← Chapters

ငါအောင်မြင်လာတဲ့အခါ 

Vol. 4 Ch. 75

ငါအောင်မြင်လာတဲ့အခါ 

Vol. 4 Ch. 75

ဆုဝန်က ရှန်လင်းကို ‌ကျောင်းတော်အနီးရှိ အိမ်တစ်လုံးဆီသို့ ခေါ်သွားလေ၏။ ခြေလှမ်းအနည်းငယ်သာ လျှောက်ပြီး ရောက်သွား၏။ ဆုဝန်က တံခါးဖွင့်ရင်း ရှန်လင်းကို ပြောလာ၏။

“ အစ်ကိုရှန်လင်း၊ အခုကစပြီး ရှင်နေ့တိုင်း အိမ်ပြန်ပြီး နေ့လယ်စာစားလို့ရပြီ။ စားပြီးရင် တစ်ရေးတမောအိပ်။ အဲဒါဆို နေ့ခင်းကျ လန်းလန်းဆန်းဆန်း စာလေ့လာနိုင်တာပေါ့”

ရှန်လင်းက ရှေ့သို့လျှောက်လာရင်း ဆုဝန်ကို ပြောလိုက်၏။

“ ကိုယ်အရင်ဘဝက ဘယ်လိုကုသိုလ်မျိုးတွေများလုပ်ခဲ့လို့ မင်းလို မိန်းမကောင်းလေးနဲ့ တွေ့ခွင့်ရတာလဲကွာ”

ဆုဝန်က ပြုံးလျက်

“ ရှင် အရင်ဘဝတုန်းက ကောင်းတာတွေလုပ်ခဲ့ရုံတင် မကဘူး။ ဒီဘဝမှာလည်း ကောင်းတာတွေ လုပ်ထားတာပဲလေ”

ရှန်လင်းနှင့်ဆုဝန်သည် စကားပြောရင်း ရယ်မောရင်းဖြင့် ခြံဝင်းထဲ လျှောက်လာကြ၏။ အိမ်ထဲသို့ နေရာချရန် အချိန်မရသည်ကြောင့် ခြံဝင်းထဲ၌ ‌သယ်ရန် ပစ္စည်းများစွာ ရှိနေသေးသည်။

ဆုဝန်က ရှန်လင်းက ပစ္စည်းနေရာချရန် အလျင်မလိုဘဲ အိမ်ထဲဝင်နားရန် ပြောလေ၏။ ရှန်လင်းလည်း ဆုဝန်နောက် လိုက်၍ ရှန်အိမ်တော်ထဲ ဝင်လာလိုက်သည်။

တံခါးလိုက်ကာကို ဆွဲဖွင့်လိုက်သည်နှင့် နွေးထွေးသည့်လေထုပြင်းပြင်း တိုက်ခတ်လာသည်။ ရှန်ရှီးနှင့် ရှန်ယာယာသည် အခန်းအတွင်းရှိ စားပွဲတွင်ထိုင်လျက် လက်ဖက်ရည်သောက်၊ မုန့်စားနေကြ၏။ အခန်းတွင်း၌ မီးဖိုတစ်ခုလည်း ဖိုထား၏။ မီးသည် နွေးလှ၏။ အနှီသူတို့မှာ အအေးဒဏ်ကို မခံစားရပါချေ။

ဆုဝန်က အိမ်တိုင်း၌ ဤသို့သောမီးဖိုမျိုးရှိကြကြောင်း ရှန်လင်းကို ပြောပြလာ၏။ သို့ဖြစ်ရာ နောက်တွင် အအေးဒဏ်ကို မည်သူမျှခံစားရတော့မည်မဟုတ်ချေ။

