အခန်း (၆၄)
Vol. 3 Ch. 64
အခန်း (၆၄)
တရားသူကြီးမင်းက ယခု စကားစပြောခိုင်းလေပြီ။
အဘိုးရှန်က ရုတ်တရက် ထပြောလိုက်လေ၏။ “တရားသူကြီးမင်း ဒါဟာ မဖြစ်နိုင်ပါဘူး။ ကျွန်တော့် မြေးကြီးနဲ့ မြေးလတ်တို့ဟာ စာပေလေ့လာနေကြတုန်းပဲ ရှိကြပါသေးတယ်။ အဲ့အတွက် သူတို့မှာ ကျွန်တော်တို့ကို ပေးဖို့ ပိုက်ဆံမရှိကြပါဘး။ ဒါပေမဲ့ ရှန်လင်းကတော့ မတူဘူးလေ။ သူက အခုကတည်းက ပိုက်ဆံဝင်နေပြီးသားပဲ” ကောင်တီတရားသူကြီးမင်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဘာလို့မဖြစ်နိုင်ရမှာလဲ။ မင်းရဲ့ မြေးကြီးနဲ့ မြေးလတ်တို့က ဝင်ငွေ မရှိကြသေးဘူးဆိုပေမဲ့ သူတို့မှာ မှီခိုစရာ မိဘတွေ ရှီနေသေးတယ်။ မင်းတို့ရဲ့ အခုလက်ရှိ အခြေအနေကိုလဲ ငါကြားသင့်သလောက်ကြားထားပါတယ်။ ရှန်လင်းမှာတော့ မှီခိုစရာမိဘ မရှိရုံတင် မကဘူး။ သူ့ရဲ့ အပြင်းအထန် ဖျားနေတဲ့ အမေအိုကြီးအတွက် ဆေးဖိုးဝါးခလဲ ရှာရသေးတယ်။ အနာဂတ်မှာလဲ သူလက်ထပ်ဖို့အတွက် စုရဆောင်းရဦးမယ် သူ့ရဲ့ တာဝန်တွေက မင်းရဲ့ မြေးကြီး၊ မြေးလတ်တို့ထက် ပိုပြီးများတယ်။ အဲ့အတွက် ရှန်လင်းရယ်၊ မြေးကြီးရယ် မြေးလတ်ရယ်ဟာ မင်းတို့ကို ပေးစရာ တာဝန်ကျေပွန်မှု အခကြေးငွေကို အတူတူ ထောက်ပံ့ရမယ်ဆိုတာ ကျိုးကြောင်းသင့်လျော်တယ်”
အဘိုးရှန်သည် သူ့ပါးစပ်ကို ဖွင့်ဟကာ ထပ်ပြောလိုက်သည်။ “ဒါပေမဲ့…”
“ဒါပေမဲ့ ဆိုတာမျိုးမရှိဘူး” တရားသူကြီးမင်းသည် အဘိုးရှန်၏ စကားကို ဖြတ်ပြောလိုက်၏။
“အားလုံးကမင်းရဲ့ မြေးတွေပဲဟာကို ဘာလို့များ ခွဲခြားခွဲခြားနဲ့ ဘက်လိုက်နေရတာလဲ။ ပြီးတော့ အကြီးတစ်ယောက်အနေနဲ့ ရှန်လင်းက မင်းတို့ကို ဆက်ပြီးလေးစားသမှု ပြုဖို့ လုပ်နေတာ တော်တော့်ကို တာဝန်သိတတ်နေပြီ”
အဘိုးရှန်သည် သူ့နှလုံးသားထဲတွင် မမျှော်လင့်ထားတာ ဖြစ်သွားသည့်အတွက် အတော်တန် စဦးစားလိုက်ပြီး တစ်ခုခုကို ဆက်ပြောနေချင်သေး၏။
“ဒါဆို ကျွန်တော်တို့ ဒုတိယသားထားခဲ့တဲ့ မြေနဲ့ အိမ်တွေကရော…..”
