အခန်း (၆၈)
Vol. 4 Ch. 68
အခန်း (၆၈)
မာလာထန်းဆိုင်ပိုင်ရှင်၏ အသံသည် သာယာနာပျော်ဖွယ် ရှိပါသော်ငြား သူမသည် သူမခေါင်းနှင့် မျက်နှာကို တစ်ချိန်လုံး ဖုံးထားတတ်သည်။ ထို့ကြောင့် သူမသည် ပန်းလေးတစ်ပွင့်သဖွယ်လှပသည့် မိန်းမလှလေးတစ်ဦး မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပါချေ။
လုလင်ပျိုတစ်ဦးသည် သွားနေရာမှ ရပ်လိုက်သောကြောင့် ကျန်သော လူငယ်များသည် နောက်ပြန်လှည့်ကာ သူ့ကို ခေါ်ကြလေသည်။
“မြန်မြန်လာစမ်းပါကွ။ မိန်းကလေးယန်ဆီ သွားကြရအောင်”
ထိုသို့ပြောပြီး နောက်သို့ ပြန်လှည့်လိုက်ချိန်တွင် သူတို့အားလုံးသည် အံ့သြမှင်တက်၍ သွားကြ၏။ မည်မျှလှလိုက်သည့် မျက်နှာနည်း။ အသားအရေသည် နို့နှစ်ရောင်ကဲ့သို့ ဝါဝင်း၍နေသည်။ မျက်နှာသည်ကား ဆောင်းဦးည၏ လပြည့်ဝန်းကြီးနှယ်၊ မျက်လုံးများမှာလဲ ကြယ်များကဲ့သို့ တောက်ပနေပြီး၊ နှုတ်ခမ်းဖျားလေးများသည် ချယ်ရီသီးကဲ့သို့ နီရဲ၍နေသည်။ သူမ၏ အလှအပကို တစ်ကမ္ဘာလုံးမှ မိန်းမလှလေးများ၏ အလှအပများအားလုံးကို စုစည်း၍ ပြောပြလျှင်တောင် အပိုပြောတာ ဖြစ်မည် မဟုတ်ပါချေ။ ကြောင်ပြီးရပ်နေသော လုလင်ပျိုကို နောက်လှည့်ခေါ်သော လူငယ်လေးသည် သူ့နံဘေးမှ ကျန်လူများကို ပြောလိုက်သည်။
“မင်းတို့ဘာသာပဲ သွားကြ၊ ငါတော့ မသွားတော့ဘူး။ ငါဒီမှာပဲ စားတော့မယ်။ ဒီဆိုင်က တော်တော် အရသာရှိမယ်လို့ ငါထင်တယ်”
ဆုဝန်၏ မျက်နှာကိုကြည့်ပြီး လူငယ်လေး၏ စကားကို ကြားလိုက်ရသောအခါ အားလုံးက ပြောလိုက်ကြသည်။ “ငါလဲ မသွားတော့ဘူး၊ ဘာလို့ အဝေးကြီးကို သွားနေမှာလဲ”
“ဟုတ်တယ်၊ နီးနီးနားနားမှာပဲ စားကြရအောင်”
တစ်စုံတစ်ဦးက ယန်ယွင်ရန်ကို ပြော၏။ “မိန်းကလေးယန် ကျွန်တော် တကယ့်ကို ဗိုက်ဆာနေပြီ။ တောင်ဘက်လမ်းကိုပဲ သွားကြရအောင်လေ”
နောက်တစ်ယောက်ကလဲ ထပ်မံကာ ထောက်ခံသည်။ “ကျွန်တော်လဲ တော်တော့်ကို ဗိုက်ဆာနေပြီ၊ ဒီကနေ မြန်မြန်သွားသင့်တယ်နော်။ မဟုတ်လို့ရှိရင် တောင်ဘက်လမ်းဆိုင်မှာ တန်းစီပြီး စောင့်နေရရင် စားဖို့လွယ်မှာ မဟုတ်ဘူး”