ရှန်လင်းက မိန်းကလေးသုံးယောက် နေသောအခန်းများတွင် မီးသွေး ပိုထည့်သင့်ကြောင်း၊ သူ့အခန်း၌ အများကြီး ထည့်ရန်မလိုကြောင်း ပြောလာ၏။ ပထမတစ်ချက်မှာ သူသည် အအေး အရမ်းမကြောက်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ‌တော့ကျောင်းတော်မှ မီးသွေးဖိုများသည် ဤမျှ မီးမတောက်သောကြောင့်ဖြစ်၏။ အကယ်၍ အပူချိန်မတူညီပါက သူ့အတွက် သင့်တော်မည် မဟုတ်ချေ။

ဆုဝန်က ယင်းမှာ ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်သည်ကြောင့် သဘောတူလိုက်၏။

ရှန်လင်း၏အခန်းမှာ ရှိးရှင်းသော်လည်း သပ်ရပ်ပေသည်။ အိပ်ရာကို အိပ်ရာခင်းအသစ်များ ခင်းထား၏။ အခန်းအတွင်းရှိပရိဘောဂများကိုလည်း အရည်အသွေးမြင့်သစ်သားဖြင့် ပြုလုပ်ထား၏။

ရှန်ရှီးက ရှန်လင်းနှင့်ဆုဝန်ကို လက်ယပ်ခေါ်၍ လာထိုင်ခိုင်း၏။ ယခုမူ ရှန်ရှီး၏မျက်နှာထက်တွင် နာမကျန်းသည့် အရိပ်အယောင်တို့ မရှိတော့ချေ။ ခြေထောက် အနည်းငယ်ယိုင်သည်မှလွဲ၍ သာမန်လူတစ်ယောက်နှင့် ကွာခြားမှု မရှိချေ။

ရှန်လင်းထိုင်ပြီးနောက် ရှန်ရှီးသည် ရှန်လင်းနှင့်ဆုဝန်ကိုပြောလာခဲ့သည်။

“ လင်းအာ၊ ဝန်ဝန်။ အမေ့ခန္ဓာကိုယ်နဲ့အရိုးတွေက အခု ပိုကောင်းလာပြီ။ အမေအတော်လေး အားရှိလာသလိုပဲ။ အခု သားတို့နှစ်ယောက် အရမ်းအလုပ်များကြတာ။ နောက်ဆို အဝတ်လျှော်တာတို့ ချက်ပြုတ်တာတို့လို အိမ်အလုပ်တွေကို အမေနဲ့ ယာယာ လုပ်လိုက်မယ်”

ဆုဝန်က ရှန်ရှီးကို ပြောလေ၏။

“ အဒေါ်၊ အ‌ဒေါ်ကျန်းမာရေးက လုံးဝကြီး ပြန်မကောင်းသေးဘူးလေ။ ဒီအလုပ်တွေကို အဒေါ်လုပ်လို့ ဘယ်ဖြစ်မှာလဲ။ ကျွန်မနဲ့ အစ်ကိုရှန်က အလုပ်ကိစ္စတွေ အိမ်အလုပ်တွေနဲ့ အလုပ်နည်းနည်းတော့ များတယ်။ ဒါပေမဲ့ အဒေါ့်ကို စောင့်ရှောက်ပေးဖို့နဲ့ အိမ်အလုပ်တွေလုပ်ဖို့ အဒေါ်ကြီးနှစ်ယောက်ရှာဖို့ ကျွန်မ စီစဥ်ထားပါတယ်။ ဒီအလုပ်တွေ အဒေါ့်ကို ဘယ်လုပ်ခိုင်းရက်ပါ့မလဲ”

ရှန်လင်းသည်လည်း အနည်းငယ်စိုးရိမ်သွားမိ၏။

“ အမေ၊ သား နေ့တိုင်း စာသင်ပြီးလို့ပြန်လာရင် တချို့အလုပ်တွေ လုပ်လို့ရတယ်လေ။ အမေ အလုပ်ရှုပ်ခံစရာမလိုပါဘူး”

