ဝမ်လော့ရှန်းတစ်ယောက် ကိုယ့်သေတွင်းကိုယ်တူးမိလေခြင်း
Vol. 4 Ch. 77
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ဝမ်လော့ရှန်းတို့အိမ်၌ နိမိတ်မကောင်းသည့်အရာများစွာကို ပြောဆိုကာ ပြဿနာရှာသွားကြ၏။ ဝမ်ရှီးသည်လည်း စဥ်းလဲကာ စွာသူတစ်ဦးဖြစ်သော်ငြား အဘွားရှန်နှင့် အဘိုးရှန်တို့ နှစ်ယောက်ပေါင်း၍ ရန်ဖြစ်သည့်အင်အားကိုတော့ မမီသေးချေ။
ဝမ်လော့ရှန်းသည် အဘိုးရှန်နှင့် အဘွားရှန်ကို ကြောက်လန့်ကာ ရှန်လင်းနှင့်ဆုဝန်တို့ နေထိုင်သည့်နေရာကို ပြောပြလိုက်ချင်သော်လည်း ရှန်လင်းနှင့်ဆုဝန်တို့ မည်သည့်နေရပ်သို့ ပြောင်းရွှေ့သွားကြောင်း သူ အမှန်ပင် မသိပါချေ။ နောက်ဆုံး၌ ဝမ်လော့ရှန်းသည် မတ်တတ်ထရပ်ကာ အဘိုးရှန်နှင့်အဘွားရှန်ကို ဆုဝန်နှင့် ရှန်လင်းတို့ နေနေသည့်အိမ်ကို သူသေချာပေါက် ရှာပေးမည်ဖြစ်ကြောင်း ပြောလာတော့သည်။ ထိုအခါမှသာ အဘိုးရှန်နှင့်အဘွားရှန်က ရှန်လင်းကို သွားရှာခိုင်းလေ၏။
တကယ်တမ်းတွင်တော့ အဘိုးရှန်နှင့် အဘွားရှန်၏ ပြဿနာရှာနိုင်စွမ်းကိုမြင်ပြီး အဘိုးရှန်နှင့် အဘွားရှန်က ရှန်လင်းဘယ်မှာရှိကြောင်း သူ့ကို မမေးခဲ့လျှင်တောင်မှ အဘိုးရှန်နှင့် အဘွားရှန်တို့ ပြဿနာသွားရှာအောင် ပြောရမည့်နည်းလမ်းကို ဝမ်လော့ရှန်း တွေးထားပြီးသားပင်။
ရုတ်ခြည်းပင် အဘိုးရှန်နှင့်အဘွားရှန်မှာ ရှန်လင်းကိုရှာမတွေ့ပါက ပြဿနာရှာနိုင်ကြောင်း ဝမ်လော့ရှန်း တွေးမိသွားရ၏။ ရှန်လင်း စုန့်ရှန်းကျောင်းတော်တွင် စာလေ့လာနေကြောင်း သူတို့မသိလောက်သေးချေ။ မဟုတ်ပါက သူတို့ ကျောင်းတော်သို့ သွားကာ ပြဿနာရှာကြမည်ပင်။ အကယ်၍ အဘိုးရှန်နှင့်အဘွားရှန်သာ ကျောင်းတော်တွင် ရန်ရှာကြပါက ရှန်လင်း ကျိန်းသေပေါက် အရှက်ကွဲချေမည်။
သို့ဖြစ်ရာ ဝမ်လော့ရှန်းသည် အဘိုးရှန်နှင့်အဘွားရှန်ကို ရှန်လင်း စုန့်ရှန်းကျောင်းတော်တွင် စာလေ့လာနေလျက်ရှိကြောင်း အလျင်အမြန် ပြောပြလိုက်လေ၏။
ရှန်လင်း မည်သည့်နေရာတွင်ရှိကြောင်းကြားပြီးနောက် အဘိုးရှန်နှင့်အဘွားရှန်သည် စုန့်ရှန်းကျောင်းတော်၌ ပြဿနာသွားရှာရန် လက်လျှော့လိုက်တော့၏။
