← Chapters

မင်းက ငွေညှစ်တာတော်တယ်ကြားတယ်

Vol. 8 Ch. 762

မင်းက ငွေညှစ်တာတော်တယ်ကြားတယ်

Vol. 8 Ch. 762

ပိုင်ရှောင်ချန်းသည် အချိန်အတော်ကြာကတည်းက စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ သူက လက်စားချေလိုသော်လည်း သူ၏ လုပ်ဆောင်မှုများ မှန်ကန်ကြောင်း သက်သေရှိရန် လိုအပ်သည်။ ထိုသက်သေသည် ပြည့်ပြည့်စုံစုံ မခိုင်လုံလျှင်တောင်မှ အနည်းဆုံးတော့ မဟာကောင်းကင်သခင်ကို ရှင်းပြချက်အနည်းငယ်ပေးရန် လိုအပ်မည် ဖြစ်သည်။

သူစဥ်းစားရသရွေ့ ဤသည်မှာ ထိုသက်သေကိုရရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထိုမျှသာမက သူ စိတ္တဇထောင်ကြီးကို စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ရန် လာလိမ့်မည်ဟု တခြားလူများ ဘယ်နည်းနှင့်မျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ ကမ္ဘာပေါ်တွင် လူအနည်းစုသာ ထောင်စောင့်များအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး စစ်ဆေးရေးမှူးများမှာ ပို၍ပင် နည်းသည်။ သို့ဖြစ်ရာ စိတ္တဇထောင်ကြီးသည် မရေမတွက်နိုင်သော အံအားသင့်ဖွယ် လျှို့ဝှက်ချက်များ ကိုင်ဆောင်ထားသည့် နေရာတစ်နေရာဖြစ်ကြောင်း တစ်ဦးတစ်ယောက်မှ သတိထားမိနိုင်မည် မဟုတ်ပေ။

ပိုင်ရှောင်ချန်းအတွက် စိတ္တဇထောင်ကြီးသည် ချပ်ဝတ်တန်ဆာအပြည့်အစုံဝတ်ဆင်ထားသော ရန်သူ၏ အကြီးမားဆုံး အားနည်းချက်ကြီးဖြစ်သည်။ သရဲကြီးမြို့တော်မှာတုန်းက မဟာမျိုးနွယ်စု သုံးစု ကြံစည်ထားသည့် ပုန်ကန်မှုအကြောင်း သိခဲ့ရသည့်နေရာသည် မိစ္ဆာအကျဥ်းထောင် ဖြစ်ခဲ့သည်။

မြေရိုင်းသား ဝိညာဥ်ကျင့်ကြံသူများအတွက် ပြိုင်ဘက်ကင်းသည့် ကောင်းကွက်တစ်ခုမှာ သူတို့ပို၍ စွမ်းအားကြီးလာသည်နှင့်အမျှ ဝိညာဥ်ရှာဖွေခြင်းလုပ်ရန် ခက်ခဲလာခြင်းဖြစ်သည်။ သို့သော် ထိုသည်က ပိုင်ရှောင်ချန်းအတွက်တော့ ပြဿနာမဟုတ်ပေ။

သူ စစ်ဆေးမေးမြန်းအတွက် ရွေးချယ်ခဲ့သည့် အကျဥ်းသားများသည် သူလိုအပ်သည့် သက်သေအတွက် အကောင်းဆုံးရင်းမြစ်များဖြစ်သည်။ သူတို့အားလုံးက ကောက်ကျစ်ယုတ်မာသော ပြစ်မှုများကို ကျူးလွန်ခဲ့ပြီး အားလုံးသည် မင်းမျိုးနွယ်အထက်တန်းလွှာများနှင့် နက်ရှိုင်းစွာ ပတ်သက်နေပေသည်။ အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် သူတို့အားလုံးမှာ သေသည်အထိ အပြစ်ပေးမခံခဲ့ရပေ။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ သီးသန့်အခန်းထဲသို့ ဝင်ရောက်ကြရသော အကျဥ်းသားများပိုမိုများပြားလာပြီး ထောင်ခန်းများတစ်လျှောက်တွင် အတောမသတ်နိုင်သော အော်ဟစ်သံများဖြင့် ပြည့်နှက်နေတော့သည်။ ရှိသမျှလူတိုင်းမှာ တုန်လှုပ်နေကြပြီး အထူးသဖြင့် စစ်ဆေးရေးမှူးများ၏ မျက်လုံးများသည် စူးရှတောက်ပသော အလင်းများဖြင့် လင်းလက်နေတော့သည်။

