← Chapters

အိမ်ခြံမြေလုပ်ငန်းရှင်ကြီး

Vol. 4 Ch. 71

အိမ်ခြံမြေလုပ်ငန်းရှင်ကြီး

Vol. 4 Ch. 71

ချင်းရှီရွာရှိအိမ်မှာ တစ်ခဏအတွင်း ရောင်းမထွက်ခဲ့ရာ ဆုဝန်မှာလည်း ချင်းယွင်ကောင်တီတွင် အိမ်ဝယ်ရန် အလျင်မလိုပေ။ ရှန်လင်း၏ငွေကို သုံးမှသာလျှင် ရှန်လင်း ပို၍ သက်သောင့်သက်သာ ရှိနိုင်မည်ဖြစ်၏။

ရှန်လင်း ကျောင်းသွားရန် လိုအပ်သည်များ ပြင်ဆင်ပြီး ဆရာများစွာထံ သွားရောက်ခဲ့၏။ အရာအားလုံးသည် တည်ငြိမ်နေပြီဖြစ်၏။

မာလာထန်းဆိုင်၏ စီးပွားရေးအခြေအနေသည်လည်း တည်ငြိမ်နေပြီဖြစ်၏။ ငှားထားသောသူများသည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်၏။ ဆုဝန်က မကြာမကြာ သွားကြည့်ပေးရန်သာ လိုလေသည်။

ရှန်လင်း စာမလေ့လာသောအချိန်များတွင် ဆုဝန်နှင့်ရှန်လင်းတို့ ချင်းယွင်ကောင်တီအတွင်း စုန့်ရှန်းကျောင်းတော်အနီးရှိ အိမ်များကို လိုက်ပတ်ကြည့်ကြ၏။

အရှေ့ဘက်အခြမ်းသို့ အရင်ဆုံး သွားကြ၏။ စုန့်ရှန်းကျောင်းတော်၏ အရှေ့ဘက်အခြမ်းရှိအိမ်များမှာ သားသားနားနား ဆောက်လုပ်ထားကြခြင်း ဖြစ်သည်။ ဆုဝန်နှင့်ရှန်လင်းတို့ အကြိုက်အိမ်များနှင့် ထပ်တူကျ၏။

သို့ပေသိ အနောက်ဘက်ခြမ်းသို့ သွားကြည့်မိလေသော် အနောက်ခြမ်းရှိအိမ်များမှာ အရှေ့ခြမ်းနှင့် ခြားနားလှကြောင်း တွေ့ရှိလိုက်ရ၏။ အနောက်ခြမ်းရှိအိမ်များမှာ စုတ်ပြတ်လျက်ရှိပြီး နေထိုင်သူလည်း နည်းပါးလှ၏။

ချင်းယွင်ကောင်တီသားတိုင်းက အနောက်ဘက်ခြမ်းမှ ဤလူသူကင်းမဲ့ကာ ခြောက်ကပ်လှသော နယ်မြေကို ဆုဝန်နှင့်ရှန်လင်းတို့ကဲ့သို့သော လူများက မရောက်ဖူးကြောင်း သိထားလေသည်။

အိမ်များအားလုံးသည် ရွှံ့စေးမြေအိမ်များ ဖြစ်လေသည်။ အိမ်တိုင်းက တိတ်ဆိတ်ခြောက်ကပ်လျက် ရှိ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဆင်းရဲသားတို့နေထိုင်သည့်နေရာပုံ ပေါက်နေ၏။ သို့ပေသိ ယခု ဤနေရာတွင် သူဆင်းရဲအနည်းစုသာ နေထိုင်ရသည့်အကြောင်းအရင်းမှာ အသွားအလာ ခက်ခဲသောကြောင့်ဖြစ်၏။ အရှေ့ဘက်နှင့်စာလျှင် မြို့ထဲသို့ လမ်းလျှောက်သွားရန် အချိန်ပိုယူရ၏။

ဆုဝန်နှင့်ရှန်လင်းတို့ အတွင်းပိုင်းသို့ လျှောက်သွားလိုက်ရာ ချိုင်းထောက်နှင့်အဘိုးအိုတစ်ဦးကို တွေ့လိုက်ရ၏။ ရှန်လင်းက ရှေ့လှမ်းကာ မေးလိုက်လေ၏။

