စစ်ဆေးရေးအရာရှိ၏တန်ခိုးအာဏာ
Vol. 8 Ch. 760
ပိုင်ဟောက်၏ အစီအစဥ်မှာ ရက်စက်လွန်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ ထိုအတိုင်း လုပ်ရန် တွေဝေနေတော့သည်။ သို့သော် အကယ်၍သူသာ အခွင့်ကြုံပါက ထိုအစီအစဥ်မှာ အလုပ်ဖြစ်နိုင်ချေရှိမည်ဖြစ်သည်။ ယခုတွင်မူ အခြေအနေများမှာမတည်ငြိမ်ဖြစ်နေသေးပေ။
" အဲဒီအကြောင်း နောက်မှပဲ ဆက်ပြောတာပေါ့။ အခုလောလောဆယ်တော့ ငါ့အတွက်အရေးကြီးဆုံးအရာက စစ်ဆေးရေးအရာရှိ ဆိုတဲ့အလုပ်ကို ကောင်းကောင်းလုပ်ဖို့ပဲ "
ပိုင်ဟောက်မှာ ယခင်ကထက်ပင် ပို၍တည်ကြည်သောအမူအရာဖြင့် ဆိုလိုက်လေသည်။
" ဆရာရေ။ ကျွန်တော်တို့ကို အသုံးမလိုတော့တာနဲ့ လက်စဖျောက်လိုက်တာမျိုးတွေ မဖြစ်အောင်လို့လည်း လျှို့ဝှက်အကြံအစည်တွေ ဆောင်ထားမှရမယ်ဗျ "
" စိတ်မပူပါနဲ့။ "
ပိုင်ရှောင်ချန်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
" မင်းရဲ့ဆရာက ဒါမျိုးတွေဆို အတွေ့အကြုံရှိပါတယ်ကွ "
ထို့နောက် သူသည် အားပါးတရ ရယ်မောလိုက်တော့သည်။ သူသာ ထိုစကားမပြောခဲ့ပါက ပိုင်ဟောက်မှာ စိတ်သက်သာရာ ရနေလိမ့်မည်ဖြစ်သော်လည်း ယခုတွင်မူ အန္တရာယ်ကြီးတစ်ခုကို ကြိုတင်ခံစားနေရသကဲ့သို့ဖြစ်နေတော့သည်။ သူ၏ဆရာ ယခုကဲ့သို့ ယုံကြည်မှုပြင်းထန်သည့်အခါတိုင်း ဖြစ်ရပ်ဆိုးများမှာ အမြဲတမ်း ပေါ်လာတတ်သည်မဟုတ်ပါလော။ သို့သော် သူသည် ပိုင်ရှောင်ချန်းကို အကြံဉာဏ်ပေးရုံမှတစ်ပါး ဤအခြေအနေကိုဖြေရှင်းနိုင်မည့် အခြားနည်းလမ်းတစ်ခုတစ်လေပင် မတွေ့မိသေးပေ။
ထိုညမှာ ထူးဆန်းသောကိစ္စများ မဖြစ်ပဲ ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းမှာ အမိန့်ပေးဆွဲပြားကို ဖွင့်ရန်အာရုံစိုက်လိုက် ပိုင်ဟောက်နှင့် စကားပြောလိုက် လုပ်နေခဲ့သည်။
အာရုဏ်တက်ချိန်တွင် သူသည် အပြင်သို့ထွက်၍ အချုပ်အနှောင်မန္တန်ရှိ၊မရှိ စစ်ဆေးလိုက်ပြီး စစ်ဆေးရေးစံအိမ်မှ ထွက်၍မရသေးကြောင်း သိလိုက်တော့သည်။ ထိုသို့ထွက်ခွာချင်ပါက အမိန့်ပေးဆွဲပြားကို ဖွင့်မှရမည်ဖြစ်သည်။
သူသည် ဆက်၍ကြိုးစားနေပြီး မကြာမီတွင် ညနေခင်းအချိန်သို့ရောက်သွားသည့်အခါ သူက ထိုဆွဲပြားကို ဖွင့်နိုင်သွားတော့သည်။ ထိုသို့ဖွင့်ရန် နှစ်ဆယ့်ခြောက်နှာရီခန့် ကြာမြင့်ခဲ့သည်ဖြစ်၍ သူထင်ထားသည်ထက်ပင် ပို၍ကြာမြင့်နေတော့သည်။
