အခန်း (၇၈)
Vol. 4 Ch. 78
အခန်း (၇၈)
ဝမ်လော့ရှန်းသည် တရားရုံးသို့ ခေါ်သွားခံရသည်ကို သိသောအခါ ကျောင်းတစ်ခုလုံးသည် ချက်ချင်းလက်ငင်းပင် ပေါက်ကွဲလုမတတ် အုံးအုံးကြပ်ကြပ်ဖြစ်သွားကြသည်။ သူသည် ကျောင်းတွင် နာမည်ကြီးကျော်ကြားသောသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် သူသည် အနာဂတ်တွင် ကျင်းရှီပညာသင်အဖြစ် သတ်မှတ်ခြင်းခံရနိုင်သည့်သူတစ်ဦးဖြစ်သည်။ ထိုသို့သောသူသည် အဘယ်ကြောင့် တရားရုံးသို့ ခေါ်သွားခြင်းခံရပါသနည်း။
အားလုံးသိကြသည့်အတိုင်း ဝမ်လော့ရှန်းသည် ပညာသင်တစ်ဦးဖြစ်သည်။ တရားသူကြီးသည်ပင် သူ့ကိုဒူးတုပ်ထိုင်စေခြင်းမရှိခဲ့ပါ။ မည်သို့ဖြစ်စေ ယနေ့ ဝမ်လော့ရှန်း၏ပုံစံကို ကြည့်ရသည်မှာ သူ၏ သေသပ်သောပုံစံ ပျောက်နေသည်။ သူသည် ထက်မြက်နူးညံ့သည့် ပညာသင်တစ်ဦးပုံစံ ပေါ်မနေပါချေ။ သို့သော် တကယ့်ကို ကြည့်မကောင်းသော လူသာမန်ပုံစံသာပေါ်နေသည်။
ဆုဝန်သည် တရားရုံးအစေခံက ဝမ်လော့ရှန်းနှင့် အဘိုးရှန်ကိုခေါ်သွားသည်ကို မြင်လိုက်သည်။ ထိုသို့မခေါ်သွားခင်က ရှန်လင်းနှင့် အဘိုးရှန်၊ အဘွားရှန်တို့က ဆက်ဆံရေးကို ရှင်းလင်းပြီး ဖြစ်သောကြောင့်သာ ဆုဝန်သည် စိတ်အေးသွားရသည်။ ထိုနှစ်ယောက်သည်လည်း တကယ့်ကို ကပ်တွယ်နိုင်လွန်းသည်။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းက ကျောင်းပြန်တက်နေသည်ကို မသိကြပါ။ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ကြည့်လိုက်လျှင် ဝမ်လော့ရှန်းက ပြောလိုက်တာ ဖြစ်ရမည်။ ထို့ပြင် ဝမ်လော့ရှန်းသည် ဤနေရာ၌ မီးလောင်ရာ လေပင့်၍ အောက်ဆီဂျင်လုပ်ရန် ရှိနေတာဖြစ်သည်။ ထို့ကြောင့် ခုလိုခေါ်သွားခံရတာ တကယ့်ကို သူနှင့်ထိုက်တန်လှသည်။
ဆုဝန်သည် မူလက ရှန်လင်းကို ကြိုရန်မလာပါချေ။ သို့သော် နေ့လယ်စာစားချိန်ရောက်တုန်း မာလာထန်းဆိုင်ကို လာကြည့်ရင်း ဤအဖြစ်အပျက်ကို တွေ့လိုက်ရတာဖြစ်သည်။ ထို့ကြောင့် ဆုဝန်သည် ရှန်လင်းနှင့်အတူတူ အိမ်ကိုပြန်ပြီး ရှန်လင်းနှင့်အတူတူ ညစာစားရန် လာခေါ်တာ ဖြစ်ပါပေသည်။
နေ့လယ်စာစားစဉ်က ဆုဝန်သည် ဝမ်လော့ရှန်းက အဘိုးရှန်နှင့် အဘွားရှန်ကို ကျောင်းထဲသို့ ခေါ်သွားသည်ကိုတွေ့လိုက်သည်။ ထို့ကြောင့် သူမသည် တရားရူံးမှ အစေခံလေးကို ခေါ်လိုက်တာဖြစ်၏။ ရှန်လင်းက သူ့ခေါင်းကို တွင်တွင်ခါယမ်းပြီး "ဝမ်လော့ရှန်းက တကယ့်ကို စိတ်မြန်လက်မြန် ရှိလွန်းတယ်။ သူစာပေလေ့လာတဲ့နေရာမှာ ထိခိုက်မှာ စိုးရတယ်"
