← Chapters

ခင်ဗျားက ကျုပ်ကို သိလို့လား

Vol. 8 Ch. 761

ခင်ဗျားက ကျုပ်ကို သိလို့လား

Vol. 8 Ch. 761

မဟာကောင်းကင်သခင်က ပိုင်ရှောင်ချန်းကို စစ်ဆေး​ရေး အရာရှိမင်းအဖြစ် ခန့်အပ်ခဲ့ချိန်က ဗဟို ဧကရာဇ်မြို့တော်ရှိ လူများစွာသည် မြို့နယ်အမှတ်လေး ရှိ စစ်ဆေးရေးရာစံအိမ်ကို အာရုံစိုက်လာကြသည်။ ထို့ကြောင့် လူအတော်များများသည် သူက အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် လူများကို ဦးဆောင်၍ အပြင်ထွက်လာသည်ကို သတိပြုမိလိုက်ကြပြီး ကြောက်လန့်တုန်ရီသွားကြတော့သည်။

ထိုလူများကိုကြည့်ကာ ယခင်က ဒဏ္ဍာရီလာအကြောင်းအရာတစ်ခုကို သူတို့ ရုတ်ချည်း ပြန်မှတ်မိလိုက်ကြသည်။ အနှီစစ်တပ်သည် ဗဟိုဧကရာဇ်မြို့တော်တွင် သွေးမိုးများ ရွာစေခဲ့ရာ…

" ရဲသွေးနီ အလောင်းကောင် တပ်ဖွဲ့ " ဟူ၍ ထင်ရှားကျော်ကြားလာခဲ့သည်။

" ဟိုးအရင်က သူတို့က ခုနစ်လဆက်တိုင် သွေးမိုးတွေ ရွာစေခဲ့တာ။ ရဲသွေးနီ အလောင်းကောင်တပ်ဖွဲ့ "

မရေမတွက်နိုင်သော မျက်လုံးများသည် ပိုင်ရှောင်ချန်းနှင့် သူ့နောက်လိုက် ရဲသွေးနီ အလောင်းကောင်တပ်ဖွဲ့အပေါ် စူးစိုက်ကြည့်နေကြသည်။ မင်းမျိုးနွယ်များ၊ အထက်တန်းလွှာများ တုန်လှုပ်သွားကြလေသည်။ ပိုင်ရှောင်ချန်းကို ကြောက်၍မဟုတ်၊ အလောင်းတပ်သားများကို ကြောက်၍ ဖြစ်သည်။ ထိုမျှသာမက သူတို့သည် ထိုတပ်ဖွဲ့ကို ကိုယ်စားပြုသည့်...... မဟာကောင်းကင်သခင်ကို ကြောက်ကြလေသည်။

ဤအလောင်းတပ်သားများ တပ်ဖွဲ့အကြောင်းပုံပြင် များစွာ ရှိသည်။ တချိန်က ၎င်းတို့ကို တတိယမျိုးဆက် ဗဟိုဧကရာဇ်က ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး ဗဟိုဧကရာဇ်များ မျိုးရိုးစဥ်ဆက် ထိန်းချုပ်လာခဲ့သည့် အနက်ရောင်စစ်ဆေးရေးတပ်ဖွဲ့ဖြစ်ကာ ယခုတွင် မဟာကောင်းကင်သခင်၏ လက်ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်ဟူ၍။

သို့သော် အခြားလူများက အလောင်းတပ်ဖွဲ့သည် မဟာကောင်းကင်သခင်မပေါ်ခင်က မရှိခဲ့ဟု ပြောကြလေသည်။ သူက သူ့ကို အတိုက်ခံလုပ်ခဲ့သည့် မင်းမျိုးနွယ်အထက်တန်းလွှာများ၏ အလောင်းများကို သုံးပြီး တပ်ဖွဲ့ဖန်တီးခဲ့သည်ဟူ၍။

