုင်က သရဲတွေကိုကြောက်တယ်များမှတ်နေလား။ အမိန့်ပေးလည်ဆွဲကို မဖွင့်ရသေးလို့ အပြင်မထွက်ချင်သေးလို့ပါကွာ။ နားလည်မှုတွေ လွဲကုန်မှာကို ငါမလိုလားဘူးလေ " ဤသို့တွေးတောခံယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်ဟု ယူဆလိုက်ပြီးနောက် ထပ်၍ရှက်ရွံ့နေသလိုမခံစားရတော့သဖြင့် အမိန့်ပေးဆွဲပြားနှင့်ပတ်သတ်သည့် အလုပ်ဆက်လုပ်ရန် ပြင်လိုက်စဥ်မှာပင် ...
ရုတ်တရက် ကြီးမားသောအားကြီးတစ်ခုက တံခါးကို တွန်းကာ ဖွင့်လိုက်သဖြင့် တဂျုန်းဂျုန်း အသံကြီးများပေါ်ထွက်လာတော့သည်။ ထိုအခါ ကျောစိမ့်လုမတတ် အေးစက်သော လေပြေညင်းတစ်ချက် အတွင်းသို့ သုတ်ခနဲ ဝင်လာသောကြောင့် ပိုင်ရှောင်ချန်းမှာ ထိတ်လန့်သွားရသဖြင့် ငယ်သံပါအောင်အော်ဟစ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်လုံးကို ထုတ်ယူလိုက်တော့သည်။ ထို့နောက် နောက်သို့ဆတ်ခနဲ ဆုတ်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။
" ငါက စစ်ဆေးရေးအရာရှိကွ။ ဒီမှာ ငါတို့အားလုံး တဖွဲ့ထဲသားတွေလေကွာ "
ပိုင်ရှောင်ချန်း ထိုသို့အော်ဟစ်လိုက်သောကြောင့်ဟု တပ်အပ်မပြောနိုင်ပါသော်လည်း တံခါးပွင့်သွားသောအခါ အပေါက်ဝတွင် ရပ်နေသူတစ်ယောက်မှပင်မရှိပေ။ ဟာလာဟင်းလင်းကြီးဖြစ်နေသည်သာ။
ပိုင်ရှောင်ချန်း၏ နဖူးမှ ချွေးများစီးကျလာပြီး သူ၏အငွေ့အသက်များမှာ မတည်မငြိမ်ဖြစ်သွားတော့သည်။ အပြင်ဘက်တွင် ဗဟိုဧကရာဇ်မြို့ကြီးမှာ မှောင်အတိပြီးနေပြီး ပိုင်ရှောင်ချန်းမှာ ညအချိန်တွင် ထိုသို့ဖြစ်နေသည်ကို မမြင်ဖူးပေ။ မြို့နယ်အမှတ်ရှစ်ဆယ့်ကိုးတုံးကဆိုလျှင် ပတ်ဝန်းကျင်မှာ အမြဲတမ်း ဖျတ်ဖျတ်လတ်လတ် တက်တက်ကြွကြွ ရှိခဲ့ကြသည်။ ထို့အပြင်သူသည် မြို့တော်၏ အလယ်မြို့နယ်ဖြစ်သော အမှတ်လေးသို့ရောက်နေသဖြင့် လူများမှာ ပို၍ရှုပ်ယှက်ခတ်နေရမည်မဟုတ်ပါလော။
မြို့တော်၏အလယ်တွင် လမ်းများမှာ နေ့ရောညပါ လူများနှင့် ပြည့်နှက်နေသည်။ သို့သော် ထူးဆန်းသည်မှာ တံခါးပင်ပွင့်သွားခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းမှာ ပုံမှန်ဆိုလျှင်ကြားရပြီး ရုတ်ရုတ်သဲသဲ အသံများကို လုံးဝမကြားရပေ။ အရာရာတိုင်းမှာ မည်းမှောင်ကာ တိတ်ဆိတ်နေတော့သည်။