ယန်ယွင်ရန်၏ မှာယူမှုသည် ပထုတ်ခြင်းခံလိုက်ရသည်။ ယန်ယွင်ရန်သည် တစ်စုံတစ်ဦးက သူမ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပါပေ။ လေထဲတွင် ပျံ့နှံ့နေသော မီးခိုးများသဖွယ် လူများက သူ့ကိုတောင်းဆိုနေသည်မှာ ဘိုးဘေးစဥ်ဆက်ကဲ့သို့ပင် ဖြစ်နေကျဖြစ်သည်။
ယန်ယွင်ရန်သည် ဤသည်မှာ အမှန်တကယ် ဖြစ်နေသည်ဟု ယုံပင်မယုံနိုင်သောကြောင့် မမျှော်လင့်ဘဲ ပြောလိုက်မိသည်။ “တောင်ဘက်လမ်းစားသောက်ဆိုင်ကို အတူတူ သွားချင်တဲ့သူ…ရှိလား”
လူအများသည် တစ်ယောက်ပြီးတစ်ယောက် သူတို့လက်များကို မြှောက်ပြလိုက်ကြသည်။ သူတို့သည် ဝေးလံသော နေရာသို့ မသွားလိုကြပေ။
အစိမ်းရောင်ဝတ်ဆင်ထားသော မိန်းကလေးသည် မကျေနပ်စွာ ပြောလိုက်၏။ “ရှင်တို့တွေ အဝေးကြီး မသွားချင်ကြဘူးဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ရှင်တို့ အဝေးကြီးသွားရရင်တောင် လှတဲ့ မာလာထန်းဆိုင်ကို တွေ့ရတော့ တန်ပါတယ်”
အဝါရောင်နှင့် ကောင်မလေးကလဲ ဝင်၍နှောက်သည်။ “ကျွန်မလေ တစ်ကမ္ဘာလုံးကိုတော့ မရောက်ဖူးပေမဲ့ အဲ့ဆိုင်ပိုင်ရှင်ရဲ့ ကတုံးဆံတောက်မျက်နှာကို တွေ့လိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် နတ်သမီးလို့တောင် ခံစားလိုက်ရတယ်”
ထိုအခါ အစိမ်းပုပ်ရောင် ပန်းထိုးဖဲပြားဝတ်ထားသော အမျိုးသားက ဝင်ပြော၏။
“မျက်လုံးကြီးဖွင့်ရက်နဲ့ မင်းတို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေကြတာပဲ။ ဘာကို မျက်နှာပြားပြား ခေါင်းပြားပြားလဲ။ အဲ့ဆိုင်ပိုင်ရှင်က တကယ့်ကို နတ်သမီးလေးတမျှ လှတာ။ မင်းက လှပပြီး ကြည့်ကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ မင်းတို့ဘယ်ပဲသွားသွား ခြွေရံပေါင်းသင်း ဘယ်လောက်များများ ခုလို သိမ်ငယ်စိတ် ရှိနေမယ်ဆိုရင် မင်းတို့အတွက် တကယ့်ကို အရှက်ရစရာပဲ” ထိုလူနှင့် ဆက်၍ငြင်းခုံချင်နေသော်လည်း လမ်းလယ်၌ ရန်ဖြစ် ငြင်းခုံခြင်းသည် အရှက်ရစရာပိုကောင်းသည်ဟု ထင်သောကြောင့် သူမတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ဒေါသကို မျိုသိပ်ကာ တောင်ဘက်လမ်းသို့ ဦးတည်ကာ သွားခဲ့ကြပါပေတော့သည်။
