နှစ်တိုင်း ကြေးပြားခြောက်ဆယ်
Vol. 3 Ch. 63
ကောင်တီတရားသူကြီးမှာ နောက်ဆုံးတွင်တော့ အဘိုးအိုကြီးနှင့် အဘွားအိုကြီးသည် သေသွားသည့် ဒုတိယသားဖြစ်သူအပေါ် မည်သည့်တွယ်တာမှု ခံစားချက်မျှ မရှိဘဲ အနှီလူငယ်လေးဆီမှ လုယက်လို၍ လာရောက် တရားစွဲဆိုခြင်းဖြစ်ကြောင်း တွက်ဆမိသွားချေပြီ။
သူ့စိတ်တွင်းဝယ် ဘက်လိုက်မိသွားသော်လည်း ကောင်တီတရားသူကြီးသည် အမှုကို မျှမျှတတ ဖြေရှင်းချင်နေဆဲပင်။ သားကြီးရှန်၏သားသည် အဘိုးရှန်၏မြေးဖြစ်ပြီး ရှန်လင်းသည်လည်း အဘိုးရှန်၏ မြေးပင် ဖြစ်၏။ မြေးနှစ်ယောက်စလုံးက အဘိုးအဘွားများကို တူညီသည့် စံသတ်မှတ်ချက်ဖြင့် ရိုသေလေးစားသည်မှာ လုံးဝ မမှားချေ။
ဆုဝန်သည်လည်း ကောင်တီတရားသူကြီး၏ဆုံးဖြတ်ချက်က မျှတသည်ဟု ထင်၏။ တစ်ကိုယ်ကောင်းဆန်စွာပင် ဆုဝန်သည် ရှန်လင်းကို မျက်နှာပြောင်တိုက်ပြီး ဘက်လိုက်တတ်သည့် အဘိုးရှန်နှင့် အဘွားရှန်တို့နှစ်ဦးကို တာဝန်မယူစေချင်ပါပေ။
သို့ရာတွင် အဘိုးရှန်နှင့် အဘွားရှန်က ရှန်လင်း၏ ဖခင်ဖြစ်သူကို ဆွဲသွင်းလာခဲ့သည်။ အကြွေးရှိပါက ပြန်ဆပ်ရမည်ပင်။ အကယ်၍ ထိုနှစ်ယောက်ကို လျစ်လျူရှုထားလိုက်ပါက ကျိုးကြောင်းမသင့် ဖြစ်သွားပေမည်။ သားကြီးရှန်၏ သားနှစ်ယောက်ကို တူညီသည့်စံသတ်မှတ်ချက်အဖြစ် သုံးမှသာလျှင် မျှတမည်ဖြစ်၏။
သို့တိုင် ဆုဝန်၏တွက်ချက်မှုအရဆိုပါက သားကြီးရှန်၏ကလေးနှစ်ယောက်သည် သူတို့၏ အဘိုးနှင့်အဘွားကို တစ်စုံတစ်ရာမျှ ပေးလိုမည်မဟုတ်။ အဘိုးအဘွားများကို ပိုက်ဆံပေးရန် မဆိုထားနှင့်၊ သူတို့သည် သူတို့အဘိုးအဘွားများ၏ငွေကိုပင် သုံးချင်နေကြဦးမည်ဖြစ်၏။
ဆုဝန်သည် နေမြဲအတိုင်း နှုတ်ဆိတ်နေလျက် ကောင်တီတရားသူကြီးက သားကြီးရှန်၏ သားနှစ်ယောက်ကို မေးခွန်းထုတ်နေသည်ကို တိတ်တဆိတ်နားထောင်နေလေ၏။
ကောင်တီတရားသူကြီးသည် သားကြီးရှန်၏ သားနှစ်ယောက်ကို ဤနေရာသို့ ခေါ်လာခဲ့ကြောင်း မြင်သော် သူက မေးလိုက်၏။
“ အောက်ကနှစ်ယောက်က အဘိုးရှန်ရဲ့ အကြီးဆုံးမြေးနဲ့ ဒုတိယမြေးလား”
