← Chapters

သူတစ်ပါးအတွက် မင်္ဂလာဝတ်စုံချုပ်ပေးခြင်း။*

Vol. 4 Ch. 79

သူတစ်ပါးအတွက် မင်္ဂလာဝတ်စုံချုပ်ပေးခြင်း။*

Vol. 4 Ch. 79

(*သူများအတွက် ကိုယ်က အလုပ်လုပ်ပေးလိုက်ရတယ်လို့ပြောချင်တာပါ။)

ဤရက်ပိုင်းအတွင်း ဝမ်လော့ရှန်းမှာ သူ့ဘဝ၏ အမှောင်မိုက်ဆုံးသောနေ့ရက်များတွင် နေထိုင်ခဲ့ရ၏။ အိမ်၌ သူလုံးဝ မပျော်ရွှင်ချေ။ နေ့တိုင်း သူ အိမ်ပြန်ရောက်သည့်အချိန်တွင် အိမ်က ရှုပ်ပွနေတတ်သည်။ ရာသီဥတုအေးသော်လည်း သူ့အတွက် စွပ်ပြုတ်၊ ဆန်ပြုတ်ပူပူလေးကျိုပေးထားမည့်သူမရှိချေ။ သူ့အမေနှင့်ညီမချက်ပြုတ်သည့် စားစရာတို့မှာလည်း စားချင်ဖွယ်ရာမရှိပါပေ။

ကျောင်းတော်တွင်လည်း အဆင်မပြေချေ။ မျက်စိစပါးမွှေးစူးစရာကောင်းလှသော ရှန်လင်း ရှိနေသည်ကြောင့် ဝမ်လော့ရှန်းမှာ ရှန်လင်းမုန်းတီးရေး တွေးတောသည့်နေရာတွင်သာ နစ်မြုပ်နေတော့သည်။

ရှန်လင်းက ကျောင်းတော်အနီးကအိမ်ကို ထပ်ငှားလိုက်သေး၏။ ‌ကျောင်းတော်နှင့် အတော်ပင် နီးလေသည်။ ရှန်လင်းမှာ သွားရလာရအဆင်ပြေရုံသာမက နေ့တိုင်း နေ့လယ်ပိုင်းအိမ်ပြန်၍ စားသောက် အနားယူနိုင်သေး၏။ အသွားအပြန်လုပ်ရာတွင် ဝမ်လော့ရှန်းထက် အဆပေါင်းမည်မျှ ပို၍သက်သာမည်မှန်း မသိနိုင်ချေ။ ရှန်လင်း၏သက်သာမှုသည် ဝမ်လော့ရှန်းအတွက် မနာလိုရလွန်း၍ ‌ဒေါသထွက်စရာဖြစ်စေ၏။

ထိုသက်သာရာရမှုသည် တစ်ခါတုန်းက သူ့အပိုင်ဖြစ်ခဲ့ဖူး၏။ ယခုမူ အများသူငှာ၏ အထင်သေးခြင်းကို ခံခဲ့ရသော ရှန်လင်းသည် ကျောင်းတော်တွင် နှစ်ခြိုက်သဘောကျမှုများစွာကို ရရှိနေပြီး သူ့ကို ဖိနှိပ်ထားလုနီးနီးဖြစ်နေ၏။

ဝမ်လော့ရှန်း ကျောင်းတော်တွင် ပညာသင်ကြားခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ချေပြီ။ စာမေးပွဲတွင်လည်း သူသည် အမြဲပင် ပထမနေရာရခဲ့၏။ ဆရာယန်က အထူးအလေးပေးသောကြောင့် ကျောင်းတော်ရှိ ကျောင်းသားအားလုံးက ဝမ်လော့ရှန်းကို အလွန် လေးစားကြ၏။ သို့သော် ရှန်လင်းရောက်လာခြင်းက အနေအထားများကို ပြောင်းလဲသွားစေ၏။ ထိုတင်မကသေး သူ အကြိမ်ကြိမ် အရှက်ကွဲရခဲ့၏။ ဝမ်လော့ရှန်းမှာ ကျောင်းတော်ရှိကျောင်းသားများက သူ့ကို အရင်လို မမြင်တော့ကြောင်း ထိတ်လန့်စွာပင် သိရှိလိုက်ရ၏။

ယန်ယွင်ရန်ထွက်သွားပြီးနောက် ဝမ်လော့ရှန်းမှာ စိတ်ရှုပ်ထွေးနေရ၏။ ဤအရာအားလုံးမှာ မြစ်ဖျားခံရာတစ်ခု ရှိနေသယောင်။

ဘယ်အချိန်မှစ၍ အရာအားလုံးပြောင်းလဲသွားခဲ့ပါသနည်း။ ဟုတ်ပေသည်။ ဆုဝန် ဝမ်မိသားစုမှ ထွက်ခွာကာ ရှန်အိမ်သို့ သွားခဲ့သည့်အချိန်မှစပြီး ပြောင်းလဲခြင်းများကား စတင်ခဲ့ချေသည်။

ဝမ်မိသားစုမှ ဆုဝန် ထွက်ခွာသွားပြီးကတည်းက အိမ်သည် ရှုပ်ပွလာ၏။ အတိတ်မှ စနစ်တကျ ရှိနေသော နေ့စဥ်ဘဝကလည်း လုံးလုံးပင် ကစဥ့်ကလျားဖြစ်သွားတော့သည်။

ရှန်အိမ်အတွက်မှာမူ သူတို့၏နေထိုင်မှုသည် တစ်ရက်ထက်တစ်ရက် ပိုကောင်းလာခဲ့၏။ ရွာထဲမှလူများ၏ အမြင်တွင် ရှန်လင်းသည် ကောင်တီမြို့သို့ ပြောင်းရွှေ့သွားပြီး အဆင်ပြေပြေ နေထိုင်နေသည့် စံပြပုဂ္ဂိုလ်ဖြစ်၍နေ၏။

ရှန်လင်းနှင့် ဆုဝန်ကြောင့် ယခင်က ဆင်းရဲခဲ့သည့် ယန်အိမ်မှညီအစ်ကိုများသည် ရှန်လင်းနှင့်ဆုဝန်ထံမှ အကျိုးအမြတ်များ ရရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်သွားနိုင်ကြ၏။ ထို့အတွက်ကြောင့်ပင် ရွာသားအတော်များများက ရှန်လင်းနှင့်ဆုဝန်က သူတို့ကိုလည်း ကောင်းမွန်သည့်ဘဝတွင် နေထိုင်နိုင်မည့် အခွင့်အရေး ပေးပေးနိုင်ပါရန် ယန်ညီအစ်ကိုများမှတဆင့် ရှန်လင်းကို အဆက်အသွယ် လုပ်လိုကြ၏။

