← Chapters

ကျောင်းနှင့်နီးသောအိမ်

Vol. 4 Ch. 69

ကျောင်းနှင့်နီးသောအိမ်

Vol. 4 Ch. 69

ဆုဝန်သည် ဤရက်ပိုင်းအတွင်း ချင်းယွင်ကောင်တီရှိအိမ်များကို ကြည့်ထားပြီးချေပြီ။ စုန့်ရှန်းကျောင်းတော်နှင့် မဝေးလှသော ခြံဝင်းအတွင်းဝယ် ရှိ၏။ ခြံဝင်းအတွင်း၌ အခန်းသုံးခန်းနှင့် ပန်းဥယျာဥ်ငယ်လေးတစ်ခု ရှိ၏။ အိမ်နှင့်ခြံဝင်းမှာ ချင်းရှီရွာကလောက် မကြီးသည့်တိုင် သန့်ရှင်းကာ ပို၍ ကြော့ရှင်းလေသည်။ အတွင်းရှိ ပရိဘောဂများကို သစ်သားဖြင့် ပြုလုပ်ထား၏။ မူလပိုင်ရှင်မှာ ဘဝကို အလေးအနက်ထားသူတစ်ဦးဖြစ်ကြောင်း မြင်နိုင်လေသည်။

အနှီအိမ်ရှိ အခန်းသုံးခန်းအနက် တစ်ခန်းမှာ စာကြည့်ခန်းဖြစ်၏။ အတွင်းရှိ ခုံနှင့် စာအုပ်စင်များမှာ ကြီးမားလေသည်။ စာဖတ်ခန်းအတွင်း၌ ကွပ်ပျစ်ငယ်တစ်ခု ရှိသေး၏။ စာလေ့လာပြီး ပင်ပန်းသွားပါက အနားယူ တစ်‌ရေးတမော အိပ်ရန် သင့်လျော်လှ၏။ အရေးအကြီးဆုံးအချက်မှာ အနှီအိမ်သည် စုန့်ရှန်းကျောင်းတော်နှင့် ခြေလှမ်းတစ်ထောင်စာမျှသာ ဝေးခြင်းပင်။ စျေးအချိုဆုံးလည်းဖြစ်ပြန်၏။ ဆုဝန်က ပိုင်ရှင်ကို စရန်ချထားပြီးသားဖြစ်သည်။ အနှီအိမ်ကိုဝယ်ရန် ချင်းရှီရွာမှ အိမ်ကို ရောင်းထွက်သည်ကို စောင့်ဆိုင်းနေရ၏။

ဆုဝန်တွင် ဤအိမ်ကိုဝယ်ရန် ပိုက်ဆံရှိပေသည်။ သို့ပေသိ သူ့ကိုယ်ပိုင်ငွေကို သုံးလိုက်ပါက ရှန်လင်းနှင့် ရှန်ရှီးတို့ ပို၍ ကသိကအောက်ဖြစ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ သူတို့ဆီမှ ရသောငွေများ ဆိုပါက ပို၍ သက်သောင့်သက်သာရှိနိုင်မည်ပင်။ သို့ဖြစ်ရာ ယခင်ရက်များကတည်းက ချင်းရှီရွာရှိ ရှန်လင်းတို့အိမ်ကိုရောင်းမည့်အကြောင်း ဆုဝန် သတင်းလွှင့်ထားခဲ့ပြီးဖြစ်၏။

ရှန်လင်းတို့အိမ်မှာ အရည်အသွေးကောင်းသော အုတ်အိမ်ဖြစ်သည်။ ချင်းရှီတစ်ရွာလုံး၌ ရှန်လင်းတို့အိမ်ထက် ပိုကောင်းသောအိမ်ဟူ၍မရှိ။ ချင်းရှီရွာမှ မိသားစုတိုင်းက ရှန်လင်းတို့ကဲ့သို့ အုတ်အိမ်မျိုး ပိုင်ဆိုင်နိုင်ရန် မျှော်လင့်တောင့်တကြ၏။