ဆုဝန်က ပြော၏။ "သူ့ဘာသူ စိတ်ကြီးကြီး မကြီးကြီး ညီမတို့နဲ့ ဘာမှမဆိုင်ပါဘူးအစ်ကိုရယ်။ ဒါပေမဲ့ သူ့ဘက်က ညီမတို့ကိုလာပြီး ပြဿနာရှာခဲ့ရင်တော့ အဲ့အချိန် သူ့အတွက် ကောင်းကောင်းမွန်မွန် နေရတဲ့အချိန် ဖြစ်မှာမဟုတ်ဘူး"
သူတို့ အစာစားကြပြီးနောက် ရှန်လင်းသည် စာအုပ်ဖတ်ပြီး စာလေ့လာရန်သွားသည်။ ရှန်လင်းသည် အချိန်ကိုရွှေလိုသဘောထားသည်။ ထို့ကြောင့် သူသည် အချိန်ကို အလဟဿ မဖြုန်းတီးလိုပါ။ ဤအချိန်သည် နေ့လယ်ဘက် အားလပ်ချိန်၊ အနားယူချိန် ဖြစ်သော်ငြား ရှန်လင်းသည် ဆရာများပြောပြသွားသည်ထဲမှ သူမှတ်မိသောအချက်များကို ပြန်လည်လေ့လာသည်။ ထို့နောက်မှ ခေတ္တခဏတာ အနားယူလေသည်။
ရှန်လင်းချက်သော နေ့လယ်စာအစားအစာသည် ပညာသင်များအားလုံးအတွက် သင့်လျော်ပေသည်။
တရားရုံးသို့ ဝမ်လော့ရှန်းသွားစဉ် မူလက သူသည် ပုဆစ်ဒူးတုပ်ထိုင်ရန် မလိုအပ်ခဲ့ပါ။ သို့သော် ယနေ့တွင်မူ သူသည် အပြစ်လုပ်ထားသည်ဟု သတ်မှတ်ခြင်းခံလိုက်ရသဖြင့် တရားရုံးအစေခံက သူ့ကို ပုဆစ်ဒူးတုပ်ထိုင်ဖို့ပြောလေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ထိတ်လန့်၍နေသည်။ ကောင်တီတရားသူကြီးမင်းက သူ့နှုတ်ကိုဖွင့်ဟ၍ ဘာမေးခွန်းမှ မမေးခင် သူတို့နှစ်ဦးသည် သူတို့ရှန်လင်းကို လာရှာရသည့် အကြောင်းရင်းမှာ ဝမ်လော့ရှန်း၏ ပယောဂကြောင့်ဖြစ်သည်ဟု ပြောလေ၏။
ဝမ်လော့ရှန်းသည် ထပ်ခါတလဲလဲ ငြင်းဆန်သည်။ သို့သော် အဘိုးရှန်နှင့်အဘွားရှန်ကို သက်သေ လုပ်ပေးနိုင်သော တရားရုံးအစေခံအချို့သည် ဝမ်လော့ရှန်းက တကယ့်ကို သူတို့နှစ်ဦးအား ကျောင်းထဲသို့ ဝင်စေကာ ပြဿနာတက်စေခဲ့ကြောင်းပြောကြားလေသည်။
ကောင်တီတရားသူကြီးမင်းသည်လည်း ဝမ်လော့ရှန်းအား ထပ်မံ၍ ကျဉ်းထဲကြပ်ထဲ မရောက်စေချင်တော့ပါ။ ထို့ကြောင့် ဝမ်လော့ရှန်းအား ဆူလိုက်ကာ၊ ဝမ်လော့ရှန်းတွင် မရိုးဖြောင့်သော စိတ်ထားရှိခဲ့သည်မှာ ထင်ရှား၍ ဆယ့်ငါးချက်ကြိမ်ဒဏ်ပေးပြီး ပြန်လွှတ်လိုက်ရန် ပြောလေသည်။
သူတို့သည် အဘိုးရှန်နှင့် အဘွားရှန်တို့ကိုလည်း ကြိမ်ဒဏ်ဆယ့်ငါးချက်စီ ရိုက်ကာ ပြန်လွှတ်လိုက်လေသည်။
ဝမ်လော့ရှန်းသည် ကျောင်းသို့ပြန်သွားလျှင် ထားစရာမျက်နှာပင် မရှိတော့ပါ။ ထို့ကြောင့် သူသည် သူ့တင်ပါးမှ နာကျင်မှုဒဏ်ကို သည်းခံပြီး ချင်းရှရွာရှိ ဝမ်အိမ်တော်သို့သာ ပြန်လာခဲ့တော့ပါပေသည်။