ယခင်က ရွာသားများထံမှ အထင်အမြင်သေးခံခဲ့ရသည့်ရှန်လင်းမှာ ယခုမူ အများသူငှာ၏ လေးစားခြင်းကို ခံနေရပြီဖြစ်၏။ သို့သော် ယခင်က လူအများ လေးစားခြင်းခံခဲ့ရသည့်သူသည်ကား ယုတ်လျော့သွားရချေပြီ။

ဤအရာအားလုံးသည် ဆုဝန်နှင့် တစ်ပါတည်း ဖြစ်နေဟန်တူ၏။ လက်ရှိတွင် ဆုဝန်မှာ ချင်းယွင်ကောင်တီ၏မိန်းမလှအဖြစ် လူသိများကျော်ကြားနေပြီး ယန်ယွင်ရန်နှင့် တန်းတူနီးပါး ရေပန်းစားလေသည်။

အတိတ်တုန်းက ဆုဝန်သည် အမှန်ပင်ကြည့်ကောင်းသော်လည်း နေ့စဥ်နှင့်အမျှ ခပ်နုပ်နုပ် အဝတ်အစားများကိုသာ ဝတ်ဆင်၏။ သူ့စကားတိုင်းကိုလည်း နာခံ၏။ သူ့စိတ်ထဲတွင် ဆုဝန်ကို အမြင်ကတ်ခဲ့၏။ ယခုမူ ဆုဝန်ကို ရရှိရန်မဖြစ်နိုင်တော့ဟု ခံစားရလေသည်။

‘ တကယ်လို့ ငါ အခု ဆုဝန်ဆီသွားပြီး သူ့ကို အနာဂတ်မှာ ကောင်းကောင်းဆက်ဆံမယ် ဇနီးငယ်အဖြစ် ယူမယ် လုံးဝအပြစ်ပြုမှာမဟုတ်ဘူးလို့ ပြောလိုက်ရင် ဆုဝန် ငါ့ဆီ ပြန်လာလောက်မလား။’

‘ ဘာပဲပြောပြော ဆုဝန်က ငါ့ကို သေမလိုကြိုက်ခဲ့ဖူးတာပဲကို မကြိုက်တော့ဘူးပြောလိုက်နဲ့ပဲ မကြိုက်တော့တာ ဖြစ်နိုင်ပါ့မလား။’

‘ရှန်လင်း အခု သက်သောင့်သက်သာ နေနေရတော့ရော ဘာဖြစ်သေးလဲ။ သက်သောင့်သက်သာ နေရတာက ဘာအသုံးဝင်လို့လဲ။ ဒီလောက် နှစ်တွေအများကြီး စာတွေလွတ်ထားတာ။ သက်သောင့်သက်သာနေရလည်း စာမေးပွဲမအောင်နိုင်ဘူးကွ။’

‘ ငါနန်းတွင်းစာမေးပွဲအောင်မှ ဆုဝန် ငိုယိုပြီး ဇနီးငယ်လုပ်ဖို့ တောင်းပန်တာကို စောင့်ကြည့်ဦးမယ်။’

ဝမ်လော့ရှန်း အနည်းငယ် စိတ်သက်သာရာရသွားလေသည်။ ယခု အရေးအကြီးဆုံးကိစ္စမှာ ယန်ယွင်ရန်ကို လက်ထပ်ယူကာ ကျောင်းတော်အနီးတွင် အိမ်တစ်လုံးငှား၍ စာကြိုးစား လေ့လာဖို့ရန်သာ ဖြစ်၏။

ဝမ်လော့ရှန်းက သူ့အကြံအစည်ကို အကောင်အထည်ဖော်ရန် စီစဥ်‌တော့သည်။ ဒုတိယရက်၌ ဝမ်လော့ရှန်းသည် သူ၏ နာမကျန်းသောခန္ဓာကြီးကို တရွတ်တိုက်ဆွဲကာ မိဘများကိုခေါ်၍ ယန်ယွင်ရန်တို့အိမ်သို့ သွားရောက်‌တောင်းရမ်းလေ၏။

ဆရာယန်မှာ ဝမ်လော့ရှန်း လာရောက်တောင်းရမ်းဖို့ကို အမြဲတစေ မျှော်လင့်ထားခဲ့သူဖြစ်၏။ ဝမ်လော့ရှန်းသည် ကျောင်းတော်တွင် အလားအလာအကောင်းဆုံးကျောင်းသားဖြစ်လေသည်။ အကယ်၍ ဝမ်လော့ရှန်း ကျောင်းပြီးသွားပါက ယန်မိသားစုမှာ ဝမ်လော့ရှန်းကို လက်လှမ်းမီနိုင်တော့မည် မဟုတ်ချေ။

ယခင်တုန်းက ဆရာယန်တွင် ကျောင်းသားတစ်ယောက်ရှိခဲ့ဖူး၏။ သူစာမေးပွဲ မအောင်ခင်က ကောင်တီတရားသူကြီးသမီးကိုပင် စိတ်ကူးမယဥ်နိုင်ခဲ့ချေ။ သို့ပေသိ ကျောင်းပြီးသွားသောအခါ မြို့တော်မှ ပထမအဆင့်အရာရှိများ၏ သမက်ဖမ်းခြင်း ခံရလေသည်။

ဝမ်လောရှန်းသည် ကောင်းကောင်းမွန်မွန် မွေးဖွားလာခဲ့သူဖြစ်၏။ အရာရှိကြီးများ၊ အထက်တန်းလွှာများ၏ သမက်ဖမ်းခံရနိုင်ခြေလည်း မြင့်လေသည်။

ထိုစဥ်၌ ဝမ်လော့ရှန်းက သူ့ဆီ လာရောက်တောင်းရမ်းလေသည်။ ဆရာယန်သည် ခဏမျှ အကြပ်ရိုက်ဟန် ပြုပြီးသော် ဝမ်လော့ရှန်းနှင့်ယန်ယွင်ရန်၏မင်္ဂလာကိစ္စကို သဘောတူလက်ခံလိုက်၏။