တပ်ဖွဲ့အတွက် ဖြစ်နိုင်သော မူလပုံပြင်များအားလုံးနီးပါး တည်ရှိသော်လည်း အကုန်လုံးက မဟာကောင်းကင်သခင်နှင့် ဆက်စပ်နေပေသည်။

အလောင်းတပ်သားများ ပြန်ပေါ်လာသည့်သတင်းများ ပျံ့နှံ့လာသည့်အတွက် လူပေါင်းများစွာမှာ တုန်လှုပ်သွားကြပြီး မြင်နေရသောအရာများကို အနီးကပ်စောင့်ကြည့်လာကြတော့သည်။

ကိစ္စကြီးတစ်ခု ဖြစ်တော့မည်ဖြစ်ကြောင်း... လူတိုင်း သိကြလေသည်။

အရေးအကြီးဆုံးက လူတိုင်းသည် ယခု မဟာကောင်းကင်သခင်၏ တပ်ဖွဲ့ကို ဦးဆောင်နေသော လူက.... ပိုင်ဟောက်ဖြစ်ကြောင်းလည်း သိကြသည်။

သူက မရေမတွက်နိုင်သော လက်ရွေးစင်များကို စော်ကားခဲ့ပြီး မင်းမျိုးနွယ်၊အထက်တန်းလွှာများရှိ ကြီးမြတ်သောလူတိုင်းနှင့် တိုက်ရိုက် မပတ်သက်နေသည့်တိုင် အကုန်လုံးနီးပါးနှင့် ဆက်နွှယ်နေပေသည်။

လွန်ခဲ့သော ညအနည်းငယ်မှ သွေးထွက်သံယိုဖြစ်ရပ်ကြီးသည် ဆွေးနွေးငြင်းခုံရာ ခေါင်းစီးစကားဖြစ်ခဲ့ပြီး ပိုင်ဟောက်က ရန်ငြိုးကြီးစွာဖြင့် လက်စားချေလိမ့်မည်ဖြစ်ကြောင်း လူတိုင်းသိကြလေသည်။

လူတိုင်း၏ စိတ်များမှာ နောက်ထပ်ဖြစ်လာမည့်အရာများကို စဥ်းစားရင်း ယောက်ယက်ခတ်နေပြီး တစ်ဆက်တည်းမှာပင် သတိထားနေတော့သည်။

အမှန်တကယ်တော့ ပိုင်ရှောင်ချန်းမှာ အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် တပ်သားများကို ဦးဆောင်ကာ အပြင်ထွက်လာခြင်းဖြစ်ပြီး ဤမျှအုတ်အော်သောင်းနင်းဖြစ်သွားစေမည်ဟု မသိခဲ့ပေ။ သူက လူများစွာ အာရုံစိုက်ခံနေရသည်ကို အကျေနပ်ကြီး ကျေနပ်နေပြီး သူ၏ အောင်မြင်မှုများကို မခံစားပဲ မနေနိုင်တော့ပေ။

" အင်း။ ကြာတောင်ကြာခဲ့ပြီ။ ငါဒီလို အောင်မြင်မှုတွေနဲ့ မတောက်ပြောင်ရတာ သိပ်ကိုကြာခဲ့ပြီပဲ။ သရဲကြီးမြို့တော်မှာတုန်းက ငါ အမှုဆောင်ချုပ်ဖြစ်ခဲ့ပေမယ့် တပ်အာဏာတော့ မရှိခဲ့ဘူး "

ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် တစ်လောကလုံးကို မျက်စိထဲထည့်စရာမလိုဟုပင် ခံစားနေရတော့သည်။ သူက မေးကိုမော့ရင်း အရှိန်အနည်းငယ်လျှော့ကာ လေကို ခွင်း၍ သွားလိုက်သည်။