" စစ်ဆေးရေးအရာရှိမင်းက အမှောင်စစ်ဆေးရေးမှူးလို့ေပြာလဲရတယ် "

" မင်းပြောတာမှန်တယ်။ မင်းသိလား၊ ငါအခု မှတ်မိပြီ။ ငါကြားဖူးတာတော့ အဲဒီ ပိုင်ဟောက်က ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှူမရှိဘူးတဲ့။ ဒါကြောင့်ပဲ သူက သရဲကြီးမြို့တော်မှာတုန်းက နံပါတ်တစ် အမှောင်စစ်ဆေးရေးမှူးဖြစ်လာတာ "

မကြာမီ ထောင်မှူးသည် စစ်ဆေးရေးမှူးများ ပြောနေသည်ကို ကြားလိုက်ရပြီး ပိုင်ရှောင်ချန်းအသုံးပြုနေသည့် နည်းလမ်းများကို ထိတ်လန့်လျက် စိတ်ထဲတွင် တုန်လှုပ်နေတော့သည်။

ထောင်မှူးသည် ဗဟိုဧကရာဇ်နှင့် တိုက်ရိုက်ဆက်သွယ်ရသည်အထိ အရည်အချင်းပြည့်မီသော လူစားမျိုးမဟုတ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက ရဲသွေးနီအလောင်းတပ်ဖွဲ့ကြောင့် ခုနစ်လတိုင် ရက်စက်ကြမ်းကြုတ်မှုများ သရဖူဆောင်းခဲ့သောအချိန်မှ ဖြစ်ပျက်ခဲ့သော အကြောင်းများကို ကြားခဲ့ဖူးလေသည်။ ထိုစဥ်က ကပ်ဘေးထဲ ဆွဲခေါ်ခံခဲ့ရသည့် လူတိုင်း အမှတ်တကယ် အပြစ်ရှိခဲ့ခြင်း မဟုတ်ပေ။

ထိုအတွေးလေးကပင် ထောင်မှူးကို တုန်တက်သွားစေတော့သည်။ သီးသန့်အခန်းကို ရပ်လျက် စောင့်ကြပ်နေသည့် အနက်ရောင်ချပ်ဝတ်တန်ဆာ အလောင်းစစ်သည်များကို လှမ်းကြည့်ရင်း ထောင်မှူးသည် မည်သို့ပင်ဖြစ်စေ ပိုင်ရှောင်ချန်း၏ တောင်းဆိုမှုတိုင်းကို လိုက်လျောမည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။

တစ်ရက်လုံး စစ်ဆေးမှူပေါင်းများစွာ လုပ်ဆောင်ပြီးနောက်တွင် ပိုင်ရှောင်ချန်းက သဲလွန်စများစွာ ရသွားလေသည်။ ထိုအချိန်တွင် သူက မှုန်သုန်သုန်အမူအရာဖြင့် သီးသန့်ခန်းထဲမှ လမ်းလျှောက်ထွက်လာပြီး နောက်ထပ်ကျောက်စိမ်းပေလွှာတစ်ခုကို ကမ်းပေးလိုက်သည်။ ဤတစ်ခုတွင် နောက်ထပ်အကျဥ်းသားတစ်ရာကျော်၏ နာမည်များဖြင့် ပြည့်နှက်နေသည်။

" သူတို့ကို ငါ့ဆီ ခေါ်လာခဲ့"

ထောင်မှူးသည် တစ်စက္ကန့်ကလေးပင် တုံ့ဆိုင်းမနေ။ သူက ကျယ်လောင်စွာ သဘောတူရင်း ချက်ချင်းပင် အကျဥ်းသားဒုတိယအဖွဲ့ကို ပိုင်ရှောင်ချန်း စစ်မေးရန်အတွက် ခေါ်ဆောင်ရန် စီစဥ်လိုက်သည်။

နောက်ဆုံးတွင် သုံးဖွဲ့မြောက် အခေါ်ခံရသည်။ ထို့နောက် လေးဖွဲ့မြောက်၊ ငါးဖွဲမြောက်......

