ယန်ယွင်ရန်၏ အလိမ်အညာများ
Vol. 4 Ch. 67
ယန်ယွင်ရန်သည် ငယ်စဥ်တောင်ကျေးကလေးဘဝကတည်းက ချီးမွမ်းစကားများကိုသာ အမြဲတစေ ကြားခဲ့ရခြင်း ဖြစ်၏။ တစ်ခါမှ ဤသို့အပြောမခံရဖူးပေ။
သူ၏ မျက်နှာမှ နားရွက်ထိတိုင် အနီရောင် ပြောင်းနေရချေပြီ။
အစိမ်းရောင်ဝတ်မိန်းကလေးက ယန်ယွင်ရန်ထက်ပို၍ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိလေသည်။ သူက လှောင်ရယ်၍ဆို၏။
“ လူတွေက စီးပွားရေးသမားတွေက မကောင်းဆိုးရွားတွေလို့ ပြောကြတယ်။ ဖောက်သည်တွေကို ထိန်းထားဖို့အတွက် တောင်ဘက်လမ်းက မာလာထန်းဆိုင်က နင်ပိုင်တာလို့ ပြောတယ်ပေါ့လေ။ အဓိပ္ပာယ်ကို မရှိဘူး”
ဆုဝန်က အစိမ်းရောင်ဝတ်မိန်းကလေးကို လျစ်လျူရှုထားလိုက်ပြီး ဧည့်သည်များကိုသာ ပြောလေ၏။
“ တကယ်လို့ ရှင်တို့ မယုံကြည်ဘူးဆိုရင် တောင်ဘက်လမ်းကဆိုင်ကို ဒီမုန့်စျေးတန်းကဆိုင်နဲ့ တစ်ဆိုင်တည်းပဲလားလို့ မေးကြည့်လို့ရတယ်”
ဆုဝန်၏လေသံက တည်ငြိမ်၏။ သံသယဝင်ဖွယ် မရှိ။
ဧည့်သည်တချို့က ဆို၏။
“ တကယ်လို့ မုန့်စျေးတန်းလမ်းနဲ့ တောင်ဘက်လမ်းက ဆိုင်အတူတူပဲဆိုရင် ဘယ်လိုလုပ် အရသာကွာမှာလဲ။ သွားမနေတော့ဘူးလေ။ ဒီမှာပဲစောင့်တာပေါ့”
တချို့က သံယောင်လိုက်၏။
“ ဟုတ်သားပဲ။ ဘာလို့ တောင်ဘက်လမ်းကို ထပ်ပြေးလွှားနေကြဦးမှာလဲ။ တို့ ဗိုက်ဆာနေပြီ။ တကယ်လို့ တောင်ဘက်လမ်းကိုသာ ထပ်ပြေးရဦးမယ်ဆိုရင် လမ်းတစ်ဝက်မှာ မေ့လဲလိမ့်မယ်”
တချို့ဧည့်သည်များကလည်း ဆိုလေသည်။
“ ဟုတ်တယ်။ ဒီက မာလာထန်းကို မြည်းကြည့်ဖူးတယ်။ အရသာရှိပါတယ်။ တကယ်လို့ တောင်ဘက်လမ်းက မာလာထန်းက ပိုကောင်းတယ်ဆိုရင်တောင် တို့ကတော့ ဒီကဟာကိုပဲ ကြိုက်တယ်။ ဒီဆိုင် မုန့်စျေးတန်းလမ်းမှာ စဖွင့်ကတည်းက နေ့တိုင်း ဒီမှာပဲ စားလာတာ။ မစားဘူးဆိုရင်လည်း အထိတ်တလန့်တွေ လုပ်မနေနဲ့။ တကယ်လို့ နေရာပြောင်းချင်တယ်ဆိုရင် ပြောင်းလိုက်ကြ။ တို့တော့ မပြောင်းဘူး”
သိသိသာသာပင် ဆုဝန်၏ ခိုင်မာသည့်လေသံကြောင့် မုန့်စျေးတန်းလမ်းနှင့် တောင်ဘက်လမ်းရှိ ဆိုင်တို့မှာ တစ်ဆိုင်တည်းဖြစ်သည်ဟု အားလုံးက ယုံကြည်သွားတော့သည်။ သို့ဖြစ်ရာ စောနက နေရာပြောင်းရန် လုပ်နေကြသူများမှာ ပြန်လည်တန်းစီကြလေသည်။