စေ့စပ်ကြောင်းလမ်းပြီးသော် ယန်မိသားစုက ဝမ်လော့ရှန်းကို ငွေချေးပေးလိုက်၏။ ဆရာယန်မှာ ငွေချေးပေးရသည့်ကိစ္စအတွက် မပျော်မရွှင်ဖြစ်နေဆဲပင်။ သို့ပေသိ ဝမ်လော့ရှန်း၏အနာဂတ်ကို တွေးတောလိုက်မိသော် ဝမ်လော့ရှန်း ပို၍ ‌ကျေးဇူးကြွေးများလေ သူ၏ ယောက္ခမတန်ဖိုး တက်လေဟု စဥ်းစားမိသွားရ၏။

ဝမ်လော့ရှန်းသည် ‌ကျောင်းတော်နှင့် သိပ်မဝေးသည့်နေရာတွင် အိမ်တစ်လုံးငှားခဲ့၏။ သို့သော် ယန်အိမ်က သူ့ကို ပိုက်ဆံများများစားစား မပေးလိုက်ရာ ဝမ်လော့ရှန်းခမျာ ရှန်လင်းလိုအိမ်မျိုး မငှားနိုင်ရှာပေ။ ထို့အပြင် သူ့မိဘများနှင့် ညီမလေးသည် အိမ်တွင် အလုပ်လုပ်ရဦးမည်ဖြစ်ရာ မြို့သို့လိုက်မလာနိုင်ပေ။ သို့ဖြစ်ရာ အိမ်အကြီးကြီးငှားရန် မလိုအပ်ချေ။ ထို့အပြင် ရာသီဥတုကလည်း အေးလွန်းလှရာ အိမ်ကြီးလျှင် မီးသွေးများစွာ ကုန်ကျမည်ဖြစ်၏။ ခပ်သေးသေးသာ ငှားလိုက်ခြင်းက ပိုကောင်းလေသည်။

ဝမ်လော့ရှန်းသည် ချင်းရှီရွာကို အသွားအပြန်မလုပ်ရစေရန် ကျောင်းတော်အနီးရှိ စုတ်ချာနေသောအိမ်တစ်လုံးကို ငှားရမ်းခဲ့လေသည်။ သူ့ဘာသာသူ နေထိုင်ချက်ပြုတ်ရ‌သော်လည်း ယခင်ထက်တော့ ပို၍ အဆင်ပြေချောမွေ့ပေသည်။ ထို့အပြင် သူတစ်ယောက်တည်း နေထိုင်သည်ဖြစ်ရာ အိမ်တွင် အသုံးအ‌ဆောင်ပစ္စည်း များများစားစား မရှိချေ။ သို့ဖြစ်ရာ ရွာရှိအိမ်ကဲ့သို့ မရှုပ်ပွနေတော့ချေ။ ဝမ်လော့ရှန်း ကျောင်းမှ ပြန်ရောက်လာချိန်တွင် သူ ပို၍ စိတ်ချမ်းချမ်းသာသာဖြင့် စာလေ့လာနိုင်ပေသည်။

သို့သော် ရက်ပိုင်းအတွင်း ဝမ်လော့ရှန်း အေးချမ်းစွာ စာလေ့လာနေမှုကို တားဆီးပိတ်ပင်သည့် အရာတစ်ခု ဖြစ်ပွားလာခဲ့၏။ ကျောင်းတော်တွင် ရှန်လင်းကို အာရုံစိုက်နေသော ကျောင်းသားလေးငါးယောက် ရှိနေ၏။ သူတို့သည် အမြဲပင် ရှန်လင်းကို စကား စသွားသွားပြောကြသည်။ သူ့စားပွဲနားတွင်တော့ တစ်ယောက်မှ မရှိရှာပေ။

အတိတ်တုန်းက ဝမ်လော့ရှန်းကို မေးခွန်းများ လာလာမေးတတ်သည့် ကျောင်းသားများရှိခဲ့ဖူး၏။ သို့သော် ဝမ်လော့ရှန်းက မဖြေလိုခဲ့ပေ။ တဖြည်းဖြည်းနှင့် အားလုံးက ဝမ်လော့ရှန်းကို စိတအနှောင့်အယှက် ပေးမိမှာကြောက်ပြီး လာမရှာကြတော့ချေ။

ယခုအချိန်တွင်တော့ ရှန်လင်းနား ဝဲနေကြသည့်သူများမှာ ဝမ်လော့ရှန်းကို စိတ်ထိခိုက်စေ၏။ ဝမ်လော့ရှန်းမှာ သူ့ရှေ့တွင် ပို၍ ဖော်ရွေမှုကင်းလာတော့သည်။

ဝမ်လော့ရှန်းတစ်ယောက် ဆရာစာသင်နေသည်ကို အာရုံစိုက်နားမထောင်နိုင်တော့ပေ။ အကြာကြီး စဥ်းစားပြီးနောက်တွင် ဝမ်လော့ရှန်း အကြံတစ်ခု ရသွားလေသည်။ ဝမ်လော့ရှန်းသည် ကျောင်းမဆင်းခင် သူနှင့် အမြဲ ရင်းနှီးချင်နေသော သူဂရုမစိုက်ခဲ့သည့် ကျောင်းသားလေးငါးခြောက်ယောက်ကို လက်ဖက်ရည်သောက်ရင်း စာဖတ်ရန် သူငှားထားသည့်အိမ်သို့ ဖိတ်လိုက်၏။

ယခု သူ ကျောင်းတော်အနီးတွင် နေထိုင်နေသည်ဖြစ်ရာ အိမ်အလည်ခေါ်ရန် အဆင်ပြေလှ၏။

ရှန်လင်းသည် အိမ်ကြီးအိမ်ကောင်းတွင် နေသည်ဆိုသော်လည်း အတန်းဖော်များကို တစ်ခါမျှ အိမ်အလည် မခေါ်ဖူးချေ။ အကယ်၍ သူ အလည်ခေါ်လိုက်ပါက အတန်းဖော်များ၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်မည်ဖြစ်၏။

ဖိတ်ခေါ်ခံရသည့်ကျောင်းသားများမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။ ယခင်တုန်းက ဝမ်လော့ရှန်းကို စကားသွားစပြောပါက ဝမ်‌လော့ရှန်းသည် စိတ်ရှည်ခြင်းမရှိချေ။ သွမ့်ကျင်းထျန်ကဲ့သို့သော အဆင့်အတန်းရှိသောသူမျိုးကိုသာလျှင် ဝမ်လော့ရှန်းက မျက်စိကျလေသည်။