အဘိုးရှန်နှင့် အဘွားရှန်သည် လောလောဆယ် ဝမ်မိသားစုက အရင်ပြန်ကာ မနက်ဖြန်မှ စုန့်ရှန်းကျောင်းတော်သို့သွား၍ ပြဿနာရှာရန် စီစဥ်ထားကြသည်ပင်။ သို့ပေသိ သူတို့သည် အသက်အရွယ်ကြီးရင့်၍ အတွေးအမြင်နည်းသော်ငြား ကျောင်းတော်၏စီမံအုပ်ချုပ်မှုမှာ တင်းကြပ်လှကြောင်း သိထားကြ၏။ အကယ်၍ ရုတ်ရုတ်သဲသဲ သွားလုပ်ပါက ကျောင်းစောင့်များ ဝိုင်းရိုက်ခြင်းကို ခံရနိုင်လေသည်။ သို့ဖြစ်၍ အသင့်တော်ဆုံးသောအချိန်မှာ နေ့လယ်စာ ထမင်းစားနားချိန်ပေတည်း။
ဒုတိယနေ့ မွန်းမတည့်မီအချိန်၌ အဘိုးရှန်နှင့်အဘွားရှန်သည် ကျောင်းတော်ဝင်ပေါက်တွင် စောင့်ဆိုင်းနေကြ၏။ သူတို့နှစ်ဦးစလုံးမှာ ဂွမ်းထည်ခြုံထည်များကို ဝတ်ဆင်ထားကြပြီး ကိုယ့်ကိုယ်ကိုယ် အနွေးဓာတ်ရစေရန် လက်များကို ဝတ်ရုံလက်အတွင်း လျှိုသွင်းထားကြ၏။
ဆုဝန်သည် ညနေခင်း လုပ်စရာမရှိသောကြောင့် မုန့်စျေးတန်းသွားရန် စီစဥ်ထားလေ၏။ အသစ်ဝယ်ထားသောအိမ်မှ မုန့်စျေးတန်းသို့ ရောက်ရန် စုန့်ရှန်းကျောင်းတော်ဝင်ပေါက်ကို ဖြတ်သွားရ၏။
ဆုဝန်သည် ရင်းနှီးနေသည့် စိတ်ပျက်စရာပုံရိပ်နှစ်ခုကို မလှမ်းမကမ်းမှ မြင်လိုက်ရ၏။ ‘ အဲဒါ အဘိုးရှန်နဲ့ အဘွားရှန် မဟုတ်ဘူးလား။’
အများကြီးတွေးနေစရာမလိုဘဲနှင့်ပင် ဆုဝန်မှာ အဘိုးရှန်နှင့် အဘွားရှန်တို့ ဤနေရာသို့ ဘာလာလုပ်ကြမှန်း ခန့်မှန်းမိပြီးချေပြီ။’ သူတို့ ကျောင်းတော်မှာ ပြဿနာလာရှာတာပဲ နေမှာပေါ့။ တစ် ရှန်လင်းကို အရှက်ကွဲအောင်လုပ်မယ်။ နှစ် ခြိမ်းခြောက်ပြီးငွေတောင်းမယ်။ အတော်လေး စက်ဆုပ်ဖို့ကောင်းတာပဲ။’
ဆုဝန်သည် တည်တည်ငြိမ်ငြိမ်နှင့်ပင် စျေးလမ်းကို ကွေ့ပတ်ကာ မြင်းလှည်းတစ်စီးငှား၍ ကောင်တီရုံးတော်သို့ မောင်းခိုင်းခဲ့၏။
ဆုဝန်မှာ ကောင်တီတရားသူကြီးနှင့် ကြိမ်ဖန်များစွာ ညှိနှိုင်းလိုက်ရ၏။ စာရွက်စာတမ်းများ ကိုင်တွယ်စဥ်က လူဆိုးထိန်းများကို ကြေးပြားအနည်းငယ် ပေးခဲ့သောကြောင့်သာ ဆုဝန်သည် ကောင်တီတရားသူကြီးနှင့် လွယ်လင့်တကူ တွေ့ခွင့်ရခြင်းပင်။ သူစိုးရိမ်နေသည်များကို ရှင်းပြပြီးနောက် ကောင်တီတရားသူကြီးက ချက်ချင်းပင် လူဆိုးထိန်းနှစ်ယောက်ကို အဘိုးရှန်နှင့် အဘွားရှန်တို့ ပြဿနာရှာလာကြပါက ကျောင်းတော်တွင်ပြဿနာရှာသည့်အတွက် မေးမြန်းစုံစမ်းဖို့ ခေါ်လာခဲ့ရန် တာဝန်ပေးလိုက်၏။
