← Chapters

ရှန်လင်းဟာ ဝမ်လော့ရှန်း‌လောက် မတော်ဘူး

Vol. 4 Ch. 70

ရှန်လင်းဟာ ဝမ်လော့ရှန်း‌လောက် မတော်ဘူး

Vol. 4 Ch. 70

ဝမ်အဖေနှင့် ဝမ်အမေတို့သည် ယခုအချိန်တွင် ရှန်အိမ်တော်ကို ဝယ်ရန်မှာ အလွန် အကျိုးရှိမည်ဖြစ်ကြောင့် သဘောတူလိုက်ကြသည်။ သူတို့မိသားစုသည် အိမ်အသစ်ဆောက်ရန် စီစဥ်ထားကြသော်လည်း ငေွကြေးအကုန်အကျက များမည်ဖြစ်သည်။ ရှန်လင်းတို့အိမ်ကို ဝယ်လိုက်လျှင် အိမ်အသစ်ဆောက်တာထက် ပိုလဲ သက်သာမည်။ ငွေပိုလဲ ထွက်လာပေမည်။

ဝမ်အဖေနှင့် ဝမ်အမေတို့သည် နဂိုက ဝမ်လော့ရှန်းအား ဆုဝန်နှင့် စကားပြောပြီး ဈေးကို ပိုသက်သာချင်ခဲ့သည်။ သို့သော် ဝမ်လော့ရှန်းသည် ကောင်တီမှ အိမ်ကိုသာ ဝယ်လိုနေသောကြောင့် ဆုဝန်နှင့် စကားပြောကာ ညှိနှိုင်းဖို့ရာ မဖြစ်နိုင်ပါပေ။ ထို့ကြောင့် ဝမ်အဖေနှင့် ဝမ်အမေတို့သည် ဆုဝန်နှင့် စကားပြောညှိနှိုင်းရန် သူတို့ကိုယ်တိုင်ပင် ကြိုးစားကြရပေတော့မည်။

ဆုဝန်သည် ကောင်တီမှ အိမ်ကို သွားကြည့်ခဲ့ပြီးသော်ငြား ချက်ချင်းမဝယ်သေးပေ။ ထို့ကြောင့် ယခုရက်များတွင် သူမသည် ရှန်မိသားစုအိမ်တွင်သာ ‌နေနေသေး၏။ ဆုဝန်သည် နေ့ဘက်တွင် ကောင်တီ၌ စီးပွားရေးလုပ်ပြီး ညဘက်မှသာ ပြန်လာသည်။ ထို့ကြောင့် ဝမ်အဖေနှင့် ဝမ်အမေတို့သည် ညဘက်တွင် ရှန်အိမ်တော်တံခါးကို ခေါက်ကာ ဆုဝန်ကိုရှာရန် လာကြလေတော့သည်။

ရှန်လင်းသည် ဆုဝန်အား စာချုပ်စာတမ်းအရပ့ အိမ်ကို နာမည်လွှဲကာ ပေးထားပြီး ဆုဝန်နှင့် စေ့စပ်ထားပြီးဖြစ်ကြောင်း ချင်းရှီတစ်ရွာလုံးက သိကြသည်။ ထို့ကြောင့် အိမ်ကိုရောင်းမည့် ကိစ္စသည် ဆုဝန်နှင့်သာ ‌ဆိုင်တော့သည်။ ဝမ်အဖေနှင့် ဝမ်အမေတို့သည် သူတို့ရည်ရွယ်ချက်ကို ရှင်းပြသည်။ ဆုဝန်က သူတို့အား ဟောခန်းဝမှ ဆီး၍ ကြိုပါ၏။

ဝမ်အမေသည် ရှန်လင်းတို့အိမ်၏ အုတ်ကောင်းများ အိမ်တိုင်ကောင်းများကအစ နေရာအနှံ့ ကြည့်ပြီးနောက် သူမရင်ထဲမှ နက်နက်ရှိုင်းရှိုင်း ကျေနပ်သွားလေသည်။ ယခင်က သူမသည် ရှန်မိသားစုအပေါ် ဤသို့ အိမ်ကြီးအိမ်ကောင်းတွင် နေနိုင်ခြင်းအပေါ် မနာလိုဖြစ်ခဲ့ဖူးသည်။ ယခုအခါ သူမသည်လည်း ဤသို့ အိမ်ကောင်းကောင်းနှင့် နေနိုင်ပေတော့မည်။