ဆုဝန်က ငွေ၁၃တုံးလောက် ရလို၏။ ချင်းယွင်ကောင်တီတွင် ရှာထားသောအိမ်ငယ်လေးမှာ ငွေတုံး၁၅တုံးမျှ ကျသင့်သည်။ ဤသို့ တစ်လုံးရောင်းပြီး တစ်လုံးဝယ်လိုက်ပါက ဝင်ငွေ ထွက်ငွေ သိပ်၍ ကွာဟချက်မရှိတော့။

ချင်းရှီရွာသားများသည်ကား စိတ်လှုပ်ရှားကုန်ကြ၏။ အကယ်၍ ရှန်လင်းတို့ကဲ့သို့သော အုတ်အိမ်မျိုး ဆောက်မည်ဆိုပါက ငွေတုံး၁၃တော့ ကျသင့်မည်မှာ ဧကန်ပင်။ ထို့အပြင် လွန်ခဲ့သည့်နှစ်နှစ်အတွင်း အုတ်‌စျေးများက ထိုးတက်လာသေးသည်။ ငွေတုံး၁၃ဖြင့် ဆောက်ရန် မလောက်နိုင်တော့။ အကယ်၍ ငွေ၁၃တုံးဖြင့် ဆောက်၍ရမည်ဆိုဦးတော့။ တစ်လအတွင်း ဆောက်နိုင်ရန် ရွာသားများကို အကူအညီ တောင်းရမည်ဖြစ်၏။ အဆိုပါတစ်လအတွင်း ကူညီပေးသည့်ရွာသားများကို ထောက်ပံ့ရဦးမည်ဖြစ်ရာ နောက်ထပ် ငွေကုန်ကြေးကျ များဦးချေမည်။

ထို့အပြင် ရှန်လင်းတို့ခြံဝင်းနောက်၌ အသီးအရွက်ဥယျာဥ်တစ်ခု ရှိသည်။ အနှီအသီးအရွက်ဥယျာဥ်သည် ပုံမှန်သူများဥယျာဥ်များထက် နှစ်ဆမျှကြီး၏။ နှစ်စဥ်နှစ်တိုင်း ဆောင်းရာသီမှလွဲ ကျန်ဥတုသုံးပါးတွင် အသီးအရွက်များ ဖြစ်ထွန်းလေသည်။ သို့ဆိုပါလျှင် ရှန်လင်းတို့အိမ်ရောင်းသည်မှာ ငွေတုံးလေးငါးတုံးမျှ သက်သာနေပြီဖြစ်၏။

သို့တိုင် စိတ်လှုပ်ရှားသည်က လှုပ်ရှားသည်ပင်။ ငွေတုံး၁၃တုံးမှာ သာမန်လူများ ချက်ချင်း ထုတ်ပေးနိုင်သော ငွေပမာဏမဟုတ်။ သို့ဖြစ်ရာ ချင်းရှီရွာသားများမှာ စိတ်နှလုံးကြေကွဲရုံသာ တတ်နိုင်၏။

ဝမ်လော့ရှန်း၏မိခင်ဖြစ်သူ ဝမ်ရှီးသည်လည်း စိတ်လှုပ်ရှားနေလျက်ရှိသည်။ သူ အုတ်အိမ်တစ်လုံး ဆောက်ချင်နေသည်မှာ ကြာလှပြီဖြစ်၏။ ယခင်နှစ်များအတွင်း မိသားစုကြိတ်ဆုံရုံမှာ ဝင်ငွေကောင်းခဲ့သော်လည်း ဝမ်လော့ရှန်းက စာလေ့လာနေရဆဲဖြစ်ရာ ဝမ်လော့ရှန်း သုံးစရာ ပေါ်လာပါက အိမ်အသုံးစရိတ် မရှိမည်တော့မည်ကို စိုးထိတ်၍ သူ ပိုက်ဆံကို လက်လွတ်စပယ် မသုံးရဲခဲ့ချေ။

ဆုဝန် အိမ်ရောင်းလိုသည်ဟု ကြားစဥ်က ဝမ်ရှီး လွန်စွာ ဆွဲဆောင်ခံလိုက်ရ၏။ ဝမ်ရှီးနှင့် ဝမ်အဖေတို့ ရှန်မိသားစုအိမ်ကိုဝယ်မည့်အကြောင်း ဆွေးနွေးခဲ့ကြသည်။ မိသားစုတွင် ငွေ၁၅တုံး ရှိနေသေးရာ အိမ်ဝယ်ဖို့ရန် လောက်ငသည်ပင်။