သူသွားမည့်နေရာသည် အလယ်ပိုင်းဒေသအလွန်တွင်ရှိသည့် ဗဟိုဧကရာဇ်မြို့တော်၏ စိတ္တဇထောင်ကြီးဆီသို့ ဖြစ်သည်။ ၄င်းသည် မြို့နယ် ၄၉တွင်ရှိသည်။ ပိုင်ရှောင်ချန်းက သူ၏ အနက်ရောင်ချပ်ဝတ်တန်ဆာ တပ်သားတစ်ထောင်နှင့် ပျံသန်းနေစဥ် မြို့စောင့်များသည် သူ့အနား မကပ်ရဲဘဲ အဝေးမှသာ ကြည့်နေကြလေသည်။ သို့နှင့် ပိုင်ရှောင်ချန်းသည် စိတ္တဇထောင်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

စိတ္တဇထောင်ကြီးကို ရစ်ခွေနေသော ဧရာမစပါးကြီးမြွေကဲ့သို့ တည်ဆောက်ထားလေသည်။ ဝင်ပေါက်သည် စပါးကြီးမြွေ၏ ပါးစပ်ပေါက်ဖြစ်ပြီး ပိုင်ရှောင်ချန်း ထိုနေရာတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထောင်မှူးနှင့် အခြားအရေးကြီးသော ထောင်အရာရှိများသည် ပျံထွက်လာကာ သူ့ကို ကြိုဆိုကြလေသည်။ ပိုင်ရှောင်ချန်းနှင့် သူ၏ အနက်ရောင်ချပ်ဝတ်တန်ဆာ တပ်သားတစ်ထောင်၏ မြင်ကွင်းသည် သူတို့အားလုံးကို ကြောက်ရွံ့ထိတ်လန့်ကာ တဆတ်ဆတ်တုန်သွားစေသည်။

သိသာစွာပင် သူတို့သည် ဤပိုင်ဟောက်သည် စစ်ဆေးရေးအရာရှိမင်းအဖြစ် မဟာကောင်းကင်သခင်၏ တာဝန်ပေးအပ်ခြင်းခံထားရကြောင်း သိကြလေသည်။ ကတုန်ကယင်နှင့် သူတို့က လက်ယှက်၍ အရိုအသေပေးကာ ပြောလိုက်သည်။

" စစ်ဆေးရေးအရာရှိမင်းကို အရိုအသေပေးပါတယ်"

"ခင်ဗျားက ကျုပ်ကို သိလို့လား "

ပိုင်ရှောင်ချန်းက ကျောနောက်ကို လက်ပစ်ရင်း မေးကို ပင့်ကာ တည်ငြိမ်စွာ ပြောသည်။

စိတ္တဇထောင်ကြီး၏ ထောင်မှူးကြီးသည် ဘောလုံးကြီးသဖွယ် အလွန်တရာဝလွန်းသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်သည်။ သူက စိတ်လှုပ်ရှားစွာ ပြုံးရင်း ဆို၏။

" စစ်ဆေးရေးအရာရှိမင်း ပိုင်၊ ခင်ဗျားက အင်မတန် ဖြောင့်မတ်တည်ကြည်ပြီး လက်ဖျားခါလောက်အောင် နာမည်ကြီးပါပေတယ်။ ကျုပ်တို့လို ဘာမှမဟုတ်တဲ့လူတွေက ခင်ဗျားရဲ့ ခန့်ညားတင့်တယ်မှုတွေကို မော်သာကြည့်နိုင်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ ကျွန်တော်မျိုးမှာ ခင်ဗျားကို အဝေးကနေပဲ ကြည့်နေပြီး ခင်ဗျားရဲ့ ခမ်းနားထည်ဝါတဲ့ ဟန်ပန်အမူအရာတွေကို အတောမသတ်နိုင်အောင် အထင်ကြီးလေးစားခဲ့ပါတယ်။ ခင်ဗျား ဘာကြောင့်ပဲလာလာ အိုး မြင့်မြတ်လှတဲ့အရှင်ရေ.. ကျွန်တော်မျိုး ကိုယ်စွမ်းရှိသလောက် အကုန် ကူညီပေးပါ့မယ် "