“ အဘိုး၊ ဒီနေရာမှာ လူဘာလို့ ဒီလောက်နည်းနေရတာလဲဗျ”

အဘိုးအိုက လမ်းယှမ်းပြ၍

“ ဒီမှာ အရင်ကတော့ ဆင်းရဲသားတွေ နေခဲ့ဖူးတယ်။ နောက်ပိုင်းကျ အဲဒီလူတွေ အလုပ်လုပ်ချင်ကြရော။ မြို့ထဲကိုသွားဖို့က အချိန်အရမ်းယူရမှန်း သတိထားမိသွားကြ‌တယ်လေ။ အရှေ့ဘက်ခြမ်းမှာလည်း ဆင်းရဲသားတွေ နေတဲ့တစ်နေရာ ရှိတယ်။ အားလုံးက အလုပ်ကြမ်း လုပ်ကြတာ။ နေရာက ငှားဖို့ပဲဖြစ်ဖြစ် ရောင်းဖို့ပဲဖြစ်ဖြစ် စျေးချိုတယ်ကွ။ အားလုံးက ဒီနယ်မြေကို စွန့်ပြီး မြို့တောင်ဘက်ကို ပြောင်းသွားတော့တာပေါ့”

ဆုဝန် တွေးကြည့်လိုက်၏။

‘နားလည်ပြီ။ ချင်းယွင်ကောင်တီထဲက အုတ်ဖိုတွေမှာ အလုပ်သမားတွေ ခေါ်တယ်။ ဒီနေရာက တောင်ဘက်မှာရှိတဲ့အုတ်ဖိုတွေနဲ့ ဝေးလွန်းတယ်။ အဲဒါကြောင့် လူတွေက မြို့တောင်ဘက်ကို ပြောင်းသွားကြတာပဲ’

အနှီသဘောတရားအရဆိုပါက ဤနေရာတွင် ရှိသူများသာမက တခြားနေရာမှ ဆင်းရဲသားများပါ မြို့တောင်ဘက်ခြမ်းကို ပြောင်းရွှေ့သွားကြခြင်းပင်။

အုတ်ဖိုများမှာ တောင်ဘက်ခြမ်းတွင် ရှိလေသည်။ သို့ဖြစ်ရာ အားလုံး တောင်ဘက်ခြမ်းကို ပြောင်းရွှေ့လိုက်သည်က ပိုအဆင်ပြေ၏။ နေ့စဥ်နေ့တိုင်း အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး အိမ်ကို ဝေးလံစွာ လမ်းလျှောက်ရခြင်းမှ သက်သာစေ၏။

ဆုဝန် ထိုကိစ္စကို တွေးတောနေစဥ် ရှန်လင်းက အဘိုးကြီးကို မေးမြန်းသည်ကို ကြားလိုက်ရ၏။

“ အဘိုး၊ ဒီ‌နေရာမှာ အိမ်စျေးဘယ်လောက်လဲဗျ”

အဘိုးအိုက ပြုံး၏။

“ ဒီနယ်မြေက အိမ်တွေက နဂိုကတည်းက သိပ်တန်‌ကြေးမရှိဘူး။ အခု လူတိုင်းက မြို့တောင်ပိုင်းကို အလုပ်လုပ်ဖို့သွားကြတော့ ဒီက အိမ်တွေက ပိုတောင် တန်ကြေးမရှိတော့ဘူး။ ဒီနယ်မြေကလူတွေ ဆင်းရဲမှန်း အကုန်လုံးက သိကြတယ်။ ဒါပေမဲ့ ဒီကိုပြောင်းချင်တဲ့သူ.....”