ရှန်ရှီးက သက်ပြင်းချလျက် ဆိုလာ၏။

“ အမေ နေမကောင်းစဖြစ်ကတည်းက အိမ်က အတွင်း၊ အပြင်အလုပ်အားလုံး လင်းအာပေါ် ပုံကျလာခဲ့တာ။ ပြီးတော့ ဝန်ဝန် စရောက်ကတည်းက အလုပ်တွေက အတောမသတ်နိုင်ဘူး။ လူကြီးတစ်ယောက်ဖြစ်ပြီး မင်းတို့ကို ဘာမှ ကူမပေးနိုင်ဘဲ ဒုက္ခပဲပေးမိတယ်။ မင်းတို့ အမေ့ကိုပေးမလုပ်ဘူးဆိုရတော့ အမေ စိတ်မကောင်းဖြစ်ရလိမ့်မယ်“

ရှန်ရှီး၏ဆုံးဖြတ်ချက်သည်ကား ခိုင်မာလှ၏။ သို့ဖြစ်ရာ ဆုဝန်က ပြောလိုက်ရသည်။

“ အဒေါ်၊ ဒီလိုဆိုရင်‌ရော။ ကျွန်မတို့ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေးလုပ်ဖို့ အဒေါ်ကြီးတစ်ယောက် ငှားလိုက်မယ်လေ။ စားစရာချက်ပြုတ်ဖို့ကိုတော့ အဒေါ်လုပ်ပေါ့။ အစ်ကိုရှန်က နေ့တိုင်း စာလုပ်နေရမှာ၊ ကျွန်မကလည်း အချိန်သိပ်မရဘူးလေ။ အဒေါ်က အိမ်မှာ နေ့တိုင်း နေ့လယ်စာ ပြင်ထားပေးရင် ကျွန်မတို့ အတော်လေး အလုပ်ရှုပ်သက်သာသွားမှာ”

ရှန်လင်းသည်လည်း ပြောလာခဲ့၏။

“ အမှန်ပဲ အမေ။ အမေ နေ့တိုင်း နေ့လယ်စာပြင်ပေးတာနဲ့တင် သားတို့ကို အတော်လေး ကူညီပေးရာရောက်နေပါပြီ”

ရှန်ယာယာက ဘေးမှဝင်ပြောလေ၏။

“ ဟုတ်တယ် အမေ။ မမဆုဝန်နဲ့ အစ်ကိုကြီးရှန်လင်းက နေ့တိုင်းအလုပ်များနေကြတာ။ တကယ်လို့ အမေသာ ပင်ပန်းပြီး ထပ်နေမကောင်းဖြစ်ရင် အမေ သူတို့ကို ကူပေးနိုင်တော့မှာမဟုတ်ဘူး”

ရှန်ရှီးက ထိုမှသာလျှင် သဘောတူတော့သည်။

“ ကောင်းပါပြီ၊ ကောင်းပါပြီ။ သားတို့သမီးတို့ပြောတဲ့အတိုင်း လုပ်ပါ့မယ်။ အမေက နေ့တိုင်း နေ့လယ်စာပဲချက်မယ်။ ဒါပေမဲ့ သားတို့က ကျိန်းသေပေါက် ပြန်လာစားရမယ်နော်”

ရှန်ရှီး နေမကောင်းမဖြစ်ခင်တုန်းက ဟင်းချက်လက်ရာကောင်းလှ၏။ ယခု သူ့ကျန်းမာရေးက ပိုမိုကောင်းမွန်လာပြီဖြစ်ရာ ဆုဝန်နှင့် ရှန်လင်းအတွက် အကူအညီဖြစ်နိုင်ပြီဟု ရှန်ရှီး ခံစားရ၏။