ကြိမ်ဒဏ်ဆယ့်ငါးချက်ဟူသည် မများသော်လည်း တရားရုံးအစေခံများသည် သူ့ကိုရိုက်စဉ်က အားပါပါဖြင့် ခပ်ပြင်းပြင်းရိုက်ခဲ့သည်။ သူတို့ပထမတစ်ချက်ရိုက်စဉ်ကပင် ဝမ်လော့ရှန်းသည် ထရန်ပင် ခက်ခဲသည်အထိ နာကျင်ခဲ့လေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည်လည်း မတ်တတ်ရပ်ကာ လမ်းလျှောက်ရန်ပင် တစ်ယောက်နှင့် တစ်ယောက် ကူညီရင်း ချင်းရှီရွာသို့ ပြန်သွားကြလေသည်။ သူတို့သည် တစ်လမ်းတည်း ပြန်ကြတာဖြစ်ပြီး သွားသည့်နှုန်းကလဲ ထူးမခြားနားပင်ဖြစ်ရာ ဝမ်လော့ရှန်းနှင့် အဘိူးရှန် အဘွားရှန်တို့သည် အပြန်လမ်းခြေလှမ်းချင်း သိပ်မကွာကြပါပေ။ ဝမ်လော့ရှန်းက တစ်ယောက်တည်း ရှေ့ကလျှောက်ပြီး အဘိုးရှန်နှင့် အဘွားရှန်တို့က တစ်ဦးနှင့်တစ်ဦးကူကာ နောက်မှလျှောက်သည်။ ဝမ်လော့ရှန်းသည် လမ်းလျှောက်ရင်း ပြန်တွေးသောအခါ ကောင်တီတရားသူကြီးမင်းက သူ့အား မရိုးဖြောင့်သောကြောင့် ဆူငေါက်သောစကားများကို ပြန်ကြားယောက်လာသည်။ ထိုအချိန်က လမ်းပေါ်မှ ဖြတ်သွားဖြတ်လာလူများကအစ ဝိုင်း၍ကြည့်နေကြတာဖြစ်သည်။
ထိုလူများအနက် သူနှင့်ရင်းနှီးသောလူအချို့ကပါ ဝိုင်းကြည့်သွားကြသည်ကို ဝမ်လော့ရှန်းက သိလိုက်သည်။ ထို့ကြောင့် ဝမ်လော့ရှန်းသည် အလွန်ပင်ရှက်ရွံ့လာကာ မြေကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားရန် ကတွတ်ပေါက်လေးကိုပင် ရှာနေမိလေတော့သည်။ ထိုအခ်ျန်တွင် ရထားလုံးတစ်စီး ရောက်လာသည်ကိုမြင်သောအခါ ဝမ်လော့ရှန်းသည် ရထားလုံးကို မြန်မြန်တားလိုက်ကာ သူ့အား ချင်းရှီရွာသို့ လိုက်ပါပို့ဆောင်ပေးပါရန်နှင့် မည်မျှပေးရမည်ကိုပါ မေးလေတော့သည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရထားလုံးကို မြင်လိုက်သောအခါ သူတိူ့သည်လည်း ရထားလုံးနှင့် လိုက်ပါသွားချင်သည်။ ဝမ်လော့ရှန်းသည် ရထားလုံးမောင်းသူအား အဘိုးရှန်နှင့် အဘွားရှန်ကို မတင်ခေါ်ရန် ပြောသည်။ သို့သော် ထိုရထားလုံးမောင်းသူသည် ဝမ်လော့ရှန်းစကားကို လုံးဝ နားမထောင်ပါပေ။ သူသည် ငွေများများရသည့်လမ်းကို အရူးတစ်ယောက်လို လိုက်မည်သာဖြစ်သည်။ ထို့ပြင် သူနှင့် ထိုလူနှစ်ယောက်တို့သည် ချင်းရှီရွာကိုသွားရမည့် လမ်းကြောင်းချင်းလဲ တူနေပေသည်။ ရထားလုံးမောင်းသူသည် လမ်းတစ်ကြောင်းတည်းကို လူသုံးယောက်တင်ပြီး ပိုက်ဆံပိုမှာဖြစ်သည်။ ထိုသို့သော ပွပေါက်မျိုးကို ငြင်းဆန်ဖို့အကြောင်းတစ်စုံတစ်ရာ ရှိမနေပါပေ။
