တောင်ဘက်လမ်းက ဒီဆိုင်ထက် ပိုစားကောင်းတယ်
Vol. 3 Ch. 65
ယခုမူ ကောင်တီတရားသူကြီးမင်းက ရှန်လင်း၏ အနာဂတ်သိတတ်လိမ္မာမှုနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အမိန့်ချထားပြီးသားပင်။ ပြောရမည်ဆိုပါလျှင် အဘိုးရှန်နှင့် အဘွားရှန်တို့မှာ ရှန်လင်းကိုမသိတတ်မလိမ္မာဟု ပြစ်တင်ဝေဖန်၍ မရတော့။ သို့ဆိုပါလျှင် အနာဂတ်အတွက် ပြဿနာအားလုံးကို ဖြေရှင်းပြီးသားဖြစ်သွားချေမည်။
ရှန်လင်းနှင့် ဆုဝန်တို့ စျေးဆီသို့ မြင်းလှည်းမောင်းနှင်လာခဲ့ကြ၏။ ယနေ့ ရုံးတော်သို့ သွားရသည့်အတွက်ကြောင့် ဆုဝန်နှင့် ရှန်လင်းမှာ ဆိုင်ကို နေ့တစ်ဝက် ပိတ်လိုက်ရလေသည်။ မုန့်စျေးတန်းလမ်းရှိဆိုင်များမှ နေ့လယ်ခင်းပိုင်းမှ စီးပွား စကြသည်ဖြစ်သော်လည်း သူတို့ မနက်ပိုင်း၌ ပြင်ဆင်မှုများ လုပ်မထားရသေးရာ နေ့ခင်းပိုင်း ရောင်းချရန် မလွယ်ကူလှ။ သို့ဖြစ်ရာ ညနေပိုင်း ရောင်းချရန်အတွက်သာ ပြင်ဆင်ရတော့၏။ ညနေပိုင်းတွင် ပွဲ၈၀အစား ပွဲ၁၆၀ ရောင်းချရချေမည်။
ညနေပိုင်း၌ ရှန်လင်းနှင့်ဆုဝန်သည် ချင်းရှီရွာရှိအိမ်သို့ ပြန်ကြလေ၏။ ဆုဝန်က ချင်းရှီရွာရှိအိမ်ကို ရောင်းချပြီး ချင်းယွင်ကောင်တီသို့ ပြောင်းရွှေ့မည့်အကြောင်းကို စတင် ဆွေးနွေးသည်။
အစကတည်းက ရှန်ရှီးသည် ဆုဝန်၏အကြံဉာဏ်ကို အားတက်သရော ထောက်ခံခဲ့ချေသည်။ ယခု ဆုဝန် အောင်မြင်နေသည်ကို မြင်တော့လည်း သူ သဘောတူလေ၏။ ဆုဝန်နှင့်ရှန်လင်း၏ အစီအစဥ်အတိုင်း လုပ်ခွင့်ပြုထား၏။
ဆုဝန်က ထပ်မံ၍ဆိုပြန်၏။
“ ဒီရက်ပိုင်း မုန့်စျေးတန်းလမ်းနဲ့ တောင်ဘက်လမ်းမှာရှိတဲ့ ဆိုင်နှစ်ဆိုင်က စီးပွား အတော်ကောင်းနေတယ်။ နေ့တိုင်း ငွေတုံးနည်းနည်းလောက် ရှာနိုင်တယ်။ ဒါကလည်း အစ်ကိုကြီးရှန် ဆိုင်ခွဲဖွင့်ဖို့ နည်းလမ်းပေးတာကို ကျေးဇူးတင်ရမှာပါပဲ။ ဒါပေမဲ့ အခုကစပြီး အစ်ကိုကြီးရှန် စာလေ့လာတဲ့လမ်းကြောင်းအပေါ် လျှောက်သင့်ပြီလို့ ကျွန်မထင်တယ်”
ရှန်လင်းက ဆို၏။
“ ဒါပေမဲ့......”