“မင်းတို့နဲ့ အိမ်ခွဲထားပြီးသားပဲ။ မင်းတို့ဒုတိယသား ချန်ခဲ့တဲ့ မြေနဲ့ အိမ်တွေဟာ ရှန်လင်းအပိုင် ဖြစ်ပြီး ၊ ရှန်လင်းနဲ့ပဲ သက်ဆိုင်တယ်ဆိုတာကို သံသယဖြစ်စရာကို မလိုဘူး။ ဒီဆုံးဖြတ်ချက်ကိုလဲ ရှန်လင်းရဲ့ တာဝန်ကျေပွန်သလား၊ မကျေပွန်သလား ဆုံးဖြတ်တဲ့ တရားစီရင်မှုမှာကတည်းက ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်လို့ စိတ်အေးအေး ထားနိုင်ပါပြီ”
အဘိုးရှန်သည် ငိုပင် ငိုချင်သွား၏။ သို့သော် ရက်ပေါင်းများစွာ အပင်ပန်းခံပြီး အဆုံးတွင်တော့ ရှန်လင်းသည် အပြစ်ပေးခံရသင့်သည်။ ဆယ့်ငါးပြားသည် အရင်ကရသည့် ပမာဏလောက် မများပေ။
ယခင်တုန်းက နေ့စဥ်ဘဝတွင် ရှန်လင်း သူတို့အတွက် ယူလာပေးသော အစားအသောက်များနှင့် ကူညီလုပ်ကိုင်ပေးသော အလုပ်များကိုပင် ထည့်မတွက်သည့်အပြင် နှစ်တိုင်း ဆောင်းဦးရိတ်သိမ်းကာလအပြီးတွင် ပေးတတ်သော ရာပေါင်းများစွာ ငွေကြေးကိုပင် ထည့်မတွက်ကြပါ။
ဆုဝန်သည် ချန်ထားသောအချက်ကို သိသွား၏။ “ကောင်တီတရားသူကြီးမင်းရှင့်၊ အဘိုးရှန်နဲ့ အဘွားရှန်တို့ဟာ ရှန်လင်းကို အမြဲတမ်း သူတို့အလုပ်တွေကို အဆုံးအစမရှိ ကူညီခိုင်းပါတယ်။ ဒါပေမဲ့ အခု ရှန်လင်းက အဒေါ်ရှန်ရဲ့ ဆေးဖိုးအတွက် ပိုက်ဆံပိုရဖို့ ရှာနေရလို့ အားချိန်ကို မရှိပါဘူးရှင်။ အဲ့သလို ရှန်လင်းဟာ အဘိုးရှန်နဲ့ အဘွားရှန်တို့ရဲ့ အလုပ်တွေကို နေ့စဥ်နဲ့အမျှ အချိန်ပေးလုပ်ပေးနေဖို့က မဖြစ်နိုင်ပါဘူး။ အကယ်၍ ရှန်လင်းကို အလုပ်ကူလုပ်ခိုင်းစေချင်တယ်ဆိုရင်လဲ အဘိုးနဲ့ အဘွားတို့ဟာ အဆုံးမရှိ လိုအင်တွေနဲ့ ဆက်ခိုင်းနေတာဟာ အဆင်မပြေတာမို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးထားစေချင်ပါတယ်”
တရားသူကြီးမင်းက သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
“မင်းတို့ဘက်က ကြင်နာစိတ် တစ်ခုတည်းနဲ့ တာဝန်ကျေပွန်ခဲ့တာပဲ။ ငါဒီနေ့တွေ့ရသလောက်တော့ ရှန်မိသားစုက အကြီးအကဲနှစ်ယောက်ဟာ ရှန်လင်းအပေါ်ကို လုံးဝငဲ့ညှာခြင်း မရှိခဲ့ဘဲနဲ့ နေရာတကာမှာ ရှန်လင်းကိုသာ ခိုင်းစေဖို့ ရှာနေကြတယ်။ ဒီလို ဘိုးဘွားမျိုးအပေါ်မှာ ရှန်လင်းဟာ ကူညီပေးနေဖို့တောင် မလိုအပ်ဘူး။ ကောင်းပြီ အဲ့လိုဆိုရင်လဲ ငါ့မှာ အခြားလုပ်စရာတွေ ရှိသေးတယ်။ မင်းတို့နဲ့အတူ ဒီနေရာမှာ ဖြုန်းနေဖို့အချိန် မရှိဘူး။ ရှန်လင်း ခုချိန်ကစပြီး မင်းရဲ့ဘိုးဘွားတွေကို တစ်နှစ်ကို ဆယ့်ငါးပြား ပေးရမယ်။ အကယ်၍ အဲ့လိုမလုပ်နိုင်ရင် ရုံးတော်ကိုလာပြီး ကြိမ်ဒဏ်ပေးခံရမယ်။ အခြားလူတွေအတွက်လဲ သင့်လျောနေသရွေ့ မင်းလုပ်ချင်သလိုလုပ်နိုင်တယ်။ အားလုံးပဲ တရားချိန် ပြီးပြီ”
ကောင်တီတရားသူကြီးမင်းသည် လူထုကို ပြန်သွားရန် ကြိမ်ဖန်များစွာ ပြောလိုက်ရသည်။ အဘိုးရှန်နှင့် အဘွားရှန်တို့ကလဲ တရားသူကြီးမင်း၏ ကြိမ်ဒဏ်ကို ကြောက်သောကြောင့် အမြန်ထွက်သွားလိုနေ၏။
ရှန်မိသားစုမှ အဘိုးရှန်၊ အဘွားရှန်၊ သားကြီးရှန်နှင့် မြေးကြီး၊ မြေးလတ်တို့သည် ရှုပ်ထွေးနေသော အတွေးပေါင်းများစွာနှင့် ကောင်တီတရားရုံးအပြင်ဘကိသို့ ထွက်လာကြ၏။
ဆုဝန်သည် စောစောက အဘိုးရှန် မယူခဲ့သော ရှန်လင်းဆီမှ ငွေဆယ့်ငါးပြားကို ယူကာ အဘိုးရှန်ကို အမြန်ပြောလိုက်သည်။ “အဘိုးရှန် ဒါက အစ်ကိုရှန်လင်းပေးတဲ့ တာဝန်ကျေပွန်မှု ငွေဆယ့်ငါးပြားပါ။ ခုနက ငွေကတော့ မရတော့ဘူးပေါ့နော်”
အဘိုးရှန်သည် သူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်၏။ “ဘယ်သူက မင်းတို့ငွေကို လိုချင်နေလို့လဲ”
ဆုဝန်လက်ထဲမှ ငွေသည် မြေပေါ်သို့ ပြုတ်ကျသွား၏။
ဆုဝန်က ထိုငွေကို မကောက်ဘဲ ဆက်ပြောသည်။ “အဘိုးရှန် ဒီငွေကို ယူပဲယူယူ မြေပေါ်ပဲ လွှင့်ပစ်ပစ် ဒါဟာ အဘိုးတို့ကိစ္စပါ။ ချင်းရှီရွာက လူတွေအားလုံးမြင်ကြပါတယ်။ အစ်ကိုရှန်လင်းက အဘိုးရှန်ကို ဒီနှစ်အတွက် ငွေဆယ့်ငါးပြားပေးပေမဲ့ အဘိုးရှန်က မလိုချင်ဘူး မဟုတ်လား”
ဆုဝန်သည် ပြောပြီးနောက် ရှန်လင်းကို ခေါ်ကာ အပြင်တွင်ရပ်ထားသော ရထားလုံးတွင်းသို့ ဝင်လိုက်သည်။ ထို့နောက် မြင်းကို ကြိမ်ဖြင့်နှင်ကာ မောင်းထွက်သွားလေတော့၏။
ပိတ်ရက်များတွင် ရှန်လင်းသည် ရထားလုံးထဲမှ အဝင်အထွက်ကို ရွာသားများကို တမင်သက်သက် ရှောင်ကာ လုပ်တတ်၏။ ဤသည်ကိုမြင်သောအခါ ရွာသားများသည် ဒါသက်သက် ပုံကြီးချဲ့နေသည်ဟု မြင်နေကြသည်။ သူတို့တစ်ယောက်ချင်း၏ ရင်ထဲတွင် ရှန်လင်းကို မနာလိုအားကျမှုများ ဖြစ်လာကြ၏။
