← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁) ဂိုဏ်း၏ မိစ္ဆာ

"ဟေး... အဲဒီကိစ္စအတွက် ငါ့ကိုပဲ အပြစ်တင်နေတာ ရပ်လို့မရဘူးလား။ အဲဒီကောင်က အရူးပဲ။ ငါ သူ့ကို အရှင်ဖမ်းဖို့ ကြိုးစားခဲ့တာ၊ ဒါပေမဲ့ သူက မထင်မှတ်ထားလောက်အောင် သန်မာနေတယ်။ သူ့ကို သတ်ပစ်ဖို့ကလွဲလို့ ငါ့မှာ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး" အကြီးအကဲ ကျူက အသံကျယ်ကျယ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

ဝိညာဉ်နက်ဂိုဏ်း၏ ကြယ်လေးပွင့် တပည့်တစ်ဦးအား သတ်မိခြင်းက အမှားတစ်ခုဖြစ်ကြောင်း သူ သိသော်လည်း လူတိုင်းက သူ့ကိုသာ ဝိုင်းပြီး အပြစ်တင်နေကြသည်ကို သူ မနှစ်မြို့ပေ။

"ကဲ တော်ကြတော့။ ငြင်းမနေကြနဲ့တော့။ အခုလောလောဆယ် ငါတို့ရဲ့ အဓိက ဦးစားပေးက ဝိညာဉ်နက်ဂိုဏ်း ဘယ်မှာရှိလဲဆိုတာ ရှာဖွေပြီး အမြစ်ပြတ် ဖျက်ဆီးဖို့ပဲ။ အားလုံး ဝိုင်းဝန်း ကြိုးစားကြပါ။ သူတို့ကို ရှာဖွေပြီး ငါတို့ ကလဲ့စားချေရမယ်" ခန်းမသခင်က နောက်ဆုံးအမိန့်ကို ပေးလိုက်ပြီး အားလုံးကို ထွက်ခွာခွင့် ပြုလိုက်သည်။

သားရဲခန်းမ၏ တစ်နေရာတွင် လူငယ်တစ်ဦးသည် လေ့ကျင့်ရေးကွင်းအတွင်း ရှိနေသည်။ သူသည် သူယခုလေးတင် သင်ယူထားသော ပညာရပ်အသစ်များကို စမ်းသပ်နေခြင်း ဖြစ်သည်။

သူသည် ဓားရေးဟန်ကို ပြင်လိုက်ပြီး သူ့ရှေ့ရှိ နံရံဆီသို့ ဓားဖြင့် ခုတ်လိုက်သည်။ လေ့ကျင့်ရေးကွင်း၏ နံရံများကို မြေကမ္ဘာအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး တိုက်ခိုက်လျှင်ပင် မပျက်စီးနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း အံ့သြစရာကောင်းသည်မှာ အသက် ၁၈၊ ၁၉ နှစ်ခန့်ရှိသော ထိုလူငယ်၏ တိုက်ခိုက်မှုကြောင့် နံရံပေါ်တွင် အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

သူသည် နောက်ထပ် တိုက်ကွက်တစ်ကွက်ကို ထပ်မံပြုလုပ်ရန် ပြင်နေစဉ် သူ၏အိတ်ကပ်ထဲမှ အဆောင် တစ်ရွက်ကို ထုတ်ယူလိုက်သည်။

"ခန်းမသခင်လား" သူက အထဲမှ သတင်းစကားကို ကြားရသည့်အခါ အာမေဍိတ်သံ ပြုလိုက်သည်။ သူသည် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာခဲ့ပြီး ခန်းမသခင် ရှိရာသို့ လျှောက်လှမ်းသွားခဲ့သည်။

ထိုနေရာသို့ ရောက်ရန် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့သည်။ သူ တံခါးကို ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ" အတွင်းမှ အသံထွက်လာသည်။ လူငယ်သည် တံခါးဖွင့်၍ ဝင်လိုက်သည်။

"ဂါရဝပြုပါတယ် ဆရာကြီး" လူငယ်သည် သားရဲခန်းမ၏ ခန်းမသခင်ကို အနည်းငယ် ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။