ထောင်မှူးမှာ အလွန် စိတ်လှုပ်ရှားနေသည်။ ဤသည်မှာ ပိုင်ရှောင်ချန်း၏ ရဲသွေးနီ အလောင်းတပ်ကို တာဝန်ယူပြီးနောက် လည်ပတ်ရန် ရွေးချယ်ခဲ့သည့် ပထမဆုံးနေရာဖြစ်သည့်အတွက် သူ ဂနာမငြိမ်ဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာ ပေါ်တင်မြှောက်လုံးများကို သိပ်ဘဝင်မကျဘဲ ထောင်မှူး၏ စိတ်ရင်းကိုလည်း မမှန်းဆမိပေ။ သို့သော် သူ၏လက်ရှိရာထူးအဆင့်အတန့်အရဆိုလျှင် ဤထောင်မှူးကဲ့သို့ နိမ့်ကျသောလူများကို ပြဿနာရှာရန်မှာ မျက်နှာပျက်စရာကြီးဖြစ်ပေမည်။ အေးစက်စွာ နှာမှုတ်ရင်း သူက ပြောသည်။

" တော်တော့ ငဖားကောင်၊ ငါ့နောက်လိုက်ပြီး ငါပြောတဲ့အတိုင်းသာလုပ်"

သူက လက်နှစ်ဖက်ကို ကျောနောက်ပစ်ရင်း မဟာစိတ္တဇထောင်ထဲသို့ ဝင်သွားတော့သည်။

ထောင်မှူးကြီးနှင့် အခြားအရာရှိများမှာ ပိုင်ရှောင်ချန်း၏ တုံ့ပြန်ပုံကြောင့် ကြက်သေသေသွားကြပြီး ယခင်ကထင်ပို၍ တုန်ရီလာကြတောဘသည်။ သူတို့မှာ ရင်တဒိန်းဒိန်းခုန်ကာ ဇောချွေးများ ပြန်နေလျက် သူ့နောက်သို့ အပြေးအလွှားလိုက်ကြလေသည်။

ဤသည်မှာ စိတ္တဇထောင်ကြီးတွင် ပိုင်ရှောင်ချန်း၏ ပထမဆုံးအကြိမ်ဖြစ်သော်လည်း မိစ္ဆာအကျဥ်းထောင်တွင် အစောင့်တစ်ယောက်အဖြစ်နှင့် အများအားဖြင့် နံပါတ်တစ်အမှောင်စစ်ဆေးရေးမှူးအဖြစ် သူကုန်ဆုံးခဲ့သည့် အချိန်များကို စဥ်းစားကြည့်လျှင် သူက သူ့နှာခေါင်းထဲဝင်လာသည့် ထောင်၏ အောက်သိုးသိုးအနံ့ကို ချက်ချင်းသိလိုက်သည်။ ၄င်းကို သူ အလွန်ရင်းနှီးသည်။

နောက်ဆုံးတွင် သူတို့သည် ထောင်မှူး၏ ခန်းမကြီးထဲရောက်သွားပြီး ပိုင်ရှောင်ချန်းက ထိုင်ကာ ပြောသည်။

" လက်ရှိအကျဥ်းသားတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေအားလုံး ယူလာခဲ့ "

ဇောချွေးပြန်နေသော ထောင်မှူးကြီးမှာ ချက်ချင်းပင် သူအမိန့်အတိုင်း သဘောတူပြီးနောက် အကျဥ်းသားများ၏ မှတ်တမ်းများအားလုံးကို ယူလာရန် စီစဥ်လိုက်သည်။ မကြာမီ ထိုမှတ်တမ်းများသည် ကျောက်စိမ်းပေလွှာပုံစံဖြင့် ရောက်လာပြီး ထောင်မှူးကြီးက ပိုင်ရှောင်ချန်းထံ ကိုယ်တိုင်ကိုယ်ကျ ကမ်းပေးလိုက်သည်။