ပိုင်ရှောင်ချန်းက သူ၏လက်စားချေခြင်းအတွက် လိုအပ်သော သက်သေများရရန် စစ်ဆေးခြင်းပေါ်တွင် အာရုံစိုက်နေစဥ် အပြင်လောကမှလူများမှာ ဖြစ်ပျက်နေသော အဖြစ်အပျက်များကြောင့် လုံးဝအံ့သြတုန်လှုပ်နေတော့သည်။

မိုးသားတိမ်စိုင်များရှိနေလျှင် နေကိုသော်လည်းကောင်း၊ လကိုသော်လည်းကောင်း မမြင်ရသော်လည်း လက်တစ်စုံကသာ ထိုတိမ်စိုင်များကို ဖယ်ရှားခဲ့လျှင် လူတိုင်း မြင်လာနိုင်ပေသည်။ ပိုင်ဟောက်၏ နောက်ခံအကြောင်းများ စတင်ပြန့်နှံ့လာသည်နှင့်အမျှ လူများစွာသည် သူ ဘာလုပ်နေသည်ကို ထင်ကြေးပေးလာကြတော့သည်။

" ဘာ။ သူက စိတ္တဇထောင်ကြီးကို သွားတယ်"

" ပိုင်ဟောက် အဲဒီကို ဘာအတွက် သွားတာတုန်း "

" မကောင်းတော့ဘူး။ သူက သရဲကြီးမြို့တော်မှာတုန်းက အမှောင်စစ်ဆေးရေးမှူးဖြစ်ခဲ့တာ။ သူ စိတ္တဇထောင်ကြီးက အကျဥ်းသားတွေကြားမှာ လျှို့ဝှက်ချက်တွေ သွားမွှေတာလို့တော့ မပြောနဲ့နော် "

သို့သော် ပိုင်ရှောင်ချန်း၏ အစီအစဥ်နှင့်ပတ်သက်၍ အလွန်အံသြဖွယ်ကောင်းသည့်အရာမှာ ပေးထားသောအကျဥ်းသားသည် အရေးကြီးသော သတင်းကို ပြောလျှင်တောင်မှ တူညီသောသတင်းကို သိထားသည့် ထောင်အပြင်ဘက်ရှိ လူများသည် သူတို့သိသည့်အရာကို ထိုအကျဥ်းသား အမှန်တကယ် သိလိမ့်မည်ဟု ယေဘုယျအားဖြင့် ယုံကြည်မည်မဟုတ်ပေ။

အကယ်၍ အပြင်ဘက်ရှိ လူများသာ အကျဥ်းသားတစ်ယောက်က ထိုအထိမခံသော သတင်းကို သိနေသည်ကိုသာ သိနေပါက အကျဥ်းသားသည် အချိန်အတော်ကြာကတည်းက နှုတ်ပိတ်ခံရမည်မဟုတ်ပါလော။

နောက်ဆုံး လေးဖွဲ့မြောက်တွင် ပိုင်ရှောင်ချန်းသည် သူရှာဖွေနေသော သတင်းကို တွေ့သွားတော့သည်။ အကျဥ်းသားများထဲမှ တစ်ယောက်က ကောင်းကင်မြို့စားတစ်ဦးသည် မဟာမင်းသားကြီးနှင့် လျှို့ဝှက်အဆက်အသွယ်များရှိကြောင်း ဖော်ထုတ်သွားခဲ့သည်။

ပိုင်ရှောင်ချန်းသည် ထိုကောင်းကင်မြို့စား၏ နာမည်ကိုပင် မှတ်မိလေသည်။ သူ့သားက ကျိုးဟုန်နှင့် အလွန်ရင်းနှီးပေသည်။ သူ၏ စစ်ဆေးရေးအရာရှိမင်း အမိန့်လည်ဆွဲကို ထုတ်လိုက်ရင်း အနည်းငယ်စုံစမ်းလေ့လာလိုက်ပြီး ဤလူက ကျိုးဟုန်ကို ချင်းမေ့ယွမ်နှင့် ရွှီရှန်အကြောင်းကောလာဟာလများဖြန့်ရန် ကူညီခဲ့ကြောင်း အတည်ပြုလိုက်သည်။