အခုတလော ဝမ်လော့ရှန်း ကျောင်းတော်တွင် လူတချို့ကို မျက်နှာပျက်အောင်သော်လည်း မျက်နှာပျက်ရသည့်ကိစ္စမှာ အားလုံးကြုံတွေ့ဖူးပြီးသားပင်။ ထို့အပြင် ဝမ်လော့ရှန်းသည် တခြားသူများနှင့် မတူချေ။ ‘တကယ်လို့ ကျောင်းသားအားလုံး ဝမ်လော့ရှန်းလို ဉာဏ်ကောင်းပြီး ကြိုးစားမယ်ဆိုရင် လူတိုင်း စာမေးပွဲအောင်မှာပဲ’ဟု ဆရာယန်က အခေါက်ပေါင်းမနည်း ပြောလေ့ရှိသည်။

ဆရာက ထိုသို့ပြောသည်ဆိုမှာတော့ ဝမ်လော့ရှန်း ထူးထူးချွန်ချွန်အောင်မြင်မည်မှာ ထင်ရှားနေပြီ မဟုတ်ပါလော။

ထိုသို့သောအခြေအနေမျိုးတွင် ဝမ်လော့ရှန်းက သူတို့ကိုဖိတ်ခေါ်သည်ဆိုမှတော့ မသွားဘဲနေရန် အကြောင်းမရှိပါချေ။ သို့ဖြစ်ရာ အတန်းဖော်လေးငါးယောက်တို့မှာ ဝမ်လော့ရှန်းနှင့်အတူ လိုက်ခဲ့ကြ၏။

ဝမ်လော့ရှန်းနှင့် လိုက်ခဲ့ကြသည့် အနှီလူငယ်လေးများမှာ စာသိပ်မတော်ကြပေ။ အရမ်း ညံ့နေသည်မျိုးလည်း မဟုတ်ချေ။ အန်းခယ့်ဖြေရတော့မည်ဖြစ်ရာ အားလုံးမှာ ပြန်၍ စာဖတ်ရန် အလောတကြီးဖြစ်နေ၏။

ဝမ်လော့ရှန်းက အနှီသူတို့ကို ပြန်ရန်ပြောရတော့သည်။ တစ်ဖက်တွင် အားလုံးကို စာအတူဖတ်ရန် ပြောရ၏။ သို့သော် လူတချို့က အငြိမ်မနေနိုင်တော့ပေ။ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် တစ်နာရီ ပြည့်အောင်မျှ စာမဖတ်ရသေးခင်မှာပင် လူတွေအများကြီးရှိနေမှာတော့ ကတ်ကစားကြတာပေါ့ဟု ထအော်ကြ၏။

ယခင်တုန်းက ဝမ်လော့ရှန်းမှလွဲ၍ တခြားသူများသည် မကြာခဏ အတူစုကြလေ့ရှိ၏။ သို့သော် မိဘများက အချည်းနှီး အချိန်ဖြုန်း၍ အလုပ်မဟုတ်သည်များ မလုပ်ခိုင်းရာ သူတို့ တွေ့ဆုံရန်နေရာ ပေးချင်သူမရှိခဲ့ချေ။ ယခု ဝမ်လော့ရှန်းက ဤနေရာကို ငှားထားခြင်းဆိုတော့ သူတို့စုကြရန်နေရာ ဖြစ်သွားတော့သည်။

အနှီသူများမှာ ချက်ချင်းပင် စျေးသို့သွား၍ ကတ်ဝယ်ကာ စတင်ကစားကြ‌တော့သည်။ ဝမ်လော့ရှန်းမှာ အနည်းငယ် အင်တင်တင်ဖြင့်။ သို့သော် အနှီကျောင်းသားများကို ဤတွင် ကတ်ကစားခွင့် မပြုပါက ရှန်လင်း၏ လွှမ်းမိုးမှုခံလိုက်ရမည်ကို စိုးသဖြင့် ဝမ်လော့ရှန်းမှာ ‘သူ့စိတ်သူ ပြင်ဆင်လို့ရတယ်လေ။ သူတို့ ကစားချင်သပဆိုလည်း ကစားပါစေပေါ့။ ကိုယ့်ဘာသာလေ့လာမယ်။’

ကတ်များကို မကြာမီမှာပင် ဝယ်ပြီးသွားလေသည်။ လူတစ်စုသည် ဆူညံပျော်ပါးလျက် ကတ်ကစားနေကြ၏။ အစကတည်းက စိတ်မရှည်သည့် ဝမ်လော့ရှန်းမှာ ထိုသို့ဆိုသော် ပို၍ပင် ဒေါသထွက်လာရ၏။

ဝမ်လော့ရှန်းက သူ့ကိုယ်သူ နှစ်သိမ့်၏။ ‘ဘာမှမဖြစ်ဘူး။ ‌ရွှေမှန်ရင် ဘယ်မှာပဲဖြစ်ဖြစ် အရောင်တောက်နေမှာပဲ။’

ရလဒ်အနေဖြင့် အနှီလူငယ်များမှာ ဝမ်လော့ရှန်း၏နေရာတွင် နေ့တိုင်း စုဝေးကြတော့သည်။ ဆူညံသည်နှင့် မီးသွေး ပိုထည့်ရသည်မှလွဲ၍ ဝမ်လော့ရှန်း သည်းမခံနိုင်စရာမရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူကျောင်းသွားချိန်၌ အနှီသူများက သူ့ကို အာရုံစိုက်ကြမည်ဖြစ်၏။ နှိုင်းယှဥ်လိုက်ပါက ရှန်လင်းကို အရေးစိုက်သူရှိမည်မဟုတ်ချေ။

ရက်အနည်းငယ်ကြာပြီးနောက် ဝမ်လော့ရှန်းမှာ အမှန်ပင် စိတ်ပျက်လာတော့သည်။ အနှီသူများမှာ သူ့ကို အာရုံစိုက်သော်လည်း ကျန်သည့်သူများက သူ့ကို လျစ်လျူရှုထားကြ၏။ အနှီသူများ၏ ချီးမွမ်းမှုမှာ သူ၏မူလဂုဏ်အသရေကို ပြန်လည်ရရှိရန် မလုံလောက်ပါချေ။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆရာယန်သည် ဝမ်လော့ရှန်း ယခင်အခြေအနေ ပြန်ရောက်လာသည်ကို တွေ့ခဲ့ရ၏။ ကျောင်းသားများသည်လည်း ဝမ်လော့ရှန်းကို လွန်စွာ အာရုံစိုက်ကြ၏။ ဝမ်လော့ရှန်း၏ ပြဿနာဟောင်းသည် သူ့အပေါ် သက်ရောက်မှုရှိနေဆဲဟု တွေးမိသော် ဆရာယန်သည် ယောက္ခမလောင်းတစ်ဦးအနေနှင့် ဝမ်လော့ရှန်းကို ကူညီပေးချင်မိသည်။ ဆရာယန်သည်လည်း စာမေးပွဲမတိုင်မီ ဝမ်လော့ရှန်းကို သိက္ခာပြန်အဖတ်ဆယ်စေလို၏။