ဝမ်ရှီးနှင့် ဝမ်အဖေတို့ ထပ်မံဆွေးနွေးချိန်တွင် ဝမ်လော့ရှန်းက ကြားသွားလေသည်။ ဝမ်လော့ရှန်းက စိုးရိမ်တကြီးဆို၏။

“ အဖေနဲ့ အမေ၊ သားတို့ ရှန်လင်းတို့အိမ်ကို ဝယ်လို့မဖြစ်ဘူး။ သားတို့ ကောင်တီမှာ အိမ်တစ်လုံး ဝယ်ရဦးမှာလေ”

ဝမ်အဖေက အောက်စိုက်ကြည့်၍

“ ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေပြန်တာလဲ။ နေ့တိုင်း ကောင်တီကိုပြောင်းရဖို့ အိပ်မက်မက်နေတယ်။ ကောင်တီကို ပြောင်းလိုက်ရင် ငါတို့ ဘာသွားစားကြမှာလဲ”

ဝမ်ရှီးသည်လည်း

“ လော့ရှန်း၊ အဲဒီအကြောင်း ထပ်မပြောနဲ့တော့။ အမေတို့ ရွာမှာနေတာ အဆင်ပြေနေတာပဲကို။ မြို့မှာ ဘာသွားလုပ်ရမှာလဲ။ မြို့မှာက ပိုက်ဆံချမ်းသာတဲ့သူတွေ အများကြီးပဲ။ အဲဒီမြို့ကသူတွေက လူတွေကို အထင်သေးကြတယ်။ အမေတော့ သူတို့နဲ့နေရမှာ သက်သောင့်သက်သာ မရှိပါဘူး သားရယ်”

“ အမေတို့ ချင်းရှီရွာလေးက ပိုကောင်းပါတယ်။ ဒီချင်းရှီရွာလေးထဲမှာဆို အမေတို့မိသားစုက အချမ်းသာဆုံးပဲလေ။ ပြီးတော့ သားက ပညာရှိလို့ သတ်မှတ်ခံရသေးတယ်။ ဘယ်သူက အမေတို့မိသားစုကို မလေးစားဘဲ နေမှာလဲ”

“ အမေ ရှန်လင်းတို့အုတ်အိမ်ကို ဝယ်ချင်ရတာကလည်း သားအိမ်ထောင်ပြုရမဲ့အရွယ် ရောက်လာလို့ပဲလေ။ အဲဒီအုတ်အိမ်ကိုဝယ်ပြီး ယန်ယွင်ရန်ကို ဂုဏ်သရေရှိရှိ တောင်းရမ်းလိုက်တာပေါ့ကွယ်”ဟူ၍ ပြောလာ၏။

ဝမ်ရှီးပြောသည်ကို ကြားသော် ဝမ်လော့ရှန်းမှာ ငိုမိတော့မတတ်ပင်။ ယခင်ဘဝတုန်းက သူတို့မိသားစု ချင်းယွင်ကောင်တီသို့ ပြောင်း‌ရွှေ့ခဲ့ကြပြီး ချင်းယွင်ကောင်တီ၌ ကြိတ်ဆုံရုံ အောင်အောင်မြင်မြင် ဖွင့်နိုင်ခဲ့သည်ကို သူမှတ်မိပါသေး၏။ ချင်းယွင်ကောင်တီ၌ သူ့မိခင်သည် တခြားအမျိုးသမီးများ၏ လေးစားခြင်းကို ခံခဲ့ရပြီး အထင်သေးရဲသူမရှိခဲ့ချေ။

ထို့အပြင် ယွင်ရန်သည် သူနှင့်အတူ ရွာငယ်လေးတွင် မနေခဲ့ဖူးချေ။ သူ ယွင်ယန်ကို ခေါ်လာချိန်တွင် သူတို့မိသားစုမှာ ချင်းယွင်ကောင်တီသို့ ပြောင်းရွှေ့ပြီးချေပြီ။ အိမ်မှာလည်း ကြော့မော့၍ ကျယ်ဝန်းပေသည်။ ယွင်ရန်၏ဖခင် လူကြီးမင်းယန်မှာလည်း သူ၏အိမ်ကို များစွာ စိတ်တိုင်းကျခဲ့၏။