အမျိုးသမီးဝမ်သည် ထိုင်လိုက်ပြီးနောက် ဆုဝန်နှင့် စတင်ဆွေးနွေးလေတော့သည်။ “ဝန်ဝန်၊ မင့်ဦးလေးဝမ်နဲ့ ဒေါ်ဒေါ်တို့က ဒီအိမ်ကို ဝယ်ချင်နေတာ။ တို့တွေ အရင်က ရင်းနှီးခဲ့တာတွေ ပြန်ကြည့်ပါဦး။ ဒေါ်ဒေါ်တို့ကို ငွေတုံး နှစ်တုံး သုံးတုံးလောက် လျှော့ပေးလို့မရဘူးလားဟင်”

ဆုဝန်သည် ပြုံးကာ သူမခေါင်းကို ခါယမ်းလိုက်သည်။ “ဦးလေးဝမ်နဲ့ ဒေါ်ဒေါ်ဝမ်ရယ် မနောက်ကြပါနဲ့ရှင်။ အခုချိန်လေ ဒီလို အုတ်ကောင်းတိုင်ကောင်းနဲ့ အိမ်တစ်လုံး ဆောက်မယ်ဆိုရင်လေ၊ ငွေဆယ့်ငါးတုံးနဲ့တောင် မရတော့ဘူးရယ်၊ သမီးက ငွေဆယ့်သုံးတုံးပဲ စျေးထားထားတာပါ။ ဒီစျေးက တော်တော်လေးကို သက်သာနေပြီလေ”

အမျိုးသမီးဝမ်က ပြော၏။ “ဝန်ဝန်ရယ်၊ လူကြီးရှန် ဒီအိမ်ကို ဘယ်တုန်းက ဆောက်ခဲ့လဲဆိုတာ ဒေါ်ဒေါ်သိတာပေါ့၊ သူတို့ဆောက်တုန်းက အများဆုံးကျမှ ငွေရှစ်တုံးပေါ့။ ညည်း ငွေဆယ်တုံးနဲ့ရောင်းရင်တောင် တော်တော်မြတ်နေပြီကို၊ ငွေဆယ့်သုံးတုံး တောင်းတာကျ ညည်းအရမ်းအမြတ်ကြီးစားရာ ကျသွားပြီလေ။ အဲ့စျေးနဲ့ခေါ်ရင် လူများတွေ ဝိုင်းရယ်ကြမှာ မကြောက်ဘူးလား‌အေ”

ရှန်လင်း၏ အဖေ ရှန်လျိုအာသည် သူအသက်ရှိနေစဥ်က ဤအိမ်ကို ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က တကယ်လဲ ငွေရှစ်တုံးခန့်သာ ကုန်ကျခဲ့တာဖြစ်သည်။ သို့သော် ယခုအခါ အုတ်နဲ့ကျောက် စျေးနှုန်းများက မြင့်တက်နေပြီဖြစ်သည်။ ခြံမြေစျေးများကလဲ မြင့်တက်နေပြီး၊ စားသောက်ကုန်စျေးနှုန်းများကအစ အစစအရာရာ စျေးနှုန်းများ မြင့်တက်နေတာဖြစ်၏။ ထို့ကြောင့် ယခုကဲ့သို့အချိန်တွင် ထိုကဲ့သို့ အုတ်ကောင်းတိုင်ကောင်းနှင့် အိမ်ကိုဆောက်လျှင် ယခင်စျေးနှုန်းကထက် များစွာကုန်ကျမည်မှာ ဧကန်သာ ဖြစ်ပါ၏။

ဆုဝန်က သူမဘာသာ တွေးလိုက်သည်။ ယခုရှေးခေတ်အချိန်အခါသည် နှစ်ဆယ့်တစ်ရာစုနှင့် လွန်စွာ ကွာခြားသည်။ ၂၁ ရာစုတွင် အိမ်စျေးများသည် မိုးပင်ထိနေပြီ။ မြေတစ်လက်မလေးပင် စျေးကြီးနေချေပြီ၊ ကျေးလက်ဘက်တွင်ရှိသော အိမ်များသည်မူ ထိုလောက်တော့ စျေးမကြီးပေ။ သို့သော် ရှေးခေတ်တွင်မူ လူအများသည် ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ကာ စီးပွားရှာကြသည်။ ကိုယ့်မျက်စိရှေ့တွင် ကိုယ်တိုင်နေထိုင်စရာ အိမ်ရှိနေသရွေ့ ဘာမှစိုးရိမ်နေစရာ မလိုအပ်ပေ။ အရာရာ စျေးတက်လာသည်နှငိ့အမျှ ရွာရှိအိမ်များသည်လည်း စျေးတက်၍လာလေသည်။ ရွာရှိလူများသည် အိမ်များကို တစ်အိမ်ပြီးတစ်အိမ် ပြောင်း၍မဝယ်ပေ။ ရောင်းခြင်း မရောင်းခြင်းမှာလဲ ကံတရားနှင့်သာ ဆိုင်ပေသည်။