ရှန်လင်းနားထောင်နေရင်းဖြင့် အဘိုးအိုမှာ စကားလမ်းကြောင်းချော်သွားရာ မေးခွန်းအသစ်သာ မေးလိုက်ရ၏။

“ အဘိုး၊ ဒီနယ်မြေမှာ အိမ်စျေးဘယ်လောက်ပေါက်တာလဲဗျ။ ရောင်းချင်တဲ့သူများ ရှိလား”

အဘိုးအိုက ဆို၏။

“ ဒီနယ်မြေမှာ ဘယ်သူမှအိမ်မဝယ်ကြဘူး။ မင်းက စျေးမေးပြီးဘာလုပ်မလို့လဲ။ ဘာမှတန်ကြေး မရှိဘူး။ မင်း တကယ်ပဲ ဝယ်ချင်တယ်ဆိုရင် ပြောင်းမဲ့သူတစ်ယောက်ယောက်ကိုမေးကြည့်လိုက်။ မင်း ကြေးပြားတစ်ရာလောက်နဲ့ ဝယ်လို့ရနိုင်တယ်”

အနှီအိမ်အားလုံးမှာ ရွှံ့စေးမြေနှင့် ဆောက်ထားခြင်းဖြစ်ရာ ကုန်ကျစရိတ်နည်းပါး၏။ ရွှံ့စေးမြေသည် တန်ကြေး သိပ်မရှိလှချေ။

အဘိုးအိုက ဆိုပြန်၏။

“ တကယ်လို့ မင်း ကြေးပြား၁၀၀၊ ၈၀လောက်သုံးမယ်ဆိုရင် ရောင်းချင်တဲ့သူတွေအများကြီးရှိမှာပဲ”

ရှန်လင်းက ‌ထပ်မေးလိုက်သည်။

“ အဘိုး၊ ကျွန်တော် ဒီအိမ်ပိုင်ရှင်တွေကို ဘယ်မှာရှာလို့ရနိုင်မလဲ”

အဘိုးအိုက တစ်ခဏမျှ တွေးတောကြည့်ပြီးနောက်

“ အားလုံးက တောင်ဘက်ခြမ်းကို ပြောင်းသွားကြပြီ။ အထူးအထွေ ရှာလို့ရမှာမဟုတ်ဘူး။ “

အဘိုးအိုက ခေါင်းယမ်း၍

“ အခုလက်ရှိ ဒီမှာနေနေတဲ့သူတွေက ငါ့လို အိုမင်းချည့်နဲ့ပြီး မလုပ်နိုင်မကိုင်နိုင် နာမကျန်းဖြစ်နေတဲ့သူတွေချည်းပဲ။ ဘယ်သူမှာ ပြောင်းသွားချင်၊ ရောင်းပေးချင်မှာ မဟုတ်ဘူး။ ပြောင်းမဲ့သူ ရှာမရလောက်ဘူးကွ”

ရှန်လင်းက အဘိုးအိုကို လက်နှစ်ဖက်ယှက်၍ ဦးညွှတ်လိုက်ကာ

“ ကျေးဇူးတင်ပါတယ်၊ အဘိုး”

ထို့နောက် ရှန်လင်းသည် ဆုဝန်ကို ခေါ်၍ ထိုနေရာတစ်ဝိုက် နောက်တစ်ကြိမ် ပတ်ကြည့်လေ၏။ ဤနေရာသည် စုန့်ရှန်းကျောင်းတော်နှင့် မဝေးလှ။ ချင်းယွင်ကောင်တီရှိ ကျောင်းတော်အားလုံးနီးပါး ထိုနေရာတွင် ရှိလေသည်။

ဤဆင်းရဲသားရပ်ကွက်ကဲ့သို့သောနေရာသည် ကျောင်းနယ်နိမိတ်ဖြစ်ချေသည်ဟု ဆုဝန် ရုတ်တရက် အတွေးပေါက်သွား၏။

စုန့်ရှန်းကျောင်းတော် အရှေ့ဘက်ခြမ်းရှိ အိမ်များသည် သားနားပေသည်။ သို့သော် ရှေးလူများက မိဘနှင့်မခွဲခွာရရေးကို အလေးထားကြရာ ကျောင်းတော်အနီးသို့ တကူးတကပြောင်းရွှေ့သူမရှိချေ။ သို့ပေသိ စာလေ့လာခြင်းအတွက်မူ ကျောင်းနားတွင်နေထိုင်ခြင်းက ပို၍ အားအင်ချွေတာရာ ရောက်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ကျောင်းသားအများစုသည် နေ့စဥ်နှင့်အမျှ အိမ်ကို ခြေကျင်လျှောက်ပြန်နေရရာ စာလေ့လာချိန် ပွန်းပဲ့စေ၏။