သို့ဖြစ်ရာ ဆရာယန်သည် တစ်ခုသောနေ့လယ်ခင်းတွင် ကျောင်းတော်မှ ကျောင်းသားအားလုံးကို စုဝေးခိုင်းလိုက်၏။ ထို့နောက် ဝမ်လော့ရှန်းကို စာဖတ်သည့်အတွေ့အကြုံများ သင်ပြပေးစေ၏။

ဝမ်လော့ရှန်းသည် အနှီလူငါးယောက်၏ အထောက်အပံ့ပြုပေးမှုနှင့်အတူ သူဂုဏ်ပိုတက်စေမည့် နည်းလမ်းများကို တွေးထားပြီးဖြစ်လေသည်။ အကယ်၍ လူများကိုဆွဲခေါ်လိုပါက သူတစ်ပါးမလုပ်သည့် နည်းလမ်းမျိုးနှင့် ချဥ်းကပ်သည်က ပို၍ လွယ်ကူကြောင်း ဝမ်လော့ရှန်း သိပြီးဖြစ်၏။

‘ တကယ်လို့ ဖွင့်ရက်တွေမှာ ငါ့ကို မျက်နှာချိုသွေးဖို့ အချိန်မရှိတဲ့သူတွေ ပိတ်ရက်မှာ ငါ့ကို မဖြစ်မနေ လာမေးရမယ်ဆိုရင် ၊ တကယ်လို့ အားလုံးက ငါ့ကို လိုအပ်နေရင် တစ်ကျောင်းလုံးမှာ ရှန်လင်းဘက် ရပ်တဲ့သူ သိပ်ရှိတော့မှာမဟုတ်ဘူး။’

ထို့အပြင် လူငါးယောက်၏ အနှောင့်အယှက်ပေးခြင်းကို ခံနေရသော ဝမ်လော့ရှန်းမှာလည်း အတန်ငယ် စိတ်ပျက်နေပြီဖြစ်၏။ အကယ်၍ ထိုငါးယောက်နှင့် စိတ်ချင်းတူသော တခြားသူများကို ခေါ်လိုက်ပါက တခြားတစ်အိမ်တွင် သွား၍ ကတ်ကစားကြမည်မှာ ကျိန်းသေ၏။

သို့ဖြစ်ရာ ဝမ်လော့ရှန်းသည် အတွေ့အကြုံများမျှဝေရာတွင် နေသည့်နေရာသည့် ကျောင်းတော်နှင့် နီးရမည်ဖြစ်ကြောင်း၊ ယခင်ဝေးကွာသည့်နေရာတွင် နေထိုင်ခဲ့ခြင်းကြောင့် အခွင့်မသာမှုများ ရှိခဲ့ကြောင်း၊ မဟုတ်ပါက သူ၏ စာလေ့လာမှုသည် ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်နေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့၏။

ကျောင်းသားအားလုံးက ဝမ်လော့ရှန်းပြောသည်မှာ နည်းလမ်းကျသည်ဟု ထင်မြင်ကြ၏။ ဝမ်လော့ရှန်းသည် အားလုံးကို သူ ယခု သိပ်မဝေးသည့်နေရာတွင် ငှားရမ်းနေကြောင်း၊ အကယ်၍ မိသားစုတွင် ငွေပိုလျှံပါက စာလေ့လာရန် အနီးအနားတွင် အိမ်ငှားနေနိုင်ကြောင်း အားလုံးကို ပြောပြခဲ့၏။

ဝမ်လော့ရှန်းသည် ကျောင်းနားတွင် နေထိုင်ခြင်း၏အားသာချက်များကို မခြွင်းအချန် ပြောပြနေ၏။ အဆုံးတွင်တော့ ဝမ်လော့ရှန်းသည် ကျောင်းတော်နံပါတ်တစ်ဖြစ်ရာ သူ့တွင် ဘုရင်တစ်ပါးဖြစ်ရန် ဆွဲဆောင်နိုင်အားနှင့် စွမ်းရည်များရှိသည်ပင်။ ဝမ်လော့ရှန်းက ထိုသို့ပြောသော် များစွာသော စာသင်သားတို့မှာ အဆွယ်ခံလိုက်ရတော့သည်။

ယခင်တုန်းက အားလုံးသည် ကျောင်းတော်အနောက်ဘက်ဆုံးရှိ အိမ်စုတ်များကို အထင်သေးခဲ့ကြ၏။ သို့ပေသိ ယခု ဝမ်လော့ရှန်း ပြောသည်ကိုနားထောင်ကြည့်သော် ယင်းသည် သေးငယ် စုတ်ချာသော်လည်း အားသာချက်များ ရှိနေလေ၏။

အကယ်၍ အရှေ့ဘက်ပိုင်းတွင် အိမ်ငှားမည် ဆိုပါက ‌ကျောင်းသား အတော်များများအတွက် ‌စျေးကြီးနေနိုင်၏။

စင်အောက်တွင် ထိုင်နေသည့်ရှန်လင်းမှာ အနည်းငယ် အံ့သြသွားရသည်။ သူ ကျောင်းတော် အနောက်ဘက်ပိုင်းတွင် အိမ်ဝယ်ထားခဲ့၏။ ထို့အတွက်ကြောင့်ပင် ရှန်လင်း ဤအတောအတွင်း စာလေ့လာခြင်းနှင့် ပတ်သက်၍ အလုပ်များနေခဲ့ပြီး အနှီအိမ်ရာများကို စီမံခန့်ခွဲရန် အချိန်မရှိခဲ့ချေ။

ရှန်လင်းသည် အစကတော့ သူစာမေးပွဲတွင် အဆင့်ကောင်းရပါက ယင်းကို ဗန်းပြပြီး ကျောင်းနားတွင် နေခြင်း၏ ကောင်းကျိုးများကို ဟောပြောရန် တွေးထားခဲ့သည်ပင်။ သို့သော် သူ မစတင်ရသေးမှာခင် ဝမ်လော့ရှန်းက ကူညီပေးလိုက်မည်ဟု ထင်မထားမိခဲ့ပါ‌ချေ။