ဆုဝန်က ကောင်တီတရားသူကြီးကို ကျေးဇူးတင်ပြီးနောက် လူဆိုးထိန်းများကိုခေါ်ကာ စုန့်ရှန်းကျောင်းတော်ဆီသို့ မြင်းလှည်းဖြင့် အမြန်ထွက်လာခဲ့လိုက်သည်။
ဆုဝန် အသွားအပြန်လုပ်သည်မှာ မြန်ဆန်လှ၏။ အချိန်ကြန့်ကြာခြင်း မရှိချေ။
ကျောင်းတော်သို့ရောက်သောအခါ နေ့လယ် ဘယ်အချိန် အတန်းဆင်းမလဲမသိဘဲ တုန်တုန်ယင်ယင်ဖြင့် ဆက်လက် စောင့်ဆိုင်းနေလျက်ရှိသော အဘိုးရှန်နှင့်အဘွားရှန်ကို မြင်လိုက်ရ၏။
ဆုဝန်နှင့် လူဆိုးထိန်းများသည် အမှောင်ရိပ်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် တိတ်တဆိတ် စောင့်ဆိုင်းကြ၏။
နေ့လယ် ထမင်းစားဆင်းသော် ဝမ်လော့ရှန်းမှာ အနည်းငယ် စိတ်ပျက်သွားရ၏။ မနေ့က သူ အဘိုးရှန်နှင့် အဘွားရှန်ကို ရှန်လင်း ကျောင်းတက်၍ စာလေ့လာနေကြောင်း ပြောပြခဲ့သည်မှာ အဘိုးရှန်နှင့် အဘွားရှန်တို့ ပြဿနာလာရှာကြလိမ့်မည်ဟု မျှော်လင့်မိသောကြောင့်ပင်။ သို့ပေသိ ဝမ်လော့ရှန်းမှာ တစ်မနက်လုံး စောင့်မျှော်နေခဲ့သည့်တိုင် စောင့်ရလွန်း၍ ဆရာစာသင်သည်ကို အာရုံမစိုက်နိုင်ဖြစ်သည့်တိုင် အဘိုးရှန်နှင့်အဘွားရှန်မှာ ရောက်မလာခဲ့ချေ။
နေ့လယ်စာ ထမင်းစားနားသော် ဝမ်လော့ရှန်းသည် အခန်းသန့်ရှင်းရေးသွားလုပ်ရ၏။ သူ ကျောင်းပြင် ထွက်လိုက်သည်နှင့် ကျောင်းပေါက်ဝတွင် ရင်းနှီးနေသည့်ပုံရိပ်နှစ်ခုကို မြင်လိုက်ရလေသည်။ ဝမ်လော့ရှန်းမှာ ပျော်ရွှင်သွားရကာ ကျောင်းပေါက်ဝသို့ လာခဲ့လိုက်၏။ အပြင်ဘက်တွင် စောင့်နေကြသော အဘိုးရှန်နှင့် အဘွားရှန်ကို သူပြောလိုက်၏။
“ အဘိုးရှန်၊ အဘွားရှန်။ ဒီလောက်အေးနေတာ အဘိုးတို့ ဘယ်လိုဖြစ်ပြီး ဒီရောက်နေကြတာလဲ”
အဘိုးရှန်၏အသံမှာ အအေးဒဏ်ကြောင့် တုန်ရီနေလျက်
“ ငါ ရှန်လင်းကိုလာရှာတာ။ အဲဒီမသိတတ်မလိမ္မာတဲ့မြေးမိုက်ရှန်လင်းကို တွေ့မိသေးလား”
ဝမ်လော့ရှန်းက ပြုံး၍
“ ရှန်လင်းက အဆောင်ထဲမှာလေ။ ခဏနေ သူထွက်လာတော့မှာပါ။ ဒါပေမဲ့ နေ့လယ်ပိုင်း ဘယ်သူမှ အပြင်မထွက်ကြဘူး။ ဒီဂိတ်ပေါက်ကနေ ရှန်လင်းတစ်ယောက်ပဲထွက်တာ “
ဝမ်လော့ရှန်း၏ဆိုလိုရင်းမှာ အဘိုးရှန်နှင့် အဘွားရှန်တို့ အပြင်မှာ ပြဿနာရှာပါက အသုံးမဝင်ဟူ၍ပင်။ ကြည့်ဖို့ လူအများကြီး ရှိနေမည်မဟုတ်ရာ အထဲဝင်၍ ပြဿနာရှာရမည်ပင်။