"အော်... ကျိချွမ်း ပါလား။ ထိုင်ဦး" ခန်းမသခင်က ပြုံးလျက် ဆိုသည်။ "ငါ မင်းကို ဘာလို့ခေါ်တယ်ဆိုတာ မင်း သိချင်နေမှာပဲ။ ရှေးဟောင်းနယ်မြေ စူးစမ်းရှာဖွေခြင်း အကြောင်း မင်း ကြားဖူးမှာပေါ့"

ခန်းမသခင်၏ စကားကို ကြားလိုက်ရသည့်အခါ လူငယ်၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

"အင်း... ရှေးဟောင်းနယ်မြေ စူးစမ်းရှာဖွေမယ့် အချိန်က နီးကပ်လာပြီ။ မင်းက ဒီခန်းမရဲ့ ထိပ်တန်းတပည့် ဖြစ်တာကြောင့် သားရဲခန်းမရဲ့ အဖွဲ့ကို မင်း ဦးဆောင်စေချင်တယ်။ မင်း ဘယ်လို ထင်သလဲ" ခန်းမသခင်က ရှင်းပြသည်။

"ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ ဆရာ။ ဒီနေရာအတွက် ကျွန်တော့်ကို ထိုက်တန်တယ်လို့ သတ်မှတ်ပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဆရာ စိတ်ပျက်အောင် မလုပ်ဘူးလို့ ကျွန်တော် ကတိပေးပါတယ်" ကျိချွမ်းဟု ခေါ်သော လူငယ်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

"ကောင်းပြီ။ အဖွဲ့ကို ရွေးချယ်ပြီးသွားတဲ့အခါ ပိုပြီး အသေးစိတ်တဲ့ အချက်အလက်တွေကို ငါ ထပ်ပြောပြမယ်" ခန်းမသခင်က ဆိုကာ သူ့ကို ထွက်ခွာခွင့် ပေးလိုက်သည်။

လုံချန်းသည် နှစ်ခြိုက်စွာ အိပ်စက်ခြင်းမှ နိုးလာသည့်အခါ မနက်ခင်းသို့ ရောက်နေပြီ ဖြစ်သည်။ သူသည် သမ်းဝေကာ ကိုယ်လက်ဆန့်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

"သခင်လေး... မင်္ဂလာနံနက်ခင်းပါ" မန်ဂူက လုံချန်းကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ မန်ကု" လုံချန်းက ပြန်လည် နှုတ်ဆက်သည်။ နှစ်ခြိုက်စွာ အိပ်စက်ခဲ့ရသဖြင့် သူသည် စိတ်အခြေအနေ တော်တော်လေး ကောင်းမွန်နေသည်။

"သခင်လေး... သခင်လေးရဲ့ ဆရာက လွန်ခဲ့တဲ့ ရက်တုန်းက ဒီကို လာရှာသွားပါသေးတယ်" မန်ကုက သတင်းပေးသည်။

"ငါ့ဆရာ ဟုတ်လား" လုံချန်းက ဝေခွဲမရသော မျက်နှာထားဖြင့် မေးလိုက်သည်။

"ဪ... ဟုတ်ပြီ။ လန်ကျင်းအကြောင်း ပြောနေတာကိုး။ သူက ဘာပြောသွားလဲ" လုံချန်းသည် လန်ကျင်းမှာ အခြားသူများ၏ မျက်လုံးထဲတွင် သူ၏ဆရာ ဖြစ်နေသည်ကို သတိရလိုက်သည်။

"သူက တော်တော်လေး ဒေါသထွက်နေပုံရတယ်။ သခင်လေးက လူတစ်ယောက်ရဲ့ လက်ကို ဖြတ်လိုက်တာကို သူ သိသွားလို့ ထင်ပါတယ်။ သခင်လေး ကျင့်ကြံတာနဲ့ အလုပ်များနေတာကို မြင်တော့ သူ ပြန်သွားခဲ့တယ်" မန်ကုက ရှင်းပြသည်။

"ဒါနဲ့... ဒီအဆောင်ကို သခင်လေးကို ပေးဖို့ သူ မှာသွားတယ်။ လိုအပ်ရင် ဒါကိုသုံးပြီး သူ့ကို ဆက်သွယ်လို့ ရတယ်လို့ ပြောပါတယ်" ထိုသို့ ဆိုကာ လန်ကျင်း ပေးခဲ့သော အဆောင်ကို လုံချန်းအား ပေးလိုက်သည်။