ဆုဝန်က ပြောလေသည်။
“အစ်ကိုကြီးရှန်၊ ရှင်စဥ်းစားနေတာကို ကျွန်မသိပါတယ်။ ရှင် ငွေမရှာနိုင်ဘဲနဲ့ ဘယ်လိုကျောင်းသွားမှာလဲလို့ စဥ်းစားနေတာမလား။ ဒါပေမဲ့ ကျွန်မအမြင်ကတော့ အခု ဆိုင်ကနေ ပိုက်ဆံအများကြီး ရှာနိုင်နေတာပဲကို။ ပြီးတော့ အဲဒါက ရှင့်ကျေးဇူးကြောင့်ပဲလေ။ ရှင်ပေးထားတဲ့ အကြံနဲ့ဆို နောက်ကျ ကျိန်းသေပေါက် ပိုက်ဆံတွေအများကြီးပိုရှာနိုင်မှာပဲ။ အနည်းဆုံးတော့ ရှင် တစ်ဝက်ပိုင်တယ်။ အဲဒါကြောင့် ရှင် စိတ်မသိုးမသန့်ဖြစ်နေစရာမလိုဘူး။ အချိန်ကုန်ခံမနေနဲ့တော့။ ကျွန်မတို့ ပိုက်ဆံရှာနိုင်တယ်ဆိုမှတော့ စာလေ့လာရမှာပေါ့။
ရှန်ရှီးသည်လည်း ပြောလာ၏။
“ လင်းအာ၊ အမေလည်း သားစာလေ့လာရင် ဝန်ဝန်ရဲ့ ပိုက်ဆံတွေကို သုံးရမှာပဲလို့ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဝန်ဝန်ပြောတာ နားထောင်ကြည့်လိုက်တော့လည်း နည်းလမ်းကျတာပဲကွဲ့။ အမေတို့ရေရှည်ကို ကြည့်ရမယ်။ အခု အမေတို့စီးပွား အဆင်ပြေနေတယ်ဆိုပေမဲ့ နောက် ဆုဝန် သားနဲ့လက်ထပ်တဲ့အခါကျ ဘာဂုဏ်ဒြပ်မှ မရှိတဲ့ ကုန်သည်ဇနီးပဲ ဖြစ်နေမှာပေါ့။ တကယ်လို့ သားနာမည်တစ်လုံးရသွားတဲ့အခါကျ သူလည်း ဂုဏ်တက်တာပေါ့ကွယ်။ ဟုတ်တယ်မလား”
ဆုဝန်က ဆက်ပြောလာ၏။
“ အဲဒါအပြင် ကျွန်မတို့ ငွေများများပိုရှာနိုင်ရင် အခွန်ပိုဆောင်ရတော့မှာ။ တကယ်လို့ ရှင်ပညာရှိ ဖြစ်သွားခဲ့ရင် ကျွန်မတို့ အခွန်ဆောင်စရာ မလိုတော့ဘူးလေ။ အဲဒီအချိန်ကျ အခွန်ကင်းလွတ်ခွင့်နဲ့ ဂုဏ်သတင်းက ရှင်လေ့လာဖို့သုံးလိုက်ရတဲ့ငွေထက် ပိုတောင်သာဦးမယ်။ အစ်ကိုကြီးရှန်လင်း၊ ရှင်က အဓိကနဲ့ သာမညကို ခွဲခြားတတ်တဲ့သူလို့ ကျွန်မ ယုံတယ်။
ရှန်လင်းက အတော်ကြာကြာ စဥ်းစားနေခဲ့၏။
‘ငါ စာလေ့လာမယ်ဆိုရင် ဆုဝန်ရဲ့ ပိုက်ဆံကို မဖြစ်မနေ သုံးရမှာပဲ။ ဒါပေမဲ့ အမေနဲ့ဆုဝန်ပြောတာလည်း နည်းလမ်းကျတယ်။ တစ်ချက်က ဆုဝန်ရဲ့ ဂုဏ်သိက္ခာ၊ နောက်တစ်ချက်က စီးပွားအခွန်’
ဆိုင်ခွဲဖွင့်လိုက်သည်မှာ ရှန်လင်း၏အကြံသာ ဖြစ်၏။ ငွေရှာရခြင်းသည်ကား လောင်းကစား လုပ်ရခြင်းပေတည်း။
လက်ရှိတွင် အနှီမိသားစု၏ ပြဿနာမှာ ငွေရေးကြေးရေးမဟုတ်။ ဂုဏ်သိက္ခာအဆင့်အတန်းပင် ဖြစ်ချေသည်။ ဤလောကဝယ် လူတိုင်းသည် ကျော်ကြားသည့်ပုဂ္ဂိုလ်များကိုသာ အထင်ကြီးကြ၏။ စီးပွားရေးသမားများကိုမူ အထင်ကြီးခြင်းမရှိ။