ထိုဆွဲပြားပွင့်သွားပြီးနောက် သူက ထိုထဲသို့ နတ်ဘုရားအာရုံအချို့စေလွှတ်လိုက်သောအခါ သူ၏အတွေးထဲတွင် မိုးခြိမ်းသံတစ်သံ ပြည့်နှက်သွားတော့သည်။ ထို့နောက် သူ၏နတ်ဘုရားအာရုံမှာ ဆွဲပြားနှင့်ပေါင်းစည်းသွားသောအခါ သူသည် စစ်ဆေးရေးစံအိမ်၏ ပြီးပြည့်စုံသော ပုံရိပ်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။
ထိုအခါတွင် သူ၏ မျက်လုံးများပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျော်ရွှင်မှုများ ဖုံးလွှမ်းသွားတော့သည်။ သူ့ထံတွင်ရှိသမျှ စိတ်ဆန္ဒ စွမ်းအင်အားလုံးကို ထုတ်လိုက်ပါသော်လည်း မှင်တက်ကာ တအံ့တသြအော်ဟစ်လိုက်ရသည်သာဖြစ်သည်။
" ဒါ ဒါ "
သူ၏စိတ်မျက်ဝန်းထဲတွင် မြင်နေရသည်မှာ စစ်ဆေးရေးစံအိမ်တစ်ခုလုံးပါသည့် အသေးစား ပုံရိပ်တစ်ခုဖြစ်သည်။ သူ၏မြင်ကွင်းမှဆိုလျှင် ထိုတစ်နေရာလုံးမှာ မရေမတွက်နိုင်သော ခေါင်းတလားများဖြင့် ပြည့်နှက်နေကြောင်း တွေ့နိုင်သည်။
ထိုစံအိမ်ကြီးမှာ ခေါင်းတလားများစွာစုဝေးထားသော အစုအစည်းကြီး၏ အပေါ်တွင် တည်ဆောက်ထားသည်နှင့်ပင်တူနေသည်။ ခေါင်းတလားပေါင်း တစ်သိန်းတိတိ ရှိနေပြီး ၎င်းတို့ကို ကျစ်လစ်သိပ်သည်းစွာ စုစည်းထားပြီး အဆင့်ကိုးဆင့်အသွင် ဖန်တီးထားသည်။ ထိုခေါင်းတလားတိုင်းဆီမှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသည်။ အဆင်ပို၍မြင့်သွားလေလေ ခေါင်းတလားအရေအတွက်မှာ နည်းလာလေလေဖြစ်သော်လည်း အငွေ့အသက်များမှာမူ ပို၍ကြောက်စရာကောင်းလာသည်သာဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကို ကြည့်ကာ အံ့အားသင့်မှုများ တိုးပွားလာတော့သည်။
နဝမမြောက်အဆင့်တွင် ခေါင်းတလားတစ်လုံးထဲသာရှိသော်လည်း အမိန့်ပေးဆွဲပြား၏ဖော်ပြချက်အရဆိုလျှင် ထိုခေါင်းတလားမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များကို ပိုင်ဆိုင်ထားကြောင်း ပိုင်ရှောင်ချန်းက သိလိုက်သည်။
" ဘုရားရေ "
ပိုင်ရှောင်ချန်းမှာ ရင်ဘတ်ကြီးတစ်ခုလုံး တဒိန်းဒိန်း ခုန်နေလျက် ရေရွတ်လိုက်တော့သည်။ သူ၏လက်ထဲတွင် ကိုင်ဆောင်ထားသည်မှာ အမိန့်ပေးဆွဲပြားတစ်ခုသာမဟုတ်ပဲ ဤခေါင်းတလား တစ်သိန်းတိတိကို ထိန်းချုပ်နိုင်သည့် မှော်ပစ္စည်းတစ်ခုဖြစ်ကြောင်း သိသွားတော့သည်။
သူသည် တစ်ချက်တွေးလိုက်ရုံဖြင့် ထိုခေါင်းတလားတစ်သိန်းကိုဖွင့်ကာ အထဲတွင်လဲလျောင်းနေသည့် အလောင်းကောင်များ၏ မျက်လုံးများကိုပါ ပွင့်သွားအောင် လုပ်နိုင်မည်ဟု ခံစားနေရတော့သည်။
" ဒါကမှ စစ်ဆေးရေးမှူးစံအိမ်အစစ်ကိုး "
ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။ အချိန်အတော်အတန်ကြာသွားပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ပြန်၍ဆွဲခေါ်လိုက်ပြီး အနက်ရောင် အမိန့်ပေးဆွဲပြားကို ငုံံကြည့်လိုက်တော့သည်။ ယခုတွင်မူ သူ့လက်ထဲရှိ အရာမှာ ပင်မ အမိန့်ပေးဆွဲပြားမဟုတ်ကြောင်း သိသွားတော့သည်။ မဟာကောင်းကင်သခင်မှာ ထိုသို့ ကောင်းကင်ကိုတုန်ရီစေကာ မြေပြင်ကိုအက်ကွဲစေနိုင်သည့်စွမ်းအားမျိုးကို မည်သည့်နည်းနှင့်မျှ အလွယ်တကူ ပေးအပ်မည်မဟုတ်ပေ။
" ဒါ အရံ အမိန့်ပေးဆွဲပြားပဲ ဖြစ်ရမယ်။ ပင်မ အမိန့်ပေးဆွဲ့ပြားက မဟာကောင်းကင်သခင်ရဲ့ လက်ထဲမှာရှိမှာ အသေအချာပဲ။ သူက ဆန္ဒရှိသလို စစ်ဆေးရေးစံအိမ်အောက်မှာရှိတဲ့ စစ်တပ်ကို လိုသလို ထိန်းချုပ်နိုင်တဲ့လူပဲ "
" ဒါပေမဲ့ အဲဒါ ငါ့အတွက် ပြဿနာမရှိပါဘူး။ ငါက မဟာကောင်းကင်သခင်ဘက်ကလေ။ ဒီလောက် အာဏာနည်းနည်းလေးရတာနဲ့တင် အဆင်ပြေနေပါပြီ "
သူက အသက်မှန်မှန် ပြန်ရှူလိုက်ပြီး နတ်ဘုရားအာရုံအချို့ကို အမိန့်ပေးဆွဲပြားထဲသို့ ထည့်သွင်းကာ သူ၏အနီးဆုံးတွင်ရှိသော မြေကြီးထဲသို့မြုပ်နေသည့်ခေါင်းတလားကို အာရုံစိုက်လိုက်တော့သည်။
" နိုးထစေ "
ထိုအတွေးစ ပေါ်ထွက်လာသည်နှင့်တပြိုက်နက် သူရှိနေသည့်အဆောက်အဦ၏ တံခါးနှင့်အနီးဆုံးရှိ ထုံးကျောက်ပြားကြီးမှာ ကွဲအက်သွားပြီး ရှေးဟောင်းခေါင်းတလားတစ်လုံး လေပေါ်သို့ပျံတက်လာသည်။ ၎င်းကို အနက်ရောင်သံထည်ဖြင့် ပြုလုပ်ထားပြီး မြေပြင်ပေါ်သို့ကျသွားသည်နှင့် တပြိုက်နက် အဖုံးမှာ အတွင်းမှတွန်းဖွင့်ခြင်းကို ခံလိုက်ရသည်။
ထို့နောက် သေခြင်းတရားနှင့် ဆွေးမြေ့ခြင်း အငွေ့အသက်တစ်ခုနှင့်အတူ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး အနက်ရောက်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားကာ သတ်ဖြတ်လိုသော အငွေ့အသက်များထုတ်လွှတ်နေသည့် သန်မာသော လူထွားကြီးတစ်ယောက် ပေါ်ထွက်လာသည်။
ထိုသတ်ဖြတ်လိုစိတ်၏ ပြင်းထန်မှုကိုကြည့်လျှင် သူသည် မရေမတွက်နိုင်သော လူများစွာကို သတ်ခဲ့ဖူးသူဖြစ်ကြောင်း သိနိုင်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ အမူအရာမှာ တုန်လှုပ်မှုများ ဖုံးလွှမ်းသွားတော့သည်။