ဆုဝန်သည် ရှန်ရှီးရောက်လာလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ပါချေ၊ ရှန်ရှီး ရောက်လာသည်ကို မြင်သောအခါ ဆုဝန်သည် ရှန်ရှီးဆီသို့ အမြန်သွားကာ ကူတွဲပေးပြီး “အဒေါ်ရယ် ဘာလို့ဒီထိ ရောက်လာတာလဲ” ဟု မေးလိုက်သည်။ ရှန်ရှီးကပြုံးပြီး “သမီးလေးရဲ့ စီးပွားရေး အဆင်ပြေနေတယ်ဆိုတာ သိရကတည်းက ဒေါ်ဒေါ်ကအမြဲလာချင်နေခဲ့တာ။ ဒီနေ့တော့ ယန်မိသားစုရဲ့ ဒုတိယသားက မြို့ထဲသွားဖို့ လှည်းငှားလာတယ်လေ။ သူ အဒေါ်တို့အိမ်ရှေ့က ဖြတ်သွားတော့ အဒေါ့်ကို လိုက်မလားလို့ မေးတယ်လေ။ ဒေါ်ဒေါ့်ကျန်းမာရေးကလဲ တော်တော်လေး ကောင်းလာပြီဆိုတာနဲ့ လာပြီးကြည့်ချင်တော့ လိုက်လာခဲ့လိုက်တာ” ဟု ပြော၏။
“ဟင် ဒါဆို အစ်ကိုယန်နဲ့ ကျန်တဲ့သူတွေကော” ဆုဝန်က မေးသည်။
ရှန်ရှီးသည် လမ်းဝင်ပေါက်ကို ညွှန်ပြကာ ပြောသည်။ “အဲဒါက လမ်းဝင်ပေါက် မဟုတ်လား။ သူတို့ကို သပ်သပ်ဒီနေရာထိ မပို့ခိုင်းလိုက်တာ။ ဒေါ်ဒေါ့်ဘာသာ ဒီနေရာအထိ လျှောက်လာနိုင်မလားဆိုတာ သိချင်လို့လေ”
ဆုဝန်သည် ယန်မိသားစု ဒုတိယသားရှိရာသို့လှည့်ကြည့်ကာ လက်ကို ဝှေ့ယမ်းပြသောအခါ ယန်က သူ့လက်ကိုပြန် ဝှေ့ယမ်းပြပြီး လှမ်းအော်လိုက်သည်။ “အစ်ကိုတို့ ဒီစျေးတန်းထဲကို အစားအသောက်တွေ ပို့ရဦးမှာမို့လို့ စကားအများကြီးတော့ မပြောတော့ဘူးနော် အရင်သွားလိုက်ဦးမယ်” ဆုဝန်သည် အဝေးမှသာ ယန်လျိုအာကို လှမ်းနှုတ်ဆက်လိုက်ရလေသည်။
ရှန်ရှီးသည် ဆိုင်ကို ဝေ့ပတ်ကြည့်လိုက်ပြီး လူအများကြီးတန်းစီနေကြသည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည်။
“သမီးရဲ့ဆိုင်လေးက တကယ့်ကို တော်တော် စီးပွားဖြစ်တာပဲ။ အမေ့သားရှန်လင်းလေးဟာလေ အရင်ဘဝက ဘယ်လိုကောင်းမှုတွေများ လုပ်ခဲ့လဲမသိပါဘူး၊ ခုသမီးလေးလို လုပ်နိုင်စွမ်းရှိတဲ့ မိန်းကလေးနဲ့ တွေ့ရတယ်လေ။ ခုချိန်မှာတော့ ရှန်လင်းလေးက သမီးလေးအတွက် လုံလုံလောက်လောက် ကောင်းတဲ့ရွေးချယ်မှု မဟုတ်ဘူးပေါ့ကွယ်” ရှန်ရှီးသည် ဘာမှ မတတ်နိုင်သည့်ဟန် သက်ပြင်းမှုတ်ထုတ်လိုက်သည်။
ဆုဝန်က ပြုံးပြီးပြော၏။ “ဒေါ်ဒေါ်ရယ် ဘာတွေ ပြောနေတာလဲ။ အစ်ကိုရှန်လင်းကလေ ကျောင်းကို ပြန်သွားပြီး ပညာကို ပြန်သင်ဖို့ စီစဥ်ထားပြီးသားပါ။ သူ့ဉာဏ်ရည်နဲ့ ဆိုရင်လေ အနာဂတ်မှာ ကျိန်းသေပေါက်ကို ပညာသင်အဖြစ် ရွေးချယ်ခံရမှာ။ သမီးအဲ့အချိန်ကို စောင့်နေမှာပါ။ အဲ့အချိန်မှသာ တစ်မျိုးမဖြစ်ရဘူးနော်”