ဝမ်လော့ရှန်းသည် အဘိုးရှန် အဘွားရှန်တို့နှင့်အတူ ရထားလုံးတစ်စီးတည်းမှာ အတူတူစီးရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပါ။ ရထားလုံးတွင်းတွင် အဘိုးရှန်နှင့် အဘွားရှန်တို့သည် ဝမ်လော့ရှန်းအား ခွေးတစ်ကောင်ကဲ့သို့ပင် ဆူပူကြိမ်းမောင်းနေကြသည်။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် အသက်ကြီးပြီး အချိန်မစီးသည့် လူလိမ်လူကောက်များသာဖြစ်သည်။ ခုကဲ့သို့အချိန်မျိုးတွင် နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိသောပုံစံသည် သူတို့နှစ်ဦးနှင့် လုံးဝ မအက်စက်ပါပေ။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် မနာလိုမှုဟူသည့် မီးစာကိုပါ ထုပ်ထည့်ပေးလိုက်သည်။ ထိုသို့နည်းဖြင့် ဝမ်လော့ရှန်း၏ မကောင်းဆိုးဝါးပုံစံသည် ပို၍ထင်ရှားလာပြီး လူအားလုံးနှင့် ဘုရားသခင်ပေါ်ကိုပါ ဒေါသများ ပုံချပါတော့၏။ လမ်းတစ်ဝက်အရောက်တွင် ရထားလုံးမောင်းသူသည် ဆက်လက်သည်းခံ၍ နားထောင်မနေနိုင်တော့ပါ။ သူသည် ဝမ်လော့ရှန်း၏ အမူအကျင့်ကို လွန်စွာ မုန်းတီးလာ၍ အံကိုတင်းတင်းသာ ကြိတ်၍နေသည်။
ရထားလုံးမောင်းသူသည် သူ့လှည်းကိုရပ်၊ တံခါးကိုဖွင့်ကာ ဘာအခကြေးငွေမှ ယူမနေတော့ဘဲ ဝမ်လော့ရှန်းကို လှည်းပေါ်မှ ဆင်းသွားခိုင်းလေတော့သည်။
လှည်းပေါ်မှမောင်းချခံရပြီးနောက် ဝမ်လော့ရှန်းသည် လှုပ်ပင်မလှုပ်နိုင်တော့ပေ။ ထို့နောက် သူသည် တစ်လှမ်းချင်းလျှောက်ကာ ချင်းရှီရွာသို့ ပြန်ခဲ့ရလေ၏ ။ သူအိမ်ပြန်ရောက်ျသာအခါ ဝမ်လော့ရှန်းသည် အိပ်ရာထဲမှပင် မထနိုင်တော့ပေ။
ဝမ်လော့ရှန်းသည် နေ့လယ်ဘက်အတန်းကို လာမတက်ပါ။ ဆရာယန်သည် ထိုကိစ္စနှင့်ပတ်သက်၍ သိလိုသောကြောင့် အကြောင်းရင်းကိုစူံစမ်းလေသည်။ နောက်တစ်တန်းဝင်ချိန်တွင် ဆရာယန်သည် ရှန်လင်းကို ဆူ၏။ "ဝမ်လော့ရှန်းက ကျောင်းက လက်ခံပေးထားတဲ့ ပညာသင်တစ်ဦးပဲ။ ပြီးတော့ အဲ့လိုလူမျိုးက စုန်းရှန်ကျောင်းမှာ ဝမ်လော့ရှန်းတစ်ယောက်ပဲရှိတယ်။ အဲ့လိုကျောင်းရဲ့ ဂုဏ်ဆောင်ဖြစ်တဲ့ လူတစ်ယောက်ကို မင်းက တရားရုံးဆီပို့ရဲတယ်တဲ့လား"
ဆရာယန်က ထိုသို့ပြောလိုက်သောအခါ ထိုအဆောင်တွင်းရှိ ကျောင်းသားများ၏ မျက်နှာများသည် ရုတ်ခြည်း ပြောင်းလဲသွားကြသည်။ ဝမ်လော့ရှန်းသည် ဤကျောင်း၏ ပညာသင်ကျောင်းသားတစ်ဦးလဲဖြစ်၊ အတော်ဆုံးကျောင်းသားလဲ ဖြစ်သော်ငြား ကျန်သောကျောင်းသားများသည် ရူးနှမ်းမိုက်မဲနေကြသည် မဟုတ်ပါ။ လူတိုင်းသည် ပညာသင်ဖြစ်ခွင့် စာမေးပွဲကို ဝင်ဖြေကာ ပညာသင်တစ်ဦးဖြစ်လာရန် မျှော်လင့်ထားကြသည်။ လီရှန်းအတွက်ဆိုလျှင် သူသည် နဂိုကတည်းက စာမေးပွဲကို အောင်မြင်ရန် မျှော်လင့်ချက်ရှိပြီးသားဖြစ်သည်။ သို့သော် တရားဝင်ပညာသင်တစ်ဦးဖြစ်သည်နှင့်တော့ ကွာခြားပါ၏ ။