ထိုလူထွားကြီးမှာ ဖြည်းညင်းစွာမော့ကြည့်လိုက်သောအခါ မျက်နှာဖုံးနောက်တွင် နီမြန်းစွာတောက်ပနေသည့် မျက်လုံးများကိုမြင်နိုင်သည်။ သူသည် ပိုင်ရှောင်ချန်းထံသို့ ခြေတစ်လှမ်းလှမ်းလာပြီး သူ့ထံမှ ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်း အငွေ့အသက်များ ပေါ်ထွက်လာတော့သည်။ အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် တပ်သားကြီးမှာ ပိုင်ရှောင်ချန်းထံသို့ လျှောက်လှမ်းလာပြီး ဦးညွှတ်ကာ ဒူးတစ်ဖက် ထောက်လိုက်တော့သည်။
" မင်္ဂလာပါ ကြီးမြတ်သောအရှင် "
သူသည် ရိုသေလေးစားကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေသည့် ထစ်ချုန်းသံကြီးဖြင့် ဆိုလိုက်သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး ပိုင်ဟောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
" ဒါကမှ စစ်ဆေးရေးစံအိမ်ထဲမှာ ပုန်းအောင်းနေတဲ့ အင်အားအစစ်အမှန်ကိုး "
ပိုင်ရှောင်ချန်းမှာ အမိန့်ပေးဆွဲပြားထဲသို့ နတ်ဘုရားအာရုံ အနည်းငယ်ထပ်မံ ထည့်သွင်းလိုက်ပြီး နောက်ထပ်ခေါင်းတလားတစ်ခုကို နိုးထစေလိုက်ပြန်သည်။
မကြာမီတွင် ခေါင်းတလားတစ်လုံးပြီးတစ်လုံး ထွက်လာကာ အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် တပ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာနေသဖြင့် စစ်ဆေးရေးစံအိမ်တစ်ခုလုံးမှာ တုန်ရီနေတော့သည်။ ခဏအကြာတွင် အယောက်တစ်ထောင်ပြည့်သွားတော့သည်။
ထိုထဲမှ အားအနည်းဆုံးတပ်သားများမှာ အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင် ရှိနေပြီဖြစ်ပြီး နတ်အဆင့်သို့ တစ်ဝက်အထိရောက်နေပြီဖြစ်သည့် တပ်သားအနည်းငယ်လည်း ပါသည်။ သူတို့ထံမှ ပေါ်ထွက်နေသည့် သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လေပြေလေညင်းများနှင့် တိမ်တိုက်များအပေါ်တွင်ပါ အကျိုးသက်ရောက်မှု ရှိနေပြီး သူတို့ကို သရဲတစ္ဆေများနှင့် ဝံပုလွေများ၏ အဆက်မပြတ် အော်ဟစ်မြည်တမ်းသံများက ဝန်းရံထားသည်။
၎င်းမှာ စစ်ဆေးရေးစံအိမ်ထဲတွင် ပုန်းအောင်းနေသည် အင်အားများ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ရှိသေးသည်။ ပိုင်ရှောင်ချန်းမှာ ထပ်၍ ဆင့်ခေါ်ချင်ပါသော်လည်း သူ၏ အမိန့်ပေးဆွဲပြားကို အသုံးပြုနိုင်စွမ်းကို ကန့်သတ်ထားသည်ဖြစ်၍ တပ်သားအယောက်တစ်ထောင်ကိုသာ ဆင့်ခေါ်နိုင်သည်။
ထို့အပြင် သူသည် ထိပ်ခုနစ်ဆင့်မှ ခေါင်းတလားများကိုသာ ဆင့်ခေါ်နိုင်သည်။ အဆင့်ရှစ်တွင် ခေါင်းတလားဆယ်ခုသာရှိပြီး ၎င်းတို့အားလုံးမှာ နတ်အဆင့်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။ ထိုတပ်သားများတွင် ဝိညာဥ်များရှိနေသည်တော့မဟုတ်ပေ။ သူတို့မှာ အပြင်ခန္ဓာကိုယ်စွမ်းအားကိုသာ ပိုင်ဆိုင်ထားကြခြင်းဖြစ်သည်။