ဆုဝန် ယခုခေါ်ထားသော စျေးဖြစ်သည့် ငွေဆယ့်သုံးတုံးသည် ရွာရှိလူများသည် ထိုထက်များသော စျေးနှင့်ပင် အိမ်ကို ဝယ်နိုင်ကြသည်။ သို့သော် သူတို့သည် တတ်နိုင်သည်ငြား သူတို့သား မိန်းမယူလျှင် စုရန် ကြိုတွေး၍ ဤသို့ အုတ်အိမ်ကိုဝယ်ရန်မှာ အပိုငွေသုံးခြင်းဖြစ်သည်ဟုသာ ထင်ကြခြင်းဖြစ်၏။

သို့သော် ဝယ်သူများ အများအပြားမရှိသော်ငြား ဆုဝန်သည် စျေးလျှော့ပေးဖို့ အစီအစဥ်တော့ မရှိပါချေ။ ရှန်မိသားစုအိမ်သည် ကျိန်းသေပေါက် ဤစျေးတန်သည်။ မည်သို့ဖြစ်စေ သူမသည် ငွေလိုနေတာလဲ မဟုတ်ပါချေ။ အကယ်၍ သူမရောင်း၍မရခဲ့လျှင်လဲ သူမ၏ ကိုယ်ပိုင်ပိုက်ဆံနှင့် ကောင်တီကအိမ်ကို ဝယ်မည်။ ဤအိမ်ကို ဝယ်သူရှိလာခဲ့ပါလျှင် ရသည့်ငွေကို ရှန်လင်းး၏ ဝေစုထဲသို့ ထည့်ထားပေးမည်သာ ဖြစ်၏။

အမျိုးသမီးဝမ်သည် ယခုအခါ ရှန်လျိုအာဆောက်တုန်းက စျေးနှုန်းအတိုင်း အိမ်ကို ဝယ်ချင်နေသည်။ ဤသည်မှာ အိမ်ကိုဝမ်တစ်သိန်းနှင့် ဝယ်ပြီး ဝမ်နှစ်သိန်းနှင့် ‌ရောင်းတာနှင့် သဘောထားတူညီပေသည်။ မည်သို့ဖြစ်စေ အိမ်ကို ဝမ်တစ်သိန်းနှင့် ဝယ်ပြီး ဝမ်နှစ်သိန်းနှင့် ရောင်းလျှင်တောင် အလကားနေရင်း အကျိုးအမြတ်ရနိုင်ပေသည်။

အမျိုးသမီးဝမ်၏ စိတ်ထားသည် တကယ့်ကို ရှက်ဖွယ်ကောင်းပါပေ၏။

ဆုဝန်သည် လက်ဖက်ရည်ကိုသောက်ရင်း ပြုးလိုက်သော်ငြား ဘာမှတော့ ပြန်၍ မပြောပါပေ။

အမျိုးသမီးဝမ်က ထပ်မံ၍ ပြောသည်။ “ဒုတိယသားရှန်က အရင်က ငွေရှစ်တုံးထက်နည်းတဲ့ငွေနဲ့ အိမ်ကို ဆောက်ခဲ့တာလေ။ အဲဒါကို ညည်းက ငွေဆယ့်သုံးတုံးနဲ့ ပြန်ရောင်းတယ်တဲ့လား။ ငွေခိုးနေသလိုပါပဲလားအေ” ဆုဝန်က ပြန်ပြော၏။

“ဒေါ်ဒေါ့်ဘက်က ငွေခိုးတာလို့သတ်မှတ်မယ်ဆိုရင်လဲ ရပါတယ်။ ဒါပေမဲ့ ကျွန်မကလဲ လိုလိုလားလား ဝယ်မဲ့သူမျိုးကိုပဲ ရောင်းမှာပါ။ အကယ်၍ ဒေါ်ဒေါ်တို့က ဝယ်ဖို့အစီအစဥ်မ ရှိဘူးဆိုရင် ပြန်သွားလို့ရပါတယ်”

ဆုဝန်သည် ဧည့်သည်များကို ဤသို့နှင်လွှတ်နေလေသည်။ ဝမ်အမျိုးသမီးသည် ဤအိမ်မှာ လွန်ခဲ့သည့် ဆယ်နှစ်က ဆောက်ထားခြင်းဖြစ်ကြောင်း ကောင်းစွာနားလည်လေသည်။ နောက်ငွေဆယ့်သုံးတုံးနှင့်သာ ဝယ်ရခြင်းမှာလဲ အကျိုးရှိပါပေသည်။ ထို့ကြောင့်သူမသည် အမြန်ပြန်ပြောလိုက်သည်။