ဤတစ်ခေါက်တွင်တော့ ရှန်လင်းက ဆုဝန်ကို မေးလေ၏။

“ ကိုယ်တို့ ဘာလို့ ဒီနေရာမဟုတ်ဘဲ အရှေ့ဘက်မှာ အိမ်ဝယ်နေတော့မှာလဲ။ ဒီကအိမ်တွေက စျေးပေါတယ်။ အရှေ့ဘက်ခြမ်းမှာက ငွေဆယ်တုံးကျော်ကျမှာ။ ဒီနေရာက ကိုယ်တို့ မာလာထန်းဆိုင်နဲ့ရော ‌‌ကျောင်းတော်နဲ့ရော မဝေးဘူး။ ဒီမှာနေဖို့ အဆင်ပြေတယ်”

“ ပြီးတော့ ဒီကအိမ်တွေက ပိုတန်ဖိုးရှိလောက်မယ်လို့ ကိုယ်ထင်တယ်”

ဆုဝန်က ခေါင်းညိတ်၏။

“ ပိုတန်ဖိုးရှိလောက်တယ်”

ရှန်လင်းက ရုတ်တရက် ဆုဝန်ကို အလေးအနက်ကြည့်ကာ

“ ဝန်ဝန်၊ ကိုယ့်မှာ မင်းနဲ့ဆွေးနွေးစရာကိစ္စလေး ရှိတယ်။ ချင်းရှီရွာက အိမ်ကို ရောင်းပြီးရင် ငွေ၁၂တုံး၊၁၃တုံးလောက် ရမှာမလား။ ကိုယ် မင်းဆီက ငွေ၆တုံးလောက် ယူလို့ဖြစ်မလား”

ရှန်လင်းစဥ်းစားနေသည်ကို ဆုဝန် ခန့်မှန်းမိ၏။

“ ကျိန်းသေပေါက်ဖြစ်တာပေါ့။ အဲဒါက အစကတည်းက ရှင့်အိမ်ပဲလေ။ ရှင် ကျွန်မကို တင်တောင်းပစ္စည်းအဖြစ် ပေးတယ်ဆိုပေမဲ့ ဒီလောကကြီးထဲထဲမှာ မိန်းမယူတယ်ဆိုတာ စည်းစိမ်ကုန်သုံးပစ်ရတာမှမဟုတ်တာ။ ကျွန်မကလည်း ချို့တဲ့နေတဲ့ဇနီးသည်မဟုတ်ပါဘူး။ ရှင် သုံးလို့ရပါတယ်”

ရှန်လင်းက ဆို၏။

“ ကိုယ် အစတုန်းကတော့ မင်းပိုက်ဆံကို ထပ်မသုံးတော့ဘူးလို့ ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ အခု ကိုယ် ပိုက်ဆံရှာလို့ရမဲ့နည်းတစ်ခု တွေးမိထားတယ်။ အလုပ်ဖြစ်မဖြစ်တော့ မသိပေမဲ့ စမ်းကြည့်ရမှာပဲ”

ရှန်လင်း အိမ်အရောင်းအဝယ် လုပ်ချင်နေခြင်းဖြစ်လောက်ကြောင်း ဆုဝန် ခန့်မှန်းမိ၏။ လက်ရှိကာလ အိမ်ခြံမြေများမှာ ၂၁ရာစုနှင့်မတူချေ။ ပြီးလျှင် အိမ်စျေးသည်လည်း တည်ငြိမ်၏။ သို့သော် ဤနေရာသည်ကား ကျောင်းတော်နှင့်နီး၍ ခြားနားလေ၏။ အထူးရင်းမြစ်ရှိနေသည်။ စျေးကွက်ကောင်းကောင်းရှာဖွေနိုင်ပါက ငွေရနိုင်မည်ပင်။

ဆုဝန်က ရှန်လင်းကို ပြော၏။

“ ရွာထဲက အိမ်တွေကို အခုမရောင်းကြသေးပေမဲ့ သူတို့ အနှေးနဲ့အမြန် ရောင်းကြမှာပါ။ ငွေ၆တုံးက အိမ်အတွက်၊ ငွေ၄တုံးက ကျွန်မ ရှင့်ကိုချေးတာ...”