"ဪ... ငါ မျှော်လင့်ထားတဲ့အတိုင်း သူ ငါ့ကို ကယ်ပေးလိုက်တာပဲ။ ဒါပေမဲ့ တိုက်ခိုက်ခံရနိုင်ခြေကတော့ ရှိနေတုန်းပဲ" လုံချန်းသည် အဆောင်ကို ယူရင်း ပြုံးလိုက်သည်။

"အဆင့်သတ်မှတ်ချက် ထွက်လာပြီ မဟုတ်လား" လုံချန်းက မေးသည်။

"ဟုတ်ကဲ့။ သခင်လေးရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပါပဲ။ အခု ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ သခင်လေးရဲ့ နာမည်ကို မသိတဲ့သူ မရှိတော့ဘူး။ သခင်လေးက ခွန်အားအဆင့်မှာ နံပါတ် ၃ ပါ" မန်ကုက စိတ်လှုပ်ရှားစွာ ပြောသည်။

"နံပါတ် ၃ ပဲလား၊ ထားပါတော့လေ။ အဆင့်သတ်မှတ်ချက်က ငါ့အတွက် ဘာမှမဟုတ်ပါဘူး။ ဆုလာဘ်အနေနဲ့ ရတဲ့ အကျိုးပြုမှတ်တွေသာ လုံလောက်မယ်ဆိုရင် ငါ ဂရုမစိုက်ပါဘူး" လုံချန်းက ဆိုသည်။

"သခင်လေးရဲ့ အကျိုးပြုမှတ်တွေကို ကြယ်လေးပွင့်တံဆိပ်ထဲမှာ ထည့်ပေးထားပြီးပါပြီ။ အခု သုံးလို့ရပါပြီ။ နံပါတ် ၃ ရတဲ့အတွက် အကျိုးပြုမှတ် ၃၀ဝ၀ လောက် ရမှာပါ"

"ကောင်းပြီ။ ငါနဲ့အတူ ဆေးဖော်စပ်ရေးခန်းမကို လိုက်ခဲ့ဦး။ ပစ္စည်းတွေ ဘယ်လိုဝယ်ရမလဲဆိုတာ မင်း ငါ့ကို ကူညီပြောပြပေး" လုံချန်းက ဆိုကာ မန်ကု၏ ပုခုံးကို ဖက်လျက် အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

သူတို့သည် ဂိုဏ်းအတွင်း လျှောက်လှမ်းလာကြစဉ် လုံချန်းအား မြင်တွေ့ရသော လူအချို့သည် ကူးစက်ရောဂါသည်တစ်ဦးကို ရှောင်ကြဉ်သကဲ့သို့ သူ့ကို ဝေးဝေးမှ ရှောင်သွားကြသည်။

လုံချန်းသည် ယခုအခါ ဂိုဏ်းအတွင်း အလွန် နာမည်ကြီးနေသည်။ ကြယ်လေးပွင့်တပည့် တစ်ဦး၏ လက်ကို ဖြတ်တောက်ပစ်ခဲ့ခြင်းနှင့် ခွန်အားအဆင့်တွင် နံပါတ် ၃ ရရှိခဲ့ခြင်းတို့က သူ့ကို တစ်ဂိုဏ်းလုံး သိသွားစေခဲ့သည်။ သူ၏ ကြမ်းတမ်းပြီး ခက်ထန်သော သဘာဝကြောင့် သူ့ကို ဂိုဏ်း၏ မိစ္ဆာဟု ခေါ်ဝေါ်နေကြသည်။

သူနှင့် ပတ်သက်သည့် ကောလာဟလများစွာသည်လည်း ဂိုဏ်းအတွင်း ပျံ့နှံ့နေသည်။ ကောလာဟလတစ်ခုမှာ လုံချန်းသည် လူတစ်ဦး၏ ဆံပင်ပုံစံကို မကြိုက်သဖြင့် လည်ပင်းကို ဖြတ်ပစ်ခဲ့သည်ဟူ၍ ဖြစ်သည်။ နောက်ထပ်တစ်ခုမှာ လူတစ်ဦးက အရပ်ရှည်လွန်းသဖြင့် လုံချန်းက ထိုသူ၏ ခြေထောက်များကို ဖြတ်ပစ်ခဲ့သည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် လူအတော်များများက သူ့ကို ကြောက်လန့်နေကြသည်။