မြို့တော်၏ အလယ်အစိတ်အပိုင်းမှာ စစ်ဆေးရေးစံအိမ်နားတွင်ရှိသော အခြေအနေများကိုနားလည်သဖြင့် ညအခါရောက်လျှင် မီးများအားလုံး မှိတ်ထားကြသည့်အလား။
" ဒါက ဘယ်လိုနေရာကြီးတုံးကွ "
သူက သွားများတဂတ်ဂတ်ရိုက်နေလျက် ညာလက်ကိုသုံး၍ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်ချောင်းကို ဝေ့ယှမ်းလိုက်သောအခါ တံခါးမှာ ပြန်၍ပိတ်သွားတော့သည်။ သူသည် ထိုနေရာတစ်ဝိုက်ကို ဂရုတစိုက်လေ့လာလိုက်ပြီး အရာရာတိုင်းကို နတ်ဘုရားအာရုံများဖြင့် စစ်ဆေးလိုက်ပါသော်လည်း မည်သည်ကိုမှမတွေ့ရပေ။ အဆုံးတွင် သူသည် သူ၏အိတ်ကိုပုတ်လိုက်ပြီး ဝိညာဥ်သိုလှောင်စေတီတော်တစ်ခုကို ထုတ်လိုက်သောအခါ ထိုအထဲမှ ပိုင်ဟောင် ပျံထွက်လာတော့သည်။
" မင်းက သရဲကျင့်ကြံသူတစ်ယောက်ပဲ ငါ့တပည့် " သူကဆိုလိုက်သည်။
" ဒီနေရာတဝိုက်ကို ငါ့ကိုကူရှာပေးကွာ။ ပြီးတော့ မင်းလိုမျိုးဘဝတူတွေ ရှိ၊ မရှိရောစစ်ဆေးလိုက်ဦး "
ထိုအခါ ပိုင်ဟောက်မှာ အနည်းငယ်အံ့သြသွားရသည်။ သို့သော်လည်း သူသည် ဘေးဘီဝဲယာသို့ တစ်ခဏမျှကြည့်လိုက်ပြီး မျက်လုံးများကို အချိန်အနည်းငယ်ခန့်မှိတ်လိုက်လေသည်။ အဆုံးတွင် သူ မျက်မှောင်ကြုတ်သွားတော့သည်။
" ဆရာရေ။ "
သူက တွန့်တွန့်ဆုတ်ဆုတ်နှင့် ပြောလိုက်သည်။
" ကျွန်တော့်လို စိတ်စွမ်းရည်ရှိတဲ့ သရဲမျိုး ဒီနားမှမရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီနေရာက တော်တော်ကို ထူးဆန်းနေတာ။ မသိရင် သေခြင်းတရားနဲ့ အသက်ရှင်ခြင်းတို့ကြားထဲမှာ ရှိနေတဲ့ နယ်မြေတစ်ခု ကျနေတာပဲ။ ကျွန်တော်လည်း သေချာတော့မပြောတတ်ဘူး။ ဒီနေရာကြီးက... "
ထိုသို့ပြောနေရင်း သူ့ဆရာ၏မျက်နှာမှာ အသက်မရှိတော့သည့်အလား ဖြူဆုတ်သွားပြီး အလွန်အမင်းကြောက်ရွံ့နေသည့်ပုံ ပေါ်နေတော့သည်။
" ဘာဖြစ်လို့လဲ ဆရာရဲ့ " သူက မေးလိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ စုတ်သပ်လိုက်ပြီး သူ့တပည့်ရှေ့တွင် ကြောက်လန့်နေသည့်ပုံဖြစ်နေ၍ မရကြောင်း တွေးကာ ပြန်အားတင်းလိုက်သည်။ ထို့ကြောင့်ရင်ဘတ်ကိုလက်ဖြင့်ပုတ်ကာ ကြိမ်းဝါးပြလိုက်သည်။
" ဟားဟားဟား ဘာမှမဟုတ်ပါဘူးကွ။ ဆရာ မကြောက်ပါဘူး။ မင်းစောစောက ပြောနေတာ ဆက်ပြောလေ "