ရှန်ရှီးက လက်ရှိတော့ ညစာကို ယာယီ သူကိုယ်တိုင် ချက်ပြုတ်မည်ဖြစ်ကြောင်း၊ အဒေါ်ကြီးတစ်ယောက် ရှာပြီးတော့မှသာ သူ့ကို ချက်ခိုင်းလိုက်မည်ဖြစ်‌ကြောင်းပြောလာ၏။ ရှန်လင်းနှင့် ဆုဝန်သည်လည်း သဘောတူခဲ့၏။ ရှန်ရှီးသည် ချက်ပြုတ်ရန် မီးဖိုချောင်သို့သွားခဲ့ပြီး ရှန်ယာယာက လက်တိုလက်တောင်းလုပ်ပေးရန် အနောက်မှလိုက်သွားလေသည်။

အိမ်ကို ကောင်းစွာ မရှင်းလင်းရသေးချေ။ သို့ဖြစ်ရာ ရှန်လင်းနှင့်ဆုဝန်က စာဖတ်ခန်းကို အတူတကွ ရှင်းလင်းသိမ်းဆည်းကြ၏။

အနှီအိမ်အတွင်း၌ စာဖတ်ခန်း အသင့်ရှိပြီးသားပင်။ စာအုပ်စင်၊ စာကြည့်စားပွဲ၊ တစ်ရေးတမော အိပ်စက်အနားယူရန် အိပ်ရာတစ်ခုတို့နှင့် မီးသွေးဖိုတစ်ခုပါ ရှိသေး၏။

ဆုဝန်က ရှန်လင်း၏ စာအုပ်၊ စုတ်တံ၊ မင်ခွက်နှင့် စက္ကူများကို နေရာချနေစဥ်၌ ရှန်လင်းသည် စားပွဲခုံပေါ်ရှိ ပစ္စည်းများကို ရေစိုဝတ်ဖြင့် သုတ်လေ၏။

ရှန်လင်းတွင် စာအုပ်များစွာရှိနေ၏။ သူ သုံးနှစ်စာသင်ရိုးကို လွတ်ထားခဲ့သည်ကြောင့် သုံးနှစ်တာ သင်ရိုးအတွက် စာအုပ်အားလုံးကို ဝယ်ယူထာလေသည်။ ဆုဝန်က စာအုပ်များကို နှစ်အလိုက် စီပေး၏။

ရှန်လင်းသည် အခန်းတွင်းရှိ ပရိဘောဂများကို သန့်ရှင်းရေးလုပ်ပြီး ကြမ်းပြင်များကိုပါ သုတ်လေသည်။ ဆုဝန်မှာ စာအုပ်စီ၍ မပြီးသေးချေ။

ဆုဝန်သည် အမြဲပင် အလုပ်လုပ်ရာ၌ လျင်မြန်သွက်လက်၏။ ယနေ့ နှေးနေရသည့်အကြောင်းအရင်းမှာ နှစ်အလိုက်စီရရုံသာမက မည်သည့်စာအုပ်မှန်း သိသာစေရန် စာအုပ်တွင် စက္ကူကပ်ခွာလေးများ ကပ်နေရသောကြောင့် ဖြစ်၏။ မင်သွေး၍ ရေးရသည်။ အခြောက်ခံရသည်။ စာအုပ်‌‌ပေါ် ကပ်ရသည်။ သို့ဖြစ်ရာ လုပ်ငန်းစဥ်မှာ နှေးနေတော့သည်။

ရှန်လင်းသည် သူ့အလုပ်များပြီးသော် ဆုဝန်ကို သွားကူပေး၏။

နှစ်ယောက်သားမှာ စာအုပ်တစ်အုပ်တည်းကို လှမ်းယူမိလိုက်ရာ ရှန်လင်းနှင့်ဆုဝန်တို့၏ လက်‌ချောင်းများသည် အမှတ်မထင် ထိမိသွားတော့သည်။ ရှန်လင်းမှာ ကြက်သေသေသွားရ၏။ ဆုဝန်သည်လည်း ကြက်သေသေသွားလေသည်။ ဆုဝန် ရှန်လင်းအိမ်တွင် နေခဲ့သည်မှာ ရက်အတော်ကြာချေပြီ။ ဆုဝန်နှင့် ရှန်လင်းသည် မကြာခဏ အလုပ်အတူလုပ်ကြ၏။ သို့ပေသိ ဆုဝန်နှင့် ရှန်လင်းမှာ အချစ်စကားများ မဖလှယ်ဖူးခဲ့ပေ။ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ရုံဖြင့် အပြန်အလှန်နားလည်နေမှုမျိုး မရှိသလို အသားချင်းထိတွေ့မှုမျိုးလည်း မရှိခဲ့ပါချေ။