သို့သော် ကျောင်းတော်သည် ကြီးကျယ်ခမ်းနားသောနေရာတစ်ခုဖြစ်ရာ အဘိုးရှန်မှာ အထဲသို့ မဝင်ရဲချေ။ အဘိုးရှန်၏မျက်နှာပေါ်၌ တွေဝေမှုများ ရှိနေခဲ့၏။
အဘိုးရှန်က တုတ်တုတ်မျှမလှုပ်သည်ကို မြင်သော် ဝမ်လော့ရှန်းက ပြောလိုက်၏။
“ အဘိုးတို့နှစ်ယောက် ကျောင်းတော်က မြေးလေးဆီ လာလည်တာမလား။ အပြင်မှာ ရပ်နေစရာအကြောင်းမှ မရှိတာ။ သိတတ်လိမ္မာမှုက ဦးစားပေးပဲ။ အထဲဝင်ပြီး သူ့ဆီ သွားလည်လို့ရပါတယ်”
ဝမ်လော့ရှန်း၏ စည်းရုံးမှုကြောင့် အဘိုးရှန် သဘောထားပြောင်းသွားကာ ချက်ချင်းပင်ဆိုလာခဲ့၏။
“ သွားကြတာပေါ့။ ငါ လမ်းမသိဘူး။ မင်း ငါတို့ကို ဒီမသိတတ်မလိမ္မာတဲ့မြေးကို သွားရှာဖို့ ခေါ်သွားပေးဦး”
ဝမ်လော့ရှန်းက အလွန်အမင်းကျေနပ်သွားရကာ ကပျာကယာဆိုလာ၏။
“ အဘိုးရှန်၊ အဘွားရှန် ဒီဘက်ပါ”
ဝမ်လော့ရှန်းက အဘိုးရှန်နှင့်အဘွားရှန်တို့ကို လမ်းပြခေါ်ဆောင်သွားသည်ကို ဆုဝန် ရှင်းရှင်းလင်းလင်း တွေ့လိုက်ရ၏။ ဆုဝန်က သူ့ဘေးရှိ လူဆိုးထိန်းကို တီးတိုးပြောလိုက်သော် လူဆိုးထိန်းက မျက်မှောင်ကြုတ်လျက် ပြောလာ၏။
“ ကျောင်းသားလေးက ကြည့်လိုက်ရင် ကြင်နာတတ်မဲ့ပုံနဲ့ ဒီလောက်စာရိတ္တဆိုးတယ်။ ခဏပဲစောင့်။ ငါ သူနဲ့ အဲဒီအဘွားကြီးကိုပါ ကိုင်တွယ်လိုက်မယ်”
ဝမ်လော့ရှန်းသည် အဘိုးရှန်နှင့်အဘွားရှန်ကို ကျောင်းဆောင်များဘက်သို့ အလျင်အမြန် ခေါ်လာခဲ့လိုက်၏။ ရှန်လင်းသည် ကျောင်းဆောင်အတွင်းမှ ထွက်လာလေသည်။
ဝမ်လော့ရှန်းက အလောတကြီး အော်ခေါ်လာ၏။
“ ရှန်လင်း၊ မင်းဆီ ဘယ်သူလာလဲကြည့်ပါဦး။ မင်း အဘိုးနဲ့အဘွားကို မတွေ့ရတာကြာပြီမလား။ မင်းအဘိုးနဲ့အဘွားက မင်းကို တကယ်ကြီး လူကိုယ်တိုင်လာတွေ့တာကွ”
ရှန်လင်း တစ်လုံးမှ မပြောရသေးမီမှာပင် ဝမ်လော့ရှန်းက မီးစာထပ်ထည့်လိုက်ပြန်၏။ သူက ထပ်ပြောလာပြန်သည်။
“ မင်းအဘိုးနဲ့ အဘွားက မင်းကို ဂိတ်ပေါက်မှာအကြာကြီးစောင့်နေရတာ။ အဆောင်ထဲက နွေးနွေးထွေးထွေး ဖြစ်စေမဲ့ဟာလေး သွားယူချည်လေ”
ဝမ်လော့ရှန်းက အော်ငေါက်လိုက်သော် အဆောင်ထဲရှိ သူများက စည်စည်ကားကားကြည့်ရှုရန် ထွက်လာကြတော့သည်။