အကယ်၍ နာမည်တစ်လုံးရသွားပါက အရာရှိ မဟုတ်သည့်တိုင် နောင်တွင် နေထိုင်စားသောက်ရန် ဆုဝန် စိတ်ကူးကြံစည်သည့် နည်းလမ်းများကို မျက်စိစုံမှိတ် အားကိုးမည့်အစား သူ ကျောင်းတစ်ကျောင်း ဖွင့်လှစ်၍ ငွေရှာနိုင်လေသည်။
သူ ဆုဝန်ကို အကြံဉာဏ်ကောင်းများပေးမည်ဟု ဆိုခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူကိုယ်တိုင် မရပ်တည်နိုင်ဘဲ ဆုဝန်ကို မှီခိုနေဆဲပင်။
အဓိကအချက်ကို စဥ်းစားကြည့်ပြီးနောက် ရှန်လင်းက စိတ်ဆုံးဖြတ်လိုက်ပါ၏။
“ ကောင်းပြီလေ။ ဒီတစ်ခေါက် ကိုယ်စာလေ့လာမယ်”
ဆုဝန် ရှန်လင်းကို စာလေ့လာရန်ပြောပေါင်းများခဲ့ချေပြီ။ ယနေ့၌ ရှန်လင်း ပထမဆုံးအကြိမ် လက်ခံသွားခြင်းဖြစ်၏။ ဆုဝန် လွန်စွာပျော်ရွှင်သွားလျက် ချက်ချင်းပင် အစီအစဥ်များဆွဲတော့သည်။
“ တကယ်လို့ ရှင် စာလေ့လာဖို့သွားမယ်ဆိုရင် ကျွန်မတို့ မုန့်စျေးတန်းလမ်းက ဆိုင်အတွက် လူနှစ်ယောက်၊ သုံးယောက်လောက် ထပ်ငှားရမှာပဲ။ နေ့တိုင်း အရောင်းတက်တော့ လူငှားဖို့ ငွေရှာနိုင်ပါတယ်။ တောင်ဘက်လမ်းက ဆိုင်ကတော့ ယန်မိသားစုက ညီအစ်ကိုတွေ ကြည့်ပေးထားပဲ။ သူတို့က စိတ်ချရတယ်။ ကျွန်မတို့ စိုးရိမ်နေစရာမလိုဘူး”
“ရှင်က စာလေ့လာဖို့ကိုပဲ အာရုံစိုက်ထား။ ရှင်ပြောတဲ့ဆိုင်ခွဲဖွင့်မဲ့ကိစ္စကို ကျွန်မလုပ်လိုက်မယ်။ ဒီတစ်ခေါက် ဆိုင်ကို လူငှားခေါ်လိုက်တော့ ကျွန်မလည်း အားလပ်ချိန်ရသွားတာပေ့ါ။ အတော်ပဲ၊ အဲဒီကိစ္စတွေ လုပ်လို့ရပြီ”
ရှန်လင်းက အနည်းငယ်စိုးရိမ်ပူပန်နေဆဲ။
“ ဘာပဲပြောပြော မင်းက မိန်းကလေးတစ်ယောက်လေကွာ။ ခရီးတွေ သွားနေဖို့ဆိုတာ အန္တရာယ်များပါတယ်”
ရှန်ရှီးက ရှန်လင်းကို ကြားဖြတ်ပြောလိုက်သည်။
“ ဝန်ဝန်က ဒီလိုပြောတယ်ဆိုမှတော့ သူအဲဒီကိစ္စကိုလုပ်ဖို့ဆန္ဒရှိလို့ပဲပေါ့။ သားက စာတော်ပါတယ်ကွယ်။ အခု အမေ့ကျန်းမာရေးကလည်း ကောင်းနေပြီပဲဟာ။ အိမ်ကိစ္စတွေ အမေစီစဥ်လို့ရပါတယ်။ ဝန်ဝန်ကို သူလုပ်ချင်သလို လုပ်ခိုင်းလိုက်ပါ”
ဆုဝန်သည်လည်း ရှန်ရှီးစကားကို အမြန်သံယောင်လိုက်၏။