ရှန်ရှီးသည် ဆုဝန်၏ လက်ကိုကိုင်ကာ ပြောလိုက်သည်။
“ဒေါ်ဒေါ်စိတ်ချမ်းသာအောင်ပြောပေးတယ်ဆိုတာ သိပါတယ် သမီးလေးရယ်။ သိပေမဲ့လဲ စိတ်ထဲမယ် အပြစ်ရှိသလို ခံစားနေရတယ်”
သူတို့အနောက်မှ အမျိုးသားများအားလုံးသည် ဆုဝန်ဆီ၌သာ အာရုံရောက်နေကြသည်။ သူတို့သည် ရှန်ရှီးလာသည်ကို မြင်သောအခါ ဆုဝန်၏ မိခင်ဖြစ်သူဟု ထင်ကြသောကြောင့် အပြုအမူကောင်းကို ပြရန် ကြိုးစားနေကြ၏။ သို့သော် သူတို့နှစ်ဦး ပြောနေကြသည့် စကားများကို ကြားသောအခါ သူတို့အတွေးများ လွင့်ပြယ်သွားကြလေတောသည်။ ဤမိန်းမပျိုလေးသည် စေ့စပ်ပြီးသူတစ်ဦး ဖြစ်သည်။ ယခုလာသော အမျိုးသမီးကြီးသည် သူမ၏ ယောက္ခမလောင်းဖြစ်သည်ဟု သိလိုက်ကြသောအခါ လူတိုင်းသည် မပျော်မရွှင်ဖြစ်သွားကြပေသည်။
အမျိုးသမီးရှန်သည် ယခုနှစ်များတွင် အိမ်ထဲ၌ တစ်ယောက်တည်းနေပြီး ပျင်းနေမည်ကို ဆုဝန်သိသည်။ သူမသည် သမားတော်ပြချိန်မှလွဲ၍ ကျန်သောအချိန်များတွင် တစ်ခါမှ အပြင်သို့ မထွက်ဖူးပါချေ။ ယခုအခါ အမျိုးသမီးရှန်ထွက်လာသောအခါ ဆုဝန်သည် ဆိုင်ခန်းအများအပြားကို လိုက်ပြရန် ပြင်ဆင်လိုက်သည်။ သူမသည် ကြာရှည်ထိုင်နိုင်သော ထမ်းစင်တစ်ခုကို ငှားကာ အမျိုးသမီးရှန်အား ချင်းယွင်ကောင်တီကို လျှောက်ပတ်ကြည့်ရန် ပြော၏။ ထို့ကြောင့် ဆုဝန်သည် သူမခေါင်းပေါ်မှ ခေါင်းပေါင်းကို ချွတ်လိုက်ကာ ရှန်ရှီးကို ကူညီပေးရန် ရှန်ယာယာ့ကိုပါခေါ်ပြီး ထွက်လာခဲ့ကြတော့လေသည်။
ယခုအခါ သူတို့ ယန်ယွင်ရန့်အနားမှ ဖြတ်ရသော် ယန်ယွင်ရန်၏ အနောက်မှ လူငယ်ကလေးများသည် ဆုဝန်ကို သူတို့ဘာမှ မတတ်နိုင်တော့သည့် အကြည့်ဖြင့် ငေးမောကြည့်နေကြပေ၏။
ဆုဝန်သည် ယခုအခါမှ ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားတော့သည်။ ယန်ယွင်ရန်သည် သူမ၏ အလှအပကို အသုံးချကာ တောင်ဘက်လမ်းဆိုင်သို့ လူအများကြီးကို ခေါ်လာပြီး သူမ ပြောသည့်အတိုင်း တောင်ဘက်ဆိုင်သည် ပို၍အရသာရှိသည်ဆိုသည့်အချက်ကို သက်သေပြနိုင်ရန် လုပ်နေခြင်းဖြစ်ပေသည်။
သို့သော် သူမ၏ မျက်နှာဖုံးကာကို ချွတ်လိုက်သောအခါ လူငယ်အချို့သည် နေခဲ့ကြခြင်းပင် ဖြစ်ပေသည်။