ရှန်လင်းက ငြင်းဆန်ခြင်း မပြုခဲ့ချေ။

ထို့နောက် ရှန်လင်းသည် ဆုဝန်ကိုခေါ်၍ ဆင်းရဲသားများနေခဲ့ကြသော တခြားသုံးနေရာကို သွားကြည့်လေသည်။ သို့ပေသိ ယခုမူ အကုန်နီးပါး ထွက်သွားကြပြီဖြစ်၏။ ယင်းတို့ထဲမှ တစ်နေရာသည် တောင်ဘက်လမ်းနှင့် အတော်လေးနီး၏။ ဆယ်အိမ်ကျော်မျှ ရှိချေသည်။ အိမ်များသည်လည်း ရွှံစေးမြေဖြင့် ဆောက်ထားခြင်းဖြစ်၏။

ယင်းနေရာများကို ကြည့်ပြီးနောက် ရှန်လင်းသည် တစ်ဖန် မြင်းလှည်းမောင်းကာ ဆုဝန်ကို တောင်ဘက်လမ်းရှိ အုတ်ဖိုသို့ ခေါ်သွားလေ၏။

ရှန်လင်းသည် ဆုဝန်ကို မြင်းလှည်းပေါ်မှ မဆင်းခိုင်းခဲ့ချေ။ ဤနေရာသည် အမျိုးသားများဖြင့် ပြည့်နှက်နေရာ ရှန်လင်းက သူကိုယ်တိုင်သာသွား၏။ အုတ်ဖိုတွင် အလုပ်သမားများ အလုပ်ပြီးချိန်၌ နေဝင်နေပြီဖြစ်၏။ လူအုပ်ကြီးမှာ ထွက်သွားကြတော့၏။

ရှန်လင်းက မတ်မတ်ရပ်၍ အော်လိုက်၏။

“ မြို့တောင်ဘက်မှာ အိမ်ရောင်းမဲ့သူများ ရှိလားဗျ”

ရှန်လင်းသည် မြို့တောင်ဘက်နှင့် ပတ်သက်၍သာ မေးခဲ့ခြင်းဖြစ်ပြီး စုန့်ရှန်းကျောင်းတော်နှင့်နီးသည့် မြို့အနောက်ဘက်အကြောင်း မပြောခဲ့ချေ။ ဤတွင် အလုပ်လာလုပ်သည့် အုတ်ဖိုအလုပ်သမားအများစုမှာ နွမ်းပါးသည့်နေရာမှ လာကြသူများဖြစ်ပေသည်။

လူအများစုက ရှန်လင်းကို သိချင်စိတ်ပြင်းပြလျက် ကြည့်နေကြသည့်တိုင် စကားမပြောကြချေ။

ရှန်လင်းက ထပ်မေးလိုက်ပြန်၏။

“ မြို့တောင်ဘက်မှာ အိမ်ရောင်းမဲ့သူများ ရှိလားဗျ”

ခပ်နွမ်းနွမ်းအဝတ်အစားများ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်က မေးလေသည်။

“ ကျုပ်မှာ အိမ်တစ်လုံး ရှိတယ်။ ဒါပေမဲ့ တောင်ဘက်မဟုတ်ဘဲ မြို့အနောက်ဘက်မှာ။ မင်း မြို့အနောက်ဘက်အစွန်ကအိမ်ကို လိုချင်လား”

မှန်းထားသည့်အတိုင်း မြို့အနောက်ဘက်အစွန် နွမ်းပါးသည့်နေရာမှဖြစ်နေခဲ့သည်ပင်။

ရှန်လင်းက ပြောလိုက်၏။

“ မြို့အနောက်ဘက်အစွန်ကဟာကိုလည်း ကျွန်တော်လိုချင်ပါတယ်ဗျ”

လူကြီးက တုန့်ဆိုင်းစွာ ရှေ့တက်လာ၏။

“ အဲဒီနေရာမှာ ဘယ်သူမှမရှိဘူးနော်။ အခု စွန့်ပစ်မြေဖြစ်နေပြီ။ မင်း ဘာလို့ ဝယ်ချင်ရတာလဲ”