“ ဟုတ်သားပဲ။ အဲဒါတွေကို ကျွန်မလုပ်ဖို့ဆန္ဒရှိတယ်”
ရှန်လင်းက တည်ငြိမ်စွာဆို၏။
“ ဒီလိုဆိုမှတော့ ဒီအတိုင်းပဲလုပ်လိုက်ကြတာပေါ့။ မင်းက အလုပ်လုပ်တတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ မင်း အခက်အခဲ ကြုံတဲ့အခါကျ ကိုယ့်ကိုပြောရမယ်။ မင်းတစ်ယောက်တည်း ကြိတ်ထမ်းပိုးမထားနဲ့”
ဆုဝန်က ခေါင်းညိတ်လျက်
“ မစိုးရိမ်ပါနဲ့။ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မ ရှင့်ကိုမဖုံးကွယ်ထားပါဘူး။ ကျွန်မ ရှင့်ကို အရင်ဆုံးပြောပြမယ်”
သို့နှင့်ပင် ရှန်လင်းစာလေ့လာမည့်ဆုံးဖြတ်ချက်မှာ အတည်ဖြစ်သွားတော့သည်။
စုန့်ရှန်းကျောင်းတော်သည် ချင်းယွင်ကောင်တီရှိ အကောင်းဆုံးကျောင်းတော်တစ်ခုဖြစ်၏။ ယခင်က ရှန်လင်းသည် စုန့်ရှန်းကျောင်းတော်တွင် ပညာသင်ယူခဲ့ဖူးလေသည်။ သူ ယခု စုန့်ရှန်းကျောင်းတော်သို့ ပြန်သွားမည်ဖြစ်၏။
ရှန်လင်း ကျောင်းထွက်လိုက်စဥ်က စုန့်ရှန်းကျောင်းတော်ကျောင်းအုပ် ဆရာလီက လွန်စွာ စိတ်မကောင်းဖြစ်လျက် ရှန်လင်း၏ပညာသင်စရိတ်ကို သုံးပုံတစ်ပုံသာ ယူမည်ဖြစ်ပြီး ရှန်လင်းကို စာဆက်သင်ပါရန် ပြောကြားခဲ့၏။
သို့ရာတွင် ရှန်လင်းက ရှင်သန်ရပ်တည်ရန် လယ်ပြန်စိုက်ဖို့လိုခဲ့၏။ သူ့မိခင်နှင့် ညီမဖြစ်သူ စောင့်ရှောက်ပေးရန်လည်း လိုသေးသည်။ ပညာသင်ကြားဖို့ ငွေကြေး မရှိသည့်အပြင် သူ့တွင် အချိန်လည်း မရှိခဲ့ချေ။ သို့ဖြစ်ရာ ရှန်လင်းမှာ ဝမ်းနည်းစွာနှင့်ပင် ငြင်းဆန်ခဲ့ရရှာ၏။
သို့ဖြစ်ရာ စုန့်ရှန်းကျောင်းတော်သို့ မရောက်ခင် ရှန်လင်းသည် ဆရာလီထံ အထူးတလည် သွားတွေ့ခဲ့ပြီး စုန့်ရှန်းကျောင်းတော်ကို ငါးရက်ခြောက်ရက်အတွင်း သတင်းပို့မည်ဖြစ်ကြောင်း ပြောပြခဲ့၏။ ရှန်လင်း ပညာပြန်သင်သည်ကို မြင်သော် ဆရာလီမှာ လွန်စွာဝမ်းမြောက်လျက်ရှိ၏။ ရှန်လင်းနှင့် နည်းနည်းပင် သောက်လိုက်သေးသည်။
ရှန်လင်းနှင့် ဆုဝန်သည် စုန့်ရှန်းကျောင်းတော်သို့ မသွားမီ ငါးရက်၊ ခြောက်ရက်အတွင်း ယုံကြည်ရသော အလုပ်သမားရှာ၍ သင်ပေးထားလို၏။ သူတို့အလုပ်ကို ကောင်းကောင်းလုပ်နိုင်သွားပါက ရှန်လင်း ကျောင်းတော်သို့ သွား၍ စိတ်ချလက်ချ ပညာာသင်ကြားနိုင်ပြီဖြစ်၏။