ပိုင်ရှောင်ချမ်းက ကျောက်စိမ်းပေလွှာကို အလွန်တင်းမာခက်ထန်နေဟန်ဖြင့် ယူပြီး ပြောသည်။

" ငါ့အတွက် သီးသန့်အခန်း စီစဥ်ပေး "

ထို့နောက် သူက ကျောက်စိမ်းပေလွှာကို လေ့လာလိုက်သည်။

ထောင်မှူးကြီးမှာ ပိုင်ရှောင်ချန်းအသုံးပြုရန်အတွက် စိတ္တဇထောင်ကြီးတစ်ခုလုံးကို ချက်ချင်းရှင်းလင်း၍ အကောင်းဆုံးအခန်းတစ်ခန်းကို စီစဥ်လိုက်သည်။ ပိုင်ရှောင်ချန်းက ထောင်ထဲမှ မြန်နိုင်သမျှမြန်မြန် ထွက်သွားရန်သာ သူ ဆုတောင်းနေတော့သည်။ ရဲသွေးနီ အလောင်းတပ်ဖွဲ့ကို လက်ခံထားရသည်မှာ သူ့အတွက် အလွန်စိုးရိမ်သောကရောက်စရာ ဖြစ်နေသည်။

မိစ္ဆာအကျဥ်းထောင်တွင် ရရှိခဲ့သည် အတွေ့အကြုံများကို ထည့်တွက်လျှင် ပိုင်ရှောင်ချန်းသည် ဗဟိုဧကရာဇ်မြို့တော်ရှိ မင်းမျိုးနွယ်အထက်တန်းလွှာများနှင့် တစ်နည်းနည်းဖြင့် ဆက်သွယ်နေသည့် အကျဥ်းသားများကို လျင်မြန်စွာ ရှာပြီး ရွေးထုတ်နိုင်ပေသည်။

" ဒီ အကျဥ်းသား၊ ဒီတစ်ယောက်၊ သူကောပဲ။ သူတို့အားလုံးကို ငါ့ဆီ တစ်ခါတည်း ခေါ်လာခဲ့ "

သူတို့၏ အဆက်အသွယ်များကြောင့် ထိုကဲ့သို့အကျဥ်းသားများသည် လွတ်ငြိမ်းချမ်းသာခွင့်မရသော်လည်း ထောင်ထဲတွင် အတော်လေး ကောင်းမွန်စွာ နေထိုင်ရပြီး အပြင်မှာကဲ့သို့ ကျင့်ကြံခြင်းဆိုင်ရာရင်းမြစ်များနှင့် တူညီသလောက် ရရှိနိုင်ပေသည်။

သူတို့ထဲမှ အများစုသည် နောက်လိုက်အကျဥ်းသားကို မင်းမူပြီး အချို့မှာမူ အစောင့်များထံမှ တလေးတစားပင် ဆက်ဆံခံရလေသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း အမိန့်ပေးလိုက်သော ထောင်မှူးမှာ ချီတုံချတုံဖြစ်သွားတော့သည်။

စိတ်တိုသွားသော ပိုင်ရှောင်ချန်းက ထောင်မှူးကို စိန်းစိန်းဝါးဝါးကြည့်ရင်း ပြောသည်။

“ ထောင်မှူးကြီး။ ခင်ဗျားက အကျဥ်းသားတွေကို စစ်ဆေးရေးအရာရှိမင်း ကိုယ်တိုင် သွားခေါ်စေချင်နေတာလား"

တချိန်တည်းမှာပင် သူ့ဘေးရှိအနက်ရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားများက သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်လွှတ်လာသဖြင့် ထိုနေရာမှာ ချက်ချင်းပင် ရက်စက်သော မကောင်းဆိုးဝါးဝိညာဥ်များဖြင့် ပြည့်နှက်လျက်ရှိသော ငရဲခန်းတစ်ခန်းဖြစ်သွားသည့်အလား။