တစ်ချိန်တည်းမှာပင် ရွာသားများသည် အဘိုးရှန်နှင့် အဘွားရှန်အကြောင်းကိုလဲ ပြောနေကြ၏။ လူတိုင်းတို့သည် ယနေ့တွင် တရားသူကြီး၏ သဘောထားကို ရှင်းရှင်းလင်းလင်း သိမြင်ကြားခဲ့ကြပြီး ဖြစ်ပါသည်။ ရှန်လင်း၏ တာဝန်မကျေပွန်မှုနှင့် ပတ်သက်၍ အားလုံး၏ ဆွေးနွေးပြောဆိုမှုများးသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
“ဒီအဘိုးရှန်နဲ့ အဘွားရှန်က တကယ့်ကို ဘက်လိုက်တတ်ကြတာနော်”
“ဟုတ်တယ်၊ သူတို့က သူတို့သားကြီးရှန်ရဲ့ မိသားစုကိုပဲ ဂရုစိုက်ကြတာ၊ ရှန်လင်းရဲ့ ကြင်နာမှုတွေကို မမြင်ကြဘူး”
“သူတို့က အမြဲအဲ့လိုပဲ။ ပြီးရင် အမြဲ ရှန်လင်းကို ရှာကြပြီး ရှန်လင်းကို သူတို့ရဲ့အလုပ်တွေလဲ ကူလုပ်ခိုင်းကြသေးတယ်”
“ကောင်တီတရားသူကြီးမင်းက ရှန်လင်းကို သူ့အဘိုးအဘွားတွေအတွက် တစ်နှစ်ကို ငွေဆယ့်ငါးပြား ပေးစေတယ်တဲ့။ ငါတကယ်ကို ရယ်ချင်လိုက်တာဆိုတာလေ။ ဘယ်သူက သူတို့ကို ပိတ်ရက်တွေမှာ အလုပ်လုပ်ခိုင်းလို့လဲ။ အခုတော့ ဝဋ်လည်တာ စလာပြီလေ”
“ခုဆို ရှန်လင်းက ကြီးပွားတိုးတက်နေပြီ။ အဘိုးရှန်နဲ့ အဘွားရှန်တို့က ဒီအကျိုးအမြတ်ရဲ့ မြူတစ်မှုန်စာလောက်တောင် ရပိုင်ခွင့် မရှိတော့ဘူး။ ငါတော့ ဝမ်းသာတယ်”
ရွာသားများသည် တစ်ယောက်နှင့်တစ်ယောက် အတင်းပြောနေကြသည်။ သို့သော် ရှန်လင်းက ကြီးပွားတိုးတက်လာပြီဆိုသော ရွာသားတစ်ယောက်၏ ပြောစကားကိုကြားလိုက်သောအခါ ဝမ်ဝူက ခွန်းတုံ့ပြန်တော့သည်။
“ဘာက ကြီးပွားတယ်လို့ ခေါ်တာလဲ။ သူတို့အစားအစာ ရောင်းတဲ့ ဆိုင်သေးသေးလေးက နာမည်ကြီးလာတာကို ပြောတာလား။ အဲ့လို အစားအစာတွေရောင်းပြီး ပိုက်ဆံရှာနေနိုင်ရင်တောင်မှ ရှန်လင်းက သနားဖို့ကောင်းနေတုန်းပဲ၊ သူတို့မိသားစုမှာ အမြဲတမ်း ဆေးသောက်နေရပြီး သမားတော်ပြနေရတဲ့ အမျိုးသမီးကြီးတစ်ဦးလဲရှီသေးတယ်။ ဆေးတွေ သောက်နေရတယ်ဆိုတာလဲ အဆုံးကို မရှိပါဘူး”
အားလုံးတို့သည် ရှန်လင်းအား အကောင်းမြင်ကာ နာမည်ကို ပြန်လည်ပြင်ဆင်ပေးကြသည်။ အချို့ကမူ ရှန်လင်း၏ ကြီးပွားလာမှုက မသက်မသာဖြစ်သည်ဟု ခံစားရသည်။ ဝမ်ဝူမှာလဲ ထိုသို့သော လူမျိုးထဲမှ တစ်ဦးဖြစ်၏။
အားလုံးတို့သည် ရှန်လင်းအပေါ် အနည်းငယ် မနာလို ဖြစ်နေကြသေး၏။ သို့သော် ဝမ်ဝူ၏ ထိုစကားများကို ကြားလိုက်ရသောအခါတွင် သူတို့တွေးမိကြသည်။ ထိုအကြောင်းပြချက်ကြောင့် ရှန်လင်းသည် ရပ်တည်နိုင်ရန် ခက်ခဲနေခြင်း ဖြစ်သည်။ ထို့ကြောင့် အားလုံးတို့သည် ရှန်လင်း၏ အခက်အခဲများအကြောင်းကို ထပ်မံပြောနေကြပြန်သည်။ ရှန်လင်းတို့ ချင်းကျိုးစီရင်စုက ပြန်လာကတည်းက အမျိုးသမီးရှန်ကို သူတို့မတွေ့ဖြစ်ကြသေးပါ။ ထို့ကြောင့် အမျိုးသမီးရှန်သည် နေမကောင်းဖြစ်၍ အပြင်သို့ပင် မထွက်နိုင်တာ ဖြစ်ပေလိမ့်မည်။