ဝမ်လော့ရှန်း၏စကားများကို ကြားပြီးနောက် စာသင်သားအားလုံးက ရာသီဥတုအေးအေးကြီး၌ မြေးကိုတွေ့ရန် ကျောင်းတော်သို့ လူကိုယ်တိုင် လာခဲ့သည့် အဘိုးအဘွားများအကြောင်း တီးတိုး ပြောဆိုကုန်ကြ၏။ ယင်းသည် စည်းမျဥ်းနှင့်သွေဖည်နေသော်ငြား ရင်ထဲထိစေဆဲပင်။
ရှန်လင်းသည်တော့ ဝမ်လော့ရှန်း၏အကြံကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ပြီးသားပင်။ ရှန်လင်းက အလေးအနက်ဖြင့် ဆိုလိုက်၏။
“ ဝမ်လော့ရှန်း မင်း အရင်တုန်းက တရားသူကြီးရဲ့ စီရင်ချက်ကို အမှတ်ရဦးနော်။ ဒီနေ့ ဒီလိုတွေပြောပြီး ငါ့ကို မတရားသဖြင့် ထောင်ချောက်ဆင်မလို့လား”
ရှန်လင်း၏စကားများကိုကြားသော် အဘိုးရှန်က ဆူပူမာန်မဲလာတော့သည်။
“ ရှန်လင်း၊ မသိတတ်မလိမ္မာတဲ့မြေးမိုက်။ မင်းက အဘိုးအဘွားတွေကို မထောက်ပံ့ဘူး။ အဘိုးအဘွား နောက်ကွယ်မှာ အိမ်ကို ရောင်းလိုက်လိုက်တယ်။ မင်းအိမ်က ကောင်တီဘယ်နားမှာလဲဆိုတာလည်း ငါတို့ကို မပြောပြဘူး။ မင်း ငါတို့ကို မှတ်ရောမှတ်မိသေးရဲ့လား”
ရှန်လင်းသည် အဘိုးရှန်၏ အနိုင်အထက်ပြုမှုကို ခံစားရသည်ကြောင့် ဒေါသထွက်လာတော့သည်။ အနှီကောက်ကျစ်သည့် လူအိုကြီးများသည် သူ့အဘိုးအဘွားများပင်ဖြစ်၏။ ထို့အတွက် သူ ရက်စက်ခြင်း မပြုနိုင်ပေ။
ကျောင်းတော်ရှိ စာသင်သားများကို ထိုအကြောင်းကို စတင်တီးတိုးပြောဆိုကြကုန်၏။ ထိုအခိုက်အတန့်မှာပင် လူဆိုးထိန်းများနှင့် လှပသည့်မိန်းမပျိုတစ်ဦးက ကျောင်းတော်ထဲသို့ ဝင်လာခဲ့လေသည်။
လူဆိုးထိန်းများသည် ရှေ့သို့ ခြေလှမ်းသွက်သွက် လျှောက်လာကြပြီး အဘိုးရှန်နှင့် အဘွားရှန်ကို တစ်ယောက်စီ လက်မောင်းမှနေ၍ ချုပ်ထားလိုက်ကြ၏။
“ ခင်ဗျားတို့နှစ်ယောက်က ကျောင်းတော်ရဲ့ အချက်အချာနေရာကြီးမှာ ပြဿနာရှာရဲတယ်ပေါ့လေ” ဟု မျက်နှာမည်းမည်းနဲ့ လူဆိုးထိန်းခေါင်းဆောင်က ငေါက်ငမ်းပြောဆိုလေ၏။
ကျောင်းတော်မှာ အမှန်ပင် စိတ်ထင်တိုင်းကြဲလို့ရသည့်နေရာတစ်ခုမဟုတ်ရာ အဘိုးရှန်နှင့်အဘွားရှန်ကို ဖမ်းလိုက်ခြင်းမှာ ကျိုးကြောင်းဆီလျော်မှုမရှိသည်မျိုး မဟုတ်ပါပေ။
အဘိုးရှန်က ကပျာကယာဖြင့် သူ့မြေးက သူ့ကိုဂရုမစိုက်ခြင်းမှာ မသိတတ်မလိမ္မာမှုမည်ကြောင်း၊ သို့ဖြစ်ရာ သူ ကျောင်းတော်သို့လာ၍ ယင်းအကြောင်း ဆွေးနွေးရန်မှလွဲ ရွေးစရာမရှိတော့ကြောင်း ပြောရှာ၏။