" အမ်၊ ဆရာ၊ ဆရာက ကြောက်နေတဲ့ပုံပေါ်နေတယ်လို့ ကျွန်တော်မပြောမိပါဘူး "
" ဟင်။ အော်။ ဟားဟားဟား။ အဲဒီအကြောင်းထားပါတော့။ မင်းစောစောက စကားမဆုံးလိုက်ဘူးမလား။ ဒီနေရာက ဘာဖြစ်တုံး "
ထိုအခါ ပိုင်ဟောက်သည် ပိုင်ရှောင်ချန်းအား ထူးထူးဆန်းဆန်း ကြည့်ရင်းဆက်ပြောလိုက်လေသည်။ " ကျွန်တော်အမြင်တော့ ဒီနေရာက လူလွတ်နေတယ်လို့မထင်ဘူးဗျ။ ကျွန်တော်တို့ပတ်ပတ်လည်မှာတင် လူတွေအများကြီး ရှိနေတဲ့အတိုင်းပဲ။ အများကြီးပဲ ပုန်းနေကြတာ "
သူ၏စကားများကြောင့် ပိုင်ရှောင်ချန်း၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ဖုံးလွှမ်းသွားရပြီး သူက ဘယ်ဘက်ကြည့်လိုက်၊ ညာဘက်ကြည့်လိုက်ဖြင့် တစ်စုံတစ်ရာကို လိုက်ရှာလိုက်ပါသော်လည်း မည်သည်ကိုမှ မတွေ့ခဲ့ပေ။
" ဆရာ၊ အမ်... ဆရာမကြောက်တာရော သေချာလား "
ပိုင်ဟောက်မှာ ဤအခြေအနေကြောင့် ရယ်မောချင်စိတ်များပင်ပေါ်လာတော့သည်။ သူ၏ဆရာ ယခုကဲ့သို့ကြောက်ရွံ့ထိတ်လန့်နေသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ လက်ရွေးစင်ရာပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့သည့်အချိန်မှာတောင် သူက မကြောက်မရွံ့ရှိနေခဲ့သည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းမှာမူ စိတ်ထဲတွင် ကြောက်ကြောက်လန့်လန့်နှင့် ငိုကြွေးနေတော့သည်။ သို့သော် အပြင်ပန်းတွင်မူ ပိုင်ဟောက်ကိုသာ စိုက်ကြည့်လိုက်လေသည်။
" အဓိပ္ပါယ်မရှိတာ။ "
သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
" ဆရာက ကြောက်နေတာဟုတ်လား။ ဘာကိုမှမကြောက်ပါဘူးကွ "
ထို့နောက် သူသည် စကားလွှဲရန် ဆုံးဖြတ်လိုက်တော့သည်။ ပိုင်ဟောက်ကို သူ၏အနားသို့ဆွဲခေါ်ကာ အမိန့်ပေးဆွဲပြားကို ဆက်၍အသက်သွင်းကာ တစ်ပြိုက်နက်ထဲမှာပင် ပိုင်ဟောက်နှင့် ဟိုဟိုသည်သည် စကားစမြည်ဆို ပြောနေတော့သည်။
" ကဲ ငါ့တပည့်လေး။ မင်းရဲ့ လတ်တလောအခြေအနေ ဘယ်လိုရှိတုံး။ အမ်၊ သြော်... ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အခြေအနေ ဘယ်လိုရှိလဲ။ ငါတို့က ဆိုင်ကိုပြန်သွားရမှာ မဟုတ်တော့ ဝိညာဥ်ရှာမဲ့နည်းလမ်းအသစ်တွေကို ထပ်စဥ်းစားဖို့လိုနေပြီ "