ဆုဝန်သည် ထိုသို့သော အကြောင်းပြချက်ကြောင့် သူတို့နေခဲ့သည်ကို မလိုချင်ပေ။ သူမအဖို့တော့ စားသုံးသူများသည် တောင်ဘက်လမ်းဆိုင်ကိုသွားသွား၊ စျေးတန်းလမ်းဆိုင်ကိုသွားသွား ဘာမှ ထူးမခြားပေ။ နှစ်ဆိုင်လုံးသည် သူမဆိုင်သာဖြစ်သည်။ သူတို့ ဘယ်ဆိုင်သွားစားစား သူမအကျိုးအမြတ်ရမည်သာ ဖြစ်သည်။
ယန်ယွင်ရန်နှင့် မိန်းမပျိုအချို့သည် တောင်ဘက်လမ်းဆိုင်သို့ ဦးတည်ကာ အတူတကွ လာနေကြ၏။
“တောင်ဘက်လမ်းက စားသောက်ဆိုင်က ပိုကောင်းပေမဲ့ ဒီလူတွေက ဘယ်ကို သွားရမယ် မသိဘူး ဆိုလို့လေ” အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးသည် ယန်ယွင်ရန်၏ အရှက်ရဖွယ် မကောင်းသောပြောစကားများကို ပြန်လည်ဖြေရှင်းရန် အကောင်းဆုံး ကာ၍ ပြောပေးလိုက်သည်။
“ဟုတ်တယ်၊ တောင်ဘက်လမ်းကို သွားရအောင်” အဝါရောင်ဝတ်စုံနှင့် မိန်းကလေးက ဝင်ပြောသည်။
သို့သော် ယန်ယွင်ရန်သည် သူမ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး
“ဘာလို့မင်းတို့ကတောင်ဘက်လမ်းကို သွားချင်နေကြတာလဲ။ ကြည့်ပါဦး။ တောင်ဘက်လမ်းနဲ့ ဒီမုန့်စျေးတန်းလမ်းဟာ အတူတူပဲ မဟုတ်ဘူးလား” ယန်ယွင်ရန်သည် ထိုသို့ပြောပြီးနောက် နှစ်ဆိုင်လုံးက အရသာရှိတယ်ဟု တွေးကာ ဟိုဘက်ဘေးမှ လက်ဖက်ရည်ဆိုင်သို့ ဝင်သွားသည်။ ဆုဝန်၏ ဆိုင် ဖြစ်နေသောကြောင့် ယန်ယွင်ရန်သည် ရင်ဘတ်တစ်ခုလုံး ပြည့်ကြပ်လာကာ အသက်ရှုမဝသလို ခံစားနေရ၏။ ထို့ပြင် ဆုဝန်၏ မျက်နှာကို မြင်လိုက်ရသောအခါ ထိုလူများသည် တောင်ဘက်ကို သွားနေကြရာမှ ခြေလှမ်းများက ရပ်တန့်သွားလေ၏။ ဤသည်မှာ သူတို့သည် ဆုဝန်လောက်ပင် မလှဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။
ယန်ယွင်ရန်၏ အနောက်မှ မိန်းကလေးများသည်လည်း လက်ဖက်ရည်ဆိုင်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် လိုက်ဝင်သွားကြသည်။ သူတို့ထဲတွင် ယန်ယွင်ရန်သည် အဓိကဇာတ်ဆောင်တစ်ဦး ဖြစ်နေမည်မှာ သံသယဝင်ဖွယ်ပင် မရှိချေ။ ယန်ယွင်ရန်သည် ချင်းယွင်ကောင်တီတွင် အရည်အချင်းအရှိဆုံး အမျိုးသမီးဖြစ်သည် ဟူသည့် ဂုဏ်ပုဒ်အပြင် အခြား အရေးကြီးသည့် အချက်လဲရှိသေးသည်။ ဤသည်မှာ ယန်ယွင်ရန်၏ ဖခင်သည် ဆောင်းရှန်းအကယ်ဒမီ၏ ကျောင်းအုပ် ဖြစ်နေခြင်းပင်။ ထို့ကြောင့် ချင်းယွင်ကောင်တီမှ ယန်ယွင်ရန့်အဖေ၏ ကျောင်းသားများသည် ကျော်ကြားလိုသူများသာ ဖြစ်ကြသည်။ ယန်ယွင်ရန်၏ အဆက်အသွယ်ကို အသုံးပြုရပါလျှင် ယန်ယွင်ရန့်အဖေသည် ထိုလှပသော သမီးလေးကြောင့် ကျောင်းသားများကပါ ကတိကဝတ် ပြုထားကြခြင်း ဖြစ်ပါပေမည်။
ယနေ့ခေတ်ကဲ့သို့ အရာရာနိမ့်ပါနေသော ခေတ်တွင် ပညာမြင့်မြင့်မားမားသင်ယူ၍ ပညာသင်ကို လက်ဆက်နိုင်မှသာလျှင် ထိုကဲ့သို့ မြင့်မားသော ဂုဏ်ပုဒ်ကို ရနိုင်မည်ဖြစ်သည်။ သေးငယ်သော မိသားစုကလေးကပင် ဖမ်းဆုပ်နိုင်သည့် ကြီးမားလှသော မဟာ အခွင့်အရေးကြီး ဖြစ်ပေ၏။
ယန်ယွင်ရန်သည် အနာဂတ်တွင် ဝမ်လော့ရှန်းးကို လက်ထပ်နိုင်ရန် ၁၀၀% အခွင့်အရေး ရှိပေ၏။ ဝမ်လော့ရှန်းသည် ချင်းယွင်ကောင်တီတွင် အသက်ငယ်ငယ်နှင့် ပညာသင်အဖြစ် သတ်မှတ်ခြင်း ခံရသူများထဲမှ တစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် သူမသည် တောက်ပသော အနာဂတ် ရှိပါပေ၏။ ယန်ယွင်ရန်သည် အနာဂတ်တွင် ဝမ်လော့ရှန်း၏ တရားဝင် ဇနီးမယား ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် သူမသည် လက်မထပ်ရသေးသော်ငြား အနာဂတ်အတွက် တရားဝင် ဇနီးမယားများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားဖို့ လိုအပ်ပေသည်။
ထို့ကြောင့် ရက်သတ္တပတ်များတွင် လူအများသည် ယန်ယွင်ရန်၏ ဦးဆောင်မှုနောက်သို့ လိုက်ကြပေ၏။
လက်ဖက်ရည်ဆိုင်တွင် ထိုင်သောအခါ အဝါရောင်ဝတ်စုံနှင့် မိန်းကလေးသည် ခပ်မြန်မြန်ပင် ယန်ယွင်ရန်အား လက်ဖက်ရည်ကြမ်း ငှဲ့ထည့်ပေးလိုက်သည်။ “စိတ်မဆိုးပါနဲ့ ယွင်ရန်ရယ်။ သူတို့အားလုံးက သာမန် လူတွေပါပဲ။ သူတို့က နင်ပြောတာကို နားမလည်ဘူးဆိုတာလဲ သာမန်ပဲလေ။ နင်က ဟောဒီ ချင်းယွင်ကောင်တီတစ်ခုလုံးမှာ အရည်အချင်းအရှိဆုံး အမျိုးသမီးပဲလေ။ သူတို့လို လူမျိုးတွေအတွက် စိတ်ဆိုးနေစရာ မလိုပါဘူး”
အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးကလဲ ဝင်ပြောသည်။ “အဲ့မာလာထန်း ရောင်းတဲ့သူက သူ့ဘာသာ ကြည့်ကောင်းနေလဲ နောက်ဆုံးမှာတော့ မာလာထန်းရောင်းနေရတဲ့ စျေးသည်အဆင့်သာသာပါပဲ။ သူမက မိသားစု သေးသေးလေးကလာတာဖြစ်ပြီး ပညာလဲ မတတ်ဘူး။ ခုကစပြီး သူကလဲ သူနဲ့ အဆင့်အတန်းတူတဲ့ စေျးသည်နဲ့ လက်ထပ်ရမှာပဲ။ နင်ကတော့ ပညာသင်ရဲ့ တရားဝင်ဇနီးမယား ဖြစ်မဲ့သူလေ။ နင့်ရဲ့အလှကို ဘယ်သူက ယှဥ်ပြိုင်နိုင်ပါ့မလဲ”