လူတိုင်းသည် သက်ပြင်းချကာ ထွက်သွားကြပေ၏။
အဘိုးရှန်တို့အိမ်တွင်မူ အဘွားရှန်သည် သူ့မြေးကြီးနှင့် မြေးလတ်တို့ကို ခါးသီးသောမျက်နှာနှင့် ဆူနေ၏။
“မင်းတို့ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြစမ်းပါ။ ဒီရက်တွေမှာ ငါတို့လူကြီးနှစ်ယောက်ဟာ မင်းတို့ကို ဘယ်လောက်တောင် ဂရုစိုက် ပြုစုပျိုးထောင်ခဲ့သလဲ ဟင်။ မင်းတို့တွေအတွက် အရသာရှိတဲ့ အစားအသောက်တွေ သောက်စရာတွေအားလုံးကို ယူလာပေးခဲ့တယ်။ မင်းတို့ညီအစ်ကိုသုံးယောက်ကိုလေ အနာဂတ်မှာ ငါတို့ပေါ် သိတတ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အဆုံးမှာလေ မင်းတို့ညီအစ်ကိုနှစ်ယောက်ဟာ မင်းတို့ဟာ တစ်ယောက်က တစ်နှစ်ကို ငွေဆယ်ပြား ထောက်ပံ့မတဲ့. နောက်တစ်ယောက်က တစ်နှစ်ကို ငွေရှစ်ပြား ထောက်ပံ့မတဲ့။ မင်းတို့အဲဒါ သူတောင်းစားကို ပေးနေတာလား ဟမ် ပြောကြစမ်းပါ”
မြေးကြီးနှင့် မြေးလတ်တို့သည် သူတို့ခေါင်းများကို ငုံ့ကာ ဆိတ်ဆိတ်နေနေကြသော်ငြား သူတို့ရင်ထဲတွင် သူတို့ဘွားအေကို မကျေမနပ်ဖြစ်နေကြ၏။ သူတို့အမြဲ တွေးထင်ထားခဲ့ကြသည်မှာ သူတို့ဘိုးဘွားများသည် မျှော်လင့်ခြင်းကင်းမဲ့စွာ သူတို့အပေါ် ပြုမူနေကြသည် ဟူ၍ဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့နှစ်ဦးသည် အနာဂတ်တွင် ကြီးမားသည့်ရလဒ်ရမည်ဟု မျှော်လင့်ကာ လုပ်ပေးနေခဲ့ကြခြင်းဖြစ်ကြောင်း သိလိုက်ရ၏၊ ရှန်တာ့နှင့် ရှန်အာ့ နှစ်ဦးလုံးသည် အနည်းငယ် စိတ်ခုသွားကြပေသည်။
အဘိုးရှန်ကလည်း ဆူငေါက်သည်။ “မင်းတို့သောက်သုံးမကျတဲ့ နှစ်ကောင်၊ မင်းတို့သိကြရဲ့လား ရှန်လင်းက မင်းတို့ပြောသလောက် ပေးနိုင်တယ်ဆိုတာ။ မင်းတို့ဘာသာ တစ်နှစ်ကို ငွေတစ်ရာ့ရှစ်ဆယ် ပေးနိုင်တယ်လို့ပြောတာ အကြောင်း မဟုတ်ဘူး။ ငါက မင်းတို့ဆီက ငွေတစ်ရာ့ရှစ်ဆယ်တောင်းတာကို မင်းတို့က ရှန်လင်းဆီကနေ သွားတောင်းကြတယ်ပေါ့လေ။ ငါတို့ကတော့ မင်းတို့အတွက် ပေးဆပ်ထားခဲ့တာကို ကောင်းပါ့ကွာ တစ်ယောက်က ရှစ်ပြား၊ တစ်ယောက်က ဆယ်ပြားပေးမတဲ့….”