“မဟုတ်တာ၊ မဟုတ်တာ၊ ငွေဆယ်တုံးနဲ့ မရနိုင်ဘူးဆိုရင်လဲ ငွေဆယ့်တစ်တုံးနဲ့တစ်ချက် ညှိနှိုင်းကြည့်ကြတာပေါ့”

ဆုဝန်သည်မူ တိကျပြတ်သားနေဆဲသာ ဖြစ်သည်။ “‌ဒေါ်ဒေါ်၊ ကျွန်မဘက်ကတော့ ငွေဆယ့်သုံးတုံးပါပဲ၊ အဲ့ထက်ပိုပြီး လုံးဝမလျှော့နိုင်ပါဘူးရှင်”

ဝမ်ရှီးကမူ ဆက်လက်၍ စျေးဆစ်နေမြဲပင် ဖြစ်ပေ၏။ “ဒါဆို ငွေဆယ့်နှစ်တုံးဆိုရင်ရော၊ ဝန်ဝန် ညည်း ‌ငွေဆယ့်နှစ်တုံးနဲ့ ရောင်းပေးလို့ရော ရမလား”

ဆုဝန်ကလဲ ဆက်ပြောသည်။ “အဒေါ်ဝမ်၊ ငွေတုံးဆယ့်သုံးတုံးပါပဲ။ အဲဒါက နောက်ဆုံး ကြမ်းခင်းစျေးပါပဲရှင်။ အကယ်၍ ‌ဒေါ်ဒေါ်ဝမ်ဘက်က ငွေတုံးဆယ့်သုံးတုံးနဲ့ အဆင်မပြေဘူးဆိုရင် ငွေတုံးဆယ့်သုံးတုံးနဲ့ အဆင်ပြေမဲ့ ဝယ်နိုင်မဲ့ နောက်ထပ် ဝယ်သူကို စောင့်ရုံပါပဲရှင်”

ရှန်လင်းသည်မူ တစ်ချိန်လုံး မီးဖိုချောင်ထဲတွင်သာ အလုပ်များနေ၏။ သူသည် ကျောင်းသို့ ပထမအကြိမ် သွားခဲ့ပြီးဖြစ်သည်။ အကယ်၍ သူသာ စတင်၍စာလုပ်ပြီဆိုပါလျှင် သူသည် သူ့အမေနှင့် ဆုဝန်ကို တော်တော်များများ ဂရုစိုက်နိုင်တော့မည် မဟုတ်ပါချေ။ ထို့ကြောင့် ဤနှစ်ရက်အတွင်းတွင် ရှန်လင်းသည် အိမ်တွင် အချက်အပြုတ်တာဝန်ကို ယူနေလေတော့၏။

ရှန်ရှီးသည်မူ ဝမ်ရှီးနှင့် ဆက်ဆံရမည်ကို နဂိုကတည်းက သဘောမကျပါချေ။ ထို့ကြောင့် သူမသည် နေမကောင်းဖြစ်နေသည်ဟု ပြောကာ အခန်းတွင်း၌သာ အောင်းနေပြီး လုံးဝထွက်မလာပါချေ။

ဆုဝန်၏ တင်းကြပ်သော သဘောထားကို သိလိုက်ရသောအခါ အမျိုးသမီးဝမ်သည် ဆက်လက်၍ နူးညံ့မနေနိုင်တော့ပေ။

“ဒါဆို ဆယ့်နှစ်တုံးနဲ့ တစ်ခြမ်းဆိုရင်ရော အဲ့လောက်တော့ လုပ်လိုက်တော့ ဝန်ဝန်”

ဆုဝန်သည် ပြုံးရင်း သူမခေါင်းကို ခါယမ်းလိုက်သည်။ “အဒေါ်၊ ကျွန်မကို အခက်တွေ့ရအောင် မလုပ်ပါနဲ့ရှင်”

ဝမ်ရှီး၏ မျက်နှာတွင် အနည်းငယ် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်ပေါ်သွား၏။

ယခင်က ဆုဝန်သည် လော့ရှန်း၏ ကလေးသတို့သမီး ဖြစ်ခဲ့စဥ်က သူမသည် သူ့အပေါ် အလွန်ရိုကျိုး ပိပြားသည်။ ထို့ပြင် သူမလုပ်ခိုင်းသည့်အရာတိုင်းကိုလဲ စကားတစ်ခွန်းမှ ခွန်းတုံ့မပြန်ဘဲ လုပ်သည်။ ယခုအခါတွင်မူ ဆုဝန်သည် ဝမ်မိသားစုဝင်တစ်ဦး မဟုတ်တော့သည့်အတွက် သူမသည် ထပ်ခါတလဲလဲ ငြင်းဆန်နေလေတော့၏။