သို့သော်လည်း ယန်ယွင်ရန်နှင့် တခြားသူများက တောင်ဘက်လမ်းရှိဆိုင်သို့ သွားလိုကြောင်းမြင်သော် ယန်ယွင်ရန်တို့နှင့်အတူ ရှိနိုင်ရန် တောင်ဘက်လမ်းသို့ သွားရန် ဆုံးဖြတ်လိုက်သည့် လုလင်ပျိုတစ်စု ရှိလေ၏။
“ ငါကတော့ တောင်ဘက်လမ်းကိုသွားလိုက်တာ ပိုကောင်းမယ်လို့ထင်တယ်။ ဒီယန်ယွင်ရန်က ငါတို့ချင်းယွင်ကောင်တီမှာ အထူးချွန်ဆုံးမိန်းကလေး။ ပုံမှန်ဆို သူ့ကို သိပ်မတွေ့ရဘူး။ သူ့ကို ကဗျာနဲ့ ဆောင်းပါးတွေအကြောင်း မေးချင်သေးတယ်”
လုလင်ပျိုတစ်စုသည် ယန်ယွင်ရန်အနီးမှ လျှောက်သွားကြ၏။
ယခင်က ယန်ယွင်ရန်သည် ဆုဝန်၏ မုန့်စျေးတန်းလမ်းမှ ရှီးရှီးဟူသော ဂုဏ်သတင်းမှာ သူ၏ရေပန်းစားမှုကို ဖိနှိပ်သွားနိုင်သည်ဟု ထင်ခဲ့မိ၏။ သို့သော် ဤလုလင်ပျိုတစ်သိုက်က သူ့အတွက် နေရာပြောင်းရန် ဆန္ဒရှိကြရာ ယန်ယွင်ရန်က ယင်းသည် အသုံးဝင်သေးကြောင်း သိရှိသွား၏။
အနှီလုလင်ပျိုများ ပြောနေကြသည်ကို ကြားသော် ပြန်လည်တန်းစီလိုကြသည့် အမျိုးသားတချို့ က အနည်းငယ် စိတ်ယိမ်းယိုင်သွားကြပြီး တောင်ဘက်လမ်းသို့သွားမည့်အဖွဲ့ထဲ ပါဝင်လိုက်ကြသည်။
ယန်ယွင်ရန်သည် မုန့်စျေးတန်းလမ်းနှင့် တောင်ဘက်လမ်းရှိ မာလာထန်းဆိုင်များမှာ အတူတူပင် ဖြစ်ကြောင်း သိထားလေသည်။ သို့ဖြစ်ရာ ခံစားချက်များရှုပ်ထွေးနေခဲ့၏။ ယခုမူ သူ့နောက် လိုက်လိုသည့်သူများစွာ ရှိသည်ကို မြင်သော် ယန်ယွင်ရန်သည် ဆုဝန်က ဆိုင်နှစ်ဆိုင် ပိုင်သည်ဆိုဦးတော့၊ သူက ပိုသာနေဆဲဟု ထင်မြင်မိသွား၏။
ဆုဝန် မုန့်စျေးတန်းလမ်းတွင် မာလာထန်းရောင်းနေရချိန်၌ မုန့်စျေးတန်းတွင် ချီရှီဟူသော ဂုဏ်ပုဒ်ကို ရရှိထား၏။ ဧည့်သည်အတော်များများက ထိုနာမည်ဂုဏ်သတင်းကြောင့် လာရောက်ကြခြင်းပင်။ သို့သော် ဆုဝန်က ယင်းကို အလေးမထားချေ။
သို့သော် နောက်ပိုင်းတွင် အကောင်းဆုံးအရသာနှင့် ဆိုင်ခွဲတစ်ခု ဖွင့်ရန် စိတ်ကူးရပြီးသည့်နောက် ထိုအကျိုးရလဒ်များ သူ၏ဆုံးဖြတ်ချက်အပေါ် မသက်ရောက်စေရန် ဆုဝန်သည် ခေါင်းဆောင်းပဝါသုံးရန် ဆုံးဖြတ်ခဲ့၏။ ပထမတစ်ချက်မှာ သန့်ရှင်းမှုရှိစေရန် ဖြစ်ပြီး ဒုတိယတစ်ချက်မှာ မျက်နှာကို အုပ်ထားရန်ဖြစ်၏။