ရှန်လင်းသည် ဆရာယန်က သူ့ကိုခွဲခြားပြီး အခြားသူအပေါ်မျက်စိမှိတ်ကာ ဘက်လိုက်နေခြင်းမှာ အမြစ်စွဲနေပြီဖြစ်ပြီး လုံးဝမပြောင်းလဲလာနိုင်တော့မှန်း သိသွားသည်။ သူ သူ့ဆရာကို ရှင်းပြနေလျှင်တောင် သူ့ကို ယုံကြည်ပေးမှာ မဟုတ်ဘဲ သူ့အမှားဟုသာ ထင်နေမှာဖြစ်သည်။
မည်သို့ဖြစ်စေ ရှန်လင်းသည် အလွန်အထိမခံဖြစ်နေကာ ယနေ့ကိစ္စကိုပြောပြချင်နေသည်။ ကိစ္စတစ်ခုလုံးသည် ရှင်းလင်းနေဖို့လိုသည်။ ယုံချင်ယုံ မယုံချင်နေ ကျန်တာက သူ့အပိုင်းသာ ဖြစ်သည်။
ဆရာယန်သည် ရှန်လင်းကို အံတင်းတင်းကြိတ်ကာ ကြည့်နေသည်။ သူသည် ဝမ်လော့ရှန်းအပေါ် ရည်မှန်းချက်မြင့်မြင့် ထားခဲ့တာဖြစ်သည်။ ပညာသင်စာမေးပွဲက မကြာခင် ကျင်းပတော့မည်။ ဝမ်လော့ရှန်းသည် အန်းခယ့်စာမေးပွဲကို အောင်မြင်နိုင်သည်။ သူသာ ဖြေဆိုအောင်မြင်ခဲ့ပါလျှင် သူသည် တရားဝင်ပညာသင်တစ်ဦး ဖြစ်လာတော့မည်။ ထို့ပြင် အကယ်၍ သူ့သမီးနှင့်သာ ဝမ်လော့ရှန်းကို လက်ဆက်ပေးလိုက်လျှင် သူမသည်လည်း တရားဝင်ပညာသင်ကြီး၏ ဇနီးမယားတစ်ဦး ဖြစ်လာပါလိမ့်မည်။
ယခုအခါတွင်မူ ရှန်လင်းက ဝမ်လော့ရှန်းကို အရှက်ရစေမည့် ထိုသို့ကိစ္စမျိုးကို ရှို့လိုက်သည်။ ထိုအရာသည် ဝမ်လော့ရှန်း၏ ပညာသင်ကြားရေးကိုပါ ထိခိုက်လာနိုင်သည်။ ဆရာယန်သည် သူ့အံကို တင်းတင်းကြိတ်ကာ ဒေါသထွက်နေလေ၏။
ရှန်လင်းသည်ကား သူ့အခြေအနေမှန်ကို သေချာရှင်းလင်းပြပြီးနောက် လုံးဝရှက်ရွံ့နေဟန်မပေါ်သည့် မျက်နှာထားဖြင့် ထိုင်ချလိုက်သည်။
ဆရာယန်သည် ပို၍ ပို၍ပင် ဒေါသထွက်လာသည်”ခွေးကောင်ရ မင်းမှာ ဝမ်လော့ရှန်းကို ဒုက္ခပေးဖို့ အခွင့်အရေး ရှိတယ်လို့များ ထင်နေတာလား ဟမ်။ မင်းက ဒီကျောင်းကိုလာပြီး စာလေ့လာဖို့ ဘယ်လိုစာအုပ်တွေများ ယူလာလို့လဲ ငါ့ကို ပြစမ်းပါဦးကွ။ မင်းဟာလေ နောက် ရှစ်နှစ် မဟုတ်သေးဘူး ဆယ်နှစ်လောက်အထိ ကြိုးစားရင်တောင်မှပဲ ဒီစာမေးပွဲကို အောင်မှာ မဟုတ်ဘူး သိရဲ့လား”
ဆရာယန်၏ စကားလုံးများသည် အလွန်ပင် ကြမ်းတမ်း၍လာသည်။ စာမေးပွဲမတိုင်မီတွင် ပညာသင်ကျောင်းသားများသည် နိမိတ်ကောင်းသောစကားများကိုသာ ပြောပြီး နိမိတ်မကောင်းစေသော စကားလုံးများကို ရှောင်ရှားကြသည်။ ဆရာယန်၏ စာမေးပွဲမအောင်နိုင်ဟူသောစကားသည် ရှန်လင်းအဖို့တော့ တကယ့်ကို နိမိတ်မကောင်း ဖြစ်စေနိုင်သည်။