ဝမ်လော့ရှန်းက ပြောနေရင်းဖြင့် ရှန်လင်းကိုပါ ဆွဲသွင်းလေသည်။

“ ကျွန်တော်တင် မကပါဘူး။ ကျွန်တော်တို့ကျောင်းက ရှန်လင်းကို ကြည့်ကြည့်လိုက်။ သူ အရင်က ကျောင်းနားထားခဲ့တာ။ အိမ်မှာပဲ နှစ်အတော်ကြာကြာ လယ်အလုပ် လုပ်နေခဲ့တာ။ ဒီတစ်ခေါက် သူ စာလေ့လာဖို့ ကျောင်းကိုပြန်လာတော့ သူလည်းပဲ အိမ်ငှားနေတယ်ဗျ။ ရှန်လင်းက အခြေခံ အားနည်းတယ်ဆို‌တော့ သူ အနီးအနားမှာ အိမ်ငှားနေရတာ။ အားလုံးမှာ ထူးထူးချွန်ချွန် အောင်ဖို့အတွက် မျှော်လင့်ချက်ရှိပါသေးတယ်။ ကျွန်တော်တို့ ပိုအာရုံစိုက်လိုက်ဖို့ပဲလိုတာပါ”

ရှန်လင်း - “.....”

ဝမ်လော့ရှန်း၏ဆိုလိုရင်းမှာ စာမေးပွဲအောင်နိုင်ခြေနည်းသည့် ရှန်လင်းသည် အာရုံစိုက်၍ အိမ်ငှားထားသည်။ အားလုံးလည်း စာမေးပွဲအောင်လိုပါက အိမ်ငှားရန် အာရုံစိုက်ရမည်ဟူ၍ပင်။

ဝမ်လော့ရှန်းသည် ရှန်လင်းကို သေချာကြည့်၍

“ ညီနောင်ရှန်၊ ကျောင်းနားကို ပြောင်းလာလိုက်တာက မင်း စာလေ့လာတဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်တယ်ဟုတ်”

ရှန်လင်းက ခေါင်းညိတ်လျက်

“ နီးနီးနားနား ပြောင်းလိုက်တော့ နေ့တိုင်း စာလေ့လာဖို့ အချိန်ပိုထွက်လာတယ်လေ”

ဝမ်လော့ရှန်းကို အမြဲတစေ လေးစားနေခဲ့သည့် စာသင်သားများမှာ စတင် တီးတိုးပြောဆိုလာကြတော့သည်။

“ ဟုတ်တယ်။ ရှန်လင်းက စာမဖတ်ဖြစ်တာအတော်ကြာပြီပဲ။ သူတောင် မျှော်လင့်ချက်ရှိတယ်ဆိုတာ့ ငါတို့ဆို ပြောမနေနဲ့‌တော့”

ရှန်လင်း - “.....”

စာသင်သားများမှာ ဆက်လက်တွတ်ထိုးနေဆဲ။

“ နီးနီးနားနားမှာ အိမ်ငှားလိုက်ရအောင်။ ကျောင်းတော် အနောက်ဘက်ဆုံးက အိမ်တွေက သိပ်လည်း စျေးမရှိဘူးလေ”

“ ဒါပေမဲ့ ကျောင်းတော် အနောက်ဘက်ဆုံးက အိမ်တွေက အရမ်းစုတ်ချာတာ။ စုတ်ပြတ်နေပြီး သေးသေးလေးရယ်”

ဝမ်လော့ရှန်းက အားလုံး၏ စိုးရိမ်ပူပန်မှုကို ကြားသော် ပြောလာခဲ့၏။

“ ကျောင်းတော်အနောက်ဘက်ဆုံးက အိမ်တွေက အိုဟောင်းနေဆယ်ဆိုပေမဲ့ လေဒဏ်မိုးဒဏ်ကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။ ကျဥ်းပေမဲ့ အပြည့်အစုံပါပြီးသားပါ။ စာလေ့လာဖို့ အရမ်းသင့်တော်တယ်။ ပြီးတော့ တို့တွေအားလုံးက စာသင်သားတွေဆိုတော့ အတူတူစုနေလိုက်ရင် ဂရုစိုက်ပေးမဲ့သူလည်း ရှိသွားတာပေါ့။ တကယ်လို့ နားမလည်တာမျိုးတွေရှိခဲ့ရင် ကျွန်တော့်ကို လာမေးလို့ရပါတယ်ဗျ”

‌ကျောင်းသားအများစုက စပြီး စိတ်လှုပ်ရှားလာတော့သည်။

ဝမ်လော့ရှန်းက စာမေးပွဲပြီးသည့်အခါ သူလုပ်လိုသည့်အရာများကို ကူပြီးလုပ်ပေးသွားလိမ့်မည်ဟု ရှန်လင်းတစ်ယောက် မထင်မှတ်ထားခဲ့မိပါချေ။

အကယ်၍ သူ ယခု ကျောင်းနားတွင် အိမ်ငှားနေခြင်းက ပိုကောင်းသည်ဟု ပြောပါက ဝမ်လော့ရှန်း ပြောသည်လောက် အကျိုးသက်ရောက်မှုမရှိမည်မှာ ကျိန်းသေလှ၏။

ပတ်ဝန်းကျင်ကို တစ်ချက် နားစွင့်ကြည့်လိုက်သော် ‌ကျောင်းသားအတော်များများမှာ ကျောင်းအနောက်ဘက်ဆုံးနားတွင် အိမ်ငှားရန် ဆွေးနွေးနေကြချေပြီ။

ရှန်လင်း သူ့ဘာသာတွေးကြည့်လိုက်၏။

“ ကြည့်ရတာ ဆုဝန်ကတော့ ဒီရက်ပိုင်း ကျောင်းစွန်နားက အိမ်တွေစီမံတာရယ်၊ ငှားခကောက်တာရယ်နဲ့ အလုပ်များတော့မယ်နဲ့တူတယ်။’

သွမ့်ကျင်းထျန်ကဲ့သို့သော မြင်းလှည်းဖြင့် ကျောင်းအသွားအပြန်လုပ်နိုင်သည့် လူကုံထံမိသားစုမှကျောင်းသားမျိုးမှ လွဲ၍ တခြားကျောင်းသားများမှာ ခြေကျင်လျှောက်ပြီး လမ်းတွင် အချိန်ကုန်ရသူချည်းသာဖြစ်၏။