မန်ကုသည် လုံချန်းကို ဆေးဖော်စပ်ရေးခန်းမအတွင်းသို့ ဦးဆောင်ခေါ်သွားသည်။ သူတို့သည် ကောင်တာရှေ့တွင် ရပ်လိုက်ကြသည်။ ကောင်တာ၏ တစ်ဖက်တွင် အဝါရောင်ဝတ်ရုံခြုံ ကြယ်လေးပွင့်တပည့်တစ်ဦး ထိုင်နေသည်။

"ဘာလိုချင်လို့လဲ" ထိုသူက မန်ကုကို မေးလိုက်သည်။

"အဲ... ကျွန်တော်က ဘာမှ မလိုချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် သခင်လေးက ဆေးပင်အချို့ ဝယ်ချင်လို့ပါ" မန်ကုက လုံချန်းကို ညွှန်ပြရင်း ပြောလိုက်သည်။

လူအတော်များများက လုံချန်း၏ နာမည်ကို ကြားဖူးကြသော်လည်း အပြင်တွင် မမြင်ဖူးကြသူက ပိုများသည်။ ကောင်တာရှိ လူငယ်မှာလည်း ထိုအထဲမှ တစ်ဦးဖြစ်သည်။ သူသည် လုံချန်း၏ ရင်ဘတ်ရှိ ကြယ်လေးပွင့်တံဆိပ်ကို သတိထားမိလိုက်သည်။

"မင်းလိုချင်တဲ့ ဆေးပင်တွေကို ပြောပြီး အကျိုးပြုမှတ်တွေ လွှဲလိုက်ပါ။ ဒါဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်ပေးမယ်" ထိုသူက လုံချန်းကို ပြောလိုက်လေသည်။

အခန်း (၃၀၂) ပညာရပ်ဟင်းလင်းပြင်

လုံချန်းသည် သူဝယ်ယူလိုသော ပစ္စည်းစာရင်းကို ထုတ်ယူကာ စားပွဲတစ်ဖက်ရှိ တပည့်ဖြစ်သူအား ပေးလိုက်သည်။ ထိုသူသည် စာရင်းကို ဖတ်ကြည့်ရင်း ဖတ်လေလေ အံ့သြလေလေ ဖြစ်လာသည်။

"ဒါတွေအားလုံးကို မင်းက ဘာလုပ်ဖို့လဲ" သူက အံ့အားသင့်စွာ မေးလိုက်သည်။

"အဲဒါကို ခင်ဗျား သိဖို့မလိုဘူးထင်တယ်။ ဒါတွေအားလုံးအတွက် အကျိုးပြုမှတ် ဘယ်လောက်ကျသင့်မလဲဆိုတာပဲ ပြောပြပါ" လုံချန်းက ပြန်ပြောသည်။

"အကျိုးပြုမှတ် ၁၀ဝ၀ ကျသင့်မယ်။ မင်းဆီမှာ အဲဒီလောက်ရှိလို့လား" ထိုသူက လုံချန်းကို မေးသည်။

"အင်း... ရှိတယ်။ ရပါတယ်။ ဆေးပင်တွေကိုသာ ပေးပါ၊ ကျုပ် လောနေလို့" လုံချန်းက အလျင်အမြန် ပြန်ဖြေသည်။

"ကောင်းပြီ" ထိုသူသည် မတ်တပ်ရပ်ကာ အနောက်ဘက်သို့ ဝင်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာသည်။ မိနစ်အနည်းငယ် ကြာသောအခါ အခြားတစ်ယောက် ရောက်လာပြီး လုံချန်းလိုအပ်သော ဆေးပင်များနှင့် ဝိညာဉ်အပင်များ အပြည့်ထည့်ထားသည့် အိတ်တစ်အိတ်ကို လာပေးသည်။

လုံချန်းသည် အိတ်ကို ယူလိုက်ပြီး သူ၏တံဆိပ်မှ အကျိုးပြုမှတ် ၁၀ဝ၀ ကို လွှဲပြောင်းပေးလိုက်သည်။ သူ ထွက်ခွာတော့မည့်ဆဲဆဲတွင် ထိုသူက လှမ်းမေးသည်။