ရှန်လင်းက မျက်လုံးများကိုပင့်မြှောက်လျက် ဆုဝန်ကို ကြည့်လာ၏။

လှပလွန်းသော မျက်နှာတစ်ခုပင်ဖြစ်သည်။ အသားအရေသည်ကား နူးညံ့ ချောမွေ့နေပြီး၊ မျက်ဝန်းများသည်ကား ကြယ်စင်လိုတောက်ပလျက်၊ ဆံပင်များသည်တော့ မင်ရည်နှယ် မည်းနက်လျက်ရှိ၏။ မိန်းမပျိုလေး၏ မျက်နှာမှာ အိပ်မက်သဖွယ် ဆန်းကြယ်လှ၏။ အလှမ်းဝေးကွာလွန်းသော အလှတရားမျိုးပင်။

သို့ရာတွင် ယခု အနှီမိန်းကလေးသည် မျက်မှောက်တွင် ရှိနေခဲ့ပါ၏။ သူ၏လက်သည်ကား သူ့ဘေးနားလေး၌ ရှိနေခဲ့၏။ သူတို့နှစ်ယောက်သည် စေ့စပ်ထားကြပြီး အနာဂတ်တွင် သူ၏ဇနီးသည် ဖြစ်လာမည်ပင်။

ဆုဝန်သည်လည်း မျက်ဝန်းများကို မော့ကြည့်လာ၏။ ရှန်လင်းက သူ့ကို ကြည့်နေခဲ့လေသည်။ သူ၏စိတ်အာရုံတွင် ရှန်လင်းသည် သူ့ကို တစ်ခါမျှ ဤသို့မကြည့်ခဲ့ဖူးချေ။ သူက အမြဲတစေ မျက်လွှာချ၍ပင် ကြည့်တတ်၏။ သူနှင့်စကားပြောသည့်အခါမျိုးတွင်ပင် မျက်လုံးပင့်မကြည့်ဖူးချေ။

ဆုဝန်မှာ ရှန်လင်း သူ့ကို ကောင်းကောင်းဆက်ဆံပေးခြင်းမှာ ကြင်နာတတ်သောကြောင့်သာ ဖြစ်သည်။ ဆုဝန်ကို အိုးမဲ့အိမ်မဲ့ကလေးတစ်ယောက်ဟု ထင်မိသောကြောင့်သာ စေ့စပ်ခဲ့ခြင်းဖြစ်သည်။ ရှန်လင်းက သူ့အပေါ် ခံစားချက်မရှိဟု တွေးထင်ခဲ့ဖူး၏။

ရှန်လင်း၏ မျက်ဝန်းများထဲတွင် ဆုဝန် သူ့ကိုယ်သူ ပြန်မြင်လိုက်ရ၏။

ပထမဆုံးအကြိမ်အဖြစ် ရှန်လင်းက ဆုဝန်၏ မျက်နှာကို တည့်တည့်ကြည့်လာခြင်းပင်။ သူ့အမူအရာသည်လည်း အလေးအနက် ဖြစ်နေခဲ့၏။

“ တကယ်လို့ ကိုယ် အန်းခယ့်စာမေးပွဲကို ထူးထူးချွန်ချွန်အောင်ခဲ့ရင် ကိုယ်တို့ လက်ထပ်ကြရအောင်” ဟု ရှန်လင်းက ပြောလာ၏။

ဆုဝန်က ပြုံးလျက်

“ တကယ်လို့ ရှင် အန်းခယ့်စာမေးပွဲကို ထူးထူးချွန်ချွန် မအောင်ဘူးဆိုရင်လည်း ကျွန်မတို့ လက်ထပ်လို့ရပါတယ်”