ယခင်က ဝမ်မိသားစုသည် ဆုဝန်အပေါ်တွင် အလွန်အထင်အမြင်သေးခဲ့၏။ ထို့ပြင် ဆုဝန်အား သူတို့မိသားစု၏ ကလေးသတို့သမီးဟုပင် မသတ်မှတ်ခဲ့ပေ။ သို့သော် ဆုဝန်ကို အစေခံတစ်ယောက်ကဲ့သို့ပင် ဆက်ဆံခဲ့သည်။ သို့သော် ထိုလူများသည် ဆုဝန်ဆီမှ လက်ခံမှုကို ရနိုင်ရန် သုံးရက်လောက် ကြိုးစားကြရလိမ့်မည်ဟု တစ်ခါမျှပင် မတွေးထားခဲ့ဖူးကြပါပေ။ ယခုဆုဝန်သည် ယခင်ကကဲ့သို့ သူတို့ ဆက်ဆံချင်တိုင်း ဆက်ဆံလို့ရသည့် မိန်းကလေးတစ်ဦး မဟုတ်တော့ပါချေ။

သေချာ ဂရုတစိုက် တွေးခေါ်ကြည့်ပါလျှင် ဆုဝန်သည် လှပကြော့ရှင်းသော မိန်းက‌လေးတစ်ဦး မဟုတ်ခဲ့သော်ငြား သူမသည် အရာရာကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ အမျိုးသမီးဝမ်သည် အစကတည်းက သူမသမီးလော့ရွှယ်အတွက် နာမည်ကောင်းရစေပြီး လူကောင်းသူကောင်းနှင့် လက်ထပ်နိုင်ရန် လိမ်လည်ခဲ့ခြင်းသာ ဖြစ်ပေသည်။ သူတို့သည် ဆုဝန်အား ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ကြပါ။ တစ်နည်းအားဖြင့် ဆုဝန်သည် ယခုအချိန်လောက်ဆို သူမ၏ ချွေးမ ဖြစ်နေလောက်ပြီ။ ထို့ပြင် ဆုဝန်ယခုဖွင့်ထားသော မာလာထန်းဆိုင်နှင့် ဆုဝန်လုပ်ရောင်းသော သစ်သီးရိုင်းသကြားပြားများသည် သူမတို့မိသားစု၏ ပိုက်ဆံများဖြစ်နေလောက်ပြီ။

အမှန်တကယ်ပြောရလျှင် ဆုဝန်သည် သစ်သီးရိုင်းများမှ သကြားပြားများ လုပ်ရောင်းပြီး ဝင်ငွေရနေကတည်းက ဝမ်ရှီးသည် အလွန် နောင်တရနေတာဖြစ်သည်။ သူမသည် ဆုဝန်က ဝမ်မိသားစုကို ပြန်လာပြီး သူတို့မိသားစုကို ပိုက်ဆံရစေရန် ကူညီလုပ်ကိုင်ပေးရန် မျှော်လင့်နေခဲ့လေသည်။ မည်သို့ဖြစ်စေ ဆုဝန်သည် ရှန်လင်း ချင်းယွင်ကောင်တီသို့ သွားခြင်းအပေါ် အလွန်ဂုဏ်ယူဝမ်းသာနေသည်။ အကယ်၍ ထိုသို့သာဖြစ်လာပါလျှင် သူမသည် ရှန်လင်းကို ထားခဲ့ဖို့လုံးဝဖြစ်လာနိုင်တော့မည် မဟုတ်ပါချေ။

အမျိုးသမီးဝမ်သည် သူမမျက်လုံးကို ‌ဝေ့ကြည့်လိုက်ပြီး ရှန်လင်းအလုပ်ရှုပ်နေရာ မီးဖိုချောင်ထဲသို့ လှမ်းကြည့်လိုက်လေသည်။

အမျိုးသမီးဝမ်သည် ရှန်လင်းအပေါ် အလွန်ပင် အထင်သေးသွား၏။ အမျိုးသားတစ်ဦးသည် မီးဖိုချောင်နှင့် ဝေးဝေးမှာနေသင့်သည်။ သို့သော် ရှန်လင်းသည် မီးဖိုထဲတွင် အမြဲ အလုပ်ရှုပ်နေတတ်သည်။

အမျိုးသမီးဝမ်၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။ သူမသည် ဆုဝန်က ဝမ်လော့ရှန်းအပေါ် လုံးဝ စိတ်မရှိတော့သည်မှာ မဖြစ်နိုင်ဟု ထင်သည်။