ကြောက်လန့်တကြား တုန်တုန်ရီရီနှင့် ထောင်မှူးကြီးက တုံ့ဆိုင်းမနေတော့ဘဲ သင့်တော်သော အမိန့်များထုတ်ပြန်လိုက်သည်။

ချက်ချင်းပင် ထောင်စောင့်များမှ ပိုင်ရှောင်ချန်း ပြောသည့် အကျဥ်းသားများကို ဒေါသတကြီးကြမ်းတမ်းစွာ ဆွဲခေါ်လာကြသဖြင့် ထောင်တစ်ခုလုံး ရုန့်ရင်းဆန်ခတ်ဖြစ်သွားတော့သည်။

" မင်းတို့ ကောင်တွေ ဘာလုပ်နေတာလဲ "

" ငါက ကောင်းကင်မြို့စား ကျိုးအတွက် အလုပ်လုပ်တာနော်။ အတင့်ရဲလိုက်တာ "

" မင်းတို့ ဖယ်စမ်း "

တုံ့ပြန်သည့်အနေဖြင့် အစောင့်များသည် ကြမ်းကြုတ်ရက်စက်သော မျက်နှာအမူအရာများဖြင့် သူတို့ကို ဝိုင်းလိုက်ကြကာ သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ချုပ်နှောင်လိုက်ကြပြီး ပိုင်ရှောင်ချန်းအတွက် ထားသည့် သီးသန့်အခန်းဆီကို ဆွဲခေါ်သွားကြသည်။

မကြာမီ အကျဥ်းသား ဒါဇင်ကျော်သည် အပြင်ဘက်တွင် စီတန်းခြင်းခံထားရပြီး မည်သို့ဖြစ်လာမည်ကိုမသိသည့်အတွက် ကြောက်လန့်တုန်ရီနေတော့သည်။ အကျဥ်းသားများက သူတို့အကြား မည်သို့ဖြစ်ပျက်နေသည်ကို သိရန် စကားပြောလာကြသောအခါ ထောင်စောင့်များက ချက်ချင်း သူတို့ကို နှုတ်ဆိတ်စေလိုက်သည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး အစောင့်များအားလုံးက လျှောက်လမ်းတစ်လျှောက် အရပ်မျက်နှာတစ်ခုတည်းကိုသာ လေးလေးနက်နက် အရိုအသေပေးနေကြသည်။ အကျဥ်းသားများမှာ စိတ်လှုပ်တရှားလှမ်းကြည့်လိုက်သည်တွင် ဖားရားနေသော မျက်နှာဖြင့် ထောင်မှူးကြီးက လူငယ်လေးတစ်ယောက်ဘေးမှနေ၍ ခန်းမတစ်လျှောက် လမ်းလျှောက်လာသည်ကို မြင်လိုက်ရလေသည်။

လူငယ်သည် ချောမောပြီး မေးကို မော့၍ ကျောနောက်လက်ပစ်ထားလေသည်။ အမှန်တကယ်တော့ သူသည်ကား ပိုင်ရှောင်ချန်းပင်။ သူ့နောက်တွင် မြင်လိုက်ရသည့် မည်သူ့ကိုမဆို ရိုးတွင်းခြင်ဆီအထိ အကြောက်တရားများ ရိုက်ထည့်ပေးနိုင်သည့် အနက်ရောင်ချပ်ဝတ်တန်ဆာနှင့်တပ်ဖွဲ့တစ်ဖွဲ့က လိုက်ပါနေသည်။