ယန်ယွင်ရန်နောက်လိုက်သွားသူများစွာရှိ၏။ သို့သော် ဝယ်ယူခြင်း မပြုသူတချို့လည်း ရှိနေ၏။
ကလေးတစ်ယောက်နှင့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဆိုင်တွင် မာလာထန်း ထိုင်စားနေရင်း ပြောလာလေ၏။
“ ဘာကို အထူးချွန်ဆုံးမိန်းကလေးလဲ။ အလိမ်အညာတွေချည်းပဲ။ သူစောနက ပြောတာ တောင်ဘက်လမ်းကဆိုင်က ဒီဆိုင်ထက် ဆယ်ဆပိုအရသာရှိတယ်တဲ့။ အတူတူပဲကို”
“ တစ်ဆိုင်တည်းဆိုမှတော့ ကွာရင်တောင် ဆယ်ဆတော့ ဖြစ်မနေဘူး။ ဒါက ဘာအထူးချွန်ဆုံးမိန်းကလေးလဲ”
အမျိုးသမီး ပြောပြီးသွားသည်နှင့် ဘေးရှိ ကလေးလေးက တွေဝေခြင်းမရှိဘဲ ပြောလာ၏။
“ အမေ၊ ဆရာက ပြောတယ်။ အလိမ်အညာမဟုတ်ဘဲ အမှန်တရားကို ပြောရမယ်တဲ့”
ယန်ယွင်ရန်၏ မျက်နှာမှာ ပို၍ပင် နီမြန်းသွားတော့သည်။ ယခု တောင်ဘက်လမ်းရှိဆိုင်က ဆုဝန် ပိုင်သည်ဆိုလျှင်တောင်မှ တောင်ဘက်လမ်းရှိဆိုင်က ပိုအရသာရှိကြောင်း သူ မရမက ပြောရတော့ချေမည်။ မဟုတ်ပါလျှင် ဤမျှလူအများကြီးရှေ့တွင် သူသည် မဟုတ်တမ်းတရား လျှောက်ပြောသူ ဖြစ်သွားတော့ပေမည်။
ယန်ယွင်ရန်က မရမကဆို၏။
“ တောင်ဘက်လမ်းဆိုင်က ပိုကောင်းတာ အသိသာကြီးပဲလေ။ မဟုတ်ရင် ကျွန်မက ဘာလို့ တောင်ဘက်လမ်းကို သွားနေတော့မှာလဲ”
တန်းစီနေသည့် အဘိုးအိုတစ်ယောက်က ဆို၏။
“ ကိစ္စမရှိဘူး။ မင်းတို့က ကပ်ပါးကောင်လို ရှင်သန်နေတဲ့သူတွေ။ အစားတလုတ်အတွက် တောင်မြောက်ပတ်ပြေးနေတယ်။ ဘာလို့လဲဆိုတော့ ဗိုက်ဝနေပြီး လုပ်စရာမရှိကြလို့လေ”
ဆုဝန်က ဧည့်သည်များကို ပြုံးပြလျက်ပြောလာ၏။
“ တောင်ဘက်လမ်းက ဟင်းရည်အချိုက အရသာရှိပါတယ်။ ဒီကဟာနဲ့ တစ်ထပ်တည်းတူတယ်။ ဒါပေမဲ့ အစပ်ကျတော့ တောင်ဘက်လမ်းကဟာက ဒီကဟာလောက် မစပ်ဘူး။ ပြီးတော့ အဲဒီမှာစားရင် အရံဟင်း အခမဲ့ ရတယ်။ တကယ်လို့ အချိန်ရပြီး တောင်ဘက်လမ်းဘက်ကို လမ်းကြုံတယ်ဆိုရင် တောင်ဘက်လမ်းကဆိုင်နဲ့ ဒီဆိုင်ရဲ့ ကွာခြားချက်ကို မြည်းစမ်းကြည့်လို့ရပါတယ်”
စောနကပြောလိုက်သည့် အဘိုးအိုက