ရှန်လင်းက ပြုံးလေသည်။

“ ကျိန်းသေပေါက် ကျွန်တော် အသုံးလိုလို့ပေါ့။ ဒါပေမဲ့ အစ်ကိုကြီးရဲ့အိမ်က ဘယ်‌လောက်ကြီးလဲ။ ဘယ်လို ရောင်းပေးနိုင်မလဲ မသိဘူးဗျ”

လူကြီးက ရှန်လင်းနောက်မှ မြင်းလှည်းကိုကြည့်ကာ ခါးသက်စွာပြုံးလေ၏။

“ တကယ်လို့ ကျုပ်ပြောလိုက်ရင် မင်းဝယ်တော့မှာမဟုတ်ဘူး”

ရှန်လင်းက အလေးထားသည့် အမူအရာဖြင့်

“ အစ်ကိုကြီး၊ ပြောလို့ရပါတယ်ဗျ”

လူကြီးက ခေါင်းကုတ်လျက်

“ ကျုပ်မှာ အခန်းနှစ်ခန်းပဲပါတဲ့ အိမ်လေးရှိတယ်။ ကြေးပြားနည်းနည်းလောက်ပဲ တန်တာပါ။ ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူး”

ရှန်လင်းက အလေးအနက်ဆို၏။

“ အစ်ကိုကြီး၊ ကျွန်တော် ကြေးပြား၂၀၀ပေးမယ်ဆိုရင် ခင်ဗျား ကျွန်တော့်ကို အိမ်နဲ့မြေ ‌‌ရောင်းပေးလို့ရမလား”

လူကြီးမှာ အံ့အားသင့်သွားဟန်ပေါ်၏။ သူသည် မူလတုန်းက အိမ်ကို အမှိုက်ဟုသာ တွေးထင်ထားခဲ့ခြင်းပင်။ စျေးမြင့်မြင့်နှင့် ရောင်း၍ရနိုင်မည်ဟု လုံးဝ မထင်ထားမိခဲ့ချေ။ လူကြီးက ကပျာကယာ ခေါင်းညိတ်လေ၏။

ရှန်လင်းက ထပ်မေးပြန်၏။

“ အစ်ကိုကြီး၊ မြို့တောင်ဘက်က တခြားအိမ်တွေရော ရောင်းဖို့ရှိလားဆိုတာ သိလားဗျ”

လူကြီးက တစ်ခဏမျှ တွေဝေသွား၏။

“မင်း ကျုပ်ဟာကို မဝယ်တော့ဘဲ တခြားတစ်ယောက်ဆီက ဝယ်မလို့လား။ ကျုပ်ပြောမယ်။ ကျုပ်ဟာကိုပဲဝယ်။ ကျုပ်အိမ်က လေဝင်လေထွက်‌ကောင်းတယ်။ ကျန်တာက မကောင်းဘူးနော်”

ရှန်လင်းက လူကြီးကို ပြုံးရယ်လျက် ပြော၏။

“ အစ်ကိုကြီး၊ စိတ်မပူပါနဲ့ဗျာ။ ခင်ဗျားအိမ်ကို ကြေးပြား၂၀၀နဲ့ ကျွန်တော်ဝယ်မှာပါ။ တောင်ဘက်နဲ့ အနောက်ဘက်မှာနေခဲ့တဲ့ တခြားညီအစ်ကိုတွေရဲ့အိမ်တွေ ခင်ဗျားထပ်ရှာပေးနိုင်ရင် ကျွန်တော် ခင်ဗျားကို ကြေးပြား၂၀‌ ပေးမယ်လေဗျာ” ရှန်လင်းသည် ပြောရင်းပင် လူကြီးထံ ကြေးပြား၂၀ လှမ်းပေးလိုက်ပြီး ဖြစ်၏။

လူကြီးက ငွေယူလိုက်ပြီးနောက် တခြားအိမ်နီးချင်းဟောင်းများကို အမြန် ခေါ်လိုက်၏။ ရှန်လင်းက အားလုံးကို အိမ်ဝယ်လိုကြောင်း ပြောပြလေသည်။ အဆိုပါလူကြီးများအားလုံး၏မျက်နှာများမှာ ပျော်ရွှင်သွားကြ၏။ အားလုံးသည် အနှီအိမ်စုတ်လေးများမှ ပျက်စီးနေသည့် အုတ်ကြွပ်များကို လွှင့်ပစ်ရတော့မည်ဟု တွေးထားခဲ့ကြပြီး ငွေရနိုင်မည်ဟု မထင်ထားမိခဲ့ကြချေ။