ရှန်လင်းက ခေါင်းခါလျက် ပြော၏။

“ မင်းကို လက်ထပ်ယူဖို့ပဲ ဆိုရင်တောင်မှ ကိုယ် အသည်းအသန် ကြိုးစားရမှာပဲ။ ဒီရက်ပိုင်းတော့ တချို့ကိစ္စတွေကို မင်းတစ်ယောက်တည်း ဖြေရှင်းထားဖို့ လိုလိမ့်မယ်။ ကိုယ့်ကို သုံးလပဲစောင့်ပေးပါ”

ဆုဝန်က ခေါင်းညိတ်၏။ ရှန်လင်းက လက်မြှောက်၍ ဆုဝန်၏လက်ဖမိုးကို ဆုပ်ကိုင်လိုက်၏။ တစ်ခဏမျှ ကြာပြီးနောက် လွှတ်ပေးလိုက်၏။

ရှန်လင်းက ဆုဝန် အမှတ်အသားလုပ်ထားသည့်စာအုပ်ကို စာအုပ်စင်ပေါ် လှည့်၍တင်လိုက်လေသည်။

ဝမ်လော့ရှန်းသည် လေအေးဒဏ်ကို ကြံ့ကြံ့ခိုင်၍ အမွှေးတိုင်တစ်ဝက်မျှစာလောက် လမ်းလျှောက်ခဲ့ပြီး‌ နောက်ဆုံးတွင်တော့ အိမ်ပြန်ရောက်ခဲ့ရှာပြီဖြစ်၏။

ရှန်လင်းအိ မ်ပြန်ရောက်နှင့်နေလောက်ပြီဟု စဥ်းစားမိသော် ဝမ်လော့ရှန်းမှာ တစ်ကိုယ်လုံးရှိ အားအင်များ ယုတ်လျော့သွားရ၏။

ဝမ်လော့ရှန်းမှာ အိပ်ရာပေါ်တွင် လှဲနေလျက်သား။ သူတစ်စက်မှ မလှုပ်ချင်တော့ပေ။ သို့သော်လည်း ဝမ်အဖေက တံခါးဖွင့်လာ၏။

“မင်းက မသိတတ်မလိမ္မာတဲ့သားမိုက်ပဲ။ မင်းပြန်ရောက်တော့ ဘာလို့ ကြိတ်ဆုံရုံကို လာမကူညီရတာလဲ။ မင်းက ငါ့ကို ပင်ပန်းပြီး သေသွားစေချင်တာလား။ ငါ မင်းကို ရှန်လင်းတို့ အုတ်အိမ် ဝယ်ပေးတယ်။ ဒါကို မင်းက ကျေးဇူးပြန်မဆပ်ဘဲ ဒီမှာပုန်းနေဖို့ တွေးထားတယ်ပေါ့လေ”

ဝမ်လော့ရှန်းမှာ ငိုမိတော့မတတ်။ သို့သော် ရှန်လင်းတို့ အုတ်အိမ်ကို သူ့အတွက် ဝယ်ပေးသည်ဟု ဆိုခြင်းသည်တော့ ရယ်ဖွယ်ကောင်းလှ၏။

သို့ပေသိ ဝမ်လော့ရှန်းသည် သူ့အဖေကို ခံမပြောရဲချေ။ သို့ဖြစ်ရာ သူ၏ နွမ်းနယ်နေသော ခန္ဓာကိုယ်ကြီးကို တရွတ်တိုက်ဆွဲ၍ ကြိတ်ဆုံရုံသို့ အလုပ်သွားလုပ်ရရှာတော့သည်။