အောက်မှ လူငယ်လေးနှစ်ဦးက ပြိုင်တူပြန်ဖြေ၏။
“ တရားသူကြီးမင်း၊ ကျွန်တော်တို့ ဟုတ်ပါတယ်”
ကောင်တီတရားသူကြီးက ဆို၏။
“ မင်းတို့နှစ်ယောက်က အဘိုးရှန်ရဲ့ မြေးတွေဆိုမှတော့ သိတတ်လိမ္မာရမဲ့ ဝတ္တရားကို ကျေပွန်ရမယ်။ ဒီနေ့၊ ဒီရုံးတော်အတွင်းမှာ မင်းတို့ ဘယ်လိုသိတတ်လိမ္မာရမလဲ၊ နှစ်စဥ် မင်းတို့အဘိုးအဘွားကို ရိုသေပြတဲ့အနေနဲ့ ပိုက်ဆံနဲ့စားစရာ ဘယ်လောက်ပေးရမလဲ ငါတရားသူကြီးပြောလိုက်မယ်။ ပြောရမယ်ဆိုရင် မင်းတို့နှစ်ယောက် နောင်ကို မေ့မသွားအောင် တရားဝင်နည်းလမ်းတကျ စာနဲ့ရေးပြီး သဘောတူညီမှုလုပ်ရမယ်“
အဘိုးရှန်သည် သူ၏အကြီးဆုံးမြေးနှင့် ဒုတိယမြေးကို မျှော်လင့်ချက်တို့ဖြင့် လှမ်းကြည့်လိုက်၏။ ပုံမှန်အားဖြင့် အနှီမြေးနှစ်ယောက်သည် သူတို့ကို လွန်စွာ သိတတ်၏။
အကြီးဆုံးမြေးဆိုပါလျှင် သူနန်းတွင်းစာမေးပွဲ အောင်ပြီးနောက် သူ့အဘိုးနှင့်အဘွား လိုချင်သမျှ ဝယ်နိုင်ရန် လစဥ် ငွေတုံး ရာနှင့်ချီပေးမည်ဖြစ်ကြောင်း သူ့ကိုပြောတတ်သည်။
ဒုတိယမြေးသည် သူ့အဘိုးနှင့်အဘွား သက်သောင့်သက်သာနေစေရန် နန်းတွင်းစာမေးပွဲအောင်ပြီးပါက သူတို့အတွက် ရှန်လင်းတို့ အုတ်အိမ်ထက် အဆပေါင်းများစွာ ပိုကြီးသည့် အိမ်တော်တစ်လုံး ဝယ်ပေးမည်ဖြစ်ကြောင်း ပြောထား၏။
အဘိုးရှန်နှင့် အဘွားရှန်မှာ ယင်းနှင့်ကျေနပ်နေကာ သူတို့စုဆောင်းထားသမျှကို မြေးနှစ်ယောက်ကို စာလေ့လာခိုင်းရန် သုံးစွဲခဲ့၏။
အဘိုးရှန်သည် သူ၏ အကြီးဆုံးမြေးနှင့် ဒုတိယမြေးမှာ ရှန်လင်းထက် အဆတစ်ထောင်မျှ ပိုသိတတ်မည်ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထား၏။ ယခုမူ အကြီးဆုံးမြေးနှင့် ဒုတိယမြေးက စာလေ့လာနေရဆဲ ဖြစ်သည့်အတွက် သူတို့ကို လုပ်ကျွေးရန် ပိုက်ဆံမရှိသေးချေ။ သို့သော် ရှန်လင်းက ပိုက်ဆံရှာနိုင်နေပြီဖြစ်၏။
အဘိုးရှန်က ရှန်လင်းကို မျက်လုံးလှိမ့်ကြည့်ကာ သိတတ်လိမ္မာလှသော သူ၏အကြီးဆုံးမြေးနှင့် ဒုတိယမြေးက အဘိုးအဘွားများကို မည်မျှသိတတ်မည်နည်းဟူသည်ကို ကောင်းကောင်းကြည့်ခိုင်းလိုက်၏။