ယန်ယွင်ရန်သည် သူမ၏ မျက်လုံးကို အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးဆီ ဝေ့ကြည့်ကာ ပြောလိုက်သည်။
“နင်က ငါ့ကို အဲ့မာလာထန်းစျေးသည်နဲ့ တစ်တန်းတည်း ထားလိုက်တာပေါ့လေ။ ဟုတ်လား”
အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် သူမလက်ကို အသည်းအသန်ကာပြကာ “မဟုတ်ဘူး။ မဟုတ်ရပါဘူး ယွင်ရန်ရယ်၊ ငါပြောချင်တာက ဒီလို သေးငယ်တဲ့ လူတစ်ယောက်အတွက်နဲ့ နင်ဒေါသထွက်နေစရာ မလိုဘူးလို့ ပြောချင်တာပါ”
ယန်ယွင်ရန့်အား ယပ်ခပ်ပေးလိုက်ကြပြီး “ယွင်ရန် မကြာခင် ပညာသင်ရွေးချယ်ပွဲကျင်းပတော့မယ်၊ ဝမ်လော့ရှန်းက အဲ့အချိန်ကျရင် ပညာသင်အဆင့်မြင့်ကျောင်းသားဖြစ်လာမှာပဲ။ အဲ့အချိန်ရောက်ရင် သူက ကျိန်းသေပေါက် နင့်ဆီလာပြီး စေ့စပ်ကြောင်းလမ်းမှာပဲ။ ဘယ်လောက်လှလိုက်တဲ့ အနာဂတ်လမ်းလေးလဲ။ စိတ်ကူးကြည့်စမ်းပါဟယ်။ ငါတောင်မနာလို ဖြစ်ချင်လာပြီ”
ဝမ်လော့ရှန်းအကြောင်းကို စဥ်းစားလိုက်သောအခါ ယန်ယွင်ရန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမသည် ချင်းယွင်ကောင်တီတွင် နံပါတ်တစ် အရည်အချင်းအရှိဆုံး အမျိုးသမီး ဖြစ်သည်။ ထို့ကြောင့် သူမသည် ချင်းယွင်ကောင်တီတွင် နံပါတ်တစ် ပညာသင်ကျောင်းသားဖြစ်သည့် ဝမ်လော့ရှန်းနှင့်သာ လိုက်ဖက်ပေသည်။ ထိုမတိုင်ခင်ကတည်းက သူမ၏ အဖေသည် ဆောင်းရှန်းအကယ်ဒမီ၏ ကျောင်းသားများအနက် ဝမ်လော့ရှန်းသည် စာမေးပွဲကို အောင်မြင်နိုင်ချေအရှိဆုံးဖြစ်သည်ဟု မကြာခဏ ပြောပြလေ့ရှိသည်။ ယခုနှစ် ပညာသင်ကျောင်းသား ဝင်ခွင့်စာမေးပွဲဖြေရသောအခါ ဝမ်လော့ရှန်းသည် စောစောစီးစီးအောင်မြင်နိုင်ပေသည်။ မကြာသေးမီအချိန်ကပင် ဝမ်လော့ရှန်းသည် အချိန်တိုအတွင်း သူမအား လာရောက် စေ့စပ်ကြောင်းလမ်းပါမည်ဟု ပြောခဲ့ပြီးဖြစ်ပေ၏။
ဆုဝန်၏ စီးပွားရေးတဲ့လား။ တကယ်တော့ ဆုဝန်၏ စီးပွားရေးသည် စီးပွားရေးအသေးစားလေးတစ်ခု သာသာပင် ဖြစ်သည်။ အစ်ကိုလော့ရှန်းကပြောဖူးသည်။ လက်ထပ်ပြီးလျှင် သူ့အိမ်က စီးပွားရေးတစ်ခုလုံးကို သူက ဦးဆောင်မှာ ဖြစ်သည်။