သို့သော် ယခုဘဝတွင်မူ အဘယ်ကြောင့်များ သူ့အဖေနှင့်အမေသည် ချင်းရှီရွာကို မခွဲနိင်မခွာရက် ဖြစ်နေရပါသနည်း။ သူတို့ကြည့်ရသည်မှာ လက်ကျန်သက်တမ်းတစ်လျှောက်လုံး ချင်းရှီရွာတွင် နေသွားချင်သည့်ပုံပေါ်နေ၏။ ဝမ်လော့ရှန်း ရုတ်ခြည်းပင် ခေါင်းကိုက်လာရ၏။

ဝမ်လော့ရှန်းက ဖခင်ဖြစ်သူကို ပြောကြည့်ရှာ၏။

“ အဖေ၊ သားက နေ့တိုင်း အပတ်တကုပ်နဲ့ စာလေ့လာနေရတာလေ။ တကယ်လို့ သားတို့ ချင်းယွင်ကောင်တီကိုပြောင်းလိုက်ရင်ကျ သား အချိန်ပိုထွက်လာပြီး စာလေ့လာရတာ ခရီးပိုရောက်တာပေါ့”

ဝမ်အဖေက ဆူပူမာန်မဲတော့သည်။

“ မသိတတ်တဲ့သားမိုက်။ မင်းပညာရေးကိုထောက်ပံ့ဖို့ ငါတို့မိသားစု ငွေဘယ်လောက်တောင် ကုန်ခဲ့ရလဲ။ မင်းက မတင်းတိမ်နိုင်သေးဘူးပေါ့လေ။ တစ်မိသားစုလုံးကို ချင်းယွင်ကောင်တီကိုတောင် ပြောင်းခိုင်းစေချင်နေသေးတယ်။ မင်းပညာသင်ဖို့ ငါတို့ဝမ်မိသားစုကို မွဲပြာကျသွားစေချင်တာလား။ ငါ ဘယ်လိုများ မင်းလို မျက်လုံးဖြူဝံပုလွေကို ပျိုးထောင်ထားမိပါလိမ့်”

ဝမ်လော့ရှန်းမှာ ယခင်ဘဝက သူ့ပညာရေးကို အတော်လေးထောက်ပံ့ပေးတတ်သောဖခင်ဖြစ်သူမှာ အဘယ်ကြောင့် မတူညီသည့်လူတစ်ယောက်ဖြစ်သွားရကြောင်း မခန့်မှန်းတတ်ဘဲ ရှိချေသည်။ ယခင်ဘဝက သူစာစလေ့လာချိန်၌ သူ့အမှတ်များက သာမန်သာဖြစ်ရာ သူ့ဖခင်က ဆက်လက်၍ စာလေ့လာခွင့် မပြုလိုခဲ့။ သို့သော် ကျောင်းရှိဆရာများက ‘ယောက်ျားတစ်ယောက်က စာလုံးနည်းနည်း သိထားတော့ ပိုကောင်းတာပေါ့’ဟု ဖျောင်းဖျ၍သာ ဖခင်ဖြစ်သူက သဘောမတူချင်တူချင်ဖြင့် သဘောတူပေးခဲ့ခြင်းဖြစ်ချေသည်။ ထို့နောက်တွင် သူ၏စာလေ့လာမှုမှာ အားကောင်းလာသဖြင့် သူ့ဖခင်က ပညာရေးတွင် ပံ့ပိုးပေးခဲ့၏။

ချင်းယွင်ကောင်တီသို့ မည်သို့မည်ပုံ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့်ပတ်သက်၍မူ ဝမ်လော့ရှန်း၏ မှတ်ဉာဏ်မှာ မှုန်ဝါးနေချေပြီ။ သို့သော် သေချာသည့်အချက်သည်ကား ယခင်ဘဝက ချင်းယွင်ကောင်တီသို့ ပြောင်း‌ရွှေ့သည့်လုပ်ငန်းစဥ်မှာ လွန်စွာမှ ချောမွေ့ခဲ့လေသည်။ ချောမွေ့လွန်း၍ ဝမ်လော့ရှန်းမှာ သာမန်မျှသာ မှတ်မိနေ၏။