ရှန်လင်းနှင့် ဆုဝန်သည် နှစ်နာရီမျှ အလုပ်ရှုပ်နေခဲ့၏။ အိမ်ရှိ စာကြည့်ခန်း၊အိပ်ခန်းများအားလုံးကို သူတို့ သန့်ရှင်းရေးလုပ်ခဲ့လေသည်။ အခန်းတိုင်း၌ မီးသွေးဖိုတစ်ခုစီရှိရာ လူတိုင်း နွေးနွေးထွေးထွေး နေနိုင်မည်ပင်။

တစ်ချိန်တည်းမှာပင် ချင်းကျိုးစီရင်စု တင့်ပေအမတ်မင်းအိမ်တော်၌ မိန်းမပျိုလေးတစ်ဦးက လမ်းပြခေါ်ဆောင်လာသော ကြမ်းတမ်းစုတ်ပြတ်သည့် အဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီးကြီးတစ်ယောက်သည် ဖုအန်းမင်းသမီး၏အခန်းတွင်းသို့ ဝင်လာလေ၏။

အမျိုးသမီးကြီးက အခန်းတွင်းဝင်လိုက်သည့်နှင့် သူ့ရှေ့တွင် ရွှေတွဲလွဲငွေတွဲလွဲ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦး၏ နူးညံ့သိမ်မွေ့သောမျက်နှာတစ်ခုကို မြင်လိုက်ရ၏။ သူ၏မျက်ဝန်းအိမ်တို့မှာ စိုစွတ်လာခဲ့လေသည်။ အမျိုးသမီးကြီးက ‌ရှေ့တိုး၍ မိန်းမပျိုလေးကို ဖက်လိုက်၏။

“ အမေ့ကလေးလေး၊ အရှင်မင်းကြီးက သမီးကို နယ်စားကြီးမိသားစုက သားနဲ့ လက်ဆက်ပေးတယ်။ သမီးအတွက် အမေ စီစဥ်ထားတာတွေ အလကားမဖြစ်ဘူးပဲ”

သို့သော် မိန်းမပျိုလေးက အမျိုးသမီးကြီးကို မနှစ်မြို့စွာ တွန်းထုတ်လိုက်၏

“ သမီး အဲဒီတုန်းက အမေ့ကို မေးထားတဲ့ကလေးကို ရှာတွေ့ပြီလား။ သူ အခုဘယ်မှာတဲ့လဲ။ သူ ရုတ်တရက်ကြီး ပေါ်လာပြီး သမီးကိစ္စတွေကို ဖျက်ဆီးမှာတော့ မဟုတ်ဘူးမလား”

အမျိုးသမီးကြီးက ကပျာကယာ ခေါင်းယမ်းရှာ၏။

“ သူ့သတင်းကို ပြောပြမလို့ပဲ အမေ လာခဲ့တာပါကွယ်။ သူ အရင်က လူချမ်းသာမိသားစုရဲ့ သတို့သမီးလောင်း ဖြစ်ခဲ့တာ။ နောက်တော့ သူတို့က သူ့ကို မလိုကြတော့ဘူး။ သူ နောက်ထပ် ဆင်းရဲသားမိသားစုဆီ ရောက်သွားတယ်။ အဲဒီမိသားစုကသားနဲ့ စေ့စပ်ထားတယ်ဆိုပဲ။ အဲဒီမုဆိုးမ သားအမိတတွေက တစ်သက်လုံး ဇာတ်နိမ့်တွေပဲဖြစ်နေမှာ။ သမီး မစိုးရိမ်ပါနဲ့။ ဒီအတိုင်း ကလေးမလေးပါပဲ။ သမီး နောက်အဆင်ပြေရင် အမေ့ကိုပစ်မထားပါနဲ့နော်”

မိန်းမပျိုလေးက အနည်းငယ် စိတ်မရှည်သည့်အသံဖြင့်

“ အမေ စိတ်ချပါ။ သမီး အမေ့ကိုပစ်မထားပါဘူး။ ဒါပေမဲ့ အမေ နောက်ကို ကိစ္စရှိတိုင်း သမီးကို လာမရှာနဲ့”

…

All Chapters