ဝမ်လော့ရှန်းသည် ခံ့ညားသည်။ အရည်အချင်းရှိပြီး၊ တောက်ပသော အနာဂတ်လဲရှိသည်။ သူသည် ချင်းယွင်ကောင်တီမှ အမျိုးသမီးလေးများ၏ အိပ်မက်ထဲမှ သတို့သားလောင်းပင်ဖြစ်၏။ သို့သော် ရှန်လင်းသည်မူ အမျိုးသမီးများလုပ်သည့် အလုပ်များကို လုပ်နေသည်။ ထို့ပြင် ယခုအချိန်တွင် ဆုဝန်သည် ရွာငယ်လေးမှ မြို့ကြီးသို့ ပြောင်းမည်ဖြစ်သည်။ အကယ်၍ ရှန်အိမ်တော်သာ ရောင်းထွက်သွားပါလျှင် ရှန်လင်းနှင့်အတူ မြို့သို့ လိုက်သွားမည်ဖြစ်သည်။ ဆုဝန်သည် အဆုံးမရှိသော စီးပွားရေးဖြစ်သည့် မာလာထန်းဆိုင်ကို ဖွင့်လှစ်ထားသည်။ ရှန်လင်းအတွက်မူ သူသည် နူးညံ့သောအစားအစာများကို စားနိုင်သည်။ သူသည် ဆုဝန်အတွက်လဲ ချက်ပြုတ်ပေးနိုင်သည်။ ထို့ပြင် အမျိုးသမီးများသည်သာ ထိုသို့သော ချက်ပြုတ်သည့် အလုပ်များကို လုပ်သင့်သည်။ ထိုသို့သော အလုပ်များကိုလုပ်ကိုင်နေသော အမျိုးသားသည် တကယ့်ကို အသုံးမဝင်ဖြစ်နိုင်ပေသည်။

အမျိုးသမီးဝမ်က ပြော၏။

“ဝန်ဝန်ရယ် ဒေါ်ဒေါ့်ကိုကြည့်ပါဦး။ ဒီရှန်လင်းဟာလေ သမီးရဲ့ဘဝအတွက် ယုံကြည်ကိုးစားလို့ရတဲ့သူ မဟုတ်ဘူး။ သူဘာတွေလုပ်နေတာလဲ ကြည့်ပါဦး။ တကယ့်ကို ရှက်စရာပဲ။ ဘယ်လိုလုပ် သန်သန်မာမာ ယောက်ျားသားကြီးတစ်ယောက်က မီးဖိုဝင်နေရတာလဲ။ ယောက်ျားသားဆိုတာဟာလေ တို့ရဲ့ လော့ရှန်းလိုမျိုး ဂုဏ်ကျက်သရေတိုးဖို့ လုပ်နေရမှာ။ သမီးလေးရှန်လင်းကို ရွေးချယ်လိုက်တာဟာ လော့ရှန်းရဲ့ ရင်ထဲမှာ သမီးလေးတွက် နေရာမရှိလို့ဆိုတာ ‌ဒေါ်ဒေါ်သိပါတယ်။ ဒါပေမဲ့လေ ဒီအရေးကြီးတဲ့ လက်ထပ်ခြင်းဆိုတာကလဲ မိဘတွေနဲ့ အောင်သွယ်တွေရဲ့ ပါးစပ်ဖျားမှာ ရှိနေတာပါပဲ။ သမီးလေးက ရှန်မိသားစုအတွက် ငွေတွေလဲ အများကြီး ရှာပေးခဲ့ပြီးပေမဲ့ ပြန်ရတာက ဒါလေးပဲလားကွယ်၊ ဒေါ်ဒေါ့်အမြင်တော့ သမီးလေး ဝမ်မိသားစုဆီကို ပြန်လာသင့်တယ်ထင်တာပဲ”

ဆုဝန်သည် အံ့သြတုန်လှုပ်၍သွား၏။ ဝမ်မိသားစုသည် ရဲတင်းလွန်းလှသည်။ အရှက်မရှိစွာ ဤသို့ စကားမျိုးကို ပြောနိုင်ပေ၏။

အမျိုးသမီးဝမ်က ဆက်၍ပြောသည်။

“သမီးလေး ပြောသလို ငွေဆယ့်သုံးတုံးဆိုရင်လဲ ဆယ့်သုံးတုံးပေါ့ကွယ်။ ဒီအုတ်အိမ်ကို ဒေါ်ဒေါ်ဝယ်ပါ့မယ်။ ဒါပေမဲ့ အချိန်ကျလာခဲ့ရင်လဲ သမီးလေးက ဒီမှာပဲဆက်နေလေနော်။ တို့မိသားစုတွေ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် တူတူနေကြရမှာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ”

ဆုဝန်သည် စိတ်ဆိုးဟန်မပြဘဲ ရယ်ရယ်မောမောဖြင့်သာ “ဘယ်လိုလုပ်ပြီး တူတူနေနိုင်ပါ့မလဲ” ဟု ပြောလိုက်သည်။