ရှန်တာ့သည် မကြားလိုတော့သဖြင့် ထပြောလိုက်သည်။
“ကျွန်တော်တို့နှစ်ယောက်ဟာ ပညာသင်ကြားနေကြတုန်းဟာကို ဘယ်လိုလုပ် ငွေတစ်ရာ့တစ်ဆယ်ကို ပေးနိုင်ပါ့မလဲ……”
ရှန်အာ့သည်လည်း ရှန်တာ့၏ စကားကို ဝင်ထောက်ခံသည်။
“ဟုတ်တယ် ငွေပြားတစ်ရာ့ရှစ်ဆယ်တဲ့လား။ ကျွန်တော်တို့နှစ်ယောက်ကို သတ်နေသလိုပဲ”
အဘိုးရှန်သည် အလွန်ဒေါသထွက်လွန်း၍ ရင်ထဲတွင် ဆို့နင့်ကာ စကားပင် မပြောနိုင်တော့ပေ။ သူသည် သူ့မြေးနှစ်ယောက်ဆီမှ ပိုက်ဆံကို တကယ်လိုချင်သည် မဟုတ်ပါ။ ရှန်လင်းဆီမှ ငွေကိုသာ လိုချင်တာဖြစ်သည်။ သို့သော် သူ့မြေးနှစ်ယောက်သည် သူတို့ဆီမှ ပိုက်ဆံတောင်းတာကိုသာ မြင်နေကြ၏။ သူပြောလိုသည့်စကား၏ အဓိပွာယ်ကို လုံးဝနားမလည်ကြပါပေ။
သားကြီးရှန်သည် ဘာမှဆက်ပြောမနေတော့ဘဲ သူ့သားကြီး၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။
“အရူးလေး၊ မင်းတို့တွေ မင်းတို့အဘိုးပြောချင်တဲ့ စကားရဲ့ အဓိပ္ပာယ်ကို နားမလည်ကြဘူးမလား ဟမ်။ မင်းတို့အဲဒီ စာအုပ်တွေကိုပဲ ခွေးစားသောက်သလို အပြည့်အဝ ဗိုက်ထဲပဲ ထည့်နေလိုက်ကြ”
ရှန်အာ့သည် သူ့အစ်ကိုနှင့် ငြင်းခုံကာ ထပြောသည်။
“ကျွန်တော်တို့ ဘယ်လောက်ဆင်းရဲပြီး ဉာဏ်မမီနေကြပါစေ။ ရှန်လင်းထက်တော့ သာကိုသာနေရမယ်။ မကြာခင် ပညာသင်စာမေးပွဲစတော့မယ်။ ကျွန်တော်တို့ကတော့ ဘာပဲဖြစ်နေပါစေ စာမေးပွဲခန်းကို သွားမှာပဲ။ ဒါပေမဲ့ ရှန်လင်းကတော့ စာမေးပွဲ ဖြေစရာမလိုဘူးမလား။ ဒါပဲလေ။ ကျွန်တော်တို့နှစ်ယောက်ဟာ ရှန်လင်းထက် အဆပေါင်း ထောင်ပေါင်းများစွာ ပိုသာတယ်”
ယနေ့တွင် သားကြီးရှန်သည် သူ့သားကြီးနှင့် သားလတ်တို့အပေါ် လွန်စွာ ဒေါသထွက်သွားသဖြင့် ပုံမှန်ပြောနေကျအတိုင်း မဟုတ်ဘဲ သပ်သပ်မဲ့ ပြောလိုက်သည်။
“နေစမ်းပါဦး မင်းတို့နှစ်ယောက် အဲ့စာမေးပွဲကျတာရော ဘယ်နှကြိမ်တွေ ရှိနေပြီလဲ ဟမ်”