"မင်းက ဆေးပညာရှင်လား"

"မဟုတ်ပါဘူး။ ဒါပေမဲ့ နောင်ကျရင်တော့ ဖြစ်လာနိုင်တာပေါ့" လုံချန်းက ပြုံးလျက် ပြန်ဖြေကာ မန်ကုနှင့်အတူ ထိုနေရာမှ ထွက်လာခဲ့သည်။

"စိတ်ဝင်စားစရာပဲ" ထိုသူက သဘောကျသော အပြုံးဖြင့် ရေရွတ်ကျန်ရစ်ခဲ့သည်။

လုံချန်းသည် အပြင်သို့ ရောက်သည်နှင့် သူယခင်က တွေ့ဖူးသော လူတစ်ယောက်နှင့် ဆုံမိသည်။

"ဟေး... မင်းက ငါလက်ဖြတ်လိုက်တဲ့ တစ်ယောက် မဟုတ်လား။ အားနာပါတယ်ကွာ၊ အဲဒီနေ့က ငါ စိတ်သိပ်မကြည်လို့ပါ" လုံချန်းက ဆေးဖော်စပ်ရေးခန်းမဘက်သို့ လာနေသော ထိုလူငယ်ကို မြင်သောအခါ လှမ်းပြောလိုက်သည်။

'သူတို့ အသက်ပေးဆေးလုံးကို သုံးလိုက်တာနေမှာ။ သူက အနက်ရောင်ဝတ်ရုံခြုံ အကြီးအကဲရဲ့ တပည့်ဆိုတော့ ဒါက မျှော်လင့်ထားပြီးသားပါပဲ' လုံချန်းက ထိုလူငယ်၏ လက်ပြန်ကောင်းနေသည်ကို ကြည့်ကာ တွေးလိုက်သည်။

"မင်း ငါ့အနား မလာနဲ့" ထိုလူငယ် တီယုသည် လုံချန်းကို မြင်သည်နှင့် ထိတ်လန့်တကြား နောက်သို့ အပြေးအလွှား ဆုတ်လိုက်သည်။

"ငါ မင်းကို ဘာမှမလုပ်ပါဘူး။ မကြောက်ပါနဲ့" လုံချန်းက ပြုံးလျက် အနားသို့ တိုးသွားသည်။

"ငါ သတိပေးနေတယ်နော်၊ အနားမလာနဲ့" လုံချန်းက အနားတိုးလေလေ တီယုက ပိုဝေးရာသို့ ဆုတ်လေလေ ဖြစ်နေသည်။

"ကဲပါ... ထားလိုက်ပါတော့။ စိတ်မပူပါနဲ့၊ ငါ သွားတော့မှာပါ" လုံချန်းက ပြုံးလျက် ဆိုကာ လမ်းတစ်ဖက်သို့ လှည့်ထွက်ခဲ့သည်။

"သခင်လေး ဘယ်သွားမလို့လဲ" မန်ကုက လုံချန်းမှာ သူတို့နေအိမ်နှင့် ဆန့်ကျင်ဘက်သို့ လျှောက်သွားသည်ကို မြင်သဖြင့် မေးလိုက်သည်။

"ငါ ပညာရပ်ခန်းမကို သွားမလို့။ အခွင့်အရေးရတုန်း ပညာရပ်အသစ်တစ်ခုခု သင်ယူကြည့်တာပေါ့" လုံချန်းက ပြုံးလျက် ဆိုသည်။

တီယုသည် လုံချန်းတို့ ထွက်ခွာသွားသည်ကို ကြည့်နေပြီး သူတို့ မျက်စိရှေ့မှ ပျောက်သွားမှသာ ဆေးဖော်စပ်ရေးခန်းမထဲသို့ ဝင်ရဲတော့သည်။