ဝမ်အမျိုးသမီးသည် အနည်းငယ်တင်းမာသော မျက်နှာထားဖြင့် “အရင်က လော့ရှန်းကလဲ စာလေ့လာ၊ သူ့အဖေကလဲ ကြိတ်ခွဲစက်မှာ အလုပ်လုပ်နေတုန်း တို့အမျိုးသမီးတွေကပဲ အိမ်မှာနေပြီး အိမ်အလုပ်တွေကို အတူတူ လုပ်ကြရတာမလား။ ကဲ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်သလဲ။ လော့ရွှယ်ရောပဲလေ”

“လော့ရွှယ်ကရော၊ သူကရော ဘာတွေများ လုပ်လို့လဲ” ဆုဝန်က မေးလိုက်သည်။

အမျိုးသမီးဝမ်သည် နှုတ်မှ လွှတ်ကနဲ ထွက်သွား၏။ “သူက ကလေးပဲရှိသေးတာလေ။ သူက ဘာလုပ်နိုင်မှာလဲ။ ဘာမှမှ မလုပ်တတ်တဲ့ဟာကွယ်”

ဆုဝန်က ပြုံးလိုက်သည်။ “ဒေါ်ဒေါ်မေ့နေတာထင်ပါရဲ့။ လော့ရွှယ်ကလေ သမီးထက် တစ်နှစ်ပဲ ငယ်တာ။ အဲ့တော့ သမီးကလဲ ကလေးပဲပေါ့နော်။ လော့ရွှယ်ကတောင် ဘာမှမလုပ်ဘဲနဲ့ ဘာလို့ သမီးက အိမ်အလုပ်တွေကို ပူပန်ပေးပြီး လုပ်နေရမှာလဲ ဟင်”

အမျိုးသမီးဝမ်သည် ထပ်ပြောသည်။ “ဘယ်အိမ်က သမီးတွေကရော ခုလို မနေကြလို့လဲ။ အချိန်တန်လာရင် ငါကလဲ ညည်းကို အလုပ်ကူလုပ်ပေးမှာပဲလေ၊ အဲ့တော့ ညည်းလဲ ဒီမာလာထန်းဆိုင်ရဲ့ စီးပွားရေးကို ကောင်းကောင်းမွန်မွန် ဆက်ပြီး လုပ်နိုင်မှာပဲ မဟုတ်ဘူလား”

“ဘယ်လိုပဲဖြစ်နေပါစေ၊ တို့ရဲ့ ဝမ်မိသားစုဟာ ရှန်မိသားစုထက် သာကိုသာတယ်။ အို အဆတစ်ရာတောင် မကပါဘူး။ တို့မိသားစုမှာ ကိုယ်ပိုင် ကြိတ်ခွဲစက်လဲ ရှိတယ်။ သူတို့အဖေနဲ့ ‌‌ဒေါ်ဒေါ်ဟာလဲ အသက်ရှင်လျက် ရှိနေသေးတယ်။ ရှန်မိသားစုထက် ပိုသာတာက လော့ရွှယ်ကလဲ သူ့ကိုယ်သူ စောင့်ရှောက်နိုင်တယ်လေ။ ဘာလို့ ဒီလို မိသားစုမျိုးမှာ လာပြီး ဒုက္ခခံနေမှာလဲ သမီးလေးရယ်၊ သမီး ဒေါ်ဒေါ်တို့ မိသားစုကို ပြန်သာလာခဲ့ရင် အဲ့အချိန်ကျရင်လေ တို့မိသားစုမှာ အရာရာ ပြည့်စုံသွားပြီ။ ကဲ ဘယ်လောက်တောင် ကောင်းလိုက်သလဲ”

ဆုဝန်သည် ဝမ်ရှီးနှင့် ထပ်မံ၍ စကားလုပြိုင်ကာ မပြောလိုတော့ပေ။ သို့သော် ဝမ်ရှီး ပြောနေသော စကားလုံးများမှာ ရယ်သွမ်းဖွယ်ကောင်း၍ ဒေါသထွက်ဖို့လဲ ကောင်းနေပေသည်။ သူမသည် တကယ့်ကို ရူးနှမ်းနေတာ ဖြစ်သည်။ သို့သော် ကံကောင်းသည်မှာ မူလဇာတ်ကောင်သည် မကွာရှင်းခင်အထိ သူမ၏ စကားလုံးများကို အမြဲနားလည်သဘောပေါက်စွာ ကြားနေခဲ့ရခြင်း ဖြစ်၏။