ထိုသို့ပြောလျှင်ပြောပြီးချင်းတွင် သားကြီးရှန်သည် သူ့စကားများက လွန်သွားပြီဖြစ်ကြောင်းကို သိလိုက်သည်။ ချင်းယွင်ကောင်တီတွင် ပညာသင်အဖြစ် သတ်မှတ်ခြင်း မခံရသေးသော အသက်နှစ်ဆယ်အရွယ် လူပေါင်းများစွာ ရှိ၏။ အသက်နှစ်ဆယ့်တစ်နှစ်နှင့် ဆယ့်ကိုးနှစ်သာ အသီးသီးရှိကြသေးသော သူ့သားနှစ်ဦးအဖို့ ပညာသင်ဆုမရသေးသည်မှာ သာမန်သာဖြစ်သည်။
စကားနာထိုးခြင်းသာ ဖြစ်ပါသည်။
ရှန်တာ့နှင့် ရှန်အာ့တို့နှစ်ယောက်လုံးသည်မူ အလွန်စိတ်ဆိုးသွားဟန် တူ၏။ သူတို့သည် သူတို့အဖေကို မယုံကြည်နိုင်လောက်သော အကြည့်ဖြင့် ကြည့်နေကြပြီး ပြောလိုသောစကားများရှိနေသော်လည်း ဘာမှ ဆက်မပြောကြတော့ပေ။
ရှန်အာ့က ထပြောလိုက်သည်။ “အဘိုးအဘွားတို့စိတ်ထဲ နှလုံးသားထဲမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကိုပဲ တွေးထားကြတယ်ဆိုတာ ထင်ရှားသိသာပြီးသားပါ။ ဘာလို့ အဘိုးအဘွားတို့က အနာဂတ်မှာ ရှန်လင်းကို မချစ်ပေးနိုင်ရမှာလဲ။ အကယ်၍ ရှန်လင်းက ပညာသင်စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေနိုင်ခဲ့မယ် ဆိုရင်ရော။ သူ့နာမည်သာ ထိပ်ဆုံးစာရင်းထဲ ပါလာမယ်ဆိုရင် ဘယ်ပြောလို့ရမလဲ။ ရှန်လင်းက အဘိုးအဘွားတို့နှစ်ယောက်ကို ချမ်းသာပြီး ဂုဏ်ရှိတဲ့ ဘဝမှာ ထားပေးနိုင်မလားဆိုတာ” ရှန်အာ့စကားများမှာ အလွန်ဒေါသထွက်ဖွယ်ကောင်း၏။ သူကိုယ်တိုင်ကလဲ သူ့အဘိုးအဘွားတို့ကို အတော်အတန် ဒေါသထွက်မိနေကြောင်းမှာ ထင်ရှားပါသည်။
အဘိုးရှန်နှင့် အဘွားရှန်နှစ်ယောက်အနက် တစ်ယောက်မှာ လွန်စွာ ဒေါသထွက်နေခဲ့ပြီး နောက်တစ်ယောက်မှာ အနည်းငယ် ဒေါသပြေသွားပြီ ဖြစ်သည်။ သားကြီးရှန်ကလဲ သူ့သားနှစ်ယောက်ကို အမြန်ပြန်လွှတ်လိုက်၏။ ရှန်အာ့နှင့် ရှန်တာ့တို့သည် နှစ်ယောက်အတူ တစ်ချက်လေးမှ နောက်သို့ပြန်မကြည့်တော့ဘဲ ကျောင်းသို့သာ ထွက်လာကြပါတော့သည်။
ဆုဝန်နှင့် ရှန်လင်းတိူ့သည် မောင်းနှင်နေသော ရထားလုံးတစ်လုံး၏ အရှေ့ဘက်တွင် ထိုင်နေကြသည်။ သူတို့နှစ်ယောက်လုံးသည် သားမွေးကုတ်အင်္ကျီ အထူကြီးများကို ဝတ်ဆင်ထားကြပြီး စျေးထဲသို့ အမြန် လမ်းလျှောက်လာကြလေရာ အေးတာကိုပင် မသိကြပါချေ။