သို့ပေသိ ယခုမူ ချင်းယွင်ကောင်တီသို့ ပြောင်းရရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် သာ၍ ခက်နေသေးသည်။

‘ အခု အမေက အဲဒီအိမ်ကိုဝယ်ပြီး ယွင်ရန့်ကို တင်တောင်းမယ်ပြောနေတယ်။ ရှန်လင်းတို့အိမ်က အုတ်အိမ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီတော့ရော ဘာဖြစ်သေးလဲ။ ရွာထဲက အိမ်တွေက ကောင်တီမြို့ထဲက အိမ်တွေနဲ့ လုံးဝ မယှဥ်နိုင်ဘူး။ ယွင်ရန်က ကလေးဘဝကတည်းက ဖူးဖူးမှုတ်ခံလာရတာ။ ကျေးလက်တောရွာလေးမှာ နေချင်မှာမဟုတ်ဘူး။ တကယ်လို့ ရှန်လင်းတို့အိမ်ကိုသာဝယ်လိုက်ရင် ငါနဲ့ ယွင်ရန် မင်္ဂလာပွဲ ဖြစ်မဖြစ် ပြောလို့ကို ရပါတော့မလား’

ဝမ်လော့ရှန်းမှာ ဝမ်ရှီးကို ကူကယ်ရာမဲ့စွာကြည့်၍

“ အမေ၊ ယွင်ရန်က ကလေးဘဝကတည်းက မြို့ထဲမှာကြီးပြင်းလာတာလေ။ သူ ကျွန်တော်တို့ ကျေးလက်တောရွာလေးမှာနေရင် ကျင့်သားမရမှာ စိုးမိတယ်”

ဝမ်ရှီးက မျက်မှောင်ကြုတ်လျက်

“ ဒီမှာနေတာက ဘာများဖြစ်နေလို့လဲ။ သျှောင်နောက် ဆံထုံးပါရမှာပဲ။ ငါတို့မှာ မြို့ထဲပြောင်းဖို့ ငွေများများစားစား မရှိတာကိုထားဦး။ တကယ်လို့ မြို့ထဲ ပြောင်းနိုင်တယ်ဆိုဦးတော့။ ငါ ပြောင်းမှာမဟုတ်ဘူး။ အဲဒီသခင်မလေး နုနယ်နေတာကို ပြင်ပေးမှဖြစ်မယ်။ မဟုတ်ရင် သူ ဘာမှ လုပ်နိုင်မှာကို မဟုတ်ဘူး။ ‌‌ယောက္ခမတွေကို မပြုစုတတ်၊ မင်းကို မပြုစုပေးတတ် ဖြစ်နေလိမ့်မယ်”

ဝမ်လော့ရှန်း၏ နှလုံးအိမ်ဝယ် ရှုပ်ထွေးနေရချေပြီ။ အရာရာတိုင်းက ကမောက်ကမ ဖြစ်၍နေ၏။ ယခင်ဘဝတုန်းက ဤသို့ဤပုံ မဟုတ်ခဲ့ချေ။ သူတို့မိသားစုမှာ ချင်းယွင်ကောင်တီသို့ ပြောင်းရွှေ့ခဲ့ပြီး ယွင်ရန်သည်လည်း သူ့အမေနှင့် လွန်စွာမှ သဟဇာတဖြစ်ခဲ့၏။ ယွင်ရန်သည် အသိပညာကြွယ်ဝလေရာ သူ့မိခင်က စိတ်တိုင်းကျပြီး သမီးအရင်းသဖွယ် ဆက်ဆံ၏။ ယခင်ဘဝတုန်းက ဆုဝန်သည် တရားဝင်ဇနီးမယားနေရာ ရယူထားသူဖြစ်ပြီး သူ့အဆင့်အတန်း ထင်ရှားပေါ်လွင်စေရန်အလို့ငှာ အရာရာတွင် ပထမနေရာက နေ၏။ ယွင်ရန့်မှာ များစွာ ခံစားခဲ့ရ၏။