သို့ဖြစ်ရာ ကျောင်းသားအများစုမှာ အိမ်ငှားရန်လိုသော လူလတ်တန်းစားမိသားစုမှ ကျောင်းသားများ ဖြစ်လေသည်။ သူတို့သည် မြို့အရှေ့ဘက်ခြမ်းရှိ ရှန်လင်းတို့အိမ်နားတွင် ငှားဖို့ရာ မတတ်နိုင်ကြရှာပေ။ မြို့အနောက်ဘက်ပိုင်းတွင် အိမ်ငှားခြင်းကသာ အကောင်းဆုံးသောရွေးချယ်မှုဖြစ်ချေသည်။

ကျောင်းအနောက်ဘက်ဆုံးနားတွင် အိမ်ငှားရန် စိတ်အားထက်သန်နေသည့်ကျောင်းသားများစွာ ရှိနေပြီဖြစ်၏။

ကျောင်းဆင်းသည့်အခါ ရှန်လင်းသည် ဆုဝန်ကို ကျောင်းတွင်ဖြစ်ပျက်ခဲ့သည်များကို ဖောက်သည်ချ၏။ ဆုဝန်သည် ရှန်လင်းစားပွဲဘေးရှိ မီးအိမ်ကို ဆီဖြည့်ပေးနေရင်း ဆိုလာ၏။

“ဒီဝမ်လော့ရှန်း ဘာတွေကြံနေလဲမသိဘူး။ သူ့ကို ကျွန်မ သိသလောက်ဆိုရင်တော့ သူ့မှာ စာလေ့လာဖို့အကြံကောင်းတွေရှိနေရန် သူ သူများကိုပြောမပြဘဲ ဖုံးထားမှာပဲ”

ရှန်လင်းက ပြောလေသည်။

“ ကိုယ်လည်း ဒီရက်ပိုင်း ကျောင်းတော်မှာ တခြားအတန်းဖော်တွေ သူ့ကို စာမေးရင် သူ မဖြေချင်မှန်း သတိထားမိတယ်။ ရုတ်တရက် ဘာကြောင့်မှန်းမသိဘဲ သူက အားလုံးကို မြို့အနောက်ဘက်ပိုင်းမှာ အိမ်ငှားဖို့တောင် ကမ်းလှမ်းလာတယ်တဲ့”

ဆုဝန်က ဆို၏။

“ သူ့အကြံက ဘာပဲဖြစ်ဖြစ် သူပြောတဲ့အတိုင်း တချို့ကျောင်းသားတွေက အနောက်ဘက်ပိုင်းမှာ အိမ်လာငှားကြရင် ကျွန်မတို့ အလုပ်ရှုပ်သက်သာတာပေါ့။ ဝမ်လော့ရှန်းက အနောက်ဘက်ပိုင်းက အိမ်တွေက ကျွန်မတို့ဟာမှန်း မသိလောက်ဘူး။ မဟုတ်ရင် သူဒီလောက်သဘောကောင်းပြီး ကျွန်မတို့အိမ်တွေ ငှားထွက်အောင် ကူညီပေးမှာမဟုတ်ဘူး”

“ တကယ်လို့ ဒီရက်ပိုင်း ပွဲစားတစ်ယောက်ယောက် အိမ်လာငှားရင် ကျွန်မ မျက်နှာထွက်မပြတော့ဘူး။ အိမ်က ကျွန်မတို့ပိုင်တာမှန်း ဝမ်လော့ရှန်း သိသွားမှာစိုးလို့။ သူသိသွားရင် ပြဿနာတွေများနေမယ်။ ကျွန်မတို့ အကူကောင်မလေးကိုပဲ လူလုံးပြခိုင်းတာပေါ့”

ရှန်လင်းက ခေါင်းညိတ်၏။

“ ဒါ အနောက်ဘက်ပိုင်းက အိမ်မှာ ကိုယ်တို့ ပထမဆုံး အိမ်ငှားတင်တာဆိုတော့ မင်း လူလုံး ထွက်မပြဘူးဆိုပေမဲ့လည်း အဲဒီအိမ်ငှားမဲ့သူတွေကို တစ်ချက်သတိထားကြည့်ပါဦး။ ပထမအသုတ်ရဲ့ အမှတ်စာရင်းက နောင် ကိုယ်တို့အိမ်ငှားခအပေါ် သက်ရောက်မှုကြီးမှာပဲ”

“ဒါကြောင့် ကိုယ်တို့ လာငှားတဲ့သူတိုင်းကို ငှားလိုက်လို့မရဘူး။ ကြိုးစားတက်ကြွတဲ့‌ကျောင်းသားတွေ ဖြစ်မှရမယ်။ အရင်မငှားသေးနဲ့ဦး။ အိမ်ငှားမဲ့လူရဲ့နာမည်ကို ကိုယ်ကြည့်ပြီးတဲ့အချိန်ထိစောင့်။ ဒီအတောအတွင်း ကိုယ်ကျောင်းတော်မှာ စာမေးပွဲအောင်နိုင်ခြေရှိတဲ့သူတွေကို မှန်းကြည့်ထားပြီးပြီ”

ဆုဝန်က ပြုံးလျက် ဆိုလာ၏။

“ရှင်က တကယ်တွေးတတ်တာပဲ။ ကျွန်မဆို ဝမ်လော့ရှန်း ကူပေးလိုက်လို့ အလုပ်ရှုပ်သက်သာသွားတယ်လို့ပဲ တွေးမိတာ။ ရှင်က အနာဂတ်အတွက်တောင် တွေးထားပြီ”

ဆုဝန်ချီးကျူးသည်ကို ကြည့်နေသည့် ရှန်လင်း၏မျက်ဝန်းများမှာ နူးညံ့နေပြီး နှုတ်ခမ်းစွန်းတို့မှာ အနည်းငယ် မြင့်တက်လျက်ရှိ၏။

“ မင်းက ဒီလောက်ဉာဏ်ကောင်းတာကို။ ကိုယ်စောနက ပြောလိုက်တာကို မင်းဘယ်လိုလုပ် မတွေးမိဘဲနေမှာလဲ”

ဆုဝန်က ရှန်လင်းကို လက်ဖက်ရည်ကြမ်းငှဲ့ပေးလိုက်၏။

“ ကျွန်မ ဘယ်လောက်ပဲ ဉာဏ်ကောင်းပါစေ။ ခေါင်းနှစ်လုံး၊ လက်ရှစ်ဖက်တော့ မရှိပါဘူး။ ကျွန်မ မတွေးနိုင်၊ မလုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ကိစ္စအတော်များများကို သေချာတွေးတောဖို့ လိုသေးတယ်”