ကောင်တီတရားသူကြီးက သူ့ကို စကားမပြောခိုင်းခြင်းကြောင့်သာ မဟုတ်ပါက အဘိုးရှန်သည် ရှန်လင်းကို ဤသို့ ပြောပြီးနေလောက်ချေပြီ။
အဘိုးရှန်၏ အကြီးဆုံးမြေးသည် အနည်းငယ်တွေဝေလျက်
“ ကျွန်တော်က စာလေ့လာနေတုန်းလေ။ အဲဒါကြောင့် ကျွန်တော့်မှာ အဘိုးအဘွားတွေကို လုပ်ကျွေးပြုစုဖို့ ပိုက်ဆံမရှိပါဘူး”
ဒုတိယမြေးသည်လည်း သံယောင်လိုက်၍
“ ကျွန်တော်လည်း စာလေ့လာနေရတုန်းပဲ။ အဲဒါကြောင့် ကျွန်တော့်မှာ အဘိုးအဘွားတွေကို လုပ်ကျွေးပြုစုဖို့ ပိုက်ဆံ မရှိပါဘူး”
အဘိုးရှန်က စိတ်တွင်းမှ ဆို၏။
‘ ကောင်တီတရားသူကြီးကတောင်မှ မရေမရာတွေ မေးနေတယ်။ ငါ့ရဲ့ မြေးလိမ္မာလေးနှစ်ယောက်က စာလေ့လာနေရတုန်းလေ။ သူတို့ခမျာ သူတို့ရဲ့ သိတတ်လိမ္မာမှုပြည့်ဝတာကို ဖော်ပြဖို့ နည်းလမ်း မရှိရှာဘူး’
ကောင်တီတရားသူကြီးက ဖြည်းညင်းစွာဆို၏။
“ မင်းတို့ စာလေ့လာနေရတယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မင်းတို့က အသက်နှစ်ဆယ် ပြည့်ပြီးပြီလား။ တကယ်လို့ ဦးသျှောင်တင်ရမဲ့ အရွယ်ရောက်ပြီဆိုရင် ဒီအချိန်မှာ မင်းတို့အဘိုးအဘွားက မင်းတို့ကို ထောက်ပံ့ပေးနေစရာ ဘာအကြောင်းမှ မရှိတော့ဘူး။ မင်းတို့နှစ်ယောက် ကိုယ့်အားကိုယ်ကိုးရမယ်။ မင်းတို့ဘယ်နှနှစ်လောက် ရှင်သန်လာပြီးပြီလဲ”
အကြီးဆုံးမြေး၏နဖူးဝယ် ချွေးစေးတို့ပြန်လာရ၏။ သူ တွေဝေစွာ ဖြေ၏။
“ ကျွန်တော်၊ ကျွန်တော်က ဒီနှစ် ၂၀ပါ”
ဒုတိယမြေးသည်လည်း အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ ကျွန်တော်က ဒီနှစ် ၁၉နှစ်ပါ”
ကောင်တီတရားသူကြီးက ဆို၏။
“ မင်းတို့နှစ်ယောက်က ဦးသျှောင်တင်တဲ့နှစ်ကို ရောက်တော့မှာပဲ။ ဒီအချိန်မှာ မင်းတို့က အဘိုးအဘွားတွေကို သိတတ်ပြရတော့မှာ။ ငါလူကြီးမင်းကို ပြောစမ်း၊ သိတတ်လိမ္မာပြဖို့ မင်းတို့ ဘယ်လိုနည်းလမ်းမျိုးကို သုံးမှာလဲ။