ပိုင်ရှောင်ချန်းက ကောက်ကျစ်စွာ ရယ်မောလိုက်ပြီးနောက် နောက်ထပ် စစ်ဆေးခြင်းများ ပြုလုပ်လိုက်သည်။ ခြုံငုံကြည့်လျှင် သူသည် စိတ္တဇထောင်ကြီးတွင် လဝက်ကြာနေပြီ ဖြစ်သည်။ ထိုအတောအတွင်း သူက သံသယရှိသော လူတိုင်းကို စစ်ဆေးသည့်တိုင်အောင် မကျေနပ်သေးပေ။ ထို့ကြောင့် သူက ရက်စက်သောအပြစ်များကျုးလွန်ခဲ့သည့် ကြုံရာ အကျဥ်းသားများကို ဆက်လက် စစ်ဆေးလိုက်သည်။ သူတို့ထဲက အချို့သည် အရှေ့က စစ်ဆေးမှုများတသီလိုက်ကြီးကြောင့် အလွန် တုန်လှုပ်နေကြသည်ဖြစ်ရာ မည်သည့်နည်းလမ်းမှပင် အထူးတလည် သုံးစရာမလိုဘဲ သူတို့သိသမျှပြောကြသည့်အတွက် ကာမအားတိုးဆေးများမှာ အကန့်အသတ်ရှိကြောင်း ထည့်တွက်လိုက်လျှင် ကောင်းမွန်သောအရာတစ်ခု ဖြစ်နေတော့သည်။

အားလုံးအထဲ အံသြဖွယ်အကောင်းဆုံးမှာ လုံးဝအရေးကြီးပုံမရသည့် အကျဥ်းသားတစ်ယောက်ကို နောက်ဆုံးအကြိမ် စစ်ဆေးခဲ့သည့် အတာအတွင်းက အံသြဖွယ်အကောင်းဆုံးသက်သေကို ရလိုက်သောကြောင့် ဖြစ်သည်။

" လီထျန်ရှန်ရဲ့အဖေ။ သူက လီမျိုးနွယ်စုက ကောင်းကင်မြို့စားမလား "

ပိုင်ရှောင်ချန်းသည် သူငါးအကြီးကြီးမိလိုက်ပြီဖြစ်ကြောင်း သိလိုက်၍ အလွန်ဝမ်းမြောက်သွားလေသည်။ စစ်ဆေးမှုများကို အဆုံးသတ်ပြီး သူက သီးသန့်ခန်းထဲမှ လမ်းလျှောက်ထွက်လာကာ သူ၏ အနက်ရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားများကို သူ့ဘေး ခေါ်လိုက်ကာ စိတ္တဇထောင်ကြီးမှ ပျံထွက်လိုက်သည်။

သူထွက်သွားစဥ်က ကျန်ခဲ့သော အစောင့်များ၏ မျက်နှာများပေါ်တွင် လေးစားကြည်ညိုသော အမူအရာများကို မြင်ရပြီး လူအများစုက ချစ်ကြောက်ရိုသေခြင်းများဖြင့် ကြည့်နေကြသည်။ သူ၏ စစ်ဆေးမှူများဆောက်ရွက်နိုင်စွမ်းသည် အံအားသင့်ဖွယ်ဖြစ်ပြီး ၄င်းကြောင့် အစောင့်အများစုသည် သူအမိန့်ပေးည့်အတိုင်း မဆိုင်းမတွလုပ်ပေးခဲ့သည်။

ထောင်မှူးမှာမူ စိတ်သက်သာရာရကာ ဟင်းခနဲ သက်ပြင်းချလိုက်တော့သည်။ လွန်ခဲ့သော လဝက်တစ်လျှောက် သူက ဖိအားများစွာ ခံစားနေခဲ့ရပြီး နည်းနည်းမှားသွားသည်နှင့် ပြဿနာအကြီးအကျယ်တက်မည်ကို စိုးရိမ် နေခဲ့ရသည်။