ဆရာယန်သည် ဝမ်လော့ရှန်းက တရားရုံးသို့ ဆင့်ခေါ်ခြင်းခံရသည်ကို ရှက်ဖွယ်ကောင်းသည်ဟု မြင်သည်။ သို့သော် ဝမ်လော့ရှန်းက သူ့ဆီ ယူလာပေးနိုင်မည့် တရားဝင် ပညာသင်ဟူသော ဂုဏ်ပုဒ်နှင့် သူ့သမက်ဖြစ်လာမည်နှင့် နှိုင်းယှဥ်လိုက်ပါက ဤကဲ့သို့သော ရှက်ဖွယ်အကြောင်းအရာလေးသည် ပမွှားသာ ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဆရာယန်သည် ဝမ်လော့ရှန်းအား ဤပြဿနာကို ပြေလည်သွားရန်ပါ ကူညီပေးလိုသည်။ တကယ့်ကို ရှက်ဖွယ်ကောင်းလှပေသည်။
ဆရာယန်သည် ရှန်လင်းအား ဝေဖန်ပြောဆိုပြီးသည့်နောက်တွင် ပညာသင်ကျောင်းသားတိုင်းတို့သည် ကိုယ်ပိုင် အကြံများ ရလာကြသည်။ အားလုံးတို့သည် ဆရာယန် ပြောသည့်အတိုင်း ဝမ်လော့ရှန်းတစ်ဦးတည်းကသာ မျှော်လင့်ချက်ရှိသည်ဟူသော စကားကို မကြိုက်ကြသော်ငြား ရှန်လင်းနှင့် ဝမ်လော့ရှန်းတို့ကို နှိုင်းယှဥ်၍ပင် မရသည်မှာတော့ ထင်ရှားသည်။ ဝမ်လော့ရှန်းဘက်သားအဖြစ် နေနေပါက ရှန်လင်းဘက်သား လုံးဝဖြစ်မလာနိုင။ ရှန်လင်းဘက်သား ဖြစ်လာလိုပါကလဲ ဝမ်လော့ရှန်းနှင့် စကားများများ ပြောကာ ပြောဆိုဆက်ဆံနေ၍ မဖြစ်နိုင်ပါ။
လီရှန်းကမူ ရှန်လင်းကိုပို၍ သဘောကျသည်။ ဤသည်မှာ ရှန်လင်းနှင့် ဆုဝန်တို့ကြားက ဆက်ဆံရေးကြောင့်ဖြစ်သည်။ လီရှန်းသည် ရှန်လင်းအပေါ် ယခင်က ခုလို မဆက်ဆံခဲ့ဖူးပါချေ။ ထို့ပြင် သူသည် အနာဂတ်တွင် ဝမ်လော့ရှန်းနှင့် ဝေးဝေးနေရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါ၏ ။
သွမ့်ကျင်းထျန်အတွက်မူ ရှန်လင်းဖြစ်စေ၊ ဝမ်လော့ရှန်းဖြစ်စေ သူသည် ဘာကိုမှ မဆက်ဆံ၊ မကြားလိုပါ။ သူသည် မျက်စိပိတ်၊ နားပိတ်ကာ သူတော်ကောင်းတရားနှင့် ပတ်သက်သည့်စာပေကိုသာ သေချာ နှလုံးသွင်းနေထိုင်မည်ဖြစ်ပေသည်။
ထို့ပြင် ကျောင်းရှိ ပညာသင်အများစုတို့သည် ဝမ်လော့ရှန်းနှင့်သာ ဆက်၍ ဆက်ဆံရန် လိုလားကြပေသည်။ ခြုံပြောရပါလျှင် အနာဂတ်တွင် ဝမ်လော့ရှန်းသည် စာမေးပွဲကို အောင်မြင်နိုင်သည့် အလားအလာအရှိဆုံး ကျောင်းသားတစ်ယောက်လဲဖြစ်နေသည်။ သူသာ တရားဝင် ပညာသင်တစ်ဦး ဖြစ်လာခဲ့ပါလျှင် သူတို့သည်လည်း ထိုပညာသင်၏ သူငယ်ချင်းများဖြစ်လာမှာ ဖြစ်ပေသည်။ သူ့ဆီမှ ထောက်ခံမှုသာ ရလာခဲ့ပါလျှင် အနာဂတ်အတွက် အကူအညီအများကြီး ဖြစ်လာနိုင်ပါပေသည်။
ရှန်လင်းသည်မူကား သုံးနှစ်နီးပါး ပညာမလေ့လာခဲ့သူတစ်ဦးဖြစ်သည့်အတွက် သူ့ကို ဤဝင်ခွင့်စာမေးပွဲတွင် ထည့်သွင်းစဥ်းစားရန်ပင် မလိုပါပေ။ သို့သော် ဆောင်းဦးစာမေးပွဲသို့သာ ရောက်လာခဲ့ပါလျှင် သူသည်လည်း ပညာသင်တစ်ဦးဖြစ်လာနိုင်သည်။ အန်းခယ့်နှင့် အလှမ်းဝေးသော်လည်း ပညာသင်တစ်ဦးတော့ ဖြစ်လာနိုင်ပါ၏ ။