ဝမ်လော့ရှန်းက အရာအားလုံးမှာ သူ့အဖေနှင့် အမေက ချင်းယွင်ကောင်တီသို့ မပြောင်းလို၍ဖြစ်သည်ဟု သုံးသပ်လိုက်၏။ အကယ်၍ သူ့အဖေနှင့်အမေတို့ ချင်းယွင်ကောင်တီသို့ ပြောင်းလိုက်မည်ဆိုပါက မိသားစုမှာ ယခင်ဘဝတုန်းကအတိုင်း အဆင်ပြေချောမွေ့သွားလိမ့်မည်ပင်။ သို့ဖြစ်ရာ မိဘများကို ချင်းရှီရွာမှ ရှန်လင်းတို့အိမ်အား ဝယ်ခွင့်ပြုလိုက်၍ မဖြစ်ချေ။ အကယ်၍ ဝယ်လိုက်ပါက သူ့တွင် ချင်းယွင်ကောင်တီသို့ ပြောင်းရန် အခွင့်အရေးရှိတော့မည်မဟုတ်။ ယွင်ရန်၏အသွင်းငွေဖြင့် ချင်းယွင်‌ကောင်တီတွင် အိမ်ဝယ်ဖို့ရန်ကား သူရှက်လှချေသည်။

ဝမ်လော့ရှန်းသည် ပို၍ စိတ်ရှည်လက်ရှည်ထားကာ မိဘများကို ဖျောင်းဖျရန် ကြံရွယ်နေစဥ်မှာပင် ဝမ်ရှီးထပ်ပြောလာသည်ကို သူကြားလိုက်ရ၏။

“ လော့ရှန်း၊ ရှန်မိသားစုရဲ့ဒီအိမ်ကို ဆုဝန်ရောင်းတာ။ ဆုဝန်က သားအပေါ် အရင်က ခံစားချက် ရှိဖူးတယ်။ သား သွားပြီး သူ့ကို တစ်ခွန်းလောက်ပြောပြီး အမေတို့ကို ငွေတုံး၃တုံး လျှော့ပေးခိုင်းလိုက်။ တကယ်လို့ ငွေ၁၀တုံးတည်းနဲ့သာ အိမ်ကိုဝယ်နိုင်လိုက်ရင် သိပ်ကောင်းမှာပဲ”

သူ့မိခင်က ရှန်လင်းတို့အိမ်ကို ဝယ်ရန် ဆုံးဖြတ်ချက်ချထားပြီးကြောင်း တွေ့လိုက်ရသော် ဝမ်လော့ရှန်းမှာ ဆောက်တည်ရာမရ ဖြစ်သွားတော့သည်။

ချင်းရှီရွာနှင့် ချင်းယွင်ကောင်တီမှာ အတန်ငယ်လှမ်းလေသည်။ နေ့စဥ်နှင့်အမျှ ကျောင်းတော်နှင့်အိမ်ကို ကူးလူးနေရသည်မှာ သူ့အတွက် အချိန်များစွာ ကုန်၏။ ထို့အပြင် လတ်တလော ကျောင်းတော်တွင် စာမေးပွဲများ မရှိသေးသည့်တိုင် သူ၏ ပညာရေးလုပ်ဆောင်မှုများမှာ သိသိသာသာ ကျဆင်းသွားကြောင်း ခံစားမိ၏။ ယခင်ကဆိုပါလျှင် ဆရာ ဘာမေးမေး သူသည် အမြဲတစေ အတွေးအခေါ်အပြည့်ဖြင့် ကျွမ်းကျင်လည်ဝယ်စွာ ဖြေနိုင်ခဲ့သည်။ သို့ရာတွင် ယခုမူ ခက်ခဲသည့် မေးခွန်းများ အမေးခံရတိုင်း အချိန်ကြာမြင့်စွာ စဥ်းစားနေရ၏။ ပို၍ ခက်ခဲသည်များဆိုပါက သူ မည်သို့ပင် စဥ်းစားပါစေ၊ မဖြေနိုင်တော့ချေ။ အိမ်ကိုကူပေးနေရ၍ သူစာလုပ်ချိန် မရှိတော့သောကြောင့်ပေတည်း။

ယင်းသို့ စဥ်းစားမိသော် ဝမ်လော့ရှန်းမှာ ပို၍ပင် ခေါင်းကိုက်လာရသည်။

ဝမ်လော့ရှန်း တွေးနေသည်ကို ဝမ်ရှီး သိပေသည်။ သို့ဖြစ်ရာ သူက ဝမ်လော့ရှန်းကို ဆက်လက် နှစ်သိမ့်လေ၏။