ပိုင်ရှောင်ချန်းကို ထောင်အပြင်ဘက်သို့ လိုက်ပါ ပို့ဆောင်ပြီးနောက် ဗဟိုဧကရာဇ်မြို့တော်ဆီသို့ နောက်ထပ် လူသတ်ပွဲကြီးလာနေသည်ကို သူ ကောင်းကောင်းသိသဖြင့် အထဲသို့ အပြေးအလွှားဝင်၍ တံခါးပိတ်ကျင့်ကြံလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ပျော်ရွှင်ဝမ်းမြောက်နေသော်လည်း ကောင်းကင်မြို့စား လီထျန်ရှန်၏ ဖခင်ထံ ချက်ချင်းသွား၍ ပြဿနာမရှာပေ။ ထိုအစား သူက မဟာကောင်းကင်သခင်ကို တွေ့ဆုံရန် တော်ဝင်နန်းတော်ဆီသို့ သွားလိုက်သည်။

" သူတို့ ငါ့ကို ဘယ်လိုတောင် ရန်စရဲတာလဲ။ ပိုင်ရှောင်ချန်းဆိုတာ အညှာလွယ်တဲ့ကောင် မဟုတ်ဘူးဆိုတာ သူတို့ သိသွားစေရမယ် "

သူက နန်းတော်ကို သွားနေရင်း အခြေအနေကို စဥ်းစားကြည့်ပြီး သူ့၌ လုံလောက်သော လူအင်အားမရှိကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူက ကျိုးရီရှင်းကို ထပ်မံဆက်သွယ်ပြီး သူ့လူများနှင့်အတူ ဗဟိုဧကရာဇ်မြို့တော်ကို ပြန်လာရန်ပြောလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်သခင်ခန်းမသို့ရောက်သွားပြီး လက်ယှက်၍ အရိုအသေပေးလိုက်သည်။

" ကျွန်တော်မျိုး ပိုင်ဟောက် အရိုအသေပေးပါတယ် မဟာကောင်းကင်သခင် ။ ကျွန်တော့်မှာ ဆွေးနွေးစရာကိစ္စတစ်ခုရှိတယ်"

သူ့အသံပဲ့တင်ထပ်သွားသည်နှင့် တိမ်တိုက်များမှ နဂါးကြီးသည် ခေါင်းငုံ့လာကာ ပိုင်ရှောင်ချန်းကို သိချင်စိတ်များဖြင့် ကြည့်လိုက်သည်။ သို့သော် ၄င်းက ဘာမှမလုပ်နိုင်လိုက်ခင်မှာပင် ခန်းမဆောင်၏ တံခါးပေါက်ပွင့်သွားပြီး ပိုင်ရှောင်ချန်းကို ကြည့်နေကာ ထိုင်နေသည့် မဟာကောင်းကင်သခင်ပေါ်လာတော့သည်။

သူ၏ အရှိန်အဝါများကို အတည်တကျဖြစ်အောင်လုပ်ရင်း ပိုင်ရှောင်ချန်းက အထဲသို့ အလောတကြီးဝင်လာ၏။

" မဟာကောင်းကင်သခင်၊ ကျွန်တော်မျိုး တာဝန်ကို ချောချောမွေ့မွေ့ပြီးဆုံးသွားပါပြီ။ ကျွန်တော်မျိုး ဗဟိုဧကရာဇ်ရဲ့ကျင့်ကြံခြင်းကို နှောင့်ယှက်ခဲ့တဲ့ ကောင်းကင်မြို့စားနှစ်ဦးရဲ့ သက်သေကို ဖော်ထုတ်ပြီးပါပြီ "

ထို့နောက် သူက ကျောက်စိမ်းပေလွှာကို ယူ၍ မဟာကောင်းကင်သခင်ထံ ပေးအပ်လိုက်သည်။

မဟာကောင်းကင်သခင်က ကျောက်စိမ်းပေလွှာကို ယူလိုက်ပြီးနောက် ပြုံး၍ ကြည့်လိုက်သည်။ ထို့နောက် သူက ၄င်း၏ မျက်နှာပြင်ကို လက်မဖြင့် ပွတ်လိုက်ပြီး တခဏကြာ တစ်ယောက်တည်း ရေရွတ်နေသည်။