လူဆိုးထိန်းက ယင်းသို့ကြားသော် ချက်ချင်းပင် ခွန်းတုံ့ပြန်လာခဲ့၏။
“ ခင်ဗျားက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတဲ့ လူယုတ်မာပဲ”
အနီးတစ်ဝိုက်ရှိ စာသင်သားများမှာ အနည်းငယ် အံ့အားသင့်သွားရ၏။
မျက်နှာမည်းလူဆိုးထိန်းက ပြော၏။
“ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ခင်ဗျား ရှန်လင်းကို မသိတတ်မလိမ္မာမှုနဲ့ တရားစွဲခဲ့တယ်။ အဲဒီတုန်းက ခင်ဗျား အပြစ်ပေးခံလိုက်ရတယ်လေ။ အခု ခင်ဗျားက ရှန်လင်းကို အရှက်ခွဲဖို့ ဒီကို လာခဲ့တာပေါ့လေ”
“ ဒီငပွကြီးနှစ်ယောက်က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောပြီး ကျောင်းဝင်းထဲ ပြဿနာလာရှာနေတယ်”
စာသင်သားများမှာ အခုမှပင် နားလည်သွားကြာတော့သည်။ အကယ်၍ သူတို့သာ ရှန်လင်းကို အမှန်တကယ် ဂရုစိုက် ချစ်ခင်သည်ဆိုပါက ရှန်လင်း၏မျက်နှာကို မထောက်ဘဲ ကျောင်းတော်တွင် ပြဿနာလာရှာမည်မဟုတ်။
ဆုဝန်က သိမ်မွေ့စွာ ထရပ်၍
“ လူကြီးမင်းတို့၊ ဒီပြဿနာလာရှာတဲ့နှစ်ယောက်ကို ရုံးတော်ကို ခေါ်သွားပေးလို့ရမလားရှင့်”
မျက်နှာမည်းလူဆိုးထိန်းက ပြန်ဖြေ၏။
“ ကျိန်းသေပေါက် ရတာပေါ့။ တာ့ကျိုးမှာ ကျောင်းတော်ဆိုတာ အရည်အချင်းရှိတဲ့သူတွေကို လေ့ကျင့် မွေးထုတ်ပေးနေတဲ့နေရာ။ လာနှောင့်ယှက်တဲ့သူရှိရင် ကျောင်းတော်က ကောင်းကောင်း လည်ပတ်နိုင်တော့မှာမဟုတ်ဘူးလေ”
ဆုဝန်ကပြုံးလျက်
“ ကျွန်မအထင်တော့ ဒီအဘိုးကြီး၊အဘွားကြီးနှစ်ယောက်က ကျောင်းတော်ထဲ သူတို့ဘာသာသူတို့တော့ ဝင်မလာရဲလောက်ဘူး။ ပြီးတော့ သူတို့ ကျောင်းကိုလည်း ရှာမတွေ့နိုင်လောက်ဘူး။ ဆိုတော့ ကျိန်းသေပေါက် သူတို့ကို ကူညီပေးနေတဲ့သူရှိနေတာပဲ”
ဝမ်လော့ရှန်းမှာ တုန်လှုပ်သွားရ၏။
ယင်းသို့ကြားသော် အဘိုးရှန်မှာ ရုတ်ခြည်းပင် သူ့ကိုယ်သူ အမှုမပတ်အောင် မသက်ဆိုင်ကြောင်း ငြင်းဆို၍ရနိုင်ကြောင်း တွေးမိသွားကာ ကပျာကယာ ပြောလာ၏။
“ ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဝမ်လော့ရှန်းက ကျွန်တော့်ကို ရှန်လင်းဒီမှာရှိတယ်လို့ ပြောပြပြီး ပြဿနာလာရှာခိုင်းခဲ့တာပါ။ အထဲခေါ်သွင်းခဲ့တာကလည်း သူပါပဲ”
အဘွားရှန်သည်လည်း ငိုကြွေးလျက်
“ လူကြီးမင်း၊ ကျွန်မတို့လို နုံနုံအအတွေက ဘာများသိနိုင်မှာမို့လို့လဲ။ ဝမ်လော့ရှန်းက ကျွန်မတို့ကို လုပ်ခိုင်းခဲ့တာပါရှင်”