“ဒေါ်ဒေါ်က အိမ်အလုပ်တွေနဲ့ အလုပ်ရှုပ်ရလောက်အောင် သမီးကို ကူညီပေးမှာဆိုရင် ဆိုင်အလုပ်ကို ဘယ်ကူနိုင်ပါ့မလဲ။ ဒေါ်ဒေါ်ပြောချင်တဲ့သဘောက သမီးက ဆိုင်အလုပ်ရော အိမ်အလုပ်ရောကိုပါ သေချာ ဂရုစိုက် လုပ်ကိုင်ပေးရမယ်လို့ ပြောချင်တာလား။ သမီးက အဲ့လောက်တော့လဲ ကြိုးစားလုပ်တတ်တဲ့သူ မဟုတ်ပါဘူး။ ဒေါ်ဒေါ်ကသာ ရှန်မိသားစုဟာ ဝမ်မိသားစုလောက် မကောင်းဘူးလို့ ပြောနေပေမဲ့ ရှန်မိသားစုမှာလေ ဒေါ်ဒေါ်ရှန်ရော အစ်ကိုရှန်လင်းရောက အိမ်အလုပ်တွေကို သူတို့ဘာသာ လုပ်ကြတာပါ”

“ဒေါ်ဒေါ်က ရှန်လင်းဟာ ဝမ်လော့ရှန်းလောက် မကောင်းဘူးလို့ ပြောတယ်နော်။ သမီး စကားနည်းနည်း ပြောပြရရင် ရှန်လင်းဟာ ဝမ်လော့ရှန်းထက် အဆပေါင်း ထောင်ပေါင်းများစွာ သန်မာတဲ့သူပါ။ ဒေါ်ဒေါ် မယုံရင် ကြည့်လေ” ဆုဝန်သည် ဝမ်ရှီးက ရှန်လင်းအား သေးသိမ်သည်ဟုပြောသော စကားများကို သည်းမခံနိုင်ချေ။

ရှန်လင်းက ဝမ်လော့ရှန်းထက် အဆထောင်ပေါင်းများစွာ သာသည်ဟူသော စကားသည် ဝမ်ရှီး၏ နားထဲသို့ သံရည်ပူလောင်းထည့်လိုက်သလို ဝင်သွား၏။

“ရှန်လင်းက သူ့တစ်ဘဝလုံးကို ရွှံ့ထဲမှာ ကြီးပြင်းလာခဲ့ရတဲ့သူပါ။ ဘယ်လိုလုပ် င့ါသားလော့ရှန်းလေးနဲ့ ယှဥ်လို့ရနိုင်ပါ့မလဲ။ လော့ရှန်းက မကြာခင် အနာဂတ်မှာ ပညာသင်အဖြစ် သတ်မှတ်ခြင်းခံရမယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒီချင်းယွင်ကောင်တီမှာ လော့ရှန်းကို ယှဥ်နိုင်တဲ့သူဆိုတာ ရှိပါ့မလား။ ဒီလို ငါ့သားလော့ရှန်းလေးနဲ့ ရှန်လင်းကို ယှဥ်တယ်ဆိုကတည်းက ညည်း မျက်စိကန်းနေတာပဲ ဖြစ်ရမယ်”

ဝမ်ရှီးသည် ထိုသို့ပြောပြီးနောက် ထရပ်လိုက်ကာ “ငါထင်တယ် ငါသာ ညည်းတို့အိမ်ကို မဝယ်ရင် ဘယ်သူ့ကို ညည်းရောင်းမလဲ” ဟု ပြောလေသည်။

ထွက်မသွားခင် ဝမ်အဖေကလဲ တစ်ခုပြောခဲ့၏။ “ငါတို့သား ဝမ်လော့ရှန်းလေး ကျောင်းက ရွှေတံဆိပ်ဆုရတဲ့ စာရင်းထဲပါလာရင် ညည်းနောင်တရရလိမ့်မယ်”

ဆုဝန်ကမူ ပြုံးရင်း ပြောလိုက်သည်။ “ဖြည်းဖြည်းသွားကြပါရှင်”

ပိတ်ရက်များတွင် အတင်းအဖျင်းပြောတတ်ကြသော မိန်းမကြီးများကလဲ ရှန်လင်းသည် အလားမလာမရှိ၍ အားနည်းသောသူတစ်ဦးဖြစ်ပြီး ဝမ်လော့ရှန်းမှာမူ အလားအလာကောင်းသူတစ်ဦး ဖြစ်သည်ဟု ပြောတတ်ကြသည်။ ရွာသားများကလဲ ရှန်လင်းသည် စာပေလေ့လာရာတွင် ထူးချွန်သူတစ်ဦး ဖြစ်ခဲ့သည် ဟုတ်သော်ငြား သူစာပေမလေ့လာသည်မှာ သုံးနှစ်ပင် ရှိနေပြီဖြစ်ရာ ဝမ်လော့ရှန်းအား လိုက်မီနိုင်ရန်မှာ မဖြစ်နိုင်ဟု ဆိုကြလေ၏။

—-----

All Chapters