ရှန်လင်းနှင့် ဆုဝန်က လူလတ်ပိုင်းအရွယ် အဒေါ်ကြီးသုံးယောက် ရှာထား၏။ ဆုဝန်သည် ဤရက်ပိုင်းအတွင်း လမ်းထဲမှ မည်သည့်ဆိုင်မှ အလုပ်သမားများက အလုပ်ကြိုးစားကြပြီး မည်သည့်ဆိုင်မှ အလုပ်သမားများက ပျင်းရိကြကြောင်း ကြည့်ထားလေသည်။ ဆုဝန်သည် ယင်းတို့ထဲမှ အဒေါ်ကြီးသုံးဦးသည် အလုပ်ကောင်းကောင်း လုပ်နိုင်သော်လည်း အလုပ်ရှင်၏ အကြင်နာမဲ့ဆက်ဆံမှုကို ခံရကြောင်း တွေ့ရှိသွားလေသည်။ အနှီအဒေါ်ကြီးသုံးဦးမှာ ယခင်အလုပ်ရှင်များထံမှ ဖိနှိပ်အနိုင်ကျင့်၊ ဆူပူကျိန်းမောင်းခြင်းကို ခံခဲ့ရရှာ၏။ သူတို့ ကြင်နာတတ်သည့် ဆုဝန်နှင့် ဆုံသည့်အခါ အလုပ်လုပ်ရသည်မှာ ယခင်ကထက် သက်သောင့်သက်သာ ရှိသည်ဟု ခံစားမိကြ၏။
အနှီအဒေါ်ကြီးသုံးယောက်မှာ ယခင်အလုပ်ရှင်ထံတွင် လုပ်ခဲ့စဥ်က တုံးအသည်ဟု အမြဲ ကျိန်းမောင်းခံရပြီး အလုပ်ဖြုတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း ခံခဲ့ရ၏။
ဆုဝန်က သူတို့ကိုသီးသန့်တွေ့ဆုံခဲ့သည်။ စဥ်းလဲသည့်အလုပ်ရှင်က အလုပ်ဖြုတ်မည်ဟု နောက်တစ်ကြိမ် ထပ်၍ ခြိမ်းခြောက်သောအခါ တစ်ယောက်ပြီးတစ်ယောက် အလုပ်ထွက်ကုန်တော့သည်။ ကုန်သည်များသည် အလုပ်သမားဟောင်းများ၏ ပိုင်ရှင်အသစ်ကို သဘောမကျသော်လည်း ဆုဝန်ကို အပြစ်တင်၍မရပေ။
ထိုသို့စိတ်နှလုံး မည်းပုတ်နေသည့်အလုပ်ရှင်မှာ သူ့လူများကို လုယူသည်ဟု ဆုဝန်ကို အပြစ်တင်၍ မရခဲ့ပေ။ ထိုသူများကို မမြှောက်စားခဲ့သူမှာ သူကိုယ်တိုင်သာဖြစ်၏။
အနှီအဒေါ်ကြီးများသည် ရိုးသားကြပြီး အလုပ်လုပ်ရာတွင် လျင်မြန်၏။ ဆုဝန်နှင့် ရှန်လင်းတို့ ဝင်ပြောနေစရာမလိုဘဲ အားလုံးကို အစီအစဥ်တကျ လုပ်ကိုင်သွားလေသည်။
ထို့ကြောင့် ဆုဝန် နေ့စဥ်လုပ်ရသည်မှာ မာလာထန်းအတွက် ပါဝင်ပစ္စည်းပြင်ဆင်ရခြင်းသာရှိ၏။ တခြားအလုပ်များ လုပ်စရာမလိုတော့ချေ။
ဆုဝန်နှင့် ရှန်လင်းသည် အရာအားလုံး ချောချောမွေ့မွေ့ဖြစ်သွားပြီဟု ခံစားရသည့်အချိန်မှ ရှန်လင်း စုန့်ရှန်းကျောင်းတော်သို့ သွားမည့်နောက်တစ်ရက်တွင် ကျော့ကျော့မော့မော့ ဝတ်စားထားသော မိန်းကလေးလေးဦးက မုန့်စျေးတန်းလမ်းရှိဆိုင်သို့ ရောက်လာခဲ့၏။