" တစ်ထောင်ဆိုလည်း အဆင်ပြေပါတယ် "
ပိုင်ရှောင်ချန်းမှာ လုံးဝ စိတ်ပျက်ခြင်းမရှိဘဲ ကျေနပ်နေသေးသည်။ အနက်ရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသည့် တပ်သားအယောက်တစ်ထောင်ကို လှမ်းကြည့်လိုက်ပြီး သူကခေါင်းကိုနောက်ပစ်ကာ အားပါးတရ ရယ်မောလိုက်တော့သည်။ ရုတ်တရက် သူသည် သူ၏လက်တစ်ချောင်းဝှေ့ယမ်းလိုက်ရုံနှင့် ထောင်ပေါင်းများစွာသောတပ်သားများပါဝင်သည့်စစ်တပ်ကြီးတစ်ခုကို တိုက်ပွဲသို့ စေလွှတ်နိုင်သည့် မဟာတံတိုင်းသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရလေသည်။
" ငါ့ကို လူတွေပြဿနာလာရှာတုံးက ဒီလိုရာထူးမျိုးရှိခဲ့လို့ကတော့ ငါဘာမှတောင် လုပ်စရာလိုခဲ့မှာ မဟုတ်ဘူး။ ငါ့လက်ကလေး ဝေ့ယမ်းလိုက်ရုံနဲ့ အဲဒီလက်ရွေးစင်တွေအကုန် တစ်ခါထဲ ပြုတ်ပြုတ်ပြုန်းသွားကြမှာ။ "
ပိုင်ရှောင်ချန်းမှာ အလွန်ပျော်ရွှင်နေပြီး ယုံကြည်ချက်များ ပြင်းထန်နေတော့သည်။ ထို့အပြင် မဟာကောင်းကင်သခင်မှာ သရဲကြီးဘုရင်ထက် ပို၍အားကိုးစရာကောင်းကြောင်း တွေးနေတော့သည်။ သရဲကြီးဘုရင်သူ့အားပေးခဲ့သည့် ဆုများမှာ အမည်ခံမျှသာရှိပြီး မဟာကောင်းကင်သခင်က သူ့အားပေးအပ်ခဲ့သည်မှာ စစ်တပ်တစ်တပ်အား ဦးဆောင်နိုင်ခွင့်မဟုတ်ပါလော။
ဤအမိန့်ပေးဆွဲပြားမှာ တပ်သားအယောက်တစ်ထောင် ဆင့်ခေါ်ရုံသာမက အခြားလုပ်ငန်းတစ်ခုကိုပါ စွမ်းဆောင်နိုင်သေးသည်။ ၎င်းဆွဲပြားတွင် မြေရိုင်းဒေသထဲရှိ မှူးမျိုးမတ်နွယ် အားလုံးနှင့်ပတ်သတ်သော အကြောင်းပြန်စာများပါရှိနေသည်။ အထူးသဖြင့် ဗဟိုဧကရာဇ်မြို့ထဲမှ မှူးမျိုးမတ်နွယ်များအကြောင်းမှာ ပို၍စုံလင်ပေသည်။ အချိန်တိုင်းတွင် လူတိုင်းကို နောက်ကွယ်မှ စောင့်ကြည့်နေပြီး သူတို့ဘဝတွင်ဖြစ်ပျက်နေသမျှ အရာအားလုံးကို သတင်းပြန်ပို့ကာ ဤအမိန့်ပေးဆွဲပြားထဲတွင် မှတ်တမ်းတင်သိမ်းဆည်းထားသည့် အလား။ ဤအမိန့်ပေးဆွဲပြားကို ပိုင်ဆိုင်ထားသူတိုင်းမှာ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များစွာကို သိရှိနိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားရပြီး အစီရင်ခံစာအချို့ကို မွှေနှောက်ရှာဖွေလိုက်သောအခါ သူ့အား လက်ရွေးစင်ရာနှင့်ချီ၍ တိုက်ခိုက်ရသည့်အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်သည် ကောလာဟလ အမှားများကို ဖြန့်နေသောကြောင့် ဖြစ်ကြောင်းသိလိုက်ရသည်။ ထိုကောလာဟလများကြောင့် လူအများမှာ ဒေါသထွက်ခဲ့ရပြီး အဆုံးတွင် ထိုလက်ရွေးစင်များမှာ သူ့အား တိုက်ရိုက်လာရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ထိုကိစ္စ၏ တရားခံများစွာထဲတွင် ကျိုးဟုန်မှာ တစ်ယောက်အပါအဝင်ဖြစ်သည်။ ပိုင်ရှောင်ချန်း ဝိညာဥ်ရေနွေးအိုးထဲတွင် ဖမ်းဆီးခဲ့သည့် လူတိုင်းနီးပါးမှာ ဤကိစ္စတွင် တစ်မျိုးတစ်ဖုံနှင့် ပါဝင်နေကြသည်။ သို့သော် ဤကိစ္စဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်ပေးခဲ့သည့် လူများရှိကြောင်း ဖော်ပြနေသည့် သဲလွန်စများလည်း ရှိသေးသည်။ ထိုလူများမှာ တော်ဝင်မင်းသား နှစ်ပါးဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ပိုမိုဒေါသထွက်လာရတော့သည်။ အရာရာတိုင်းမှာ ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာပြီဖြစ်သည်။ ထိုနေ့က ကျိုးဟုန်နှင့်အတူပါလာသည့် ဖုံးရွှေသံလိုက်အိမ်မြှောင်ကိုကိုင်ဆောင်ထားသော လူငယ်လေးလည်း အပါအဝင်ဖြစ်သည်။ အမိန့်ပေးဆွဲပြားကို သုံးကာ အနည်းငယ်စုံစမ်းကြည့်လိုက်သောအခါ သူ့အား မည်သူမည်ဝါဖြစ်ကြောင်း လျင်မြန်စွာ ဖော်ထုတ်နိုင်လိုက်သည်။
သူသည် မဟာမင်းသား၏ လက်ပါးစေတစ်ယောက်ဖြစ်သည်။
" သက်သက်မဲ့ အနိုင်ကျင့်တာပဲ "
ပိုင်ရှောင်ချန်းက အံကြိတ်ကာ ကြိမ်းဝါးလိုက်သည်။ ထို့နောက် သူသည် မဟာကောင်းကင်သခင် သူ့အားပေးအပ်ခဲ့သည့် တာဝန်ကို သုံးသပ်လိုက်ပြီး ဤ မှူးမျိုးမတ်နွယ်များနှင့် မင်းညီမင်းသားများမှာ သူ့အားသတ်ရန်ကြိုးစားခဲ့ပုံများကို တွေးတောချိန်ဆကြည့်လိုက်သောအခါ သူ၏မျက်ဝန်းများမှာ အေးစက်စွာတောက်ပလာတော့သည်။
သူ၏ဆရာမှာ ဒေါသထွက်နေကြောင်း ပိုင်ဟောက်က သိလိုက်ရသောအခါ ပြဿနာရင်းမြစ်ကို သူကမေးမြန်းလိုက်သည်။ သူ့ဆရာ၏ ရှင်းပြချင်ကို ကြားလိုက်ရသောအခါ သူက အလျင်အမြန်အပင် အကြံပေးလိုက်တော့သည်။
" ဆရာရေ။ စိတ်ကို ခဏလောက် အေးအေးထားပါ။ ဆရာ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် မဟာကောင်းကင်သခင်ရဲ့ အဓိကအစီအစဥ် ထိခိုက်သွားမယ်ဆိုရင်…. "
" ဘာမှ ငါစိတ်အေးအေး ထားနေစရာမလိုဘူး " ပိုင်ရှောင်ချန်းက လက်ကိုယမ်းကာ ကြားဖြတ်ပြောလိုက်သည်။
" ဒီကိစ္စနှစ်ခုလုံးက အတူတူတွေပဲ။ မဟာကောင်းကင်သခင်က ဗဟိုဧကရာဇ်အပေါ် ဘယ်သူသစ္စာရှိလဲဆိုတာကို အတိအကျမသိဘူး။ ပြီးတော့ငါ့ကိုလည်း ဘယ်သူ့ကို မစစ်ဆေးရဘူးဆိုပြီးတော့ မတားမြစ်ထားဘူး "