“လော့ရှန်း၊ သားလေး။ ဒီအကြောင်း တွေးမနေပါနဲ့တော့ကွယ်။ အမေတို့က သားရဲ့ အဖေ၊ အမေအရင်းတွေပါ။ ဘယ်လိုလုပ် သားကို ထိခိုက်အောင် လုပ်ပါ့မလဲ။ သားလည်း ရှန်အိမ်ကိုမြင်ဖူးတာပဲ။ အိမ်ထဲမှာ စာလေ့လာဖို့ သင့်တော်တဲ့အခန်းတစ်ခန်းရှိတယ်လေ။ အဲဒီအခါကျ အမေက သားအတွက် စာဖတ်ခန်းအကြီးကြီးတစ်ခန်းပြင်ပေးမယ်။ သား အဲဒီမှာ စာကြိုးစားပမ်းစား လေ့လာလို့ရတာပေါ့။ သား စာမေးပွဲအောင်တဲ့အခါကျ သားအမေလည်း ဂုဏ်အသရေတင့်တာပေါ့”

ဝမ်အမေသည် ပညာရှိကို မြှောက်စားမည်ဖြစ်ကြောင်း ပြောလာ၏။ ဝမ်အဖေက မျက်မှောင်ကြုတ်လျက်

“ နေ့တိုင်း စိတ်ကူးလျှောက်ယဥ်နေတာတွေ ရပ်ပြီး စာကို ကောင်းကောင်းလေ့လာ။ တကယ်လို့ စာမေးပွဲကျခဲ့ရင် ငါ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်”

သူ့မိဘများမှာ ဆင်ခြင်ဉာဏ်မဲ့လွန်းလှသည်ဟုသာ ဝမ်လော့ရှန်း ထင်မိ၏။

‘ မြန်မြန်ဆန်ဆန် ယွင်ရန့်ကို တင်တောင်းပြီး လက်ထပ်ယူရမှာလေ။ ယွင်ရန်နဲ့ လက်ထပ်လိုက်ရင် အားလုံးက အဆင်ပြေချောမွေ့သွားမှာ’

ယန်မိသားစု၌ ယန်ယွင်ရန်သည် ဆုဝန်၏ မာလာထန်းဆိုင်ကို ပေါက်ပန်းလေးဆယ်များ ပြောသည့်အတွက် လူအများထံမှ ဝေဖန်ပြစ်တင်ခံခဲ့ရသည့်အတွက် မပျော်မရွှင် ဖြစ်နေရ၏။ နောက်ပြီး ဆုဝန်၏အလှနှင့် အနှိုင်းခံခဲ့ရ၏။ ယန်ယွင်ရန်၏ သူငယ်ချင်းကောင်း အစိမ်းရောင်ဝတ်မိန်းကလေးက ယန်ယွင်ရန့်ကို နှစ်သိမ့်သည်။

“ ဆုဝန် ဘယ်လောက်ပဲ စိတ်ကြီးဝင်နေပါစေ။ နောင်ကျ နင့်လောက် ဝံ့ကြွားနိုင်မှာ မဟုတ်ပါဘူးဟယ်။ ဝမ်လော့ရှန်း နန်းတွင်းစာမေးပွဲအောင်မယ်ဆိုတာ လူတိုင်းသိတယ်။ အနာဂတ်မှာ နင်က တရားဝင်ဇနီးကြီး ဖြစ်လာမှာလေ။ မုန့်သည်ရဲ့မိန်းမကို ဒေါသထွက်နေပြီး ဘာလုပ်မှာလဲ”

ဝမ်လော့ရှန်းအကြောင်း တွေးမိသော် ယန်ယွင်ရန်သည် ရုတ်ခြည်းပင် ဆုဝန်သာ သည်အတိုင်း ဆက်သွားနေမည်ဆိုပါက ဝမ်လော့ရှန်း စိတ်ပြောင်းသွားနိုင်ကြောင်း စဥ်းစားမိသွား၏။ သူ ဝမ်လော့ရှန်းနှင့် တတ်နိုင်သမျှ အမြန်ဆုံး စေ့စပ်ကြောင်းလမ်းရန် လုပ်ရတော့ချေမည်။

...

All Chapters