ပိုင်ရှောင်ချန်းမှာ အကြောင်းအရာအမျိုးမျိုးကို လွှဲကာပြောဆိုနေတော့သည်။ ပိုင်ဟောက်၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုကိုမြင်နိုင်ပါသော်လည်း သူသည် မေးခွန်းများကို ဆက်ဖြေနေသည်သာဖြစ်သည်။ သူတို့နှစ်ယောက်မှာ စကားစမြည်ပြောဆိုရင်း အချိန်များမှာ ကုန်ဆုံးသွားပြီး နောက်ဆုံးတွင်ပိုင်ရှောင်ချန်းမှာ ပြောစရာစကား ကုန်သွားတော့သည်။ ထိုအခါ သူသည် သူနှင့် မဟာကောင်းကင်သခင်တို့ တွေ့ဆုံခဲ့စဥ်က ဖြစ်ပျက်ခဲ့သည်များကို ပိုင်ဟောက်အား ပြောပြလိုက်ပြန်တော့သည်။
ထိုစဥ်က ပိုင်ဟောက်သည် သူ့အားအာရုံခံမိသွားမည်စိုးသဖြင့် အငွေ့အသက် အနည်းမျှပင် မထုတ်ရဲခဲ့ပေ။ ထို့ကြောင့် သူသည် ပိုင်ရှောင်ချန်းနှင့် မဟာကောင်းကင်သခင်အကြား ပြောဆိုခဲ့သည့်အရာများကို မသိခဲ့ရပေ။ ပိုင်ဟောက်မှာ နားထောင်ရင်း သူ၏မျက်နှာတည်ကြည်လာေတာ့သည်။
" ဗဟိုဧကရာဇ်အပေါ် ဘယ်သူတွေ သစ္စာရှိသလဲဆိုတာ စုံစမ်းရမယ် "
ပိုင်ဟောက်မှာ အံ့အားသင့်သွားပြီး တချိန်ထဲမှာပင် သူ၏ဆရာမှာ ဧရာမအကြံအစည်ကြီးတစ်ခုထဲသို့ ဆွဲခေါ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်လေသည်။
သူသည် အသိဉာဏ်ပညာများတောက်ပနေသည့် မျက်ဝန်းများဖြင့် ထိုအခြေအနေအပေါ် သူ၏သုံးသပ်ချက်ကို ပြောပြလိုက်လေသည်။
" ဆရာရေ။ ဒီကိစ္စက ပေါ့သေးသေးတော့မဟုတ်ဘူးနော်။ မဟာကောင်းကင်သခင်က အများရဲ့ဆန္ဒကိုဆန့်ကျင်ပြီး ကျွန်တော်တို့ကို မသတ်ခဲ့ရုံသာမက ဆရာ့ကိုပါ စစ်ဆေးရေးအရာရှိအဖြစ် ရာထူးတိုးပေးလိုက်တာ။ ဆရာက လူအများကြီးကို စော်ကားခဲ့တဲ့ အချက်ကိုအသုံးချပြီး ဆရာ့ကို လက်နက်တစ်ခုအဖြစ် အသုံးချဖို့သူကြံနေတာ အသိအသာကြီး "
" ငါလည်းအဲဒီလိုတွေးမိတယ်ကွ "
ပိုင်ရှောင်ချန်းက မျက်ခုံးများကို ကစားကာ ပြန်ပြောလိုက်သည်။
" ဆရာကိုက တော်လွန်းနေတယ်လို့ မင်းမထင်ဘူးလား။ "
ပိုင်ရှောင်ချန်းမှာ သူရောက်နေသည့်နေရာကြီး၏ ထူးဆန်းခြောက်ခြားဖွယ်ကောင်းပုံကို တစ်ခဏမျှမေ့သွားပါသော်လည်း သူ၏မျက်နှာဖုံးကိုသုံးကာ သူ့ကိုယ်သူဖုံးကွယ်ထားခြင်းကိုမူ မရပ်တန့်လိုက်ပေ။
ပိုင်ဟောက်မှာမူ ထိုကိစ္စကို ဆက်၍သုံးသပ်နေပြီး သူ၏ကောင်းမွန်သော ဉာဏ်ပညာကိုအသုံးပြုကာ သူ၏ဆရာ အကျိုးအမြတ် အများဆုံးရနိုင်မည့် အခြေအနေအား အဖြေထုတ်နေတော့သည်။