ဆုဝန်သည် တစ်ချက်ကြည့်ရုံမျှဖြင့် ထိုအထဲမှ ယန်ယွင်ရန်ကို မြင်လိုက်လေသည်။ ယန်ယွင်ယန်သည် ကျင်ခတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ မျက်နှာပေါ်တွင် ဝံ့ကြွားသည့်အမူအရာတို့ရှိနေပြီး တူညီဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးများအလယ်တွင် မတ်တတ်ရပ်နေခဲ့၏။
တန်းစီနေကြသည့် လုလင်ပျိုများသည် အနှီမိန်းမလှလေးများကို မြင်သော် နေရာလဲရန် စပြောလာကာ ယန်ယွင်ရန်နှင့် အနှီမိန်းကလေးများကို အရှေ့ပို့လိုက်၏။ ယင်းသည်လည်း အနှီမိန်းကလေးများထံမှ ထင်မြင်ချက်ကောင်းများ ရရှိနိုင်ရန်ပင်ဖြစ်၏။
ယန်ယွင်ရန်သည် ပုံမှန်အတိုင်းပင် ရှေ့သို့တိုးလိုက်၏။ အနှီသာမန်ဝတ်စားဆင်ယင်ထားသော လုလင်ပျိုများကို တစ်ချက်ပင် ကြည့်မသွားချေ။ ယန်ယွင်ယန်ဟူသည်မှာ ချင်းယွင်ကောင်တီမှ အထူးချွန်ဆုံးမိန်းကလေးပင် ဖြစ်ချေသည်။ သူ့ကို ပိုးပန်းနေသောအမျိုးသားများမှာ ပေါများလှ၏။ သူ၏ မျက်လုံးထဲတွင်တော့ ယင်းသည် သာမန်ကိစ္စတစ်ခုသာ ဖြစ်၏။
အနှီမြင်ကွင်းသည် ဆုဝန်၏အာရုံကို ဖမ်းစားသွား၏။
‘ ယန်ယွင်ရန်က တကယ်ကြီး တသီးတခြားနေတာပဲ။ ချင်းယွင်ကောင်တီက ကောင်လေးတွေက ဒီလိုမျိုး အထက်တန်းကျပြီး မရနိုင်တာမျိုးကို သဘောကျတာနဲ့တူတယ်’ဟု ဆုဝန် သူ့ဘာသာ တွေးလိုက်၏။
သို့သော် ထိုသို့မဟုတ်ကြောင်း ဆုဝန် သိလိုက်ရသည်။ အနှီလုလင်ပျိုများသည် သိပ်ပျော်ပုံမပေါ်ချေ။
သို့သော်လည်း ဆုဝန်က သာမန်ကာလျှံကာမျှသာ ကြည့်လိုက်၏။ ယန်ယွင်ယန် လာခဲ့သည်ဆိုလျှင်တောင်မှ သူ့ကို ပုံမှန်ဧည့်သည်တစ်ဦးအဖြစ်သာ ဆက်ဆံရမည်ဖြစ်၏။ သို့ဖြစ်ရာ ဆုဝန်သည် အဒေါ်ကြီးသုံးယောက် အလုပ်လုပ်သည်မှာ မည်သို့အခြေအနေရှိကြောင်း သိရရန် လိုက်ပတ် ကြည့်လိုက်သည်။
ထိုလုလင်ပျိုများ၏နေရာမှာ ရှေ့နားကျရာ ယန်ယွင်ရန်နှင့် တခြားသူများမှာ ခဏမျှသာ တန်းစီလိုက်ရ၏။
ယန်ယွင်ရန်နှင့် ကျန်မိန်းကလေးများက လှပကြလေရာ ဧည့်သည်များက ယန်ယွင်ရန်ရှိသည့်ဝိုင်းကို အာရုံစိုက်လာကြ၏။
စားပွဲထိုးသည့်အဒေါ်ကြီးက မာလာထန်းလေးပွဲ သွားချပေး၏။
ယန်ယွင်ရန်သည် တူကို ကျက်သရေရှိစွာ ကိုင်၍ တစ်လုတ်စားကြည့်ပြီးနောက် စားပွဲပေါ်သို့ ချက်ချင်းပင် ထွေးထုတ်လိုက်၏။ ထို့နောက် လက်ဖက်ရည်ကြမ်းတစ်ငုံ သောက်၍ စောဒက တက်လေသည်။