အကြီးဆုံးမြေး၏စိတ်ထဲ ဝမ်းနည်းကြေကွဲသွားရသည်။ စောနက တရားသူကြီး ပြောသွားသည့် စာနှင့်ရေး၍ သက်သေခံရမည်ဆိုသည်မှာ ခါတိုင်း အဘိုးအဘွားများကို ချော့မြူရသည်နှင့် ကွဲပြားနေလျက် ရှိ၏။ ထိုနေ့များက ဝေးကွာသေးသော်လည်း အသက်နှစ်ဆယ်မှာတော့ ဤနှစ်အတွင်း ပြည့်မည်ဖြစ်၏။ ဆိုလိုရင်းမှာ ဤနှစ်အတွင်း၌ သူ အဘိုးအဘွားများကို သိတတ်လိမ္မာပြရမည်ဟူ၍တည်း။
‘ အဘိုးနဲ့ အဘွားက ငါ့ကို လုပ်ကျွေးခိုင်းစေချင်နေတာပဲ ဖြစ်ရမယ်။ အဲဒါကြောင့် ရှန်လင်းကို ရုံးတိုင်တဲ့အချိန် ငါ့ကိုပါ ထည့်ပြောတာ’
အကြီးဆုံးမြေးမှာ အဘိုးရှန်ကို အနည်းငယ် မုန်းတီးသွားလေသည်။
‘ သူ ခါတိုင်း ငါထိခိုက်မှာကို ကာကွယ်ပေးသလို ဟန်ဆောင်နေတာပဲ။ ဒါ တကယ်တော့ လှည့်ကွက်ကြီး။ ဒီအဘိုးကြီးက အနာဂတ်မှာ သူ့ကို သိတတ်ရမယ်နော်လို့ အမြဲပြောနေတာ။ သူက ငါကတိဖျက်မှာ ကြောက်ပြီး ကောင်တီတရားသူကြီးကို သက်သေစာချုပ် ရေးခိုင်းထားတာပဲ ဖြစ်မယ်။ တကယ် မုန်းဖို့ကောင်းတယ်’
ဒုတိယမြေးသည်တော့ ထိုသို့ မတွေးချေ။ သူ အနည်းငယ် စိတ်ရှုပ်ထွေးနေရုံသာ ရှိ၏။ သူ သူ့အဖေနှင့် အဘိုးကို ဘာဆက်လုပ်ရမည်နည်းဟု မေးချင်မိ၏။ သို့ပေသိ ရုံးတော်အတွင်းဝယ် တိတ်ဆိတ်မှု ကြီးစိုးနေပြီး လေထုသည် လေးနက်နေလျက်ရှိ၏။
‘ထားလိုက်တော့။ ငါ့ကိုမေးရင် အစ်ကိုကြီးဖြေတဲ့အတိုင်းဖြေလိုက်မယ်။ အစ်ကိုကြီးနောက်လိုက် ပြောရင် မှားမှာ မဟုတ်ဘူး’
အကြီးဆုံးမြေးသည် သူ့ကို သိတတ်လိမ္မာပါရန် သက်သေခံစာချုပ် ရေးခိုင်းခြင်းမှာ သူ၏ အဘိုးဖြစ်သူသည် နောင်တွင် သူ မသိတတ်မည်ကို စိုးရိမ်နေသည်ဟု ဆိုလိုကြောင်း ခံစားမိ၏။ သူ့အဘိုး ထိုသို့လုပ်ဆောင်နေသည်ဟု ထင်မြင်မိသွားသော် နေ့စဥ်ဘဝတွင် သူ မသိတတ်ပါသလောဟု သံသယဝင်သွားရသည်။
သူသည် အရာရှိလမ်းကြောင်းပေါ် လျှောက်လှမ်းနေသော လူတစ်ယောက်ဖြစ်၏။ သူ၏ သိတတ်လိမ္မာမှုနှင့် ပတ်သက်ပြီး မေးခွန်းအထုတ်ခံရခြင်းသည်ကား ကိစ္စကြီးတစ်ရပ်ပင်။ ထိုသို့ စဥ်းစားလိုက်မိသော် အကြီးဆုံးမြေးသည် အဘိုးရှန်နှင့် အဘွားရှန်၏မိုက်မဲမှုကို ပို၍ပင် စိတ်ပျက်သွားရ၏။
သူတို့နှစ်ဦး အတွေးနယ်ချဲ့နေသည်ကို မြင်သော် ကောင်တီတရားသူကြီးက ထပ်မေးလာ၏။