ဆုဝန်သည် ယခင်ကတည်းက ချင်းယွင်ကောင်တီတွင် အိမ်တစ်လုံး ဝယ်ချင်နေခဲ့တာဖြစ်သည်။ သို့သော် သူမသည် အိမ်ကိုဝယ်လိုက်ပြီး အနာဂတ်တွင် ရှန်လင်းနှင့် လက်ထပ်လိုက်သည့်အခါ သူမ ပိုင်ဆိုင်မှုသည်လည်း ရှန်လင်းနှင့် သက်ဆိုင်သွားမည်ဖြစ်သည်။ သို့သော် ရှန်လင်းတွင် အဘိုးနှင့်အဘွားတို့ ရှိသေးသည်။ ထိူအခါါတွင် သူတို့သည် သူမတို့ကို ဒုက္ခပေး အပူကပ်ကာ မလှိမ့်တပတ်နှင့် သူမတို့ဝယ်ထားခဲ့သော ကောင်တီမှ အိမ်တွင် လာနေကြမည်ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ကောင်တီတရားသူကြီးမင်းသည် အဘိုးရှန်နှင့် အဘွားရှန်တို့အား ရှန်လင်းက နှစ်စဥ် ငွေဆယ့်ငါ့းပြားသာ ပေးရန်လိုကြောင်း စီရင်ချက်ချလိုက်ပြီ။ သူတို့ ဘာမှ လာပြီး ဆက်နွယ်နေစရာအကြောင်း မရှိတော့ပါပေ။
ထို့ကြောင့် ဆုဝန်သည် မြေဝယ်ဝယ်၊ အိမ်ဝယ်ဝယ် ကိစ္စမရှိတော့ပါချေ။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် သူမတို့ပိုင်ဆိုင်မှုကို လု၍လဲမရ၊ ဘာမှလဲလုပ်၍ မရတော့ပါပေ။
ဆုဝန်နှင့် ရှန်လင်းတို့သည် ချင်းရှီရွာမှ အိမ်ကိုရောင်းပြီး ထိုမှရလာသည့်ငွေနှင့် ကောင်တီတွင် အိမ်တစ်လုံးဝယ်ရန် စကားစပ်မိကြ၏။
ဆုဝန်သည် သူမ၏ ကိုယ်ပိုင်ပိုက်ဆံနှင့်လည်း ဝယ်နိုင်သည်။ သို့သော် ထိုသို့ဆိုလျှင် ရှန်လင်း၊ ရှန်ရှီနှင့် ရှန်ယာယာတို့သည် နေရတာ သက်သောင့်သက်သာ မဖြစ်မည်ကို ခံစားမိသည်။ ထို့ကြောင့် ချင်းရှီရွာမှ အိမ်ကိုရောင်းပြီး ထိုပိုက်ဆံနှင့် ဝယ်ရန်မှာ ပို၍သင့်တော်ပါပေမည်။
ရှန်လင်းကလဲ ထောက်ခံသည်။ “ချင်းရှီရွာက အိမ်က ညီမအပိုင်ပဲလေ ဆိုတော့ ညီမလုပ်ချင်တာ လုပ်နိုင်ပါတယ်”
ဆုဝန်သည် တကယ့်ကို စိတ်သက်သာသွားပြီ။ သူမသည် အဘိုးရှန်နှင့် အဘွားရှန်တို့ကို ရှန်လင်းအား တရားရုံးတွင် တရားစွဲခြင်းကိုပင် ကျေးဇူးတင်နေမိသည်။ သူတို့နှစ်ယောက်နှင့် ညှိနှုိင်းဖြစ်ခဲ့ပါက ညှိနှိုင်း၍ ရနိုင်ပါသော်လည်း ယခုကဲ့သို့ ပျော်စရာကိစ္စမျိုး ဖြစ်လာနိုင်မည်တော့ မဟုတ်ပါချေ။
____