ထိုနှစ်ယောက်ကို နှိုင်းယှဥ်နေရင်း ဝမ်လော့ရှန်း၏နောက်သို့ ဆက်လိုက်ကာ သူ့ဘက်တော်သားအဖြစ် နေရန်မှာ ပုံမှန်ပင် ဖြစ်လာပါတော့၏ ။
သို့သော် ကျိုးယာ့နှင့် ဝူဝမ်တို့သည် ရှန်လင်းသည်ကား သူငယ်ချင်းလုပ်ဖို့ မမှားနိုင်သည့်သူဖြစ်ကြောင်း ခံစားမိကြသည်. သူတို့သည် ဝမ်လော့ရှန်းကို အမြဲ မနှစ်မြို့ခဲ့ကြတာဖြစ်သည်။ ထို့ပြင် သူတို့သည် ဝမ်လော့ရှန်းက စာမေးပွဲကို အောင်မြင်နိုင်လိမ့်မည်ဟုလည်း မထင်ကြပါ။ ထို့ကြောင့် သူတို့အဖို့တော့ ဝမ်လော့ရှန်းရှေ့တွင် ခယဝပ်တွားနေစရာ ဘာမှ ထပ်မလိုတော့ပါချေ။
ထို့ပြင် သူတို့နှစ်ယောက်သည် ဝမ်လော့ရှန်းကဲ့သို့ စာမေးပွဲကို မအောင်မြင်နိုင်ကြပါသောကြောင့် တစ်ခါကျသည်နှင့် ချက်ချင်းးကျောင်းမှ ထွက်ကြရမည်ဖြစ်ပါသည်။ သူတို့သည် နှစ်အနည်းငယ် ကြာသည်အထိ ပညာသင်ကြားနေကြရသည်ဖြစ်ပြီး ရှန်လင်းကမူ နှစ်အနည်းငယ်သာ ပညာသင်ကြားရမည်ဖြစ်ပါသည်။ လူတိုင်းတို့သည် အခန်းဖော်နှင့်အတူ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်မည်မှာ ကောင်းသည်ပင် မဟုတ်ပါလော။
ထို့ကြောင့် အတန်းပြီးသောအခါ ကျိုးယာ့နှင့် ဝူဝမ်တို့သည် ရှန်လင်းဆီသို့ လာကြပါ၏ ။
ဝမ်လော့ရှန်းသည်မူ သူ့အိမ်မှ အိပ်ရာပေါ်တွင် လှဲနေပြီး သူ့လက်ရှိကံဆိုးမှုများအကြောင်း စဥ်းစားနေသည်။ ကံဆိုးပြီးရင်း ဆိုးနေတာဖြစ်သည်။ ထို့ပြင် ယနေ့သည် အလွန်ရှက်ဖွယ်ကောင်းလှ၍ သူ့ကျောင်းသို့ ထပ်ပင် မသွားလိုတော့ပါ။
အကယ်၍ သူ့ရှက်ရွံ့မှုကို ပြေပျောက်လောက်အောင် ဖြေရှင်းပေးနိုင်မည့် တစ်ခုခုသာ ရှိခဲ့မည်ဆိုပါလျှင် ထိုအရာမှာ ယန်ယွင်ရန်နှင့် စေ့စပ်ဖို့သာ ဖြစ်သည်။ ချင်းယွင်ကောင်တီမှ ယောက်ျားပျိုများအားလုံး နှစ်သက်သဘောကျကြသည့် ယန်ယွင်ရန်နှင့်သာ စေ့စပ်နိုင်ခဲ့ပါလျှင် ယန်ယွင်ရန်သည် သူ့အဖို့ မျက်နှာလုပ်စရာတစ်ခု ဖြစ်လာပါပေလိမ့်မည်။
ထို့ပြင် ယခုလက်ရှိဖြစ်ပေါ်နေသော ပြဿနာအားလုံးတို့သည်ပါ ယန်ယွင်ရန်နှင့် စေ့စပ်လိုက်ခြင်းအားဖြင့် ဖြေရှင်းလိုက်နိုင်ပေမည်။
ဝမ်လော့ရှန်းသည် ထိုသို့တွေးနေရင်း ယန်ယွင်ရန်က ခြင်းတောင်းလေးကိုကိုင်ကာ သူ့ကိုတွေ့ရန်လာသည်ကို မြင်လိုက်ရသည်။ ယန်ယွင်ရန်က ဝမ်လော့ရှန်း၏ ဒဏ်ရာများအကြောင်းကို မေးရန်လာခြင်းဖြစ်သ်ည။ ဝမ်လော့ရှန်းသည် ဤအခြေအနေကို အခွင့်ကောင်းယူကာ ယန်ယွင်ရန်အား သူသည် မနက်ဖြန်တွင် ယန်မိသားစုသို့ လာရောက်ကာ စေ့စပ်ကြောင်းလမ်းတော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။