“ ငါလူကြီးမင်းကို အမြန်ပြောစမ်း။ မင်းတို့နှစ်ယောက် အသက်နှစ်ဆယ်ပြည့်ရင် ဘယ်လိုသိတတ်လိမ္မာပြကြမှာလဲ။ မင်းတို့ ငါလူကြီးမင်းကို ပြောလိုက်တာနဲ့ အမြန် ရေးမှတ်ပြီး မှတ်တမ်းတင်ထားလိုက်မှာ”
အကြီးဆုံးမြေးသည် စိတ်နှလုံးကြေကွဲလျက်
“ တရားသူကြီးမင်းခင်ဗျ၊ ကျွန်တော်က ဒီနှစ် အသက်နှစ်ဆယ် ပြည့်ထားပြီးပါပြီ။ ဒါပေမဲ့ ခါတိုင်း စာလေ့လာတာ ဝင်ငွေ မရှိပါဘူး။ တစ်နှစ်နေမှ ကျွန်တော်ကြေးပြားနှစ်ဆယ်လောက်ပဲ စုနိုင်ပါတယ်။ ဒီလိုဆိုမှတော့ ကျွန်တော့်ရဲ့ငွေတစ်ဝက်ကို အဘိုးနဲ့ အဘွားကို သိတတ်လိမ္မာပြဖို့ပေးပါမယ်။ နည်းတယ်လို့ မတွေးထင်ဖို့ မျှော်လင့်ပါတယ်”
အကြီးဆုံးမြေးက ပြော၍ပြီးသော် သူ့ဝတ်ရုံလက်အတွင်းမှ ကြေးပြားတချို့ကို ထုတ်ယူလိုက်၏။
“ တရားသူကြီးမင်းခင်ဗျ၊ ကျွန်တော် ဒီနှစ်တော့ အဘိုးအဘွားတွေကို ဒီလောက်ပဲ သိတတ်ပြနိုင်ပါတယ်”
သူ့အစ်ကိုကြီးက ထိုသို့လုပ်သည်ကိုမြင်သော် ဒုတိယမြေးသည်လည်း ကြေးပြားလက်ဆုပ်စာကို ထုတ်ကာ
“ ကျွန်တော်က အစ်ကိုကြီးလောက် မစုမိပါဘူး။ ကျွန်တော့်မှာ ကြေးပြားဆယ့်ငါးပြားပဲ ရှိပါတယ်။ အဘိုးနဲ့အဘွားကို ဒါရဲ့တစ်ဝက် ပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော် ဒီကိုထွက်သွားတဲ့အခါကျ အဘိုးနဲ့အဘွားကို ကြေးပြားရှစ်ပြား ပေးလိုက်ပါ့မယ်”
အဘိုးရှန်နှင့် အဘွားရှန်မှာ မေ့လဲတော့မတတ်ပင်။ ကောင်တီတရားသူကြီးက သူတို့ကို စကားပြောခွင့် မပြုသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှ၏။ မဟုတ်ပါလျှင် သူတို့ အရိုက်ခံရမည်ဖြစ်၏။ သို့ဖြစ်ရာ ကြိတ်မှိတ်သည်းခံရုံသာ တတ်နိုင်တော့၏။
ရုံးတော်အပြင်ဘက်တွင် ကြည့်ရှုနေကြသော ရွာသားများအားလုံးက ရယ်နေကြလေသည်။ တချို့က ဗိုက်ကို နှိပ်၍ ရယ်မောကြပြီး တချို့မှာ မျက်ရည်သုတ်ရင်း ရယ်မောနေကြ၏။ တချို့မှာမူ ပါးစပ်များကို အုပ်၍ ရယ်မောနေလျက်ရှိ၏။
အကြီးဆုံးမြေးမှာ ဘာကြောင့်မှန်း မသိပါချေ။
ကောင်တီတရားသူကြီးက ဆို၏။