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း မဟာကောင်းကင်သခင်က သူ့ကို ကောင်းကင်မြို့စားနှစ်ဦးအား ကိုင်တွယ်ခိုင်းမည်လား သိချင်နေလေသည်။ သက်သေသည် အပြည့်အဝမခိုင်လုံသည့်အပြင် သေချာ ခွဲခြမ်းစိတ်ဖြာလျှင် ရလဒ်နှင့်ပတ်သက်၍ ထင်မြင်ချက်များသာ ထုတ်ပေးနိုင်သည် မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ စိတ္တဇထောင်ကြီးတွင် စစ်ဆေးမေးမြန်းမှုများပြီးနောက် ပိုင်ရှောင်ချန်းသည် ထိုကောင်းကင်မြို့စားနှစ်ဦးကို ကောင်းစွာ နားလည်လိုက်ကြောင်း သေချာနေသည်။

သူတို့ထဲရှိတစ်ယောက်မှ လူကောင်းများ မဟုတ်ပေ။ ဥပမာ - လီမျိုးနွယ်စုတစ်စုလုံးသည် အဆိပ်ကျင့်စဥ်ကို ကျင့်ကြံကြသည်။ သူတို့ အသုံးပြုသည့် အဓိက ကျင့်စဥ်ကား အမျိုးသမီးများ၏ နှလုံးသားကို စုဆောင်း၍ကျင့်ကြံရသော “ ပျိုကညာနှလုံးသား “ ကျင့်စဥ် ဖြစ်သည်။

ယင်းမှာ အစကတည်းက မိစ္ဆာကျင့်စဥ်ဖြစ်ပြီး ကျင့်ကြံသူ စွမ်းအားကြီးလာလေလေ အမျိုးသမီးများ၏ နှလုံးသားများကို လိုအပ်လာလေလေ ဖြစ်သည်။ လီမျိုးနွယ်စုသည် အထူးသဖြင့် သတ်ဖြတ်ခြင်းအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပေသည်။

ထို့နောက် ချန်မျိုးနွယ်စု၊ အချို့သောနေရာများတွင် သူတို့က ပို၍ပင် ဆိုးရွားသေးသည်။ သူတို့၏ မျိူးနွယ်စုသည် သက်စောင့်အားများ ရောင်းချခြင်းဖြင့် ငွေရှာသည်။ ထိုသက်စောင့်အားများကို မျိုးနွယ်စုတွင် တိရစ္ဆာန်များအဖြစ် မွေးမြူထားသည့် ကျင့်ကြံသူကျွန်များထံမှ နုတ်ယူခြင်းဖြစ်သည်။ ထိုမျှသာမက ထိုကျွန်များအားလုံးသည် မဟာတံတိုင်းမှ ဖမ်းဆီးရရှိသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။

မင်းမျိုးနွယ်အထက်တန်းလွှာ လက်ရွေးစင်များက ပိုင်ရှောင်ချန်း၏ အဖမ်းခံရပြီး သက်စောင့်အားများ စုပ်ယူခံရသည့်တိုင် မည်သည့်အတွက်ကြောင့် အလွန်လျင်မြန်စွာ ပြန်လည်သက်သာလာရခြင်းမှာ ချန်မျိုးနွယ်စုကြောင့်ဟု ဆိုနိုင်ပေသည်။

ထိုမိစ္ဆာမျိုးနွယ်စုအကြောင်း တွေးနေရင်း ပိုင်ရှောင်ချန်းသည် မဟာကောင်းကင်သခင်ကို ခိုးခိုးကြည့်နေလေသည်။

မဟာကောင်းကင်သခင်၏ မျက်နှာသည် တည်ငြိမ်နေပြီး သူက စကားလေးတစ်ခွန်းပင် မပြောသည့်အတွက် ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။ မဟာကောင်းကင်သခင် ဘာတွေးနေသည်ကို ပြောရန် တကယ်ပင် မဖြစ်နိုင်ပေ။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းပြီးချိန်အထိ ကြာသောအခါ သူ၏ လက်မသည် ကွေးသွားပြီး ကျောက်စိမ်းပေလွှာမှာ ပြာကျသွား၏။

" ကောင်းကင်မြို့စား လီ နဲ့ ကောင်းကင်မြို့စား ချန်ကို သွားရှာ။ ပြီးရင် အကျဥ်းချလိုက် "