ရှန်လင်းက အားလုံးကို ညကျ အိမ်များလိုက်ကြည့်ပြီး အိမ်အရွယ်အစားအလိုက် စျေးပေးမည်ဖြစ်ကြောင်းနှင့် လုပ်ထုံးများကို မနက်ဖြန် သို့မဟုတ် သန်ဘက်ခါလောက်တွင် ဆောင်ရွက်ပေးမည်ဖြစ်‌ကြောင်း ပြောခဲ့၏။

အနှီလူကြီးများအားလုံးသည် ရှန်လင်းနောက်လိုက်ကာ မြို့အနောက်တောင်ဘက်အစွန်သို့ သွားကြလေ၏။

ရှန်လင်း အိမ်ခြံမြေလုပ်ငန်း စတင်ရန် စီစဥ်နေခြင်းဖြစ်ကြောင်း ဆုဝန် နားလည်လိုက်၏။

ထိုသို့တစ်ညမျှသွားပြီးနောက် အရွယ်အစားမျိုးစုံရှိ အိမ်၁၂လုံးကို ရှန်လင်း ရွေးချယ်ဆုံးဖြတ်ပြီးဖြစ်၏။ ယင်းတို့အနက် လေးလုံးမှာ ကျယ်ဝန်းသည့်ခြံဝန်းနှင့် သစ်ပင်ပန်းမန်များရှိကာ စျေးများ၏။ ကျန်ခပ်သေးသေးအိမ်များသည်တော့ စျေးနည်းလေသည်။

တခြားနေရာများရှိသေးပေသည်။ အချိန်နောက်ကျနေပြီဖြစ်သည်ကြောင့် မရွေးဖြစ်‌သေးချေ။ ထိုလူများသည် သူတို့၏ တန်ကြေးမရှိသောအိမ်များ မရောင်းရတော့မည်ကို ကြောက်ရွံ့လျက် အလောတကြီးဖြင့် ရှန်လင်းကို မနက်ဖြန်ည လာကြည့်ပေးရန် တောင်းဆိုကြ၏။ လက်လျှော့လိုက်ဖို့ဆုံးဖြတ်ထားပြီးသားဖြစ်သည့်တိုင် ယခု ပိုက်ဆံရနိုင်ပြီဖြစ်ရာ အခွင့်အ‌ရေးကို အလောတကြီး ဆုပ်ကိုင်ထားလိုက်သည်မှာ သဘာဝကျပေသည်။

ရှန်လင်းက သူတို့ကို မနက်ဖြန်ည လာကြည့်မည်ဖြစ်ကြောင်းပြောတော့မှသာ အနှီလူများမှာ စိတ်သက်သာရာရသွားကြရှာ၏။

အပြန်လမ်းတွင် ရှန်လင်းသည် ဆုဝန်ကို ကျောင်းများနှင့်နီးသည့်မြေကို ရောင်းရန် ထိုသို့မဟုတ်ပါက သူကိုယ်တိုင် အိမ်ဆောက်လိုက်ပြီးရောင်းရန် စီစဥ်ထားကြောင်း ပြောပြလာ၏။

ဆုဝန် သူ့ဘာသာတွေးလိုက်၏။

‘ သူက စာအုပ်ထဲမှာ ထိပ်ထိပ်ကြဲစီးပွားရေးသမားကြီးတွေထဲက တစ်ဦးပဲ။ ရှန်လင်းရဲ့ဦးနှောက်က တကယ်သွက်လက်ချက်ချာတာပဲ။ သူတကယ် စီးပွားရှာတဲ့နေရာမှာ တော်တယ်။

ဒါပေမဲ့ ရှန်လင်းရဲ့ စာလေ့လာမှုကရော ဘယ်လိုဖြစ်သွားမလဲ။ သူ ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ သုံးနှစ်လုံးလုံး စာမလေ့လာခဲ့ဘူးလေ။ ဒါက သူနဲ့တခြား‌ကျောင်းသားတွေကြားက အကြီးမားဆုံး ကွာဟချက်ပဲ’

…

All Chapters