" စစ်ဆေးရေးအရာရှိမင်းအနေနဲ့ ဒီအကျဥ်းသားတွေကို ငါ ကိုယ်တိုင်စစ်ဆေးဖို့ ဒီကို လာခဲ့တာ။ ငါခေါ်တာနဲ့ သူတို့ကို ခေါ်လာခဲ့။ ဒါ့အပြင် ငါစစ်ဆေးနေတုန်း ဘယ်သူ့ကိုမှ နှောင့်ယှက်ခွင့်မပြုဘူး "

တံခါးတွင် တစ်ချက်ရပ်ပြီးနောက် ပိုင်ရှောင်ချန်းက တင်းမာသော အမူအရာတစ်ခုဖြင့် ဝေ့ဝိုက်ကြည့်လိုက်သည်။ ထောင်မှူးကြီးမှာ ကပျာကယာ သဘောတူတော့သည်။

အချိန်အနည်းငယ်ကြာသော် ပိုင်ရှောင်ချန်းသည် ပထမဆုံးအကျဥ်းသားနှင့် သီးသန့်အခန်းထဲ ရှိနေသည်။ အပြင်ဘက်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာတပ်သားများသည် ဘယ်သူ့ကိုမှ အနားကပ်မလာစေရန် တားဆီးရင်း သတိဆွဲလျက်ရပ်နေကြသည်။

ထောင်မှူးကြီးမှာ ပိုင်ရှောင်ချန်းက ဤနေရာသို့ ပထမဆုံး လာလည်ရန် ဘာကြောင့်ရွေးချယ်ခဲ့သည်ကို မသေချာမရေရာစွာ တွေးတောရင်း ထိန်လန့်စိုးရိမ်လျက် ရပ်နေသည်။

" သူ ဒီကို ဘာလို့လာတာလဲ "

ထောင်မှူးကြီးက ဇဝေဇဝါနှင့် တွေးလိုက်သည်။ ထိုအချိန်တွင် လျှို့ဝှက်အခန်းထဲမှ ပထဆုံး သွေးပျက်ဖွယ် အော်သံများ ထွက်ပေါ်လာတော့သည်။ ရှိသမျှလူတိုင်း၏ မျက်နှာများ အိုစာသွားပြီး မျက်လုံးများအားလုံး ပြူးထွက်လာကြသည်။ အထူးသဖြင့် စစ်ဆေးရေးမှူး အဆင့်ရှိသည့် အစောင့်များဖြစ်သည်။

" အဲဒီအော်သံ။ ဘာနည်းလမ်းသုံးလို့ အဲဒီလို အော်သံထွက်လာရတာတုံး "

အစောင့်များမှာ အလန့်တကြားဖြစ်သွားပြီး အကျဥ်းသားများမှာ ပို၍ပင် ဆိုးတော့သည်။ အများစုမှာ အထိတ်တလန့် ပင့်သပ်ရှိုက်သွားကြ၏။ ထောင်မှူး၏ရင်ထဲတွင်မူ တုန်လှုပ်ခြင်းများ၊ လေးစားခြင်းများဒွန်တွဲနေသည့် ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။

အော်သံသည် အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းချိန်ခန့် ကြာလိုက်သည်။ ထို့နောက်တွင် သီးသန့်အခန်း၏ တံခါး ပွင့်သွားပြီး ပိုင်ရှောင်ချန်းနှင့် အခန်းထဲဝင်သွားခဲ့သည့် အကျဥ်းသားဖြစ်သည့် တုန်ရီနေသောလူတစ်ယောက်မှာ အပြင်သို့ အပစ်ခံလိုက်ရသည်။ သူ၏ မျက်လုံးများသည် ကြောင်တောင်တောင်ဖြစ်နေပြီး အချိန်မရွေး ပြိုလဲတော့မည့် ပုံပေါက်နေတော့သည်။

" နောက်တစ်ယောက် "

ပိုင်ရှောင်ချန်းသည် သီးသန့်အခန်းထဲမှ စကားပြောလိုက်သဖြင့် သူ့အသံက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာတော့သည်။

All Chapters