မဟာကောင်းကင်သခင်၏ စကားလုံးများကြောင့် ပိုင်ရှောင်ချန်း၏ ဘေးရှိ လေထုသည် ဂယက်ထသွားပြီး ထိုရင်းနှီးသော ဝတ်ရုံနက်နှင့်လူ ထွက်ပေါ်လာ၏။ သူက အမိန့်ကိုနာခံကြောင်း ဆိုပြီးနောက် အရိုအသေပေးကာ ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ လန့်ဖျပ်သွားသော်လည်း တချိန်တည်းမှာပင် အတန်ငယ် စိတ်လှုပ်ရှားလာ၏။

" မင်းက ငွေညှစ်တာမှာ တော်တယ်လို့ ငါကြားတယ်" မဟာကောင်းကင်သခင်က ပြောသည်။

" လီနဲ့ ချန်မျိုးနွယ်စုကို သွားပြီး ကိုင်တွယ်ဖို့ မင်းမှာ အချိန်လေးနာရီရှိတယ် "

ထို့နောက် သူ၏ မျက်လုံးများပိတ်သွားသည်။

ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် ရင်တဒိန်းဒိန်းခုန်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ သွေးများအားလုံး ခေါင်းထံ ပြေးတက်သွားသည့်အလား ခံစားလိုက်ရသည်။ သူက ငွေနည်းနည်းပါးပါးညှစ်ရာမှ အကျိုးအမြတ်ရမည်ကို စိတ်လှုပ်ရှားနေသော်လည်း ပို၍အရေးကြီးသည်မှာ ကလဲ့စားချေနိုင်မည့်အခွင့်အရေး ဖြစ်သည်။ ထိုမျှသာမက သူ့အခွင့်အာဏာကို အများပြည်သူရှေ့ ထုတ်ဖော်ရတော့မည်ဖြစ်ရာ အလွန်အံသြဖွယ်ကောင်းသော အရာဖြစ်နေတော့သည်။ ထိုသို့အပြန်အလှန် တွေးတောပြီးနောက် အနှီမဟာကောင်းကင်သခင်သည် သူ့အတွက် ကြီးမြတ်သော လူတစ်ယောက်ဖြစ်သွားတော့သည်။

သူက ချက်ချင်းပင် အမိန့်ခံယူလိုက်ပြီးနောက် လှည့်၍ ကောင်းကင်သခင်ခန်းမမှ ပျံထွက်လိုက်သည်။ " မျောက်များကို ခြောက်လှန့်ရန် ကြက်များကိုသတ်သည် " ဆိုသည့်ရှေးဟောင်းဆိုရိုးစကားတစ်ခုကဲ့သို့ မဟာကောင်းကင်သခင်က သူ့ကို လုပ်စေလိုခြင်းဖြစ်သည်။ တခြားလူများကို သတိပေးလို၍ ထိုလူများအတွက် ဆောင်ရွက်ပေးနေသူ တချို့ကို အပြစ်ပေးခြင်းဖြစ်ပေသည်။

သူ့မှာ သက်သေကြီးကြီးမားမားတစ်ခုမှ မလိုပေ။ သဲလွန်စအနည်းငယ်သာ လိုသည်။ ထင်မြင်ချက်များသည် မဟာကောင်းကင်သခင်အတွက် ဇီဝိန်ချုပ်ပစ်ရန် လုံလောက်ပေသည်။

" သူ့လိုလူသာ ငါ့ နောက်မှာရှိလို့ကတော့ ဘယ်သူမှ ငါ့ကို ရန်စရဲမှာ မဟုတ်တော့ဘူး။ "

သူ၏အတွေးက ထိုနေရာရောက်သော် သူက အင်္ကျီလက်ကို ဂုဏ်ယူစွာ ဝေ့ယမ်း၍ သူ၏ အလောင်းတပ်သားတစ်ထောင်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက လီမျိုးနွယ်စုဆီသို့ ဦးတည်လိုက်သည်။

" အဆင်သင့်ပြင်ထားပေတော့ လီထျန်ရှန်ရေ။ ကိုယ်တော်ပိုင်လာနေပြီကွ "

All Chapters