ဆုဝန်၏ ဆိုင်သည် ဆိုင်သေးလေးသာသာ သာ ဖြစ်သည်။ သို့သော် သူမတို့သည် သီးနှံကြိတ်စက်ကြီးတစ်ခုလုံးကို စီမံခန့်ခွဲရမှာ ဖြစ်၏။ ဆုဝန်ထက် အဆဆယ်ချီ၍ပင် သာလွန်ပေသည်။
ယန်ယွင်ရန်သည် ထိုသို့တွေးနေရင်းမှ ရုတ်တရက် သူမကိုယ်သူမ ဆုဝန်နှင့် သတိမထားဘဲ ယှဉ်နေမိမှန်း သတိရသွားသည်။ ဘာယှဉ်နေစရာ လိုပါသနည်း။ သူမ၏ မိသားစုနောက်ခံ၊ ရုပ်ရည်သွင်ပြင်၊ အသိပညာ ဗဟုသုတနှင့် စွမ်းရည်၊ အနာဂတ်တွင် လက်ထပ်မည့်ယောကျ်ား၊ ထို့ပြင် အနာဂတ်တွင် နေရမည့် သူမ၏ ဘဝ အရာရာတွင် ယှဉ်ပြိုင်သာလွန်နေနိုင်သည်။ ဆုဝန်ထက် အဆရာချီပို၍ သာလွန်သည်။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကို သူမနှင့် နှိုင်းယှဉ်နေရမည်နည်း။
ယန်ယွင်ရန်သည် လက်ဖက်ရည်ကို တစ်ငုံမျှသောက်လိုက်ကာ ဖိအားများက်ု လျှော့ချလိုက်သည်။ ထို့နောက် သူမကို ဝိုင်းအုံကြည့်နေကြသော ဘေးပတ်လည်မှ မိန်းကလေးများကို ပြောလိုက်သည်။
"စာမေးပွဲက မကြာခင်မှာပဲ။ ပြီးတော့ ရလဒ်ထွက်လာရင် ငါ ငါ့အဖေကို စာမေးပွဲမှာ အမှတ်ေကာင်းကောင်းနဲ့အောင်မြင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ နင်တို့တွေကို မိတ်ဆက်ပေးဖို့ ပြောပေးမယ်။ ဒါပေမဲ့ နင်တို့ဆီက လိုချင်တာလဲ ရှိတယ်" "နင်တို့တွေ ပိတ်ရက်တွေမှာ ပိုကောင်းကောင်း ပြုမူရမယ်။ ပြီးတော့ ဆိုးရွားတဲ့ကိစ္စမှန်သမျှ မလုပ်ရဘူး။ အဲ့အချိန်ကျရင် ငါ့အဖေက ထောက်ခံပေးတဲ့သူ ဖြစ်နေပါစေ။ စာမေးပွဲအောင်မြင်ခဲ့တဲ့ ယောက်ျားပျိုတိုင်းဟာ နင်တို့ကို ကျိန်းသေပေါက် ပိုကြည့်ကြမှာပဲ"
မိန်းကလေးများသည် တစ်ယောက်နှင့်တစ်ယောက် ယန်ယွင်ရန်က အလွန်ကြင်နာတတ်သည်ဟု ပြောနေကြ၏။
.....
ရှန်လင်းသည်မူ ယနေ့ မာလာထန်းဆိုင်ကို မသွားပေ။ ဆုဝန်က သူ့ကိုကျောင်းသို့ပြန်သွားကာ စာသာပြန်လေ့လာရန်ပြောသည်။ ထို့ကြောင့် ရှန်လင်းသည် ဖောင်တိန်၊ မင်၊ စာရွက်နှင့် မင်သွေးကျောက်တို့အပြင် ဖတ်ရှုရန် စာအုပ်နှင့် အခြားလိုအပ်သည်များကို ဝယ်ရန်ထွက်လာခဲ့၏။
ပညာသင်ဝင်ခွင့် စာမေးပွဲမတိုင်ခင် သုံးလကျော်လောက် အချိန်ရသေးသည်။ သူပို၍ ကြိုးစားရပါပေမည်။
.....