"ဒါက ပညာရပ်ခန်းမပါ။ ကျွန်တော်ကတော့ အပြင်ကပဲ စောင့်နေပါရစေ။ သခင်လေးကို အကြံပေးချင်တာ တစ်ခုရှိတယ်၊ သခင်လေးမှာ အမှတ် ၂၀ဝ၀ ရှိနေတော့ ပညာရပ် ဟင်းလင်းပြင်ကို သွားကြည့်သင့်တယ်။ အဲဒီမှာ ကောင်းမွန်တဲ့ ပညာရပ်တစ်ခုခု ရှာတွေ့နိုင်တယ်" မန်ကုက ဆိုသည်။

"ပညာရပ်ဟင်းလင်းပြင် ဟုတ်လား။ အဲဒါက ဘာလဲ။ ငါ ပထမဆုံး ကြားဖူးတာပဲ" လုံချန်းက စိတ်ဝင်စားစွာ မေးလိုက်သည်။

"ပညာရပ်ခန်းမထဲက ပညာရပ်တိုင်းက အကျိုးပြုမှတ်တွေ ပေးရပါတယ်။ တချို့ပညာရပ်တွေက အမှတ် တစ်သိန်းလောက် တန်ဖိုးရှိပြီး တချို့ကတော့ ၁၀ မှတ်ပဲ ရှိတတ်တယ်။ ပညာရပ်တစ်ခုကို ရွေးချယ်ဖို့ နည်းလမ်းနှစ်မျိုး ရှိတယ်။ ပထမတစ်ခုကတော့ ကိုယ်တိုင်ရွေးပြီး ပုံမှန်အတိုင်း ပေးချေတာ။ ဒုတိယတစ်ခုကတော့ ပညာရပ်ဟင်းလင်းပြင် ထဲကို ဝင်တာပါပဲ"

"အဲဒါက အထူးဟင်းလင်းပြင် တစ်ခုဖြစ်ပြီး ဘယ်ပညာရပ်ကိုမဆို ရနိုင်တယ်။ တစ်ကြိမ်ဝင်ရင် အမှတ် ၂၀ဝ၀ ကျသင့်မယ်။ အမှတ်ပေးပြီးတာနဲ့ သန်းပေါင်းများစွာသော ပညာရပ်တွေ ရှိနေတဲ့ ဟင်းလင်းပြင်ထဲကို ပို့ပေးလိမ့်မယ်။ သခင်လေးရဲ့ ကံတရားနဲ့ အလားအလာအပေါ် မူတည်ပြီး ပညာရပ်တစ်ခုက သခင်လေးဆီကို အလိုလို ရောက်လာလိမ့်မယ်။ အားနည်းချက်ကတော့ ကိုယ်တိုင် ရွေးချယ်ခွင့် မရှိတာပဲ။ အကယ်လို့ ဘယ်ပညာရပ်မှ ကိုယ့်ဆီ ရောက်မလာဘူးဆိုရင် အမှတ် ၂၀ဝ၀ က အလကား ဖြစ်သွားလိမ့်မယ်" မန်ကုက ရှင်းပြသည်။

"ဪ... ကံစမ်းမဲနှိုက်တာနဲ့ တူတာပဲ။ စိတ်ဝင်စားစရာပဲ။ တခြား သတိထားရမှာရှိသေးလား" လုံချန်းက မေးသည်။

"သတိထားရမှာက ပညာရပ်တစ်ခုကို အတင်းအဓမ္မ သွားမယူဖို့ပဲ။ အဲဒီဟင်းလင်းပြင်ထဲမှာ ပညာရပ်တစ်ခုပဲ ရွေးချယ်ခွင့် ရှိတယ်" မန်ကုက ပြန်ဖြေသည်။

"ကောင်းပြီ။ စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ။ ငါ ကံစမ်းကြည့်မယ်။ မင်း အရင်ပြန်နှင့်လို့ ရတယ်၊ ငါ နည်းနည်း ကြာနိုင်တယ်" လုံချန်းက ဆိုကာ ခန်းမထဲသို့ ဝင်သွားသည်။

ပညာရပ်ခန်းမအတွင်းရှိ ကုလားထိုင်ပေါ်တွင် ကြယ်လေးပွင့်တပည့် မိန်းကလေးတစ်ဦး စာဖတ်နေသည်။ သူမမှာ အသက် ၁၈၊ ၁၉ နှစ်ခန့် ရှိပုံရသည်။