ဖယောင်းတိုင်မီး တဖျတ်ဖျတ်လှုပ်ခါသွားကာ ဆုဝန်ခေါင်းမှ ပုလဲဆံထိုးသည် ယိမ်းထိုး တောက်ပသွား၏။

ရှန်လင်းမှာ အနည်းငယ်ကြက်သေသေသွားရ၏။ ဆုဝန်သည် ထိုသို့သော စကားများကို တစ်ခါမျှ မပြောခဲ့ဖူးချေ။ သူသည် အရာရာတိုင်းကို လုပ်နိုင်စွမ်းရှိပြီး သေချာတွေးတောပုံပေါ်လေသည်။

သူသည် ဆယ်ကျော်သက်မိန်းမပျိုလေးတစ်ဦးသာဖြစ်ကြောင်း ရှန်လင်း သိနေခဲ့၏။

အကြင်သူ၏ဝန်ထုပ်ဝန်ပိုးများကို မျှဝေခံစားပေးနိုင်ရန် ရှန်လင်း ပို၍သန်မာလာချင်မိ၏။ ထိုသူကို သူ့ဘေးနားတွင် ပူပန်ကြောင့်ကြကင်းသည့်မိန်းမငယ်လေးတစ်ယောက်အဖြစ်သာ ထားချင်လေသည်။

သူ အရာအားလုံးကို ထမ်းပိုးထားသည်ဖြစ်စေ၊ မျှဝေယူခွင့်ပြုသည်ဖြစ်စေပေါ့။

ယခင်တုန်းက အနှီသူသည် သံမဏိနှင့်လုပ်ထားသည့်နှယ် မာကျောလှ၏။ ထိုသို့သော စကားမျိုးကို မပြောခဲ့ဖူးချေ။ ရှန်လင်းသည် သူ့ကိုလိုအပ်သည်ဟု ခံစားရသည်မျိုး မရှိသလောက်ပင်။

ရှန်လင်းသည် ဆုဝန်၏မျက်ဝန်းများကိုကြည့်၍

“ စိတ်မပူပါနဲ့။ ကိုယ် စာမေးပွဲအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ၊ ဒီဘဝမှာ မင်းကို တင့်တောင်းတင့်တယ်ထားနိုင်အောင် ကိုယ်အကောင်းဆုံးကြိုးစားသွားမှာပါ”

ဆုဝန်က ပြုံးလျက်

“ တကယ်လို့ ခက်ခဲတယ်ဆိုရင် ကျွန်မ ရှင်နဲ့အတူ တောင့်ခံပေးပါ့မယ်”

မျှော်လင့်ထားသည့်အတိုင်း နောက်တစ်ရက်တွင် အိမ်ပိုင်ရှင်ထံမှ ကျောင်းအနောက်ဘက်ဆုံးမှအိမ်ကို လာငှားကြလေသည်။ ထိုသူအားလုံးမှာ ဆုဝန်၏ အကူကောင်မလေးနှင့် တွေ့ခဲ့ရ၏။ အရင်ဆုံး အိမ်ငှားလိုသည့်ကျောင်းသားများသည် အမည်၊ ‌နေရပ် အစရှိသဖြင့် အချက်အလက်အစုံအလင်ကို လျှောက်လွှာဖြည့်ရလေ၏။

ညနေခင်းပိုင်း၌ လျှောက်လွှာများ ဆယ်စောင်မက ရရှိထားပြီးဖြစ်၏။

ဆုဝန်က အပြုံးတစ်ပွင့်ဖြင့် သက်ပြင်းချလိုက်မိ၏။

‘ကြည့်ရတာ ဝမ်လော့ရှန်းရဲ့ နံပါတ်တစ်နာမည်က ရှိနေတုန်းပဲကို။ အိမ်ငှားချင်တဲ့သူတွေ အတော်များနေပြီပဲ”

ရှန်လင်းပြန်ရောက်သော် သူ စာမလုပ်သည့်လူသုံးယောက်နာမည်ကို ရွေး၍ အကူကောင်မလေးကို အိမ်ငှားမည် မဟုတ်‌ကြောင်း မနက်ဖြန်ကျ လိမ္မာပါးနပ်စွာ ငြင်းရန် ခိုင်းလိုက်၏။

ရှန်လင်းသည် အိမ်မှအစေခံများကိုလည်း လျှောက်လွှာ မဖြည့်ထားသော်လည်း စာကြိုးစားသည့် ဆင်းရဲသားစာသင်သားများကို ရှာ၍ စျေးနည်းနည်းဖြင့် အိမ်ငှားနိုင်မည်ဖြစ်ကြောင်း ပြောရန် ခိုင်းလေသည်။

ဝမ်လော့ရှန်း၏ စကားများကို ကြားပြီးနောက် အနှီ‌ကျောင်းသားအားလုံးများသည် ကျောင်းနားတွင် အိမ်ငှားနေလိုကြ၏။ သို့သော် သူတို့၏စာသင်စရိတ်သည် မိသားစုကို ငွေကုန်ကြေးကျ များစေပြီးဖြစ်နေ၏။ သို့ဖြစ်ရာ ထိုသို့သော တောင်းဆိုမှုများလုပ်ဖို့ရန်မှာ တရားလွန်ရာ ကျနေ၏။

သို့သော် ထိုအခိုက် အိမ်ပိုင်ရှင်က အရင်စ၍ စျေးနိမ့်နိမ့်ဖြင့်ငှားပေးလိုကြောင်း ပြောလာခဲ့၏။ အနှီကျောင်းသားများမှာ အရှည်ကို မတွေးလိုတော့ဘဲ ပျော်ပျော်ရွှင်ရွှင်ပင် ငှားလိုက်ကြတော့သည်။

ရက်ပိုင်းအတွင်း ရှန်လင်းနှင့်ဆုဝန်တို့၏ ကျောင်းအနောက်ဘက်ဆုံးရှိအိမ်များမှာ အကုန် အငှားတင်ပြီးဖြစ်သွားတော့သည်။

ငှားခက မများသော်လည်း ကျောင်းသားဆယ်ယောက်တွင် ရှစ်ယောက်က ထူးထူးချွန်ချွန်အောင်ရန် မျှော်လင့်၍ရနိုင်၏။

အကယ်၍ သူတို့က စာမေးပွဲ‌အောင်ပြီး အရာရှိကြီးများဖြစ်သွားပါက နောင်တွင် ငှားရမ်းခတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေတည်း။

…

All Chapters