ယခုတွင် သူသည် မဟာကောင်းကင်သခင် ထောက်ပံ့ပေးထားသည့် ရာထူးအာဏာရှိနေပြီဖြစ်၍ သူ၏သနားစရာ အသက်ကလေးမှာ အန္တရာယ်မရှိတော့ကြောင်း ယုံကြည်လိုက်သည်။ သူ၏ စိတ်အနေအထားအရ သူလက်စားပြန်မချေပဲ နေမည်မှာ လုံးဝမဖြစ်နိုင်ပေ။
မဟာကောင်းကင်သခင်၏ သူ့အားထောက်ခံထားသော ဓမ္မအမိန့်တော်နှင့် သူလက်ဝယ်ပိုင်ဆိုင်ထားသည့် အာဏာ ရှိနေသည်ဖြစ်ရာ သူ့ဘက်က စ၍လှုပ်ရှားလိုပါက သက်သေအထောက်အထားလိုအပ်ကြောင်း ပိုင်ရှောင်ချန်းက သိသည်။ ထိုမှသာ မလိုလားအပ်သော ပြဿနာများ ထွက်မလာမည်ဖြစ်သည်။
သာမန်လူတစ်ယောက်အတွက်ဆိုလျှင် ထိုသို့သော သက်သေများကိုရှာဖွေရန် ခက်ခဲနိုင်သော်လည်း ပိုင်ရှောင်ချန်းအတွက်မူ မခက်ခဲပေ။ သူ မိစ္ဆာအကျဥ်းထောင်တွင် စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ခဲ့စဥ်က သူစစ်မေးခဲ့သည့်လူများစွာထံမှ အမျိုးမျိုးသော လျှို့ဝှက်ချက်များကို ရရှိခဲ့သည်။
" သွားကြမယ် " ပိုင်ရှောင်ချန်းက ဝင့်ကြွားစွာဆိုလိုက်သည်။
" ငါတို့တွေ ထောင်ကိုသွားလည်ရအောင် " ထိုသို့ဆိုကာ သူသည် ပိုင်ဟောက်နှင့်အတူ လေပေါ်သို့ပျံတက်သွားပြီး အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ကြီးထွားသန်မာသော တပ်သားအယောက်တစ်ထောင်မှာ သူတို့နောက်မှ လိုက်သွားတော့သည်။
အချိန်မှာ ညနေခင်းအချိန်ဖြစ်ပါသော်လည်း ဗဟိုဧကရာဇ်မြို့၏ အစိတ်အပိုင်း တော်တော်များများမှာ သက်ဝင်လှုပ်ရှားနေဆဲဖြစ်သဖြင့် ပိုင်ရှောင်ချန်းမှာ အနက်ရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသည့် သူ၏ အလောင်းကောင်တပ်သားများနှင့်အတူ ခမ်းနားကြီးကျယ်စွာဖြင့် လမ်းမပေါ်သို့ရောက်လာသောအခါ လူများမှာ သူ့အား ချက်ချင်းသတိထားမိသွားကြသည်။ ထိုအလောင်းကောင်တပ်သားများထုတ်လွှတ်နေသည့် သတ်ဖြတ်လိုသော အငွေ့အသက်များမှာ သေခြင်းတရားအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည်မဟုတ်ပါလော။
" အဲဒါ ဘယ်သူတွေလဲ။ အဲဒီမယုံနိုင်စရာ သတ်ဖြတ်လိုတဲ့အငွေ့အသက်ကြီးကို ကြည့်စမ်းပါဦး "
" ဟေး။ အဲဒါပိုင်ဟောက်မလား။ ဘာလို့ သူ့နောက်က အနက်ရောင်ချပ်ဝတ်တန်ဆာနဲ့ ဝိညာဥ်ကျင့်ကြံသူတွေက သေခြင်းတရားအရိပ်အယောင်တွေနဲ့ ပြည့်နေရတာလဲ "
အရပ်မျက်နှာတိုင်းတွင် စကားသံများ ပေါ်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုသို့အာရုံစိုက်ခံရသည်ကို ကျေနပ်နေသည်။ သူသည် တပ်သားအယောက်တစ်ထောင်ကို ဦးဆောင်နေသည့်အတွက် မည်သူက သူ့အားရန်စနိုင်ပါမည်နည်း။