“ ဟုတ်တယ်။ ဒီကလေးပြောတာ ဆီလျော်တယ်။ အချိန်ရရင် လမ်းကြုံဖြတ်သွားလိုက်ပေါ့။ မဟုတ်ရင် အလကားသက်သက် ပြေးလွှားနေရမှာ “
ဧည့်သည်အတော်များများက သဘောတူလေသည်။ ဆိုင်ထဲရောက်နေပြီဆိုမှတော့ ဤမုန့်စျေးတန်းဆိုင်ကိုပဲ အရင်စားကြည့်ရမည်ပင်။ သို့သော် သူတို့သည် တောင်ဘက်လမ်းက ဆိုင်အကြောင်း သိချင်နေကြ၏။ တစ်ရက်ရက်တော့ သွား၍ မြည်းစမ်းကြည့်ကြမည်ပင်။
တန်းစီနေကြသည့်ဧည့်သည်များရော ထိုင်နေကြသည့်ဧည့်သည်များပါ တီးတိုးပြောနေလျက်ရှိ၏။ အထူးချွန်ဆုံးမိန်းကလေး၏ စကားလုံးများသည်ကား ယခုမူ ချဲ့ကားထားခြင်း ဖြစ်သွားပြီး သူပြောသည်ကမှ အလေးအနက် ဖြစ်သွားလေ၏။
ဆုဝန်က ယင်းတို့ကို ကျိန်းသေပေါက်ကြားသည်ပင်။ ယန်ယွင်ရန်၏ အကြံအစည်မှာ ပျက်စီးသွားရချေပြီ။
ဆုဝန်က ယန်ယွင်ရန်ကို ပြုံးပြ၍
“ ကျွန်မက မိန်းကလေးယွင်ရန့်ကို ကျေးဇူးတင်ရမှာပဲ။ အားလုံးက တောင်ဘက်လမ်းဆိုင်ကို သွားပြီး မြည်းစမ်းချင်နေကြပြီ။ ရှင်က ကျွန်မကို အများကြီးကူညီပေးခဲ့တာပဲ”
ယန်ယွင်ရန်က အသက်အောင့်ထားလိုက်မိ၏။ သို့သော် သူ မည်သို့များ အလွတ်ပေးနိုင်ပါအံ့။
‘ဘာလဲဟ။ ငါ ငယ်ငယ်လေးကတည်းက တစ်ခါမှ ဒီလိုအရှက်မရဖူးဘူး’
ယန်ယွင်ရန်က စိတ်ထဲမှ မကျေမချမ်းဖြစ်မှုများကို ဖိနှိပ်ထားလိုက်၏။ ထို့နောက် ဆုဝန်ကို ပြောလာ၏။
“ တို့ကတော့ တောင်ဘက်လမ်းက ဆိုင်ကိုပဲ ပိုကြိုက်တယ်”
‘ ဒါက ငါအစကတည်းက ပြောလာတဲ့စကားပဲ။ ဘာပဲဖြစ်ဖြစ် ရမယ်။ ငါ့စကားကို ပြန်ရုပ်သိမ်းလိုက်ရင် ပိုပြီး အရှက်ကွဲသွားမယ်’
ယန်ယွင်ရန် အရှက်ရသွားသော်လည်း ယင်းသည် သူ့နောက်လိုက်သူများအပေါ် သက်ရောက်မှုမရှိချေ။ ထိုအထဲမှ လုလင်ပျိုတစ်ဦးက ဆို၏။
“ မိန်းကလေးယွင်ရန် ကောင်းတယ်လို့ ပြောတဲ့နေရာက ကောင်းတာပဲ။ မိန်းကလေးယွင်ရန် သွားစားတဲ့နေရာမှာ ကျွန်တော်တို့ လိုက်စားမယ်”
တခြားတစ်ယောက်က ဆို၏။
“ ကျွန်တော့်မှာ မိန်းကလေးယွင်ရန်နဲ့ ဆွေးနွေးချင်မိတဲ့ ကဗျာတချို့ရှိတယ်ဗျ။ အဲဒါကြောင့် ကျွန်တော်ကတော့ မိန်းကလေးယွင်ရန်နဲ့အတူ တောင်ဘက်လမ်းကဆိုင်ကို သွားစားမယ်။ ဘာပဲဖြစ်ဖြစ် အရသာက အတူတူချည်းပဲကို။ ဘယ်ဆိုင်မှာစားစား ကိစ္စမရှိပါဘူး”
ယန်ယွင်ရန် - “.......”