“ ဒါ ဘာအရသာကြီးလဲ။ တောင်ဘက်လမ်းကဟာထက်တောင် ဆိုးဝါးသေးတယ်”
အနားရှိဧည့်သည်များနှင့် တန်းစီနေကြသူများက ယန်ယွင်ရန်တို့စားပွဲသို့ ကြည့်လာကြတော့သည်။
ဆုဝန်က သူသည် ယန်ယွင်ရန့်ကို ပုံမှန်ဧည့်သည်တစ်ယောက်အဖြစ် သဘောထားသည့်တိုင် ယန်ယွင်ရန်က ယင်းကို ပုံမှန်အစားအသောက်အဖြစ် သဘောမထားကြောင်း နားလည်သွားတော့သည်။
ယန်ယွင်ရန့်ဘေးမှ ပိုင်ယိယိကလည်း ဆိုလာလေ၏။
“ ဟုတ်တယ်။ ငါလည်း အနံ့ရတယ်။ ဒါက တောင်ဘက်လမ်းကဟာလောက် မကောင်းဘူး”
အစိမ်းရောင်ဝတ် တခြားမိန်းကလေးတစ်ဦးကလည်း တစ်လုတ်မျှ စားကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။
“ဒီစားသောက်ဆိုင်က အရမ်းနာမည်ကြီးနေတော့ ငါက တောင်ဘက်လမ်းကဆိုင်ထက် ပိုကောင်းပြီး ပိုအရသာရှိမယ်လို့ ထင်ထားတာ။ လက်စသတ်တော့ တောင်ဘက်လမ်းကဟာကို ဆယ်ပုံတစ်ပုံတောင် မမီပါလား”
အဝါရောင်ဝတ်စုံနှင့်မိန်းကလေးကလည်း ခေါင်းယမ်းလျက်
“ ဒီစားသောက်ဆိုင်က အလကား နာမည်ကြီးနေတာပဲ” ထိုသို့ ပြောပြီးနောက် သူသည် တန်းစီနေသူများကိုလည်း ပြောပြန်လေ၏။
“ အားလုံးပဲ။ တန်းစီမနေကြပါနဲ့တော့။ ဒီဆိုင်က ဘာမှမဟုတ်ဘူး။ တောင်ဘက်လမ်းကဆိုင်ကမှ တကယ်အရသာရှိတာ”
သတို့သည် နာမည်ကြီးနေ၍ လာရောက်ကြခြင်းဖြစ်ပြီး မုန့်စျေးတန်းဆိုင်မှ မာလာထန်းကို မြည်းစမ်းဖူးခြင်း မရှိပေ။ ယခု မိန်းမလှလေးများက မုန့်စျေးတန်းရှိ ဤစားသောက်ဆိုင်သည် ဘာမှမကောင်းကြောင်း ပြောလာရာ အနီးဝန်းကျင်မှလူများကို ဤဆိုင်သည် နာမည်ကျော်နေသည့်အတိုင်း အရသာကောင်းပါရဲ့လောဟု မေးမြန်းကုန်တော့သည်။ အကယ်၍ မကောင်းပါက တန်းစီခြင်းမပြုလိုတော့ဟူ၍တည်း။ ပြောရမည်ဆိုပါက တန်းစီရခြင်းသည်ကား ပင်ပန်းလှ၏။
ဤမုန့်စျေးတန်းတွင်သာ စားဖူးပြီး တောင်ဘက်လမ်းတွင် မစားဖူးသည့် ဧည့်သည်များလည်း ရှိလေသည်။ ယန်ယွင်ယန်ပြောသည်ကို နားထောင်ပြီးနောက် ထိုသူများက အလျင်အမြန် မေးမြန်းလာကြ၏။
“ တောင်ဘက်လမ်းမှာလည်း တစ်ဆိုင်ရှိတယ်လို့ ကြားမိတယ်။ တောင်ဘက်လမ်းကဆိုင်က တကယ်ပဲ ဒီဆိုင်ထက် ပိုကောင်းသလား“
ယန်ယွင်ရန်က ဝံ့ကြွားစွာ ခေါင်းညိတ်၏။
“ တောင်ဘက်လမ်းကဆိုင်က ဒီကထက် ဆယ်ဆ ပိုသာတယ်”
...