" ဆရာရေ။ ဒီအခြေအနေက ကျွန်တော်တို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်နိုင်တယ်။ အရာအားလုံးက မဟာကောင်းကင်သခင်ရဲ့ သဘောထားပေါ်မှာ မူတည်မှာပဲ။ သူက ဆရာ လူတိုင်းကို စော်ကားခဲ့လို့ ဆရာ့ကို သဘောကျခဲ့တာ အသေအချာပဲ။ အဲဒါဆိုရင် သူက ဆရာ့ကို သာမန်ပစ္စည်းတစ်ခုလိုမဟုတ်ပဲ အသွားထက်တဲ့ဓားတစ်ချောင်းလိုသုံးနိုင်ချေ ပိုများမှာ။ ဆရာရေ၊ အခုအချိန်ကစပြီး ဆရာစော်ကားတဲ့လူများလေလေ ဆရာဘေးပိုကင်းလေလေပဲ "
ပိုင်ဟောက်မှာ ဉာဏ်အလွန်ကောင်းသည်ကို ပိုင်ရှောင်ချန်း သတိထားမိသည်မှာ အတော်အတန်ကြာခဲ့ပြီဖြစ်သည်။ အထူးသဖြင့် စွန်းယိဖန်နှင့်စီမာတာအိုတို့ကိစ္စမှ စ၍ ရိပ်မိခဲ့သည်။ ထို့ကြောင့် သူ၏သုံးသပ်ချက်ကို ကြားလိုက်ရသောအခါ သူ ခေါင်းညိတ်လိုက်လေသည်။
ပိုင်ဟောက်မှာ သူ့ဆရာ၏ ထောက်ခံမှုကိုရ၍ အလွန်ပျော်ရွှင်နေသည်။ ထူးဆန်းသော အလင်းရောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူသည် ထိုအကြောင်းကို ခေတ္တမျှထပ်၍ စဥ်းစားလိုက်သည်။ ထို့နောက် သူသည်ပိုင်ရှောင်ချန်းအနားသို့ကပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
" ဆရာရေ။ မဟာကောင်းကင်သခင် ဘာတွေးနေသလဲဆိုတာ ကျွန်တော်ရိပ်မိသလိုပဲ။ ပထမဆုံး ဆရာ အတွင်းပိုင်းပြဿနာတွေကို ဖြေရှင်းဖို့လိုတယ်။ အဲဒါပြီးရင် မှူးမျိုးမတ်နွယ်တွေကို အားလျော့သွားအောင် လုပ်ရမယ်။ အတွင်းပိုင်းပြဿနာတွေကို ရှင်းဖို့ဆိုတာကတော့ ကျွန်တော့်ဆီမှာ အကြံမရှိဘူး။ ဒါပေမဲ့ မှူးမျိုးမတ်နွယ်တွေကို အားလျော့အောင်လုပ်ဖို့နဲ့ပတ်သတ်ရင်တော့.... အချိန်ကျတာနဲ့ အာဏာရှိမျိုးနွယ်စုတွေနဲ့ အခြားအင်အားကြီးအဖွဲ့အစည်းတွေကို အမှုန့်ချေနိုင်ပြီး တချိန်ထဲမှာပဲ မဟာကောင်းကင်သခင်အတွက် ဆရာက ပိုပြီးတန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်သွားနိုင်မဲ့ အကြံ ကျွန်တော့်ဆီမှာ ရှိတယ် "
ထိုသို့ဆိုကာ သူ၏အကြံကို ဆက်၍ရှင်းပြလိုက်တော့သည်။
" ရက်စက်လှပါလား "
ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးလာပြီး ရေရွတ်လိုက်တော့သည်။
" ဆရာရေ " ပိုင်ဟောက်က ပြန်ဖြေလိုက်သည်။
" ကျွန်တော်တို့က ခရီးစပြီးပြီဆိုမှတော့ လမ်းအဆုံးထိလျှောက်ရတော့မှာပဲ "