“ ဒါဖြင့် နောက်ကို မင်းတို့နှစ်ယောက်က မင်းတို့ အဘိုးနဲ့အဘွားကို ကြေးပြားဆယ့်ရှစ်ပြားပဲ ပေးမှာပေါ့”
ကောင်တီတရားသူကြီးက အဘိုးရှန်အတွက် လက်ဖက်ရည်ကြမ်းတစ်ခွက် ယူလာပေးရန် အမိန့်ပေးလိုက်၏။ ထို့နောက် စီရင်ချက်ချသည်။
“ အခုကစပြီး ရှန်လင်းက သိတတ်လိမ္မာမှုကို ပြသတဲ့အနေနဲ့ သူ့အဘိုးအဘွားတွေကို နှစ်တိုင်း ကြေးပြားဆယ့်ငါးပြား ပေးရမယ်။ ပျက်ကွက်မယ်ဆိုရင် အဆသုံးဆယ် ကျခံစေ”
ဆုဝန် သူ့ဘာသာတွေးလိုက်၏။
‘ ဒီကောင်တီတရားသူကြီးက တကယ် ချစ်စရာကောင်းတာပဲ။ သူက လူအထင်ကြီးအောင် အဆသုံးဆယ်နဲ့ ညာဖြီးလိုက်သေးတယ်’
အရာရှိက စာတစ်စောင် ထပ်ရေး၍ ရှန်လင်းကို ကတိကဝတ်ပြုခိုင်း၏။ ရှန်လင်း လက်ဗွေနှိပ်တော့မည့်အချိန်မှာပဲ အစ်ကိုဝမ်းကွဲ၏အသံ ထွက်ပေါ်လာခဲ့သည်။
“ ရှန်လင်း၊ အခု ငွေတွေအများကြီး ရှာနိုင်နေပြီမဟုတ်ဘူးလား။ ဘာလို့ ကြေးပြားဆယ့်ငါးပြားတည်းလဲ”
ကောင်တီတရားသူကြီးက မပျော်မရွှင်ဖြင့်
“မင်းက ကြေးပြားဆယ်ပြားတည်း။ မင်းညီလေးက ကြေးပြားဆယ့်ငါးပြားဆိုတော့ မင်းထက် ပိုသာနေပြီ”
ရှန်လင်းက ပြတ်သားစွာပင် စာရွက်ပေါ်၌ လက်ဗွေနှိပ်လိုက်သည်။ သူသည် အစောကြီးကတည်းက သူ့အဘိုးအဘွားများနှင့် ဦးလေးတို့မိသားစုအပေါ် နှလုံးသားကင်းမဲ့သွားပြီဖြစ်၏။
‘ အဘိုးနဲ့ အဘွားက ငါ့ကို နည်းနည်းလောက်ပဲ ချစ်တယ်ဆိုရင်တောင် ငါကို ဒီလို အရှက်တကွဲ ဖြစ်အောင်လုပ်မှာ မဟုတ်ဘူးလေ။ ဘယ်လိုများ ငါ့ကို မသိတတ်မလိမ္မာဘူးဆိုပြီး ရုံးတိုင်ပါ့မလဲ။ အခုကစပြီး ငါနဲ့ ငါ့အဘိုးအဘွားတို့ရဲ့ ၁၅နှစ်တာ ဆက်ဆံရေးက ပြတ်တောက်သွားပြီ။ ဦးလေးတို့မိသားစုနဲ့ရောပဲ။ အခုကစပြီး ငါတို့က သူစိမ်းတွေပဲ’
ရှန်လင်းက ကတိပြုသည်။ ကြေးပြားဆယ့်ငါးပြားထုတ်၍ အဘိုးရှန်ကို ကမ်းပေးကာ ဆို၏။
“ အဘိုး၊ ဒါက ဒီနှစ်အတွက် ကျွန်တော် လူကြီးသူမတွေကို လုပ်ကျွေးပြုစုတဲ့ငွေပါ”
ယင်းကိုမြင်သော် တရားသူကြီးက အလျင်အမြန်ဆို၏။
“ အခု ခင်ဗျား စကားပြောလို့ရပြီ။ အရိုက်မခံရတော့ဘူး”
.....