ကျောင်းတော်ရှိ စာသင်သားများက ဝမ်လော့ရှန်းကိုကြည့်ကာ စတင်တီးတိုးပြောဆိုလာကြတော့သည်။
‘ဒီဝမ်လော့ရှန်းက အတော်လေး ကျိုးကြောင်းမဆီလျော်တာပဲ။ သူက နံပါတ်တစ်ပဲဖြစ်နေတုန်းကို ဘာလို့ ဒီလို စက်ဆုပ်စရာကောင်းတဲ့ကိစ္စမျိုးကို လုပ်ရတာလဲ။ မဟုတ်ရင် သူ စောနက အဲဒီလောက် ပျော်ပြီး လျှောက်အော်နေမှာ မဟုတ်ဘူး”
မျက်နှာမည်းလူဆိုးထိန်းက ဝမ်လော့ရှန်းကို ကြည့်လိုက်ကာ
“ ဒါနဲ့ စောနက ဒီလူကြီးနှစ်ယောက်က အထဲမဝင်ရဲဘဲ အပြင်မှာ ရပ်နေကြတာ။ မင်း သူတို့ကို ခေါ်သွင်းလာခဲ့တာပဲဖြစ်ရမယ်။ လာစမ်း၊ မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်”
မျက်နှာမည်းလူဆိုးထိန်းပြောပြီးသွားသည်နှင့် အဘွားရှန်ကို ချုပ်နှောင်ထားသည့် လူဆိုးထိန်းလေးက ဝမ်လော့ရှန်းကိုပါ ချုပ်လိုက်တော့သည်။
ဝမ်လော့ရှန်းက အထိတ်တလန့်ဖြင့်
“ ဒါ ကျွန်တော်နဲ့ မဆိုင်ဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို ဖမ်းလို့မရဘူး”
ဝမ်လော့ရှန်းကို ချုပ်ထားသော လူဆိုးထိန်းလေးက တည်ငြိမ်စွာပြန်ပြောလာ၏။
“ စိတ်ချပါ။ ရုံးတော်ကို သွားပြီး ကိစ္စတွေကို ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လုပ်လိုက်။ ကြိမ်ဒဏ်နည်းနည်းလောက် ပေးပြီးရင် ပြန်လွှတ်ပေးမှာပါ။ အကြီးအကျယ်ကြီး မဟုတ်ပါဘူး”
လူဆိုးထိန်းလေး၏စကားကို ကြားလိုက်သောအခါ စာသင်သားများမှာ ပို၍ပင် အံ့သြသွားကြတော့သည်။ အနှီဝမ်လော့ရှန်းသည် ကျောင်းတော်တွင် နံပါတ်တစ်ဖြစ်လေသည်။ ယနေ့တွင် ပြစ်ဒဏ်ပေးခံရတော့မည်ဖြစ်ပြီး ကျောင်းတော်တစ်ခုလုံးကလည်း သူပြစ်ဒဏ်ခံရမည် ဖြစ်ကြောင်း သိထားချေသည်။ မည်မျှပင် ရှက်ဖွယ်ကောင်းလိုက်ပါသနည်း။
မျက်နှာမည်းလူဆိုးထိန်းက စာသင်သားများကို ပြောလာပြန်၏။
“ ဒီပြဿနာနှစ်ကောင်ကို ခေါ်သွားလိုက်ပါဦးမယ်။ ကျောင်းသားကောင်းများအားလုံးလည်း ဒီနေ့ဖြစ်ရပ်ကို နမူနာယူပေးကြပါ။ တူညီတဲ့အမှားမျိုး မဖြစ်ကြပါစေနဲ့”
ပြော၍ပြီးသော် သူတို့သည် အဘိုးရှန်၊ ငိုကြွေးနေသည့် အဘွားရှန်နှင့် ခြေထောက်များ မခိုင်တော့သော ဝမ်လော့ရှန်းတို့ကို ခေါ်ဆောင်သွားကြတော့လေသည်။
…