'စိတ်ဝင်စားစရာပဲ။ ဝိညာဉ်နက်ဂိုဏ်းက တခြားနဲ့ မတူဘူး။ အရေးကြီးတဲ့ နေရာတွေကို ကြယ်လေးပွင့်တပည့်တွေကိုပဲ စီမံခိုင်းတာပဲ။ သူက ပညာရပ်ခန်းမ အကြီးအကဲရဲ့ တိုက်ရိုက်တပည့် ဖြစ်ရမယ်' လုံချန်းက တွေးလိုက်သည်။

ထိုမိန်းကလေးမှာ စာဖတ်ခြင်း၌ အာရုံစိုက်နေသဖြင့် လုံချန်း အနားသို့ ရောက်လာသည်ကိုပင် သတိမထားမိပေ။

"ဟို... မိန်းကလေး။ ဒီနေရာကို မိန်းကလေး တာဝန်ယူထားတာလား" လုံချန်းက ယဉ်ကျေးစွာ မေးလိုက်သည်။

မိန်းကလေးသည် စာအုပ်ကို ချလိုက်ပြီး ခေါင်းမော့ကာ ကြည့်သည်။ "ဟုတ်ပါတယ်။ ပညာရပ်တစ်ခုခု လာယူတာလား"

"ဟုတ်ကဲ့။ ဒါကြောင့်ပဲ ဒီကို လာတာပေါ့" လုံချန်းက ပြုံးလျက် ဆိုသည်။

"မှန်ပါတယ်။ ဒါနဲ့ နင့်ကို ဒီမှာ ပထမဆုံး မြင်ဖူးတာပဲ" သူမက ဆိုသည်။

"ဟုတ်ကဲ့။ ကျုပ်က ဂိုဏ်းကို အခုမှ ရောက်တာပါ"

မိန်းကလေးသည် လုံချန်း၏ ရင်ဘတ်မှ ကြယ်လေးပွင့်တံဆိပ်ကို သတိပြုမိသွားပြီး မေးလိုက်သည်။ "နေဦး... နင်က ကြယ်လေးပွင့် တပည့်သစ်လား။ ဒါဆို နင်က လုံချန်းလား။ ဂိုဏ်းထဲကို အခုမှရောက်ပြီး ရက်စက်တယ်လို့ နာမည်ကြီးနေတဲ့ တစ်ယောက်လား" သူမက စိတ်ဝင်တစား မေးလိုက်သည်။

"ရက်စက်တဲ့ လူသစ် ဟုတ်လား။ အဲဒီလို နာမည်ပြောင် ရှိတာ ကျုပ် မသိပါဘူး၊ ဒါပေမဲ့ ကျုပ်က လုံချန်း ဆိုတာတော့ မှန်ပါတယ်။ မိန်းကလေးကကော ဘယ်သူလဲ" သူက ပြန်မေးသည်။

"ငါက ချူးမြောင်ပါ" သူမက ဂုဏ်ယူဝံ့ကြွစွာ ပြန်ဖြေသည်။

"ဪ..." လုံချန်းက အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။

"ဟေး... ငါ ဘယ်သူလဲဆိုတာ နင်မသိဘူးလား" မိန်းကလေးက လုံချန်း၏ အမူအရာမှာ ဘာမှ ထူးခြားမသွားသဖြင့် မေးလိုက်သည်။

"အားနာပါတယ်။ ကျုပ်က လူသစ်ဆိုတော့ ဘယ်သူ့ကိုမှ မသိသေးဘူး။ မိန်းကလေးက ကျုပ် သိထားသင့်တဲ့ တစ်ယောက်ယောက်လား"

"ငါက ချူးမြောင်လေ... ခွန်အားအဆင့်မှာ နံပါတ် ၂။ နင့်ရဲ့ အပေါ်တစ်ဆင့်မှာ ရှိတဲ့သူပေါ့" သူမက ပြုံးလျက် ဆိုသည်။

"ဪ... နံပါတ် ၂ ရထားတဲ့အတွက် ဂုဏ်ယူပါတယ်။ မမှတ်မိလို့ အားနာပါတယ်။ ကျုပ် အဆင့်သတ်မှတ်ချက် စာရင်းကို သေချာ မကြည့်ဖြစ်လိုက်လို့ပါ" လုံချန်းက ဆိုလိုက်လေသည်။

All Chapters