အနှီလူများသည် သူ့ကို ချီးမွမ်းနေကြခြင်းမဟုတ်။ သူ့မျက်နှာကို ဖြတ်ရိုက်နေကြခြင်းသာ ဖြစ်၏။ တောင်ဘက်လမ်းကဆိုင်က ပိုအရသာရှိသည်ဟု သူအတိအလင်း ပြောခဲ့သည်။ ထိုသူက အရသာအတူတူပဲဟု ပြောနေ၏။
ယန်ယွင်ရန်သည် ထိုအရသာအတူတူပဲဟု ပြောသည့်သူကို မျက်လုံးလှိမ့်ကြည့်လိုက်မိ၏။ သို့တိုင် သူက ထိုသူကို နူးနူးညံ့ညံ့ ပြုံးပြနေဆဲပင်။ ယခု လူတိုင်းက သူ့အကြောင်းပြောနေကြပြီး သူ့နောက် လိုက်နေကြသေးသည့် ထိုသူများကသာလျှင် သူ၏ ချင်းယွင်ကောင်တီနံပါတ်တစ် အထူးချွန်ဆုံးမိန်းကလေး ဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်ပြီး အရှက်မကွဲအောင် ကာကွယ်ပေးနိုင်ခြင်း ဖြစ်၏။
ယန်ယွင်ရန်က ထိုအမျိုးသားများဘက်သို့ လှည့်၍ ပြောလိုက်၏။
“ ဒီက သခင်လေးတို့၊ တောင်ဘက်လမ်းမှာရှိတဲ့ဆိုင်ကို အတူသွားကြရအောင်”
ယနေ့ကာလ လောကကြီးမှ စည်းမျဥ်းများမှာ သိပ်မတင်းကြပ်လှပေ။ ယောက်ျားနှင့်မိန်းမ တွဲ၍သွားနိုင်၏။ တခြားယောက်ျား၊မိန်းမများစွာလည်း ပါသေးရာ ယန်ယွင်ရန်၏ ဖိတ်ကြားချက်မှာ သာမန်ထက်မပိုချေ။
ယန်ယွင်ရန်က ဖိတ်ခေါ်စကား ဆိုလာပြီဖြစ်ရာ လုလင်ပျိုများသည် အဖွဲ့မှထွက်လာပြီး တောင်ဘက်လမ်းဆီ ဦးဆောင်ခေါ်ယူသွားသော ယန်ယွင်ရန်နောက် လိုက်လာကြလေ၏။
ထိုအချိန်၌ ဆုဝန်သည် ဆိုင်ရှေ့၌ ရှန်ရှီး ပေါ်လာသည်ကို မြင်လိုက်၏။ ရှန်ရှီးသည် ဘယ်ဦးထုပ်ဆောင်း၍ ပဝါအုပ်ထားသူက ဆုဝန်ဖြစ်မည်နည်းဟု အသည်းအသန် ခွဲခြားဖော်ထုတ်လျက် ရှိ၏။
ဧည့်သည်များ ခြားနေရာ ရှန်ရှီးနှင့် အနည်းငယ်ဝေးနေလေ၏။ ဆုဝန်ကို အော်ခေါ်လိုက်ရန်မှာလည်း မသင့်တော်ချေ။ လူအုပ်ကြီးကို ဖြတ်လျှောက်ဖို့ရန်မှာလည်း မလွယ်လှ။ ဆုဝန်က ရှန်ရှီးကို လက်ယမ်းပြလိုက်သည်။ သို့သော် ရှန်ရှီး၏မျက်လုံးများက တွေဝေနေဆဲဖြစ်ကြောင်း မြင်လိုက်ရ၏။
သို့ဖြစ်ရာ ဆုဝန်သည် ခေါင်းဆောင်းပဝါကိုချွတ်၍ လက်ယမ်းပြလိုက်ရ၏။ ထိုမှသာ ရှန်ရှီးက ဆုဝန်ကို မှတ်မိသွားတော့သည်။
ဆုဝန် ချွတ်လိုက်သည့်ခဏဝယ် ယန်ယွင်ရန်နောက် လိုက်ကြတော့မည့် လုလင်ပျိုများက လှည့်ကြည့်လိုက်မိသော် နတ်မိမယ်အသွင် မျက်နှာတစ်ခုကို မြင်လိုက်ရလေ၏။ လုလင်ပျိုများမှာ ကြက်သေသေသွားကြတော့သည်။
...