ဝမ်လော့ရှန်၏ ယခုနှစ်များအတွင်း ကျောင်းတွင် ရလဒ်ကောင်းခဲ့သည်ကိုမြင်ခဲ့ပြီးဖြစ်သောကြောင့် သူသည် တောက်ပသောအနာဂတ်ရှိသော လူတစ်ယောက်မှန်း ယန်ယွင်ရန်က သိရှိပြီးဖြစ်လေသည်။ ယန်ယွင်ရန်သည် ဝမ်လော့ရှန်းက သူ့ကျောင်းတက်နေစဥ်အတွင်း စိတ်ပြောင်းသွားမှာတောင် စိုးထိတ်နေခဲ့တာဖြစ်သည်။
အကယ်၍ သူမသာ သူ့ကျောင်းမပြီးခင် စေ့စပ်ခြင်း သို့မဟုတ် လက်ထပ်ခြင်းကို လုပ်ခဲ့လိုက်ပါလျှင် ဘာစိုးထိတ်စရာမှ ရှိလာတော့မည် မဟုတ်ပါချေ။ ထိုနည်းဖြင့် သသည် ကျင်းရှီတစ်ယောက်ဖြစ်ဖြစ် ပညာသင်ဖြစ်ဖြစ် ဖြစ်လာသည်ဖြစ်စေ၊ ကျောင်းတွင် ထိပ်တန်းပညာသင်တစ်ဦး ဖြစ်ခဲ့သည့် ပညာသင်၏ ဇနီးမယားအဖြစ် သူမသည် မျက်နှာပန်း လှနေပေလိမ့်ပေမည်။
ယန်ယွင်ရန်သည် ရှက်ရှက်နှင့်ပင် သဘောတူ လက်ခံလိုက်ပေ၏ ။
ဝမ်လော့ရှန်းသည် ယန်ယွင်ရန်အား သူ့မိဘများသည် စာအုပ်ကြီးသမားများ ဖြစ်ကြပေရာ သူတို့မိသားစု ချင်းယွင်ကောင်တီသို့ ပြောင်းရွှေ့ဖို့ကိစ္စကို လုံးဝ သဘောတူလိမ့်မည် မဟုတ်ကြောင်းပါပြောပြသည်။ အကယ်၍ သူတို့စေ့စပ်ပြီးပါလျှင် ချင်းယွင်ကောင်တီတွင် အိမ်တစ်လုံးငှားပြီး နေနိုင်ကြရန် ယန်ယွင်ရန်အား ပိုက်ဆံခဏ ချေးပေးဖို့ပါပြော၏ ။ ချင်းယွင်ကောင်တီနှင့် ချင်းရှီရွာသို့ အခေါက်ခေါက် အခါခါ သွားနေရခြင်းသည် သူ့စာလေ့လာခြင်းအဖို့ ထိခိုက်စေနိုင်ကြောင်းပါ ပြောပြသည်။
ဝမ်လော့ရှန်းသည် လက်ထပ်ခွင့်တောင်းရင်း ပိုက်ဆံပါချေးနေသောအခါ ယန်ယွင်ရန်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပြီး ဝမ်လော့ရှန်း၏မိဘများနှင့် ပတ်သက်၍ ဝေဖန်လေကန်တော့သည်။ ဝမ်လော့ရှန်း၏မိဘများသည် စာအုပ်ကြီးသမားများဖြစ်ကာ ရေတိုအတွက်သာ တွေးသည်ဖြစ်သော်ငြား ဤသည်မှာ ဝမ်လော့ရှန်း၏အနာဂတ်နှင့် သက်ဆိုင်နေတာဖြစ်သည်။ ထို့ကြောင့် ဤလောက်မှ အားစိုက်ထုတ်ခြင်းမရှိပါလျှင် နောင်အချိန်တွင် ဘာမှ ရနိုင်မည်မဟုတ်ကြောင်းကို ပြောသည်။
ယန်ယွင်ရန်က သူမတို့ စေ့စပ်ပြီးပါလျှင် အိမ်ငှားရန်အတွက် ဝမ်လော့ရှန်းအား ပိုက်ဆံ ချေးပေးမည်ဖြစ်ကြောင်း သဘောတူလိုက်သည်။
ဝမ်လော့ရှန်းသည်မူ ကျောင်းနှင့်နီးသောနေရာတစ်ခုတွင် အိမ်တစ်လုံးငှားနေရန် သူ့
စိတ်ကို ပြင်ဆင်ထားလိုက်ပါတော့ပေ၏ ။
—--------------